အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁) အံ့အားသင့်သွားသော လျူအာကျူး
နျူဟုန်ဟွာသည် ယခုအခါ လျူအာကျူး၏စကားကို အပြည့်အဝ နားထောင်နေပြီဖြစ်သောကြောင့် သူ၏စကားကို ကြားသောအခါ လျူဖူရှန့်အား အပြစ်တင်ပြောဆိုနေခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် လျူဖူရှန့်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ငါ့သားရဲ့ ကျေးဇူးကို မှတ်ထားစမ်းပါ... ရှင် နောက်တစ်ခါ လက်ဆော့ဖို့ ရဲသေးရင်တော့ အပ်နဲ့အထိုးခံရမယ်မှတ်ပါ အဘိုးကြီး..."
လျူဖူရှန့်သည် သူ၏ဇနီးဖြစ်သူနှင့် ငြင်းခုံမနေတော့ပေ။ သူသည် အရက်ပုလင်းကို ကျောဘက်တွင် ဝှက်ထားလိုက်ပြီး လျူအာကျူးကို 'V' ပုံစံ လက်ဟန်ပြလိုက်ရာ လျူအာကျူးကလည်း ကျုံးဟွာ စီးကရက်တစ်လိပ်ကို သိတတ်စွာဖြင့် ကမ်းပေးလိုက်ပြီး မီးခြစ်ဖြင့်ပါ မီးညှိပေးလိုက်သည်။
"ဪ အက်စ်တီ းဒူးပွန့်ပါလား... အရင်တုန်းက ငါ့ဆီမှာလည်း တစ်လုံးရှိခဲ့ဖူးတယ် နောက်တော့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး... ပြည်သူ့ကွန်မြူနစ်အဖွဲ့ကလူတွေ ယူသွားတာဖြစ်မယ်..."
လျူဖူရှန့်သည် စီးကရက်ကို တစ်ဝကြီး ရှိုက်ဖွာလိုက်ပြီး မီးခြစ်ကိုယူကာ ဆော့ကစားနေရင်း သူ၏မျက်နှာပေါ်တွင် ခံစားချက်များ ပြည့်နှက်နေသည်။
"မင်းတို့က ငါတို့မိသားစုမှာ ငွေဘယ်လောက်ရှိခဲ့လဲဆိုတာကို သိချင်နေကြတာမလား... ငြိမ်ငြိမ်ထိုင်နေကြ လန့်မသွားနဲ့ဦး..."
"အဲဒီတုန်းက မင်းရဲ့အဘိုးက နိုင်ငံခြားမှာ ပညာသင်ခဲ့တာဆိုတော့ အမြော်အမြင်ရှိတယ် နည်းလမ်းရှိတယ် နောက်ပြီးဗဟုသုတလည်းရှိတော့ စီးပွားရေးလုပ်ငန်းတွေ အများကြီးကို စတင်ခဲ့တယ်..."
"ငါတို့မိသားစုမှာတင် ဘဏ်သုံးခုရှိတယ် ပြီးတော့ ရုပ်ရှင်ရုံဆယ့်နှစ်ရုံ သွင်းကုန်ထုတ်ကုန် ကုန်သွယ်ရေးကုမ္ပဏီတစ်ခု ကုန်တင်သင်္ဘောသုံးစင်းနဲ့ လယ်မြေမူ တစ်သောင်းခုနစ်ထောင်တောင် ရှိခဲ့တာ..."
"ငါမှတ်မိသေးတယ် တစ်နှစ်နှစ်သစ်ကူးအချိန်မှာ ဝင်ငွေတွေ တွက်ချက်နေကြတော့ ငါက အနားမှာ ကစားနေရင်း မင်းရဲ့ အဘိုးက အဲဒီနှစ်မှာ ငွေဒင်္ဂါးပြား ငါးသိန်းနှစ်သောင်းတိတိ အမြတ်ရခဲ့တယ်လို့ ပြောတာကို ကြားခဲ့ရတယ်..."
"တကယ်တော့ အဲဒီတုန်းက မိသားစုရဲ့ စုစုပေါင်း စုဆောင်းငွေ ဘယ်လောက်ရှိခဲ့လဲဆိုတာကို ငါသေချာမသိပေမယ့် စစ်ဘုရင်တွေတောင် ငါတို့ဆီကလာပြီး ငွေချေးခဲ့ရတယ်..."
"ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီအကြောင်းကို တွေးတောင်မတွေးနဲ့တော့... လွတ်မြောက်ရေးကာလမတိုင်မီ ပြီးနောက်မှာ အဲဒီအကြွေးစာချုပ်တွေအားလုံးကို ငါမီးရှို့ပစ်ခဲ့တယ်... အဲဒါတွေက အကြွေးတွေမဟုတ်ဘူး ကပ်ဘေးတွေပဲ..."
လျူအာကျူးမှာ လုံးဝ အံ့အားသင့်သွားလေသည်။
သူသည် သူ့မိသားစု ချမ်းသာခဲ့သည်ဟု ထင်ထားခဲ့သော်လည်း ဤမျှလောက်အထိ ချမ်းသာလိမ့်မည်ဟု တကယ့်ကို မထင်ထားခဲ့မိပေ။
တစ်နှစ်လျှင် ငွေဒင်္ဂါးပြား ငါးသိန်းကျော်ဆိုသည်မှာ သမ္မတခေတ်ကာလ၌ တစ်နိုင်ငံလုံးရှိ ထိပ်တန်းအချမ်းသာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်စေခဲ့မည် ဖြစ်လေသည်။
ထိုကာလ၌ လျူဖူရှန့်သည် တရုတ်နိုင်ငံ၏ နောက်ဆုံးဧကရာဇ်နှင့်အတူ ထိုင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ နောက်ဆုံးဧကရာဇ်ကပင် သူ့အား အရက်ငဲ့ပေးရန် ကိုယ်တိုင်ဦးဆောင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
အမှန်တကယ်ဆိုရလျှင် ထိုခေတ်က ချန်ကေရှိတ်ပင်လျှင် လျူအာကျူး၏ အဘိုးအား လေးစားမှုဖြင့် ဆက်ဆံခဲ့ရမည် မဟုတ်ပါလော။( ချန်ကေရှိတ်က ကွမ်တုံအခေါ်ပါ။ ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ)
သူတို့၏ဘေးတွင် နျူဟုန်ဟွာနှင့် လီဆွေ့ဆွေ့တို့မှာလည်း လုံးဝ မှင်တက်နေပုံရသည်။ သူတို့နှစ်ယောက်စလုံးမှာ ပညာအရည်အချင်း များများစားစား မရှိကြဘဲ ငွေဒင်္ဂါးပြား ငါးသိန်းဆိုသည်မှာ မည်မျှ အထင်ကြီးစရာကောင်းကြောင်းကို တကယ်ကိုပင် စိတ်ကူးမယဉ်နိုင်ကြပေ။ သူတို့သည် လက်ရှိဝင်ငွေအပေါ် အခြေခံ၍သာ တွက်ချက်နိုင်ကြသည်။
ဤခေတ်ကာလတွင်ပင် တစ်နှစ်လျှင် ငါးသိန်းကျော် ရှာဖွေနိုင်ခြင်းက နိုင်ငံအတွင်း ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေနိုင်လေသည်။
"အဘိုးကြီး... ငါတို့မိသားစုက အစကတည်းက အဲဒီလောက်တောင် အံ့မခန်းဖြစ်ခဲ့တာလား... ဒါဆိုရင် ရှင်က ငွေတွေ ရတနာတွေ ဒါမှမဟုတ် တစ်ခုခုကိုများ ချန်ထားခဲ့သေးလား..."
နျူဟုန်ဟွာက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
လျူအာကျူးနှင့် လီဆွေ့ဆွေ့တို့သည် ချက်ချင်းပင် တက်ကြွသွားကြပြီး လျူဖူရှန့်အား ကြီးမားသော မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြသည်။
ထိုမျှများပြားသော ငွေကြေးများဖြင့် သေးငယ်သော အစိတ်အပိုင်းတစ်ခုကို ဖွက်ထားခဲ့လျှင်ပင် မိသားစုတစ်စုလုံး တိုးတက်ကြီးပွားရန် လုံလောက်နေပေပြီ။
လျူဖူရှန့်က သက်ပြင်းချလိုက်၏
"အကုန်လုံး အယူခံလိုက်ရတယ်..."
နျူဟုန်ဟွာ၏ မျက်နှာမှာ တင်းမာသွားပြီး သူမသည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ကာ အံကြိတ်သံများပင် ထွက်ပေါ်လာသည်။
လီဆွေ့ဆွေ့သည်လည်း အလျင်အမြန်ပင် အကြည့်လွှဲလိုက်ပြီး သူမ၏ အမူအရာမှာ အနေခက်နေလေသည်။
လျူအာကျူး တစ်ယောက်သာ ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် ရှိနေသည်။
"ဘယ်သူတွေ ယူသွားတာလဲ... သူတို့ ဘယ်ကို ယူသွားတာလဲ..."
လျူဖူရှန့်သည် မည်သူမျှ မရှိကြောင်း သေချာစေရန် ပြတင်းပေါက်အပြင်ဘက်သို့ ဦးစွာ လှမ်းကြည့်လိုက်ပြီးနောက် စီးကရက်ကို တစ်ဝကြီး ရှိုက်ဖွာလိုက်ကာ ဆွေးမြေ့စွာဖြင့် ပြောလိုက်လေသည်။
"ကျူးဇီ... အစတုန်းက မင်းကို မပြောပြဖို့ ရည်ရွယ်ထားတဲ့ ကိစ္စတချို့ရှိတယ်... မင်းသိသွားရင် နာကြည်းသွားမှာကိုလည်း ငါကြောက်သလို မင်းရဲ့ နုနယ်ပြီး စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ သဘာဝကြောင့် ပြဿနာဖြစ်လာမှာကိုလည်း ငါကြောက်တယ်..."
"ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း မင်းရဲ့ စွမ်းဆောင်ရည်က ငါ့မျှော်မှန်းချက်တွေထက် တကယ့်ကို သာလွန်နေခဲ့တယ်ဆိုတော့ မိသားစုကိစ္စတွေကို မင်းကိုပြောပြဖို့ အချိန်တန်ပြီ…”
"ငါက မင်းရဲ့ အဘိုးအကြောင်းကို အမြဲပြောနေပေမယ့် မိသားစုထဲက တခြားသူတွေအကြောင်းကို ဘာလို့ တစ်ခါမှ မပြောတာလဲဆိုတာကို မင်း သိချင်ဖူးလား..."
လျူအာကျူးက ခေါင်းညိတ်လိုက်လေသည်။
"ကျွန်တော် သိချင်ဖူးတယ်... ဒါပေမဲ့ အဘိုးက အဖေ့ကို အချစ်ဆုံးမို့လို့ အဖေက အမြဲတမ်း သူ့အကြောင်း ထည့်ပြောနေတာလို့ပဲ ကျွန်တော် ထင်ခဲ့တာ..."
လျူဖူရှန့်က ခါးသက်သက် ပြုံးလိုက်လေသည်။
"အဲဒါက အကြောင်းပြချက်ရဲ့ တစ်စိတ်တစ်ပိုင်းပါ... ဒါပေမဲ့ ပိုကြီးမားတဲ့ အကြောင်းပြချက်ကတော့ မင်းရဲ့ အဘိုးနဲ့ အဘွားက မင်းရဲ့ အဒေါ်နှစ်ယောက်ကိုခေါ်ပြီး နိုင်ငံခြားကို ထွက်ပြေးသွားကြလို့ပဲ..." (လျူဖူရှန့်ရဲ့အမေနဲ့အဖေပါနော်)
"ရိုးရိုးသားသားပြောရရင် သူတို့ ထွက်ပြေးသွားကြတဲ့အပေါ် ငါ မမုန်းပါဘူး... ဒါပေမဲ့ အရာအားလုံးကို ထမ်းကစားဖို့ ငါ့ကို တမင်တကာ ချန်ထားရစ်ခဲ့တာကိုတော့ ငါမုန်းတယ်..."
"အဲဒီတုန်းက သူတို့က ရနိုင်သမျှ စီးပွားရေးလုပ်ငန်းတိုင်းကို ရောင်းချခဲ့ကြပြီး ရွှေ ကျင်းနှစ်ထောင်နဲ့ ငွေဒင်္ဂါးပြား ငါးသန်းကို လဲလှယ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့ကြတယ်... သူတို့က ငါ့ကိုလည်း ခေါ်သွားမယ်လို့ သဘောတူခဲ့ကြပြီး မထွက်ခွာခင် ငါ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို ရောင်းချဖို့ အချိန်ပေးမယ်လို့ ပြောခဲ့ကြတယ်..."
"ဒါပေမဲ့ ငါ့ရဲ့ ပိုင်ဆိုင်မှုတွေကို ရှင်းလင်းနေတုန်းမှာပဲ သူတို့က ငါ့ကွယ်ရာမှာ သင်္ဘောတစ်စင်းနဲ့ တိတ်တဆိတ် ထွက်သွားခဲ့ကြတယ်... မထွက်ခွာခင်မှာ သူတို့က အရာအားလုံးကို ငါ ဆက်ခံဖို့ ချန်ထားခဲ့တယ်ဆိုပြီးတော့တောင် သတင်းလွှင့်သွားခဲ့သေးတယ်..."
"အဲဒီအချိန်တုန်းကသာ ငါက လျင်လျင်မြန်မြန် တုံ့ပြန်မှုမလုပ်ခဲ့ဘူးဆိုရင် ငါ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုအားလုံးကို လွှဲပြောင်းမပေးခဲ့ဘူးဆိုရင် မိသားစုပိုင်ဆိုင်မှု အထောက်အထားအားလုံးကို မီးမရှို့ခဲ့ဘူးဆိုရင် ငါ့ရဲ့ နိဂုံးက အခုထက် အဆတစ်ရာလောက် ပိုပြီး အဖြစ်ဆိုးနေမှာ အသေအချာပဲ..."
ဤသည်မှာ လိမ်ညာနေခြင်းမဟုတ်ပေ။ ထိုစဉ်က မြေရှင်ကြီးများအား ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးပြုခဲ့သော နည်းလမ်းများမှာ လေပြင်းများ တိုက်ခတ်လာချိန်ကထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်လှလေသည်။
အကယ်၍သာ လျူဖူရှန့်သည် အလျင်အမြန် တုံ့ပြန်ကာ အထောက်အထားအားလုံးကို မီးမရှို့ပစ်ခဲ့ပါက လူများအနေဖြင့် သူ၏မိသားစုမှာ မြေရှင်ကြီးများ ဖြစ်ကြောင်းကိုသာ သိစေပြီး နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်နိုင်လောက်အောင် ချမ်းသာခဲ့ဖူးကြောင်းနှင့် သူ၏မိသားစုမှာ ငွေများအားလုံးယူကာ ထွက်ပြေးသွားခဲ့ကြောင်းကို မသိစေရန် မလုပ်ဆောင်ခဲ့ပါက ဒေါသထွက်နေသော ဆင်းရဲသားများ၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို မခံရမီ အာဏာပိုင်များ၏ တရားစီရင်ခြင်းကိုပင် အသက်ရှင်လျက် မြင်တွေ့ခွင့်ရခဲ့မည် မဟုတ်ပေ။
သို့သော် လျူအာကျူး နားမလည်နိုင်သော အရာတစ်ခု ရှိနေလေသည်။
"အဖေ... သူတို့က ဘာလို့ အဖေ့ကို ချန်ထားခဲ့ရတာလဲ... အထူးသဖြင့် အဖေ့ရဲ့ အရင်းနှီးဆုံး မိဘတွေကလေ..."
လျူဖူရှန့်က ခါးသက်စွာ ပြုံးလိုက်လေသည်။
"ဘာလို့လဲဆိုတော့ မင်းရဲ့ အဘိုးက ငါ့ကိုပဲ သဘောကျလို့လေ... သူက မင်းရဲ့ အဘိုးအကြောင်းကိုတောင် သိပ်မတွေးဘဲ ငါ့ကို မိသားစုစီးပွားရေး ဆက်ခံစေချင်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်... အဲဒီကနေတစ်ဆင့် မင်းရဲ့ အဘိုးနဲ့ အဒေါ်နှစ်ယောက်က အရမ်းကို မကျေမနပ်ဖြစ်သွားကြပြီး ငါ့ကို တမင်တကာ ပစ်မှတ်ထားခဲ့ကြတာ..."
"အဲဒါကြောင့်မို့လို့ ချမ်းသာကြွယ်ဝမှုက ဘယ်လောက်ပဲ ကြီးမားနေပါစေ ညီအစ်ကိုတွေ အချင်းချင်း ဆန့်ကျင်ဘက် မလုပ်ကြဖို့ မင်းတို့ ညီအစ်ကိုနှစ်ယောက်ကို ငယ်ငယ်ကတည်းက ငါ သင်ပေးခဲ့တာ... မိသားစု စည်းလုံးညီညွတ်မှုထက် ဘယ်ငွေကြေးပမာဏကမှ ပိုအရေးမကြီးဘူး..."
"မင်းရဲ့ အစ်ကိုကြီးက ရိုးရှင်းတဲ့ သဘာဝရှိပြီး ခေါင်းမာတယ်... သူ တစ်ခုခု ကြံစည်မှာကိုတော့ ငါ မကြောက်ဘူး..."
"ဒါပေမဲ့ မင်းက ငယ်ငယ်ကတည်းက လည်ဝယ်ပြီး စိတ်သဘောထား ကြီးမားတဲ့အတွက် ငါ အစိုးရိမ်ဆုံးကတော့ အမြတ်အစွန်းလေး နည်းနည်းကြောင့် မင်း အစ်ကိုနဲ့ ရန်ဖြစ်မှာကိုပဲ... အဲဒါကြောင့်မို့လို့ မင်းကို အသိတရားရလာအောင် ဆက်ပြီး စာသင်ဖို့ ငါ တိုက်တွန်းခဲ့တာ..."
လျူအာကျူးသည် သူ၏ဖခင်အိုကြီးအား လွန်စွာလေးစားအားကျမှုဖြင့် ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ယခင်ဘဝက ကိုယ်ကျိုးအတွက်သာ ဆက်လက်ပညာသင်ကြားခဲ့ပြီး အခြားမြို့တစ်ခုတွင် အလုပ်သမားအဖြစ်ပင် အလုပ်လုပ်ခဲ့ကာ မိသားစုကို ပျက်စီးစေခဲ့သောကြောင့်ဖြစ်သည်။
ယခုမူကား အမှားများကို ပြုပြင်ရန် သူ ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်ရာ သူ၏ ယခင်ဘဝမှ ထိုအကျင့်ဆိုးများကို နောက်ဆုံးတွင် ပြုပြင်နိုင်ခဲ့လေပြီ။
သူ့ဖခင်အိုကြီး၏ လူကဲခတ်မှုမှာ တကယ့်ကို မှန်ကန်လှပေသည်။
ထိုနည်းတူစွာပင် သူ၏ အဘိုးကလည်း သူ့အပေါ် တကယ်ကို အကဲဖြတ်မမှားခဲ့ပေ။ သူ၏ ဖခင်ဖြစ်သူ၏ လူကဲခတ်တတ်သော အမြင်နှင့် အလွန်နာကျင်ရသော သစ္စာဖောက်မှုကို ခံခဲ့ရပြီးနောက် ထိုအမှောင်ထုကာလကို ဖြတ်ကျော်ကာ ယခုအချိန်အထိ အမှန်တကယ် အသက်ရှင်ရပ်တည်နိုင်ခဲ့ခြင်းကို အခြေခံ၍သာ ကြည့်မည်ဆိုလျှင် အကယ်၍ သူ့အား မိသားစုစီးပွားရေးကို ဆက်ခံခွင့် ပြုခဲ့မည်ဆိုပါက မိသားစု၏ စီးပွားရေးနှင့် အဆင့်အတန်းကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ သေချာပေါက် တက်လှမ်းစေနိုင်မည် ဖြစ်သည်။
"ဒါနဲ့ အဖေ... ကျွန်တော်တို့မိသားစုမှာ နိုင်ငံခြားက ဆွေမျိုးတွေရှိတယ်ဆိုတာကို လူဘယ်နှစ်ယောက်လောက်သိလဲ..."
လျူအာကျူးသည် ပို၍ပင် ကြီးလေးသော ပြဿနာတစ်ခုကို တွေးမိသွားသည်။
နှစ်အနည်းငယ်အကြာ လေပြင်းများ တိုက်ခတ်လာသည်နှင့် တစ်ပြိုင်နက် နိုင်ငံခြား ဆက်သွယ်ရေးရှိသူများမှာ အဆိုးရွားဆုံး ကြုံတွေ့ရမည် ဖြစ်လေသည်။
"သိတဲ့သူတော့ တော်တော်များတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး... ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးတုန်းက မင်းရဲ့ အဘိုးတို့က မိသားစုပိုင်ဆိုင်မှုတွေကို ကိုင်တွယ်ဖို့ အိမ်ကို အလျင်စလို ပြန်လာရင်း မြစ်ထဲကျပြီး ရေနစ်သေဆုံးသွားတယ်လို့ လူအများသိအောင် ငါ ကြေညာခဲ့တယ်..."
"သူတို့က ဒီတစ်သက်တော့ ငါ့ကို လာတွေ့ရဲတဲ့မျက်နှာ ရှိမယ်မထင်ဘူး... အဲဒါကြောင့် သူတို့ နိုင်ငံခြားကို ထွက်ပြေးသွားတယ်ဆိုတဲ့အချက်က ဘယ်တော့မှ ပေါက်ကြားသွားမှာ မဟုတ်ဘူး..."
လျူဖူရှန့်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ်ရှိနေပြီး လျူအာကျူးအနေဖြင့် သူ၏ ဉာဏ်ပညာကို ကိုးကွယ်လေးစားလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
သို့သော် လျူအာကျူးမှာ ထိုစကားကို ကြားသောအခါ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ကြွားလုံးထုတ်ခြင်းမှာ တစ်ကဏ္ဍဖြစ်သော်လည်း ကျေးဇူးပြု၍ နိမိတ်မကောင်းသည့် စကားများ မပြောပါနှင့်လော။
"အဖေ အရင်အနားယူလိုက်ဦး... မီးခြစ်ကို ပေး... ကျွန်တော် ဆရာ့အိမ်ကို သွားမလို့..."
လျူအာကျူးသည် သူ၏ဖခင် ဆော့ကစားနေသော မီးခြစ်ကိုယူရန် လက်လှမ်းလိုက်သည်။
လျူဖူရှန့်သည် လေးနက်သော မျက်နှာထားဖြင့် မီးခြစ်ကို သူ၏ ဖင်အောက်သို့ ပေါ့ပေါ့ပါးပါး ထိုးထည့်လိုက်သည်။
"ဘာမီးခြစ်လဲ... မင်းရဲ့ အဖေက လယ်သမားတစ်ယောက်ပါ... အဲဒီလို ခေတ်မီတဲ့ ပစ္စည်းမျိုးကို ငါ တစ်ခါမှတောင် မမြင်ဖူးပါဘူး..."
"..."
တကယ့်ကို အပြစ်တစ်ခုပါပေတကား။
သူ လှည့်စားယူလာခဲ့သော ပစ္စည်းလေးမှာ သူ၏ဖခင်ထံမှ ပြန်လည်လှည့်စားခံရလိမ့်မည်ဟု လျူအာကျူး ထင်မှတ်မထားခဲ့မိပေ။
သူ့ဖခင်အနေဖြင့် အမြဲတမ်း လှဲလျောင်းနေရသည်မှာ တကယ်ကို ပျင်းစရာကောင်းကြောင်းကို သိထားသဖြင့် ၎င်းကို အချိန်ဖြုန်းရန် တစ်ခုခုပေးလိုက်သည်ဟုသာ သဘောထားလိုက်သည်။ လျူအာကျူးသည် ၎င်းကို အတင်းအကျပ် ပြန်မယူတော့ဘဲ စိတ်တိုစွာဖြင့်သာ ပြောလိုက်သည်။
"မီးခြစ်ကို ကန်းပေါ်မှာ မထားနဲ့... ပေါက်ကွဲပြီး အဖေ့ဖင်ကြီး လွင့်ထွက်သွားမှာကို မကြောက်ဘူးလား..."
"ထွက်သွားစမ်း..."
လျူဖူရှန့်က မီးခြစ်ကို ဆော့ကစားနေရင်း သူ့အား တိုက်ရိုက်ပင် မောင်းထုတ်လိုက်သည်။
ဤအရာကို သူ အသုံးမပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ သူ၏ လက်မဖြင့် အဖုံးကို ပင့်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ချမ်းသာကြွယ်ဝပြီး မည်သည့်ပူပန်မှုမျှ မရှိခဲ့သော ထိုလူငယ်ဘဝနေ့ရက်များဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်မှုများနှင့် ခံစားချက်များ အပြည့်အဝ ရှိနေတော့သည်။