အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) အားမနာတမ်းသာပြောပါ ငြင်းဆန်စရာအကြောင်းမရှိပါဘူး
မန်နေဂျာကျိုးက လျူအာကျူးကို မနာလိုစွာ ကြည့်လိုက်လေသည်။
“မင်း စောစောကတည်းက ပြောသင့်တာပေါ့... မင်းမှာ အဲ့လို အဆက်အသွယ်ရှိမှန်းသိရင် ငါ လက်ဆောင်တွေပေးဖို့တောင် ပင်ပန်းခံနေစရာ မလိုတော့ဘူးလေ..."
"လက်ဆောင်ကတော့ ပေးရမှာပဲလေ... ဒီအကြောင်းကို လျှောက်မပြောပါနဲ့... လူတွေ အရမ်းများများ သိသွားတာမျိုး ကျွန်တော် မလိုချင်လို့ပါ..."
လျူအာကျူးက တမင်တကာ လျှို့ဝှက်သယောင် ဟန်ဆောင်ကာ ပြောလိုက်သည်။
လူ့သဘာဝဆိုသည်မှာ ထိုမျှလောက်ပင် သေးသိမ်ကြောင်း သူ သိထားသည်။ တစ်စုံတစ်ယောက်ကို တစ်ခုခု မပြောပြရန် တားမြစ်လေလေ ထိုသူက ပို၍ ပြောပြချင်လေလေ ဖြစ်တတ်သည်ကို သူ နားလည်ထား၏။
ထို့ကြောင့် မန်နေဂျာကျိုးအနေဖြင့် ဤသတင်းကို မဖြန့်ဘဲ မနေနိုင်အောင် တမင်သက်သက် ပြောလိုက်ခြင်းဖြစ်ပြီး အခြားသူများက သူသည် ချန်ဟုန်ယွင်အတွက် အလုပ်လုပ်ပေးနေသည်ဟု ယုံကြည်သွားစေရန် ရည်ရွယ်ထားသည်။
ဤနည်းဖြင့် သူ ပစ္စည်းများ ရရှိလာသည့် အရင်းအမြစ်ကို မည်သူကမျှ မေးခွန်းထုတ်ရဲမည် မဟုတ်ပေ။
ဤခရိုင်မြို့လေးတွင် မည်သူကမျှ ပြည်သူ့လုံခြုံရေး ညွှန်ကြားရေးမှူးကြီးကို သံသယဝင်ရဲမည် မဟုတ်ပေ။
နောင်တစ်ချိန်တွင် သူ တကယ်ပဲ သံသယအဝင်ခံရလျှင် သို့မဟုတ် အဖမ်းခံရလျှင်ပင် တစ်စုံတစ်ရာ ပြဿနာရှိမည်မဟုတ်ပေ။
သူက လက်ကာပြကာ ပြောလိုက်မည်သာ ဖြစ်သည်။
"ကျွန်တော်တို့က ဘာပတ်သက်မှုမှ မရှိတာပဲလေ... ခင်ဗျားတို့က စကားအလွတ်ကြီးနဲ့ ကျွန်တော့်ကို ဘယ်လိုလုပ် အပြစ်လာပုံချလို့ရမှာလဲ..."
အသံဖမ်းစက်များနှင့် စောင့်ကြည့်ကင်မရာများ နေရာတိုင်းတွင် မရှိသေးသော ဤခေတ်ကြီးထဲ၌ မည်သူက သက်သေအထောက်အထား ပြသနိုင်မည် မဟုတ်ပေ။
မန်နေဂျာကျိုးက ခေါင်းညိတ်လိုက်ပြီး လျူအာကျူးကို ယခင်ကထက်ပင် ပို၍ အထင်ကြီးလေးစားသွားသည်။
မည်သို့ပင်ဆိုစေ စီးပွားရေးဗျူရိုသည် ကုန်တိုက်၏ တိုက်ရိုက်အထက်လူကြီးဖြစ်ပြီး စီးပွားရေးဌာန ဌာနမှူးဖြစ်သော ချန်ဟုန်ယွင်သည် တိုက်ရိုက်အထက်လူကြီးများထဲတွင်မှ အမြင့်ဆုံး တိုက်ရိုက်အထက်လူကြီးပင်ဖြစ်သည်။
သူ၏ စကားတစ်ခွန်းတည်းဖြင့် ရောင်းစရာပစ္စည်း ပြတ်လပ်သွားနိုင်သည်။ ထိုအခါ ဆိုင်ကို ဆက်လက်လည်ပတ်နိုင်မည် မဟုတ်တော့ပေ။
မန်နေဂျာကျိုးသည် လက်ဖက်ရည်ကရားကို အမြန်ကောက်ကိုင်လိုက်ပြီး လျူအာကျူး၏ ခွက်ထဲသို့ လက်ဖက်ရည်များ ငဲ့ထည့်ပေးလိုက်သည်။
"ကျူးဇီ... လက်ဖက်ရည်သောက်ပါဦး..."
"အင်း..."
လျူအာကျူးက လက်ဖက်ရည်ခွက်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ဒီမှာ ကြက်သွန်မြိတ်ပန်းပွင့်ဆော့စ်ရော ရှိလား... ပြီးတော့ နှမ်းဆီနှစ်တို့ ဘာတို့ရော..."
"မာကျောက်... အဲဒါက နည်းနည်း အန္တရာယ်များတယ်လေ... တစ်ခုခုမှားသွားရင် လောင်းကစားလုပ်တယ်လို့ သတ်မှတ်ခံရနိုင်တယ်... ဒါ့အပြင် လူတွေက စားဖို့တောင် မတတ်နိုင်ကြတာ မာကျောက်ကစားဖို့ ဘယ်သူက အချိန်ရမှာလဲ..."
မန်နေဂျာကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လျူအာကျူးသည် မျက်လုံးလှန်ကြည့်လိုက်၏။
"ကျွန်တော်က ဟော့ပေါ့စားတဲ့အခါ သုံးတဲ့ နှမ်းဆီနှစ်ကို ပြောတာပါ... နှမ်းဆီနှစ်..."
မန်နေဂျာကျိုးသည် ချက်ချင်းပင် ရှက်ရွံ့သွားသည်။
"ဪ... မင်းကလည်း စောစောကတည်းက သေချာပြောတာမဟုတ်ဘူး... အဲဒါတော့ သေချာပေါက် ရှိတာပေါ့... အခုလို ဆောင်းတွင်းရောက်နေမှတော့ ဘယ်လိုလုပ် မရှိဘဲ နေပါ့မလဲ... ဒါပေမဲ့ သိုးသားကတော့ ရဖို့ခက်တယ်လေ... ဟင်... မင်းကောင်လေးဆီမှာ သိုးသားရှိလို့လား..."
"မရှိပါဘူး... နောက်မှများ ရလာခဲ့ရင် အသင့်ဖြစ်နေအောင် နှမ်းဆီနှစ်ကို ကြိုပြီး ပြင်ဆင်ထားရုံပါ..."
လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် လိမ်ညာပြောဆိုလိုက်လေသည်။
ကံမကောင်းစွာဖြင့် မန်နေဂျာကျိုးက မအပေ။ သူက တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ကျူးဇီ... ငါ့ကို နည်းနည်းလောက် ခွဲပေးပါလား... ငါ အများကြီး မလိုချင်ပါဘူး... သိုးသား နှစ်ကျင်းလောက်ဆို ရပါပြီ... ငါ စားချင်နေတာ ကြာလှပြီကွာ..."
လျူအာကျူးက အံ့သြသွားသည်။
"ခင်ဗျားရဲ့ ရာထူးအဆင့်အတန်းနဲ့ဆို သားသတ်ရုံက လူတွေကတောင် ခင်ဗျားကို တောင်းပန်နေရမှာမဟုတ်ဘူးလား... အဲဒီလူတွေ စက်ဘီး ဒါမှမဟုတ် ရေဒီယို ဝယ်တဲ့အခါ ခင်ဗျားကို လက်ဆောင်တွေ မပေးကြဘူးလား..."
"လူတွေက လက်ဆောင်တော့ ပေးကြပါတယ်... ဒါပေမဲ့ ဝက်နှလုံးတို့ ဝက်အသည်းတို့လို ဟာတွေချည်းပဲလေ... အဲဒါတွေက စားလို့မှ မကောင်းတာ..."
"ငါ သူတို့ကို သိုးသားတောင်းဖူးပါတယ်... ဒါပေမဲ့ အဲဒီကောင်တွေက သိုးသားက ဝက်သားလောက် ဈေးမကြီးဘူး ပြီးတော့ အဆီလည်း မများဘူးဆိုပြီး မွေးမြူရေးခြံတွေက ဝက်တွေကိုပဲ အဓိက မွေးကြတယ်တဲ့လေ..."
"သူတို့ဆီ သိုးအနည်းအကျဉ်း ရလာတဲ့အခါမှာလည်း ခေါင်းဆောင်ကြီးတွေရဲ့ လိုအပ်ချက်ကိုတောင် မဖြည့်ဆည်းပေးနိုင်ကြဘူး... ငါ့လိုလူဆိုရင်တော့ ဝေလာဝေးပေါ့..."
"တချို့လူတွေက ငါ့ကို သိုးကလီစာတွေ ပေးချင်ကြတယ်... ဒါပေမဲ့ ပြဿနာက အဲဒါတွေကို ဟော့ပေါ့ထဲမှာ ဘယ်လိုလုပ် ချက်စားလို့ရမှာလဲ..."
မန်နေဂျာကျိုးသည် လျူအာကျူးကို လိုလားတောင့်တနေသော မျက်နှာဖြင့် ကြည့်လိုက်ပြီးနောက် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
"မင်းက ငါ့ကို သိုးသား နှစ်ကျင်းလောက် ခွဲပေးဖို့ ဆန္ဒရှိသရွေ့ ငါ မင်းကို ရေဒီယို နောက်ထပ်တစ်လုံး ပိုရောင်းပေးမယ်... ဘယ်လိုလဲ..."
လျူအာကျူးသည် မူလက ပို၍ တောင်းဆိုချင်ခဲ့သော်လည်း မန်နေဂျာကျိုး၏ နာကျင်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ အခြေအနေကောင်းနေစဉ် ရပ်တန့်လိုက်သည်က အကောင်းဆုံးဖြစ်မည်ဟု ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ... သဘောတူတယ်... ဒီည ခင်ဗျား မအားတဲ့အခါ ခရိုင်မြို့ အရှေ့ဂိတ်ကို ပစ္စည်းတွေ လာပို့ပေးဖို့ လူတစ်ယောက်ယောက်ကို လွှတ်လိုက်ပါ... အဲဒီအခါကျရင် လာပို့တဲ့သူကို သိုးသား ပေးလိုက်ပါ့မယ်..."
မန်နေဂျာကျိုးမှာ အလွန်ဝမ်းသာသွားသည်။
"အရမ်းကောင်းတာပေါ့... ငါ ကိုယ်တိုင် လာပို့ပေးမယ်..."
အသားနှင့် ပတ်သက်လာလျှင် အခြားသူတစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်ရန် သူ စိတ်မချနိုင်ပေ။ အထူးသဖြင့် ရရှိရန် အလွန်ခက်ခဲသော သိုးသားကဲ့သို့သော အရာမျိုးကို ဖြစ်သည်။
သဘောတူညီချက် ရရှိသွားပြီးနောက် လျူအာကျူးသည် လိုအပ်သော ငွေနှင့် ခွဲတမ်းလက်မှတ်များကို တွက်ချက်ပေးရန် မန်နေဂျာကျိုးကို တောင်းဆိုလိုက်သည်။
ဝူတီတံဆိပ် အဝတ်ချုပ်စက်တစ်လုံးမှာ ယွမ်တစ်ရာ့ရှစ်ဆယ်ကျသင့်ပြီး စက်ချုပ်စက်လက်မှတ် သို့မဟုတ် စက်မှုလုပ်ငန်းသုံး လက်မှတ်များ လိုအပ်လေသည်။
ဟိုင်ယန် တံဆိပ် အလတ်စားနှင့် တိုတောင်းသော လှိုင်းဖမ်းရေဒီယိုတစ်လုံးမှာ ယွမ် နှစ်ရာကျသင့်ပြီး လက်မှတ်တစ်ခုလည်း လိုအပ်လေသည်။
စက်ဘီးတစ်စီးမှာ ယွမ် တစ်ရာ့ငါးဆယ်ကျသင့်ပြီး ဟင်းချက်ရာတွင် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင် အမျိုးအစားပေါင်းစုံ ငါးကျင်းကိုလည်း ရရှိခဲ့လေသည်။
ကျောက်သကြားနှင့် သကြားဖြူတို့မှာ ရှားပါးသော ပစ္စည်းများ ဖြစ်လေသည်။ ကုန်တိုက်တွင် အနည်းငယ် ရှိသော်လည်း အများကြီး မရှိသောကြောင့် လျူအာကျူးကို တစ်ကျင်းသာ ရောင်းပေးနိုင်ခဲ့လေသည်။
ခေါင်းဆောင်များစွာကလည်း နို့မှုန့်နှင့် မုယောစပါးနို့မှုန့်တို့ကို ဝယ်ယူချင်ကြသော်လည်း မန်နေဂျာကျိုးက လျူအာကျူးအတွက် တစ်မျိုးလျှင် နှစ်ဘူးစီ ဖယ်ချန်ထားပေးရန် အခိုင်အမာ ပြောဆိုခဲ့သည်။
မုယောစပါးနို့မှုန့်နှင့် နို့မှုန့်တို့မှာ တစ်ဘူးလျှင် ရှစ်ယွမ်ခန့်စီ ကျသင့်လေသည်။
နောက်ဆုံးအနေဖြင့် လိုက်ကာ အမ်သရီး ကင်မရာ ရှိလေသည်။ သူသည် ယင်းကို ပေါ်ပေါ်တင်တင် အသုံးမပြုနိုင်သော်လည်း အိမ်တွင် မိသားစုဓာတ်ပုံ ရိုက်ရန်အတွက်မူ အဆင်ပြေလေသည်။ နိုင်ငံခြားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ခြောက်ရာဖြစ်ပြီး ငွေလဲလှယ်နှုန်းအရဆိုလျှင် တစ်ထောင့်လေးရာ ကျော် ရှိသင့်သည်။
သို့သော်လည်း ယင်းသည် နိုင်ငံတွင်းသို့ ရောက်ရှိရန် အကောက်ခွန်အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရသော သွင်းကုန်ဖြစ်သောကြောင့် ဈေးနှုန်းမှာ ယွမ် တစ်ထောင့်ရှစ်ရာအထိ ထိုးတက်သွားခဲ့သည်။
နောက်ဆုံးတွင် လျူအာကျူးသည် စီးကရက်အချို့၊ စည်သွတ်ဘူးများ၊ အဝတ်ဖိနပ်များနှင့် ဒါခရွန် အသင့်ဝတ်အထည်များကိုလည်း ဝယ်ယူခဲ့သည်။ အားလုံးပေါင်းလိုက်လျှင် ယွမ်သုံးထောင်ကျော်အထိ ရှိသွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်က လျူအာကျူးသာ တောဝက်သားအချို့ကို အပြေးအလွှား မရောင်းချခဲ့ပါက သူ တကယ်ပင် ငွေလောက်ငှမည် မဟုတ်ပေ။
လျူအာကျူးသည် ငွေနှင့် ခွဲတမ်းလက်မှတ်များကို မန်နေဂျာကျိုးထံသို့ ပေးလိုက်၏။ ငွေရှင်းပြီးနောက် သူသည် ကျေနပ်စွာဖြင့် ထွက်ခွာသွားလေတော့သည်။
ထိုလူက စီးပွားရေးဗျူရိုကို ပြစ်မှားရန် မဝံ့ရဲသရွေ့ သူ့ကို လိမ်လည်သွားမည်ကို သူ မကြောက်ပေ။
ထို့အပြင် သူက ကူညီပေးခဲ့သည်ဖြစ်ရာ မန်နေဂျာသည် မည်မျှပင် သဘောထားယုတ်မာသူ ဖြစ်နေပါစေ သူ့ကို လိမ်လည်လှည့်ဖြားနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက သတင်းပျံ့သွားလျှင် ဤနိုင်ငံပိုင်ဌာနတွင် နောက်ထပ် အလုပ်လုပ်ရန် မစဉ်းစားနှင့်တော့ဟုသာ မှတ်ယူလိုက်ရမည် ဖြစ်လေသည်။
ပစ္စည်းများ ဝယ်ယူနေစဉ် လျူအာကျူးမှာ ဝမ်းသာအားရ ပြုံးရွှင်နေလေသည်။
သို့သော် တံခါးအပြင်သို့ ခြေချပြီးနောက်တွင်မူ လျူအာကျူး၏ မျက်နှာမှာ မှုန်ကုပ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ နေရာလွတ်ထဲရှိ ငွေများမှာ ယွမ်တစ်ထောင်ခန့်သာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။
"ဟူး... ဆင်းရဲလိုက်တာ..."
သူက သက်ပြင်းချလိုက်၏။
လျူအာကျူး ညည်းတွားနေစဉ် လီရှန့်ရန်က ဘေးမှ ချဉ်းကပ်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ (စာစဉ်(၁၄)မှာ လီရှန့်ရန်ကို လီယန်ယန်လို့ မူရင်းအတိုင်း မှားရေးမိထားပါတယ်။ မူရင်းမှာ စမှားတာပါ)
"ကျူးဇီ... ဘာလို့ မျက်နှာပျက်နေတာလဲ... မင်းရဲ့ပစ္စည်းတွေ ဝယ်လို့မရခဲ့ဘူးလား..."
"ဝယ်တော့ ဝယ်ပြီးပြီ... ဒါပေမဲ့ အခု ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ဘူးလေ..."
လျူအာကျူးက သက်ပြင်းချကာ ပြောလိုက်သည်။
"ဪ... ကြီးကြီးမားမား ကိစ္စများမှတ်လို့ကွာ... မင်း ဘယ်လောက်လိုလဲဆိုတာသာ ပြောစမ်းပါ... ငါ... မင်းအတွက် သွားချေးပေးမယ်လေ..."
လီရှန့်ရန်က သူ၏ ရင်ဘတ်ကို ပုတ်ကာ အလွန်သစ္စာရှိကြောင်း ပြသရင်း ပြောလိုက်သည်။
"..."
လျူအာကျူးက သူ့ကို မထီမဲ့မြင် ကြည့်လိုက်လေသည်။
"ခင်ဗျားအသံက အရမ်းမြင့်မြတ်နေလို့ မသိရင် ခင်ဗျားကပဲ ကျွန်တော့်ကို ပေးတော့မလို့ ထင်နေတာ... တကယ်တော့ ခင်ဗျားက ပိုက်ဆံချေးပေးရုံ သက်သက်ပဲကိုး..."
လီရှန့်ရန်မှာ အနည်းငယ် ရှက်ရွံ့သွားလေသည်။
"ငါ့မိသားစုမှာလည်း ပိုလျှံနေတဲ့ စားနပ်ရိက္ခာမှ မရှိတာ... ငါလည်း ရေဒီယိုတစ်လုံး ဝယ်ချင်နေတာကြာပြီ ဒါပေမဲ့ ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူးလေ..."
"ကောင်းပြီ... ခင်ဗျားအလုပ်သာ ပြန်လုပ်ပါတော့... ကျွန်တော် ပိုက်ဆံကုန်သွားတာက ပစ္စည်းတွေ ဝယ်လို့ ပြီးသွားလို့ပါ... ဝယ်ဖို့ မလောက်လို့ မဟုတ်ဘူး..."
လျူအာကျူးက လက်ကာပြရင်း ပြောလိုက်လေသည်။
"ဒါလည်း ဟုတ်တာပဲ... ဒါဆို ငါ စည်းကမ်းထိန်းသိမ်းရေး အလုပ်ပဲ ပြန်သွားလုပ်တော့မယ်... မင်း တစ်ခုခု လိုအပ်ရင်သာ ပြောလိုက်ပါ..."
တစ်စုံတစ်ယောက်က တိတ်တဆိတ် လူတန်းဖြတ်ကျော်နေသည်ကို မြင်လိုက်ရသဖြင့် လီရှန့်ရန်သည် သူ၏တုတ်ကို ဝှေ့ယမ်းကာ ဆဲဆိုရင်း ချက်ချင်း ပြေးသွားလေတော့သည်။
သူ ထွက်သွားပြီးနောက် လျူအာကျူးလည်း ထွက်ခွာတော့မည့်ဆဲဆဲတွင် သာယာညိမ့်ညောင်းသော အသံလေးတစ်ခုကို ကြားလိုက်ရသည်။
"လျူအာကျူး..."
လျူအာကျူး လှည့်ကြည့်လိုက်သောအခါ စုန့်အန်ရင်းက သူ့ဆီသို့ စက်ဘီးစီးလာသည်ကို တွေ့လိုက်ရ၏။ သူမသည် သူ့ရှေ့တွင် ရပ်တန့်လိုက်၏။
မိန်းကလေး၏ လှပပြီး ဖြူစင်သော မျက်နှာလေးပေါ်တွင် ချွေးသီးချွေးပေါက်လေးများ ဖုံးလွှမ်းနေသည်။ သူမသည် အချိန်ကြာမြင့်စွာ စက်ဘီးစီးလာခဲ့သောကြောင့် အနည်းငယ် မောဟိုက်နေပြီး သူမ၏ ပြည့်ဖြိုးသော ရင်သားများမှာ မြန်ဆန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသဖြင့် လျူအာကျူးမှာ နောက်ထပ် အကြိမ်အနည်းငယ်မျှ ခိုးကြည့်မိသွားလေသည်။
ဤမိန်းကလေး၏ မျက်နှာလေးက အလွန်ဖြူစင်သော်လည်း သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာမူ အလွန်ဆွဲဆောင်မှုရှိနေကာ အလွန်ကွဲလွဲနေသည်။
စုန့်အန်ရင်းသည် လျူအာကျူး၏ သိမ်မွေ့သော အကြည့်များကို သတိမထားမိဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"နင် ကုန်ပစ္စည်းတွေ လာဝယ်တာလား..."
"ငါ ဝယ်လို့ပြီးသွားပြီ... အခုပဲ ပြန်တော့မလို့... ပြီးတော့ ဒီနေ့ မင်း အဲဒီဘက်ကို မသွားတာ ကောင်းမယ်နော်... မင်း လုံးဝ တိုးဝင်နိုင်မှာ မဟုတ်ဘူး... တစ်ယောက်ယောက်က မင်းကို အခွင့်အရေးမယူသွားအောင် သတိထားဦး..."
လျူအာကျူးသည် မည်သူမဆို ဆုပ်နယ်ချင်စိတ်ပေါက်သွားစေမည့် သို့မဟုတ် အိစက်ကျစ်လစ်မှုကို စမ်းသပ်ရန် ခပ်ဖွဖွ ရိုက်ချင်စိတ်ပေါက်သွားစေမည့် စုန့်အန်ရင်း၏ ကောက်ကြောင်းအလှများကို ကြည့်ရင်း ကြင်နာစွာ သတိပေးလိုက်သည်။
စုန့်အန်ရင်းသည် ကုန်တိုက်အပြင်ဘက်ရှိ ရှည်လျားလှသော 'ရှုခင်းကြည့်' လူတန်းကြီးကို ပြန်ကြည့်လိုက်ပြီး အနည်းငယ် လန့်သွားကာ ပညာရှိရှိပင် လက်လျှော့လိုက်လေသည်။
"ကောင်းပြီ... နင် ဘယ်သွားဖို့ စီစဉ်ထားလဲ..."
"ငါလား... ငါက ခဏလောက် အချိန်ဖြုန်းဖို့ နေရာတစ်ခုခု ရှာမလို့ စီစဉ်ထားတယ်လေ..."
လျူအာကျူးက ပခုံးတွန့်ပြလိုက်သည်။ သူသည် မှောင်သည်အထိ စောင့်ရဦးမည်ဖြစ်၏။
စုန့်အန်ရင်းသည် တုံ့ဆိုင်းနေပြီး တစ်စုံတစ်ခုကို ပြောချင်နေသည်မှာ ထင်ရှားသော်လည်း ဖွင့်ပြောရန် ရှက်ရွံ့နေမိသည်။
လျူအာကျူးသည် သိချင်စိတ်ပြင်းပြသွားလေသည်။
"မင်း စိတ်ထဲမှာ တစ်ခုခုရှိနေလို့လား... ပြောစရာရှိတာ သာပြောပါ... မင်း ဖွင့်ပြောသရွေ့ ငါက ငြင်းဆန်စရာအကြောင်း မရှိပါဘူး..."
"ဒါဆို ကျေးဇူး... ဟင်..."
စုန့်အန်ရင်းက ကျေးဇူးတင်စကား ပြောတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရုတ်တရက် သတိပြုမိသွားသည်။ သူမသည် လျူအာကျူးကို ဆွံ့အစွာ ကြည့်လိုက်မိ၏။ ထိုအမူအရာလေးမှာ သူမ၏ လှပပြီး ဖြူစင်သော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် ချစ်စရာကောင်းနေလေတော့သည်။