← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) အိမ်နီးချင်းသစ်များ

ရေဆူလာသောအခါ ကျိုးချန်ယဲ့သည် ရေနွေးတစ်ဇလုံကို ရောစပ်လိုက်ပြီး အိပ်ခန်းထဲသို့ သယ်ဆောင်သွားရာ ဇနီးဖြစ်သူမှာ ခရီးဆောင်အိတ်များကို သိမ်းဆည်းနေသည်ကို တွေ့လိုက်ရလေသည်။

"မိန်းမ... ရေရပြီ... လာ ခြေထောက်ဆေးလိုက်ဦး... ခရီးဆောင်အိတ်တွေကို သိမ်းဖို့ မလောပါနဲ့... ညကျမှ တို့တွေ သိမ်းလို့ရပါတယ်..."

"ရပါတယ်... ကျွန်မ မပင်ပန်းပါဘူး..."

ထျန်ရှောင်ယာက ခေါင်းပင်မမော့ဘဲ ဗီရိုထဲရှိ ထူထဲသော ချည်စောင်များကို လက်ချောင်းများဖြင့် ပွတ်သပ်ကာ ပြောလိုက်လေသည်... ။

"ဒီစောင်တွေက တကယ်ကောင်းတာပဲ... ချုပ်ထားတာကလည်း သေသပ် လိုက်တာ..."

"ဒီစောင်တွေ အားလုံးက ကိုယ်အသစ်ချုပ်ထားတာတွေလေ... အထဲမှာ အဝတ်စတချို့ ရှိသေးတယ်... မင်း အင်္ကျီချုပ်ဖို့ သိမ်းထားလို့ရတယ်..."

"ဟင်... ဒီအထုပ်ထဲမှာ ဘာတွေလဲ..."

သူမက အထုပ်ကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ရင်း ပြောလိုက်လေ၏။ သူမ၏ မျက်လုံးများမှာ ထပ်မံ၍ အရောင်လက်သွားခဲ့လေသည်...။

"ဝါး... ဒီအဝတ်စတွေရဲ့ အရောင်တွေက လှလိုက်တာ..."

"အော်... ကိုယ် အဝတ်စတွေနဲ့ အလုပ်လုပ်နေတုန်းက အဝတ်စကျန်တချို့ကို တွေ့လို့လေ... ပြီးတော့ ဒါတွေက လက်မှတ်တွေလည်း မလိုဘူး... ဒါကြောင့် မင်း သဘောကျလောက်မယ် ထင်ပြီး ဝယ်လာခဲ့တာ..."

ကျိုးချန်ယဲ့သည် ရေဇလုံကို ကုတင်ဘေးတွင် ချထားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပင် ပြန်ဖြေလိုက်လေသည်။

"ရှင်က ဒီဟာတွေကို အဝတ်စကျန်တွေလို့ ခေါ်တာလား..."

ထျန်ရှောင်ယာသည် အလျား စင်တီမီတာ နှစ်ဆယ်၊ အနံ စင်တီမီတာ သုံး ဆယ်ရှိသော အဝတ်စတစ်စကို လက်ထဲတွင် ကိုင်ထားခဲ့လေ၏။​

"အကယ်၍ ဒီအစနှစ်ခုကို ပူးလိုက်ရင် မွေးကင်းစ ကလေးလေးတစ်ယောက် အတွက် အင်္ကျီလေးတစ်စုံတောင် ချုပ်လို့ရတယ်..."

"ဘာပဲဖြစ်ဖြစ်... ကိုယ်ကတော့ အဝတ်စကျန်တွေ အနေနဲ့ ဝယ်လာခဲ့တာပဲ... မင်း သဘောကျရင် နောက်တစ်ခါ ကျန်သေးရင် ထပ်ယူလာခဲ့ပေးမယ်လေ..."

ကျိုးချန်ယဲ့သည် လက်လှမ်းကာ အဝတ်စကျန်များကို ကိုင်တွယ်ကြည့်ရှု နေသေးသော ဇနီးဖြစ်သူကို ဆွဲယူလိုက်ပြီး ကုတင်ပေါ်တွင် ထိုင်စေရန် ညင် သာစွာ ဖိချလိုက်လေသည်...။

"ကဲပါ... ဒီအိမ်ထဲက အရာအားလုံးက မင်းဟာတွေချည်းပါပဲ... နောက်မှ ကြည့်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်... ဒီကိုလာပြီး ခြေထောက် လာစိမ်ပါဦး..."

ထျန်ရှောင်ယာသည် ကုတင်ပေါ်တွင် လိမ္မာစွာ ထိုင်လိုက်ပြီး သူမ၏ ခြေ ထောက်များကို ရေနွေးထဲသို့ ထည့်လိုက်ကာ သက်တောင့်သက်သာဖြစ်မှု ကြောင့် တိုးညှင်းစွာ သက်ပြင်းချလိုက်လေသည်။

ကျိုးချန်ယဲ့သည် သူမ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ ခြေ ထောက်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ သူ၏ လက်ချောင်း ထိပ်များတွင် ပါးလွှာသော အသားမာများ ရှိနေသော်လည်း သူ၏ အထိအတွေ့ မှာမူ အလွန် ညင်သာလှပေသည်။

သူ၏ လေးနက်နေသော ဘေးတိုက်မျက်နှာလေးကို ကြည့်ကာ သူမ၏ နှလုံး သားမှာ အရည်ပျော်ကျသွားခဲ့ပြီး လက်လှမ်း၍ သူ၏ ဆံပင်များကို မပွတ်သပ် ဘဲ မနေနိုင်တော့ချေ...။

"အာယဲ့... ရှင် ကျွန်မအပေါ် အရမ်း ကောင်းတာပဲ..."

ကျိုးချန်ယဲ့က မော့ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းများ၌ ကြင်နာယုယ မှုများ ပြည့်နှက်နေခဲ့လေတော့သည်... ။

"ကိုယ်က မင်းအပေါ် မကောင်းရင် တခြား ဘယ်သူ့အပေါ် ကောင်းရမှာလဲ..."

ခြေထောက်များကို သုတ်ပြီးနောက် ထျန်ရှောင်ယာသည် နေရောင်ခြည်နှင့် ဆပ်ပြာရနံ့တို့ သင်းပျံ့နေသော အသစ်စက်စက် စောင်တစ်ထည် လွှမ်းခြုံထား သည့် နွေးထွေးပြီး သက်တောင့်သက်သာရှိသော ကုတင်ပေါ်သို့ တွားသွား၍ တက်လိုက်လေ၏။

ကျိုးချန်ယဲ့သည် မတ်တတ်ရပ်ကာ ရေများကို သွန်ပစ်လိုက်ပြီးနောက် ကုတင် ပေါ်သို့ တက်ကာ ဇနီးဖြစ်သူအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့၏ ရင်ခွင်ထဲသို့ မှီဝင်လိုက်ပြီး သူမ၏ နှာ ခေါင်းလေးမှာ သူ၏ လည်ပင်းကို ပွတ်တိုက်နေခဲ့ပေ၏။ ရှည်လျားသော ခရီးစဉ်နှင့် အိမ်သစ်သို့ ရောက်ရှိလာခြင်းကြောင့် စိတ်လှုပ်ရှားမှုတို့က သူမကို လျင်မြန်စွာနှင့် နက်ရှိုင်းစွာ အိပ်ပျော်သွားစေခဲ့လေတော့သည်။

မကြာမီမှာပင် သူမ၏ အသက်ရှူသံများမှာ မှန်ကန်လာခဲ့ပြီး သူမသည် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် သူမ၏ ကိုယ်ပေါ်သို့ စောင်ကို သေသပ်စွာ ခြုံပေးလိုက်ပြီး ဇနီးဖြစ်သူအား ဖက်ထားလျက် သူမ၏ မှန်ကန်သော အသက်ရှူသံများကို နားထောင်ရင်း အလွန်အမင်း စိတ်အေးချမ်းမှုကို ခံစားလိုက်ရပေသည်။

ထိုညတွင် ၎င်းတို့နှစ်ဦးစလုံးသည် အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ ကြလေသည်။

ကျိုးချန်ယဲ့ မျက်လုံးများ ပြန်ဖွင့်လာချိန်တွင် ပြတင်းပေါက် အပြင်ဘက်၌ နေဝင်လုနီးပါး ဖြစ်နေပြီဖြစ်ကာ အခန်းထဲတွင် မှိန်ပျပျ ဖြစ်နေခဲ့လေသည်။

သူသည် နာရီကို မော့ကြည့်လိုက်ရာ ညနေ ငါးနာရီပင် ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

သူ လှည့်ကြည့်လိုက်ရာ သူ၏ ဇနီးဖြစ်သူမှာ သူ၏ ရင်ခွင်ထဲတွင် လိမ္မာစွာ မှီခို နေဆဲဖြစ်ပြီး အိပ်ပျော်နေသဖြင့် သူမ၏ ပါးပြင်လေးများမှာ ပန်းရောင်သန်း နေခဲ့သည်ကို တွေ့လိုက်ရပေသည်။

သူမ၏ ပါးစပ်လေးမှာ အနည်းငယ် စူထော်နေပြီး အိပ်မောကျနေသော ဝက် ကလေးတစ်ကောင်နှင့်ပင် တူနေခဲ့ပေသည်။

သူ တိုးညှင်းစွာ မရယ်မောဘဲ မနေနိုင်တော့ဘဲ အဖိုးတန် ရတနာတစ်ခု ကျိုးပဲ့ သွားမည် သို့မဟုတ် သူမ နိုးသွားမည်ကို စိုးရိမ်သည့်အလား သူ၏ လက် ချောင်းထိပ်များဖြင့် သူမ၏ နှာခေါင်းဖျားလေးကို ညင်သာစွာ ပွတ်သပ်ပေး လိုက်လေသည်။

ကျိုးချန်ယဲ့သည် ကုတင်ပေါ်မှ ဖြည်းညင်းစွာ ထလိုက်ပြီး ခြေဖျားထောက်ကာ ဆင်းလိုက်လေ၏။

သူသည် အပေါ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး မီးဖိုချောင်သို့ မသွားမီ အိပ်ခန်း တံခါးကို တိတ်ဆိတ်စွာ ပိတ်လိုက်လေသည်။

မီးဖိုချောင်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် တံခါးကို ပြန်ပိတ် လိုက်ပြီး မီးမွှေးကာ ဟင်းချက်ရန် ဒုက္ခမခံချင်တော့ပေ။

ထို့ကြောင့် သူသည် လက်ကို ယမ်းလိုက်ပြီး သူ၏ စနစ်နေရာလွတ်ထဲတွင် ယခင်ကတည်းက သိမ်းဆည်းထားခဲ့သော ဟင်းလျာအနည်းငယ်ကို ထုတ်ယူ လိုက်လေသည်။

တောက်ပသော အနီရောင်ရှိသည့် ဝက်နံရိုးပေါင်း၊ လန်းဆန်းသော အရသာ ရှိသည့် ဝက်သားပြားများနှင့် ဖရုံစိမ်းကြော်၊ ချိုချဉ်အရသာရှိသော ကိုလာ ကြက်တောင်ပံနှင့် ကြက်ဥရည်ဆမ်းထားသော ခရမ်းချဉ်သီး ကြက်ဥဟင်း ရည် တစ်ပန်းကန်တို့ ပါဝင်လေသည်။

ဟင်းလျာများအားလုံးမှာ ပူနွေးနေဆဲ ဖြစ်လေ၏။ သူသည် သန့်ရှင်းသော ကြွေပန်းကန်ပြားများနှင့် ပန်းကန်လုံးများကို ရှာဖွေကာ အားလုံးကို ထည့် လိုက်ပြီးနောက် ဖြူဖွေးသော ပေါက်စီ ခြောက်လုံးကို ယူ၍ ဧည့်ခန်းရှိ နတ်ဘုရားရှစ်ပါး စတုရန်းစားပွဲကြီးပေါ်သို့ သယ်ဆောင်သွားခဲ့လေသည်။

အစားအစာများ၏ ရနံ့သည် ချက်ချင်းပင် အခန်းထဲတွင် ပြည့်နှက်သွားခဲ့ပြီး လူတိုင်း၏ သွားရည်ကို ကျစေနိုင်လောက်ပေသည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် ကုတင်ဘေးသို့ လျှောက် သွားကာ တိုးညှင်းပြီး ညင်သာသော အသံဖြင့် ပြောလိုက်လေသည်...။

"ရှောင်ယာ... ထတော့လေ... ထမင်းစားရမယ့် အချိန်ရောက်ပြီ..."

ထျန်ရှောင်ယာက အိပ်မက်ထဲတွင် "အင်း" ဟု ရေရွတ်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားကာ နိုးမလာခဲ့ပေ။

ကျိုးချန်ယဲ့မှာ ကူကယ်ရာမဲ့ဖြစ်သွားသလို ရယ်လည်း ရယ်ချင်သွားခဲ့သဖြင့် သူမ၏ လက်မောင်းကို ထပ်မံ လှုပ်ယမ်းလိုက်လေသည်....။

"အပျင်းမလေး... နေတောင် ဝင်တော့မယ်... မင်း မထရင် ဟင်းတွေ အေးကုန် တော့မယ်..."

ထျန်ရှောင်ယာသည် သူမ၏ မျက်လုံးများကို ပွတ်သပ်ကာ ဖြည်းညင်းစွာ ဖွင့် လိုက်ပြီး ယခုလေးတင် နိုးလာသဖြင့် သူမ၏ အသံမှာ တိုးညှင်းချိုသာနေခဲ့ လေသည်...။

"အာယဲ့... ဘယ်နှနာရီ ရှိပြီလဲ..."

"ငါးနာရီတောင် ထိုးနေပြီ... ကိုယ် ခုလေးတင် အစိုးရပိုင် စားသောက်ဆိုင် ကနေ အစားအစာတချို့ ဝယ်လာခဲ့တယ်... ပူပူနွေးနွေးရှိတုန်း ထစားလိုက် ဦး..."

ကျိုးချန်ယဲ့က သူမ၏ နဖူးပေါ်ရှိ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ညင် သာစွာ သပ်တင်ပေးလိုက်ပြီး သူ၏ လေသံမှာ အလွန် သဘာဝကျနေခဲ့လေ သည်။

အစိုးရပိုင် စားသောက်ဆိုင်မှ အစားအစာဖြစ်ကြောင်း ကြားလိုက်ရသောအခါ ထျန်ရှောင်ယာ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ပြီး သူမ၏ အိပ်ချင်မူးတူး ဖြစ်နေမှုများမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်...။

"တကယ်လား... အစိုးရပိုင် စားသောက်ဆိုင်က အစားအစာ ဟုတ်လား... ဒါဆို ကျွန်မ ချက်ချင်း ထတော့မယ်..."

သူမသည် ခုန်ထလိုက်ပြီး ဖိနပ်စီးကာ ကျိုးချန်ယဲ့နောက်မှ ဧည့်ခန်းထဲသို့ လိုက်သွားခဲ့လေသည်။

စားပွဲပေါ်ရှိ အရောင်အသွေး စုံလင်ပြီး အရသာရှိမည့် ဟင်းလျာအချို့ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေသည်..။

"ဝါး... အများကြီးပဲ... ဝက်နံရိုးနဲ့ ကြက်တောင်ပံတွေတောင် ပါသေးတယ်... အာယဲ့... ကျွန်မ အရမ်း ပျော်တာပဲ..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး သူမအတွက် ဟင်းရည်တစ်ပန်းကန် ခပ်ပေးလိုက် လေသည်...။

"စားပါ... မင်း ခရီးပန်းလာတာဆိုတော့ အာဟာရဖြစ်အောင် စားလိုက်ဦး..."

ထျန်ရှောင်ယာသည် သူမ၏ တူကို ကောက်ကိုင်လိုက်ပြီး ကိုလာ ကြက် တောင်ပံ တစ်တုံးကို အရင် ယူလိုက်လေသည်။ တစ်ကိုက် ကိုက်လိုက်ပြီး နောက် သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားခဲ့လေ၏...။

"အရသာရှိလိုက်တာ... ရွာမှာ နှစ်သစ်ကူးတုန်းက ချက်တဲ့ ဝက်သားနှပ်ထက် တောင် ပိုမွှေးနေသေးတယ်..."

ဇနီးဖြစ်သူ ဤမျှ ကျေနပ်အားရစွာ စားသောက်နေသည်ကို ကြည့်ကာ ကျိုးချန်ယဲ့၏ စိတ်ထဲတွင် သူကိုယ်တိုင် စားရသည်ထက်ပင် ပို၍ ချိုမြိန်မှုကို ခံစားလိုက်ရပေသည်။

ထို့ကြောင့် သူသည်လည်း တူကို ကောက်ကိုင်လိုက်ပြီး ၎င်းတို့၏ အိမ်ငယ် လေးထဲရှိ ၎င်းတို့၏ ပထမဆုံး စည်ကားသိုက်မြိုက်သော ညစာစားပွဲတွင် သူမနှင့်အတူ ပါဝင်ဆင်နွှဲလိုက်လေတော့သည်။

နောက်တစ်နေ့တွင်ကား….။

ကျိုးချန်ယဲ့ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ဘေးရှိ နေရာမှာ အလွတ်ဖြစ်နေ သည်ကို တွေ့လိုက်ရလေ၏။ ဇနီးဖြစ်သူကို မတွေ့ရသဖြင့် သူ၏ နှလုံးသားမှာ တင်းကျပ်သွားခဲ့ရသည်။

သူသည် အပေါ်အင်္ကျီကို အမြန်ဝတ်ကာ အပြင်သို့ ထွက်သွားခဲ့လေသည်။

သူ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကြွပ်ရွသော မုန်လာဥ ချဉ် တစ်ပန်းကန်ကို ကိုင်ဆောင်ကာ အဓိက အိမ်ဆောင်ဆီသို့ လျှောက်လာ နေသော ဇနီးဖြစ်သူကို တွေ့လိုက်ရလေသည်။

ကျိုးချန်ယဲ့သည် အလျင်စလို သွားရောက်ကာ ဇနီးဖြစ်သူ၏ လက်ထဲမှ ပန်းကန်ကို လက်တစ်ဖက်ဖြင့် ယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမအား သေချာစွာ တွဲကူပေးလျက် နတ်ဘုရားရှစ်ပါး စတုရန်းစားပွဲကြီးရှိရာသို့ လျှောက်သွားခဲ့လေသည်။

စားပွဲပေါ်တွင် အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်အိုးငယ် တစ် လုံးနှင့် မွှေးကြိုင်နေသော ကြက်ဥမွှေကြော် တစ်ပန်းကန်တို့ ရှိနေနှင့်ပြီး ဖြစ် လေ၏။

"မနက် အိပ်ရာထတော့ မီးဖိုချောင်ထဲမှာ ဆန်ပဲရှိပြီး ဟင်းသီးဟင်းရွက်တွေ သိပ်မရှိတာကို တွေ့လိုက်လို့လေ... အဲဒါကြောင့် ဆန်ပြုတ်နည်းနည်း ပြုတ်၊ ကြက်ဥကြော်ပြီး အိမ်ကနေ ယူလာတဲ့ မုန်လာဥချဉ် တချို့ကို ထုတ်လိုက်တာ ပါ..."

ထျန်ရှောင်ယာက ပြုံးလျက် ပြောလိုက်ရာ သူမ၏ မျက်ဝန်းများ၌ ဂုဏ်ယူဝင့် ကြွားမှု အရိပ်အယောင်လေးတစ်ခု ယှက်သန်းနေခဲ့ပေသည်။

"မင်း ပင်ပန်းသွားပြီ ရှောင်ယာ... နောက်ဆိုရင် ကိုယ် အိမ်မှာရှိတဲ့အချိန် ဒီအလုပ်တွေကို ကိုယ်ပဲ တာဝန်ယူပါ့မယ်..."

"တို့တွေ စားပြီးရင် ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်ကို သွားပြီး ဟင်းသီးဟင်းရွက် တချို့ သွားဝယ်ကြမယ်လေ... တို့မိသားစုအတွက် အသား နဲ့ ဆန်တွေကိုတော့ ကျောင်းဆင်းလို့ အိမ်အပြန်လမ်းကျမှ ကိုယ် ဝင်ဝယ်လာ ခဲ့မယ်..."

ကျိုးချန်ယဲ့သည် နောက်ဆုံးတွင် အသားလေး ပြည့်လာပြီဖြစ်သော ဇနီးဖြစ် သူ၏ ဖောင်းအိနေသော ပါးပြင်လေးများကို ဆွဲညှစ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"တို့အိမ်တံခါးနားမှာ မြေကွက်လပ်တစ်ခု ရှိတာကို ကျွန်မ တွေ့လိုက်တယ်... တို့တွေ အားတဲ့အခါ အဲ့ဒီမှာ မြေဆွပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ကြတာ ပေါ့... ဒါဆို တို့တွေ ဟင်းသီးဟင်းရွက်တွေ ဝယ်စရာ မလိုတော့တဲ့အတွက် ငွေတွေ အများကြီး စုမိသွားမှာ..."

"ကောင်းပြီလေ... ဒီနေ့လယ်ကျရင် ကိုယ် သွားပြီး မြေဆွလိုက်ပါ့မယ်..."

ကျိုးချန်ယဲ့က ချက်ချင်းပင် သဘောတူလိုက်လေ၏။ ဇနီးဖြစ်သူ လိုချင်သည့် မည်သည့်အရာကိုမဆို လုပ်ပေးရန် သူ ပျော်ရွှင်နေခဲ့ပေသည်။

ဇနီးမောင်နှံနှစ်ဦးသည် နံနက်စာ စားပြီးခါစဖြစ်ပြီး ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်သို့ သွားရန် ပြင်နေဆဲမှာပင် ဘေးအိမ်မှ တချွင်ချွင် မြည်သံများကို ကြားလိုက်ရလေသည်။

ကျိုးချန်ယဲ့သည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်ကြည့်လိုက်ရာ ထိုရင်းနှီးနေသော အသားမည်းမည်း မျက်နှာနှင့် ဆုံတွေ့လိုက်ရလေတော့ သည်။

အမျိုးသားဖြစ်သူမှာ သူ့ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ပြီးနောက် ဖြူဖွေးသော သွားများကို ပေါ်လာစေလျက် ပြုံးဖြီးကာ ပြောလိုက်လေ သည်..။

"အစ်ကိုကျိုး... တိုက်ဆိုင်လိုက်တာဗျာ..."

"မနေ့က တစ်နေ့လုံးနီးပါး နေစရာနေရာ လိုက်ရှာနေခဲ့တာ... ဒီနေရာလေးကို သဘောကျသွားလို့လေ... ခင်ဗျားရဲ့ အိမ်နီးချင်း ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝကို ထင်မထားခဲ့ဘူး..."

"အစ်ကိုကြီးကျွမ်းလား... ခင်ဗျား... ဟားဟား... တို့တွေက အိမ်နီးချင်းတွေ ဖြစ်သွားပြီပေါ့... တိုက်ဆိုင်လိုက်တာ..."

ကျိုးချန်ယဲ့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့ပြီး သူသည် အသံထွက်၍ မရယ်မောဘဲ မနေနိုင်တော့ချေ။

All Chapters