← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း (၂၇၃) အခုခေတ် အင်မော်တယ်အရှင်တွေက ဒီလောက်တောင် ရဲတင်းနေကြတာလား

ထိုနှစ်ယောက်အား ပြောပြီးနောက် ရှောင်ယင်က သူ၏ အကြည့်ကို ဆိုင်ရှင်ဆီသို့ လှည့်ကာ သူ့အား သီးသန့်စကားပြောလိုက်လေသည်။

“မင်းက သတ္တိကြောင်လိုက်တာ... ကို့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကြီး အဖျက်ဆီးခံလိုက်ရတာတောင် ဘာကြည့် နေသေးတာလဲ... သူ့ကို သွားချတော့လေ...”

ဤစကားကို ကြားသောအခါ ဆိုင်ရှင်ဖြစ်သူ အင်မော်တယ်ဘုရင်မှာ ရှောင်ယင်၏စကားများကြောင့် ဒေါသ မထွက်ဘဲ သူ၏မျက်လုံးများသာ တောက်ပသွားလေတော့သည်။

“ဟားဟား... စိတ်ဝင်စားစရာပဲ... မင်းက တော်တော်လေး ထူးဆန်းတဲ့ ကောင်လေးပဲ သေချာလေ့လာ ရကျိုးနပ်မယ်...”

“ငါ့ဆိုင်ရဲ့ ဆိုင်းဘုတ်ကိစ္စက မင်းတို့ရဲ့ ပဋိပက္ခကြောင့် ဖြစ်ရတာဆိုတော့ မင်းတို့နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်...”

“ဒီအင်မော်တယ်ဘုရင်ဆီက လျော်ကြေးကိစ္စကို နောက်မှ ငါတို့ ဆွေးနွေးကြတာပေါ့...”

“မင်းဆီက လျော်ကြေးအတွက်ကတော့ ငါစောစောကတည်းက စဉ်းစားထားပြီးပြီ... လျော်ကြေး အဖြစ် မင်းကိုယ်မင်း ငါ့ကိုပေးလိုက်ရုံပဲ...”

ထိုသို့ပြောရင်း ဆိုင်ရှင်က ရှောင်ယင်အား ဖမ်းဆီးရန် ဝိညာဉ်ချုပ်နှောင်ကြိုးကို ထုတ်ယူလိုက်လေ သည်။ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို ယခုလေးတင် ပြောခဲ့သောစကားကို သူက မှတ်သားထားလိုက် လေသည်။ တစ်ဖက်လူအား မှော်စွမ်းအင်က မထိခိုက်စေနိုင်သောကြောင် သူ့ကို စမ်းသပ်ရန် မှော်စွမ်း အင်များကို သူ ဆက်သုံးတော့မည် မဟုတ်ပေ။

တစ်ဖက်လူမှာ ရတနာဝိညာဉ်တစ်ခုနှင့် တူနေပုံရသောကြောင့် တစ်ဖက်လူအား ထိန်းချုပ်ရန် သူ၏ လက်ထဲရှိ ဝိညာဉ်ချုပ်နှောင်ကြိုးများကို အသုံးပြုခြင်းက အကောင်းဆုံး ဖြေရှင်းချက်ပင်ဖြစ်လေသည်။ သူက ရှောင်ယင်အား ဝိညာဉ်ချုပ်နှောင်ကြိုးကို ဝှေ့ယမ်းပြကာ ပြုံး၍ ပြောလိုက်လေသည်။

“မင်းက မှော်နည်းစနစ်တွေကို ဘယ်လိုနည်းနဲ့ ခုခံနိုင်စွမ်းရှိသွားလဲဆိုတာ ငါမသိပေမဲ့ ငါ့မှာတော့ မင်းလို ရတနာဝိညာဉ်တွေကို ထိန်းချုပ်နိုင်တဲ့ ရတနာတစ်ခု ရှိနေတယ်...”

“ငါ့ရဲ့ ဝိညာဉ်ချုပ်နှောင်ကြိုးက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေးဟောင်းစိတ် ဝိညာဉ်ကိုတောင် ချုပ်နှောင်ထားနိုင်တယ်... အင်မော်တယ်ဘုရင်တွေရဲ့ ရှေးဟောင်းစိတ်ဝိညာဉ် မရေ မတွက်နိုင်အောင် ဒီကြိုးနဲ့ ချုပ်နှောင်ခံခဲ့ရပြီးပြီ...”

“စစ်မှန်တဲ့ ခွန်အားမရှိတဲ့ မင်းလို အထူးရတနာဝိညာဉ်မျိုးကို ဖြေရှင်းဖို့ ဒါကိုသုံးရတာက အရည်အချင်း ကို အလဟဿ ဖြုန်းတီးပစ်ရာ နည်းနည်းတော့ ကျနေတယ်...”

ဆိုင်ရှင်၏ ရေရွတ်သံများကို နားထောင်ရင်း ရှောင်ယင်က တည်ငြိမ်စွာပင် နေနေသည်။ ဘေးမှ အဖြူ ရောင်ဝတ်ရုံနှင့် အဘိုးအိုကတော့ သူ ကြားဖူးခဲ့သော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင် ဆို သည့် နာမည်တစ်ခုကို သတိရသွားသည့်အလား မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

*ငါ့ရှေ့ကလူက ငါကြားဖူးတဲ့ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင် ဖြစ်ရမယ်...*

တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပြီးနောက် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုက တစ်ဖက်လူနှင့် တိုက်ရိုက် ထိပ်တိုက်မရင်ဆိုင်ဘဲ အလျင်အမြန် အလျှော့ပေးလိုက်မိသည့်အတွက် တိတ်တဆိတ် ဝမ်းသာသွားမိခဲ့လေသည်။

သို့မဟုတ်ပါက တစ်ဖက်လူနှင့်သာ တိုက်ပွဲဖြစ်ပွားခဲ့လျှင် သူသည် ထိခိုက်မှုမရှိဘဲ လွတ်မြောက်နိုင်ရန် အမှန်တကယ်ပင် ယုံကြည်ချက်ရှိမည်မဟုတ်ပေ။

*နောက်မှ သူတို့ကို ကျေနပ်လောက်တဲ့ လျော်ကြေးတစ်ခု ပေးလိုက်ရင် သူတို့ ငါ့ကို ဒုက္ခပေးလောက်မှာ မဟုတ်ဘူး... ဒီတိရစ္ဆာန်လေးကို ချုပ်နှောင်လိုက်ရင် သူတို့ ငါ့ကို ချုပ်နှောင်လို့ မရတော့ဘူးလေ...*

ဤအချိန်တွင် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က သူ၏ မိတ်ဆက်စကားကို အဆုံးသတ် လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။ သူ၏ ယခင် အောင်ပွဲများစွာက သူ့ကို အရေးမယူမီ အဓိပ္ပာယ်မရှိသော စကားများပြောရန် ယုံကြည်မှုများ ပေးစွမ်းနေခဲ့သည်။

စစ်မှန်သော ခွန်အားမရှိသည့် ဤအထူးရတနာဝိညာဉ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်အမင်း သတိထားနေရန် မလိုအပ်ပေ။

ထို့နောက် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က ဝိညာဉ်ချုပ်နှောင်ကြိုးများကို အသက်ဝင်စေ လိုက်ရာ ချက်ချင်းပင် ထွက်ပေါ်လာပြီး ရှောင်ယင်အား ချုပ်နှောင်လိုက်လေတော့သည်။

သို့သော် နောက်ဖြစ်လာသည့်အရာက ယုံကြည်မှုအပြည့်ရှိနေသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော် တယ်ဘုရင်ကို ဆွံ့အသွားစေခဲ့လေသည်။

သူ၏ ဝိညာဉ်ချုပ်နှောင်ကြိုးများက ရှောင်ယင်ထံသို့ ရောက်ရှိလာသောအခါ ယခင်က အဖြူရောင် ဝတ်ရုံနှင့် အင်မော်တယ်ဘုရင်၏ မှော်နည်းစနစ်ကဲ့သို့ပင် သူ့အား တိုက်ရိုက် ဖောက်ထွင်းသွားခဲ့ပြန်လေ သည်။

ထို့အပြင် ချုပ်နှောင်ကြိုးများက ရှောင်ယင်ကို ဖောက်ထွင်းသွားပြီးနောက် ရပ်တန့်မသွားခဲ့ပေ။

ယင်းအစား လျော်ကြေးပေးရေးကိစ္စများကို တိတ်တဆိတ် စဉ်းစားနေသော အဖြူရောင်ဝတ်ရုံနှင့် အင်မော်တယ်ဘုရင်ဆီသို့ ဆက်လက် ပျံသန်းသွားခဲ့လေသည်။

ဤအချိန်တွင် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုမှာ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ မည်သူ မည်ဝါဖြစ်ကြောင်းကို မှတ်မိပြီးနောက် တစ်ဖက်လူ၏ ဂုဏ်သတင်းကြောင့် အံ့သြသွားခဲ့လေသည်။

သူ၏စိတ်ထဲတွင် ပဋိပက္ခကို မည်သို့ဖြေရှင်းပြီး လျော်ကြေးပေးရမည်ကိုသာ အာရုံစိုက်နေသောကြောင့် သူသည် သိပ်ပြီး သတိမထားမိခဲ့ပေ။

ထို့ကြောင့် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ရုတ်တရက် ရောက်လာသော ချုပ်နှောင်ကြိုးများကို တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ အရိုက်ခံလိုက်ရလေတော့သည်။

ဝိညာဉ်ချုပ်နှောင်ကြိုးများက သူ့ရှေ့သို့ ရောက်လာသောအခါ ၎င်းတို့က သူ၏ခန္ဓာကိုယ်ကို မချုပ်နှောင် ခဲ့ပေ။ ယင်းအစား အလင်းတန်းတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့လေတော့သည်။

ထို့နောက် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို၏ ရှေးဟောင်းစိတ်ဝိညာဉ်မှာ တင်းကျပ်စွာ ချုပ်နှောင်ခံလိုက် ရပြီး ချက်ချင်းပင် ခုခံနိုင်စွမ်း ကင်းမဲ့သွားတော့သည်။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရင်း တောင့်တင်းသွားခဲ့လေတော့သည်။

သေချာပေါက် သူသည် ယခုအချိန်တွင် မလှုပ်ရှားနိုင်သော်လည်း သူ၏သတိမှာ ရှိနေဆဲဖြစ်ပြီး သူ၏ ရှေ့ရှိ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ကို မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည့် မျက်လုံး များဖြင့် တည့်တည့် စိုက်ကြည့်နေခဲ့လေသည်။

ထိုအကြည့်က တစ်စုံတစ်ခုကို ပြောနေပုံရပေသည်။

'မင်း... အကောက်ကြံတဲ့ မြေခွေးအိုကြီး... မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့နည်းကို သုံးတယ်ပေါ့ လေ... မင်းက အဲဒီလောက်စွမ်းနေရင် ဘာလို့ သည်လို အောက်တန်းကျတဲ့ နည်းလမ်းကို မသုံးဘဲ မနေ နိုင်ရတာလဲ...'

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်မှာလည်း ဤအချိန်တွင် လုံးဝကို အရှိုက်အထိုးခံလိုက် ရခြင်းဖြစ်လေသည်။ မထင်မှတ်ထားဘဲ သူ၏နာမည်ကြီး မှော်ရတနာဖြစ်သော ဝိညာဉ်ချုပ်နှောင်ကြိုး များက အလုပ်မလုပ်တော့ပေ။

အဘိုးအို၏ မျက်လုံးများထဲတွင် ဖော်ပြနေသော အဓိပ္ပာယ်ကိုလည်း သူ နားလည်လိုက်သည်။

သူက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဘေးမှနေ၍ ရှောင်ယင် စကားပြောလာသည်ကို ကြားလိုက်ရလေ သည်။

“၆၆၆... သူက ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ...”

“အဲဒါကြောင့် သူတို့က အဓိကတာဝန်ရှိသူကို လျစ်လျူရှုပြီး ငါလို အပြစ်ကင်းတဲ့ သားကောင်ကို ပစ်မှတ်ထားခဲ့တာကိုး... သူတို့မှာ တခြားရည်ရွယ်ချက် ရှိနေတာပဲ...”

“အဝေးကနေ တိုက်ခိုက်တာက ဘယ်လောက်တောင် ပြောင်မြောက်တဲ့ လှုပ်ရှားမှုလဲ... ချန်ချန်းတံခါး ကို တိတ်တဆိတ် ဖြတ်ကျော်ဖို့ တံတားကို ပေါ်တင်ပြင်ဆင်တာက ဘယ်လောက်တောင် လိမ္မာပါးနပ်တဲ့ နည်းဗျူဟာလဲ...”

ရှောင်ယင်၏ စကားများကြောင့် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ မျက်နှာမှာ အနည်းငယ် အကျည်းတန်သွားတော့လေသည်။ သူကဲ့သို့ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် သူ၏ ဂုဏ်သတင်းကို အရာအားလုံးထက် တန်ဖိုးထားသောကြောင့် ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု များကို ပြုလုပ်ရန် လုံးဝ ဝန်လေးမည်မဟုတ်ပေ။

“ဟမ့်... ငါလို ကြီးမြတ်တဲ့ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့ နည်းလမ်းကို ဘယ်တော့မှ မသုံးဘူး...”

ဤနေရာတွင် သူက ဝိညာဉ်ချုပ်နှောင်ကြိုးများကို ပြန်လည်ရုပ်သိမ်းရန် သူ၏အင်မော်တယ်စွမ်းအားကို အလျင်အမြန် သက်ဝင်စေလိုက်လေသည်။ သို့သော် သူက ကြိုးများနှင့် မည်မျှပင် ဆက်သွယ်ရန် ကြိုး စားစေကာမူ ကြိုးများထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့သဖြင့် သူမှာ အရှိုက်တီးခံလိုက်ရတော့ သည်။

အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုက ယခင်က ရှောင်ယင်သည် မှော်စွမ်းအင်များကို ခုခံနိုင်စွမ်းရှိကြောင်း ပြောခဲ့ဖူးပြီး ဝိညာဉ်ချုပ်နှောင်ကြိုးများကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများကတော့ အလုပ်လုပ်နိုင်မည်ဟု သူ ထင်ခဲ့လေသည်။

ယခု ပြန်ကြည့်သောအခါ

*ငါက အထင်ကြီးလွန်းသွားတာ ဖြစ်ပုံရတယ်... ငါ့ရှေ့က ဒီရတနာဝိညာဉ်က ရုပ်ဝတ္ထုပိုင်းရော မှော်နည်းစနစ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုပါ ခုခံနိုင်စွမ်းရှိပုံရတယ်... ဒါက လုံးဝကို ကျိုးကြောင်း ဆီလျော်မှု မရှိဘူး...*

*ဒါပေမဲ့ အခု ငါဘာလုပ်ရမလဲ...*

ဤမေးခွန်းကို စဉ်းစားပြီးနောက် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က အကြံတစ်ခုရလာကာ ဆက်ပြောလိုက်လေသည်။

“အဟမ်း... ငါဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့နည်းကို ဘယ်တော့မှ မသုံးဘူး... ဒါပေမဲ့ ငါ့ရှေ့က ဒီလူက လူလို့ခေါ်ဖို့တောင် မတန်ဘူး...”

“အကြောင်းပြချက်မရှိဘဲ ငါ့ဆိုင်ဆိုင်းဘုတ်ကို ဖျက်ဆီးတာက တစ်ကဏ္ဍ အဲဒါက အသေးအမွှားကိစ္စ ပါ...”

“ဒါပေမဲ့ လူသားတွေက မင်းလို ချစ်စရာကောင်းတဲ့ ရတနာဝိညာဉ်လေးကို ရိုင်းရိုင်းစိုင်းစိုင်း မပြောနိုင် ဘူး... ဒါမှမဟုတ် အနည်းဆုံးတော့ မပြောသင့်ဘူးလေ...”

“ငါ့ဘဝမှာ မင်းလို ရတနာဝိညာဉ်တွေကို အချစ်ဆုံးပဲ ဒါပေမဲ့ ဒီလူက မင်းကို တိရစ္ဆာန်လို့ ခဏခဏ ခေါ်နေတယ်... သူက တကယ်ကို ငါ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီ... သူ့ကို ချုပ်နှောင်လိုက် တာက သက်ညှာလွန်းရာတောင် ကျနေသေးတယ်...”

“ကောင်လေး... သူက အခု ငါ့ရဲ့ ဝိညာဉ်ချုပ်နှောင်ကြိုးတွေနဲ့ ချုပ်နှောင်ခံထားရပြီ... မင်း သူ့ကို ကြိုက် သလို လုပ်လို့ရပြီ...”

“မင်း သူ့ကို ဖြေရှင်းပြီးသွားရင် ငါ့ကို ဝိညာဉ်ချုပ်နှောင်ကြိုးတွေ ပြန်ပေးလိုက်ရုံပဲ...”

ရှောင်ယင်မှာ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ စကားများကြောင့် အနည်းငယ် ရှုပ်ထွေး သွားရလေသည်။ တစ်ဖက်လူ၏ သဘောထား ပြောင်းလဲမှုက အလွန်မြန်ဆန်လွန်းလှသဖြင့် ကျောရိုး ပင် အောင့်သွားလုနီးပါး ဖြစ်သွားရလေသည်။

ခဏတာမျှ ဘာကိုဆိုလိုသနည်းဟု နားမလည်နိုင်ဖြစ်ကာ ကြောင်အသွားခဲ့သည်။

ဘေးတွင် မလှုပ်မယှက် ရပ်နေသော အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုကတော့ ဘာတွေဖြစ်နေသည်ကို နားလည်သွားပေသည်။ တစ်ဖက်လူ၏ ဝိညာဉ်ချုပ်နှောင်ကြိုးများကလည်း ယခင်က သူထုတ်ဖော်ခဲ့ သော မှော်နည်းစနစ်များကဲ့သို့ပင် ထိန်းချုပ်မှု ကင်းမဲ့သွားကြောင်း သိသာထင်ရှားလှပေသည်။

သူ၏ ဝိညာဉ်ချုပ်နှောင်ကြိုးများကို ပြန်လည်ရရှိရန်အလို့ငှာ သူ၏ရှေ့ရှိ ရတနာဝိညာဉ်ကို အကူညီပေး ရန် သဘောထား ပြောင်းလဲသွားခြင်းပင်ဖြစ်လေသည်။

အနီးအနားတွင် တိတ်တဆိတ် စောင့်ကြည့်နေသော လင်းဖန်ကလည်း ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော် တယ်ဘုရင် ဘာကိုဆိုလိုကြောင်း နားလည်သွားခဲ့လေသည်။

လုံးဝကို ကြောင်အသွားသည့် ရှောင်ယင်၏ မျက်နှာအမူအရာကို မြင်သောအခါ လင်းဖန်က သက်ပြင်း ချလိုက်ပြီး သူဝင်ပါကာ ရှုပ်ပွနေသည်များကို ရှင်းလင်းရမည့်အချိန် ရောက်လာပြီဖြစ်ကြောင်း သိလိုက် လေသည်။

သေချာပေါက် သူ ကျိန်တွယ်ရဲသည်။

သူက ရှောင်ယင်၏ အရာရာကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းကို လေ့ကျင့်ပေးလိုသောကြောင့် ယခင်က ထွက်မလာခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တွင် အင်မော်တယ်ဘုရင် နှစ်ပါးရှိနေသည်ကို မြင်၍ ကြောက်သွား သောကြောင့်တော့ လုံးဝမဟုတ်ပေ။

ထို့အပြင် ယခု သူထွက်လာရသည့် အကြောင်းရင်းမှာ ရှောင်ယင် ကြောင်အသွားသည်ကို မြင်သော ကြောင့်ဖြစ်လေသည်။ အင်မော်တယ်ဘုရင်နှစ်ပါးအနက် တစ်ပါးမှာ ခုခံနိုင်စွမ်း ကင်းမဲ့သွားပြီး အခြား တစ်ပါးမှာ သူ၏ နာမည်ကြီး မှော်ရတနာကို ဆုံးရှုံးသွားသည်ကို မြင်သောကြောင့် သူထွက်လာရဲခြင်း လည်းလုံးဝ မဟုတ်ပေ။

“အဟမ်း... မင်းတို့နှစ်ယောက်က ငါ့ရဲ့ရှောင်ယင်မှာ နောက်ခံမရှိဘူးထင်လို့ လမ်းမပေါ်မှာ လာပြီး အနိုင်ကျင့်နေကြတာလား...”

“မင်းတို့က ငါ့ရဲ့ရှောင်ယင်လေးကို အနိုင်ကျင့်ရဲတယ်ပေါ့လေ... သူ့သခင်ဖြစ်တဲ့ ဒီဟင်းလင်းပြင် ကုန်သည် က သဘောတူရဲ့လားလို့ မင်းတို့ မေးပြီးပြီလား...”

ထိုသို့ပြောရင်း သူက အင်မော်တယ်အရှင်တစ်ပါး၏ စွမ်းအားနှင့် အရှိန်အဝါ အပြည့်အဝကို ထုတ်လွှတ် ကာ အင်မော်တယ်ဘုရင် နှစ်ပါးအပေါ်သို့ ဖိနှိပ်လိုက်လေသည်။

ရုတ်တရက် ထွက်ပေါ်လာပြီး အင်မော်တယ်အရှင်တစ်ပါး၏ ကျင့်ကြံမှုကို အသုံးပြုကာ အင်မော်တယ် ဘုရင် နှစ်ပါးအပေါ်သို့ ဖိနှိပ်လာသော လင်းဖန်ကို သူတို့က ကြည့်လိုက်ကြလေသည်။ ယခုအခါတွင် အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုနှင့် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်တို့၏ အလှည့် ရောက်လာ ခဲ့ပြီဖြစ်ချေသည်။

*ဘာတွေဖြစ်နေတာလဲ... အခုခေတ် အင်မော်တယ်အရှင်တွေက ဒီလောက်တောင် ရဲတင်းနေကြတာ လား...*

All Chapters