← Chapters

အခန်း (၂၆၇၉-၂၆၈၀)

Vol. 268 Ch. 2679-2680

အခန်း (၂၆၇၉-၂၆၈၀)

Vol. 268 Ch. 2679-2680

အခန်း (၂၆၇၉) - ထိန်းချုပ်မရတော့ခြင်း

​“ပုံမှန်မဟုတ်တော့ဘူး……”

​အချိန်အနည်းငယ်ကြာပြီးနောက် ဖန့်ချန်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါများမှာ ရူးသွပ်စွာဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးတက်လာသည်။

​စာမေးပွဲကာလအတွင်း စားသုံးထားခဲ့သော 'ဒိန်းရွှမ်သီး' ၏ အာနိသင်များမှာ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သည်။

​သူ၏ ကျင့်စဉ်အဆင့်မှာ တစ်ခဏအတွင်း၌ပင် အသက်စွမ်းအင် အလယ်ပိုင်းအဆင့်သို့ ကူးပြောင်းသွားတော့သည်။

​“ဖန့်ချန် အဆင့်တက်တော့မှာလား”

​“သူက ဘာလို့ နိဗ္ဗာန်တားမြစ်နယ်မြေမှာ အဆင့်တက်ဖို့ ရွေးချယ်လိုက်တာလဲ ”

​ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်နေကြသည်။

​သူတော်စင်တစ်ဦး အဆင့်တက်ခြင်းမှာ အလွန် လျှို့ဝှက်ရမည့် ကိစ္စဖြစ်သည်။

​အကယ်၍ ကျောင်းတော်အတွင်းသာ ဖြစ်ပါက ကိစ္စမရှိပေ။

​ဆရာသမားများ၊ ကာကွယ်ရေးဆရာသူများ၊ ကျောင်းတော်အုပ်ကြီးများ၏ အကာအကွယ်ဖြင့် လုံခြုံစွာ ကျင့်ကြံနိုင်သည်။

​သို့သော် ယခုနေရာမှာ နိဗ္ဗာန်တားမြစ်နယ်မြေ ဖြစ်သည်။

​ဤသို့သော နေရာမျိုးတွင် အဆင့်တက်ခြင်းမှာ လုံခြုံမှုမရှိရုံသာမက၊ အနာဂတ်တွင် ကြုံတွေ့ရမည့် စာမေးပွဲများအတွက်ပါ သက်ရောက်မှု ရှိနိုင်ပေသည်။

​အသက်စွမ်းအင် အလယ်ပိုင်းအဆင့်တွင် အခြေခံအုတ်မြစ်ကို ပြန်လည် စုစည်းရဦးမည်ဖြစ်ရာ၊ ၎င်းမှာ လုံးဝ မလွယ်ကူသည့် ကိစ္စ ဖြစ်သည်။

​“သူက သူ့ဘာသာသူ အဆင့်တက်တာ မဟုတ်ဘူး။”

​ထိုက်ဟောင်ဟွမ်းယောင်၏ မျက်နှာမှာ လေးနက်နေသည်။

​“သူတော်စင်ဧကရာဇ်ရဲ့ သွေးက အလွန်တရာ ပြင်းထန်လွန်းလို့ သူ့ရဲ့ အခြေခံအုတ်မြစ်က ကန့်သတ်ချက်ကို ကျော်လွန်ပြီး ယိုဖိတ်နေတာ၊ ဒါကြောင့် သူ အဆင့်တက်ရတော့မှာပဲ။

ဒိန်းရွှမ်သီးနဲ့တောင် ထိန်းချုပ်မရတော့ဘူးဆိုတော့ သူလည်း ဘာမှ မတတ်နိုင်တော့ဘူးလေ။”

​အလိုအလျောက် အဆင့်တက်ခြင်းလား

​အရင်တစ်ခါ ထိပ်ဆုံးတစ်ရာဝင်ခဲ့သော နေမင်းခုနစ်ပါး ကျောင်းသားများမှာ ခေါင်းအနည်းငယ် ညိတ်လိုက်ကြသည်။

​သူတို့၏ အမြင်တွင် ထိုအရာမှာ အလွန်တရာ ဆန်းကြယ်လှသော ကိစ္စမဟုတ်ပေ။

​သို့သော် နောက်ပိုင်းမှ ရောက်လာသည့် ကျောင်းသားများအတွက်မူ ဤသည်မှာ အလွန်တရာ မြင့်မားသော အခြေအနေ ဖြစ်သည်။

​သူတို့ထဲမှ အချို့ဆိုလျှင် အဆင့်တက်ရန် အခက်အခဲ များနှင့် ရင်ဆိုင်နေရပြီး၊ ကြိုးစားသော်လည်း အဆင့်တက်၍ မရသူများပင် ရှိသည်။

​“ငါတို့…… တစ်ခုခု လုပ်ရမလား”

​ကျန်းထန်းဝမ်ခန်းမ ဝင်တစ်ဦးက ရုတ်တရက် လျှို့ဝှက်စွာ စကားလှမ်းပြောသည်။

​စီကုကျိနှင့် အခြားသူတော်စင်များမှာ ၎င်းကို ကြားသည်နှင့် မျက်ဝန်းများမှာ အနည်းငယ် လှုပ်ရှားသွားသည်။

​သူတို့သည် အဆင့်တက်နေသော ဖန့်ချန်ကို ကြည့်ကာ မျက်လုံးများမှာ မည်းမှောင်လာပြီး တစ်ခုခုကို စမ်းသပ်လိုသည့် အမူအရာများ ပေါ်လာသည်။

​ထိုအချိန်မျိုးသည် အကောင်းဆုံး တိုက်ခိုက်နိုင်သည့် အခွင့်အရေး ဖြစ်သည်။

​အဆင့်တက်နေချိန်တွင် အနှောင့်အယှက်ပေးခြင်းဖြင့် သူ၏ အနာဂတ်လမ်းကြောင်းကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။

​၎င်းမှာ ကျန်းထန်းဝမ်ခန်းမ၏ အနာဂတ်အတွက် အလွန် အရေးကြီးသည်။

​အထူးသဖြင့် ဖန့်ချန်သည် ကျဲနယဲ့ အစောပိုင်းအဆင့်သို့ တက်လှမ်းသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ၊ ဤသူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပို၍ နားလည်လာကြသည်။

​“မဖြစ်ဘူး။”

​စီကုကျိက ရုတ်တရက် လေးနက်စွာဖြင့် လျှို့ဝှက် စကားပြန်ပြောသည်။

​“သူက ကောင်းကင်ငါးပါးက ကောင်းကင် အရှင်သခင်တွေ အလေးထားတဲ့သူ ဖြစ်တယ်။ ဒီတစ်ခါ ထွက်သွားရင်လည်း အဓိက နယ်မြေက နည်းလမ်းတွေထက် ပိုကောင်းတဲ့ ကျင့်စဉ်တွေကို ယူသွားမှာပဲ။”

​“ဒီအချိန်မှာ အနှောင့်အယှက် ပေးလိုက်ရင် ဒါက စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်တယ်။ ကောင်းကင် ငါးပါ ကောင်းကင်အရှင်သခင်တွေက ငါတို့ဘက်မှာ ရပ်တည်မှာ မဟုတ်ဘူး၊ ဒေါသထွက်လာရင် ငါတို့ ခံနိုင်မှာ မဟုတ်ဘူး။”

​စီကုကျိ၏ စကားကြောင့် ကျန်းထန်းဝမ်ခန်းမဝင်များမှာ ချက်ချင်းပင် ငြိမ်ကျသွားသည်။

​သူတို့လည်း ထိုအချက်ကို နားလည်ကြသည်။ အစောနက တွေးတောမိခြင်းမှာ ခဏတာ ဖြစ်ပေါ်လာသည့် လောဘ သက်သက်သာ ဖြစ်သည်။

​ထိုအချိန်တွင် ချင်ချူ ၊ ဖန်ရုကန်တို့ကဲ့သို့ နေမင်းခုနစ်ပါး ကျောင်းသားများမှာ စီကုကျိတို့ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူတို့၏ အမူအရာမှာ သတိထားဟန် ရှိလာပြီး ဖန့်ချန်၏ အနီးသို့ ရောက်ရှိလာကာ အခြားသူတော်စင်များဘက်ကို မျက်နှာမူ၍ ရပ်လိုက်သည်။

​သူတို့ ဦးဆောင်သည်ကို မြင်လျှင် အခြားသော ကျောင်းသားများကလည်း လိုက်ပါ လုပ်ဆောင်ကြသည်။ ဖန့်ချန် အဆင့်တက်နေချိန်တွင် သူတို့က ကိုယ်တိုင် အကာအကွယ်ပေးရန် စီစဉ်လိုက်ကြသည်။

​ထိုက်ဟောင်ဟွမ်းယောင်နှင့် ဖန်လီပန်တို့အုပ်စုကလည်း ၎င်းကို မြင်သောအခါ ခေါင်းညိတ်၍ အသင့်အတင့် နေရာယူလိုက်ကြသည်။

​ထိုသို့ဖြင့် သူတော်စင်များက ဖန့်ချန်ကို အတွင်းအပြင် ဝိုင်းရံကာ အကာအကွယ် ပေးထားလိုက်ကြသည်။

​အကာအကွယ် မပေးဘဲ ကျန်နေခဲ့သူများမှာ အနည်းငယ်သာ ရှိသည်။

​သူတို့မှာ ကျန်းထန်းဝမ် ခန်းမဝင်များ သို့မဟုတ် တန်လင် ကျောင်းတော်မှ ဟော်ဆွေ့မျိုးနွယ် ကျောင်းသားများ ဖြစ်သည်။

​“ငါတို့ကို သူခိုးတွေလို ကြည့်မနေပါနဲ့။ ငါတို့ ဖန့်ချန်ကို အနိုင်ယူချင်နေရင်တောင် သူ့ကို အရိုးထဲစွဲအောင် မုန်းတီးနေရင်တောင်……”

​“သူ အဆင့်တက်နေချိန်မှာ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းနဲ့တော့ တိုက်ခိုက်မှာ မဟုတ်ဘူး။”

​စီကုကျိက အေးစက်စွာ ပြောသည်။

​ဖန်လီပန်က ပြုံးလိုက်သည်။

​“စီကုကျိ၊ မင်းနဲ့ ငါ ရင်းနှီးလာတာ ကြာပြီ၊ မင်းရဲ့ စရိုက်ကို ငါ သိတယ်။ ဒါပေမဲ့ တခြား သူတော်စင်တွေက ဒီလို မတွေးဘူးလို့ မပြောနိုင်ဘူးလေ။ ငါတို့က ကြိုတင်ကာကွယ်ထားတာပါ။”

​စီကုကျိ၏ မျက်နှာမှာမှပင် အနည်းငယ် ပြေလျော့သွားသည်။

​ထိုအချိန်တွင် အဆင့်တက်နေသော ဖန့်ချန်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ ဖြစ်နေသည်။

​သူသည် လေဟာနယ်တွင် ရပ်လျက် အောက်ရှိ မြင်ကွင်းကို ငုံ့ကြည့်နေသည်။

​သူ၏ ရုပ်ခန္ဓာကိုယ်ကိုလည်း သူ မြင်နေရသည်။

​တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တွင် မျက်စိဖြင့် မမြင်နိုင်သော ကြိုးမျှင်ပေါင်းများစွာ ပေါ်လာသည်။

​ထိုကြိုးမျှင်များ၏ အဆုံးသတ်မှာ ဖန့်ချန်၏ နေရာအသီးသီးတွင် ဝှက်ထားသော 'အသက်စွမ်းအင် သုံးထောင်' ဖြစ်သည်။

​ထိုအသက်စွမ်းအင်များနှင့် ဆက်သွယ်မှုမှာ ပို၍ နက်ရှိုင်းလာပြီး ဖန့်ချန်က ၎င်းတို့သည်လည်း သူ၏ အဆင့်တက်ခြင်းနှင့်အတူ အရှိန်အဝါများ တိုးတက်လာသည်ကို ခံစားမိသည်။

​“ဒီတစ်ခါတော့ အဆင့်ကို ထိန်းချုပ်မရတော့ဘူး။ သူတော်စင်ဧကရာဇ်ရဲ့ သွေးက ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး……”

​“ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အသက်စွမ်းအင် အစောပိုင်းအဆင့်မှာ သူတော်စင်အဆင့် အကန့်သက်ကို မကျော်လွန်ခဲ့ပေမယ့် အတွင်းကမ္ဘာမြေကို ပေါင်းစပ်ထားတာက သူတော်စင်အဆင့် ကျော်လွန်တာကို အစားထိုးပေးနိုင်တယ်……”

​ထိုသို့ တွေးတောနေစဉ် ဖန့်ချန်သည် သူ၏ ဘယ်ဘက်လက်ဝါးထဲရှိ 'အတွင်းကမ္ဘာ ကြယ်တာရာ' မှ အလင်းရောင်များ တောက်ပလာသည်ကို မြင်လိုက်ရသည်။

​၎င်းသည်လည်း ဖန့်ချန်၏ ကျင့်စဉ်အဆင့် တိုးတက်လာခြင်းနှင့်အတူ ပြောင်းလဲလာပြီး အရှိန်အဝါများ ပိုမို ပြင်းထန်လာသည်။

​“အသက်စွမ်းအင်၊ အတွင်းကမ္ဘာ ကြယ်တာရာ၊ နှစ်ခုလုံးက တိုးတက်လာတာဆိုတော့ အရာအားလုံး အကုန်တိုးတက်သွားတာပဲ။”

​အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။

​နိဗ္ဗာန်တားမြစ်နယ်မြေပင်လျှင် ထိုအချိန်တွင် စာမေးပွဲ ဆက်လုပ်ရန် မသင့်တော်ကြောင်း သိရှိသွားဟန်ဖြင့် စာမေးပွဲ အကဲဖြတ်သူမှာလည်း ထွက်မလာတော့ပေ။

​တစ်ရက်။

​နှစ်ရက်။

​ဆယ်ရက်။

​တစ်လ။

​ဖန့်ချန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အသက်စွမ်းအင် အစောပိုင်းအဆင့်တွင် မဖြစ်နိုင်သည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသည်။

​သူ့ကို အကာအကွယ်ပေးနေသော သူတော်စင်များပင်လျှင် ဤအရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

​“ဖန့်ဘိုးဘေးက အသက်စွမ်းအင် အလယ်ပိုင်းအဆင့်ကို ရောက်သွားရင်တောင် ကောင်းကင်ငါးပါးရဲ့ အသက်စွမ်းအင် အလယ်ပိုင်းအဆင့်မှာ နံပါတ်တစ် သူတော်စင် ဖြစ်နေဦးမှာပဲ။ ဒီနေရာကတော့ ခိုင်မာနေတာပဲ……”

​သူတော်စင်တစ်ဦးက စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

​“ဒါက နောက်ဆုံး အခွင့်အရေးပဲ။ ဒါပေမဲ့ သူ့ရဲ့ အတွင်းကမ္ဘာမြေက မရှိဘဲနဲ့ ဘာလို့ အဆင့်တက်နိုင်တာလဲ ”

​“မသိဘူး။ နိဗ္ဗာန်တားမြစ်နယ်မြေရဲ့ ထူးခြားချက်များလား ”

​“တိုက်ခိုက်လိုက်ကြမလား အခု မတိုက်ရင် နောက်အခွင့်အရေး မရှိတော့ဘူး။”

​“အားလုံးဘယ်လို သဘောရလဲ ”

​“တိုက်မယ်။”

​“တိုက်မယ်။”

​“ငါတို့ရဲ့ အသက်စွမ်းအင် တစ်ခု ဆုံးရှုံးရရင်တောင် သူ့ရဲ့ သူတော်စင်လမ်းကြောင်းကို ခက်ခဲအောင် လုပ်နိုင်ရင် တန်ပါတယ်။”

​“ဒီကောင်က ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ငါတို့ ယင်သူတော်စင်ခန်းမ ကို အထိနာအောင် လုပ်ခဲ့တာ၊ ဒီနေ့တော့ သူ့ကို အရှုံးပေးရအောင် လုပ်ရမယ်။”

​“သူ့ရဲ့ အတွင်းကမ္ဘာမြေဆီ မသွားနိုင်တာပဲ ကောင်းပါတယ်။ အကယ်၍သာ ဖန့်ချန်ရဲ့ အတွင်းကမ္ဘာမြေကိုသာ စားသုံးနိုင်ရင် ငါတို့အတွက် ဘယ်လောက်တောင် အကျိုးရှိမလဲ ”

​“အဲဒါတွေကို မတွေးနဲ့တော့။ နောက်အခွင့်အရေးတွေ ရှိသေးတယ်။ ယင်သူတော်စင်ခန်းမက ဖန့်ချန် နဲ့ဆိုရင် အသက်သေဆုံးတဲ့အထိ ရန်သူလို့ ကြေညာထားပြီးသားပဲ ”

​ခဏတာ ဆွေးနွေးပြီးနောက်။

​နောက်တစ်ခဏတွင် နေမင်းခုနစ်ပါး ကျောင်းသား တစ်ဆယ်ကျော်က ရုတ်တရက် အရှိန်အဟုန်ဖြင့် စွမ်းရည်များကို အသုံးပြုကာ ဖန့်ချန်ကို တိုက်ခိုက်လိုက်သည်။

​သူတို့သည် အကာအကွယ်ပေးသည့် အုပ်စုထဲတွင် ရှိနေသဖြင့် ဖန့်ချန်နှင့် အကွာအဝေးမှာ မဝေးပေ။ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းကြောင့် ထိုက်ဟောင်ဟွမ်းယောင်တို့ပင် တုံ့ပြန်ရန် အချိန်မမီလိုက်ပေ။

​“သတ္တိရှိလှချည်လား”

​ဖန်ရုကန်မှာ အံ့အားသင့် ဒေါသထွက်သွားသည်။

​ချင်ချူတို့ကဲ့သို့သော ကျောင်းသားများမှာလည်း အလွန် အံ့အားသင့်သွားသည်။

​ဘာကြောင့်လဲဆိုတော့ သူတို့ထဲမှ အချို့မှာ သူတို့နှင့် ရင်းနှီးသော ထိပ်ဆုံးတစ်ရာဝင် ကျောင်းသားများ ဖြစ်နေသောကြောင့်ပင်။

​ကျန်သူများမှာမူ လွန်ခဲ့သောနှစ်များမှ အသစ်ဝင်လာသော ကျောင်းသားများ ဖြစ်သည်။

​“ငါတို့ တိုက်စရာ မလိုတော့ဘူး။ ငါတို့အစား တခြားသူတွေက တိုက်ပေးသွားပြီ။”

​စီကုကျိတို့က ထိုမြင်ကွင်းကို ကြည့်ပြီးနောက် မျက်နှာအမျိုးမျိုး ဖြစ်ကုန်ကြသည်။

​အချို့က ပျော်ရွှင်နေကြပြီး၊ အချို့က လေးနက်နေကြကာ၊ အချို့က မျက်မှောင်ကြုတ်နေကြသည်။

​ထိုအချိန်တွင် သူတော်စင်များ၏ တိုက်ခိုက်မှုများမှာ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်တော့မည်။

​ထိုအခိုက်အတန့်တွင် ဖန့်ချန်က မျက်ခွံကို ပင့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် မီးခိုးရောင် မြူခိုးများ လှုပ်ရှားနေသည်။

​တစ်ခဏအတွင်းမှာပင် တိုက်ခိုက်သည့် ကျောင်းသားတစ်ဆယ်ကျော်မှာ သတ်ဖြတ်လိုစိတ်၏ ပြန်လည် တုံ့ပြန်မှုကြောင့် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

​သူတို့၏ တိုက်ခိုက်မှုများမှာ ရပ်မသွားဘဲ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ထိမှန်သွားသည်။

​တိုက်ခိုက်မှုများ ပျောက်ကွယ်သွားသောအခါ ဖန့်ချန်မှာမူ တစ်စုံတစ်ရာ ထိခိုက်ခြင်း မရှိဘဲ မျက်လုံးကို မှိတ်လျက် အဆင့်တက်ခြင်းကို ဆက်လက် ပြုလုပ်နေတော့သည်။

အခန်း (၂၆၈၀) - ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်ခါခြင်း

​ထိုက်ဟောင်ဟွမ်းယောင်တို့သည် ခဏတာ အံ့အားသင့်ပြီးနောက် အနီးအနားရှိ ကျောင်းသားများအားလုံးကို အခြားတစ်ဖက်သို့ ချက်ချင်း မောင်းထုတ်လိုက်သည်။

​သူမနှင့်အတူ ဖန်လီပန်၊ ဖူရှီးလင်းတို့ကဲ့သို့သော ရှေးဟောင်းဘိုးဘေးများက သူတို့နှင့် ဖန့်ချန်ကြားတွင် ရပ်တန့်လိုက်ပြီး သိသာထင်ရှားသော စည်းမျဉ်းတစ်ခုကို ဖန်တီးလိုက်ကြသည်။

​ထိုက်ဟောင်ဟွမ်းယောင်က စီကုကျိကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ မှိုင်းညှိုးနေသည်။

​စီကုကျိက ချက်ချင်းဆိုသလိုပင် -

​“ငါတို့ကို မကြည့်နဲ့၊ ငါတို့က စည်းကမ်းကို နားလည်တဲ့သူတွေပါ။ ဖန့်ချန်ကို တကယ် တိုက်ခိုက်ချင်ရင်တောင် ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ယူမှာပါ။

​သူ အဆင့်တက်နေတဲ့အချိန်မှာတော့ ဘယ်တော့မှ မလုပ်ကြံပါဘူး။”

​ပြောပြီးနောက် သူသည် နေရာရှိ ကျောင်းသားများကို တစ်ချက် စိုက်ကြည့်လိုက်သည်။

​“ဖန့်ချန်မှာ အသက်စွမ်းအင် ရှိတယ်ဆိုတာလည်း သိတယ်၊ ဒီနေ့ နိဗ္ဗာန်တားမြစ်နယ်မြေ စာမေးပွဲမှာ ပါဝင်နိုင်တယ်ဆိုတာလည်း သိတယ်။

​ဒါကိုမှ စာမေးပွဲ အခွင့်အရေးကို စွန့်လွှတ်ပြီး ကိုယ့်ရဲ့ အသက်စွမ်းအင်ကိုပါ အဆုံးရှုံးခံတာက ​ဒီကိစ္စက သာမန်မဟုတ်ဘူးလို့ ငါ ထင်တယ်။

​ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စနဲ့တော့ မသက်ဆိုင်တော့ဘူး။”

​သူ၏ စကားများကြောင့် နေရာရှိ နေမင်းခုနစ်ပါး ကျောင်းသားများမှာ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာကြသည်။

​ပုဂ္ဂိုလ်ရေး ရန်ငြိုးနဲ့ မဆိုင်ဘူးလား။

​ဒါဆိုရင် ကောင်းကင်ငါးပါးအတွင်းမှာ ဖန့်ချန်ကို တိုက်ခိုက်ချင်နေတဲ့သူက ဘယ်သူတွေလဲ။

​“ခုနက တိုက်ခိုက်သွားတဲ့သူတွေက 'ယင်သူတော်စင်' တွေ ဖြစ်ဖို့များတယ်။”

​ရုတ်တရက် ဆွေ့ကျန့်ယွဲ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။ သူ၏ အသံမှာ အနည်းငယ် လေးနက်နေသည်။

​“ယင်သူတော်စင်တွေလား”

​သူတော်စင်အားလုံးမှာ အံ့အားသင့်သွားကြသည်။ ယင်သူတော်စင်တွေက ဘာကြောင့် ဖန့်ချန်ကို တိုက်ခိုက်ရတာလဲ။

ရွှေဟွေး အကယ်ဒမီမှ ကျောင်းသားတစ်ဦးက ရုတ်တရက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

​“ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့်လား ”

​လွန်ခဲ့သော နှစ်များက ဖန့်ချန်သည် ရှီးမျိုးနွယ် ကျောင်းတော်တွင် တာဝန်ယူစဉ်က ယင်သူတော်စင် အများအပြားကို ဖမ်းဆီးခဲ့ဖူးသည်။

​ထိုက်ဟောင်ဟွမ်းယောင်သည်လည်း ထိုကိစ္စကို မှတ်မိနေပြီး သူမ၏ မျက်နှာမှာ အလွန်တရာ ကြည့်မကောင်း ဖြစ်သွားသည်။

​ယင်သူတော်စင်တွေရဲ့ လက်တံက ဒီလောက်ထိ ရှည်သွားပြီလား။

​ဒီနေ့ ကျောင်းသားတွေထဲမှာတောင် သူတို့ရဲ့ သူတော်စင်တွေ ရှိနေတာလား။

​“လွန်ခဲ့တဲ့ နှစ်တွေက ကိစ္စက ယင်သူတော်စင်တွေကို အကြီးအကျယ် ထိခိုက်စေခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ငါထင်တာတော့…

​အဲဒီကိစ္စကြောင့် မဟုတ်လောက်ဘူး၊ မကြာသေးခင်က ချင်းမင် စစ်ဆေးရေးဌာန မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ယင်သူတော်စင်တွေက ဖန့်ချန်ကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ရမယ်။

​ဒီတစ်ခါကတော့ သူတို့ရဲ့ သတိပေးချက် ဖြစ်နိုင်တယ်။”

​ဆွေ့ကျန့်ယွဲ့က လေးနက်စွာ ပြောသည်။

​“တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ၊ လည်ပတ်ပြီး ပြောမနေပါနဲ့တော့။”

​ဖန်ရုကန်က မျက်မှောင်ကြုတ်လျက် -

​“ပိလော့အဆင့်မြင့် မဟာမိတ်အဖွဲ့မှာဆိုရင် ယင်သူတော်စင်တွေက မြောင်းထဲက ကြွက်တွေလိုပဲ၊ ခေါင်းတောင် မဖော်ရဲကြဘူး။

ချင်းမင်ဘက်မှာ ဘာလို့ ဒီလောက်ထိ ရဲတင်းသွားတာလဲ။

​အဖွဲ့အစည်းနဲ့ စနစ်တကျတောင် တိုက်ခိုက်လာနိုင်တဲ့အထိ ဖြစ်လာတာလဲ ”

​ဟုတ်သည်ပင်

​သူတော်စင်များသည် ယင်သူတော်စင်များအကြောင်း မိမိတို့ သိထားသည်ကို ပြန်တွေးမိကြသည်။

​ထိုကဲ့သို့သော သူများမှာ အပြင်တွင် ပေါ်ပေါ်ထင်ထင် မရှိတတ်ကြဘဲ၊ သူတို့၏ ဝိသေသလက္ခဏာကို ဖုံးကွယ်ရန်သာ ကြိုးစားလေ့ရှိကြသည်။

​သို့သော် ယခုမူ ယင်သူတော်စင်ဟု သံသယရှိရသောသူတစ်ဆယ်ကျော်က ဖန့်ချန်ကို တစ်ပြိုင်နက် တိုက်ခိုက်သွားခြင်းမှာ အစီအစဉ် ရှိရှိဖြင့် စနစ်တကျ လုပ်ဆောင်ခြင်း ဖြစ်သည်။

​“ယင်သူတော်စင်တွေဆိုတာ ပုရွက်ဆိတ်တွေနဲ့ တူတယ်။”

​ဆွေ့ကျန့်ယွဲ့က လေးနက်စွာ -

​“မင်းတို့က ပုရွက်ဆိတ် သုံး၊ လေးကောင်ကို မြင်ရပြီဆိုရင် သူတို့ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အရေအတွက်က မင်းတို့ စိတ်ကူးထားတာထက် ပိုများနေလိမ့်မယ်။”

​ထိုစကားကြောင့် သူတော်စင်အချို့မှာ ကျောရိုးများပင် အေးစက်သွားသည်။

​“အခြား ကောင်းကင်လေးပါးမှာ ယင်သူတော်စင်တွေ ဒီလောက်တောင် ငြိမ်နေရတာက မင်းတို့ရဲ့ စစ်ဆေးရေးဌာနမှာ ဖန့်ဘိုးဘေး မရှိလို့ ဖြစ်လိမ့်မယ်။”

​“မကြာသေးခင် နှစ်တွေက စစ်ဆေးရေးဌာနကနေ သတင်းတွေ ထွက်ပေါ်လာတယ်။”

​“ဖန့်ဘိုးဘေးက ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ယင်သူတော်စင် သောင်းနဲ့ချီကို ရှင်းလင်းခဲ့တယ်တဲ့၊ စစ်ဆေးရေးဌာနနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အသက်စွမ်းအင်တွေကို တစ်ခုချင်းစီ လိုက်လံ အမဲလိုက်ခဲ့တာတဲ့။”

​“အဲဒီ ယင်သူတော်စင်တွေက ချင်းမင် စစ်ဆေးရေးဌာနက နှစ်ပေါင်းများစွာ ထိန်းသိမ်းထားမှ စုမိတဲ့ အရေအတွက်တွေ။”

​“တစ်ခါတည်းနဲ့ အကုန်အရှင်းခံလိုက်ရတော့ ယင်သူတော်စင်တွေက ဖန့်ဘိုးဘေးကို သူတို့ရဲ့ အဓိကရန်သူအဖြစ် သတ်မှတ်ထားတာ ဖြစ်ဖို့များတယ်။”

​“…”

​သူတော်စင်များမှာ ထိုစကားကို ကြားပြီးနောက် မယုံနိုင်စရာ ဖြစ်သွားကြသည်။

​ဆယ်စုနှစ်အနည်းငယ်အတွင်း ယင်သူတော်စင် သောင်းနဲ့ချီကို ရှင်းလင်းလိုက်တာလား။

​သူတို့ရဲ့ အသက်စွမ်းအင်တွေကိုပါ အမဲလိုက်ခဲ့တာလား။

​ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

​“ဒီလိုဆိုရင်တော့ တိုက်ခိုက်သွားတဲ့သူတွေက ယင်သူတော်စင်တွေ ဖြစ်ဖို့ သေချာသလောက်ပဲ။”

​“ဒါဆိုရင် ဒီနှစ်တွေအတွင်းမှာ ယင်သူတော်စင်တွေက အစုအဖွဲ့နဲ့ ပြန်စုစည်းလာကြတာပေါ့ ”

​ဖန်လီပန်က မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။

​“သူတို့ ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ ပုန်ကန်ဖို့လား။”

​“ယင်သူတော်စင် အသေးအဖွဲလောက်က ဘာမှ မစွမ်းဆောင်နိုင်ပါဘူး။ သူတို့ရဲ့ တစ်ခုတည်းသော အားသာချက်က သူတို့ရဲ့ ဝိသေသကို ဖုံးကွယ်နိုင်တာပဲ။

​သူတို့က ငါတို့ရှေ့မှာ ရပ်နေရင်တောင် သူတို့ကို ရှာတွေ့ဖို့က ခက်ခဲတယ်။”

​စီကုကျိက ပြောရင်း အနီးအနားရှိ နေမင်းခုနစ်ပါး ကျောင်းသားများကို ကြည့်လိုက်သည်။

​သူ၏ အကြည့်ကို ခံရသော ကျောင်းသားများမှာ ဒေါသထွက်လာကြသည်။

​သူက ဤသို့ပြောရင်း သူတို့ကို ကြည့်နေခြင်းမှာ သူတို့ကို ယင်သူတော်စင်များဟု သံသယရှိနေခြင်း မဟုတ်လား။

​“တော်ကြပါတော့၊ ဒီကိစ္စက အပြင်ထွက်သွားရင် အထက်လူကြီးတွေက ဆုံးဖြတ်လိမ့်မယ်။”

​“ဒါ့အပြင် ငါတို့ကြားထဲမှာလည်း ယင်သူတော်စင်တွေ ကျန်နေဦးမှာပဲ။”

​“ဒါပေမဲ့ မင်းတို့လည်း မြင်ပြီးပြီ၊ မင်းတို့ရဲ့ နည်းလမ်းတွေနဲ့ဆို ဖန့်ချန်ကို တိုက်ခိုက်တာဟာ ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်ခါသလိုပဲ၊ ဘာမှ မထိရောက်ဘူး။

​အသက်စွမ်းအင်တွေကို အလကား အကုန်အကျ မခံပါနဲ့တော့။”

​ထိုက်ဟောင်ဟွမ်းယောင်က အေးစက်စွာ ပြောသည်။

​သူတော်စင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ငြိမ်သက်သွားကြသည်။

​ကံကောင်းစွာပင် နောက်ပိုင်းတွင် အနှောင့်အယှက်များ ထပ်မဖြစ်တော့ပေ။

​တစ်လခန့် ကြာပြီးနောက် ဖန့်ချန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ ပြန်လည် ငြိမ်သက်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။

​ဖန့်ချန်သည် ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို တိတ်ဆိတ်စွာ ခံစားနေသည်။

​ဤတစ်ခါ အသက်စွမ်းအင် အစောပိုင်းမှ အလယ်ပိုင်းသို့ တက်လှမ်းခြင်းမှာ အဆင့်သေးသေးလေး ဖြစ်သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ များစွာ တိုးတက်လာသည်ဟု ခံစားရသည်။

​အတွင်းကမ္ဘာ ကြယ်တာရာရော၊ နတ်ဘုရားစွမ်းရည် တံဆိပ်များပါ အားလုံး တိုးတက်လာသည်။

​“အခုသာဆိုရင် အသက်စွမ်းအင် အစောပိုင်းအဆင့် စာမေးပွဲ အကဲဖြတ်သူနဲ့ ထပ်တွေ့ရင် တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မှာပါ။ ဒါပေမဲ့… အသက်စွမ်းအင် အလယ်ပိုင်းအဆင့် အကဲဖြတ်သူနဲ့ဆိုရင်တော့ အနိုင်ရဖို့ ခက်ဦးမယ်။”

​ထိုသို့ တွေးတောနေစဉ် ဖန့်ချန်သည် သူတော်စင်များရှေ့မှာပင် စင်ကြယ်သာ ဗောဓိသီး များစွာကို ထုတ်ယူကာ မြိုချလိုက်သည်။

​သူ အဆင့်တက်ပြီးခါစဖြစ်၍ အားနည်းနေသဖြင့် ဖြည့်တင်းရန် လိုအပ်သည်။

​နေမင်းခုနစ်ပါး ကျောင်းသားအများစုမှာ ဤမြင်ကွင်းကို ကြည့်ကာ တံတွေးမျိုချလိုက်ကြသည်။

​သို့သော် ထိုက်ဟောင်ဟွမ်းယောင်တို့အတွက်မူ ဤသည်မှာ သာမန် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။

​ဖန့်ချန်ကဲ့သို့သော အဆင့်အတန်းရှိသူတွင် စင်ကြယ်သော ဗောဓိသီး ဆယ်လုံး၊ ဆယ့်ငါးလုံးလောက် မရှိလျှင်ပင် အဆန်းဖြစ်သည်။

​ဖန့်ချန် ဖြည့်တင်းနေစဉ်တွင် စာမေးပွဲမှာ ဆက်လက် ဖြစ်ပွားနေသည်။

​သူတော်စင်များ၏ အာရုံစိုက်မှုမှာ ဖန့်ချန်ထံမှ စာမေးပွဲဘက်သို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။

​ထိုက်ဟောင်ဟွမ်းယောင်တို့လည်း ဖန့်ချန် အဆင့်တက်ခြင်း အောင်မြင်သွားပြီဖြစ်၍ အကာအကွယ်ပေးရန် မလိုတော့ကြောင်း သိရှိကာ မိမိတို့၏ စာမေးပွဲများကို အာရုံစိုက်ကြသည်။

​အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အချို့သော ကျောင်းသားများမှာ စာမေးပွဲကျရှုံးပြီး အချို့မှာ အောင်မြင်ကြသည်။

​နေရာတစ်ရာထဲမှ နေရာသုံးဆယ်ကျော်ကို ယခုအခါတွင် ရယူထားပြီး ဖြစ်သည်။

​စာမေးပွဲ မဖြေရသေးသော ကျောင်းသားများမှာ စိတ်ထဲတွင် လှုပ်ရှားလာကြသည်။

​“တော်ပြီ။”

​ဖန့်ချန်သည် စင်ကြယ်သော ဗောဓိသီး ၏ စွမ်းအားများကို အပြည့်အဝ စုပ်ယူပြီးနောက် ထ၍ ဆွေ့ကျန့်ယွဲ့ရှိရာသို့ လျှောက်သွားသည်။

​“ဖန့်ဘိုးဘေး။”

​အနီးအနားရှိ ကျောင်းသားများမှာ ၎င်းကို မြင်သော် လက်အုပ်ချီ နှုတ်ဆက်ကြသည်။

​ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြီး ‌ဆွေ့ကျန့်ယွဲ့ကို ကြည့်ကာ -

​“စစ်ဆေးရေးဌာနရဲ့ သတင်းက ဒီလောက် မြန်မြန် ပျံ့နှံ့လာတာလား ”

​‌ဆွေ့ကျန့်ယွဲ့က ခါးသီးစွာ ပြုံးလျက် -

​“အောက်ခြေထိတော့ မရောက်သေးပါဘူး၊ ဒါပေမဲ့ မကြာတော့ဘူး။

​မင်း ဒီတစ်ခါ လုပ်လိုက်တဲ့ အရာတွေက အသံကျယ်လွန်းတော့ သတင်းကို ဖုံးကွယ်ဖို့ ခက်လိမ့်မယ်။”

​“ငါ့ရဲ့ လှုပ်ရှားမှုတွေက ကြီးမားတာ မှန်ပေမဲ့ ဒီလောက်နဲ့တော့ သတင်းက ချက်ချင်း ပျံ့နှံ့မသွားသင့်ဘူးလေ။”

​ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောသည်။

​ဆွေ့ကျန့်ယွဲ့၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

​“မင်းပြောတာက… မင်းတို့ စစ်ဆေးရေးဌာနထဲမှာ…”

​ဖန့်ချန်က ပြန်မဖြေဘဲ စာမေးပွဲ ဖြေဆိုနေသော ထိုက်ဟောင်ဟွမ်းယောင်ကိုသာ ကြည့်နေသည်။

​သူ ယခုတစ်ခါ ဖမ်းဆီးရေးဌာန ၏ တာဝန်ခံအရာရှိငယ် ဖြစ်လာသည်ကို မပြောနှင့်ဦး။

​သူ၏ အမဲလိုက်နည်းလမ်းများကို စစ်ဆေးရေးဌာနမှပင်လျှင် ဖုံးကွယ်ပေးထားလိမ့်မည် ဖြစ်သည်။

​ယင်သူတော်စင်များအနေနှင့် ထိုသတင်းကို ဤမျှ မြန်မြန် သိရှိသွားရန် မဖြစ်နိုင်ပေ။

​ထို့ကြောင့် စစ်ဆေးရေးဌာနအတွင်းတွင် သစ္စာဖောက်များ ရှိနေသည်မှာ သေချာသည်။

​ကံကောင်းသည်မှာ သူသည် တိုက်ခိုက်သွားသော လူတစ်ဆယ်ကျော်ကို မှတ်မိထားသည်။

​နိဗ္ဗာန်တားမြစ်နယ်မြေ ပြီးဆုံးသွားလျှင် သူသည် အမဲလိုက်ခြင်းကို စတင်မည် ဖြစ်သည်။

​ထိုအခါ စစ်ဆေးရေးဌာန၏ သစ္စာဖောက်များကို ရှာတွေ့နိုင်ကောင်း ရှာတွေ့လိမ့်မည်။

​“စိုးရိမ်တာကတော့… စစ်ဆေးရေးဌာနမှာ အကောင်ကြီးကြီးတွေ ရှိနေရင်တော့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။”

​ထိုသို့ တွေးတောနေစဉ် ထိုက်ဟောင်ဟွမ်းယောင်ဘက်တွင် တိုက်ပွဲပြီးဆုံးသွားသည်။

​သူမသည် လင်နယဲ့အဆင့် အလယ်ပိုင်း အကဲဖြတ်သူကို သတ်ဖြတ်နိုင်ခဲ့ပြီး လင်နယဲ့အဆင့် အဆင့်မြင့် စာမေးပွဲအတွက် အရည်အချင်း ပြည့်မီသွားသည်။

​သို့သော် ဤအောင်မြင်မှုမှာ သူမအတွက် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး တစ်နာရီကျော်လုနီးပါး ဖြစ်သွားသည်။

​“သူမ ဒီနှစ်တွေအတွင်း တိုးတက်လာတာ တကယ်ကို များပြားတာပဲ။”

​ဖန်လီပန်က စိတ်လှုပ်ရှားစွာ ပြောသည်။

​ဆိုလိုသည်မှာ ထိုနေရာမှ ရရှိသော ကျင့်စဉ်များသည် သူတို့၏ ကျင့်ကြံမှုအတွက် များစွာ အထောက်အကူ ဖြစ်စေသည်မှာ အမှန်ပင်။

All Chapters