အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀) မျှော်လင့်ချက်မဲ့နေသော အမျိုးသား
လျူအာကျူးသည် သူ၏စက်ဘီးကို စီးကာ ခရိုင်ဆေးရုံသို့ တိုက်ရိုက်သွားသည်။
သူသည် စက်ဘီးကို အတတ်နိုင်ဆုံး မြန်မြန်နင်းလာခဲ့ရာ ခရီးဆုံးသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
သို့သော် သူ ဆေးရုံသို့ရောက်ရောက်ချင်း လူများက သူ့ကို ထူးဆန်းစွာကြည့်ကာ လက်ညှိုးထိုးနေကြသည်ကို သတိထားမိလိုက်လေသည်။
"မြန်မြန်ကြည့်စမ်း... သူပဲလေ... သူများမိန်းမကို ခိုးပြေးပြီးတော့ ဒီနေရာကို လာရဲသေးတယ်..."
"ငွေအများကြီးကို တစ်ပြိုင်နက်တည်း ငှားရလောက်အောင် ဘယ်သူကမှ သဘောကောင်းမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ... သူတို့က ဖောက်ပြန်နေကြတဲ့သူတွေပဲကိုး..."
"သူက သိပ်အသက်ကြီးတဲ့ပုံလည်း မပေါ်ပါဘူး... တကယ်အတုယူမှားစရာပဲ..."
"ဟွန့်... သူက သေချာပေါက် ဆုံးမသွန်သင်မှု ကင်းမဲ့နေတာပဲ... လူကောင်းပုံစံလည်း မပေါက်ဘူး... ထွီ..."
လျူအာကျူးသည် ထိုပြောဆိုသံများကို ကြားရသောအခါ လုံးဝရှုပ်ထွေးသွားဟန် ရှိသည်။
သို့ရာတွင် မြေအောက်ရေရှာဖွေရန်ကိစ္စမှာ အရေးတကြီးဖြစ်နေသောကြောင့် သူက လူနာဆောင်ဆီသို့သာ တိုက်ရိုက်လျှောက်သွားခဲ့သည်။
ယမန်နေ့က လုကျီယွင်နှင့် သူမ၏သမီးလေးတို့သည် အမှတ်(၃) လူနာဆောင်တွင် ရှိနေကြောင်းကို သူ မှတ်မိနေလေသည်။
လျူအာကျူးက တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ် သူနာပြုမလေးတစ်ဦးက သူ့ကို တားဆီးလိုက်သည်။
ထိုသူနာပြုမလေးမှာ ယမန်နေ့က လုကျီယွင် တောင်းပန်ခဲ့ရသူပင် ဖြစ်သည်။ ယခုအခါ သူမက လျူအာကျူးကို ရွံရှာသောဟန်ဖြင့် ပြောလိုက်၏။
"ရှင် ဝင်လို့မရဘူး..."
"ဘာဖြစ်လို့လဲ..."
လျူအာကျူးက နားမလည်စွာဖြင့်
မေးလိုက်သည်။
"အထဲမှာ လူနာရှိနေလို့ အဆင်မပြေလို့လား..."
"ရှင့်ရဲ့ တိတ်တိတ်ပုန်းမိန်းမရဲ့ ယောက်ျားက အထဲမှာ ရှိနေတယ်... ရှင်တို့နှစ်ယောက် ရန်ဖြစ်ပြီး တခြားလူနာတွေကို အနှောင့်အယှက်ပေးတာ ဒါမှမဟုတ် ပစ္စည်းတွေ ခွဲပစ်တာတွေလုပ်ရင် ကျွန်မ လစာဖြတ်ခံရလိမ့်မယ်..."
"ရှင် တကယ်ယောက်ျားပီသရင် သူ့ကို အပြင်ခေါ်ထုတ်ပြီး အပြင်မှာပဲ ရှင်းကြ..."
သူနာပြုမလေးက စူးရှစွာ ပြောလိုက်သည်။
"တိတ်တိတ်ပုန်းမိန်းမ... မင်း ဘယ်သူ့ကို ပြောနေတာလဲ..."
လျူအာကျူးမှာ ပို၍ပင် ရှုပ်ထွေးသွားရလေသည်။
သူနာပြုမလေးက ဒေါသထွက်သွား၏။
"ရှင်ပဲလေ... သူမရဲ့ ယောက်ျားက ဒီကို ရောက်နေပြီကို ရှင်က ဘာလို့ ဟန်ဆောင်နေရသေးတာလဲ... တခြားလူနာတွေကို အနှောင့်အယှက်ဖြစ်မှာကိုသာ မကြောက်ရင် ကျွန်မက ရှင့်လိုလူနဲ့ စကားပြောချင်မယ် ထင်နေလား... မြန်မြန် ထွက်သွားစမ်းပါ..."
ထိုစကားများကို ပြောချပြီးနောက် သူနာပြုမလေးသည် လှည့်ထွက်သွားသည်။
ယမန်နေ့က ဤလူရွယ်လေးမှာ ရုပ်ရည်ချောမောသည်ဟု သူမ တွေးခဲ့မိပြီး သူ၏အမည်၊ နေရပ်တို့ကို မေးမြန်းကာ ယနေ့တွင် ချိန်းတွေ့နိုင်ရန်ပင် စဉ်းစားခဲ့မိသေးသည်။
သို့သော် သူက သူများမိန်းမကို ခိုးပြေးသည့် အနံ့အသက်ဆိုးရွားသော လူရမ်းကားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။
မနေ့ညက သူ့ကို ချိန်းတွေ့ချင်ခဲ့မိသည်ဟူသော အတွေးကြောင့်ပင် သူနာပြုမလေးမှာ ရွံရှာမူးဝေသွားသလို ခံစားလိုက်ရသည်။
လျူအာကျူးသည် ရွံရှာသွားသော သူနာပြုမလေးနှင့် ဘေးနားရှိ စောင့်ကြည့်နေသူများကို ကြည့်ကာ လုကျီယွင်၏ ခင်ပွန်းက သူ့ကို အထင်လွဲနေခြင်းများလားဟု တွေးလိုက်မိသည်။
သူသည် ခေတ္တစဉ်းစားပြီးနောက် အထဲသို့ဝင်ကာ အခြေအနေကို ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ရေအသုံးချမှု အင်ဂျင်နီယာပညာကို နားလည်သူတစ်ဦးနှင့် သူ နောက်ဆုံးတွင် တွေ့ဆုံခဲ့ရပြီဖြစ်ရာ ဤအခွင့်အရေးကို လွတ်မြောက်သွားစေရန် သူ လုံးဝ ဆန္ဒမရှိပေ။
လျူအာကျူးသည် တံခါးကို တွန်းဖွင့်၍ ဝင်သွားလေသည်။ အခန်းထဲတွင် လူနာကုတင် ငါးလုံးရှိသော်လည်း လူနှစ်ယောက်သာ ရှိနေသည်။
ကုတင်ပေါ်တွင် ကလေးငယ်တစ်ဦး လဲလျောင်းနေပြီး ကျယ်လောင်စွာ ငိုကြွေးနေလေသည်။
ကုတင်ဘေးတွင် သွေးကြောများနီရဲနေသော မျက်လုံးများဖြင့် အမျိုးသားတစ်ဦး ထိုင်နေကာ သူ၏လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ဆုပ်ကိုင်ထားလေသည်။
လျူအာကျူး ဝင်လာသည်ကို မြင်သောအခါ ထိုအမျိုးသား၏ ကြမ်းကြုတ်သော အကြည့်များက ချက်ချင်း ရောက်ရှိလာသည်။ လျူအာကျူးက အဖြူရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ သူမည်သူဖြစ်ကြောင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။
လျူအာကျူးသည် လုကျီယွင်ကို မတွေ့ရသဖြင့် အနည်းငယ် စိုးရိမ်သွားကာ မေးလိုက်သည်။
"အစ်မကြီးလု ဘယ်မှာလဲ..."
"မင်းအမေကို @#$-$လိုက်... မင်း တကယ်ပဲ ဖောက်ပြန်တဲ့ကောင် ဖြစ်နေတာကိုး... မင်းက ပေါ်လာရဲသေးတယ်ပေါ့... အဲဒီ မိန်းမရှုပ်ကိုတောင် ရှာရဲသေးတယ်... မင်းကို ငါ ခုတ်ပစ်မယ်..."
လျူအာကျူး၏ စကားကို ကြားသောအခါ ထိုအမျိုးသားမှာ ချက်ချင်းပင် ဒေါသထွက်သွားကာ မီးဖိုချောင်သုံးဓားကို ကိုင်၍ ပြေးဝင်လာတော့သည်။
လျူအာကျူး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း အော်ပြောလိုက်သည်။
"ခင်ဗျား အထင်လွဲနေပြီ... ကျွန်တော်တို့မှာ အဲဒီလို ပတ်သက်မှုမျိုးမရှိဘူး..."
"မင်းအမေ£€^@#&..."
အမျိုးသားသည် လျူအာကျူး၏ ရှင်းပြချက်ကို လုံးဝ လျစ်လျူရှုကာ လျူအာကျူး၏ နဖူးဆီသို့ ဓားဖြင့် လွှဲခုတ်ချလိုက်သည်။
နေရာလွတ်ထဲမှ သေနတ်တစ်လက်က လျူအာကျူး၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ဘေးကင်းလုံခြုံရေးခလုတ်ကို အချိန်ပြည့် ဖြုတ်ထားပြီးဖြစ်ရာ သူသည် ခလုတ်ကို ဆွဲလိုက်တော့သည်။
“ဒိုင်း…..”
သေနတ်သံကြောင့် အမျိုးသားမှာ ချက်ချင်း ရပ်တန့်သွားကာ မီးခိုးထွက်နေသော သေနတ်ပြောင်းဝကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။
ကျည်ဆန်သည် သူ၏မျက်နှာကို ရှပ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ပစ်မှတ်သာ အနည်းငယ် လွဲချော်သွားပါက သူ သေဆုံးသွားမည် ဖြစ်သည်။
လူနာဆောင်အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို စောင့်ကြည့်နေကြသူများလည်း လန့်ဖျပ်သွားကြသည်။
သူက ဘာကြောင့် သေနတ်ကို အသုံးပြုရသနည်းဟု တွေးမိသွားကြသည်။
သူနာပြုမလေးသည် ဆူညံသံကို ကြားသောအခါ အလျင်အမြန် ပြေးလာပြီး တံခါးကို သတိထားကာ တွန်းဖွင့်ကြည့်လိုက်သည်။
အမျိုးသားနှစ်ဦးစလုံး အကောင်းအတိုင်း ရပ်နေသည်ကို သူမ မြင်လိုက်ရသည်။ ဓားကိုင်ထားသော အမျိုးသားမှာ ကြောက်ရွံ့လွန်းသဖြင့် အေးခဲသွားကာ မလှုပ်ရှားနိုင်ဘဲ ခြေထောက်များက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေလေသည်။ သူ၏ပေါင်ကြားတွင် စိုရွှဲနေပြီး စူးရှသော အနံ့အသက်ဆိုးတစ်ခုက လူနာဆောင်တစ်ခုလုံးသို့ ပြန့်နှံ့သွားတော့သည်။
လျူအာကျူးမှာမူ သေနတ်ကို ကိုင်ထားပြီး သူ၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေသည်။
လျူအာကျူးက သေနတ်ပစ်လိုက်သူဖြစ်ကြောင်း အားလုံးက မြင်လိုက်ရသောအခါ တရားဝင် ခင်ပွန်းဖြစ်သူရှိနေမှန်း သိသိရက်နှင့် သူ ဘာကြောင့် အတင်းဝင်လာရဲသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားကြတော့သည်။ သူက လက်နက်ပါလာ၍ ရဲတင်းနေခြင်းပင် ဖြစ်လးသည်။
သို့သော် အားလုံးက သူ့ကို ပို၍ပင် ရွံရှာသွားကြသည်။
“သူများမိန်းမကို ခိုးပြေးပြီးတော့ သတ်ဖို့ သေနတ်နဲ့ပစ်တယ်ပေါ့…”
“ဒါက နတ်ဆိုးတစ်ကောင်ထက်တောင် ပိုပြီး ဆိုးယုတ်နေသေးတယ်…”
လျူအာကျူးသည် ထိုအမျိုးသားကို အေးစက်စွာ ကြည့်လိုက်သည်။
"အခုရော ခင်ဗျား ကျွန်တော့်စကားကို သေချာနားထောင်နိုင်ပြီလား... အစ်မကြီးလုနဲ့ ကျွန်တော်က ခင်ဗျားထင်နေသလို ညစ်ပတ်တဲ့ ပတ်သက်မှုမျိုး မရှိဘူးလို့ ကျွန်တော် ပြောပြီးသားလေ... ကျွန်တော်က ကျွန်တော်တို့ရွာမှာ မြေအောက်ရေရှာဖို့ သူ့ကို ငှားချင်ရုံသက်သက်ပဲ... အဲဒီငွေငါးယွမ်က ကျွန်တော် ကြိုပေးထားတဲ့ စရံငွေပဲ..."
“ဒီလူတွေက ကျွန်တော့်ကို အထင်လွဲနေကြတာက သူတို့ရဲ့နှလုံးသားတွေက ညစ်ပတ်နေလို့ ဘယ်သူ့ကိုမှ လူကောင်းလို့ မမြင်ကြလို့ပဲ..."
"ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို အထင်လွဲတာတော့ ကျွန်တော် နားမလည်နိုင်ဘူး... အစ်မကြီးလုက အဲဒီလောက် သဘောကောင်းတဲ့သူကို ခင်ဗျားက ဘယ်လိုလုပ်ပြီး သူ့အပေါ် ဒီလောက်တောင် အထင်သေးနိုင်ရတာလဲ..."
လျူအာကျူး၏ စကားကို ကြားသောအခါ ဘေးနားရှိ စောင့်ကြည့်နေသူများ၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားကြသည်။
ထိုစကားတစ်ခွန်းတည်းကပင် သူတို့အားလုံးကို ကျိန်ဆဲလိုက်သကဲ့သို့ ဖြစ်သွားသည်။
တစ်စုံတစ်ယောက်က မကျေမနပ်ဖြင့် ဒေါသတကြီး ပြောလာသည်။
"မင်းရဲ့ နှလုံးသားကမှ ညစ်ပတ်နေတာ... သူမက မိန်းမတစ်ယောက်ပဲလေ... မြေအောက်ရေရှာတဲ့အကြောင်း သူက ဘာသိမှာလဲ... မင်းတို့နှစ်ယောက် ဖောက်ပြန်နေကြတာ ရှင်းနေတာပဲ... ဒါက မင်းတို့နှစ်ယောက် လုပ်ကြံဖန်တီးထားတဲ့ လိမ်ညာမှုတစ်ခုပဲ..."
"ဟုတ်တယ်... ငါလည်း အဲဒီလိုပဲ ထင်တယ်..."
"ဒီလောက် ကိုယ်ကျင့်တရားကင်းမဲ့စွာ ပြောဆိုနေတာ မင်းကမှ ညစ်ပတ်တဲ့ကောင်ပဲ..."
"ငါက ဒီလောက် အသက်ကြီးနေပြီကို မင်းက ငါ့ကို ဆဲဆိုနိုင်တယ်လို့ ထင်နေတာလား... မင်းက ဘယ်ကလဲ... မင်းရဲ့ မိဘတွေ ဘယ်မှာလဲ... မင်းကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့သလဲဆိုတာ ငါ မေးရအောင် သူတို့ကို ခေါ်လိုက်စမ်း... မင်း ဘာမှကို မသိတာပဲ..."
ဘေးလူများသည် သူတို့၏ လူအင်အားကို အားကိုးကာ လျူအာကျူးအား ကျိန်ဆဲပြောဆိုကြပြီး သူက ဖောက်ပြန်သူဖြစ်သည်ဟူသော ယုံကြည်ချက်ကို ပိုမိုခိုင်မာစေတော့သည်။
ဤသည်ကို ကြားသောအခါ အမျိုးသားဖြစ်သူမှာ ပို၍ပင် မတရားခံရသည်ဟု ခံစားလိုက်ရသော်လည်း သူ မလှုပ်ရှားရဲပေ။ မီးပွင့်မတတ် မျက်လုံးများဖြင့် လျူအာကျူးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သူက ငါ့မိန်းမလေ... ငါ သူ့ကို မသိဘူးလား... မြေအောက်ရေရှာတဲ့အကြောင်း သူက ဘာသိမှာလဲ... မင်းတို့နှစ်ယောက် ဖောက်ပြန်နေကြတာ သေချာတယ်..."
လျူအာကျူးက ဒေါသထွက်ကာ ရယ်မောလိုက်လေသည်။ ဒေသခံ လူမိုက်အများအပြားကို မြင်ဖူးထားပြီး လုကျီယွင်မှာ ဆင်းရဲသော နောက်ခံမှလာကာ အိမ်ထောင်ပြုရန် ရွေးချယ်စရာ သိပ်မရှိကြောင်းကို သိထားသောကြောင့် ဤအမျိုးသားမှာ မည်သို့သောလူစားမျိုး ဖြစ်ကြောင်းကို သူ တိကျစွာ သိမြင်သွားလေသည်။
ချက်ချင်းပင် သူသည် ကုတင်ပေါ်တွင် ငိုနေသော ကလေးငယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ခင်ဗျားက ခင်ဗျားမိန်းမကို သိတယ်လို့ ပြောတယ်ပေါ့... ကောင်းပြီလေ... ဒါဆို ခင်ဗျားကို ကျွန်တော် မေးမယ်... ခင်ဗျားရဲ့ သမီးလေးက ဘယ်နေ့မှာ မွေးတာလဲ..."
"ဟင်..."
အမျိုးသားသည် လျူအာကျူးက ထိုသို့မေးလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ချက်ချင်း အေးခဲသွားသည်။
အဘယ်ကြောင့်ဆိုသော် သူက တကယ့်ကို မသိ၍ပင် ဖြစ်သည်။
သူ စကားမပြောနိုင်ဖြစ်နေသည်ကို မြင်သောအခါ လျူအာကျူးက လှောင်ပြောင်လိုက်သည်။
"ခင်ဗျားက အစ်မကြီးလုကို သိတယ်လို့ ပြောနေပြီးတော့ သူ မွေးပေးထားတဲ့ ကလေးရဲ့ မွေးနေ့ကိုတောင် မသိဘူးပေါ့... ခင်ဗျား ဘာတစ်ခုမှ သိတာမဟုတ်ဘူး..."
အမျိုးသားမှာ မျက်နှာပူသွားပြီး ဒေါသတကြီး ပြန်ပြောလေသည်။
"အဲဒီတရားမဝင်တဲ့ ကလေးလေးက မင်းတို့နှစ်ယောက် မွေးထားတာလေ... သူ ဘယ်အချိန်မွေးသလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ..."
"ငါက မွေးထားတာ... ဒီကလေးရဲ့ ရုပ်သွင်ပြင်က ခင်ဗျားနဲ့ ဘယ်လောက်တူနေသလဲဆိုတာကို ဘေးဖယ်ထားဦး... အဓိကအချက်က ကျွန်တော်က ခင်ဗျားလို မိသားစုကိုတောင် မရှာကျွေးနိုင်တဲ့ အသုံးမကျတဲ့လူ မဟုတ်ဘူး..."
"အကယ်လို့ အစ်မကြီးလုက တကယ်သာ ကျွန်တော့်မိန်းမဆိုရင် ကျွန်တော် သူ့ကို ခေါ်ပြီး ထွက်ပြေးသွားမှာပေါ့... ဘာဖြစ်လို့ ခင်ဗျားလို အသုံးမကျတဲ့လူကို လုပ်ကျွေးပြုစုဖို့ သူ့ကို ထားခဲ့ရမှာလဲ..."
"ကျွန်တော် တခြားဘာမှ မပြောတော့ဘူး... ဒါပေမဲ့ ခင်ဗျားဆီက ထွက်နေတဲ့ အရက်နံ့ရယ်... ခွန်အားကုန်ခမ်းနေပြီဖြစ်တဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကိုရယ် ကြည့်တာနဲ့တင် ခင်ဗျားက တစ်နေကုန် ဆေးလိပ်သောက်၊ အရက်သောက်တာကလွဲပြီး ဘာတစ်ခုမှ မလုပ်ဘူးဆိုတာကို ကျွန်တော် သိတယ်... ပြီးတော့ ခင်ဗျားမှာ အလုပ်တောင် ရှိမှာမဟုတ်ဘူး... ဟုတ်တယ်မလား..."
"အကယ်လို့ အစ်မကြီးလုမှာ တခြားလူရှိနေတာ တကယ်ဆိုရင် ခင်ဗျားလို အမှိုက်ကောင်နဲ့ သူက ဘာလို့ ဆက်နေမှာလဲ... ခင်ဗျား ခုလေးတင် ဘောင်းဘီထဲ သေးပါချထားတာဆိုတော့ ကြမ်းပြင်ပေါ်က သေးကို မှန်အဖြစ်သုံးပြီး ခင်ဗျားရဲ့ ဘယ်အစိတ်အပိုင်းက သူ့အချစ်နဲ့ ထိုက်တန်သလဲဆိုတာကို ကြည့်လိုက်စမ်းပါ..."
လျူအာကျူးမှာ တကယ့်ကို ဒေါသထွက်နေပြီး မရပ်မနား ဆဲဆိုနေတော့သည်။
ထိုသို့အဆက်မပြတ် စော်ကားခံရပြီးနောက် အမျိုးသားမှာ စကားပြောမထွက်တော့ဘဲ လျူအာကျူး၏ စကားများက အဓိပ္ပာယ်ရှိသည်ဟုပင် ခံစားလိုက်ရလေသည်။
အကယ်၍ လုကျီယွင်တွင်သာ အခြားရွေးချယ်စရာရှိခဲ့လျှင် သူ နေ့တိုင်း ရိုက်နှက်ဆဲဆိုနေမှုများကြောင့် သူမသည် သေချာပေါက် စောစောစီးစီးကပင် ထွက်သွားလောက်ပြီ ဖြစ်သည်။ သူမက ဘာကြောင့် ယခုအချိန်အထိ နေနေရမည်နည်း။
လျူအာကျူးသည် အမျိုးသားဖြစ်သူ နှုတ်ဆိတ်နေသည်ကို ကြည့်ပြီးနောက် ဘေးလူများဘက်သို့ လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ပြီးတော့ ခင်ဗျားတို့တွေ... အတင်းပြောလို့ရအောင် ခင်ဗျားတို့က ဦးနှောက်ကို လုံးဝ မသုံးကြဘူးပဲ... ဘယ်သူ ဘာပြောပြော ခင်ဗျားတို့က ယုံပြီး ကျွန်တော့်ကို အစ်မကြီးလုရဲ့ ဖောက်ပြန်တဲ့လူလို့ စွပ်စွဲနေကြတယ်ပေါ့..."
"အကယ်လို့ ကျွန်တော်က တကယ်သာ ဖောက်ပြန်တဲ့လူဆိုရင် မနေ့ညက ကလေးကို ကုသပေးပြီးတာနဲ့ သားအမိနှစ်ယောက်ကို ခေါ်ပြီး ထွက်ပြေးသွားမှာပေါ့... ခင်ဗျားတို့လို ငတုံးတွေ ပွဲကြည့်ဖို့အတွက် သူတို့ကို ဒီမှာ ချန်ထားခဲ့ပါ့မလား..."
"ပြီးတော့ ခုနက ဘယ်သူက သူ့အသက်အရွယ်ကို အားကိုးပြီး ကျွန်တော့်ကို ဆုံးမချင်နေတာလဲ... ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့သလဲဆိုတာကို သူတို့ကို မေးချင်တယ်ဆိုတာလေ... ကျွန်တော် ခင်ဗျားကို ပြောပြမယ်... ကျွန်တော့်မိဘတွေက ကြားသမျှအရာအားလုံးကို ယုံကြည်ပြီး အပြင်မှာ ငတုံးတစ်ယောက်လိုမနေဖို့ အမြဲတမ်း သင်ပေးခဲ့တယ်... အဲဒီအရက်သမားက စကားနှစ်ခွန်းပြောတာနဲ့ ခင်ဗျားက သူ့ကို ယုံတယ်ဆိုတော့ ခင်ဗျားကလည်း သူ့လိုလူမျိုးမို့လို့လား..."
"ပြီးတော့ ခင်ဗျားတို့အားလုံးက ဘာလို့ အဲဒီလောက် ဒေါသထွက်နေကြတာလဲ... ခင်ဗျားတို့က ဖောက်ပြန်တဲ့သူဆိုတဲ့ စကားလုံးကို ကြားရတာ မခံနိုင်လို့လား... အရင်က အဲဒါနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာ ရဖူးလို့လား..."
"ကျွန်တော့်ကို ဘယ်သူ မေးခွန်းထုတ်ခဲ့သလဲဆိုတာ ကြည့်ရအောင်... အပြင်ထွက်လာပြီး ခင်ဗျားရဲ့ ဇာတ်လမ်းကို ပြောပြပါဦး... ကျွန်တော်တို့အားလုံး ကောင်းကောင်း ရယ်ရအောင်လို့ပါ..."