အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) နျီဇီ၏ အနမ်း
ဤမိသားစုစစ်ပွဲမှာ လျူတာ့လျန်တစ်ယောက် မောပန်းနေသည့် ဇနီးနှင့် အိုမင်းရင့်ရော်နေသော မိခင်ကို ကြည့်ကာ စိတ်မကောင်းဖြစ်ပြီး ဆန္ဒအလျောက် အပြစ်ပေးခံလိုက်ရသည့်အခါမှ အဆုံးသတ်သွားလေသည်။
ထိုအချိန်တွင် လျူအာကျူးသည် ပြောင်းဖူးမုန့်များကို အိုးဘေးတွင် ကပ်ထားပြီးဖြစ်ရာ မွှေးပျံ့သော အနံ့များမှာ ထွက်ပေါ်လာ၏။
နျူဟုန်ဟွာ၊ လီဆွေ့ဆွေ့နှင့် လျူတာ့လျန်တို့မှာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ မီးဖိုပတ်လည်တွင် ဝိုင်းဖွဲ့ထိုင်ကာ အသားနံ့ကို လောဘတကြီး ရှူရှိုက်ရင်း စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြည့်နေကြသည်။
ရွာရှိလူတိုင်းမှာ ဆင်းရဲကြပြီး တစ်နှစ်ပတ်လုံး အဆီတစ်စက်၊ အသားတစ်စ မစားရသည်မှာ ပုံမှန်ဖြစ်သောကြောင့် ထိုသို့သော အနံ့မျိုးကိုပင် ရခဲလှသည်။
နျီဇီလေးပင် အခန်းထဲမှ ခေါင်းပြူကာ ချောင်းကြည့်နေပြီး အလွန်စားချင်နေသော်လည်း လီဆွေ့ဆွေ့၏ ရိုက်နှက်မှုကို ကြောက်ရွံ့နေသည်။
လျူအာကျူးသည် သူတို့အနီးတွင်ရပ်ကာ ကြည့်နေရင်း နွေးထွေးသော ခံစားချက်ကို ရရှိလိုက်သည်။
သူသည် မိသားစု စုစည်းမိသည့် ဤကဲ့သို့ နွေးထွေးသော ခံစားချက်မျိုးကို ဆယ်စုနှစ်များစွာ မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်၏။
သူ၏ ယခင်ဘဝတွင် ဇနီး၊ သားသမီးများနှင့် မြေးပင်ရှိခဲ့သော်လည်း သူသည် ငွေရှာရန်သာ အလုပ်ထဲတွင် ခေါင်းနှစ်ထားခဲ့ရသည်ဟု ခံစားရသည်။ သူကိုယ်တိုင်အတွက်၊ ဇနီးအတွက်၊ သားသမီးများအတွက်နှင့် မြေးအတွက် ငွေရှာခဲ့ခြင်းသာ ဖြစ်၏။
နွေးထွေးမှုနှင့် ပျော်ရွှင်မှုလား…
တစ်ခါတစ်ရံ ခံစားဖူးကောင်း ခံစားဖူးလိမ့်မည်။
သို့သော် အတိတ်ကို ပြန်ကြည့်လျှင် သူမှတ်မိသမျှမှာ ပင်ပန်းနွမ်းနယ်မှုနှင့် ဝေဒနာများသာ ဖြစ်သည်။
ဤဘဝတွင်မူ သူ ထိုကဲ့သို့ မနေထိုင်ချင်တော့ပေ။ အစားအစာမှာ ချက်ပြုတ်ပြီးစီးပြီဖြစ်ရာ လျူအာကျူးက အိုးအဖုံးကိုဖွင့်ကာ ကြည့်လိုက်သည်။
အိုးထဲရှိ အညိုရောင်ဟင်းရည်မှာ ပျစ်ချွဲကာ မွှေးပျံ့နေပြီး ဆူပွက်လျက်ရှိသည်။ အရသာရှိသော ကြက်သားတုံးများမှာ အတွင်း၌ လှုပ်ရှားနေကာ တံတွေးကျစေလောက်သည့် အနံ့မျိုးကို ထုတ်လွှတ်နေသည်။
ထို့နောက် အိုးဘေးတွင် ကပ်ထားသော ပြောင်းဖူးမုန့်များမှာ ရွှေဝါရောင်သန်းနေပြီး ထိတွေ့လိုက်လျှင်ပင် အလွန်ကြွပ်ရွနေသည်မှာ သိသာသည်။
မိခင်ဖြစ်သူက အသားထည့်ရန် ပန်းကန်လုံးအသေးလေးကို ယူလာသည်ကို မြင်သောအခါ သူ အံ့အားသင့်ကာ စိတ်ရှုပ်ထွေးသွားသည်။
"အမေ... ဘာလို့ လက်ဖက်ရည်ခွက်ပဲ ယူလာတာလဲ... ဒီပန်းကန်လုံးလေးက ဘာလောက်စားရမှာမို့လို့လဲ..."
နျူဟုန်ဟွာသည် သူ့ကို စိတ်ရှည်လက်ရှည်ဖြင့် ချော့မော့ပြောသည်။
"အိမ်မှာ ခွက်တွေ မရှိဘူးလေ... ပြီးတော့ အာကျူးဇီ... အခုလို ခေတ်ကာလမှာ အသားစားနိုင်တာကိုက ကံကောင်းနေပြီ... လူတိုင်း တူနဲ့နည်းနည်းစီ မြည်းကြည့်ကြမှာပေါ့... အဝစားရမယ်လို့ မျှော်လင့်နေတာလား..."
လျူတာ့လျန်နှင့် သူ၏ဇနီးမှာလည်း ထပ်တူသဘောတူကြောင်း ခေါင်းညိတ်ပြကြသည်။
နျီဇီလေးသာ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေပြီး လီဆွေ့ဆွေ့၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရမှ ကြောက်ရွံ့စွာဖြင့် အပြုံးတစ်ပွင့်နှင့် ခေါင်းညိတ်လိုက်သည်။
"အမေ... သမီး ဘယ်လောက်လိမ္မာလဲကြည့်... အရင်က အရိုက်ခံရတာကို ခွင့်လွှတ်ပေးလို့ မရဘူးလား..."
လီဆွေ့ဆွေ့သည် ထိုအရူးမလေးကို ဂရုမစိုက်ပေ.။ သူမသာ မပြောလျှင် လီဆွေ့ဆွေ့မှာ မေ့လျော့နေလုပြီ ဖြစ်သည်။
လျူအာကျူးသည် မိခင်၏ စကားများကို နားမထောင်ဘဲ ပန်းကန်နှင့် တူများကို ကိုယ်တိုင် သွားယူလိုက်သည်။
သူသည် လူတိုင်းအတွက် ပန်းကန်လုံးကြီးနှင့် အသားများ ထည့်ပေးလိုက်ပြီး ရွှေဝါရောင် ပြောင်းဖူးမုန့်များကို ပန်းကန်ပြားထဲ ထည့်ကာ စားပွဲပေါ်သို့ ချလိုက်သည်။
အသားများဖြင့် ပြည့်နှက်နေသော စားပွဲကို ကြည့်ရင်း နျူဟုန်ဟွာမှာ ဆက်လက်၍ မြည်တွန်တောက်တေးနေဆဲပင်။
သူမသည် တစ်ခါစားအတွက် ဆီများများသုံးသည်ကို နှမြောနေသည်၊ သို့မဟုတ် အသားကို ဤကဲ့သို့ စားသည်ကို မကြားဖူးကြောင်း ပြောဆိုနေသည်။
သူမသည် မိမိ၏ အငယ်ဆုံးသားကို အဝစားစေလိုပြီး ကျန်ရှိသော အသားများကို သိမ်းဆည်းရန် နည်းလမ်းရှာဖွေနေသည်။ ဤအသားများမှာ တစ်နှစ်စာအတွက် အဆီဓာတ်ပင် ဖြစ်သည်။
လျူတာ့လျန်နှင့် လီဆွေ့ဆွေ့တို့မှာလည်း အလွန်စားချင်နေကြသော်လည်း စားပွဲ၌ ထိုင်ရန် မဝံ့မရဲဖြင့် အဝေးတွင်သာ ရပ်နေကြသည်။
သူတို့ကို အသားတစ်တုံး၊ နှစ်တုံးလောက် ပေးစားလျှင်ပင် သူတို့မှာ မျက်နှာပြောင်တိုက်ပြီး စားနိုင်ပါသေးသည်။
သို့သော် ယခုမူ သူတို့ရှေ့တွင် ပန်းကန်လုံးကြီး ချပေးလိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူတစ်ပါး အစားအစာကို ဒေဝါလီခံရလောက်အောင်ထိ ဘယ်သူက လောဘတကြီး စားရဲပါ့မည်နည်း။
လျူအာကျူးသည် နှစ်ကြိမ်တိုင်တိုင် စည်းရုံးသော်လည်း သူတို့မှာ ငြင်းဆန်နေကြသည်။
စည်းရုံး၍ မရတော့ကြောင်း သိလိုက်ရသောအခါ သူက ကြက်သားတစ်ပန်းကန်ကို အရင်ယူကာ ဖခင်၏ အိပ်ရာဘေးတွင် ချပေးလိုက်သည်။
ထို့နောက် နျီဇီလေးကို လက်ယပ်ခေါ်လိုက်သည်။
"နျီဇီ... အဘွားနဲ့ မင်း အဖေ၊ အမေတို့ကတော့ အရူးတွေဖြစ်ကုန်ပြီ... သူတို့က အသားတွေ့ရင်တောင် မစားကြဘူး... ဒီကိုလာ... ဦးလတို့နှစ်ယောက်ပဲ ဒီအရသာရှိတဲ့ အသားတွေကို အတူတူ
စားကြရအောင်..."
နျီဇီလေးသည် အလိုလိုပင် လီဆွေ့ဆွေ့ကို ကြည့်လိုက်သည်။ သူမ သွားချင်သော်လည်း မဝံ့မရဲ ဖြစ်နေသည်။
လီဆွေ့ဆွေ့က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လျူအာကျူးက အခွင့်မပေးပေ။ သူသည် ရှေ့သို့တိုးကာ နျီဇီလေးကို ပွေ့ချီ၍ စားပွဲ၌ ထိုင်စေပြီး တူဖြင့် အသားစလေးတစ်ခုကို သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
နျီဇီလေးမှာ ငယ်သေးသည်ဖြစ်ရာ ထိုမွှေးပျံ့သောအသားကို မတွန်းလှန်နိုင်ပေ။ သူမသည် ကြောက်ရွံ့စွာဖြင့် ပါးစပ်လေးကို ဖွင့်ကာ နည်းနည်းလေး ကိုက်စားလိုက်သည်။
ထိုကိုက်စားလိုက်သည့်အရသာမှာ အံ့ဩဖွယ်ကောင်းလှပြီး သူမ၏ မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် လခြမ်းပုံသဏ္ဍာန် ဖြစ်သွားသည်။
"အရသာရှိလား..."
လျူအာကျူးက ပြုံးကာ မေးလိုက်သည်။
"အွန်း..."
နျီဇီလေးသည် အသားများ ပြေးသွားမည်ကို စိုးရိမ်သဖြင့် ပါးစပ်ကို မဖွင့်ရဲဘဲ သူမ၏ ပျော်ရွှင်မှုကို ပြသရန် ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။
ကလေးမလေး ပျော်ရွှင်နေသည်ကို မြင်ရသောအခါ လျူအာကျူးလည်း အလွန်ကျေနပ်သွားပြီး တူဖြင့် အသားကို ထပ်မံထည့်ပေးလိုက်သည်။
နျီဇီလေးသည် သူမ မျိုချရန် နှမြောနေသည့် အသားကို မျိုချလိုက်ပြီးနောက် ထိုအသားတုံးကို ပျော်ရွှင်စွာ စားသုံးလိုက်သည်။
ထိုအချိန်တွင် နျီဇီလေးသည် စိတ်ထဲ၌ တွေးနေမိသည်။
*ဦးလေးက အရမ်းသဘောကောင်းတာပဲ... သမီးကို အသားတွေ ကျွေးတယ်... သမီးက သူ့ကို နေ့တိုင်း ပြောင်းဖူးမုန့်တွေ ကျွေးမယ်လို့ ကတိပေးတယ်... အင်း... ပြီးတော့ သူက တစ်နှစ်ကို တစ်ခါတော့ အသားစားကို စားရမယ်…*
နျီဇီလေးသည် သူမ၏ ဦးလေးလေးကို ကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးရန် စိတ်ပိုင်းဖြတ်ထားလိုက်သည်။
ထို့နောက် လျူအာကျူးသည်လည်း အသားတစ်တုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီး ဝါးရင်း ပြောလိုက်သည်။
"နျီဇီ... ဝအောင်စား... ဒီနေ့မှာ အားလုံးအတွက် အသားအလုံအလောက်ရှိသလို၊ ဘယ်သူမှ လာမခိုးရဲအောင် စောင့်ကြည့်နေတဲ့သူ သုံးယောက်လည်း ရှိတယ်..."
အဝေးတွင် ရပ်နေကြသော နျူဟုန်ဟွာတို့ သုံးယောက်မှာလည်း အလွန်ပင် စားချင်နေကြသည်။ ထိုစကားကို ကြားလိုက်သောအခါ ပို၍ပင် ရယ်မောချင်သွားကြသည်။
လျူတာ့လျန်သည် ဆိုးရွားသော နမူနာကို ပြရန် ဆုံးဖြတ်လိုက်သည်။ သူသည် လီဆွေ့ဆွေ့ကို စားပွဲဆီ ဆွဲခေါ်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ဇနီး... စားလိုက်စမ်းပါ... ခုနက အာကျူးဇီကြောင့်ပဲ အမေနဲ့ မင်းရဲ့ အဆူအဆဲကို ခံလိုက်ရတာ... အဲ့ဒီအတွက် အစားပြန်စားရမယ်..."
လီဆွေ့ဆွေ့သည် သူမ၏ ခင်ပွန်းကို မျက်စောင်းထိုးလိုက်သည။ သူမလက်ထဲသို့ တူများ ရောက်လာသော်လည်း နျူဟုန်ဟွာကိုသာ အလိုလို ကြည့်မိနေသည်။
နျူဟုန်ဟွာမှာ သက်ပြင်းချရင်း လာထိုင်လိုက်ရသည်။
"စားကြ... စားကြ... အာကျူးဇီ ဒီအရာတွေကို ရလာတာဆိုတော့ သူ စိတ်ကြိုက် လုပ်ပါစေတော့..."
"ဟွန်း.. အဲ့ဒါမှပေါ့..."
လျူအာကျူးက ခေါင်းညိတ်လိုက်သည်။
"ကြက်ကို ကျွန်တော် ဖမ်းလာတာ ဟင်းကို ကျွန်တော် ချက်တာ ကျွန်တော် စားခိုင်းရင် စားရမှာပေါ့... ဘာကို ကြောက်နေရတာလဲ... ဟုတ်တယ်မလား အဖေ..."
လျူဖူရှန့်သည် ပန်းကန်နှင့် တူကို ကိုင်လိုက်ရုံရှိသေးသည်။ ထိုစကားကို ကြားလိုက်သောအခါ စိတ်လှုပ်ရှားသွားပြီး "အာကျူးဇီ တကယ် အရွယ်ရောက်လာပြီပဲ..." ဟု ရေရွတ်လိုက်သည်။
"အာကျူးဇီက တကယ်ပဲ အရည်အချင်းရှိတာပဲ... အသားတွေကို ဒီလောက်အများကြီး ရနိုင်တာမျိုး တစ်ခါမှ မကြားဖူးဘူး..."
လီဆွေ့ဆွေ့သည် အမြန်ပင် ချီးမွမ်းလိုက်သည်။ အဆုံးတွင်တော့ မိမိကို ကျွေးမွေးသူကို ကောင်းကောင်း ဆက်ဆံရမည် မဟုတ်ပါလား။
လျူတာ့လျန်မှာ စားနေပြီဖြစ်ပြီး မျက်လုံးများမှာ တောက်ပနေသည်။
"မိန်းမ... မြန်မြန်စားကြည့်စမ်း... ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ..."
လီဆွေ့ဆွေ့သည် ဤရိုးအသည့် ခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။
သူတစ်ပါး အစားအစာကို စားပါက ကောင်းသော စကားလေးအနည်းငယ် ပြောလိုက်ရုံရသော်လည်း အဘယ်ကြောင့် ဤမျှအကျယ်ချဲ့နေရသနည်း
သို့သော် သူမ ကြက်သားကို ကိုက်လိုက်သည့်အခါတွင်မူ ချက်ချင်းပင် အံ့အားသင့်သွားသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က စုပေါင်းထမင်းစားဆောင်တွင် စားခဲ့စဉ်ကလည်း ကြက်သားဟင်း စားဖူးသော်လည်း ထိုအသားများမှာ အလွန်မာပြီး ဝါးရခက်သည်။
သို့သော် ဤကြက်သားမှာ အလွန်ပင် နူးညံ့ပြီး ဝါးလိုက်တိုင်းတွင် အရသာများမှာ ပါးစပ်ထဲ၌ ပြည့်နှက်သွားသည်။
ထို့နောက် ပြောင်းဖူးမုန့်များမှာလည်း ရွှေဝါရောင် အလွှာလေးမှာ ကြွပ်ရွနေကာ ကိုက်လိုက်တိုင်း အသံထွက်နေပြီး အတွင်းသားမှာ မွှေးပျံ့ကာ နူးညံ့သည်။ လေးယောက်သားမှာ ငိုချင်လောက်သည့်အထိ အရသာရှိလှသည်။
လျူဖူရှန့် ငယ်စဉ်ကမှလွဲ၍ ကျန်သူများမှာ ဤမျှကောင်းမွန်သော အစားအစာမျိုးကို တစ်သက်လုံး မစားဖူးခဲ့ကြပေ။
သို့သော် သူတို့စားနေစဉ်အတွင်း အမှန်တကယ် လွတ်လပ်စွာ စားနေသူမှာ လျူအာကျူးတစ်ယောက်သာ ဖြစ်သည်။
လီဆွေ့ဆွေ့သည် စားပြီးတိုင်း အချိန်အတော်ကြာ ရပ်နေလေ့ရှိပြီး အများကြီး စားမိမည်ကို ရှက်ရွံ့နေသည်။
လျူတာ့လျန်မှာ မျက်နှာပြောင်တိုက်သည်ဟု ဆိုသော်လည်း အသားနှစ်တုံးသာ စားပြီးနောက် လီဆွေ့ဆွေ့နှင့် နျီဇီတို့ ဝါးမရသည့် အရိုးများကိုသာ ဝါးစားနေကာ အလွန်ပင် ကျေနပ်နေသည်။
နျူဟုန်ဟွာမှာလည်း အလွန်ဆာလောင်နေသည်။ သူမသည် အသားအနည်းငယ် ပိုစားမိသွား၍ နောင်တရစွာဖြင့် မိမိလက်ကိုသာ ခပ်ဖွဖွ ရိုက်ကာ လောဘကြီးမိသည်ဟု မိမိကိုယ်ကို အပြစ်တင်နေသည်။
မိသားစုကိုကြည့်ရင်း လျူအာကျူးက ခါးသီးမှုနှင့်အတူ စိတ်မကောင်းဖြစ်ရသည်။
သို့သော် သူတို့အား နောက်ထပ် စည်းရုံးရန် မကြိုးစားတော့ပေ။ သူတို့မှာ နှစ်ပေါင်းများစွာ ချွေတာနေထိုင်ခဲ့ကြသူများဖြစ်ရာ အနာဂတ်လူသားများကဲ့သို့ လွတ်လပ်စွာ စားသောက်ရန် မျှော်လင့်၍ မရနိုင်ပေ။
သူသည် နျီဇီလေးကိုသာ ဗိုက်ပြည့်သည်အထိ ကျွေးနိုင်ပြီး ပြောင်းဖူးပြုတ် တစ်ဝက်ကျော်ကိုပင် စားခိုင်းလိုက်သည်။ နျီဇီလေးမှာ အလွန်ပျော်ရွှင်နေပြီး သူ့အပေါ် ရှက်ရွံ့ခြင်းမရှိတော့ဘဲ ပါးစပ်တစ်ပြင်လုံး အဆီများဖြင့် သူ့ကို ပွေ့ဖက်ကာ ပါးကို ရွတ်ခနဲ အသံမြည်အောင် နမ်းလိုက်သည်။
ဤအပြုအမူမှာ လျူအာကျူးကို အလွန်ပင် ပျော်ရွှင်စေသည်။ သူသည် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ နျီဇီကို သကြားလုံး နှစ်လုံးပေးပြီး သူ့ကို နောက်ထပ် အကြိမ်အနည်းငယ် နမ်းစေချင်မိသည်။
သို့သော် သူ၏လက်ထဲတွင် ဘာမှမရှိချေ
ကျိန်ဆဲလိုက်မိ၏။ နောက်တစ်ခါတွင် သကြားလုံးများစွာ ဝယ်၍ အိတ်ကပ်ထဲ ထည့်ထားမှ ဖြစ်မည်။