← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) ကျောင်းဖွင့်ပြီ

သူသည် အခန်းထဲရှိ လူတိုင်းအား ဖရုံစေ့တစ်ဆုပ်နှင့် သစ်သီးသကြားလုံး တစ်လုံးစီ ခွဲဝေပေးလိုက်လေ၏။

လူတိုင်းသည် နတ်ဘုရားရှစ်ပါး စတုရန်းစားပွဲကြီးကို ဝိုင်းထိုင်လျက် ဟို အကြောင်းဒီအကြောင်းများကို ခေတ္တမျှ စကားစမြည် ပြောဆိုကြပြီး နောက် တဖြည်းဖြည်းနှင့် ပြန်သွားကြလေတော့သည်။

နောက်ဆုံးမှ ပြန်သွားသူမှာ ဝမ်တာ့ကျွမ်း၏ ဇနီးဖြစ်လေ၏။ သူမသည် အပြင် သို့ ထွက်ခွာသွားစဉ် နောက်သို့ လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်...။

"ညီမလေး... အစ်မ သွားတော့မယ်နော်... နေ့လယ်ကျရင် ထပ်လာခဲ့ဦးမယ်..."

"ဟုတ်အစ်မ... နေ့လယ်ကျရင် ထျဲ့တန်ကိုလည်း ဆော့ဖို့ ခေါ်ခဲ့ဦးနော်..."

ထျန်ရှောင်ယာက ပြုံးရွှင်စွာဖြင့် သဘောတူလိုက်ပြီးနောက် သူမအား တံခါး ဝအထိ လိုက်လံပို့ဆောင်ပေးလိုက်လေ၏။ သူမသည် သူမ၏ ကျောပြင်မှာ လမ်းချိုးသို့ ကွေ့ဝင်သွားသည်အထိ စောင့်ကြည့်နေပြီးမှ တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်လေသည်။

လူတိုင်း ထွက်ခွာသွားသောအခါ အခန်းအတွင်းမှာ ပြန်လည်တိတ်ဆိတ်သွား ခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် သူ၏လက်ကောက်ဝတ်ကို မြှောက်ကာ နာရီကို ကြည့်လိုက် ရာ (၁၁) နာရီခွဲ ရှိနေပြီဖြစ်သဖြင့် နေ့လယ်စာ ပြင်ဆင်ရန် အချိန်ရောက်ပြီဟု သူ တွေးလိုက်မိလေသည်။

သူသည် သူ၏ဇနီးအား မော့ကြည့်ကာ မေးလိုက်လေသည်…။

"မိန်းမ... နေ့လယ်စာ ဘာစားချင်လဲ... အစ်ကို လုပ်ပေးမယ်လေ..."

"အာယဲ့... ကျွန်မပဲ သွားလုပ်လိုက်ပါ့မယ်..."

ထျန်ရှောင်ယာက ထိုင်နေရာမှ ထရန် ပြင်လိုက်ရင်း ပြောလိုက်လေ၏။

"အစ်ကို သွားပါ့မယ်... မင်းက နားနေလိုက်..."

ကျိုးချန်ယဲ့သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူ၏ဇနီးအား ကုလားထိုင်ပေါ်သို့ ပြန်လည် ထိုင်ခိုင်းလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ လှည့်ဝင်သွားခဲ့လေတော့သည်။

မီးဖိုပေါ်တွင် နွေးထွေးသော ရေအချို့ ရှိနေသေးပြီး ထောင့်တစ်နေရာတွင် လည်း အာလူးအချို့ကို ပုံထားကာ ဟင်းသီးဟင်းရွက်ခြင်းထဲတွင်လည်း တရုတ်နံနံ တစ်စည်း ရှိနေခဲ့လေ၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ကျိုးချန်ယဲ့သည် ဝက်သားခြောက်နှင့် တရုတ်နံ နံကြော်၊ ဝက်သားခြောက်နှင့် အာလူးအမျှင်ကြော် ဟူသော ဟင်းလျာနှစ်မျိုး ကို လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

သူသည် ခေတ်သစ်လောက၌ တစ်ယောက်တည်း နေထိုင်ခဲ့သူ ဖြစ်ပေရာ နေ့စဉ်နှင့်အမျှ အပြင်စာများကို မှာယူစားသောက်ရန် သို့မဟုတ် အပြင်ထွက် စားရန်မှာ မဖြစ်နိုင်ခဲ့ချေ။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူသည် ဟင်းချက်တတ်လာခဲ့လေ ၏။ သူ၏လက်ရာမှာ အလွန်အမင်း အရသာရှိလှသည်တော့ မဟုတ်သော် လည်း မဆိုးလှဟု ဆိုရပေမည်။

သူသည် အိမ်အမိုးတန်းတွင် ချိတ်ဆွဲထားသော ဝက်သားခြောက်တစ်ပိုင်းကို ယူကာ နွေးထွေးသော ရေထဲ၌ စိမ်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ အဆီများကို ခြစ်ထုတ်ကာ အထူအပါး ညီညာသော အပြားလေးများအဖြစ် လှီးဖြတ်လိုက် လေသည်။

တရုတ်နံနံများကို ရွေးချယ်ဆေးကြောပြီးနောက် တစ်လက်မခန့် အရှည်ရှိ သော အပိုင်းလေးများအဖြစ် လှီးဖြတ်လိုက်လေ၏။

အာလူးများကို အခွံနွှာကာ အမျှင်လေးများအဖြစ် ပါးပါးလှီးပြီး ရေထဲ၌ စိမ် ထားလိုက်လေသည်။

မီးဖိုထဲသို့ ထင်းများ ထပ်မံဖြည့်လိုက်ရာ မီးတောက်များမှာ တဖြည်းဖြည်း တောက်လောင်လာပြီး အိုးအောက်ခြေကို ဟပ်နေခဲ့လေ၏။

ဒယ်အိုး ပူလာသောအခါ ဝက်ဆီတစ်ဇွန်း ထည့်လိုက်ရာ တရှဲရှဲ မြည်သံ နှင့်အတူ မီးဖိုချောင်တစ်ခုလုံးတွင် မွှေးကြိုင်သော ရနံ့များဖြင့် ချက်ချင်းပင် ပြည့်နှက်သွားခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် ဟင်းချက်ယောင်းမကို ကိုင်ကာ သူ၏လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာ လှုပ်ရှားလျက် လျင်မြန်သော အပြုအမူများဖြင့် ဟင်းသီးဟင်း ရွက်များကို ပြောင်လက်ကာ မွှေးကြိုင်လာသည်အထိ ကြော်လိုက်လေ တော့သည်။

အခြားမီးဖိုတစ်ခုတွင်လည်း ထမင်းမှာ အနေတော် ကျက်သွားခဲ့ပြီ ဖြစ်လေ ၏။ အိုးအဖုံးကို ဖွင့်လိုက်သောအခါ ထမင်းနံ့နှင့် ဟင်းနံ့များ ရောယှက်ကာ မီးဖိုချောင်လေးအတွင်း ပျံ့လွင့်လာခဲ့ရာ ဗိုက်ဆာစိတ်ကို ဖြစ်ပေါ်စေခဲ့လေ သည်။

ထိုမွှေးကြိုင်သော ရနံ့ကို ရရှိလိုက်သဖြင့် ထျန်ရှောင်ယာသည် မီးဖိုချောင် တံခါးဝသို့ မသွားဘဲ မနေနိုင်တော့ချေ။ သူမသည် တံခါးဘောင်ကို မှီလျက် နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောရင်း ပြောလိုက်လေသည် ... ။

"အာယဲ့... အစ်ကို့လက်ရာက ကျွန်မ ထင်ထားတာထက်တောင် အများကြီး ပိုကောင်းနေတာပဲ..."

ကျိုးချန်ယဲ့က သူမအား လှည့်ကြည့်လိုက်ရာ အိုးထဲရှိ အစားအစာများမှာ အငွေ့တထောင်းထောင်း ထနေခဲ့လေ၏။

သူသည် သူ၏နဖူးပေါ်ရှိ ချွေးစက်များကို သုတ်လိုက်ပြီး မျက်ဝန်းများ မှေး စပြုသည်အထိ ပြုံးပြလိုက်လေသည်...။

"ဒါပေါ့... ဘယ်သူချက်တာလဲ ကြည့်ဦးလေ... ခဏလေးပဲ စောင့်နော်... အခု ပြီးတော့မှာ..."

မကြာမီမှာပင် ဟင်းနှစ်ပွဲနှင့် အငွေ့ပျံနေသော ထမင်းတစ်အိုးကို စားပွဲပေါ်သို့ တင်လိုက်လေသည်။

ထျန်ရှောင်ယာသည် ထမင်းစားတံကို ကိုင်ကာ တရုတ်နံနံကို တစ်လုပ် မြည်း စမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံမှာ တောက်ပသွားခဲ့လေသည်...။

"အရသာရှိလိုက်တာ..."

သူမ အားရပါးရ စားသောက်နေသည်ကို ကြည့်ပြီး ကျိုးချန်ယဲ့က ပြုံးလျက် အာလူးအမျှင်အချို့ကို ခပ်ပေးလိုက်လေသည်...။

"ဖြည်းဖြည်းစားပါ မိန်းမရယ်... စားစရာတွေ အများကြီး ရှိပါတယ်..."

အိမ်တွင် ဆယ်ရက်ကျော်ခန့် အေးအေးဆေးဆေး နားနေခဲ့ပြီးနောက် ကျောင်း ဖွင့်မည့် အချိန်သို့ မသိမသာ ရောက်ရှိလာခဲ့လေပြီ။

ကျိုးချန်ယဲ့သည် ယနေ့တွင် အလွန်စောစီးစွာ နိုးလာခဲ့လေ၏။ ပတ်ဝန်းကျင် မှာ လင်းစပြုရုံသာ ရှိသေးသဖြင့် အခန်းအတွင်း၌ အနည်းငယ် မှောင်နေခဲ့ သေးသည်။

သူသည် ဘေးသို့ လှည့်ကြည့်လိုက်ရာ သူ၏ဇနီးသည်မှာ နှစ်ခြိုက်စွာ အိပ် ပျော်နေသည်ကို မြင်တွေ့လိုက်ရလေ၏။ သူမ၏ မျက်တောင်လေးများမှာ ညင်သာစွာ မှေးစင်းနေပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးရိပ်လေးတစ်ခု ရှိနေခဲ့ပေသည်။ သူမသည် မည်ကဲ့သို့သော လှပသည့် အိပ်မက်များကို မက် နေပါသနည်းဟု သူ တွေးတောနေမိလေတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရှုရင်း ကျိုးချန်ယဲ့၏ စိတ်နှလုံးအတွင်း နွေးထွေးမှုကို ခံစားလိုက်ရလေ၏။ သူသည် သူမ၏ နူးညံ့သော ပါးပြင်ကို သူ၏လက် ချောင်းလေးဖြင့် ညင်သာစွာ ထိတွေ့လိုက်သော်လည်း သူမ နိုးသွားမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာပင် ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

သူသည် ပါးလွှာသော စောင်ကို အသာအယာ မလိုက်ပြီး ပိတ်စဖိနပ်ကို စီးကာ အိပ်ခန်းထဲမှ ခြေသံဖွဖွဖြင့် ထွက်လာခဲ့လေသည်။

အပြင်ဘက် ကိစ္စရပ်များကို လျင်မြန်စွာ အဆုံးသတ်ပြီးနောက် သူသည် မီးဖိုချောင်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

မီးဖိုထဲတွင် ယမန်နေ့ညက ကျန်ရစ်ခဲ့သော မီးခဲအချို့ ရှိနေသေးသဖြင့် သူ သည် ထင်းစ အနည်းငယ် ထည့်လိုက်လေ၏။ မီးတောက်များမှာ ဖြည်းညင်း စွာ တောက်လောင်လာပြီး အိုးအောက်ခြေကို လျက်နေခဲ့ရာ အခန်းအတွင်းမှာ တဖြည်းဖြည်း နွေးထွေးလာခဲ့လေတော့သည်။

သူ၏ စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက် လတ်လတ်ဆတ်ဆတ် ဖုတ်ထား သော ရိုးကျားမို နှစ်ခုမှာ မီးဖိုပေါ်၌ လေထဲမှ ပေါ်လာခဲ့လေ၏။ အပြင်ခွံမှာ ကြွပ်ရွနေပြီး အတွင်း၌မူ နူးညံ့အောင် ချက်ထားသော အသားများနှင့် ငရုတ် သီးစိမ်းနံ့လေးများ ပါဝင်နေခဲ့လေသည်။

ထို့နောက် သူသည် အငွေ့တထောင်းထောင်း ထနေသော ဟင်းသီးဟင်းရွက် နှင့် အသားစွပ်ပြုတ် တစ်ပန်းကန်ကို ထုတ်ယူလိုက်လေ၏။ ဆန်မှာ စေးပိုင်နေ ပြီး အသားများမှာလည်း နူးညံ့နေခဲ့ပေသည်။

သူသည် မီးဖိုကို မှီထားလျက် ရိုးကျားမိုနှင့် စွပ်ပြုတ်ကို လျင်မြန်စွာ စား သောက်လိုက်ရာ တစ်ကိုယ်လုံး နွေးထွေးကာ သက်သောင့်သက်သာ ရှိသွား ခဲ့လေတော့သည်။

စားသောက်ပြီးနောက် သူ၏နှုတ်ခမ်းကို သုတ်လိုက်ပြီး သူ၏ စနစ်နေရာလွတ် အတွင်းမှ ဟင်းသီးဟင်းရွက် စွပ်ပြုတ်တစ်ပန်းကန်နှင့် နှမ်းကိတ်မုန့် နှစ်ခုကို ထုတ်ယူလိုက်လေသည်။

သူသည် စွပ်ပြုတ်နှင့် နှမ်းကိတ်မုန့်များကို သံအိုးထဲသို့ ထည့်ကာ အဖုံးပိတ် ထားလိုက်ပြီး မီးဖိုမှ ကျန်ရှိနေသော အပူရှိန်ဖြင့် နွေးနေအောင် လုပ်ထားလိုက် လေသည်...။ သို့မှသာ ဇနီးဖြစ်သူ နိုးလာသောအခါ ပူပူနွေးနွေး စားသောက်နိုင် မည် မဟုတ်ပါလော။

သူသည် သူ၏ဇနီးအား အသားမကျွေးချင်၍ မဟုတ်ပေ... ယမန်နေ့ကမှ လတ်လတ်ဆတ်ဆတ် အသားများကို ကုန်စင်အောင် စားသောက်ခဲ့ကြပြီး ဖြစ်ပေရာ အကြောင်းပြချက် မရှိဘဲ ထပ်မံထုတ်ယူရန်မှာ မသင့်တော်သော ကြောင့် ဖြစ်လေသည်။

မထွက်ခွာမီ သူသည် အိပ်ခန်းထဲသို့ တစ်ခေါက် ပြန်ဝင်သွားခဲ့လေ၏။

သူ၏ဇနီးမှာ မည်သည့်အချိန်ကမှန်း မသိဘဲ တစ်ဖက်သို့ လှည့်နေခဲ့ရာ သူမ ၏မျက်နှာ တစ်ဝက်မှာ ခေါင်းအုံးထဲသို့ မြုပ်နေခဲ့လေသည်။ သူမ၏ နှာခေါင်း လေးမှာ လှုပ်ရှားနေပြီး တိုးညှင်းစွာပင် ဟောက်နေခဲ့လေ၏။

သူမ၏ ဖောင်းအိနေသော ပါးပြင်လေးများနှင့် အိပ်ပျော်နေသည့် ပုံစံမှာ ဝက် ကလေးတစ်ကောင်ကဲ့သို့ပင် ချစ်စဖွယ် ကောင်းလှပေသည်။

ကျိုးချန်ယဲ့သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်နှလုံးအတွင်း နွေးထွေးသွား ခဲ့ပြီး မပြုံးဘဲ မနေနိုင်တော့ချေ။ သို့သော် သူမအား နှိုးရန်မူ ရက်စက်သလို ဖြစ်နေမည်ကို သူ သိနေခဲ့ပေသည်။

သူသည် စာရေးစားပွဲသို့ လျှောက်သွားကာ သူ၏ဘောပင်ကို ယူ၍ မှတ်စုစာ အုပ်ထဲတွင် စာတစ်စောင် ရေးသားလိုက်ပြီးနောက် ၎င်းကို သူ၏ဇနီး၏ ခေါင်း အုံးဘေးတွင် ထားလိုက်လေ၏။

သူသည် ကိုယ်ကို ကိုင်းလိုက်ပြီး သူမ၏ နူးညံ့ကာ ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးကို ညင်သာစွာ နမ်းလိုက်လေရာ အချိုဓာတ်လေးကို ခံစားလိုက် ရလေသည်။

အိပ်ပျော်နေသော ဇနီးသည်အား နောက်ဆုံးတစ်ချက် ကြည့်ရှုပြီးနောက် တံခါးကို ဖြည်းညင်းစွာ ဖွင့်ကာ အသံမထွက်အောင် ပြန်ပိတ်လိုက်ပြီး ကျောင်းရှိရာသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းသွားခဲ့လေတော့သည်။

"ကျွီ—"

အဆောင်တံခါး ပွင့်သွားခဲ့ရာ ကျိုးချန်ယဲ့၏ ပုံရိပ် ပေါ်ထွက်လာခဲ့လေ၏။

"အစ်ကိုကြီး ကျန့်ကော်... ဝေကျွင်း... အိုက်တန့်... စောစောစီးစီး ရောက်နေ ကြတာလား..."

ကျိုးချန်ယဲ့သည် အဆောင်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။

"ကျိုးချန်ယဲ့ ရောက်လာပြီ..."

လျူကျန့်ကော်သည် ကုတင်ပေါ်တွင် ထိုင်လျက် အထုပ်အပိုးများ ပြင်ဆင်နေ စဉ် ထိုအသံကို ကြားလိုက်ရသဖြင့် မော့ကြည့်ကာ ပြုံးလိုက်လေသည်...။

"မင်း တစ်ယောက်ပဲ လိုတော့တာ..."

ကျိုးချန်ယဲ့သည် သူ၏ ဂုန်နီအိတ်ကို စားပွဲပေါ်သို့ တင်လိုက်ရုံသာ ရှိသေး သော်လည်း ဝမ်အိုက်တန့်က သူ၏လက်မောင်းကို ဆွဲယူလိုက်လေသည်..။

"အာယဲ့... မင်းကို နောက်ဆုံးတော့ မိပြီ..."

"မင်း ပီကင်းကို ပြန်လာတာတောင် မင်းရဲ့ ညီလေး ညီမလေးတွေကို ခေါ်လာ မယ်ဆိုတာကို ငါ့ကို တစ်ခွန်းမှ မပြောဘူး... ငါ့အမေသာ မပြောရင် မင်း ပြန် ရောက်နေမှန်းတောင် ငါ သိမှာ မဟုတ်ဘူး... ဒါကတော့ မတရားဘူးလေ..."

"မင်းကတော့ စောင်းမြောင်းနေပြန်ပြီ..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး သူ၏ ဂုန်နီအိတ်ကို ဖွင့်ကာ အမဲသား ငရုတ်သီး ဆော့စ် ပုလင်းအချို့ကို ထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်လေ၏။ ထိုအရာ များကို သူသည် လမ်းမှာတင် သူ၏ စနစ်နေရာလွတ်ထဲမှ ထုတ်ယူလာခဲ့ခြင်း ဖြစ်ပေသည်။

"မြည်းကြည့်ကြပါဦး... ဒါက ငါ့ယောက္ခမက မင်းတို့အတွက် သီးသန့် လုပ်ပေး လိုက်တာလေ... ခွဲဝေစားလို့ရအောင် ပုလင်းအချို့ ယူလာပေးတယ်..."

"ဟိုး... အာယဲ့... မင်းကတော့ တကယ်ကို လူတော်ပဲကွာ..."

ဝမ်အိုက်တန့်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး ထိုအရာကို ယူရန် လက်လှမ်းလိုက်လေသည်...။

"ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့အမေက နှစ်ပုလင်း ယူသွားတာလေ... တစ်ပုလင်း က ငါ့အဘိုးအိမ် ပို့လိုက်ပြီး ကျန်တဲ့ တစ်ပုလင်းကိုမှ ထမင်းစားတိုင်း နည်း နည်းလေးစီပဲ ငါ့ကို ကျွေးတာ... တကယ်ကို ကပ်စေးနှဲတာပဲ... အခုတော့ ဒီ တစ်ပုလင်းလုံးက ငါ့အပိုင်ပဲပေါ့..."

"ဒါက တိုက်ဆိုင်သွားလို့ပါ..."

ကျိုးချန်ယဲ့က ပြန်လည်ပြောကြားရင်း ကုတင်ပေါ်သို့ တက်ကာ သန့်ရှင်းရေး လုပ်လိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဤကုတင်ပေါ်တွင် သူ မနေထိုင် ဖြစ်ခဲ့သည်မှာ နှစ်လခန့် ရှိပြီဖြစ်ပေရာ အခင်းများနှင့် စောင်များကို လဲလှယ် ရန်နှင့် လျှော်ဖွပ်ရန် လိုအပ်လေသည်။

"ဒီတစ်ခေါက် ကျွန်တော် အိမ်ပြန်တဲ့အချိန်မှာ တပ်ဖွဲ့ထဲက နွားအိုကြီး တစ်ကောင် တောင်စောင်းကနေ လိမ့်ကျသွားတယ်လေ... အဲဒီနွားက အသက်ကြီးနေပြီဆိုတော့ နေရာတင် သေသွားတာ ဖြစ်ရမယ်..."

"နောက်တော့ ကျွန်တော်တို့က ကွန်မြူန်ဆီကို သတင်းပို့လိုက်တော့ သူတို့က တပ်ဖွဲ့ထဲမှာတင် အသားပေါ်ဖို့ ခွင့်ပြုလိုက်တာလေ... အဲဒါကြောင့် ကျွန်တော့် ယောက္ခမက အဲဒီအမဲသားတွေနဲ့ ငရုတ်သီးဆော့စ် လုပ်ပေးလိုက်တာ..."

"အမဲသား ဟုတ်လား..."

လျူကျန့်ကော်၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ပြီး ပုလင်း တစ်လုံးကို လှမ်းယူလိုက်လေသည်...။

"ကျေးဇူးအများကြီး တင်ပါတယ်ကွာ... ဒါက ငါ အကြိုက်ဆုံးပဲ... ဒီဆော့စ် က တကယ်ကို ကောင်းတာ... ထမင်းနဲ့ နယ်စားရင် အကောင်းဆုံးပဲ..."

(ရှေ့စာစဉ် (၃) ခုတွင် ကူပွန်ဟု အသုံးပြု ရေးသားခဲ့မိပါြဖင့် စာဖတ်သူများ ဖတ်ရှုရာတွင် အဆင်မပြေဖြစ်ခဲ့ပါသဖြင့် ယခု စာစဉ် (၄) မှစ၍ လက်မှတ် ဟုပြောင်းလဲ ရေးသားသွားပါမည်ခင်ဗျာ။)

စာဖတ်သူများကို အစဉ်လေးစားလျက်

Lucky Star Translation Team

All Chapters