အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) ရေလုငှဲ့ကြခြင်း
တာ့ရွှယ်ထိုသည် ဆေးဖော်ခန်းထဲသို့ ဝင်သွားပြီး ပြီးခဲ့သည့်ညက သူမြှုပ်နှံထားသော စန္ဒကူးသစ်သားသေတ္တာကို နောက်တစ်ကြိမ် ပြန်တူးဖော်လိုက်လေသည်။
လျူအာကျူးသည် ထိုသေတ္တာကို မြင်လိုက်ရသည့်အခါ အံ့ဩသွားပြီး...
"ဆရာ... ဒီသေတ္တာက ပိုက်ဆံအများကြီး တန်မှာပဲနော်..."
"ဒါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ချီးမြှင့်ထားပြီး တော်ဝင်လက်မှုပညာဌာနက ပြုလုပ်ထားတာလေ... ကုန်ကြမ်းတွေချည်းပဲ ငွေဒင်္ဂါးပြား တစ်ထောင်ကျော် တန်ဖိုးရှိတယ်လို့ ဆိုကြတယ်... အခုဆို ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ..."
တာ့ရွှယ်ထိုက ရယ်မောရင်း မေးလိုက်သည်။
"အခုချိန်မှာတော့ သိပ်တန်ဖိုးရှိမှာ မဟုတ်ပေမဲ့ နောက်ဆယ်စုနှစ်အနည်းငယ်လောက် ကြာရင်တော့ သန်းနဲ့ချီပြီး ရောင်းရနိုင်တယ်..."
လျူအာကျူးက စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ပြောလိုက်သည်။
"သန်းနဲ့ချီပြီး ဟုတ်လား..."
တာ့ရွှယ်ထိုမှာ မိမိလျှာကိုပင် ကိုက်မိမတတ် ဖြစ်သွားရပြီး လျှာသာ ပြတ်သွားခဲ့လျှင် သူ၏အမည်နှင့် လိုက်ဖက်တော့မည် မဟုတ်ပေ။ သူက လျူအာကျူးကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ...
"အကောင်စုတ်လေး... ငါ့ကိုများ နောက်ပြောင်ရဲတယ်ပေါ့..."
သူ၏ မိသားစု အမွေအနှစ်မှာ အမှန်တကယ် အဖိုးတန်လှပြီး တာ့ရွှယ်ထိုသည်လည်း ကြွားလုံးထုတ်ချင်နေခဲ့သည်မှာ မှန်သော်လည်း... တစ်ထောင်ယွမ်ခန့် ရောင်းရလျှင်ပင် အလွန်ထူးကဲနေပြီဖြစ်ရာ ဤကောင်လေးက သန်းနှင့်ချီ၍ ရောင်းရနိုင်သည်ဟု မည်သို့များ ပြောထွက်ရသနည်း။
အဆူခံရပြီးနောက် လျူအာကျူးမှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ မည်သို့မျှ ရှင်းပြ၍မရနိုင်တော့ပေ။ သူက...
"ကျွန်တော်က ဆရာပြောတာကို အလိုက်သင့် ဝင်ပြောပေးတာ မဟုတ်ဘူးလား..."
"မင်းလို ကောင်စုတ်လေးကို စကားပြောနေရတာ ငါ့တံတွေး ခမ်းတာပဲ အဖတ်တင်တယ်..."
တာ့ရွှယ်ထိုသည် မူလက သူ၏ မိသားစု အမွေအနှစ်ကို ကြွားလုံးထုတ်ချင်ခဲ့သော်လည်း လျူအာကျူး၏ သန်းနှင့်ချီတန်သည်ဆိုသော စကားကြောင့် သူ၏ စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားခဲ့ရသည်။ သူက စိတ်မရှည်စွာဖြင့်…
"ဒီထဲမှာ ငါ့မိသားစုရဲ့ ဆေးပညာ အမွေအနှစ်တွေ ရှိတယ်... မနေ့က မင်းပေးတဲ့ ဝက်သားတစ်ခြမ်းက ဆရာတင်လက်ဆောင်လို့ မင်းပြောခဲ့တဲ့အတွက် ဒါက မင်းကို ငါတကယ် သင်ပေးမယ့် အရာတွေပဲ..."
လျူအာကျူးသည် သိချင်စိတ်ပြင်းပြစွာဖြင့် သေတ္တာထဲသို့ ကြည့်လိုက်ရာ အထဲတွင် ပစ္စည်းအနည်းငယ်ကို တွေ့လိုက်ရသည်။
'မုဟောက်ဆေးကျမ်း' ဟု ရေးသားထားသော ကြီးမားသည့် စာလုံးလေးလုံးပါရှိသည့် ရှေးဟောင်းစာအုပ်တစ်အုပ် ရှိလေသည်။ ထိုစာအုပ်ထဲတွင် နောင်လာနောက်သားများ လုံးဝမကြားဖူးခဲ့သော ခက်ခဲနက်နဲသည့် ရောဂါအမျိုးမျိုးအတွက် ကုသနည်းများနှင့် ဆေးညွှန်းများ၊ အပ်စိုက်ကုထုံးများကို မှတ်တမ်းတင်ထားသည်။ ၎င်းမှာ အချိန်ကာလကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော အမွေအနှစ်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
ထို့ပြင် အဝတ်ထုပ် နှစ်ထုပ်လည်း ပါရှိပြီး တစ်ထုပ်တွင် ရွှေအပ်များ ပါရှိကာ အခြားတစ်ထုပ်တွင် ငွေအပ်များ ပါရှိလေသည်။
ဤအရည်အသွေးမြင့် အပ်နှစ်ထုပ်ကို ယခုအချိန်တွင် ရောင်းချမည်ဆိုပါက ငွေကြေးအမြောက်အမြား ရရှိနိုင်ပေလိမ့်မည်။
နောင်ခေတ်ကာလများတွင်သာ ဆိုပါက တရုတ်တိုင်းရင်းဆေးရုံကြီးများသည် လေလံပွဲများတွင် အလုအယက် ဈေးပြိုင်ပေးကြမည်ဖြစ်ပြီး ၎င်းတို့၏ အဖိုးတန်ဆုံး ရတနာများအဖြစ် သိမ်းဆည်းထားကြမည်မှာ အသေအချာပင် ဖြစ်လေသည်။
ဤပစ္စည်းများ၏ တန်ဖိုးကို သိရှိနားလည်သွားသောအခါ လျူအာကျူးမှာ အံ့သြတကြီးဖြင့် မေးလိုက်မိသည်။
"ဆရာ... ကျွန်တော်က အခုမှ စသင်ရုံပဲ ရှိသေးတာကို ဆရာက အမွေစစ်ကို ပေးနေပြီလား... ကျွန်တော့်ကို ထပ်ပြီး မစမ်းသပ်တော့ဘူးလား..."
"မင်းကို ငါထပ်စမ်းသပ်နေရင် မင်းရဲ့ဆရာကတော်က ငါ့ကို အိမ်ထဲကနေ ကန်ထုတ်ပြီး မင်းကို သူ့ဘာသာသူ သင်ပေးလိမ့်မယ်..."
တာ့ရွှယ်ထိုက မှုန်ကုပ်ကုပ်ဖြင့် ရှင်းပြလိုက်သည်။ လျူအာကျူး၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ရင်း သူသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ပြီးတော့ ခုလိုအငတ်ဘေးကြုံနေရတဲ့ အချိန်ကာလမှာ ဆောင်းတွင်းလည်း ရောက်တော့မယ်ဆိုတော့ အိမ်တိုင်းက စားနပ်ရိက္ခာတွေ စုဆောင်းဖို့ပဲ တွေးနေကြတာလေ... ဒါပေမဲ့ မင်းက အာဏာလည်းမရှိ ဩဇာလည်းမရှိတဲ့ ငါ့လို ခြေဗလာဆရာဝန် တစ်ယောက်ကို ဝက်သားတစ်ခြမ်းတောင် ပေးရဲတယ်ဆိုတော့... အဲ့လိုစိတ်ထားမျိုးကို ဘာများသံသယဖြစ်စရာ လိုတော့မှာလဲ..."
ဆရာဖြစ်သူက ထိုသို့ပြောလိုက်သည်ကို ကြည့်ပြီးနောက် လျူအာကျူးက အားနာမနေတော့ဘဲ ပစ္စည်းများကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။
နောင်တစ်ချိန်တွင် ဤပစ္စည်းများ ဖျက်ဆီးမခံရစေရန် သူနှင့်အတူ သိမ်းဆည်းထားခြင်းက ပို၍ စိတ်ချရပေမည်။
"မနေ့ညက စာအုပ်ရော ဘယ်မှာလဲ... မင်း အဲဒါကို ဖျက်ဆီးပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်..."
တာ့ရွှယ်ထိုက လျူအာကျူးကို စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
လျူအာကျူးက ချက်ချင်းပင် စာအုပ်ကို ထုတ်ပြလိုက်ရာ စာအုပ်၏ ထောင့်စွန်းလေးတစ်ခုမျှပင် ခေါက်ချိုးရာ ထင်မနေခဲ့ပေ။
တာ့ရွှယ်ထိုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ဒါဆို ဆက်ဖတ်နေလိုက်... ငါ အပြင်ထွက်ပြီး ဆေးလိပ်သွားသောက်လိုက်ဦးမယ်..."
သူ၏ မိသားစု အမွေအနှစ်များကို ကာကွယ်ရန်အတွက် မတော်တဆ မီးလောင်မှုဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် တာ့ရွှယ်ထိုသည် ဆေးဖော်ခန်းထဲတွင် မည်သည့်အခါမျှ ဆေးလိပ်မသောက်ခဲ့ပေ။
စာအုပ်များ အပြည့်တင်ထားသော စင်များကို ကြည့်ရင်း လျူအာကျူးသည်လည်း ရည်မှန်းချက်များ ပြည့်ဝလာကာ သူ၏ ဆေးပညာခရီးစဉ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်ရန် ဤဆေးပညာစာအုပ်များကို အတိုတောင်းဆုံး အချိန်အတွင်း အပြီးဖတ်ရန် ဆုံးဖြတ်လိုက်သည်။
တာ့ရွှယ်ထိုသည် ခြံဝင်းထဲသို့ ထွက်သွားပြီး ခွေးခြေခုံလေးပေါ်တွင် ထိုင်ကာ ဆေးတံကို ဖွာရင်း ဆေးဖော်ခန်းထဲရှိ လျူအာကျူးကို စောင့်ကြည့်နေလေသည်။
ကောင်လေးက ကုလားထိုင်ပေါ်တွင် ထိုင်ကာ စူးစူးစိုက်စိုက် စာဖတ်နေသည်ကို မြင်ရသောအခါ သူက အလွန်ပင် ကျေနပ်သွားခဲ့သည်။
"ငါ့ရဲ့ တပည့်က သင်ယူရတာကို ဘယ်လောက်တောင် နှစ်သက်လိုက်သလဲဆိုတာ ကြည့်စမ်းပါဦး... အနာဂတ်ကျရင် သူက ငါ့ထက်တောင် ပိုတော်လာမှာ သေချာတယ်..."
သူ စကားပြော၍ပင် မဆုံးသေးမီ ကလေးနှစ်ယောက်သည် အပြင်ဘက်မှ ရယ်မောဆော့ကစားရင်း ပြေးဝင်လာကြသည်။
ဤအကြွေးတောင်းသူနှစ်ယောက်ကို မြင်လိုက်ရသည့်အခါ တာ့ရွှယ်ထို၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားလေသည်။
"ဟေ့ကောင်စုတ်လေးတွေ... မင်းတို့က ထမင်းဝရုံလေးပဲ ရှိသေးတယ်... အခုကတည်းက သောင်းကျန်းနေကြပြီလား... ငါ့ရဲ့ ပညာရပ်တွေကို မင်းတို့က ဆက်ခံမယ်လို့ မျှော်လင့်နေတာလား... နောက်ဘဝမှပဲ မျှော်လင့်လိုက်တော့..."
တာ့ရွှယ်ထို၏ အော်ဟစ်ဆူပူမှုများမှာ အသံသာကျယ်သော်လည်း အမှန်တကယ်တွင်မူ သူသည် ကလေးနှစ်ယောက်စလုံးကို အလွန်အလိုလိုက်သောကြောင့် မည်သူကမျှ သူ့ကို မကြောက်ကြပေ။
မာရှုလျန်ကမူ ထိုသို့မဟုတ်ပေ။ သူမသည် ဖိနပ်ချွတ်၍ ရိုက်တတ်ပြီး ဖိနပ်စီးထားလျှင်လည်း တကယ်ကန်တတ်လေသည်။
ယခုအချိန်တွင်မူ သူမက ကလေးနှစ်ယောက်ကို တစ်ချက်မျှသာ စိုက်ကြည့်လိုက်ရာ သူတို့နှစ်ယောက်မှာ ရယ်မောနေရာမှ ချက်ချင်းရပ်သွားကြပြီး စိုးရိမ်တကြီးဖြင့် မတ်တတ်ရပ်နေကြလေသည်။
"အတော်ပဲ... လီလီနဲ့ လဲ့လဲ့... မင်းတို့ရဲ့ အစ်ကိုကျူးဇီအတွက် ရေတစ်ခွက် သွားငှဲ့ပေးလိုက်စမ်း..."
မာရှုလျန်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့..."
လျူလီလီက နှစ်နှစ်ပိုကြီးသူပီပီ ရေနွေးအိုးသွားယူရန် အမြန်ပြေးသွားလေသည်။
သူမ၏ မောင်လေးဖြစ်သူ လျူလဲ့လဲ့မှာလည်း အလျှော့မပေးချေ။
အဘယ်ကြောင့်ဆိုသော် အစ်ကိုကျူးဇီကို သူတို့၏ အစ်ကိုအရင်းတစ်ယောက်ကဲ့သို့ ပြုစုလုပ်ကျွေးရမည်ဟု မိခင်ဖြစ်သူက မှာထားသောကြောင့် ဖြစ်သည်။
သက်ကြီး တရုတ်တိုင်းရင်းဆေးဆရာတစ်ဦးအနေဖြင့် တာ့ရွှယ်ထိုသည် ရေစိမ်းသောက်ခြင်း၏ အန္တရာယ်များကို ကောင်းစွာ သိရှိထားလေသည်။ ထို့ကြောင့် အခြားသူများက ရေတွင်းရေ သို့မဟုတ် မြစ်ရေကို သောက်သုံးနေကြချိန်တွင် သူကမူ အိမ်နီးချင်းရွာရှိ ပန်းပဲဆရာထံသို့ သွားကာ ရေနွေးအိုးတစ်လုံး ပြုလုပ်စေခဲ့ပြီး နေ့စဉ် ကျိုချက်ထားသော ရေနွေးကိုသာ သောက်သုံးလေ့ရှိသည်။
ယခုအခါ လီလီက ရေနွေးအိုးကို ကောက်ကိုင်လိုက်ပြီး သူမ၏ မောင်လေးကမူ ပန်းကန်လုံးတစ်လုံးကို ကိုင်ကာ ပြေးလာလေသည်။
သူတို့နှစ်ယောက်စလုံးက ရေငှဲ့ပေးသူများ ဖြစ်ချင်ကြပြီး မည်သူကမျှ အခွင့်အရေးကို လက်လွှတ်မခံလိုကြသောကြောင့် ကြက်ဖနှစ်ကောင် ခွပ်တော့မည့်အလား အချင်းချင်း စိုက်ကြည့်နေကြသည်။
ဤမြင်ကွင်းကိုကြည့်ရင်း တာ့ရွှယ်ထိုက အလျင်အမြန်ပင်…
"ကဲ ကဲ... တော်ကြတော့... မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့အတွက် ရေနည်းနည်း ငှဲ့ပေးရင် မလုံလောက်ဘူးလား..."
သူတို့နှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ထပ်မံ၍ ငြင်းခုံကြပြန်သည်။
"အဖေ့အတွက် နင်ပဲ ရေသွားလောင်းပေးလိုက်... အစ်ကိုကျူးဇီအတွက် ငါရေသွားလောင်းပေးမယ်..."
"ငါမလုပ်ချင်ပါဘူး... အဖေ့မှာ လက်ပါတယ်လေ... သူ့ဘာသာသူ လောင်းလို့ရတာပဲ..."
"..."
တာ့ရွှယ်ထိုမှာ အလွန်ဒေါသထွက်သွားပြီး စိတ်တိုတိုဖြင့် ကျိန်ဆဲလိုက်သည်။
"ဟေ့အကောင်စုတ်လေးတွေ... မင်းတို့ကို ငါ ဆယ်နှစ်လောက် ကျွေးမွေးလာတာတောင်မှ အသားတစ်နပ် ကျွေးတဲ့သူလောက်တောင် ငါနဲ့ မရင်းနှီးကြဘူးလား..."
မာရှုလျန်သည်လည်း ရယ်မောရင်း ကလေးနှစ်ယောက်ကို အော်ပြောလိုက်သည်။
"ကလေးစုတ်လေးနှစ်ယောက် အတူတူသွားပြီး ရေငှဲ့ပေးကြလေ..."
တစ်ယောက်က ရေနွေးအိုးကို သယ်ကာ အခြားတစ်ယောက်က ပန်းကန်လုံးကို ကိုင်ရင်း တာ့ရွှယ်ထို၏ ဘေးသို့ အလုအယက် ရောက်လာကြပြီးနောက် သူ့ကို ရှောင်ကွင်းကာ ဆေးဖော်ခန်းထဲသို့ ပြေးဝင်သွားကြလေသည်။
တာ့ရွှယ်ထိုမှာ အလွန်ဒေါသထွက်သွားကာ ခုန်ပေါက်နေပြီး သူတို့ကို ကျေးဇူးကန်းသော ကလေးများအဖြစ် အဆက်မပြတ် ကျိန်ဆဲနေတော့သည်။
ဆေးဖော်ခန်းထဲတွင် လျူအာကျူး စာဖတ်နေစဉ် ဆရာ့အိမ်မှ ကလေးနှစ်ယောက် ပြေးဝင်လာကြသည်။ တစ်ယောက်က စားပွဲပေါ်တွင် ပန်းကန်လုံးကို ချလိုက်ပြီး အခြားတစ်ယောက်က ရေနွေးအိုးကိုမကာ ရေလောင်းထည့်လိုက်သည်။ သူတို့သည် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် သူတို့၏ လုပ်ရပ်အတွက် အသိအမှတ်ပြုခံရစေရန် နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း အသံထွက်၍ ပြောလိုက်ကြသည်။
"အစ်ကိုကျူးဇီ... အမေက ရေငှဲ့ပေးဖို့ ပြောလို့ ကျွန်တော် ပန်းကန်လုံး ယူလာပေးတာ..."
"အစ်ကိုကျူးဇီ... ရေငှဲ့ပေးတာက ညီမလေးနော်..."
သူ့ကို ပြောပြီးနောက် ကလေးနှစ်ယောက်သည် လျူအာကျူး ရေသောက်သည်ကို ကြည့်ရန် မျှော်လင့်တကြီးဖြင့် ကြည့်နေကြပြီး ထိုမှသာလျှင် နောက်ထပ် ရေတစ်ခွက် ထပ်လောင်းပေးနိုင်မည် ဖြစ်သည်။ သူတို့သည် မည်မျှ လိမ္မာရေးခြားရှိကြောင်း ပြသလိုကြပြီး ထိုသို့ပြသခြင်းဖြင့် နောင်တွင် အစ်ကိုကျူးဇီက သူတို့မိသားစုကိုသာ အသားများ ပေးလာစေရန် ရည်ရွယ်ထားကြသည်။
လျူအာကျူးမှာမူ သူတို့ ဘာတွေတွေးနေကြမှန်း မသိခဲ့ပေ။ ကလေးနှစ်ယောက်က သူတို့၏ မျက်နှာငယ်လေးများဖြင့် သူ့ကို မော့ကြည့်နေသည်ကို မြင်သောအခါ သူသည် အလိုအလျောက်ပင် အိတ်ကပ်ကို စမ်းကြည့်လိုက်မိသည်။
သူ၏ အိတ်ကပ်ထဲတွင် ပိုက်ဆံတစ်ပြားမှ မရှိသလို ကလေးများကို ချော့ရန် သကြားလုံးတစ်လုံးပင် မထုတ်ပေးနိုင်ချေ။
*ကျစ်... ဘာပဲဖြစ်ဖြစ် ဒီည မှောင်ခိုဈေးကွက်ကိုသွားပြီး ဝက်သားတွေကို ရောင်းပြီး အိမ်သုံးပစ္စည်းအချို့နဲ့ ကလေးတွေကို ချော့ဖို့ ပစ္စည်းအချို့ကို သွားလဲမှဖြစ်တော့မယ်*
သို့သော် လောလောဆယ်တွင်မူ သူသည် ကလေးနှစ်ယောက်ကို အရင် ဖြေရှင်းရမည် ဖြစ်သည်။
လျူအာကျူး စဉ်းစားခန်းဖွင့်နေစဉ်အတွင်း ရေကို အချိန်အတော်ကြာအောင် မသောက်ဘဲနေသဖြင့် ကလေးနှစ်ယောက်မှာ အနည်းငယ် စိုးရိမ်လာကြသည်။
လီလီသည် အသက်ဆယ်နှစ် အရွယ်ရှိနေပြီ ဖြစ်သည်။ ဤအရွယ် ရွာထဲရှိ ကလေးများသည် လူကြီးများအတွက် အဝတ်လျှော်ခြင်းနှင့် ထမင်းဟင်းချက်ခြင်းများကို စတင်လုပ်ဆောင်နေကြပြီဖြစ်ရာ သူမသည်လည်း အသိဉာဏ်ကြွယ်ဝနေပြီ ဖြစ်သည်။
လျူအာကျူးသည် ခရိုင်မြို့မှ အလယ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး မည်မျှအံ့ဩဖွယ်ကောင်းကြောင်း ရွာထဲမှလူများ ပြောကြသည်ကို သူမ အမြဲကြားခဲ့ရသည်။
ထို့ကြောင့် လျူအာကျူး၏ရှေ့တွင် အနည်းငယ် သိမ်ငယ်စိတ်ဝင်မိကာ သူမက သတိထား၍ မေးလိုက်သည်။
"အစ်ကိုကျူးဇီ... ညီမတို့ကို ညစ်ပတ်တယ်လို့ ထင်နေတာလား... စောစောက ညီမ ရွှံ့တွေနဲ့ မဆော့ခဲ့ပါဘူး... မယုံရင် ကြည့်ပါလား..."
လီလီသည် အတော်လေး ဖြူစင်သော လက်လေးနှစ်ဖက်ကို ဆန့်ထုတ်ပြလိုက်သည်။ သူမသည် အသက်ဆယ်နှစ်သာ ရှိသေးသော်လည်း လက်ဝါးများတွင် အသားမာများ တက်နေပြီ ဖြစ်သည်။
ရယ်စရာကောင်းသည်မှာ အသက်ခုနစ်နှစ်အရွယ် လဲ့လဲ့သည်လည်း သူ၏ လက်လေးများကို ဆန့်ထုတ်ပြလိုက်သော်လည်း သူ၏ လက်များမှာ ရွှံ့မည်းများ ပေကျံနေရုံသာမက သေးနံ့သင်းသင်းလေးပါ ရနေလေသည်။ စောစောက သူသည် ရွှံ့များနှင့် သေးများကို ရောနယ်ကာ ဆော့ကစားနေခဲ့သည်မှာ ထင်ရှားလှပေသည်။
လျူအာကျူးက လီလီ့ကို စိတ်မသက်မသာ မဖြစ်ရန်နှင့် သူမကို မရွံကြောင်း နှစ်သိမ့်ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း ပန်းကန်လုံးကို ယူလာခဲ့သူမှာ လဲ့လဲ့ဖြစ်ကြောင်း သတိရသွားသောအခါ စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားလေတော့သည်။
သူ၏ လိမ်ညာမှုက ကလေးငယ်၏ နုနယ်သော စိတ်နှလုံးကို နှစ်သိမ့်ပေးနိုင်မည်ဖြစ်သော်လည်း သူသာ ဤသေးနံ့နံနေသော ရေခွက်ကို တကယ်သောက်လိုက်ရပါက သူ၏ ဒဏ်ရာရသွားမည့် စိတ်နှလုံးကို မည်သူကများ လာရောက်နှစ်သိမ့်ပေးမည်နည်း။