အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) ဟင်... သမီးက အဲဒါတွေကို မှတ်ထားရမှာလား…
နျူဟုန်ဟွာက တံခါးကို အမြန်ပိတ်ကာ သော့ခတ်လိုက်၏။ ထို့နောက် သူမသည် လီဆွေ့ဆွေ့ကို တွဲထူလိုက်ပြီး ဆူပူလိုက်သည်။
"ညည်း အသုံးမကျချက်... ဝက်တစ်ကောင်ကို မြင်ရုံလေးနဲ့ ခုလိုဖြစ်သွားရသလား..."
လျူအာကျူးမှာ သူမကို မဖော်ထုတ်ဘဲ မနေနိုင်တော့ချေ။
"အမေကလည်း ခြံထဲမှာ ဝက်ကြီးကိုမြင်တော့ ဆယ်ပတ်ကျော်လောက် ပတ်ပြေးနေပြီး လက်ခုပ်တွေတီးပြီး နတ်ဝင်ပူးနေသလို ခုန်ပေါက်နေတာကို ကျွန်တော် အကုန်မြင်လိုက်တယ်နော်..."
ထိုစကားကို ကြားသောအခါ နျူဟုန်ဟွာ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ချက်ချင်း နီမြန်းသွားလေသည်။ သူမသည် ရှက်ဒေါသထွက်ကာ လျှောက်သွားပြီး လျူအာကျူးကို လက်ပင့်၍ ခပ်ဖွဖွ ရိုက်လိုက်၏။
"နင်က သိပ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ..."
လျူအာကျူးကို ဆူပူပြီးနောက် နျူဟုန်ဟွာသည် ရယ်မောခြင်းကို မအောင့်ထားနိုင်တော့ချေ။ သူမသည် ရယ်မောရင်း မျက်ရည်များပင် ကျလာသည်။
ယောက္ခမနှင့် ချွေးမတို့ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်ကို မြင်သောအခါ လျူတာ့လျန်၏ ငတုံးဉာဏ်မှာ ပြန်ပေါ်လာပြန်သည်။ သူသည် လျူအာကျူးအနားသို့ သတိထားကာ ကပ်သွားပြီး မေးလိုက်သည်။
"ညီလေး... ငါတို့အမေနဲ့ မရီးက အရူးရောဂါများ ကူးစက်သွားတာများလား... သူတို့ကိုယ်သူတို့ ထိခိုက်မိမှာစိုးလို့ ငါအရင်ဆုံး ကြိုးနဲ့တုပ်ထားလိုက်ရမလား..."
လျူအာကျူးက သူ့ကို မျက်စောင်းထိုးလိုက်လေသည်။
"အသားတွေကို မြန်မြန်လှီးပြီး ဆားနယ်လိုက်ပါ... မဟုတ်ရင် အနံ့နံလာလို့ကတော့ အမေနဲ့ မရီးက တကယ်ရူးသွားလိမ့်မယ်..."
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ဘာကိုမှ အလဟဿ အဖြစ်ခံလို့မရဘူး... မဟုတ်ရင် မိုးကြိုးပစ်ခံရလိမ့်မယ်..."
လျူတာ့လျန်က ဓားသွားသွေးရန် ချက်ချင်း ထွက်သွားလေသည်။
အိမ်ရှိဓားမှာ ဟင်းသီးဟင်းရွက်များ လှီးဖြတ်ရန် အဆင်ပြေသော်လည်း အသားလှီးရန်အတွက်မူ အမှန်တကယ် အသုံးမဝင်လှသဖြင့် သွေးပေးရန် လိုအပ်လေသည်။
ဓားသွေးပြီးသွားသောအခါ လျူတာ့လျန်သည် ဝက်ပေါ်ရာတွင် ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း လျူအာကျူးထက်မူ သာလွန်နေသေးသည်။ ထို့ကြောင့် သူသည် တောဝက်ကြီးကို အမြန်ပင် လှီးဖြတ်ပိုင်းစတစ်လိုက်လေသည်။
နျူဟုန်ဟွာနှင့် လီဆွေ့ဆွေ့တို့ အနည်းငယ် တည်ငြိမ်သွားပြီးနောက် သူတို့သည်လည်း အလုပ်စတင်လုပ်ကိုင်ကြသည်။
တစ်ယောက်က ဝက်သားကို နယ်ရန် ဆားကြမ်းများကို ထောင်းနေပြီး အခြားတစ်ယောက်ကမူ မီးမွှေးကာ ဝက်သားကို မှိုင်းတိုက်ရန် ထင်းများ စုဆောင်းနေသည်။
လျူတာ့လျန်သည် ဝက်သားများကို ပိုင်းဖြတ်ပြီးနောက် ဝက်ဆီဖတ်များကိုယူကာ ဝက်ဆီချက်ရန် ပြင်ဆင်လေသည်။
အတိုချုပ်ဆိုရလျှင် သူတို့သုံးယောက်စလုံးသည် ကိုယ်ပိုင်အလုပ်တာဝန်များ အသီးသီးရှိကြပြီး အနားမရဘဲ အလုပ်များနေကြလေသည်။
လျူအာကျူးသည် အကြိမ်အနည်းငယ်မျှ ကူညီရန် ကြိုးစားခဲ့သော်လည်း နှင်ထုတ်ခံခဲ့ရသည်။ သူသည် မိသားစု၏ သူရဲကောင်းကြီးဖြစ်သဖြင့် ယခု အနားယူသင့်သည်ဟု သူတို့က ပြောဆိုကြလေသည်။
နျီဇီလေးပင်လျှင် လီဆွေ့ဆွေ့၏ ဆူပူခြင်းကို ခံရပြီး သူမ၏ တင်ပါးသေးသေးလေးကိုပင် အကန်ခံလိုက်ရသေးသည်။ လီဆွေ့ဆွေ့က မျက်စောင်းထိုးကာ အော်ဟစ်လိုက်သည်။
"နင့်ဦးလေးကို သွားမနှောင့်ယှက်နဲ့... နင့်ဦးလေးက ကြီးမြတ်တဲ့အလုပ်တွေကို လုပ်မယ့်သူ... နင့်လို ကလေးလေးကို အဖော်လုပ်ပေးဖို့ အချိန်မရှိဘူး..."
နျီဇီခမျာ ငိုတော့မည့်ပုံ ပေါက်နေသည်။ သူမ၏ လှပသော မျက်လုံးဝိုင်းကြီးများတွင် မျက်ရည်များ ပြည့်နေပြီး ငိုချင်နေသော်လည်း အရိုက်ခံရမည်ကို ကြောက်နေရှာသည်။ သူမ၏ ဝမ်းနည်းနေသော မျက်နှာလေးကြောင့် လျူအာကျူးမှာ စိတ်မကောင်းဖြစ်သွားရလေသည်။
"အို... အို... မငိုနဲ့ ကလေးလေး... ဦးလေး ဖက်ထားပေးမယ်နော်..."
လျူအာကျူးက ညင်သာစွာ ချော့မော့လိုက်လေသည်။
ထိုစကားကို ကြားသောအခါ နျီဇီက ချက်ချင်းပင် ငိုချလိုက်လေတော့သည်။ သူမ၏ လက်မောင်းလေးများကို ဆန့်တန်းကာ လျူအာကျူးထံသို့ ငိုယိုကာ သွားလေသည်။
"ဦးလေး... ဖက်..."
လျူအာကျူးသည် နျီဇီကို အမြန်ပွေ့ဖက်လိုက်ပြီး လီဆွေ့ဆွေ့ကို ပြောလိုက်လေသည်။
"မရီး... ကောင်မလေးကို နည်းနည်းလောက် ပိုပြီး အလိုလိုက်သင့်တယ်... ဒါမှ နောင်ကျရင် သူ ချစ်ခြင်းမေတ္တာ ငတ်မွတ်နေတာမျိုး မဖြစ်မှာ..."
ချစ်ခြင်းမေတ္တာ ငတ်မွတ်နေသည်။
ဤအသုံးအနှုန်းအသစ်ကို ကြားသောအခါ လီဆွေ့ဆွေ့သည် နှုတ်ခမ်းမဲ့လိုက်သည်။
"ကျူးဇီ... နင်တို့ ပညာတတ်တွေက တကယ်ပါပဲ... အရမ်းတွေ သိတတ်နေတာပဲ... ငါတို့တွေထဲမှာ ကြီးပြင်းလာတဲ့အထိ လူကြီးတွေရဲ့ အရိုက်အနှက်မခံရတဲ့သူ ဘယ်သူရှိလို့လဲ... ချစ်ခြင်းမေတ္တာ ငတ်မွတ်နေတဲ့သူဆိုတာကို ငါတော့ မတွေ့ဖူးသေးဘူး..."
လျူတာ့လျန်ကလည်း ဝင်ပြောလေသည်။
"ဟုတ်တယ်... ငါ ငယ်ငယ်တုန်းက အမှားလုပ်မိရင် အဖေက ငါ့ကို သစ်ပင်မှာဆွဲချိတ်ပြီး ရိုက်တာပဲ... လက်မောင်းလောက် တုတ်ခိုင်တဲ့ သစ်ကိုင်း သုံးချောင်းတောင် ကျိုးသွားခဲ့တာ... ငါလည်း ချစ်ခြင်းမေတ္တာ ငတ်မွတ်မနေပါဘူး..."
လျူအာကျူးမှာ အလွန်အံ့သြသွားလေသည်။
"အဖေ့မှာ အဲ့လို ကြမ်းတမ်းတဲ့ဘက်ခြမ်းလည်း ရှိတာလား..."
"မရှိရအောင်လား... မင်းက အချစ်ခံရဆုံးမလို့ တစ်ခါမှ အရိုက်မခံရတာလေ..."
"အဲ့ဒီတုန်းက ငါ တော်တော် အရိုက်ခံခဲ့ရတာ... ငါ့ကို ဆွဲချိတ်ပြီး ရိုက်ခဲ့တဲ့ အချိန်တုန်းကဆို ငါက အဖေ့ရဲ့ စီးကရက်တစ်လိပ်ကို အရသာသိချင်လို့ ခိုးသောက်မိရုံလေးပဲကို... အဲ့ဒါကို မင်းက လိုအပ်တယ်လို့ ထင်လို့လား..."
လျူတာ့လျန်က မရပ်မနား သက်ပြင်းချနေလေသည်။
လျူအာကျူးသည် ထိုအကြောင်းကို စဉ်းစားကြည့်လေသည်။ ထိုစဉ်က အချိန်ကာလများမှာ သိပ်မခက်ခဲလှသောကြောင့် စီးကရက်တစ်လိပ်အတွက် ဆွဲချိတ်ပြီး ရိုက်နှက်ရန် အမှန်တကယ် မလိုအပ်ပေ။ သူ့ဖခင်မှာ သူ၏အစ်ကိုကြီးအား ခိုးတတ်သော အကျင့်ဆိုးရသွားမည်ကို မလိုလားသောကြောင့် ဖြစ်မည်ဟု သူတွေးလိုက်လေသည်။
အံ့သြစရာကောင်းသည်မှာ နျူဟုန်ဟွာက ဘေးမှနေ၍ ဒေါသတကြီးဖြင့် ဝင်ပြောလေသည်။
"ကျူးဇီ... နင့်အစ်ကို လျှောက်ပြောနေတာတွေကို နားမထောင်နဲ့... နင့်အဖေက သူ စီးကရက်ခိုးလို့ ရိုက်တာမဟုတ်ဘူး... ဒီကောင်စုတ်လေးက နှစ်ဖွာလောက် ဖွာပြီးတော့ အရသာမကောင်းဘူးဆိုပြီး လွှင့်ပစ်လိုက်တာကနေ ကောက်ရိုးပုံပေါ်ကျပြီး ကောက်ရိုးပုံ ဆယ်ပုံကျော်လောက်ကို မီးလောင်သွားလို့ပဲ... ရွာသားတွေ တစ်ညလုံး မီးငြှိမ်းသတ်ခဲ့ရတာ... သူက တစ်ရွာလုံးကို မီးရှို့ပစ်တော့မလို့ လုပ်တာလေ..."
"..."
လျူအာကျူးက သူ၏ နှာခေါင်းတံကို ညှစ်လိုက်ပြီး သူ၏အဖေမှာ အမှန်တကယ်ပင် သက်ညှာပေးခဲ့သည်ဟု ခံစားလိုက်ရသည်။
လီဆွေ့ဆွေ့မှာလည်း အထိန်းအကွပ်မရှိ ရယ်မောလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲ့အကြောင်းကို ငါကြားဖူးတယ်... ဒီငတုံးက ငါ့အိမ်ကို လာတောင်းရမ်းတဲ့ ပထမဆုံးနေ့မှာ ငါ့အမေက သူ့ကို မင်း မီးဆော့နေတုန်းပဲလားလို့တောင် မေးခဲ့သေးတာ..."
လျူတာ့လျန်က သူ၏ ငတုံးဟူသော နာမည်နှင့်အညီ သဘောပေါက်သွားလေသည်။
"ဪ... ဒါကြောင့်ကိုး... မင်းအမေက ဘာလို့ ငါ့ကို မီးဆော့လားလို့ မေးရတာလဲဆိုပြီး ငါတွေးနေခဲ့တာ... သူမက ငါ့ကို ဟင်းချက်တာ ကူညီခိုင်းချင်လို့ ထင်နေတာ..."
သူ့အစ်ကိုကြီး၏ ရိုးအသောပုံစံကို ကြည့်ပြီးနောက် လျူအာကျူးသည် သူ၏ ရင်ခွင်ထဲရှိ နျီဇီကို ကြည့်လိုက်သည်။
ဤကောင်မလေးက နောင်ကျရင် ဤလောက်ထိ တုံးအမနေလောက်ပါဘူးနော်။ ဤသို့သာဆိုလျှင် သူမ လွယ်လွယ်လေး အရူးလုပ်ခံရတော့မည်သာ ဖြစ်သည်။
သူ့တူမလေး၏ ဉာဏ်ရည်ကို စမ်းသပ်ရန်အတွက် လျူအာကျူးသည် သူမအား စောစီးစွာ အသိပညာပေးခြင်းအဖြစ် ဂဏန်းသင်္ချာသင်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် မြေကြီးပေါ်တွင် ဂဏန်းဆယ်လုံးကို ရေးလိုက်ပြီး နျီဇီကို ပြောလိုက်လေသည်။
"လာ... ဦးလေးက သမီးကို ဂဏန်းတွေ မှတ်မိအောင် သင်ပေးမယ်... ဦးလေးက တစ်လုံးပြောရင် သမီးက နောက်ကနေ လိုက်ပြောနော်..."
နျီဇီသည် ဤအရာမှာ သနားစရာကောင်းသော ဘဝ၏ အစပြုခြင်းဖြစ်ကြောင်းကို မသိရှာပေ။ ဂိမ်းတစ်ခုခုဟု ထင်မှတ်ကာ သူမသည် သူ၏ဘေးတွင် စိတ်လှုပ်ရှားစွာ ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
"ဟုတ်ကဲ့..."
"၁..."
လျူအာကျူးက ဂဏန်းကို လက်ညှိုးထိုးပြလိုက်လေသည်။
နျီဇီသည် ကလေးသံလေးဖြင့် အပြစ်ကင်းစင်စွာ အော်ပြောလိုက်လေသည်။
"၁..."
"၂..."
နျီဇီသည် နောက်မှ ထပ်မံလိုက်ပြောပြီး သူမ၏ လှပသော မျက်လုံးများက မြေကြီးပေါ်ရှိ ဂဏန်းများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။
လျူအာကျူးသည် သူမအား ဤကဲ့သို့ တစ်ခုပြီးတစ်ခု ဆယ်အထိ သင်ပေးလိုက်လေသည်။
နှစ်ကြိမ်၊ သုံးကြိမ်ခန့် သင်ပေးပြီးနောက် သူက နျီဇီကို မေးလိုက်လေသည်။
"သမီး မှတ်မိသွားပြီလား..."
နျီဇီက အနည်းငယ် တုံ့ဆိုင်းသွားလေသည်။
"ဟင်... သမီးက အဲဒါတွေကို မှတ်ထားရမှာလား..."
"ဦးလေးအမှားပါ... သမီးကို မှတ်ထားဖို့ ပြောဖို့ မေ့သွားတယ်..."
လျူအာကျူးသည် သက်ပြင်းရှည်ကြီးကို ရှိုက်လိုက်ပြီး သူ၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ကာ ပြုံး၍ ပြောလိုက်လေသည်။
"ဒါဆိုရင် ဦးလေး နောက်ထပ် အကြိမ်အနည်းငယ် သင်ပေးမယ်... သမီး မှတ်မိမလားဆိုတာ ကြည့်ရအောင်..."
ထို့နောက် ချက်ချင်းပင် သူသည် သင်ခန်းစာကို နောက်ထပ် ငါးကြိမ် ထပ်မံသင်ပေးလိုက်ပြီး နျီဇီကို တင်းမာစွာ စိုက်ကြည့်ကာ မေးလိုက်လေသည်။
"အခုရော ဘယ်လိုလဲ... သမီး မှတ်မိပြီလား..."
နျီဇီသည် လျူအာကျူး၏ လက်ထဲရှိ သစ်သားချောင်းငယ်လေးကို ကြည့်လိုက်ပြီးနောက် လျူအာကျူးကို ပြန်ကြည့်လိုက်လေသည်။
သူမကို ဤသို့ မြင်သောအခါ လျူအာကျူးသည် သူမ ကြောက်နေသည်ဟု ထင်ကာ ချက်ချင်း ပြုံးလိုက်လေသည်။
"မကြောက်ပါနဲ့... သမီး မှားပြောမိရင်တောင် ဦးလေးက သမီးကို မရိုက်ပါဘူး..."
"ဒါပေမဲ့ ဦးလေး... ဒီသစ်သားချောင်းလေးက သမီး အီးပါပြီးသွားတဲ့အချိန် အဖွားက သမီးတင်ပါးကို သုတ်ပေးတဲ့ ဟာလေးဆိုတာကိုတော့ သမီး မှတ်မိတယ်..."
နျီဇီသည် လျူအာကျူး၏ လက်ထဲရှိ သစ်သားချောင်းလေးကို လက်ညှိုးထိုးပြလိုက်လေသည်။
လျူအာကျူးသည် သစ်သားချောင်းကို အမြန်လွှင့်ပစ်လိုက်ပြီး ငိုရခက်ရယ်ရခက်ဖြင့် မေးလိုက်လေသည်။
"နျီဇီ... ဘာလို့ စောစောကတည်းက မပြောရတာလဲ..."
"ဦးလေးက စောစောက ဒီသစ်သားချောင်းလေးကို ရှေ့နောက် ယမ်းနေလို့လေ... ဒါကြောင့် သမီး မှတ်မိဖို့ နှေးသွားတာ..."
နျီဇီက သူမ မှန်ကန်ကြောင်း အခိုင်အမာ ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ လျူအာကျူးက သဘောပေါက်သွားလေသည်။
ကောင်းပြီလေ... ဤကောင်မလေးသည် သူခုနက သင်ပေးလိုက်သည်များကိုလည်း အသေအချာ မှတ်မိခဲ့မည် မဟုတ်ပေ။
သူမက အလွန်ငယ်ရွယ်နေသေးသောကြောင့် ဖြစ်နိုင်သည်မို့ နောင်မှ သင်ပေးခြင်းက ပိုကောင်းပေမည်။
လျူအာကျူးသည် သူမ၏ စရိုက်မှာ သူ၏အစ်ကိုကြီးနှင့် တူနေသည်ဟု မယုံကြည်ချင်သောကြောင့် နျီဇီအတွက် ဆင်ခြေပေးလိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ လီဆွေ့ဆွေ့မှာ ချက်ချင်း ရယ်မောလိုက်သည်။
"ကျူးဇီ... လက်လျှော့လိုက်တော့... ဒီကောင်မလေးက သူမအဖေလိုပဲ ရိုးအလွန်းတယ်... စာသင်တာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်ဘူး... သူမက အရူးတစ်ယောက်လို ဆော့ကစားရတာကိုပဲ သဘောကျတာ..."
"ဆော့ကစားနိုင်တာကလည်း ကောင်းပါတယ်... သူ့လိုကလေးမျိုးက စိတ်ထားကောင်းတယ်... နျီဇီက သူမရဲ့ဘဝတစ်လျှောက်လုံးမှာ ပူပင်သောကတွေမရှိဘဲ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်..."
လျူအာကျူးက ပြန်လည်တက်ကြွလာသည်။ မည်သို့ပင်ဖြစ်စေ သူသည် မိသားစုတစ်စုလုံးကို စောင့်ရှောက်နိုင်စွမ်းရှိပေရာ မိသားစု၏ မှီခိုရာတိုင်အဖြစ် ကောင်မလေးတစ်ယောက်အပေါ် မှီခိုရန် မလိုအပ်ပေ။
လျူအာကျူး၏ စကားကို ကြားသောအခါ လီဆွေ့ဆွေ့မှာ အလွန်စိတ်လှုပ်ရှားသွားပြီး နျီဇီတွင် ဤမျှကောင်းမွန်သော ဦးလေးရှိနေခြင်းအတွက် ဝမ်းသာသွားလေသည်။ ထို့နောက် သူမက လျူတာ့လျန်ကို ပြင်းထန်စွာ မျက်စောင်းထိုးလိုက်လေသည်။
"ကျူးဇီကို ကြည့်စမ်း... ရှင်ရဲ့ သမီးမိုက်လေးကို ဒီလောက်တောင် အလိုလိုက်နေတာကို ရှင်က ဘာတစ်ခုမှတောင် ဝင်ပြောဖို့ မသိဘူးလား..."
လျူတာ့လျန်က ရယ်မောလိုက်လေသည်။
"ဒါဆိုရင် ငါတို့ ညီလေးရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ ဆုတောင်းပေးပါတယ်..."
ဤစကားကြောင့် အမျိုးသမီးနှစ်ဦးစလုံးထံမှ မျက်စောင်းထိုးခြင်းကို ခံလိုက်ရလေသည်။
လျူအာကျူးကမူ သူ၏ အစ်ကိုကြီးကို သံသယဖြင့် စိုက်ကြည့်နေလေသည်။ ဤလူသည် တုံးအချင်ယောင် ဆောင်နေခြင်းများလား။