စာရေးသူတို့ကတော့ ကျေးလက်မိသားစုဘဝမှာ ပျော်မွေ့လို့နေပါပြီရှင်။ မိသားစုရုန်းကန်မှုတွေ၊ ဖေးမကူညီမှုတွေ၊ စာနာထောက်ထားမှုတွေကို ဖတ်ရှုရင်း ချစ်လှစွာသော စာဖတ်သူများကို ကြည်နူးမှုတစ်ခု၊ ခွန်အားတစ်ရပ်၊ အားကျမှုတစ်ဖုံ ဖြစ်စေလိုတဲ့ ဆန္ဒဖြင့် ရေးသားခြင်းဖြစ်ပါတယ်။ ယခုစာအုပ်လေးကတော့ လျူအာကျူးဆိုတဲ့ အဘိုးအိုတစ်ယောက် မိသားစုဒဏ်၊ အလုပ်ဒဏ်ကြောင့် အရက်အလွန်အကျွံသောက်ရင်း သေဆုံးသွားပြီး သူရဲ့ငယ်ဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ လျူအာကျူးဟာ အတိတ်ဘဝတုန်းက ပညာသင်ချင်စိတ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရင်း အဖေကို သေဆုံးစေတဲ့အထိ တွန်းအားဖြစ်စေခဲ့တယ်။ အကိုကြီးကိုလည်း သေစေခဲ့တယ်။ တူနှင့်တူမကိုလည်း အရွယ်မရောက်ခင်တည်းက သေစေခဲ့တယ်။ အဲဒီစိတ်တွေကြောင့် အမေဖြစ်သူနဲ့ မရီးဖြစ်သူကိုလည်း သတ်သေစေခဲ့တယ်။ နောက်ဆုံး သူသိလိုက်ရတာက သူသင်ထားတဲ့ပညာက သူ့မိသားစုကို သေစေခဲ့ပြီး သူ့ဘဝကိုလည်း ပင်ပန်းဆင်းရဲကြီးစွာဖြင့် ကွယ်လွန်စေခဲ့တယ်ဆိုတာပါပဲ။ ဒုတိယအခွင့်အရေး ပြန်ရလာတဲ့အခါမှာတော့ လျူအာကျူးတစ်ယောက် ပညာသင်ဖို့လက်လျော့ပြီး မိသားစုနှင့် ဘဝကို ဘယ်လိုပျော်ရွှင်အောင် ကြိုးစားမလဲဆိုတာကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဖတ်ရှုရမဲ့ စာစဉ်လေးပဲ ဖြစ်ပါတယ်။

