← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) ဆေးဝါးရှာဖွေခြင်း

အစ်ကိုကြီးတို့ မိသားစုကို လိုက်ပို့ပြီးနောက် လျူအာကျူးတို့ မိသားစုသုံးယောက်မှာ ကန်းပေါ်တွင် အိပ်စက်ကြသည်။

သူတို့၏အိမ်မှာ အခန်းတစ်ခန်းသာရှိပြီး ဧည့်ခန်းမပါဝင်သည့်အတွက် မိသားစုသုံးယောက်မှာ ကန်းတစ်ခုတည်းပေါ်တွင် အတူတူ ကျပ်ညပ်စွာ အိပ်စက်ကြရသည်။

ညဉ့်နက်သော်လည်း လျူအာကျူးမှာ အိပ်မပျော်နိုင်သေးပေ။ သူသည် သင့်တော်သော အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဖခင်ဖြစ်သူမှာလည်း အိပ်မပျော်သေးပေ။

ကန်း၏တစ်ဖက်တွင် ဖခင်ဖြစ်သူသည် အအေးဓာတ်ကြောင့် တုန်ယင်နေပြီး သွားများကို တကျစ်ကျစ်ကြိတ်နေသည်။

လျူဖူရှန့်မှာ ခြေထောက်ကျိုးထားသူဖြစ်၍ ကုသမှုခံယူထားသော်လည်း မိသားစုတွင် ငွေကြေးမရှိသဖြင့် ခြေဗလာဆရာဝန်ကိုသာ ခေါ်၍ အရိုးပြင်ခိုင်းကာ အကိုက်အခဲပျောက်ဆေးအဖြစ် ဆေးမြစ်အချို့ကိုသာ သုံးစွဲထားရသည်။

ယခုအခါ ဆေးအာနိသင် ပြယ်သွားပြီဖြစ်သဖြင့် နာကျင်မှုများ စတင်လာသည်။

လျူဖူရှန့်သည် ဇနီးနှင့် သားသမီးတို့၏ အိပ်စက်ခြင်းကို အနှောင့်အယှက်မဖြစ်စေလိုသဖြင့် ၎င်း၏ ပါးပြင်များ နာကျင်လာသည်အထိ သည်းခံနေရသည်။

လျူအာကျူးမှာ ကြားနေရသဖြင့် စိတ်မကောင်းဖြစ်ရသည်။ ရွာသားအများစု အိပ်ပျော်နေပြီဟု ခန့်မှန်းမိသောအခါ သူသည် ထကာ တိုးတိုးလေး ပြောလိုက်သည်။

"အဖေ... ကျွန်တော် အတန်းဖော်တစ်ယောက်ကို သွားရှာဦးမယ်... သူ့ဆီမှာ ခြေထောက်နာတာအတွက် ဆေးတွေ ရှိတယ်..."

လျူဖူရှန့်က အလျင်အမြန် ပြောလိုက်သည်။

"အာကျူးဇီ... မသွားပါနဲ့... အဖေ နာတာမဟုတ်ပါဘူး..."

"အဖေ... အဲဒီအတန်းဖော်က ကျွန်တော့်ကို ထမင်းသုံးနပ်စာ ကြွေးကျန်သေးတယ်... အဲဒါကို ပြန်တောင်းရမှာ... ပြီးတော့ သူ့အိမ်ကလည်း မဝေးပါဘူး..."

လျူအာကျူးက လိမ်ညာစကား ပြောလိုက်ရသည်။

"ဒါဆိုရင် မနက်ဖြန်မှ သွားပါလား... အာကျူးဇီ... အာကျူးဇီ..."

လျူဖူရှန့်က အကြိမ်ကြိမ် ခေါ်သော်လည်း သားဖြစ်သူမှာ နောက်သို့ လှည့်မကြည့်တော့ပေ။ သူ့မျက်လုံးများတွင် အထီးကျန်ခြင်းနှင့် အပြစ်ရှိသလို ခံစားရခြင်းတို့ဖြင့် ပြည့်နှက်သွားပြီး သူကိုယ်တိုင်မှာ အိုမင်း၍ အသုံးမကျတော့ဟု ခံစားလိုက်ရသည်။

ဤမျှလောက် ညဉ့်နက်သော်လည်း သားဖြစ်သူကို ဆေးရှာခိုင်းရသည်မှာ အကယ်၍ အန္တရာယ်တစ်ခုခုသာ ကြုံခဲ့ရလျှင် ဘယ်လိုလုပ်မည်နည်း။

လျူအာကျူးမှာ အိမ်မှထွက်ကာ ရွာထဲရှိ တာ့ရွှယ်ထို၏ အိမ်ဆီသို့ တန်းမတ်သွားလိုက်သည်။

တာ့ရွှယ်ထိုသည် ရွာ၏ ခြေဗလာဆရာဝန်ဖြစ်သည်။ လူများ နာမကျန်းဖြစ်လျှင် သူ့ဆီသို့သာ လာရောက်၍ ကုသမှု ခံယူကြသည်။

လျူဖူရှန့်၏ ခြေထောက်ကျိုးခြင်းကိုလည်း သူကပင် ကုသပေးခဲ့သည်။

ကုသပေးသည်ဟု ဆိုရသော်လည်း အရိုးပြင်ပေးခြင်းနှင့် အိမ်တွင်ချက်ထားသော ဆေးမြစ်ပြုတ်ရည် တစ်ပန်းကန် တိုက်ခြင်းမျှသာ ဖြစ်သည်။

“ဒေါက်... ဒေါက်... ဒေါက်…”

လျူအာကျူးက တာ့ရွှယ်ထို၏ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။

အတွင်းတွင် ခြေဗလာဆရာဝန် လက်စွဲစာအုပ်ကို အသည်းအသန် လေ့လာနေသော တာ့ရွှယ်ထိုမှာ တံခါးခေါက်သံကို ကြားရသောအခါ အံ့ဩသွားသည်။

"ဒီလောက် ညဉ့်နက်မှ ဘယ်သူကများ လာရှာတာလဲ..."

ကန်းပေါ်တွင် စောင်ခြုံထားနှင့်သော ဇနီးဖြစ်သူက နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

"ဒီအချိန်ကြီး လာရှာမယ့်သူ ဘယ်သူရှိဦးမလဲ... ဖူရှန့်မိသားစုပဲ ဖြစ်မှာပေါ့..."

တာ့ရွှယ်ထိုက သူ၏ ပြောင်ရှင်းနေသော ခေါင်းကို ပုတ်လိုက်သည်။

"မင်းပြောတာ မှန်တယ်... နာကျင်မှုသက်သာဆေး အာနိသင်ပြယ်သွားပြီထင်တယ်... သူ အခုအရမ်းနာနေမှာပဲ..."

တာ့ရွှယ်ထို ထွက်သွားမည်ကို မြင်သဖြင့် ဇနီးဖြစ်သူက မျက်စောင်းထိုးလိုက်သည်။

"ရှင် ဘာလုပ်မလို့လဲ..."

"ငါ... ငါ ဆီးသွားမလို့..."

တာ့ရွှယ်ထိုက စိတ်မကောင်းဖြစ်ကာ အလျင်အမြန် လိမ်ပြောလိုက်သည်။

ဇနီးဖြစ်သူက ခနဲ့လိုက်သည်။

"ရှင် ကျွန်မကို အရူးလို့ ထင်နေတာလား... ရှင် လျူဖူရှန့်အတွက် ဆေးသွားယူမလို့ မဟုတ်လား... ရှင် စိတ်သဘောထား ကောင်းပြီး ရိုးသားတယ်ဆိုတာ ကျွန်မ သိတယ်... ဒါပေမဲ့ အရိုးပြင်ပေးတုန်းကလည်း ပိုက်ဆံမယူခဲ့ဘူး၊ ဆေးမြစ်ပြုတ်ရည် တစ်ပန်းကန်လည်း အလကားတိုက်ခဲ့တယ်... အဲဒါတင်ပဲ အများကြီးဖြစ်နေပြီ..."

"ရှင်ကတော့ ဆရာဝန်တစ်ယောက်ရဲ့ စိတ်ဓာတ်က မိဘနဲ့တူတယ်လို့ အမြဲပြောနေတာပဲ... ဒါပေမဲ့ ကျွန်မတို့မိသားစုကို ကြည့်ဦး... အဲဒီဆေးတွေက အထက်က ခွဲတမ်းနဲ့ရတာ... ဆေးတွေကုန်သွားပြီး ငွေမသွင်းနိုင်ရင် ရှင် ဆရာဝန်အဖြစ်နဲ့ လုပ်ကိုင်နိုင်မှာ မဟုတ်ရုံတင်မကဘူး အလုပ်ကြမ်းစခန်းကို ပို့ခံရလိမ့်မယ်... မိမဲ့ဖမဲ့ကလေးတွေနဲ့ ကျွန်မတို့မိသားစု ဘယ်လိုဆက်လုပ်ရမလဲ..."

တာ့ရွှယ်ထိုသည် ကန်းပေါ်တွင် အိပ်ပျော်နေသော သူ၏ သားငယ်နှင့် သမီးငယ်တို့ကို ကြည့်လိုက်ပြီးနောက် ဘေးဘက်ခြမ်းတွင် နေထိုင်သော သားကြီး၏ မိသားစုကို သတိရကာ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

"ငါ နားလည်ပါတယ်..."

“ဒေါက်... ဒေါက်...ဒေါက်…”

ထိုအချိန်တွင် တံခါးခေါက်သံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

တာ့ရွှယ်ထိုသည် စိတ်တိုလာပြီး စာအုပ်ကို ပိတ်ကာ မျက်နှာကို တင်းထားရင်း အပြင်သို့ ထွက်လာလိုက်သည်။

ထိုအခြေအနေကို မြင်သောအခါ ဇနီးဖြစ်သူမှာ ဆဲဆိုလိုက်မိပြီး အလျင်အမြန် ထကာ အဝတ်အစား ဝတ်ဆင်ရင်း ညည်းတွားလိုက်သည်။

"ခွေးစိတ်နဲ့လူ... ကျွန်မက ဆေးကို အလကား မပေးပါနဲ့လို့ ပြောတာ... လူတွေနဲ့ သွားရန်ဖြစ်ခိုင်းတာ မဟုတ်ဘူး..."

တာ့ရွှယ်ထိုမှာ အိမ်ဝင်းတံခါးဆီသို့ လျှောက်သွားပြီး စိတ်အလိုမကျသည့် မျက်နှာဖြင့် တံခါးဖွင့်လိုက်ရာ လာရောက်သူကို မြင်သောအခါ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။

"အော်... အာကျူးဇီပါလား... ဘယ်တော့ကတည်းက ပြန်ရောက်တာလဲ..."

သားသမီးက ဝတ်တရားကျေပွန်လျှင် ဆဲဆိုခြင်း မပြုရ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူကိုလည်း မလှောင်ပြောင်ရပေ။

လျူအာကျူးမှာ ဖခင်အတွက် ဆေးလာတောင်းခြင်းဖြစ်၍ တာ့ရွှယ်ထိုမှာ မကျေနပ်သော်လည်း တိုက်ရိုက်ရန်မူ၍ မရပေ။

"ဦးလေး... ကျွန်တော့်အဖေ ခြေထောက်က အရမ်းနာနေတယ်... ဦးလေးဆီက ဆေးနဲ့ လဲလှယ်ဖို့အတွက် ကောက်နှံအနည်းငယ် ယူလာတယ်..."

လျူအာကျူးက ပြောင်းဖူးမှုန့်အိတ်ကို မြှောက်ပြကာ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

သူသည် ဤပြောင်းဖူးမှုန့်ကို နေရာလွတ်ထဲတွင် ကြိတ်ထားခဲ့ခြင်းဖြစ်သည်။ သူသည် ပြောင်းဖူးဖတ်များကို မထည့်ဘဲ စေ့စပ်သေချာစွာ ပြင်ဆင်ထားသည်။

မည်သို့ပင်ဆိုစေကာမူ သန့်စင်သော ပြောင်းဖူးမှုန့်မှာ ကျေးလက်ဒေသတွင် အလွန်ပင် ရှားပါးလှသည်။ လျူအာကျူး ကိုယ်တိုင်စားလျှင် အဆင်ပြေသော်လည်း အပြင်လူများသာ သိသွားပါက ပြဿနာများ တက်လာနိုင်ပေသည်။

လျူအာကျူးထံမှ အကြွေးစနစ်ဖြင့် ဆေးတောင်းမည့်အချက်ကို ငြင်းပယ်ရန် စဉ်းစားထားသော တာ့ရွှယ်ထိုမှာ ပြောင်းဖူးမှုန့်ကို မြင်လိုက်ရသောအခါ ကြက်သေ သေသွားသည်။

"ဦးလေး... ဦးလေး..."

လျူအာကျူးက တိတ်ဆိတ်နေသော တာ့ရွှယ်ထိုကို ကြည့်ကာ လက်ဖြင့် လှုပ်လိုက်သည်။

တာ့ရွှယ်ထိုမှာ တုန်လှုပ်စွာဖြင့် သတိပြန်ဝင်လာပြီး လျူအာကျူးကို အလျင်အမြန် ဆွဲခေါ်ကာ အိမ်ဝင်းထဲသို့ ဝင်ပြီး တံခါးကို ပိတ်လိုက်သည်။

"ဒီကောက်နှံတွေကို ဘယ်ကရတာလဲ... ကောင်လေး..."

"ကျွန်တော်တို့မိသားစုက ကျန်တဲ့ကောက်နှံတွေပါ..."

လျူအာကျူးက မျက်နှာမပျက်ဘဲ လိမ်ညာပြောလိုက်သည်။

"မဖြစ်နိုင်တာ..."

တာ့ရွှယ်ထိုက ဒေါသထွက်သွားသည်။

"မင်းအဖေက လွန်ခဲ့တဲ့ တစ်လကတည်းက အိမ်မှာ စားစရာမရှိတော့ဘူးလို့ ပြောတယ်... တောဟင်းရွက်တွေနဲ့ပဲ စားနေကြရတာလေ... ပြီးတော့ မင်းအမေရဲ့ သူ့လင်အပေါ်ထားတဲ့ စိတ်ဓာတ်ကိုသာ ကြည့်ရင်လည်း ကောက်နှံသာကျန်နေရင် ငါ့ဆီကို အရင်ဆုံး လာလဲမှာပေါ့..."

"ငါ သတိပေးလိုက်မယ်... မင်းကောင်စုတ်လေး... မင်းအဖေ နာနေလို့ ဆေးလာလဲတာကိုပဲ ခွင့်ပြုမယ်... အခု ဒါကိုယူသွားပြီး မင်းရလာတဲ့ နေရာကိုပဲ ပြန်ထားလိုက်ပါ... ငါ ဘာမှမသိဘူးလို့ သဘောထားလိုက်မယ်... မဟုတ်ရင်တော့ ငါ မင်းခြေထောက်တွေကို ချိုးပစ်လိုက်မယ်... မင်းအဖေက မင်းကို စာသင်ကျောင်း ပို့ထားတာ ခိုးတတ်အောင် သင်ဖို့ မဟုတ်ဘူး..."

ဇနီးဖြစ်သူမှာ အိမ်ထဲမှ ထွက်လာပြီး တာ့ရွှယ်ထိုက လျူအာကျူးကို လက်ညှိုးထိုးကာ တိုးတိုးလေး ပြောနေသည်ကို မြင်လိုက်ရသည်။ သူမ အလျင်အမြန် လျှောက်လာပြီး ခင်ပွန်းဖြစ်သူကို ဆိတ်လိုက်သည်။

"ရှင်... လူကြီးဖြစ်ပြီး ကလေးကို ဘာလို့ ဒီလိုဆက်ဆံနေတာလဲ... စကားကောင်းကောင်း မပြောတတ်ဘူးလား..."

"မင်း ဒီကောင်လေး ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စေသလဲ မင်းမသိပါဘူး... အား... မဆိတ်ပါနဲ့တော့..... ကြည့်လိုက်ဦး..."

တာ့ရွှယ်ထိုက ရှင်းပြချင်သော်လည်း ကောင်စုတ်လေးဟု ဆဲဆိုမိသည့်အတွက် ဇနီးဖြစ်သူ၏ ဆိတ်ခြင်းကို အကြိမ်ကြိမ် ခံလိုက်ရပြီးနောက် ကောက်နှံအိတ်ကိုသာ ယူ၍ ပြသလိုက်ရသည်။

ဇနီးဖြစ်သူက အနည်းဆုံး ဆယ်ကျင်းခန့်ရှိမည့် ပြောင်းဖူးမှုန့်အိတ်ကို မြင်သောအခါ အံ့ဩသွားပြီး လျူအာကျူးကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။

"ဒါက ဘယ်ကရတာလဲ..."

လျူအာကျူးမှာ စောစောကပင် ဝင်ပြောချင်ခဲ့သော်လည်း တာ့ရွှယ်ထိုက စကားများ မြန်လွန်းသဖြင့် အခွင့်အရေး မရခဲ့ပေ။

ယခု တာ့ရွှယ်ထို၏ဇနီး ပြောလိုက်သည့်အခါ လျူအာကျူးမှာ ဝင်ပြောရန် အခွင့်ရသွားပြီး အမြန် ရှင်းပြလိုက်သည်။

"ဦးလေးတာ့ရွှယ်ထို... အဒေါ် ရှုလျန်... စိတ်မဆိုးပါနဲ့... ကျွန်တော် လိမ်မိတာပါ... ဒီစပါးက ကျွန်တော့်ဟာ မဟုတ်ပါဘူး... အတန်းဖော်တွေရဲ့ အိမ်စာတွေကို ကူးပေးပြီး ရလာတဲ့ ဆုလာဘ်ပါ..."

*ကံဆိုးလိုက်တာ... အိမ်မှာလည်း လိမ်ရ..အပြင်မှာလည်း လိမ်ရတာလား*

"စာကူးပေးရုံနဲ့ ကောက်နှံရတယ်ဟုတ်လား..."

အဒေါ် ရှုလျန်မှာ မယုံနိုင်စွာဖြင့် မေးလိုက်သည်။

တာ့ရွှယ်ထိုမှာမူ မယုံသင်္ကာ ဖြစ်နေသည်။

"အဲဒီလိုရှိတတ်ပါတယ်... ငါ ခရိုင်ဆေးရုံမှာ သင်တန်းတက်တုန်းကလည်း အတန်းဖော်တချို့က စာမေးပွဲအတွက် စာတမ်းတွေလိမ်ပြီး လုပ်ခိုင်းတာ၊ အိမ်စာ ကူးခိုင်းတာတွေ ရှိတယ်... သူတို့က ဆုလာဘ်အဖြစ် ဆေးလိပ်တစ်လိပ်နှစ်လိပ်လောက်တော့ ပေးကြပါတယ်... ဒါပေမဲ့ ဒီလောက် ကောက်နှံတွေ ဘယ်လိုလုပ် ရလာတာလဲ ကောင်လေး..."

လျူအာကျူးမှာ စိတ်သက်သာရာ ရသွားသည်။ စာသင်ကျောင်း တက်ဖူးသူဆိုတော့ နားလည်ပေးနိုင်သည်ပေါ့။ သူသည် ချက်ချင်းပင် ပြုံးလိုက်သည်။

"ကျောင်းသားတွေက ဆေးလိပ် မသောက်ကြဘူး... ပိုက်ဆံလည်း မရှိကြဘူး... ဒါကြောင့် မိဘတွေ ပေးလိုက်တဲ့ စားစရာတွေကိုပဲ အပေးအယူ လုပ်ကြတာပါ... ဒါက တစ်နှစ်စာအတွက် စုဆောင်းထားတာပါ... ပြီးတော့ ကျွန်တော်တို့ရွာမှာ တစ်အိမ်တောင်ဖြစ်ဖြစ်၊ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဂိုဒေါင်ဖြစ်ဖြစ် စပါးကို အသက်ထက် ပိုတန်ဖိုးထားကြတာ... ကျွန်တော်က ဘယ်မှာသွားခိုးရဲမှာလဲ..."

ထိုစကားများကြောင့် သူတို့နှစ်ဦး၏ မျက်နှာမှာ ပျော့ပြောင်းသွားပြီး လျူအာကျူး၏ စကားကို ယုံကြည်သွားပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုခေတ်ကာလတွင် ကောက်နှံမှာ အသက်ဖြစ်သည်။ ခိုးယူခြင်းကို ကာကွယ်ရန်အတွက် မိသားစုတိုင်းက ကောက်နှံကို သေချာစွာ ဖွက်ထားကြသည်။

လျူအာကျူးမှာ အပြင်တွင် စာသင်နေသည်မှာ ကြာပြီဖြစ်၍ ရွာအကြောင်းကို ကောင်းကောင်း မသိသဖြင့် ခိုးချင်လျှင်ပင် လွယ်ကူမည် မဟုတ်ပေ။

ထိုအချက်ကို နားလည်သောအခါ တာ့ရွှယ်ထိုသည် ကောက်နှံအိတ်ကို ပြန်ဖွင့်ကြည့်လိုက်ပြီး သွားရည်မျိုလိုက်သည်။

သူ့မိသားစုမှာ စာစရာအနည်းငယ်သာ ကျန်သေးသော်လည်း အများကြီး မဟုတ်ပေ။

ဤပြောင်းဖူးမှုန့် ဆယ်ကျင်းနှင့် တောဟင်းရွက်ပြုတ်ကို ရောစပ်လိုက်ပါက သူ့မိသားစုအတွက် နှစ်လခန့် စားသောက်နိုင်ပေလိမ့်မည်။

All Chapters