အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း (၂၇၉) - သေခြင်းရှင်ခြင်းစာအုပ်လား... ဒီနာမည်ကို မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး
ထိုသို့ ပြောဆိုရင်း လင်းဖန်သည် ကျိုးကျသွားသော သစ်ကိုင်းကို အလျင်အမြန် ကောက်ယူကာ နဂိုမူလနေရာတွင် ပြန်လည်ထားရှိလိုက်လေသည်။
သူသည် ကမ္ဘာဦးသစ်ပင်အနေဖြင့် ကျိုးသွားသော သစ်ကိုင်းကို ပြန်လည်ဆက်သွားနိုင်မည်ဟု မျှော်လင့်နေပုံရပေသည်။ သို့သော်လည်း ထိုအချိန်တွင် ကမ္ဘာဦးသစ်ပင်သည် တုန်ခါနေခြင်းကို ရပ်တန့်သွားခဲ့လေသည်။
သို့သော် ၎င်းသည် လင်းဖန် ပြန်ပေးသည့် သစ်ကိုင်းကို လက်ခံရန် အစီအစဉ်မရှိပေ။ လင်းဖန်သည် ယခု အခါ အမှန်တကယ်ပင် ထိတ်လန့်သွားရလေသည်။ လူများကို ကျွန်ပြုနိုင်မည့် ရတနာများနှင့် နှိုင်းယှဉ် လျှင် သူသည် ကမ္ဘာဦးသစ်ပင်ကို ပို၍ တန်ဖိုးထားပေသည်။ ကမ္ဘာဦးသစ်ပင်သာ ကြီးထွားလာပါက ကျွန်ပြုသည့် ရတနာများထက် များစွာ ပိုမိုအသုံးဝင်မည် မဟုတ်ပါလော။ အကယ်၍ ဤကိစ္စကြောင့် ကမ္ဘာဦးသစ်ပင်သာ ထိခိုက်ပျက်စီးသွားပါက သူသည် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ကျိုးသွားသော သစ်ကိုင်းကို ပြန်ဆက်၍မရသည်ကို မြင်သောအခါ လင်းဖန်သည် စိတ်ကူးတစ်ခု ရသွား ပြီး သူ၏ စနစ်ဟင်းလင်းပြင်အတွင်းမှ (၅၀၂) ကော်ဘူးကို ထုတ်ယူလိုက်လေသည်။
“သစ်ပင်လေး... မစိုးရိမ်နဲ့နော်... ငါ မင်းရဲ့ သစ်ကိုင်းကို ကော်နဲ့ ပြန်ကပ်ပေးပါ့မယ်... မင်းကိုယ်မင်း ထပ်ပြီး နာကျင်အောင် မလုပ်ပါနဲ့တော့...”
လင်းဖန် စတင်လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ အသံမှာ သူ၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ် ခဲ့လာပြန်လေသည်။
စနစ် : [အား... ကမ္ဘာဦးသစ်ပင်ကတော့ ပိုင်ရှင့် နောက်ကို လိုက်မိတာနဲ့တင် တကယ်ကို ဒုက္ခရောက် တော့တာပဲ...]
စနစ် : [ဘာလို့ ဒါကို ပြန်ကပ်ဖို့ ကြိုးစားနေတာလဲ... ဒါက ပိုင်ရှင်အလိုရှိနေတဲ့ ရတနာပဲလေ...]
စနစ်၏ စကားကြောင့် လင်းဖန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။
“ဟမ်... ဘာကို ဆိုလိုတာလဲ... ဒီသစ်ရွက်တွေ ပါတဲ့ သစ်ကိုင်းကို သေခြင်းရှင်ခြင်းစာအုပ် ဒါမှမဟုတ် နတ်ဘုရားခန့်အပ်ခြင်းစာရင်းနဲ့ လဲလို့ရတယ်လို့ ပြောတာလား...”
စနစ် : [အဲဒီလို အဆင့်အတန်းမြင့်တဲ့ ရတနာနဲ့ လဲလှယ်ဖို့ဆိုတာကိုတော့ မေ့လိုက်ပါတော့... ကမ္ဘာဦး သစ်ပင်ရဲ့ သစ်ကိုင်းကို သုံးပြီးတော့ အဲဒီရတနာရဲ့ ပုံတူတစ်ခုကို ပိုင်ရှင့်ကိုယ်တိုင် သန့်စင်လိုက်ရုံပဲ လေ...]
ထိုစကားကို ကြားရသောအခါ လင်းဖန်သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားတော့သည်။
“သစ်ပင်လေး... မင်းက တကယ်ကို လိမ္မာတာပဲ... ငါ မင်းကို မကောင်းမကန်း မဆက်ဆံပါဘူး... မင်းကို ဝေဝေဆာဆာ ဖြစ်လာအောင် ငါ သေချာ ဂရုစိုက်ပျိုးထောင်ပေးပါ့မယ်...”
“မင်းရဲ့ ကျိုးသွားတဲ့ သစ်ကိုင်းတွေ ပြန်မပေါက်မချင်း ငါ မင်းဆီက ဘာမှ ထပ်ပြီး ဆွဲမနှုတ်တော့ဘူး နော်...”
ကမ္ဘာဦးသစ်ပင်ကို ချော့မော့ပြီးနောက် လင်းဖန်သည် ရတနာကို ဖန်တီးရန် အလျင်အမြန် သွားလေ သည်။ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို၏ ဘေးတွင် လင်းဖန်သည် သူ၏လက်ထဲရှိ သစ်ကိုင်းနှင့် သစ်ရွက် ကိုးရွက်ကို စိုက်ကြည့်ရင်း မည်သို့ စတင်ရမည်ကို ဝေခွဲမရ ဖြစ်နေခဲ့လေသည်။
သစ်ကိုင်းတစ်ကိုင်းနှင့် သစ်ရွက်ကိုးရွက်... ဤကိန်းဂဏန်းနှစ်ခုမှာ အတော်ပင် ထူးခြားလှပေသည်။ ကမ္ဘာဦးသစ်ပင်သည် ဤကိုးရွက်ပါသော သစ်ကိုင်းကို တမင်တကာ ချိုးဖဲ့ပေးခဲ့ခြင်းမှာ တစ်စုံတစ်ခု သော အကြောင်းပြချက် ရှိရပေမည်။
အကယ်၍ ထိုသို့သာဆိုလျှင် နောက်ထပ် ပေါင်းစပ်ဖန်တီးမှု ဖြစ်စဉ်တွင် အခြားအရာများကို ထပ်မဖြည့် စွက်ဘဲ ဤအရာကိုသာ တိုက်ရိုက် အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးတောပြီးနောက် လင်းဖန်သည် မီးဖိုကို လေးနက်စွာ ဖွင့်လိုက်ပြီး သစ်ကိုင်းကို အတွင်းသို့ ညင်သာစွာ ထည့်လိုက်လေ၏။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် လင်းဖန်သည် ပေါင်းစပ်ဖန်တီးမှု ဖြစ်စဉ်ကို ချက်ချင်း စတင်လိုက်တော့သည်။
ဤသည်မှာ လင်းဖန်အတွက် အလေးအနက်ဆုံး ကြိုးပမ်းမှုတစ်ခုပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အသုံးပြုသည့် ပစ္စည်းများမှာ အလွန်တန်ဖိုးကြီးလှသဖြင့် အမှားအယွင်း အဖြစ်မခံနိုင်သောကြောင့် ဖြစ်ချေသည်။
လင်းဖန်၏ ဂရုတစိုက် ထိန်းချုပ်မှုအောက်တွင် သစ်ကိုင်းပေါ်ရှိ သစ်ရွက်ကိုးရွက်မှေ တစ်ရွက်ချင်းစီ ကြွေကျသွားပြီး တစ်စုတစ်ဝေးတည်း စုပုံသွားခဲ့လေသည်။ အချိန်အတန်ကြာပြီးနောက် လင်းဖန်၏ သန့်စင်မှု အောက်တွင် ထိုသစ်ရွက်ကိုးရွက်မှာ အောက်ခြေမှစ၍ တစ်ခုနှင့်တစ်ခု လုံးဝ ကပ်ငြိသွား လေတော့သည်။
ယခုအခါ ၎င်း၏ ပုံစံမှာ သစ်ရွက်ကိုးရွက်ဖြင့် တွဲစပ်ထားသော ကိုးမျက်နှာပါသည့် စာအုပ်တစ်အုပ်နှင့် တူနေတော့ပေ၏။
ထိုသို့ ပြုလုပ်ပြီးနောက် လင်းဖန်သည် အရွက်မရှိတော့သော သစ်ကိုင်းဆီသို့ အာရုံပြောင်းလိုက်လေ သည်။ နောက်ထပ် ပေါင်းစပ်ဖန်တီးမှု တစ်ခုအပြီးတွင် ထိုသစ်ကိုင်းမှာ နောက်ဆုံး၌ စုတ်တံတစ်ချောင်း အသွင်သို့ ပြောင်းလဲသွားလေသည်။ အပြင်ပန်း ပုံသဏ္ဌာန် ပြီးမြောက်သွားသည်နှင့် ရှည်လျားလှသော ပေါင်းစပ်ဖန်တီးမှု ဖြစ်စဉ်ကြီး စတင်လေတော့သည်။
ပေါင်းစပ်ဖန်တီးနေစဉ်အတွင်း လင်းဖန်သည် သူရရှိလိုသော စွမ်းရည်များကို အစဉ်မပြတ် စိတ်ကူးပုံ ဖော်နေမိတော့လေ၏။ မီးဖိုအတွင်းရှိ ရတနာမှာ လင်းဖန်၏ လိုအပ်ချက်များအတိုင်း တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့လေသည်။ ကိုးနာရီခန့် ကြာပြီးနောက် လင်းဖန်၏ စိတ်လှုပ်ရှားမှုများနှင့်အတူ မီးဖိုဆီမှ “ဒင်” ခနဲ မြည်သံ ထွက်ပေါ်လာခဲ့လေတော့သည်။
“နောက်ဆုံးတော့ သန့်စင်လို့ ပြီးသွားပြီပဲ... ငါ သန့်စင်လိုက်တဲ့ ရတနာက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ရတာပဲ...”
ဆုတောင်းတစ်ခု ပြုလုပ်ပြီးနောက် လင်းဖန်သည် ရတနာနှင့် ပတ်သက်သော အချက်အလက်များကို စစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။
စနစ် : [ပိုင်ရှင်... စစ်ဆေးလိုတဲ့ အချက်အလက်တွေအတွက် အင်မော်တယ် ကျောက်တုံး ဘယ်လောက် အသုံးပြုမလဲဆိုတာ ကျေးဇူးပြုပြီး ရွေးချယ်ပေးပါ...]
စနစ်၏ အသိပေးချက်က ရုတ်တရက် ထွက်ပေါ်လာသဖြင့် လင်းဖန် လန့်သွားရသည်။ ဟုတ်ပေသည်... စစ်ဆေးခြင်းလုပ်ဆောင်ချက်၏ ကုန်ကျစရိတ်မှာ စစ်ဆေးမည့်ပစ္စည်း၏ အဆင့်အတန်းအပေါ် မူတည် နေပေသည်။ ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းနှင့် သစ်ရွက်များဖြင့် ဖန်တီးထားသော ဤရတနာ၏ အချက် အလက်များကို အပြည့်အဝ သိရှိနိုင်ရန်အတွက် အင်မော်တယ် ကျောက်တုံး အမြောက်အမြား လိုအပ် ပေလိမ့်မည်။
သူ့တွင် ထိုမျှလောက်သော အင်မော်တယ် ကျောက်တုံးများ ရှိမည်မဟုတ်ပေ။ စနစ်၏ မေးမြန်းမှုကပင် ဤအချက်ကို သက်သေပြနေခဲ့ပေ၏။ သို့မဟုတ်ပါက စနစ်သည် မေးမြန်းနေမည် မဟုတ်ဘဲ အချက် အလက်များကို တိုက်ရိုက် ပြသပေးမည် ဖြစ်သည်။
“အင်း... ထားလိုက်ပါတော့... ငါ့ဘာသာငါပဲ နားလည်အောင် ကြိုးစားကြည့်တော့မယ်...”
စနစ် : [ ... ကျွန်တော်လည်း မလိုအပ်တာတွေ မေးမိသွားတယ်... ပိုက်ဆံ မတောင်းခင် အချက်အလက် အချို့ကို အရင် ပြပေးသင့်တာ...]
စနစ် : [ပိုင်ရှင်... အနည်းဆုံးတော့ ဒီရတနာရဲ့ အမည် ဒါမှမဟုတ် အသုံးပြုပုံကိုတော့ ရှာကြည့်သင့်တယ် မဟုတ်ဘူးလား...]
ထိုစကားကို ကြားသောအခါ လင်းဖန်သည် ခေါင်းခါယမ်းလိုက်လေ၏။
“ဟဲဟဲ... နာမည်ဆိုတာ အခေါ်အဝေါ် တစ်ခုပါပဲ... ဒါက ငါ့ရဲ့ ရတနာဆိုတော့ ငါပဲ နာမည်ပေးလိုက် မယ်လေ...”
“အင်း... ဒါက မှတ်စုစာအုပ်လေးရော စုတ်တံလေးရော ပါဝင်နေတာဆိုတော့... သေခြင်းရှင်ခြင်း စာအုပ်နဲ့ တရားသူကြီးစုတ်တံ လို့ပဲ အမည်ပေးလိုက်ရအောင်...”
လင်းဖန် ပြောပြီးသည်နှင့် စနစ်က ချက်ချင်း ကန့်ကွက်တော့သည်။
စနစ် : [ပိုင်ရှင်... နည်းနည်းတော့ ရှက်ပါဦး... ဒါက ခင်ဗျားဘာသာ ရွေးချယ်တဲ့ နာမည် ဟုတ်လို့လား... ကျွန်တော့်ကို လိမ်ဖို့ ကြိုးစားနေတာကို ရပ်လို့ရမလား...]
“ဒါကို ဘယ်လိုလုပ် လိမ်တယ်လို့ ပြောလို့ရမှာလဲ... နာမည်ဆိုတာ သင်္ကေတတစ်ခုပဲလို့ ငါ ပြောပြီးသား လေ...”
“ကျန်းစန်း ဆိုတဲ့ နာမည်လိုပေါ့... မင်းကိုလည်း ကျန်းစန်းလို့ ခေါ်လို့ရသလို ငါ့ကိုလည်း ကျန်းစန်းလို့ ခေါ်လို့ရတာပဲ...”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် စနစ်သည် လင်းဖန် ရွေးချယ်ထားသော အမည်ကို သဘောတူနိုင် ခြင်းမရှိသေးပေ။
စနစ် : [ပိုင်ရှင်... အမှန်အတိုင်း ပြောရရင် နာမည်ကို ပြောင်းလိုက်ပါ... ဒီနာမည်က မသင့်တော်ပါဘူး...]
စနစ် : [ဒီနေရာက ရေက အရမ်းနက်တယ်... ပိုင်ရှင် ဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး...]
ထိုစကားကို ကြားရသောအခါ လင်းဖန်သည် မကျေမနပ် ဖြစ်သွားခဲ့လေ၏။
*တောင့်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာက ဘာကို ဆိုလိုတာလဲ…*
“မဟုတ်ဘူးလေ... ဘာက အဲဒီလောက် အရေးကြီးနေလို့လဲ... အရင်ကလည်း နတ်ဘုရားသတ်နှင်တံတို့ မိုးကောင်းကင် ပျံဝဲဝတ်ရုံတို့လို မှော်လက်နက်တွေကို ငါ ဖန်တီးခဲ့တာပဲ မဟုတ်ဘူးလား...”
စနစ်သည် လင်းဖန်၏ ရှင်းပြချက်ကို လေးနက်ပြီး အက်ကွဲသော အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်လေ သည်။
စနစ် : [ပိုင်ရှင်... အဲဒါတွေက မှော်လက်နက်တွေလို့ ပိုင်ရှင်ကိုယ်တိုင် ပြောခဲ့တာလေ... အဲဒီလို အဆင့် နိမ့်တဲ့ အရာတွေအတွက်တော့ ပြဿနာ မရှိပါဘူး...]
စနစ် : [ဒါပေမဲ့ အခု ပိုင်ရှင့်လက်ထဲမှာ ရှိနေတဲ့ အရာက အဲဒီလို မဟုတ်ဘူး... ဒါက အင်မော်တယ်တွေနဲ့ ပတ်သက်နေတာပါ...]
စနစ် : [ဒါ့အပြင် ပိုင်ရှင်ဖန်တီးလိုက်တဲ့ ရတနာရဲ့ အဆင့်အတန်းက ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုနဲ့တောင် ယှဉ်လို့ရနေပြီ...]
စနစ် : [ဒီလို အဆင့်အတန်းမြင့်တဲ့ ရတနာတွေက ပုံစံတူ ပေါ်ထွက်လာတဲ့အခါ ရတနာအချင်းချင်း ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားတတ်တယ်...]
စနစ် : [ပိုင်ရှင့်ရဲ့ ရတနာက သေခြင်းရှင်ခြင်းစာအုပ် တရားသူကြီးစုတ်တံတွေနဲ့ အပြင်ပန်း ပုံသဏ္ဌာန်ပဲ ဆင်တူတာ... လုပ်ဆောင်ချက်ချင်း မတူလို့ တော်သေးတာပေါ့...]
စနစ် :[ ဒါပေမဲ့ ပိုင်ရှင်က အဲဒီနာမည်ကိုပဲ ပေးလိုက်မယ်ဆိုရင်တော့ မလိုအပ်တဲ့ အငြင်းပွားမှုတွေ ကြား ထဲမှာ ပိုင်ရှင် ပိတ်မိသွားလိမ့်မယ်...]
လင်းဖန်သည် စနစ်၏ ရှည်လျားလှသော ရှင်းပြချက်ကို နားထောင်ပြီးနောက် အတွေးထဲ နစ်ဝင်သွား လေတော့သည်။ ခဏအကြာတွင် လင်းဖန်သည် ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“မင်းကတော့လေ... ဆိုလိုတာက ငါဖန်တီးလိုက်တဲ့ ဒီရတနာ အစုံလိုက်က ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို ထက် အဆင့်မနိမ့်ဘူးလို့ ပြောတာလား... ငါ့ရဲ့ လက်နက်ဖန်တီးနိုင်စွမ်းက မြည်းသူတော်စင်ရဲ့ အဆင့်ကို ရောက်သွားပြီပေါ့ ဟုတ်လား...”
[...]
လင်းဖန်၏ စကားကြောင့် စနစ်မှာ ခဏတာ ဆွံ့အသွားပြီး ချက်ချင်း ပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။
စနစ် : [မဟုတ်ဘူးလေ ပိုင်ရှင်... ကျွန်တော် အခုနက ပြောတာတွေကိုရော နားထောင်နေရဲ့လား... ကျွန်တော့်ရဲ့ အဓိက ဆိုလိုရင်းက ပိုင်ရှင့်ရဲ့ လက်နက်ဖန်တီးနိုင်စွမ်း အကြောင်း မဟုတ်ဘူးလေ...]
စနစ် : [ကျွန်တော့်ရဲ့ အဓိက ဆိုလိုရင်းက ပိုင်ရှင်ပေးလိုက်တဲ့ နာမည်အကြောင်းပါ...]
“အေးပါ... အေးပါ... နာမည်ကို ပြောင်းလိုက်ပါ့မယ်...”
“ဒါပေမဲ့ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးနော်... ငါက ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထက် မနိမ့်တဲ့ ရတနာတွေကို ဖန်တီးနိုင်ပြီဆိုမှတော့ ဒီမီးဖိုကို မြည်းသူတော်စင်က လုပ်ခဲ့တာဆိုရင်... ငါ့ရဲ့ ဖန်တီး နိုင်စွမ်းကလည်း မသိမသာနဲ့ သူတော်စင် အဆင့်ကို ရောက်သွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား...”
“ငါ့ကို သူတော်စင် တစ်ပါးအနေနဲ့ ဘယ်လိုဘွဲ့အမည် ပေးရင် ကောင်းမလဲ...”
“ငါ အမြဲတမ်း ကြော်ငြာနေတဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက ဟင်းလင်းပြင် ကုန်သည် ဆိုတော့... ဟင်းလင်းပြင်သူတော်စင် လို့ ခေါ်ရင်ရော ဘယ်လိုနေမလဲ...”
“အင်း... မဟုတ်သေးဘူး... ဟင်းလင်းပြင်သူတော်စင် ဆိုတာက နားထောင်လို့ သိပ်မကောင်းဘူး... ဗလာသူတော်စင် လို့ ခေါ်ရင်ရော...”
“ဒါမှမဟုတ် ငါ့နာမည်ထဲက စာလုံးတစ်လုံးကို ယူပြီး... လင်းသူတော်စင်၊ ဖန်သူတော်စင် လို့ ပေးရ မလား...”