အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) ပထမဆုံး ကြင်ဖက်တွေ့ဆုံခြင်း
လျူအာကျူးသည် အိမ်သို့ပြန်ရောက်လာပြီး သူ၏မိခင်နှင့် မရီးဖြစ်သူတို့၏ မျက်နှာပေါ်ရှိ နာကျင်ဝမ်းနည်းနေသော အမူအရာများကို မြင်လိုက်ရသောအခါ ထိုကြက်သုံးကောင် ဆုံးရှုံးသွားသည့်အတွက် သူတို့ နောင်တရနေကြကြောင်းကို သိလိုက်သည်။
သူသည် နံရံနံဘေးရှိ ဂုန်နီအိတ်ဆီသို့ ချက်ချင်းပြေးသွားကာ တောကြက်နှစ်ကောင်ကို ဆွဲထုတ်လိုက်လေသည်။
“ အမေ... ကျွန်တော် ဒီတစ်ခါ ကြက်မတွေ ဖမ်းလာခဲ့တယ်... အဲဒါတွေကို မွေးထားလိုက်... နောက်ဆိုရင် ကျွန်တော်တို့မိသားစု စားဖို့ ကြက်ဥတွေ ရပြီပေါ့...
ယောက္ခမနှင့် ချွေးမဖြစ်သူတို့မှာ အာရုံပြောင်းသွားကြပြီး ထိုတောကြက်နှစ်ကောင်ကို စစ်ဆေးရန် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာကြသည်။
တကယ့်ကို ကြက်မတွေပင် ဖြစ်လေသည်။
လီဆွေ့ဆွေ့သည် အလွန်စိတ်လှုပ်ရှားသွားပြီး တောကြက်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။
“အမေ... အမေ…”
“ဖြန်း…”
နျူဟုန်ဟွာသည် လီဆွေ့ဆွေ့၏ ဂုတ်ကို တစ်ချက်ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“နင် ကောင်မလေး တုံးလိုက်တာ... ဘာကို အမေလို့ ခေါ်နေတာလဲ…”
“ဟီးဟီး... အမေ... ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ…”
လီဆွေ့ဆွေ့က ရှက်ရွံ့စွာ ရယ်မောရင်း ပြောလေသည်။
နျူဟုန်ဟွာသည်လည်း အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူမကို ဆက်မဆူတော့ပေ။
ယခုခေတ်ကာလတွင် စီမံကိန်းချ စီးပွားရေးစနစ် ရှိနေသောကြောင့် လူအများသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကြောက်ရွံ့နေကြပြီး ကောင်းမွန်သောအရာ တစ်ခုခုကို စားသောက်လျှင်ပင် တိုင်တန်းခံရမည်ကို စိုးရိမ်နေကြရသည်။
သို့သော် ဤကြက်ဖင်ဘဏ်ကိစ္စကတော့ လုံးဝ ပြဿနာမရှိပေ။(ကြက်ကနေ ကြက်ဥဥတာကို ကျေးလက်ဗန်းစကားနဲ့ပြောတာပါ)
ဝယ်ယူရေးစခန်း သို့မဟုတ် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းတွင် ကြက်ဥများကို အသုံးပြု၍ ကုန်ပစ္စည်းများနှင့် လဲလှယ်နိုင်သလို တိုက်ရိုက်ငွေလဲလျှင်လည်း မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
ယောက္ခမနှင့် ချွေးမတို့ အာရုံပြောင်းသွားသည်ကို မြင်သောအခါ လျူအာကျူးသည် ထွက်သွားရန် လှည့်လိုက်သည်။
“ဒေါက်... ဒေါက်... ဒေါက်…”
တစ်စုံတစ်ယောက်က တံခါးလာခေါက်သဖြင့် ထိုမိသားစု ပြန်ရောက်လာပြီဟု ထင်မှတ်ကာ လျူအာကျူးမှာ လန့်ဖြန့်သွားရသည်။
သူသည် ပုန်းရှောင်ရန်အတွက် နံရံကို ကျော်တက်ရမည်လားဟု စဉ်းစားနေစဉ် အပြင်ဘက်မှ လျူမာရွှမ်း၏ အသံကို ကြားလိုက်ရသည်။
“ကျူးဇီ... မင်းနဲ့ ငါ ပြောစရာလေးရှိလို့... ငါ့နောက်လိုက်ခဲ့ပါဦး…”
“လာပြီ…”
ဆရာဖြစ်သူ၏ သားဖြစ်ကြောင်း ကြားလိုက်ရသဖြင့် လျူအာကျူးသည် သက်ပြင်းချလိုက်ပြီး အလျင်အမြန် ထွက်လာခဲ့လိုက်သည်။
“ဘာကိစ္စရှိလို့လဲ အစ်ကိုရွှမ်း…”
လျူမာရွှမ်းသည် လျူအာကျူးကို ရွာအဝင်ဝဆီသို့ ဆွဲခေါ်သွားလေသည်။
“မင်းမရီးပြောတာ ဘေးရွာမှာ တော်တော်လေး ကောင်းတဲ့ မိန်းကလေးငယ် တစ်ယောက်ရှိတယ်တဲ့... သူက ခရိုင် အထည်အလိပ်စက်ရုံက ပညာသင်အလုပ်သမားဆိုတော့ တစ်လကို အနည်းဆုံး ဆယ်ယွမ် ရတယ်လေ... အဲဒါ မင်းတို့နှစ်ယောက်ကို သဘောကျအောင် လုပ်ပေးချင်လို့တဲ့…”
လျူအာကျူး၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားသည်။ ဤကိစ္စက မည်သို့လုပ်၍ ရုတ်တရက် အောင်သွယ်ပေးသည့်ကိစ္စ ဖြစ်သွားရသနည်း။
“နေပါဦး... ကျွန်တော်ပြောတာ နားထောင်ပါဦး အစ်ကို... ကျွန်တော် အခုလောလောဆယ် မိန်းမယူဖို့ အစီအစဉ် မရှိသေးဘူး…”
ယခင်ဘဝက လျူအာကျူးသည် အိမ်ထောင်စောစောကျခဲ့သဖြင့် ဘဝကို များများစားစား မခံစားခဲ့ရပေ။ ဤဘဝတွင်မူ သူသည် ထိုမျှစောစော အိမ်ထောင်မပြုလိုတော့ပေ။ သူသည် မိဘများကို ဦးစွာ ကျေးဇူးဆပ်ပြီးနောက် သူ၏ဘဝကို တစ်ယောက်တည်း ပျော်ရွှင်စွာ ဖြတ်သန်းရန် စီစဉ်ထားလေသည်။
တတ်နိုင်လျှင် နောင်တစ်ချိန်တွင် ကမ္ဘာပတ်ခရီးထွက်ရန်၊ နှင်းဖုံးတောင်များကို တက်ရန်၊ ဝင်ရိုးစွန်းအလင်းတန်းများကို ကြည့်ရှုရန်နှင့် သမုဒ္ဒရာများကို ဖြတ်သန်းရန် သူ မျှော်လင့်ထားလေသည်။ ဤအရာများထဲမှ မည်သည့်အရာက အိမ်ထောင်ပြုခြင်းထက် မပျော်စရာကောင်းနေသနည်း။
ထို့အပြင် သူ၏ နေရာလွတ် စွမ်းရည်ဖြင့်ဆိုလျှင် သူ ငွေပြတ်လပ်မည် မဟုတ်ပေ။ ၁၉၈၀ သို့မဟုတ် ၁၉၉၀ ပြည့်လွန်နှစ်များသို့ ရောက်လျှင် ထိုအမျိုးသမီးကြယ်ပွင့်များက သူ၏ဆီသို့ အပြေးအလွှား ရောက်လာကြမည် မဟုတ်လော။ တတ်နိုင်လျှင် ဂေါက်ရိုက်ရသည့် ပျော်ရွှင်မှုကိုလည်း သူ ခံစားချင်သေးသည်။
သို့သော် လျူမာရွှမ်းသည် ငြင်းဆန်မှုကို လက်မခံဘဲ လျူအာကျူးကို ရွာအဝင်ဝသို့ ဆွဲခေါ်သွားလေသည်။
စွန်းလျူသည် ထိုနေရာတွင် စောင့်နေပြီး အဘွားကြီးများတစ်စုနှင့် စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုနေလေသည်။
ရွာ၏ ဆဋ္ဌမဌာနမှ အထက်တန်းစားအဖွဲ့ဝင်အားလုံး ဤနေရာတွင် စုဝေးနေကြသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးက တကယ့်ကို ထိတ်လန့်သွားလေသည်။
ဘုရားရေ... ဤအတင်းပြောသူများရှေ့တွင် မျက်ကွယ်စုံတွဲတွေ့ဆုံခြင်း ပြုလုပ်ရသည်မှာ နောက်နေ့တွင် သူ၏အကြောင်း မည်သည့်သတင်းများ ပျံ့နှံ့သွားမည်ကို မည်သူသိနိုင်မည်နည်း။
“အစ်ကို... ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင်လည်း ဒီတိုင်းသာ ပြောလိုက်ပါ... ခုလိုဒုက္ခခံပြီး လုပ်နေစရာ မလိုပါဘူး…”
လျူအာကျူးက လှည့်ကာ တောင်းပန်လေသည်။
လျူမာရွှမ်းသည် နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လေသည်။
“ကျူးဇီ... မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ရွာထဲက အဒေါ်တွေနဲ့ အဘွားတွေက မင်းက ရွာကို ကြက်စွပ်ပြုတ်ပေးတဲ့အတွက် ကျေးဇူးတင်လို့ မင်းအတွက် သူမကို ကူညီစစ်ဆေးပေးချင်ကြတာ... တခြားလူတွေဆိုရင် ဒီလိုအခွင့်အရေးမျိုးတောင် မရဘူးကွ…”
လျူအာကျူးက ရုတ်တရက် ထိုမိန်းကလေးအတွက် ဝမ်းနည်းပူဆွေးလာမိသည်။ ဤနေရာတွင် ကံဆိုးသူမှာ သူမဟုတ်ဘဲ ထိုမိန်းကလေး ဖြစ်နေသည်မှာ ရှင်းလင်းလှပေသည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ လုပ်စရာရှိသေးတယ်... သွားရဦးမယ်... ကြင်ဖက်တွေ့ဆုံတဲ့ ကိစ္စကိုတော့ နောက်နေ့မှပဲ ပြောကြတာပေါ့…”
လျူအာကျူးက အလျင်အမြန် ငြင်းဆန်လိုက်လေသည်။
“သူမ ရောက်လာပြီ... သူမ ရောက်လာပြီ…”
မျက်စိလျှင်သော အဒေါ်ကြီးတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည်။
လူတိုင်း၏ အကြည့်များသည် အဝေးဆီသို့ ရောက်သွားကြသည်။ လျူအာကျူးပင်လျှင် အလိုအလျောက် လှမ်းကြည့်မိသွားသည်။
အနည်းငယ် ကြီးမားနေသော အပြာရောင်အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး အတော်လေး အရပ်ရှည်သော မိန်းကလေးတစ်ယောက် အိုမင်းဟောင်းနွမ်းနေသော စက်ဘီးတစ်စီးကို စီးကာ အဝေးမှ လာနေသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
ထိုမိန်းကလေးတွင် ဂျုံရောင်အသားအရေရှိပြီး အတော်လေး နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင် ရှိသည်။ သူမသည် ပိန်ပါးပုံရသော်လည်း ၎င်းက သူမ၏ ရင်သားနှင့် တင်ပါးတို့ကို ပို၍ ပေါ်လွင်စေရုံသာ ရှိလေသည်။
စွန်းလျူက အမြန်ပြေးလာပြီး လျူအာကျူးကို ပြောလေသည်။
“ကဲ... ညီလေး... ထွားကြိုင်းတဲ့ ရင်ဘတ်ကို ကြည့်လိုက်စမ်း... အဲဒီတင်ပါးကိုလည်း ကြည့်လိုက်ဦး... ငါ မင်းကို မိတ်ဆက်ပေးတဲ့ မိန်းကလေးက မဆိုးဘူး မဟုတ်လား... မင်းသာ သူ့ကို သဘောကျတယ်ဆိုရင် ငါ မင်းအတွက် သွားပြီး တောင်းရမ်းပေးမယ်... သေချာပေါက် အဆင်ပြေမှာပါ…”
အခြား အဘွားကြီးများကလည်း သူတို့၏ ထင်မြင်ချက်များကို ဝင်ရောက်ပြောဆိုကြလေသည်။
“အိုး... ဒီမိန်းကလေးက ပိုပိုပြီး လှလာပါလား…”
“မြို့မှာ အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိမှာပဲ... သူမရဲ့ အဝတ်အစားတွေ ဘယ်လောက်တောင် ကောင်းလိုက်လဲ ကြည့်ပါဦး…”
“အဲ့ကလေးအကြောင်း ငါ ကြားဖူးတယ်... သူမက အလုပ်ကြိုးစားပြီး မိဘကိုလည်း သိတတ်တယ်... တကယ့်ကို ကောင်းတဲ့ကလေးပဲ…”
“သူမရဲ့ အဘွားကိုတောင် ငါ သိတယ်... ကျူးဇီ... သူမနဲ့ စကားပြောဖို့ ငါ ကူညီပေးရမလား…”
ဤအမျိုးသမီးများ ဆူညံစွာ စကားပြောဆိုနေသည်ကို ကြည့်ရင်း လျူအာကျူးမှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသဖြင့် တောင်းပန်ရုံသာ တတ်နိုင်တော့သည်။
“အဒေါ်တို့ အဘွားတို့... ကျွန်တော် အခုလောလောဆယ် အိမ်ထောင်မပြုချင်သေးဘူး... အနည်းဆုံးတော့ ကျွန်တော့်အဖေရဲ့ ခြေထောက် သက်သာလာတဲ့အထိ စောင့်ပါဦး…”
ဤဆင်ခြေကြောင့် သူတို့အားလုံး စကားဆွံ့အသွားကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ယောက်ျားလေးဘက်မှ ဖခင်ဖြစ်သူ ခြေဆွံ့နေချိန်တွင် အိမ်ထဲသို့ ချွေးမသစ်တစ်ယောက်ကို ကြိုဆိုလက်ခံ၍ မဖြစ်နိုင်ပေ။
တစ်စုံတစ်ယောက်အတွက် ကြင်ဖက်တွေ့ဆုံခြင်းကို စီစဉ်ပေးရန် သူ၏ ပထမဆုံးကြိုးစားမှုမှာ ရုတ်တရက် စတင်ပြီး ရုတ်တရက် ပြီးဆုံးသွားသည်ကို စောင့်ကြည့်ရင်း စွန်းလျူသည်လည်း အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။
“ကောင်းပါပြီလေ... ဒီမိန်းကလေးက တကယ်ကောင်းပြီး မင်းနဲ့လည်း လိုက်ဖက်ပါတယ်…”
လျူမာရွှမ်းကလည်း ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားသော မိန်းကလေး၏ ကျောပြင်ကို ကြည့်ကာ ပြောလေသည်။
“သူမက တကယ်ကို လှတာပဲ... မင်းမရီးထက်တောင် ပိုလှသေးတယ်... ကျူးဇီ... မင်းက ဘာဖြစ်လို့ သဘောမတူရတာလဲ…”
လျူအာကျူးသည် လျူမာရွှမ်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး အနည်းငယ် နောက်ဆုတ်လိုက်သည်။
“အစ်ကိုရွှမ်း... အစ်ကိုနဲ့ ကျွန်တော့်အစ်ကိုတို့ သူငယ်ချင်းကောင်းတွေ ဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး…”
“ဘာဖြစ်လို့လဲ…”
လျူမာရွှမ်းမှာ သတိပြန်ဝင်လာသော်လည်း ဇနီးဖြစ်သူက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“မိန်းမ... ဘာဖြစ်လို့လဲ... သွားကိုက်နေလို့လား…”
“သူမက ရုပ်ရည်ကောင်းတယ်ပေါ့လေ... ငါ့ထက်တောင် ပိုလှသေးတယ်ပေါ့လေ... ဒါဆို ရှင် ဘာလို့ သူ့ကို သွားမရှာရတာလဲ... ရှင်လို ငတုံးကြီးကို သူကများ ကြည့်မလားလို့ သွားစမ်းသပ်ကြည့်လိုက်လေ…”
စွန်းလျူသည် လျူမာရွှမ်းကို အားကုန်လိမ်ဆွဲလိုက်ရာ သူမှာ ထိတ်လန့်တကြား ထွက်ပြေးသွားရလေသည်။ ထိုအဒေါ်များနှင့် အဘွားကြီးများမှာ ရယ်မောလိုက်ကြပြီး အားလုံးက ထိုဆူညံပွက်လောရိုက်မှုကို စောင့်ကြည့်နေကြလိုက်သည်။
လျူအာကျူးသည် အခွင့်အရေးရခိုက် အိမ်သို့ ပြန်ပြေးလာခဲ့လေသည်။ သူ အတန်ကြာ အနားယူရန် လှဲလျောင်းတော့မည့်အချိန်တွင် အရက်အရှိန် တက်လာပြီး တစ်နည်းနည်းဖြင့် အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့။
လျူအာကျူးသည် ဆီးသွားချင်စိတ်ကြောင့် နိုးလာခဲ့လေသည်။ သူသည် ကန်းကို မှီ၍ ထိုင်ရန် ကြိုးစားလိုက်ရာ သူ ထိလိုက်သောနေရာမှာ စိုစွတ်နေသည်ကို တွေ့လိုက်ရလေသည်။ ဤအရာက သူ့ကို အလွန်အံ့အားသင့်သွားစေသည်။ သူ ဆီးအိမ်မှားသွားသည်ဟု ထင်မှတ်ကာ အလျင်အမြန် ထရန် ကြိုးစားလိုက်သော်လည်း သူ၏ခြေထောက်က ပျော့အိအိနှင့် သေးငယ်သော အရာတစ်ခုကို သွားတိုက်မိလေသည်။
သူ မျက်စိမှေးကြည့်လိုက်သောအခါ နျီဇီသည် သူ၏ စောင်ထဲတွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမသည် ကန်း၏ အတွင်းဘက်အထိ လိမ့်သွားပြီး ခြေကားယားလက်ကားယားဖြင့် အိပ်မောကျနေလေသည်။
လျူအာကျူးက ချက်ချင်းပင် ရယ်မောလိုက်သည်။ ဤမိန်းကလေးငယ်သည် ကန်းပေါ်တွင် ဆီးသွားချလိုက်ပြီးနောက် သူ့ကို ကျော်မသွားနိုင်သဖြင့် အတွင်းဘက်တွင် သွားအိပ်နေခြင်း ဖြစ်ပုံရလေသည်။ သူသည် နျီဇီကို ကောက်ပွေ့ကာ သေချာစွာ နေရာချပေးလိုက်ပြီးနောက် ဆီးသွားရန် အပြင်သို့ ထွက်သွားလေသည်။
မထင်မှတ်ဘဲ ခြံဝင်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လျူအာကျူးသည် သူ၏ခြံစည်းရိုးအပြင်ဘက်တွင် ဝပ်နေသော မှောင်မည်းနေသည့် လူရိပ်အချို့ကို သတိထားမိလိုက်လေသည်။ အလိုအလျောက်ပင် သူသည် သေနတ်ကို ဆွဲထုတ်လိုက်ပြီး စူးရှစွာ အော်ဟစ်လိုက်လေသည်။
“ အဲဒါ ဘယ်သူလဲ…”
သူ ပေါ့ဆနေ၍ မဖြစ်ပေ။ ယမန်နေ့က ရွာသားများကို ကြက်စွပ်ပြုတ် တိုက်ကျွေးခြင်းက သူ၏ချမ်းသာကြွယ်ဝမှုကို ထုတ်ကြွားလိုက်သလိုဖြစ်သွားပြီး တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေသည် မဟုတ်လော။
လူတွေ ဆာလောင်မွတ်သိပ်မှုကြောင့် အကြပ်အတည်းဆိုက်လာသောအခါ မည်သည့်အရာကိုမဆို လုပ်ရဲကြသည်။ ထို့အပြင် သူ၏ ခြံစည်းရိုးမှာ လူဆိုးတစ်ယောက်ကို ဖယ်ထား၍ ခွေးတစ်ကောင်ကိုပင် တားဆီးထားနိုင်စွမ်း မရှိပေ။
လျူအာကျူး၏ စိန်ခေါ်သံကို ကြားလိုက်ရသောအခါ အပြင်ဘက်ရှိ မှောင်မည်းနေသော လူရိပ်များအားလုံးသည် သူတို့၏လက်ထဲတွင် ကိရိယာများကို ကိုင်ဆောင်ထားလျက် ရုတ်တရက် မတ်တတ်ရပ်လိုက်ကြလေသည်။