အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) ဂုဏ်ပြုချီးကျူးခြင်း
အဆီအသားဆိုသည်မှာ ပြောစရာပင်မလိုဘဲ လူတိုင်း တပ်မက်ကြသည်။
သို့သော် လျူဟိုင် ကြီးကြပ်နေသရွေ့ လျူအာကျူး နစ်နာရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
သူသည် လုံခြုံရေးတပ်မှူးကို စည်းကမ်းထိန်းသိမ်းခိုင်းပြီးနောက် အသားဝေငှခြင်းကို ဦးဆောင်ရန် အဘိုးကို ခေါ်လိုက်လေသည်။
ကျေးရွာ၏ ဘိုးဘေးနှင့် အာဏာအရှိဆုံး မျိုးနွယ်စုခေါင်းဆောင်အိုကြီးတစ်ဦးအနေဖြင့် အဘိုးသည် တစ်စုံတစ်ယောက်ကို မျိုးဆက်စာရင်း သို့မဟုတ် ဘိုးဘေးသင်္ချိုင်းမှ နှင်ထုတ်လိုလျှင် နှင်ထုတ်နိုင်စွမ်း ရှိသည်။ ထို့အပြင် ထိုခေတ်ကာလက လူများသည် ဇာတိမြေသို့ ပြန်လည်အခြေချရန် တန်ဖိုးထားကြပြီး လေလွင့်နေသော တစ္ဆေများ မဖြစ်လိုကြသောကြောင့် မည်သူကမျှ အဘိုးကြီး၏စကားကို မလွန်ဆန်ရဲကြပေ။
အဘိုးသည် စာတတ်ပေတတ်ဖြစ်ပြီး ရွာထဲတွင် အိမ်ထောင်စုမည်မျှနှင့် လူဦးရေ မည်မျှရှိသည်ကို တိကျစွာ သိရှိထားသောကြောင့် ဘောပင်ကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် စတင်ရေးသားလေတော့သည်။
လျူဟိုင်နှင့် လျူအာကျူးတို့သည် သူ၏ ဘယ်နှင့်ညာတွင် တံခါးစောင့်နတ်မင်းများပမာ ရပ်နေကြလေသည်။
အဘိုးက စာတစ်ကြောင်း ရေးလိုက်တိုင်း လျူဟိုင်က အော်ဟစ်လိုက်လေသည်။
"လျူဖုန်းရှောက် အရှေ့ခြေထောက်အသား နှစ်ကျင်း..."
အဘိုးထက် အသက်မငယ်လှသော အဘိုးကြီးတစ်ဦးသည် ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့လေသည်။
အသားနှစ်ကျင်းသာ ဖြစ်သော်လည်း သူသည် အသက်ကြီးပြီဖြစ်ရာ အများကြီး မစားနိုင်တော့ဘဲ အသားအနည်းငယ်စားရုံဖြင့် နောက်ထပ် နှစ်အနည်းငယ် အသက်ရှင်နေရန် လုံလောက်ပြီ ဖြစ်သည်။
ထို့အပြင် သူသည် ဤအသားများကို ယူဆောင်သွားပြီး သူ၏သားနှင့် မြေးများကို ဝေမျှပေးနိုင်လေသည်။
"လျူထျဲ့နျူ အရှေ့ခြေထောက်အသား နှစ်ကျင်း.."
လျူဟိုင်၏ အော်သံအဆုံးတွင် အခြားအဘိုးကြီးတစ်ဦး ထွက်လာခဲ့ပြန်သည်။
အိမ်ထောင်စုအလိုက် ဝေငှခြင်းအစား တစ်ဦးချင်းစီအလိုက် ဝေငှနေခြင်းဖြစ်ကြောင်းကို လူများ သတိပြုမိသွားကြလေသည်။
တကယ်တော့ ဤသည်က ပိုကောင်းလေသည်။ အကြောင်းမှာ အိမ်ထောင်စုအလိုက် အညီအမျှ ဝေငှပါက မိသားစုဝင်များသော အိမ်ထောင်စုများအတွက် နစ်နာသွားမည် ဖြစ်သောကြောင့်ပင်။
သို့သော် ယခုကဲ့သို့ တစ်ဦးချင်းစီကို ဝေငှလိုက်ခြင်းဖြင့် မိသားစုဝင် အရေအတွက် မည်မျှပင်ရှိစေကာမူ မည်သူမျှ နစ်နာမည် မဟုတ်တော့ပေ။
ရွာသားများအားလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာများ ထင်ဟပ်နေလေသည်။
လျူအာကျူးသည် မျိုးနွယ်စုခေါင်းဆောင် ဖြစ်ထိုက်ပါပေသည်ဟု စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသည်။ သူသည် ရွာသားများ၏ အတွေးလေးများကို မကျေနပ်စရာ အကြောင်းပြချက် မရှာနိုင်လောက်အောင် တိကျသေချာစွာ တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။
တစ်နာရီကြာပြီးနောက် လူတိုင်း၏ လက်ထဲတွင် အသားများ ရှိနေကြလေပြီ။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် အနည်းငယ်သာ ရရှိကြပြီး ခွန်အားကြီးသော အမျိုးသား၊ အမျိုးသမီး အလုပ်သမားများသည် ပို၍ ရရှိကြကာ ဆယ်ကျော်သက်များကလည်း အနည်းငယ် ပို၍ ရရှိကြသည်။
နောက်ဆုံးဝေစုကို ရရှိသူမှာ နျူဟုန်ဟွာပင် ဖြစ်သည်။
သူမသည် ဝက်ဆီဖတ် အတုံးကြီးနှစ်တုံးနှင့် ဝက်ဗိုက်သား ဆယ်ကျင်းကို ကိုင်ထားရာ မိသားစုဝင် ခုနစ်ဦးရှိသော အိမ်ထောင်စုတစ်စု ရရှိသည့် အသားထက်ပင် ပိုများနေသည်။
သို့သော် မည်သူကမျှ မကျေမနပ်ဖြစ်ကာ ညည်းတွားခြင်း မရှိကြပေ။ အကြောင်းမှာ သူမသည် အသားလေးရာကျင်းကျော် ရရှိနိုင်သော်လည်း ယခုအခါ ဆယ်ကျင်းသာ ကျန်တော့သောကြောင့် ဘာပြောစရာ ရှိတော့မည်နည်း။
နျူဟုန်ဟွာသည်လည်း အနည်းငယ် မပျော်မရွှင် ဖြစ်နေသော်လည်း လူအားလုံး၏ ရှေ့တွင်တော့ ပြုံးနေခဲ့သည်။
ဝက်နှစ်ကောင်ကို ဝေငှပြီးသွားသောအခါ အဘိုးသည် တုန်ရီစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ရွာသားများကို လှည့်ပတ်ကြည့်ရှုကာ ပြောလိုက်သည်။
"ငါတို့ရွာက ကျူးဇီလို ကလေးကောင်းတစ်ယောက်ရှိနေလို့ ကံကောင်းတာပဲ... မင်းတို့တွေ ငတ်သေတော့မယ့်အချိန်မှာ အသက်ရှင်ဖို့ လမ်းစပေးခဲ့တဲ့ သူ့ကျေးဇူးကို မင်းတို့ မှတ်ထားရမယ်..."
ရွာသားများသည် အသားရရှိသည့်အတွက် အလွန်ပျော်ရွှင်နေကြပြီး ဤစကားကို ကြားသောအခါ သူတို့ ဘာလုပ်သင့်သည်ကို နားလည်သွားကြသည်။
သက်ကြီးရွယ်အိုအချို့သည် အလွယ်တကူ မျက်ရည်ကျကာ လျူအာကျူး၏ လိမ္မာရေးခြားရှိပုံကို ချီးကျူးရင်း ငိုကြွေးကြသည်။
လူငယ်များကမူ ပို၍ ပွင့်လင်းကြပြီး နောင်တစ်ချိန်တွင် လျူအာကျူးအနေဖြင့် အကူအညီ လိုအပ်ပါက ဖွင့်ပြောရန်သာဖြစ်ကြောင်း အော်ဟစ်ပြောဆိုကြသည်။
အချို့ကမူ သူတို့၏ ကလေးများကို လျူအာကျူးအား ဦးညွှတ်ကန်တော့ရန် တွန်းပို့ကြလေသည်။
လျူအာကျူးက သူတို့ကို တားဆီးချင်သော်လည်း အဘိုးက သူ့ကို ဆွဲထားလိုက်၏။
"သူတို့ကို ကန်တော့ခိုင်းလိုက်ပါ... ဒါကလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ... မဟုတ်ရင် ကျေးဇူးကြီးတာက ရန်ငြိုးဖြစ်သွားတတ်တယ်..."
လျူအာကျူးသည် ကလေးများစွာ ဦးညွှတ်ကန်တော့နေသည်ကိုသာ ကြည့်နေနိုင်တော့သည်။ လျူလီလီနှင့် လျူလဲ့လဲ့တို့ပင် ပျော်ရွှင်စွာ ပါဝင်လာကြပြီး ပြေးလာကာ ဦးညွှတ်ကန်တော့ရုံသာမက လျူအာကျူးထံမှ နို့သကြားလုံး နှစ်လုံးကိုပါ တောင်းယူသွားကြသေးသည်။
လူတိုင်း ကန်တော့ပြီးသွားသောအခါ လျူအာကျူးက အလျင်အမြန် ပြောလိုက်လေသည်။
"အားလုံး အိမ်ကို မြန်မြန်ပြန်ကြပါတော့... အချိန်လည်း လင့်နေပြီ..."
ထိုအခါမှသာ ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
လျူဟိုင်သည်လည်း အသားအချို့ ရရှိခဲ့ပြီး ၎င်းတို့ကို အိမ်ပြန်၍ ပြင်ဆင်ရန် စိတ်အားထက်သန်နေလေသည်။
ရာသီဥတုက အေးလာပြီ ဖြစ်သော်လည်း ဆားမနယ်ထားပါက ပုပ်သိုးသွားနိုင်ဆဲ ဖြစ်သည်။
လျူအာကျူးသည် သူ၏ အိမ်သို့ မပြန်မီ အဘိုးကို အိမ်သို့ အရင်လိုက်ပို့ပေးခဲ့သည်။
သူ အိမ်သို့ ရောက်သောအခါ ချွန်းအာသည် နျူဟုန်ဟွာကို အသားများ ပြင်ဆင်ရာတွင် ကူညီပေးနေလေသည်။
နျူဟုန်ဟွာသည် လျူအာကျူးကို အမြဲတမ်း အလိုလိုက်တတ်သော်လည်း ယနေ့ညတွင်တော့ သူ့ကို စိတ်ဆိုးနေပြီး လှည့်ပင်မကြည့်ခဲ့ပေ။
လျူအာကျူးသည် ဘာမှမတတ်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်ပြီး အိမ်ထဲသို့ ဝင်သွားလေသည်။
သူ ပြန်လာသည်ကို မြင်သောအခါ လျူဖူရှန့်က တည်ငြိမ်စွာဖြင့် ပြောလေသည်။
"နောက်နောင် ခုလိုထပ်မလုပ်နဲ့တော့..."
"ကျွန်တော် အချိန်အတိုင်းအတာ တစ်ခုအထိတော့ သေချာပေါက် လုပ်မှာမဟုတ်ပါဘူး..."
လျူအာကျူးက ရယ်မောကာ ပြောလိုက်လေသည်။
"အချိန်အတိုင်းအတာ တစ်ခုအထိ မဟုတ်ဘူး... ဘယ်တော့မှ ထပ်မလုပ်ဖို့ ပြောတာ... မင်းက ရွာကို တကယ် ကူညီချင်တယ်ဆိုရင် ပစ္စည်းတွေကို တစ်ယောက်ချင်းစီဆီ ခွဲဝေပေးမယ့်အစား စုပေါင်းထမင်းစားဆောင်ဆီကိုပဲ ပို့ပေးလိုက်ပါ..."
"အဲ့တောဝက်တွေကို မင်း ဖမ်းမိခဲ့ပေမဲ့ အဲဒါတွေက မင်းပိုင်တဲ့ပစ္စည်းတွေ မဟုတ်ဘူး... သူတို့က နိုင်ငံပိုင်မြေပေါ်မှာ ကြီးပြင်းလာပြီး နိုင်ငံပိုင် အပင်တွေ သစ်ပင်တွေကို စားသုံးခဲ့ကြတာ... ဒါကြောင့် သေချာစဉ်းစားကြည့်မယ်ဆိုရင် အဲဒါတွေက နိုင်ငံပိုင် တောဝက်တွေပဲ..."
"ဒါ့အပြင် ဒီကိစ္စက စီမံကိန်းချစီးပွားရေးစနစ် ပြင်ပမှာ ဟုတ်မဟုတ်ဆိုတာကို မင်း ဆုံးဖြတ်ခွင့်မရှိသလို လျူဟိုင်လည်း ဆုံးဖြတ်ခွင့်မရှိဘူး... ပြည်သူ့ကွန်မြူနစ်အဖွဲ့ကသာ နောက်ဆုံး အဆုံးအဖြတ်ပေးရမှာ..."
"မင်းက နိုင်ငံပိုင် အသားတွေကို လူတွေကို ဝေပေးခဲ့တယ်... ပြည်သူ့ကွန်မြူနစ်အဖွဲ့ကသာ မင်းဟာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လူထုကို ဆွဲဆောင်ဖို့ ကြိုးစားရင်း စည်းကျော်နေပြီလို့ဆိုလာခဲ့ရင် သူတို့က မင်းကို အရေးယူလိမ့်မယ်..."
လျူဖူရှန့်က တင်းမာသော မျက်နှာထားဖြင့် ဆုံးမလေသည်။
လျူအာကျူး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
အရင်ဘဝက သူသည် ကျေးလက်ဒေသတွင် နှစ်ပေါင်းများစွာ မနေခဲ့ရဘဲ အချိန်ပြည့် အပြင်ဘက်တွင်သာ ပညာသင်ကြားခဲ့ရပြီး သူသည် သာမန်ဆင်းရဲသားတစ်ဦးသာ ဖြစ်သောကြောင့် ဤအသားဝေငှခြင်းအကြောင်းကို သိပ်မတွေးခဲ့မိပေ။
ယခု ပြန်လည်စဉ်းစားကြည့်သောအခါ ဤလုပ်ရပ်သည် အနည်းငယ် မောက်မာရာကျပြီး ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ မကျေနပ်မှုကို အလွယ်တကူ ဖြစ်စေနိုင်ကြောင်း သဘောပေါက်သွားသည်။
ကောက်နှံရိက္ခာများ ပေးအပ်ရန် တောင်းဆိုချိန်တွင် မပေးနိုင်ဘဲ ကိုယ့်ဘာသာ အသားများကို ဝေငှနေကြသည်လား။
တောဝက်သားဖြစ်နေလျှင်ပင် သူတို့က နိုင်ငံပိုင်ပစ္စည်းဟု သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သာမန်ပြည်သူများအနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိတော့ပေ။
"အဖေ... ကျွန်တော် နားလည်ပါပြီ... နောက်နောင် သေချာပေါက် ပိုပြီး သတိထားပါ့မယ်..."
လျူအာကျူးက သူ၏အမှားကို အလျင်အမြန် ဝန်ခံလိုက်လေသည်။
"ငါတို့မိသားစုရဲ့ နောက်ခံသမိုင်းကြောင်းအတွက် မင်း စိုးရိမ်နေတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီလောက်ကြီး အလောတကြီး းလုပ်ဖို့ မလိုပါဘူး..."
"ငါ့အမြင်အရဆိုရင် နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေက တည်ငြိမ်နေပြီး ခေါင်းဆောင်ပိုင်းကလည်း ပြောင်းလဲမှာမဟုတ်ဘူး... အတိတ်က ကိစ္စတွေလည်း အများစုက ပြီးဆုံးသွားပါပြီ... နောက်ထပ် ပြဿနာကြီးတွေ ရှိလာတော့မှာ မဟုတ်ပါဘူး..."
လျူဖူရှန့်သည် သူ၏ ဘဝအတွေ့အကြုံကို အသုံးပြု၍ လျူအာကျူးကို နှစ်သိမ့်ပေးလေသည်။
လျူအာကျူးက ခါးသက်စွာသာ ပြုံးနိုင်တော့သည်။
သူ ဘာပြောနိုင်မည်နည်း။
အဖေ မှားနေပြီ။ အန္တရာယ်အများဆုံးအချိန်က နောက်ထပ် နှစ်အနည်းငယ်အကြာမှာ ရောက်လာတော့မည်ဟု သူ၏အဖေကို ပြောရမည်လား။
သူ၏အဖေ ယုံကြည်မည် မယုံကြည်မည်ကို အသာထား၍ သူ မည်သို့သိရှိကြောင်းကိုပင် ရှင်းပြနိုင်မည် မဟုတ်ပေ။
ထားလိုက်ပါတော့။ ဤကိစ္စများကို သူကိုယ်တိုင် မည်သို့ ဖြေရှင်းရမည်ကိုသာ ရှာဖွေရတော့မည် ဖြစ်သည်။
အနည်းဆုံးတော့ ဤအသားဝေငှပြီးနောက် လေတိုက်လာလျှင်ပင် ရွာသားများသည် သူ့ကို အလွန်အမင်း ပစ်မှတ်ထားမည် မဟုတ်တော့ပေ။ အလွန်ဆုံး အထက်လူကြီးများ ကျေနပ်စေရန်အတွက်သာ ဟန်ပြလုပ်ဆောင်ကြမည် ဖြစ်သည်။
လျူအာကျူးသည် အနာဂတ်တွင် မည်သို့လုပ်ဆောင်ရမည်ကို တွေးတောရင်း ကန်းပေါ်တွင် အိပ်ရာဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် ခရိုင်မြို့၌ သူ့ကို မည်သို့ ဆုချီးမြှင့်ရမည်ကို ဆွေးနွေးရန် အချိန်ပို ဆင်းနေကြသည်။
နှစ်ရက်ကြာ စုံစမ်းစစ်ဆေးမှုများနှင့် နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုသည် သူလျှိုစခန်းကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သည်။
သူလျှိုငါးဦးကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးအစားစုံလင်သော သေနတ် (၁၅) လက်၊ ကျည်ဆန် (၁၂၀၀)၊ လက်ပစ်ဗုံး သုံးဖာ၊ စက်သေနတ် တစ်လက်၊ ရေဒီယိုစခန်း နှစ်ခု၊ ကုဒ်ဖြည်ထားသော စကားဝှက်စာအုပ် တစ်အုပ်နှင့် အရေးကြီးသော ရန်သူ့ထောက်လှမ်းရေးသတင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
ဤအောင်မြင်မှုတစ်ခုတည်းဖြင့်ပင် အရှေ့ဂိတ်ရဲစခန်းရှိ ဝမ်ကျန့်ကျွင်းမှလွဲ၍ အခြားသူများအားလုံး တတိယအဆင့် စွမ်းဆောင်ရည်ဆုနှင့် နေရာတင် အဆင့်တစ်ဆင့် တိုးမြှင့်ခံရရန် လုံလောက်နေလေပြီ။
သေချာပေါက် ပေးဆပ်ရမှုများလည်း ရှိခဲ့သည်။
စီးနင်းမှုတွင် သူလျှိုများဘက်မှ အသေခံ ခုခံမှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ သူတို့ကို အရှင်ဖမ်းမိရန်အတွက် လုံခြုံရေးအရာရှိ ၃၅ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အသက်ပေးဆပ်ခဲ့ရသည်။
ထိုအထဲမှ နှစ်ဦးမှာ သူလျှိုများ ထောင်ထားသော လက်ပစ်ဗုံး ထောင်ချောက်များကြောင့် ခြေထောက်များ ပြတ်ထွက်သွားခဲ့ပြီး လက်ကျန်ဘဝတစ်လျှောက်လုံး စာရေးစာချီ သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးအလုပ်များကိုသာ လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။
သို့သော် ယေဘုယျအားဖြင့် စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်မှာ အလွန်တောက်ပခဲ့ပြီး ပြည်နယ်အဆင့် အာဏာပိုင်များကိုပါ အံ့အားသင့်စေခဲ့ကာ ပြည်နယ်အဆင့် အာဏာပိုင်ကိုယ်တိုင်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့လေသည်။
၁။ ရန်သူ့သူလျှိုအဖွဲ့ကို လျင်မြန်ပြီး တင်းကျပ်စွာ စစ်ဆေးမေးမြန်းကာ အခြားအကြွင်းအကျန်များ မရှိစေရန် သေချာစေရမည်။
၂။ သူလျှိုအဖွဲ့ကို ဖမ်းဆီးရာတွင် အဓိကပါဝင်ခဲ့သူများကို ဂုဏ်ပြုချီးကျူးရမည်
ထို့ကြောင့် ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုသည် အဓိကပါဝင်ခဲ့သူဖြစ်သော လျူအာကျူးကို မည်သို့ ဆုချီးမြှင့်ရမည်နှင့် ပတ်သက်၍ အပူတပြင်း ဆွေးနွေးရှာဖွေနေကြခြင်း ဖြစ်သည်။