← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) လုံခြုံရေးဌာန

မကြာမီတွင် ပန်းပဲဆရာသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး ကျိန်ဆဲလိုက်သည်။

"လျူအာကျူး မင်းက သောက်ရူးလား... ကလေးတစ်ယောက်ရဲ့စကားကို တကယ် အတည်ယူလို့ရမလား..."

"ကလေးစကားကို အတည်ယူလို့ မရဘူးလား..."

လျူအာကျူးက ပြန်လည်ချေပလိုက်သည်။

"ပေါက်ကရတွေ... မရတာ သေချာတာပေါ့..."

ပန်းပဲဆရာ၏ ဇနီးက ဝင်ပြောလိုက်သည်။

လျူအာကျူးက အနည်းငယ် ပြုံးလိုက်ပြီး ပြောလေသည်။

"ဒါဆိုရင် ခင်ဗျားတို့နှစ်ယောက်က လီလီ ခင်ဗျားတို့သားတွေကို ရိုက်နေတာကို ကိုယ်တိုင် မြင်ခဲ့တာလား..."

"မမြင်ခဲ့ဘူး..."

ပန်းပဲဆရာက မသိမသာ ပြန်ဖြေလိုက်လေသည်။

"အဲဒါဆိုရင် ခင်ဗျားတို့ကလေးတွေ အရိုက်ခံရတယ်ဆိုတဲ့ အချက်အလက်က သူတို့သုံးယောက်ဆီကနေ လာတာပေါ့ ဟုတ်လား..."

လျူအာကျူးက ဖိအားပေး၍ မေးလိုက်လေသည်။

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ..."

ပန်းပဲဆရာက သဘောမပေါက်သေးဘဲ မေးလေသည်။

လျူအာကျူးက ရယ်မောလိုက်သည်။

"အဲဒီမှာ ပြဿနာရှိတာပဲ... ခင်ဗျားက ခုနကတင် ကလေးစကားကို အတည်ယူလို့ မရဘူးလို့ ပြောခဲ့တယ်လေ... သူတို့က လီလီ ရိုက်တယ်လို့ ပြောရုံနဲ့ လီလီက ရိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်လား... ကျွန်တော်ကတော့ ခင်ဗျားတို့သားတွေကို ယုံကြည်လို့မရဘူးလို့ ထင်တယ်..."

ပန်းပဲဆရာသည် သူ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ငါ့သားတွေပြောတာ အမှန်တွေချည်းပဲ..."

"ဪ... ဒါဆိုရင် လီလီက ခင်ဗျားတို့ရဲ့ မွေးစားအမေပေါ့..."

လျူအာကျူးသည် နောက်သို့ပင် လှည့်ကာ သူ၏ဆရာဖြစ်သူအား ပြောလိုက်လေသည်။

"ဆရာနဲ့ ဆရာကတော်... ဒီလောက်ကြီးမားဝဖြိုးတဲ့ မြေးကြီးတစ်ယောက် ရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်..."

တာ့ရွှယ်ထိုနှင့် သူ၏ဇနီးတို့မှာ အလွန်ရယ်မောနေကြသဖြင့် စကားပင် မပြောနိုင်တော့ပေ။

လီလီသည်လည်း အခြေအနေကို ပို၍ဆိုးရွားသွားစေရန်အတွက် မတ်တတ်ရပ်ကာ ပန်းပဲဆရာနှင့် သူ၏ဇနီးကို အော်ပြောလိုက်လေသည်။

"နင်တို့နှစ်ယောက်က ငါ့ကို အမေလို့ အသိအမှတ်ပြုပြီးမှတော့ ဘာလို့ ငါ့ကို ဒူးမထောက်ကြတာလဲ..."

ပန်းပဲဆရာသည် အလွန်ဒေါသထွက်သွားပြီး မျက်ထောင့်နီကြီးဖြင့် ကြည့်ကာ ကျိန်ဆဲလိုက်လေသည်။

"လျူအာကျူး... မင်းရဲ့ သောက်ပေါက်ကရစကားတွေကို ရပ်လိုက်စမ်း... ငါ့သား ဒူးထောက်ခဲ့တာက လီလီက သကြားလုံးနဲ့ လှည့်စားခဲ့လို့ကွ..."

"ဒါက ကံကြမ္မာလို့ ကျွန်တော် ထင်တယ်... ဒါမှမဟုတ်ရင် လီလီက တခြားဘယ်သူ့ကိုမှ မလှည့်စားနိုင်ဘဲ ခင်ဗျားရဲ့သားကမှ သီးသန့် အလှည့်စားခံရတာလဲ..."

"အတိတ်ဘဝက ခင်ဗျားတို့က လီလီရဲ့ ကလေးတွေ တကယ်ဖြစ်ခဲ့လို့ ဒီဘဝမှာ သူမရဲ့ ကျေးဇူးကို ဆပ်ဖို့ ပြန်လာတာ ဖြစ်နိုင်တယ်..."

လျူအာကျူးက အလွန်ရိုးသားဟန်ဖြင့် ပြောလိုက်ရာ ပန်းပဲဆရာမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

ဤကောင်လေးက အမှန်တရားကို ပြောနေတာ ဖြစ်နိုင်မလား။

ပန်းပဲဆရာ၏ ဇနီးသည် သူမ၏ခင်ပွန်းဖြစ်သူ၏ ပခုံးကို ရိုက်လိုက်လေသည်။

"ရှင် ဘာတွေ ငေးနေတာလဲ... ဒီကလေးက ရှင့်ကို သိသိကြီးနဲ့ လှောင်ပြောင်နေတာကို မြန်မြန်သွားရိုက်စမ်း..."

ပန်းပဲဆရာသည်လည်း သတိပြန်ဝင်လာပြီး ကျိန်းမောင်းလိုက်သည်။

"မင်းကများ ငါ့ကို လာကစားရဲတယ်ပေါ့... မင်းကို အရူးဖြစ်သွားတဲ့အထိ ရိုက်ပစ်မယ်ဆိုတာ ယုံလား..."

အခြေအနေ ပိုမိုဆိုးရွားလာသည်ကို မြင်လိုက်ရသောအခါ တာ့ရွှယ်ထိုက ကြားဝင်ဖြန်ဖြေရန်နှင့် တောင်းပန်ရန် အလျင်အမြန် ထွက်လာခဲ့သည်။

သို့သော်လည်း လျူအာကျူးက သူ၏လွယ်အိတ်ထဲမှ မှတ်စုစာအုပ်ငယ်တစ်အုပ်ကို ဆွဲထုတ်ကာ ပစ်ပေးလိုက်လေသည်။

"မြေးကြီး... မင်း စာဖတ်တတ်လား... အဲဒီအပေါ်မှာ ဘာရေးထားလဲဆိုတာ ကြည့်လိုက်စမ်း..."

ပန်းပဲဆရာသည် စာအနည်းငယ် ဖတ်တတ်သည်။ သူသည် မှတ်စုစာအုပ်ကို သံသယဖြင့် ယူကာ ကြည့်လိုက်၏။

"အထည်အလိပ်စက်ရုံ... လုံခြုံရေးဌာန... လျူအာကျူး..."

သူသည် အံ့အားသင့်သွားပြီး လျူအာကျူးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

"မင်းက အထည်အလိပ်စက်ရုံ လုံခြုံရေးဌာနကို ဘယ်တုန်းက ဝင်သွားတာလဲ..."

"အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..."

လျူအာကျူးသည် ရှေ့သို့တက်ကာ မှတ်စုစာအုပ်ကို ပြန်လုယူလိုက်သည်။

"မြန်မြန် ထွက်သွားစမ်း... ကလေးတွေ ရန်ဖြစ်တာနဲ့တင် ငါ့အိမ်ကို လာရဲတယ်ပေါ့... မင်းရဲ့ကလေးတွေ တခြားသူတွေကို အနိုင်ကျင့်တုန်းကကျတော့ ဘာလို့ တစ်ခွန်းမှ မဟခဲ့တာလဲ..."

ပန်းပဲဆရာကို လီမိသားစုကျေးရွာတွင် ဒေသခံအာဏာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ သူနှင့် သူ၏ဇနီးသည် သူတို့၏ လက်မှုပညာကို အားကိုး၍ လူများကို မကြာခဏ အနိုင်ကျင့်ရုံသာမက သူတို့၏သားများကလည်း မကြာခဏ ပြဿနာရှာတတ်ကြသည်။

ထိုအကြောင်းကြောင့် လီလီသည် ထိုကောင်လေးသုံးယောက်ကို ထိန်းချုပ်နိုင်လောက်အောင် နာမည်ကြီးနေခြင်း ဖြစ်လေသည်။ သို့မဟုတ်ပါက ဤအကြိမ်တွင် လီလီသည်သာ သေချာပေါက် ဒုက္ခရောက်ရမည် ဖြစ်သောကြောင့် လျူအာကျူးအနေဖြင့် ပန်းပဲဆရာ၏ ကလေးသုံးယောက်ကို သက်ညှာပေးမည် မဟုတ်ပေ။

ပန်းပဲဆရာသည်လည်း ကြောက်ရွံ့သွားပြီး သူ၏ဇနီးနှင့် ကလေးများကို အပြင်သို့ အလျင်အမြန် ဆွဲခေါ်သွားတော့သည်။

ပန်းပဲဆရာ၏ ဇနီးသည် စားပွဲပေါ်ရှိ ဂျုံမှုန့်ဖြူပေါက်စီများကို ကြည့်ကာ မကျေနပ်နိုင်သေးဘဲ ရုန်းကန်ရင်း အော်ပြောလိုက်လေသည်။

"ရှင်က ဘာလို့ ကျွန်မကို ဆွဲနေတာလဲ... သူတို့က ကျွန်မတို့ကလေးတွေကို ရိုက်ထားတာကို ဒီအတိုင်း လွှတ်ထားလိုက်တော့မလို့လား..."

အပြင်သို့ရောက်ပြီးနောက် ပန်းပဲဆရာက ကျိန်ဆဲလိုက်သည်။

"မင်း ငြိမ်ငြိမ်နေလို့ မရဘူးလား... သူက အထည်အလိပ်စက်ရုံ လုံခြုံရေးဌာနကကွ..."

"သူက လုံခြုံရေးဌာနကဆိုတော့ရော ဘာဖြစ်လဲ... သူက ရဲစခန်းကမှ မဟုတ်တာ... သူတို့က စက်ရုံကိုပဲ စီမံခန့်ခွဲနိုင်တာလေ ကျွန်မတို့လို သာမန်လူတွေကိုရော စီမံခန့်ခွဲနိုင်လို့လား..."

ပန်းပဲဆရာ၏ ဇနီးက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"အဲဒါကြောင့် မင်းကို ဉာဏ်မရှိတဲ့ ငတုံးမလို့ ပြောတာပေါ့... လုံခြုံရေးဌာနမှာ ဘယ်သူမဆို အလုပ်လုပ်နိုင်တယ်လို့ မင်း တကယ်ထင်နေတာလား... အရင်တုန်းက အဲဒီလူတွေ အကုန်လုံးက ခရိုင်မြို့က လူမိုက်တွေချည်းပဲ... အဲဒါကြောင့်လည်း သူတို့က စက်ရုံအလုပ်သမားတွေကို ထိန်းချုပ်နိုင်တာပေါ့..."

"အဲ့လူမိုက်တွေက သစ္စာရှိမှုနဲ့ ဂုဏ်သိက္ခာကို အလေးထားဆုံးပဲ... ငါတို့သာ လျူအာကျူးကို တကယ်သွားဆွမိရင် သူက လူတစ်ဒါဇင်လောက် ခေါ်လာပြီး ငါတို့အိမ်ကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာယုံလား..."

ပန်းပဲဆရာက မျက်လုံးများကို ပြူးကျယ်စွာ ကြည့်ကာ ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။

သူ၏ဇနီးမှာ ကြောက်လန့်သွားသော်လည်း အနည်းငယ် မကျေနပ်သေးဘဲ မေးလိုက်သည်။

"ဒါဆိုရင် ကျွန်မတို့ ရဲခေါ်လို့ မရဘူးလား..."

"ရဲခေါ်မယ်... သူက လုံခြုံရေးဌာနကလေ... ရဲစခန်းက လူတွေကို သူ မသိဘူးလို့ မင်းထင်နေတာလား... သူတို့က ထမင်းတစ်နပ်လောက် ကျွေးလိုက်ရုံနဲ့ ပြန်လွတ်လာမှာပဲ... ငါတို့ပဲ ဒုက္ခရောက်ရမှာ..."

"ငါ့ကို မယုံဘူးလို့များ မတွေးနဲ့... ငါ ခရိုင်မြို့မှာ ပန်းပဲပညာ သင်နေတုန်းက အဲ့လိုမျိုးတွေ အများကြီး မြင်ခဲ့ဖူးတယ်..."

ပန်းပဲဆရာသည် သူ့ဇနီးကို ခြေထောက်ဖြင့် ကန်လိုက်၏။ အကယ်၍ သူမ မြန်မြန်မသွားပါက သူမ၏မျက်နှာကို ဖြတ်ရိုက်တော့မည့်ပုံပင်။

ကံကောင်းထောက်မစွာဖြင့် သူ၏ဇနီးသည် တကယ်ပင် ကြောက်လန့်သွားပြီး ကလေးများနှင့်အတူ အလျင်အမြန် ထွက်သွားလေတော့သည်။

အိမ်ထဲတွင် တာ့ရွှယ်ထိုသည် လျူအာကျူးကို ကြည့်ကာ ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းချလိုက်လေသည်။

"ဒီကိစ္စကို ဖြေရှင်းဖို့ အနည်းဆုံး တောဟင်းရွက် နှစ်ကျင်းလောက် ပေးရမယ်လို့ ငါ ထင်ထားတာ... ဒါပေမဲ့ မင်းက လှုပ်ရှားမှု နည်းနည်းလေးနဲ့တင် သူတို့ကို မောင်းထုတ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."

ဆရာကတော် မာရှုလျန်သည် စားပွဲပေါ်ရှိ ပေါက်စီများကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။

"ကျူးဇီ... မင်း ပစ္စည်းတွေ ယူလာပြန်ပြီလား... နောက်မှ ပြန်ယူသွားလိုက်... မင်းအိမ်မှာ စားစရာတွေ အများကြီး ရှိနေတာကို..."

လျူအာကျူးက မီးဖိုကို လှမ်းကြည့်လိုက်လေသည်။

"ဆရာတို့ မစားရသေးဘူးမလား..."

"မစားရသေးပါဘူး... ငါတို့ စားတော့မလို့လုပ်တုန်း အဲဒီနှစ်ယောက်က တံခါးလာခေါက်တာ..."

"ရောက်လာမှတော့ ငါတို့‌ ဆရာတပည့်နှစ်ယောက် နောက်မှ သောက်ကြတာပေါ့..."

တာ့ရွှယ်ထိုသည် လျူအာကျူးကို လက်ယပ်ခေါ်လိုက်ပြီးနောက် အနီးနားရှိ မိခင်နှင့် ကလေးသုံးယောက်ကို ထမင်းပြင်ရန် ညွှန်ကြားလိုက်သည်။

လျူအာကျူးသည် လီလီကို တားလိုက်ပြီး သူ၏လွယ်အိတ်ထဲမှ ဆီစက္ကူဖြင့် ထုပ်ထားသော ကြက်ပေါင်ကြော်ကို တိတ်တဆိတ် ထုတ်ကာ ကမ်းပေးလိုက်လေသည်။

ထိုကြက်ပေါင်ကြော်ကို သူ၏စိတ်အာရုံနေရာလွတ်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သောကြောင့် ဤမျှအချိန်ကြာပြီးနောက်တွင်ပင် ပူနွေးနေဆဲဖြစ်ပြီး ကြွပ်ရွကာ နူးညံ့သော အရသာကို ထိန်းသိမ်းထားနိုင်သေးသည်။

"မင်းတို့နှစ်ယောက် မျှစားကြ... မြန်မြန်သွား..."

ကြက်ပေါင်ကြော်ကို ကမ်းပေးပြီးနောက် လျူအာကျူးသည် သူတို့အား ပေါက်စီနှစ်လုံးကိုလည်း ခိုးပေးလိုက်သည်။

လီလီက ကြက်ပေါင်ကြော်ကို ဖက်ထားပြီး လဲ့လဲ့က ပေါက်စီကို ဖက်ထားသည်။ သူတို့နှစ်ယောက် အတူတကွ ပြေးထွက်သွားကြရာ ဆွဲဆောင်မှုရှိသော ရနံ့နှင့် ဆရာကတော်၏ ဆူပူကြိမ်းမောင်းသံတို့သာ ကျန်ရစ်ခဲ့လေတော့သည်။

ဆရာကတော်သည် တောဟင်းရွက်ဆန်ပြုတ်ကို သယ်ဆောင်ကာ ဝင်လာသောအခါ လျူအာကျူးကို မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်လေသည်။

"သူတို့နှစ်ယောက်ကို ဆက်ပြီး အလိုလိုက်နေလိုက်..."

"သူတို့က ကလေးတွေပဲလေ ရသင့်ရထိုက်ပါတယ်..."

လျူအာကျူးသည် တောဟင်းရွက်ဆန်ပြုတ်ကို လှမ်းကြည့်လိုက်ရာ ပြောင်းဖူးမှုန့် အများအပြား ရောနှောထားသည်ကို သတိပြုမိသွားပြီး ကျေနပ်စွာဖြင့် ပြောလိုက်လေသည်။

"ဆရာကတော်... နောက်တစ်ခါကျရင် ပြောင်းဖူးမှုန့် ပိုထည့်ပါ... တောဟင်းရွက်တွေကို အရသာအတွက်ပဲ သုံးပေါ့..."

ဆရာကတော်မှာ ထိုစကားကို ကြားသောအခါ အလွန်အားငယ်သွားပြီး ပြောလိုက်လေသည်။

"ကျူးဇီ... ဘဝဆိုတာ ခုလိုမျိုး ဖြတ်သန်းရမယ့်အရာ မဟုတ်ဘူးလေ..."

"ဘာဖြစ်လို့လဲ... အိမ်မှာ ပြောင်းဖူးမှုန့် မကျန်တော့လို့လား..."

လျူအာကျူးက မေးလိုက်လေသည်။

"ရှိပါသေးတယ်... အများကြီး ကျန်ပါသေးတယ်..."

ဆရာကတော်က အလျင်အမြန် ပြန်ဖြေလိုက်လေသည်။

"ကျွန်တော် မယုံဘူး... ဒီကိုယူခဲ့ ကျွန်တော် ကြည့်မယ်..."

လျူအာကျူးက ခေါင်းကို ဆက်တိုက်ယမ်းရင်း ပြောလိုက်လေသည်။

ဆရာကတော်သည် သူမ၏ပန်းကန်နှင့် တူများကို အလျင်အမြန် ချထားလိုက်ပြီး ပြောင်းဖူးမှုန့် သွားယူရန် သော့ခတ်ထားသော ဗီရိုဆီသို့ သွားလိုက်လေသည်။ ဤသည်မှာ ယခင်က လျူအာကျူး သူတို့ကို ပေးထားခြင်းဖြစ်ပြီး အများအပြား ကျန်ရှိနေသေးသည်။

လျူအာကျူးသည် ဂျုံအိတ်ကို ဆွဲယူကာ အိမ်အပြင်သို့ ပြေးထွက်သွားလေတော့သည်။

ထိုလုပ်ရပ်က သူ၏ဆရာကတော်ကို ရှုပ်ထွေးသွားစေသည်။

"အာကျူးဇီက ဘာလို့ ငါတို့ရဲ့ စားစရာတွေကို လုယူသွားရတာလဲ... သူ့မိသားစုမှာ စားစရာ မရှိတော့လို့လား..."

တာ့ရွှယ်ထိုက သူမကို စကားမပြောနိုင်တော့သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"မင်းက တကယ့်မိန်းမမိုက်ပဲ... အဲ့ကလေးက ကောက်နှံတွေ သွားဖြည့်ဖို့ သွားတာ ဖြစ်ရမယ်..."

"ဟယ်... မဖြစ်ဘူးလေ..."

ဆရာကတော်သည် စိုးရိမ်တကြီးဖြင့် သူမ၏ပေါင်ကို ရိုက်လိုက်ပြီး သူ၏နောက်သို့ အပြေးလိုက်သွားရန် ပြင်လိုက်သည်။

လျူအာကျူးသည် ပြန်ပြေးလာခဲ့ပြီဖြစ်ပြီး ယခုအခါ ပြောင်းဖူးမှုန့် ကျင်း ၂၀ ဖြည့်ထားသော အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

"ဆရာနဲ့ ဆရာကတော်... ကျွန်တော် အိမ်ပြန်အိပ်တော့မယ်... မနက်ဖြန်ကျရင် အရွတ်သန်မာ အရိုးခိုင်မာဆေး နည်းနည်း ဖော်ကြတာပေါ့... အဲ့ဟာက ရောင်းအားကောင်းမယ်လို့ ကျွန်တော် ခံစားနေရတယ်..."

ဆရာကတော်သည် အလျင်အမြန် လျှောက်သွားကာ မြေပြင်ပေါ်မှ ဂျုံအိတ်ကို ကောက်ယူလိုက်သော်လည်း လျူအာကျူးမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် သူမ၏ခင်ပွန်းကို အကြံအရာမဲ့စွာဖြင့် ကြည့်လိုက်သည်။

တာ့ရွှယ်ထိုက အရက်တစ်ငုံ သောက်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"သိမ်းထားလိုက်ပါ... ဒါက ငါ့ဘိုးဘေးတွေ စုဆောင်းခဲ့တဲ့ ကုသိုလ်ကံပဲ..."

"တကယ့်ကို ကုသိုလ်ကံကောင်းတာပါပဲ..."

ဆရာကတော်သည် သူမ၏ခင်ပွန်းကို စိတ်တိုဟန်ဖြင့် ကြည့်လိုက်ပြီး အိတ်ကို သိမ်းဆည်းလိုက်ကာ တာ့ရွှယ်ထိုအား ရှုပ်ထွေးနေသော ခံစားချက်အချို့ဖြင့် ကြည့်လိုက်လေသည်။

"ရှင် ပြောစမ်းပါဦး... အာကျူးဇီကို ငါးနှစ်အတွင်း အိမ်ထောင်ဖက် ရှာမတွေ့နိုင်တဲ့ အခွင့်အရေး ရှိနိုင်မလား..."

တာ့ရွှယ်ထိုသည် သူ၏ဇနီး တွေးနေသည်ကို ချက်ချင်းပင် သိမြင်သွားပြီး ပွင့်ပွင့်လင်းလင်းပင် ဖော်ထုတ်လိုက်သည်။

"ကျူးဇီက အသက် ၃၀ အထိ အိမ်ထောင်မပြုဘူးဆိုရင်တောင် အသက်ရှစ်နှစ်အရွယ်မှာ ရွယ်တူကလေးကို တစ်မီတာအကွာအထိ ကန်ထုတ်နိုင်တဲ့ မင်းသမီးလို အရူးမလေးကိုတော့ လက်ထပ်မှာ မဟုတ်ဘူး..."

"ရှင် ပြောတာ မှန်ပါတယ်..."

ဆရာကတော်က ချက်ချင်း သက်ပြင်းချလိုက်ပြီး ထိုင်ချလိုက်လေတော့သည်။

All Chapters