← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) နတ်ဘုရားချုပ်နှောင်ရာစာအုပ်နှင့် နတ်ဘုရားချုပ်နှောင်ရာစုတ်တံ

လင်းဖန်၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ပေးလိုက်သော သူတော်စင်ဘွဲ့အမည်ကို ကြားရသော အခါ စနစ်မှာ ဆွံ့အသွားရလေတော့သည်။

စနစ် : [ပိုင်ရှင်... ခင်ဗျား အတော်လေးကို အတွေးလွန်နေတာပဲ... ခင်ဗျားရဲ့ လက်နက်ဖန်တီးနိုင်စွမ်းက ဒဏ္ဍာရီလာ မြည်းသူတော်စင်ရဲ့ အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်...]

စနစ် : [ခဏလေး... ခင်ဗျားမှာ လက်နက်ဖန်တီးတဲ့ ပညာရပ်ရော ရှိလို့လား... ခင်ဗျားက ဆေးမီးဖိုကိုပဲ အားကိုးပြီး လုပ်နေတာ မဟုတ်ဘူးလား...]

စနစ်၏ ဒုတိယမြောက် မေးခွန်းကြောင့် လင်းဖန်၏ မျက်နှာပေါ်မှ အပြုံးများမှာ ခဲသွားရသည်။ သူသည် စနစ်၏ မေးခွန်းကို လျစ်လျူရှုကာ ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။

“မဟုတ်ဘူးလေ... ငါက ဆေးမီးဖိုနဲ့ အဆင့်တူတဲ့ ရတနာကို ဖန်တီးခဲ့တာပဲကို... အဲဒါကို သူတော်စင်လို့ ခေါ်လို့ မရဘူးလား...”

“ငါ ဒါကို ဘယ်လို ဖန်တီးသလဲဆိုတာကို ဂရုမစိုက်နဲ့လေ... ဒီရတနာရဲ့ အရည်အသွေးကတော့ ငြင်းလို့ မရတဲ့ အချက်ပဲ မဟုတ်လား...”

စနစ် : [ပိုင်ရှင်... အမှန်အတိုင်း ပြောရရင် ဒီကမ္ဘာဦးသစ်ပင်က ဘယ်လို အဆင့်အတန်းရှိတဲ့ အရာမျိုးလဲ ဆိုတာ သိရဲ့လား...]

စနစ် : [သူပေးတဲ့ သစ်ရွက်ကိုးရွက်ပါတဲ့ သစ်ကိုင်းက ဘာမှ မလုပ်ရသေးခင်မှာတောင် ဆေးမီးဖိုနဲ့ တန်ဖိုးချင်း မတိမ်းမယိမ်း ရှိပြီးသားပဲ...]

စနစ် : [ဒီလို အဖိုးတန်တဲ့ ပစ္စည်းကို မြည်းသူတော်စင် ဆေးမီးဖိုထဲ ထည့်ပြီး အလိုအလျောက် ပေါင်းစပ် ခိုင်းလိုက်တာပဲလေ... ဒီနေရာမှာ ခွေးတစ်ကောင်ကို ချည်ထားပြီး စောင့်ခိုင်းထားရင်တောင် ရလာမယ့် ရလဒ်က အတော်လေး ကောင်းနေမှာပဲ...]

“မင်းကတော့လေ...”

လင်းဖန်သည် စနစ်၏ အမှန်တရားကို တည့်တည့်ပြောဆိုလိုက်မှုကြောင့် အံ့အားသင့်သွားရတော့သည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း သူ ပြောသည်မှာ မှန်ကန်နေပေသည်။ သူတော်စင်အဆင့်သို့ ရောက်ရန်မှာ လိုအပ်ချက်များစွာ ရှိနေသေးပြီး ဆက်လက် ကြိုးပမ်းရန် လိုအပ်သည်ဟု သူ ခံစား လိုက်ရလေသည်။

“ဟင်း... ထားလိုက်ပါတော့... ဆေးသန့်စင်တာနဲ့ လက်နက်ဖန်တီးတာနဲ့ သူတော်စင်ဖြစ်တဲ့ လမ်းစဉ်က တခြားသူတွေ လျှောက်ပြီးသားပဲ... ငါကတော့ သူများနောက်ကို မလိုက်ချင်ဘူး...”

“နောင်ကျရင် ငါက ကုန်သည်လမ်းစဉ်ကိုပဲ လျှောက်လှမ်းတော့မယ်... အင်မော်တယ်ဘုံမှာ အရင်က စီးပွားရေးလုပ်ပြီး သူတော်စင်ဖြစ်တဲ့သူ မရှိခဲ့ဘူးဆိုရင်တောင် အနာဂတ်မှာတော့ ရှိလာတော့မှာပဲ...”

လင်းဖန်သည် သူ၏ စွမ်းအားကို နောက်ဆုံး၌ နားလည်သွားသည်ကို မြင်သောအခါ စနစ်သည် ထို အကြောင်းအရာကို ဆက်မပြောတော့ဘဲ ရတနာ၏ အမည်ဆီသို့သာ စကားလမ်းကြောင်း ပြန်လှည့် လိုက်လေသည်။

စနစ် : [ပိုင်ရှင်... နာမည်တစ်ခုခု ဆုံးဖြတ်ပြီးပြီလား... ကျေးဇူးပြုပြီး သေခြင်းရှင်ခြင်းစာအုပ် ဒါမှ မဟုတ် နတ်ဘုရားခန့်အပ်ခြင်းစာရင်းလိုမျိုး နာမည်တွေတော့ ပေးဖို့ မစဉ်းစားပါနဲ့ဦး...]

ထိုစကားကို ကြားသောအခါ လင်းဖန်သည် ခဏတာ တွေးတောလိုက်ပြီးနောက် စိတ်ကူးတစ်ခု ရသွား ခဲ့လေသည်။

“ငါ ဆုံးဖြတ်လိုက်ပြီ... ဒါကို နတ်ဘုရားချုပ်နှောင်ရာစာအုပ် နဲ့ နတ်ဘုရားချုပ်နှောင်ရာစုတ်တံ လို့ပဲ ခေါ် တော့မယ်...”

စနစ် : [အင်း... နာမည်ပေးတဲ့နေရာမှာတော့ ပိုင်ရှင်က တကယ်ကို အားနည်းတာပဲ...]

စနစ် : [ဒါလည်း အဆင်ပြေပါတယ်... ဒီလိုပဲ ခေါ်ကြတာပေါ့... ရတနာရဲ့ လုပ်ဆောင်ချက်အချို့နဲ့လည်း ကိုက်ညီမှု ရှိတာပဲလေ...]

စနစ်၏ မသိမသာ ပြောလိုက်သော စကားကြောင့် လင်းဖန် စတင် စဉ်းစားမိသွားသည်။

*ဒါက အချို့ လုပ်ဆောင်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလား… အင်မော်တယ်တွေကို ဘွဲ့နှင်းသဘင် အပ်နှင်းတာနဲ့ ဆက်စပ်နေတာလား…*

သို့သော်လည်း နတ်ဘုရားချုပ်နှောင် ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ တစ်ခုတည်း မဟုတ်ပေ။ အင်မော်တယ်အဖြစ် ဘွဲ့နှင်းသဘင် ပေးအပ်ခြင်းလည်း ဖြစ်နိုင်သလို အင်မော်တယ်တစ်ဦးကို ရာထူးတပ်အပ်ခြင်းလည်း ဖြစ်နိုင်သည်။

ထို့အပြင် “အင်မော်တယ်” ဆိုသော စကားလုံးမှာ လူကိုသာမက အင်မော်တယ် နည်းစနစ်များ အင်မော်တယ် ရတနာများကိုလည်း ရည်ညွှန်းနိုင်ပေသည်။ ထိုအရာများကိုပါ ချုပ်နှောင်ထား နိုင်မည်လော။

အတွေးထဲ နစ်ဝင်နေစဉ်မှာပင် လင်းဖန်သည် နတ်ဘုရားချုပ်နှောင်ရာစာအုပ်နှင့် နတ်ဘုရားချုပ်နှောင်ရာ စုတ်တံကို စတင် လေ့လာတော့သည်။ နတ်ဘုရားချုပ်နှောင်ရာစာအုပ်မှာ ကမ္ဘာဦးသစ်ပင်၏ အရွက်ကိုး ရွက်ကို ပေါင်းစပ်ထားသဖြင့် စာမျက်နှာ ကိုးမျက်နှာ ပါရှိသည်။ အင်မော်တယ်ဘုံ၏ ကျင့်ကြံမှု အဆင့် အတန်းများမှာလည်း အစစ်အမှန် အင်မော်တယ်မှသည် သူတော်စင်အဆင့်အထိ ကိုးဆင့်တိတိ ရှိနေ ခြင်းဖြစ်ပေသည်။

စာမျက်နှာ တစ်မျက်နှာစီမှာ အဆင့်တစ်ခုစီကို ကိုယ်စားပြုနေခြင်းလော။

ထို့အပြင် ဤဆန်းကြယ်သော စုတ်တံမှာ ကမ္ဘာဦးသစ်ပင်၏ သစ်ကိုင်းဖြစ်သဖြင့် ၎င်း၏ အရွက်များ ထက် ပို၍ တန်ဖိုးကြီးမားမည်မှာ အသေအချာပင်။ ၎င်းကို စာရေးရန် သက်သက်သာ သုံးရမည် မဟုတ် ပေ။ အခြား အသုံးပြုနည်းများ ရှိနေဦးမည်လော။ ဤကိစ္စများကိုမူ နောင်တွင် ဆက်လက် သုတေသန ပြုရန် လိုအပ်ပေသည်။

ရုတ်တရက် လင်းဖန်သည် အရေးကြီးသော မေးခွန်းတစ်ခုကို သတိရသွားပြီး စနစ်ကို အလျင်အမြန် မေးလိုက်၏။

“ဒါနဲ့... ဒီနတ်ဘုရားချုပ်နှောင်ရာ အစုံလိုက်က သွေးနဲ့ သစ္စာပြုဖို့ လိုသေးလား...”

“တကယ်လို့ ငါ ဒါကို ပျောက်သွားတာဖြစ်ဖြစ် တခြားသူက ရှာတွေ့သွားတာ ဒါမှမဟုတ် ခိုးသွားတာ ဖြစ်ဖြစ် ဖြစ်လာရင် အဲဒီလူကရော သုံးလို့ရမှာလား...”

စနစ် : [သွေးနဲ့ သစ္စာပြုဖို့ မလိုတော့ပါဘူး... ဒါက ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်နဲ့ သစ်ကိုင်းတွေနဲ့ လုပ် ထားတာလေ... ပိုင်ရှင်က ကမ္ဘာဦးသစ်ပင်ရဲ့ သခင်ဖြစ်နေပြီဆိုမှတော့ ဒါရဲ့ သခင်လည်း ဖြစ်နေပြီပေါ့...]

စနစ် : [ဒါ့အပြင် ဒီရတနာအစုံကို မင်းတစ်ယောက်တည်းပဲ သုံးလို့ရတာပါ... ပျောက်သွားဖို့လည်း အခွင့် အလမ်း မရှိဘူး...]

စနစ် : [မင်း ဒါကို ဘယ်နေရာမှာပဲ ထားခဲ့ပါစေ... စိတ်ကူးလိုက်ရုံနဲ့ မင်းဆီကို ချက်ချင်း ပြန်ရောက်လာ မှာပဲ...]

စနစ်၏ တုံ့ပြန်မှုက လင်းဖန်ကို စိတ်အေးသွားစေခဲ့လေသည်။

“ကောင်းပြီ... အင်မော်တယ်ဘုံထဲမှာ ခရမ်းရွှေနတ်နဂါးထီးလိုမျိုး ရတနာတွေကို သုံးဖို့ အဆင်မပြေတဲ့ အချိန်အတောအတွင်းမှာတော့ ဒီနတ်ဘုရားချုပ်နှောင်ရာ အစုံလိုက်ကိုပဲ ငါ့ရဲ့ ကိုယ်ပိုင် အမှတ်အသား အင်မော်တယ်ရတနာအဖြစ် သုံးရတော့မှာပဲ...”

“ကဲ... အခုတော့ အဲဒီ အင်မော်တယ်ဘုရင် အကျဉ်းသား နှစ်ယောက်ပေါ်မှာ စမ်းသပ်ကြည့်ကြတာ ပေါ့...”

ထိုသို့ ပြောဆိုပြီးနောက် လင်းဖန်သည် အင်မော်တယ်ဘုရင် နှစ်ပါးကို ချုပ်နှောင်ထားသည့် နေရာသို့ ပြန်သွားလိုက်လေသည်။ ဟင်းလင်းပြင် အင်မော်တယ်ဘုံ၏ ထိန်းချုပ်မှုအောက်တွင် လှုပ်ရှား၍မရဘဲ ဖြစ်နေသော လူနှစ်ယောက်ကို ကြည့်ရင်း လင်းဖန်သည် ဝတ်စုံဖြူ အဘိုးအိုမှ စတင်ရန် ဆုံးဖြတ်လိုက် လေသည်။

လင်းဖန်သည် သူ၏ ဘယ်ဘက်လက်ဝါးတွင် နတ်ဘုရားချုပ်နှောင်ရာစာအုပ်ကို ကိုင်ထားပြီး ညာဘက် လက်တွင် နတ်ဘုရားချုပ်နှောင်ရာစုတ်တံကို ကိုင်ထားကာ အင်မော်တယ်စွမ်းအားများကို ထိုရတနာ နှစ်ခုအတွင်းသို့ စတင် စီးဝင်စေလိုက်လေသည်။

အင်မော်တယ်စွမ်းအားများ ဖြည့်သွင်းလိုက်သည်နှင့် နတ်ဘုရားချုပ်နှောင်ရာ အစုံလိုက်မှာ စတင် လှုပ်ရှားလာတော့သည်။ သူ၏ ဘယ်ဘက်လက်ရှိ စာအုပ်မှာ အလိုအလျောက် ပွင့်သွားပြီး ဆဋ္ဌမ မြောက် စာမျက်နှာသို့ တိုက်ရိုက် ရောက်သွားလေ၏။ အင်မော်တယ်ဘုရင်၏ အဆင့်မှာ ဆဋ္ဌမမြောက် အဆင့်ဖြစ်သဖြင့် လင်းဖန်၏ အစောပိုင်း ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့ပေသည်။

သူ၏ ညာဘက်လက်ရှိ နတ်ဘုရားချုပ်နှောင်ရာစုတ်တံမှာလည်း အင်မော်တယ်စွမ်းအားများကြောင့် ၎င်း၏ အရွယ်အစားမှာ အစဉ်မပြတ် ပြောင်းလဲလာသည်။ ၎င်းမှာ သူ၏ အလိုရှိရာအတိုင်း အရွယ် အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်ကြောင်း လင်းဖန်ကို အသိပေးနေသကဲ့သို့ပင်။

နောက်တစ်ဆင့်မှာ ဤနတ်ဘုရားချုပ်နှောင်ရာ အစုံလိုက်ကို အသုံးပြု၍ အင်မော်တယ်များကို မည်သို့ ကျွန်ပြုရမည်နည်း ဟူသော အချက်ကို ဖော်ထုတ်ရန် ဖြစ်သည်။ သူသည် အသုံးပြုပုံ ညွှန်ကြားချက်ကို မစစ်ဆေးရသေးသဖြင့် လင်းဖန်သည် သူ၏ စိတ်ကူးအတိုင်း တစ်ခုချင်းစီ စမ်းသပ်ကြည့်ရန်သာ တတ် နိုင်တော့သည်။

လင်းဖန်သည် ဝတ်စုံဖြူအဘိုးအို၏ အနီးသို့ ချဉ်းကပ်သွားပြီး နတ်ဘုရားချုပ်နှောင်ရာစုတ်တံ၏ ထိပ် ဖျားကို အဘိုးအို၏ နဖူးပေါ်သို့ တင်လိုက်၏။ ထိုစဉ် နတ်ဘုရားချုပ်နှောင်ရာစုတ်တံဆီမှ တုံ့ပြန်မှုက လင်းဖန်၏ မျက်လုံးများကို ဆွဲဆောင်လိုက်သည်။

ရုတ်တရက်ဆိုသလို နတ်ဘုရားချုပ်နှောင်ရာစုတ်တံ၏ အမွှေးအမျှင်များမှာ ဝတ်စုံဖြူ အဘိုးအို၏ မျက်ခုံးကြားသို့ ထိုးဖောက်ဝင်ရောက်သွားပြီး တစ်စုံတစ်ခုကို စုပ်ယူလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ဟုတ်ပေသည်... ထိုးဖောက်ဝင်ရောက်မှုမှာ မနက်သဖြင့် ဝတ်စုံဖြူအဘိုးအိုကို ထိခိုက်ဒဏ်ရာ ရစေမည် မဟုတ်ပေ။

ခဏအကြာတွင် စုတ်တံမှာ မင်ရည်များကို စုပ်ယူပြီးသွားပုံရကာ အဘိုးအို၏ နဖူးပေါ်မှ ပြန်လည် ဆုတ် ခွာသွားခဲ့လေသည်။ စုတ်တံထိပ်ဖျား ပြန်လည် ဆုတ်ခွာသွားချိန်တွင် ထိုစုတ်တံ၏ ထိပ်ဖျားလေးမှာ ရွှေနီရောင်အဖြစ် ပြောင်းလဲသွားသည်ကို လင်းဖန် သတိပြုမိလိုက်လေသည်။

ဤသည်ကို မြင်သောအခါ လင်းဖန် နားလည်လိုက်လေ၏။ ၎င်းမှာ နတ်ဘုရားချုပ်နှောင်ရာစုတ်တံကို မင်ရည်စိမ်လိုက်ခြင်း ဖြစ်ပေသည်။

*အဲဒီလိုဆိုရင်... ဒီဝတ်စုံဖြူ အဘိုးအိုဆီကနေ ထုတ်ယူလိုက်တဲ့ မင်ရည်ကို သုံးပြီးတော့ နတ်ဘုရားချုပ် နှောင်ရာစာအုပ်ပေါ်မှာ သူ့နာမည်ကို ရေးရမှာလား...*

ဤသို့ တွေးတောရင်း လင်းဖန် စတင် စမ်းသပ်ကြည့်လိုက်သည်။ စုတ်တံကို စာအုပ်ပေါ် တင်တော့မည့် အချိန်မှာပင် တစ်ဖက်လူ၏ နာမည်ကို သူ မသိသေးကြောင်း ရုတ်တရက် သတိရသွားခဲ့တော့သည်။

နတ်ဘုရားချုပ်နှောင်ရာစုတ်တံပေါ်ရှိ မင်ရည်များ ခြောက်သွေ့သွားမည်ကို စိုးရိမ်သဖြင့် လင်းဖန်သည် ဝတ်စုံဖြူအဘိုးအိုကို နှိုးကာ နာမည်မေးရန် အချိန်မဖြုန်းလိုတော့ပေ။ သူသည် အင်မော်တယ် ကျောက် တုံး အနည်းငယ်ကို အသုံးပြုကာ တစ်ဖက်လူ၏ နာမည်ကို စစ်ဆေးလိုက်သည်။

*အိုး... လီရှို့တောက်လား... ကံကောင်းလို့ လီရှို့ယွမ် မဟုတ်လို့ပေါ့... မဟုတ်ရင်တော့ တိုက်ဆိုင်မှုက အရမ်းလွန်ကဲနေမှာပဲ...*

ဤလူ၏ ဘေးတွင် ဝသောလူတစ်ယောက်နှင့် ပိန်သောလူတစ်ယောက် ရှိနေသေးသည်ကို လင်းဖန် သတိရလိုက်သည်။ ပိန်သော ရဟန်းပေါ်တွင် သူအသုံးပြုခဲ့သော ခြေဆန့်မျက်လုံးပြူးဆေးလုံး အကြောင်းကို ပြန်တွေးမိပြီး သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရလေသည်။

သူ၏ စိတ်ထဲမှ ထူးဆန်းသော အတွေးများကို ဖယ်ရှားကာ လင်းဖန်သည် စုတ်တံကို ကိုင်၍ နတ်ဘုရား ချုပ်နှောင်ရာစာအုပ်၏ ဆဋ္ဌမမြောက် စာမျက်နှာပေါ်တွင် လီရှို့တောက် ဟူသော စာလုံးသုံးလုံးကို ရေးသားလိုက်လေသည်။

နာမည်ကို ရေးပြီးသည်နှင့် နတ်ဘုရားချုပ်နှောင်ရာစာအုပ်ဆီမှ အလင်းရောင်တစ်ချက် ထွက်ပေါ်လာ ကာ ထိုနာမည်မှာ စာအုပ်အတွင်းသို့ ချက်ချင်း စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။ နတ်ဘုရားချုပ် နှောင်ရာစုတ်တံပေါ်ရှိ ရွှေနီရောင်များမှာလည်း ပျောက်ကွယ်သွားတော့သည်။

ဤသည်ကို မြင်တော့ လင်းဖန်သည် အဘိုးအို၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် အကြည့်ပို့လိုက်လေသည်။ ခဏတာ ငြိမ်သက်သွားပြီးနောက် ဝတ်စုံဖြူအဘိုးအိုမှာ လှုပ်ရှားမှုမရှိဘဲ ဖြစ်နေသဖြင့် လင်းဖန် မျက် မှောင်ကြုတ်လိုက်မိလေသည်။

“ထူးဆန်းတယ်... ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ... ငါ ဟင်းလင်းပြင် အင်မော်တယ်ဘုံရဲ့ ဖိနှိပ်မှုကို လည်း ဖယ်ရှားပေးထားတာပဲကို...”

ခဏအကြာတွင် လင်းဖန်သည် သူ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်မိပြီး ပြဿနာကို သဘောပေါက်သွား လေတော့သည်။

“သေစမ်း... ငါ မေ့သွားတယ်... သူက ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဝိညာဉ်ချုပ်နှောင် ခြင်း သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတာပဲ... လှုပ်ရှားနိုင်မှာ မဟုတ်ဘူးလေ...”

တစ်ဖက်လူကို ချုပ်နှောင်ထားသည့် ဝိညာဉ်ချုပ်နှောင်ခြင်း သံကြိုးများကို မည်သို့ ဖယ်ရှားရမည်နည်း ဟု လင်းဖန် စဉ်းစားလိုက်သော အခါ... ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားချုပ်နှောင် ရာစုတ်တံမှာ နောက်ထပ် ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာပြန်လေတော့သည်။

All Chapters