← Chapters

အခန်း ၂၂၇

Vol. 22 Ch. 227 - final

အခန်း ၂၂၇

Vol. 22 Ch. 227 - final

အခန်း (၂၂၇) ဇာတ်သိမ်းပိုင်း

တပ်မဟာအတွင်းရေးမှူးမှာ ချက်ချင်းပင် စကားဆွံ့အသွားပြီး လေးလံသော စိတ်နှလုံးဖြင့်သာ ထွက်ခွာသွားရလေသည်။

သူ ထွက်သွားပြီးနောက် လျူအာကျူးက မဲ့ရွဲ့မပြုံးဘဲ မနေနိုင်ခဲ့ချေ။

သို့သော် ထိုအချိန်တွင် ရွာသားတစ်ဦးသည် အဝေးမှ ပြေးလာပြီး လျူအာကျူးအား တီးတိုးပြောလိုက်သည်။

"ပြဿနာတက်ပြီ... မသင်္ကာစရာလူနှစ်ယောက် ရွာထဲကို ခိုးဝင်လာတာ ကျွန်တော် အခုလေးတင် မြင်လိုက်ရတယ်..."

လျူအာကျူး၏ မျက်လုံးများမှာ အရောင်လက်သွား၏။ ထိုလူများသည် နေမဝင်မီကပင် ပြဿနာရှာရန် ရောက်လာလောက်အောင် စိတ်မရှည်ဖြစ်နေကြမည်ဟု သူ မထင်ထားခဲ့ပေ။

"ဒါဆိုရင် သူတို့ကို သေချာစောင့်ကြည့်ထား... သူတို့ ပြဿနာရှာရင် ငါတို့ ချက်ချင်း..."

သူ စကားမဆုံးမီမှာပင် အခြားရွာသားနှစ်ဦး ပြေးလာပြီး လျူအာကျူးအား အော်ပြောလာသည်။

"ကျူးဇီ... ကျူးဇီ... ငါတို့ လူနှစ်ယောက်ကို ဖမ်းမိထားတယ်... သူတို့က ဖန်လုံအိမ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ..."

"ဘာ..."

အတွင်းရေးမှူး ချောင်ကော်ဖူ၏ တုံ့ပြန်မှုမှာ လျူအာကျူးထက်ပင် ပို၍ ပြင်းထန်လေသည်။ သူက ဒေါသတကြီးဖြင့် ချက်ချင်း အော်ပြောလိုက်၏။

"သူတို့ကို ဒီနေကာကို ခေါ်လာခဲ့... ငါ သူတို့ကို စစ်မေးမယ်..."

ဖန်လုံအိမ်သည် အတွင်းရေးမှူး ချောင်ကော်ဖူ၏ အနာဂတ် နိုင်ငံရေးစွမ်းဆောင်ချက်များ ဖြစ်လေရာ သူက မည်သည့်အမှားအယွင်းကိုမျှ မည်သို့ ခွင့်ပြုနိုင်မည်နည်း။

မကြာမီမှာပင် ပြဿနာရှာသူ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။

တစ်ယောက်မှာ မုန့်သဲဖြစ်ပြီး အခြားတစ်ယောက်မှာ မုန့်သဲ၏ နောက်လိုက်ဖြစ်သည်။

မုန့်သဲကို မြင်သောအခါ လျူအာကျူးက မဲ့ရွဲ့ပြုံးကာ ပြောလိုက်သည်။

"မုန့် မျိုးရိုး... မင်းတို့ရွာမှာလည်း ဖန်လုံအိမ်တွေရှိတယ်လို့ မင်းပြောခဲ့တယ်... ငါ သွားကြည့်ပြီးပြီ... မင်းတို့ဆီမှာ မရှိပါဘူး... ဒါပေမဲ့ အခုတော့ မင်း မြင်ပြီမလား... ငါတို့ရွာမှာ တကယ်ပဲ ဖန်လုံအိမ်တွေ ရှိတယ်ဆိုတာ..."

မုန့်သဲ၏ မျက်နှာမှာ အလွန်ဆိုးရွားနေသည်။ လျူအာကျူးသည်လည်း သူ၏နည်းတူ ကြွားလုံးထုတ်နေခြင်းသာဖြစ်မည်ဟု ထင်ကာ အရှက်ခွဲရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ဤလူတွင် တကယ်ပင် ဖန်လုံအိမ်များရှိနေမည်ဖြစ်ပြီး ထိုအထဲတွင် ရှင်သန်ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက်များစွာ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာသားအများစုမှာ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းနေသည်ကို စောင့်ကြည့်နေကြသည်။

မုန့်သဲက ဤနေရာကို စောင့်ကြပ်မည့်သူ မရှိဟု ထင်ကာ မီးရှို့ရန် ကြိုးစားခဲ့သော်လည်း လက်ပူးလက်ကျပ် ဖမ်းမိသွားခဲ့သည်။

သူ၏အရှေ့ရှိ အမျိုးသားမှာ ခရိုင်ပါတီအတွင်းရေးမှူးမှန်း မသိသောကြောင့် မုန့်သဲက ရိုင်းစိုင်းစွာပင် ပြောဆိုလိုက်သည်။

"ငါက မင်းရဲ့ ဖန်လုံအိမ်ကို မီးရှို့လိုက်ရင်ရော ဘာဖြစ်လဲ... ဘယ်သူက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..."

ဤသည်ကို ကြားသောအခါ အတွင်းရေးမှူး ချောင်ကော်ဖူက အေးစက်စွာ ပြောလိုက်သည်။

"ငါ လုပ်နိုင်တယ်..."

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."

မုန့်သဲက နှုတ်ခမ်းကို တွန့်လိမ်ကာ ပြောလိုက်သည်။

"သူက ခရိုင်ပါတီအတွင်းရေးမှူးအသစ်ပဲ..."

လျူအာကျူးက အောင်ပွဲခံသည့်ဟန်ဖြင့် ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ မုန့်သဲမှာ ချက်ချင်းပင် အံ့ဩမှင်တက်သွားရသည်။

ဖန်လုံအိမ်ကို လာရောက်ဖျက်ဆီးရုံမျှဖြင့် ခရိုင်ပါတီအတွင်းရေးမှူးနှင့် တည့်တည့်တိုးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ယခုတော့ သူ ပြီးဆုံးသွားလေပြီ။

သူ တကယ်ပင် ပြီးဆုံးသွားခဲ့လေပြီ။ အတွင်းရေးမှူး ချောင်ကော်ဖူသည် လျူအာကျူးနှင့် ဖန်လုံအိမ်များကို ကာကွယ်ပေးရန် သန္နိဋ္ဌာန်ချထားသည်။

ထို့ကြောင့် တပ်မဟာအတွင်းရေးမှူးက အမောတကောဖြင့် ရဲခေါ်ပြီးနောက် အတွင်းရေးမှူး ချောင်ကော်ဖူသည် ယာဉ်မောင်းနှင့် မုန့်သဲတို့ နှစ်ဦးစလုံးကို ရဲများအား ခေါ်ဆောင်သွားစေကာ စစ်ဆေးမေးမြန်းစေခဲ့သည်။

စစ်ကြောရေးဆိုသည်မှာ အမှန်တကယ်တော့ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်သည်။

ယာဉ်မောင်းသည် မုဒိမ်းမှုနှင့် နစ်နာသူအား သေဆုံးသည်အထိ တွန်းပို့မှုတို့ဖြင့် စွဲချက်တင်ခံရပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရကာ လုပ်အားပေးပြုပြင်ပြောင်းလဲရေးစခန်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။

မုန့်သဲသည် မူလက မီးရှို့ရန်သာ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့သောကြောင့် ဥပဒေအရ သူသည် အများဆုံး သုံးနှစ်သာ ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

သို့သော် ပြဿနာမှာ လျူအာကျူး၏ တိုင်ကြားမှုကြောင့် မုန့်သဲ၏ ဘိုးဘေးများသည် သစ္စာဖောက်ကြီးများ ဖြစ်ခဲ့ကြောင်း လူများက ရှာဖွေတွေ့ရှိသွားကြရာ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် မုန့်သဲသည် အရိုက်မခံနိုင်သဖြင့် ၎င်းထံတွင် ငွေများစွာရှိကြောင်း ဝန်ခံလိုက်ပြီးနောက် သူ၏အိမ်အောက်မှ ငွေဒင်္ဂါးပြားများ၊ ရှေးဟောင်းပစ္စည်းများ၊ သေနတ်များနှင့် အမြောက်တစ်လက်ကိုပင် တူးဖော်တွေ့ရှိခဲ့လေရာ မုန့်သဲသည် ယာဉ်မောင်းထက်ပင် ပိုမိုဆိုးရွားစွာ သေဒဏ်ကျခံလိုက်ရသည်။

ထိုသူနှစ်ဦးကို လျင်မြန်စွာ ဖြေရှင်းပြီးနောက် ခရိုင်ပါတီအတွင်းရေးမှူး ချောင်ကော်ဖူက တရားဝင် တာဝန်စတင်ထမ်းဆောင်သည်။

တာဝန်ထမ်းဆောင်ပြီးနောက် သူ၏ ပထမဆုံးလုပ်ရပ်မှာ ဖန်လုံအိမ်ကိစ္စကို ဆွေးနွေးရန် ခရိုင်အရာရှိများအားလုံးကို စုရုံးစေခြင်းပင် ဖြစ်သည်။

ချန်မိသားစု၏ မိတ်ဆက်ပေးမှုမှတစ်ဆင့် ခရိုင်ခေါင်းဆောင်များအားလုံးသည် လျူအာကျူးကို သိရှိကြပြီး ၎င်းထံမှ ထိုခန္ဓာကိုယ်အားဖြည့်ဆေးကို ဝယ်ယူခဲ့ကြလးသည်။

လျူအာကျူးအား ကူညီရမည်ဟု ကြားသောအခါ မည်သူကမျှ ကန့်ကွက်ခြင်း မရှိခဲ့ကြပေ။

ဤသည်က အတွင်းရေးမှူး ချောင်ကော်ဖူအား အနည်းငယ် အံ့အားသင့်သွားစေခဲ့သော်လည်း သူသည်လည်း အလွန်ပျော်ရွှင်သွားခဲ့သည်။

မည်သည့် ခုခံမှုမျှ မရှိခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

သို့ဖြစ်ရာ ခရိုင်တစ်ခုလုံး၏ တညီတညွတ်တည်း သဘောတူညီချက်ဖြင့် လျူအာကျူး ဖန်တီးထားသော ဖန်လုံအိမ်များကို အပြည့်အဝ ကြေညာရန်နှင့် မြှင့်တင်ရန် ပြည်သူ့ကွန်မြူနစ်အဖွဲ့ထံသို့ အကြောင်းကြားခဲ့သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူများမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် ၎င်းကို မြှင့်တင်မည်ဖြစ်သော်လည်း ခရိုင်မှ အမှန်တကယ် အမိန့်ထုတ်ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် သဘာဝကျစွာပင် သူတို့တွင် ပြောစရာ စကားမရှိခဲ့ချေ။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ တစ်ခုလုံးက လျူအာကျူး၏ ဖန်လုံအိမ်များကို ချက်ချင်းပင် စတင် အကောင်အထည်ဖော်ခဲ့ကြသည်။

ဤဖန်လုံအိမ်များသည် ရေတွင်းများနှင့် တွဲဖက်လုပ်ဆောင်ရန် လိုအပ်သောကြောင့် လုကျီယွင်သည်လည်း အရပ်ရပ်သို့ လှည့်လည်ကာ ရွာအသီးသီးတွင် ရေတွင်းများတူးခြင်းနှင့် ဖန်လုံအိမ်နေရာများကို ရွေးချယ်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။

လျူအာကျူးသည် နေ့စဉ် ညဉ့်နက်သည်အထိ အလုပ်လုပ်ပြီးမှ ပြန်လာလေ့ရှိကာ တစ်ခါတစ်ရံတွင် အခြားရွာများမှ တပ်မဟာခေါင်းဆောင်များက သူ့အား စိတ်အားထက်သန်စွာဖြင့် အရက်တိုက်ကြသည်။

တစ်ညတွင် လျူအာကျူးက အရက်မူးပြီး ပြန်လာခဲ့သည်။

ချွန်းအာက သူ၏ခြေထောက်များကို ဆေးကြောပေးနေသည်ကို ကြည့်ရင်း အစပိုင်းတွင် သူက အိပ်ရာထဲဝင်၍ အိပ်ရန်သာ တွေးထားခဲ့သည်။

အံ့ဩစရာကောင်းသည်မှာ ချွန်းအာက ထွက်မသွားခဲ့ချေ။ ထို့အစား သူမသည် အံကို တင်းတင်းကြိတ်ကာ သူမ၏ အဝတ်အစားများကို ချွတ်လိုက်ပြီး သူ၏အိပ်ရာထဲသို့ ဝင်လာကာ တုန်ယင်နေသော အသံဖြင့် ပြောလေသည်။

"အစ်ကိုကျူးဇီ... ကျေးဇူးပြုပြီး ကျွန်မကို ယူပါ... ကျွန်မ အစ်ကို့ရဲ့ ကလေးကို မွေးပေးချင်တယ်..."

လျူအာကျူးသည် 'အသား' မစားရသည်မှာ ကြာပြီဖြစ်ပြီး လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိလာသောကြောင့် သူသည် ဖိနှိပ်ထားသော မီးတောက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က လုကျီယွင်နှင့်အတူ လှည့်လည်သွားလာနေစဉ် ထိုမိန်းမသည်လည်း သူ့အား အမြဲတမ်း စနောက်နေခဲ့သည်။

ယခု ချွန်းအာက သူ့ထံသို့ ကိုယ်တိုင်ပစ်ဝင်လာသည်ကို မြင်သောအခါ သူသည် ဆက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူသည် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နမ်းရှိုက်လိုက်သည်။

ဤကိစ္စသည် ဤမျှလောက် နာကျင်ရလိမ့်မည်ဟု ချွန်းအာအား တကယ်ပင် ထင်မှတ်မထားခဲ့ချေ။

ထို့ပြင် လျူအာကျူးသည် တစ်ညလုံး ဆက်လုပ်နိုင်လိမ့်မည်ဟုလည်း သူမ ထင်မထားခဲ့ပေ။

နောက်တစ်နေ့နံနက်တွင် နျူဟုန်ဟွာသည် သူတို့နှစ်ဦး တစ်ခန်းတည်းမှ ထွက်လာသည်ကို မြင်သောအခါ အလွန်ဝမ်းသာသွားပြီး လျူအာကျူးအား သူတို့၏ လက်ထပ်စာချုပ်ကို သွားယူရန် ချက်ချင်းပင် အတင်းအကျပ် ခိုင်းစေတော့သည်။

လျူအာကျူးသည် တွေဝေခြင်းမရှိခဲ့ပေ။ သူသည် ချွန်းအာအား လက်ထပ်စာချုပ်သွားယူရန် ဦးစွာ ခေါ်သွားခဲ့ပြီးနောက် ချွန်းအာ၏ မိဘများထံသို့ စေ့စပ်လက်ဆောင်အဖြစ် ပို့ဆောင်ရန် ပစ္စည်းအမြောက်အမြားကို ဝယ်ယူခဲ့သည်။

ချွန်းအာ၏ မိဘများသည် လျူအာကျူး၏ အသက်ကယ်ကျေးဇူးကို သတိရကာ လက်ခံရန် လုံးဝ ဆန္ဒမရှိခဲ့ကြပေ။

လျူအာကျူးက အတင်းအကျပ် ပေးမှသာ သူတို့ လက်ခံခဲ့ကြသည်။

ချွန်းအာအား မျက်နှာပန်းလှစေရန် လျူအာကျူးသည် သူမအတွက် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ပွဲကိုလည်း ကျင်းပပေးခဲ့လေသည်။

လျူအာကျူးသည် ဖန်လုံအိမ်များ တည်ဆောက်ရာတွင် ကူညီပေးခဲ့သောကြောင့် ပြည်သူ့ကွန်မြူနစ်အဖွဲ့ရှိ တပ်မဟာအားလုံးသည် ဤကာလအတွင်း ငွေအတော်များများ ရရှိခဲ့ကြသည်။

သူ လက်ထပ်တော့မည်ဟု ကြားသောအခါ တပ်မဟာခေါင်းဆောင်များအားလုံး လက်ဆောင်များ လာပေးကြပြီး ပြည်သူ့ကွန်မြူနစ်အဖွဲ့နှင့် ခရိုင်မှ လူများပင် ရောက်ရှိလာကြသည်။

လျူကျေးရွာမှ လူများသည် သာမန်အရပ်သားတစ်ဦး၏ မင်္ဂလာပွဲကို အဆင့်မြင့်အရာရှိများစွာ တက်ရောက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထိုနေရာတွင် စက်ဘီးများ၊ မော်တော်ဆိုင်ကယ်များနှင့် ကားများဖြင့် ပြည့်ကျပ်နေရာ ရွာသားများမှာ မနာလိုဖြစ်ကာ အားကျလေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။

ချွန်းအာ၏ မိဘများသည်လည်း အလွန်ပျော်ရွှင်နေကြသည်။ သူတို့၏ သမီးသည် ဤမျှကြီးကျယ်ခမ်းနားစွာ လက်ထပ်နိုင်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်မှတ်ထားခဲ့ကြပေ။

လျူအာကျူး၏ မိဘများသည်လည်း သူတို့၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

မင်္ဂလာပွဲပြီးနောက် လျူအာကျူးက ဖန်လုံအိမ်များကို မြှင့်တင်ရန် ဆက်လက် ကြိုးပမ်းအားထုတ်နေခဲ့သည်။

ရိုးရှင်းသော နည်းပညာနှင့် လျူအာကျူး၏ ကြိုးစားပမ်းစား သင်ကြားပေးမှုတို့ကြောင့် ဤနည်းပညာသည် ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ ခရိုင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ခရိုင်၏ ကောက်ပဲသီးနှံအထွက်နှုန်းမှာ ပေါများကြွယ်ဝလာပြီး အစားအစာ ပြတ်လပ်မှုပြဿနာကို ကြီးမားစွာ သက်သာစေခဲ့၏။

ဤသည်မှာ မကြာမီ အထက်လူကြီးများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။ နည်းပညာသည် အလွန်ကောင်းမွန်ကြောင်း အတည်ပြုပြီးနောက် သူတို့သည် နိုင်ငံတစ်ဝန်းလုံး အရှိန်အဟုန်ဖြင့် မြှင့်တင်မှုကို စတင်ခဲ့ကြသည်။

လျူအာကျူးသည် ခရိုင်အနှံ့ လှည့်လည်သွားလာရာမှ နိုင်ငံအနှံ့ လှည့်လည်သွားလာရသည်အထိ ဖြစ်လာခဲ့သော်လည်း သူသည် မလိုက်နိုင်တော့သဖြင့် ကျောင်းတစ်ကျောင်းကိုသာ တည်ထောင်လိုက်တော့သည်။

သူ၏ မူလရည်ရွယ်ချက်မှာ မူလတန်းကျောင်းတစ်ကျောင်း ဖွင့်ရန်ဖြစ်သော်လည်း မမျှော်လင့်ဘဲ နည်းပညာသည် အလွန်ရေပန်းစားလာပြီး လူအများအပြား ရောက်လာသောကြောင့် ကျောင်း၏ အတိုင်းအတာမှာ ပိုပို၍ ကြီးမားလာခဲ့သည်။

အဆုံးတွင် အထက်လူကြီးများက ရန်ပုံငွေများ ချထားပေးကာ သူ၏အတွက် စက်မှုကောလိပ်တစ်ခုကို တည်ထောင်ပေးခဲ့သည်။

၎င်းသည် စက်မှုကောလိပ်ဖြစ်သော်လည်း လျူအာကျူးက သူသည် ၎င်းကို တက္ကသိုလ်တစ်ခုအဖြစ် ၉၈၅ သို့မဟုတ် ၂၁၁ အဖွဲ့အစည်းတစ်ခုအဖြစ်ပင် အဆုံးသတ်တွင် ဖွံ့ဖြိုးတိုးတက်လာစေနိုင်မည်ဟု ယုံကြည်ထားလေသည်။

ကောလိပ်ကို တည်ထောင်ပြီးနောက် လျူအာကျူး၏ အဆင့်အတန်းမှာ သဘာဝကျစွာပင် မြင့်တက်လာခဲ့သည်။

ထို့ပြင် သူသည် ပြည်သူများကို ငတ်မွတ်မှုမှ လွတ်မြောက်စေရန် ကူညီပေးခဲ့သောကြောင့် နောင်တွင် နိုင်ငံရေး 'လေ' များ တိုက်ခတ်လာသောအခါ၌ပင် သူသည် ထိခိုက်မှုမရှိခဲ့ဘဲ ထိုဆယ်နှစ်တာကာလကို ငြိမ်းချမ်းဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။

ဆယ်နှစ်ကြာပြီးနောက် လျူအာကျူးသည် သူ၏စွမ်းအားကို ထုတ်ဖော်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။

သူသည် စီးပွားရေးလုပ်ငန်းအသီးသီးတွင် မဆိုင်းမတွ ပါဝင်ပတ်သက်လာခဲ့သည်။ နေရာလွတ်ကို အားကိုးလျက် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ၏ ပထမဆုံးနှစ်မှာပင် သူသည် နိုင်ငံတွင်း အချမ်းသာဆုံးလူ ဖြစ်လာခဲ့ပြီးနောက် ဝေါလ်စထရိသို့ စတင် ထိုးဖောက်ဝင်ရောက်ခဲ့သည်။

သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို လက်နက်သဖွယ် အသုံးချကာ ကုမ္ပဏီအသီးသီးတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဝေါလ်စထရိတွင် လက်တွေ့အားဖြင့် ပ်ြုင်ဘက်ကင်း ဖြစ်လာခဲ့သည်။

ဘီးလ်ဂိတ်၊ စတိဗ်ဂျော့ဘ်၊ ဂျက်မား၊ ပိုနီမားတို့ကဲ့သို့ သူ၏ အရိပ်က အဓိက စက်မှုလုပ်ငန်းတိုင်းတွင် ရှိနေခဲ့သည်။ သူသည် အပေါ်ယံတွင် ငွေအများအပြားရှိပုံ မပေါ်သော်လည်း လျှို့ဝှက်စွာဖြင့် ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်လာခဲ့တော့၏။

(ပြီးပါပြီ)

‌Lucky Star team ရဲ့ နောက်ထပ်စာစဉ်တစ်အုပ်လည်း ပြီးခဲ့ပြန်ပါပြီ။ ချစ်လှစွာသော စာဖတ်သူများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း အသစ်အသစ်တွေကို ထပ်မံရေးသွားမှာဖြစ်လို့ အားပေးကြပါဦးလို့ပြောရင်း လျူအာကျူးဇာတ်သိမ်းပြီးနောက် ရှေးခေတ်နဲ့ ခေတ်သစ်ကို ကူးပြီး အမှိုက်ကောက်ရင်း အသက်မွေးရတဲ့ “ကျွန်တော်က ကမ္ဘာကူးပြောင်းရင်း အငတ်ဘေးကို ဖြတ်ကျော်နေရတယ်” ဆိုတဲ့ မိသားစု၊ အငတ်ဘေး၊ တရုတ်ကျေးလက်၊ အချိန်ကူးပြောင်းခြင်းတို့ပါတဲ့ ဇာတ်လမ်းလေးကို လမကုန်ခင် ထပ်မံထွက်ရှိမည်ဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါစေရှင့်။

All Chapters