အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) မင်းတို့နှစ်ယောက် မင်းတို့အဖေကို လာကြည့်နေတာလား
*ဟေ့ မင်းဘာတွေတွေးနေတာလဲ ငါလင်းဖန်က အဲသည်လို မကောင်းဆိုးဝါးနည်းလမ်းတွေကို သုံးမယ့် သူမျိုး မဟုတ်ဘူးလေ...*
*အလောင်းတွေက နိမိတ်မကောင်းဘူးလို့ သတ်မှတ်ကြတယ် အဲဒါတွေကို သုံးမယ်ဆိုရင်တောင် အသက်ရှင်နေတဲ့ ဖုတ်ကောင်တွေ မွေးမြူဖို့အတွက် အသက်ရှင်နေတဲ့လူတွေဆီမှာပဲ သုံးမှာ...*
သူ၏ခေါင်းထဲမှ မလိုလားအပ်သော အတွေးများကို ရှင်းထုတ်ပစ်လိုက်ပြီးနောက် လင်းဖန်သည် အဝေး ၌ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေကြသော လူအုပ်ကြီးနောက်သို့ လိုက်သွားခဲ့လေသည်။
“သခင်... ကျွန်တော့ကို စောင့်ပါဦး...”
အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှောင်ယင်သည်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာကာ လင်းဖန်၏နောက်သို့ အလျင်အမြန် လိုက်ပါသွားလေတော့သည်။
“သခင်... ဟိုနှစ်ယောက်က ကျွန်တော်တို့ကို လိမ်ဖို့ ကြိုးစားခဲ့တာ... တကယ်ကို လွန်လွန်းတယ်... ကျွန်တော် သူတို့ကို စကားနဲ့ တိုက်ခိုက်လိုက်ရမလား...”
လင်းဖန် ပြန်မဖြေရသေးမီမှာပင် ရှောင်ယင်က ဆက်ပြောလိုက်လေသည်။
“သခင်က ဘာမှမပြောတော့ ကျွန်တော်က သဘောတူတယ်လို့ပဲ မှတ်ယူလိုက်မယ်... ကြည့်ထား လိုက်... သည်နေ့ ကျွန်တော်က သူ့ရဲ့ ဆွေစဉ်မျိုးဆက်တစ်သီကြီးကို တန်းစီပြီးတော့ ဆဲဆိုပစ်လိုက် မယ်...”
ထိုသို့ပြောပြီးနောက် ရှောင်ယင်က အရှိန်တင်လိုက်ရာ ခုန်ဆွခုန်ဆွ သွားနေသော ပိန်ပိန်ပါးပါးကျင့်ကြံ သူအား လျင်မြန်စွာ မီသွားခဲ့လေတော့သည်။
“မင်းအမေ @#@#¥@...”
“မင်းအဘွား @#%#¥%%...”
“မင်းအမေဘက်က တတိယဦးလေး @&¥#&...”
လင်းဖန်မှာ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ရှောင်ယင်က ဆဲဆိုနေပြီဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူ၏စကားလုံးများကို မျိုချလိုက်ရတော့သည်။
မည်သို့ပင်ဖြစ်စေ စတင်နေပြီဖြစ်ရာ တစ်ခါဆဲသည်ဖြစ်စေ အခါတစ်ရာ ဆဲသည်ဖြစ်စေ ဘာမှကွာခြား မှု မရှိတော့ပေ။
ဤသို့ဖြင့် လင်းဖန်၏ နှုတ်ဆိတ်နေမှုအောက်တွင် လင်ရွှီမြို့၏ လမ်းမများပေါ်ရှိ မူလကတည်းက ထူးဆန်းနေသော မြင်ကွင်းမှာ ပို၍ပင် ထူးဆန်းလာတော့သည်။
လူတစ်စုမှာ အရှေ့မှ အသက်လု၍ ပြေးလွှားနေကြပြီး လမ်းသွားလမ်းလာများကလည်း ထွက်ပြေးနေ သည့် လူအုပ်ကြီးထဲသို့ အဆက်မပြတ် ဝင်ရောက်ပူးပေါင်းလာကြလေသည်။
ခုန်ဆွခုန်ဆွ သွားနေသော ကျင့်ကြံသူတစ်ဦးက ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဟဲဟဲဟဲ ဟူသော ထူးဆန်းသည့် အသံများပြုလုပ်ကာ သူတို့နောက်မှ လိုက်ပါလာခဲ့လေသည်။
ကြက်တူရွေးတစ်ကောင်ကလည်း ဖုတ်ကောင်ကျင့်ကြံသူနောက်မှ လိုက်ပါလာကာ အသံကျယ်ကြီးဖြင့် ဆဲဆိုနေပြီး ဖုတ်ကောင်ကျင့်ကြံသူ၏ ဆွေစဉ်မျိုးဆက်တွင် လူမည်မျှရှိကြောင်းကို လူတိုင်းအား သိမြင် သွားစေခဲ့ပေသည်။
သို့သော်လည်း ကျင့်ကြံသူများ ဖုတ်ကောင်နှင့် ငှက်တို့ကြားရှိ ဤလိုက်တမ်းပြေးတမ်း ကစားပွဲမှာ ကြာကြာမခံခဲ့ပေ။ အကြောင်းမှာ ဝတုတ်တုတ်ကျင့်ကြံသူနှင့် ပိန်ပိန်ပါးပါးကျင့်ကြံသူတို့၏ ဆရာဖြစ်သူ နောက်ဆုံးတွင် ရောက်ရှိလာသောကြောင့်ပင် ဖြစ်ချေသည်။
သူ၏ဆရာ ရောက်လာသည်ကို မြင်သောအခါ ဝတုတ်တုတ်ကျင့်ကြံသူက ချက်ချင်းပင် ရဲတင်းလာကာ ငိုယိုတော့မည့် မျက်နှာအမူအရာဖြင့် သူ၏ဆရာရှိရာသို့ ပြေးသွားလေတော့သည်။
“ဆရာ... ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးရမယ်... ကျွန်တော့်ရဲ့ ဂျူနီယာညီလေးက မကောင်းဆိုးဝါး ကျင့်ကြံသူတွေကြောင့် ဖုတ်ကောင်ဖြစ်သွားရရှာပြီ...”
ဝတုတ်တုတ်ကျင့်ကြံသူက ဆရာဟု ခေါ်ဆိုလိုက်သောသူမှာ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး လောကီနှင့် ကင်းကွာကာ ပညာရှိတစ်ဦး၏ အငွေ့အသက်များရှိနေသည့် အဘိုးအိုတစ်ဦး ဖြစ်ပေသည်။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အင်မော်တယ်ဘုရင်တစ်ပါး၏ အရှိန်အဝါက လမ်းမပေါ်တွင် အသက်လု ထွက်ပြေးနေကြသော များစွာသော လမ်းသွားလမ်းလာများနှင့် ကျင့်ကြံသူများကို ချက်ချင်း ရပ်တန့်သွားစေခဲ့ပေသည်။
အင်မော်တယ်ဘုရင်၏ အရှိန်အဝါကြောင့် အလွန်အမင်း ဖိနှိပ်ခံလိုက်ရကာ ခြေလှမ်းမရွှေ့နိုင်တော့ခြင်း လား သို့မဟုတ် အင်မော်တယ်ဘုရင် ရှိနေသောကြောင့် နောက်က ဖုတ်ကောင်များမှာ ယခုအခါတွင် သိပ်မကြောက်စရာကောင်းတော့ဘူးဟု ခံစားလိုက်ရခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ပေ။
ဝတုတ်တုတ်ကျင့်ကြံသူ စကားပြောနေစဉ် သူ၏နောက်တွင် ခုန်ဆွခုန်ဆွဖြင့် လိုက်လာသော ပိန်ပိန်ပါး ပါး ကျင့်ကြံသူမှာလည်း ဆောင့်အောင့်ကာ ရောက်ရှိလာလေသည်။ ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ ပုံစံကို ကြည့်ကာ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုက မျက်မှောင်ကြုတ်သွားခဲ့လေသည်။
သူက မေးခွန်းမေးရန် ပြင်လိုက်စဉ် ကွဲအက်နေသော အသံကြီးဖြင့် ဆဲဆိုသံတစ်ခုကို ကြားလိုက်ရ လေ သည်။ အသံလာရာသို့ ကြည့်လိုက်သောအခါ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ပိန်ပိန်ပါးပါးကျင့်ကြံ သူ၏ အနောက်မှ ကပ်လျက် လိုက်ပါလာသော ရှောင်ယင်ကို တွေ့လိုက်ရလေသည်။
“ဒီလောက် ညစ်ညမ်းတဲ့ စကားတွေကို ပြောနေတဲ့ ဒီတိရစ္ဆာန်က ဘယ်ကရောက်လာတာလဲ... မင်းက သေချင်နေတာပဲ...”
နှစ်ခါပြန်တွေးရန် မစောင့်တော့ဘဲ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုက ရှောင်ယင်အား တိုက်ရိုက် တိုက် ခိုက်လိုက်လေသည်။ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက ဒေါသတကြီးဖြင့် အင်မော်တယ်နည်း စနစ်တစ်ခုကို ထုတ်ဖော်ကာ ရှောင်ယင်အား တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်ခြင်းဖြစ်လေသည်။
ထိုမှော်နည်းစနစ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြောင့် လမ်းမပေါ်ရှိ လူများအားလုံး၏ ကျောရိုးထဲသို့ စိမ့်တက်သွားစေခဲ့သည်ပင်။ သူတို့အားလုံးမှာ ထိခိုက်မှုမရှိစေရန် အဝေးသို့ ချက်ချင်း ပုန်းရှောင်သွားခဲ့ကြလေသည်။
ဤအင်မော်တယ်နည်းစနစ်၏ တိုက်ခိုက်မှုကြောင့် ရှောင်ယင်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားမည်ဟု လူတိုင်းက ထင်မှတ်နေချိန်တွင် မထင်မှတ်ထားသောအရာတစ်ခု ဖြစ်ပျက်လာခဲ့လေသည်။
အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို ထုတ်ဖော်လိုက်သော အင်မော်တယ်နည်းစနစ်မှာ ရှောင်ယင်အပေါ်သို့ ကျရောက်လာသောအခါ သူ၏ကိုယ်ကို ဖောက်ထွင်းသွားခဲ့လေသည်။ ရှောင်ယင်မှာ အနည်းငယ်မျှပင် ထိခိုက်မှုမရှိသော်လည်း သူ၏အင်မော်တယ်နည်းစနစ်မှာမူ သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီးနောက် အနောက်ဘက်သို့ ဆက်လက် ပျံသန်းသွားခဲ့လေသည်။
နောက်ဆုံးတွင် ရှောင်ယင်၏ အနောက်ဘက်ရှိ ဆိုင်တစ်ဆိုင်မှာ အကျိုးဆက်များကို ခံစားလိုက်ရပြီး ၎င်းဆိုင်၏ ဆိုင်းဘုတ်မှာ မှော်စွမ်းအင်ကြောင့် ကွဲအက်ကြေမွသွားခဲ့လေတော့သည်။
“ဟားဟားဟားဟား...ခင်ဗျားတိုက်ခိုက်မှုက ကျွန်တော့်ကို မထိနိုင်ဘူး မဟုတ်လား... ခင်ဗျားဘာမှ လုပ်လို့ မရပါဘူး ကျွန်တော်က အဲလောက်တောင် အစွမ်းထက်တာ... လာလာလာလာလာ...”
သူ၏တိုက်ခိုက်မှုမှာ လွဲချော်သွားပြီး ရှောင်ယင်က သူ၏မျက်နှာနားသို့ကပ်ကာ အသံဖြင့် လှောင်ပြောင် လိုက်သောကြောင့် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို၏ မျက်နှာမှာ ပြာနှမ်းသွားတော့လေသည်။
သူက ရှောင်ယင်၏ နောက်ဘက်သို့ ဆက်လက်ကြည့်ရှုလိုက်ပြီး သူတိုက်ခိုက်မိသွားသော ဆိုင်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားရလေသည်။
ဤတစ်ကြိမ်တွင်တော့ သူတို့သည် ကြက်ကို ခိုးရန်ကြိုးစားရင်း ဆန်ပါ ဆုံးရှုံးသွားရခြင်းပင် ဖြစ်ပေ၏။ သူ၏တိုက်ခိုက်မှုက တိရစ္ဆာန်ကို မသတ်နိုင်ခဲ့သည့်အပြင် သူ၏အပေါ်သို့ ပြဿနာများသာ ဆောင်ကြဉ်း ပေးလိုက်သည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ ဒေါသတကြီး တိုက်ခိုက်မှုက ဆိုင်ရှေ့ရှိ ဆိုင်းဘုတ်ကိုသာ ကွဲကြေသွား စေခဲ့ပြီး ဆိုင်ကို မည်သည့်ထိခိုက်မှုမျှ မဖြစ်စေခဲ့ခြင်းက ဆိုင်၏ ကာကွယ်ရေးစွမ်းရည်များမှာ သာမန် မဟုတ်ကြောင်း ပြသနေပေသည်။
ဤကဲ့သို့ကာကွယ်ရေးစွမ်းရည်များရှိသော ဆိုင်တစ်ဆိုင်၏ နောက်ကွယ်ရှိ လူ သို့မဟုတ် အဖွဲ့အစည်း မှာ အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့်တွင် ရှိရမည်ဖြစ်ချေသည်။
အကြောင်းပြချက်မရှိဘဲ တစ်ပါးသူ၏ ဆိုင်းဘုတ်ကို ဖျက်ဆီးခြင်းမှာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် ကိစ္စမျိုး လုံးဝ မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် ဆိုင်းဘုတ် အဖျက်ဆီးခံလိုက်ရသော ဆိုင်ထဲမှ အင်မော်တယ်ဘုရင်တစ်ပါး ၏ ကျင့်ကြံမှုအဆင့်ကို ထုတ်လွှတ်နေသော လူတစ်ယောက် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။ ထိုသူက ဒေါသကြောင့် ပြာနှမ်းနေသော မျက်နှာဖြင့် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုထံသို့ လျှောက်လာကာ စတင် မေးခွန်းထုတ်တော့လေသည်။
“ကျင့်ကြံဖော်... အကြောင်းပြချက်မရှိဘဲ ငါ့ရဲ့ဆိုင်ကို တိုက်ခိုက်တာက ဘာသဘောလဲ...”
“မင်းမှာ အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ကျင့်ကြံမှုရှိရုံနဲ့ သည်လင်ရွှီမြို့ထဲမှာ ရမ်းကားလို့ရပြီလို့ ထင်နေ တာလား...”
သူမှားသွားမှန်း သိနေပုံရသော အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ထိုစကားကို ကြားသောအခါ လျင်မြန်စွာ လက်ကာပြလိုက်လေသည်။
“အထင်လွဲတာပါ... အထင်လွဲသွားတာပါ... ငါက ဒီတိရစ္ဆာန်ကို တိုက်ခိုက်မလို့ ပြင်လိုက်ပေမဲ့ မထင် မှတ်ထားတဲ့ မတော်တဆမှုတစ်ခု ဖြစ်သွားလို့ လွဲသွားတာပါ...”
ဤရှင်းပြချက်ကို ကြားသောအခါ ဆိုင်ရှင်ဖြစ်သူ အင်မော်တယ်ဘုရင်က လုံးဝ မယုံကြည်ကြောင်း သိသာထင်ရှားနေပေသည်။
“မတော်တဆမှု ဟုတ်လား... လွဲသွားတာ ဟုတ်လား... ဟမ့်... မင်းက ငါ့ကို သုံးနှစ်အရွယ် ကလေးလို့ ထင်နေတာလား... အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေပြီးတော့ ကိုယ့်ရဲ့ အင်မော်တယ်နည်းစနစ်ကို တောင် မထိန်းချုပ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား...”
တစ်ဖက်လူက သူ့ကို မယုံကြည်သည်ကို မြင်သောအခါ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုမှာလည်း သူ့ ကိုယ်သူ ပြန်လည် ရှင်းပြနိုင်ခြင်း မရှိတော့ပေ။ သူကိုယ်တိုင်သာ ဤအရာအားလုံးကို မကြုံတွေ့ခဲ့ ရလျှင် သူလည်း ယုံကြည်မည် မဟုတ်ပေ။
သို့သော် သူ၏ အင်မော်တယ်နည်းစနစ်က ရှောင်ယင်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီးနောက် ၎င်း မှာ သူ၏ထိန်းချုပ်မှုအောက်တွင် တကယ်ပင် မရှိတော့ပေ။ ဤထူးဆန်းသော ဖြစ်စဉ်မှာ ယနေ့တိုင် သူ့အတွက် ပဟေဋ္ဌိတစ်ခုအဖြစ် ကျန်ရစ်နေဆဲဖြစ်ပေသည်။
“ကျင့်ကြံဖော်... မင်းငါ့ကို မယုံဘူးဆိုတာ ငါသိပေမဲ့ တကယ့်အခြေအနေက အဲဒီလိုဖြစ်သွားခဲ့တာ ပါ...”
“ကျင့်ကြံဖော်... မင်းကိုယ်တိုင် စမ်းကြည့်ပါလား... ဒီတိရစ္ဆာန်အပေါ်ကို မင်းရဲ့အင်မော်တယ်နည်းစနစ် ထုတ်ဖော်ကြည့်ပြီး ခုနက ငါ့လိုပဲ အလုပ်လုပ်သလားဆိုတာ ကြည့်လိုက်ပါ... ဒီတိရစ္ဆာန်ကို မထိခိုက် စေရုံတင်မကဘဲ သူ့ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီးတဲ့နောက် မင်းရဲ့ အင်မော်တယ်နည်းစနစ်အပေါ် ကို ထိန်းချုပ်နိုင်စွမ်းပါ ပျောက်ဆုံးသွားစေလိမ့်မယ်...”
အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုက လိမ်ညာနေပုံမရသည်ကို မြင်သောအခါ ဆိုင်ရှင်က မျက်မှောင်ကြုတ် သွားပြီး ဘေးမှနေ၍ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ကြည့်နေသော ရှောင်ယင်ထံသို့ သူ၏အကြည့်ကို ပြောင်းလိုက်လေသည်။
ရှောင်ယင်၏ အခြေအနေကို မြင်လိုက်ရသောအခါ ဆိုင်ရှင်ဖြစ်သူ၏ သူငယ်အိမ်များက ချက်ချင်း ကျုံ့ဝင်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သတိထားမိလိုက်ပေသည်။ သူက သူ့ဘာသာ တီးတိုးရေရွတ်နေရင်း သူ၏ မျက်နှာအမူအရာများမှာ အဆက်မပြတ် ပြောင်းလဲနေတော့သည်။
“ဒါက အင်မော်တယ်သားရဲနဲ့ မတူဘူး... ရတနာဝိညာဉ်တစ်ခုနဲ့ ပိုတူနေတယ်...”
“ဒါပေမဲ့ ရတနာဝိညာဉ်တစ်ခုက ဘယ်လိုလုပ် ရုပ်လုံးပုံသဏ္ဍန် ရှိနေရတာလဲ...”
“အဲဒါလည်း မမှန်သေးဘူး... အင်မော်တယ်နည်းစနစ်တွေက သူ့ကို မထိခိုက်စေနိုင်မှတော့ သူ့မှာ ရုပ်လုံးပုံသဏ္ဍန် မရှိသင့်ဘူး...”
“ဒါပေမဲ့ သူ့မှာ ရုပ်လုံးပုံသဏ္ဍန် မရှိဘူးဆိုရင် သူက သိုလှောင်ရေးအိတ်တွေကို ဘယ်လိုလုပ် ချိတ်ဆွဲ ထားနိုင်တာလဲ...”
“ထူးဆန်းတယ်... အရမ်းကို ထူးဆန်းတယ်...”
သူက ရှောင်ယင် လွယ်ထားသော အဝတ်အိတ်ကို သိုလှောင်ရေးအိတ်ဟု အထင်မှားသွားကြောင်း သိသာထင်ရှားနေသည်။ သေချာပေါက် ၎င်းကို သိုလှောင်ရေးအိတ်ဟု ခေါ်ခြင်းကလည်း လုံးဝ မှားယွင်းမည်မဟုတ်ပေ။
အကြောင်းမှာ ၎င်းအဝတ်အိတ်က အသက်ရှင်နေသော လူများကို ထည့်နိုင်သည့်အပြင် ဆေးလုံးများ ကဲ့သို့သော ပစ္စည်းများကိုလည်း ထည့်သွင်းထားနိုင်သောကြောင့် ဖြစ်ချေသည်။
ဆိုင်ရှင်၏ တီးတိုးရေရွတ်သံများကို ကြားသောအခါ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုမှာလည်း အံ့သြ သွားပြီး ရှောင်ယင်အား ပြန်လည် အကဲခတ် စစ်ဆေးလေတော့သည်။ ရိုးရိုးသားသားပြောရလျှင် သူသည် ရှောင်ယင်နှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ ယခုအထိ သူ့အား အင်မော်တယ် အိမ်မွေး တိရစ္ဆာန် တစ်မျိုးဟုသာ ထင်မှတ်ခဲ့ပြီး ရတနာဝိညာဉ် ဖြစ်နိုင်ခြေကို လုံးဝ ထည့်မစဉ်းစားခဲ့မိပေ။
အခြားတစ်ဖက်တွင်မူ ရှောင်ယင်က သူသည် အင်မော်တယ်ဘုရင်များကြားမှ အကြိတ်အနယ် တိုက်ခိုက်မည့် ပွဲကောင်းတစ်ပွဲကို ကြည့်ရမည်ဟု မူလက ထင်မှတ်ထားခဲ့ပေသည်။ အကျိုးဆက်အနေ ဖြင့် သူကြည့်ချင်သော ပွဲမှာ နှောင့်နှေးသွားပြီး ထိုနှစ်ယောက်က သူ့အား အဆက်မပြတ် အကဲခတ် စစ်ဆေး နေကြလေသည်။
အနည်းငယ် မပျော်မရွှင် ဖြစ်သွားသော ရှောင်ယင်က ချက်ချင်းပင် စကားပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက်က သည်မှာ မင်းတို့အဖေကို လာကြည့်နေကြတာလား... စပြီး တိုက်ခိုက်ကြတော့ လေ...”