အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) ဤသို့ အသုံးပြု၍ရသည်လား
လျူအာကျူးသည် ရေသောက်ရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ လီလီ၏ မျက်လုံးများ ချက်ချင်း မှေးမှိန်သွားပြီး သူမ၏မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားလေသည်။
သူမသည် လျူအာကျူး၏ ရွံရှာမှုကို ခံစားမိသော်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။
လဲ့လဲ့ကမူ ထိုအခြေအနေကို လုံးဝသတိမထားမိဘဲ ဆက်လက်၍ တိုက်တွန်းနေလေသည်။
"အစ်ကို... မြန်မြန်ရေသောက်လေ..."
လျူအာကျူးသည် လီလီ၏ လိမ္မာပါးနပ်မှုအတွက် စိတ်မကောင်းဖြစ်သွားပြီး လဲ့လဲ့ကဲ့သို့သော ကလေးငယ်တစ်ယောက်ကိုလည်း စိတ်ပျက်အားငယ်စေရန် မလိုလားပေ။
အဘယ်ကြောင့်ဆိုသော် အညစ်အကြေးအနည်းငယ်က အန္တရာယ်မဖြစ်စေနိုင်ဟု ယုံကြည်ကြသော ဤခေတ်ကာလတွင် မြို့နေလူတချို့ပင်လျှင် မျက်နှာမသစ်ကြသည့်အတွက် ကျေးလက်ဒေသမှ ပညာမတတ်သော ကလေးငယ်များအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူသည် အကြောင်းပြချက်ကောင်းတစ်ခုကို စဉ်းစားရန် ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်လေသည်။
"ရေသောက်ဖို့က ဘာလောစရာရှိလို့လဲ... အစ်ကို ခုလေးတင် ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခုကို စဉ်းစားမိတယ်... လာ... မင်းတို့ကို သွားကစားပြမယ်..."
ကလေးနှစ်ယောက်စလုံးမှာ ငယ်ရွယ်ဆဲဖြစ်ပြီး ကစားရမည့်အရွယ် ဖြစ်နေလေသည်။ ကစားနည်းအကြောင်း ကြားလိုက်ရသည့်အခါ သူတို့နှစ်ယောက်စလုံးမှာ သိချင်စိတ်များ ဖြစ်ပေါ်သွားကြသည်။
လီလီ၏ အာရုံများ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် လျူအာကျူးသည် သူတို့ကို တံခါးပြင်သို့ ချက်ချင်း ခေါ်ဆောင်သွားလေသည်။
ခြံဝင်းထဲသို့ ရောက်သောအခါ လျူအာကျူးသည် သစ်သားတုတ်တစ်ချောင်းကို ယူကာ မြေကြီးပေါ်တွင် စတင်ရေးဆွဲလေတော့သည်။
မကြာမီတွင် သူသည် လေးထောင့်ကွက်များဖြင့် ဖွဲ့စည်းထားသော ထူးဆန်းသည့် ပုံစံတစ်ခုကို ရေးဆွဲလိုက်ပြီး အကွက်တစ်ခုစီ၏ အထဲတွင် ဂဏန်းများ ရေးမှတ်ထားလေသည်။ ကလေးနှစ်ယောက်သည် ထိုပုံကို ထောင့်ပေါင်းစုံမှ ကြည့်ကြသော်လည်း ဘာမှန်း နားမလည်နိုင်ကြပေ။
"ဒီကစားနည်းကို ထုပ်ဆီးဆိုးတမ်းလို့ ခေါ်တယ်... ကျောက်ခဲသေးသေးလေး တစ်လုံး သွားယူခဲ့... ဘယ်လိုကစားရမလဲဆိုတာ သင်ပေးမယ်..."
လျူအာကျူးက ကလေးနှစ်ယောက်ကို ပြောလိုက်သည်။
ကလေးနှစ်ယောက်က အပြေးအလွှား ထွက်သွားကြပြန်သည်။
မကြာမီတွင် လီလီသည် မျက်နှာသစ်ဇလုံအရွယ်အစားရှိသော ကျောက်တုံးတစ်တုံးကို သယ်ဆောင်လာကာ မောဟိုက်လျက် ပြန်ရောက်လာလေသည်။ သူမသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"အစ်ကိုကျူးဇီ... ဤကျောက်တုံးဆိုရင် ရပြီလား..."
ထိုအရာကို မြင်သောအခါ လဲ့လဲ့မှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေသည်။ သူက အရှုံးမပေးလိုသဖြင့် ခြံဝင်းထဲရှိ ကျောက်ကြိတ်ဆုံကို လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။
"အဖေ... သားကို ဤကျောက်တုံးကြီး ဟိုဘက်ရွှေ့ဖို့ ကူညီပေးပါလား..."
"သောက်ကျိုးနည်း..." လျူအာကျူး ဘာလုပ်နေသလဲဟု စဉ်းစားနေသော တာ့ရွှယ်ထိုသည် လဲ့လဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါက ကြိတ်ဆုံကို လှည့်ပေးရရင် ငါကိုယ်တိုင် မြည်းဖြစ်မသွားဘူးလား..."
ထို့နောက် တာ့ရွှယ်ထိုသည် လျူအာကျူးကို ထပ်မံဆူပူလိုက်ပြန်သည်။
"မင်းကောင်လေး... မင်းက ဘာတွေလုပ်ချင်နေတာလဲ..."
လျူအာကျူးသည်လည်း မောင်နှမနှစ်ယောက်၏ လုပ်ရပ်များကြောင့် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ သူ ရှင်းရှင်းလင်းလင်း မပြောပြခဲ့မိသည့် မိမိကိုယ်ကိုသာ အပြစ်တင်မိလေသည်။
သူသည် ကျောက်ခဲငယ်နှစ်လုံးကို အမြန်ပြေးယူလိုက်ပြီး တစ်လုံးကို ပထမဆုံးအကွက်ထဲသို့ ပစ်ထည့်လိုက်ကာ ဒုတိယအကွက်သို့ ခြေတစ်ဖက်တည်းဖြင့် ခုန်ဝင်သွားပြီး ရှေ့သို့ ဆက်လက်ခုန်သွားလေသည်။
တစ်ပတ်ပြည့်သွားသောအခါ သူသည် နောက်သို့ပြန်လှည့်ကာ ခုန်လာပြီး ကျောက်ခဲကို ကောက်ယူလိုက်ကာ ဤတစ်ကြိမ်တွင် ဒုတိယအကွက်ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
ကလေးများမှာ ငယ်ရွယ်သူများ ဖြစ်ကြသည်နှင့်အညီ ဤဆန်းသစ်သော ကစားနည်းကို မြင်တွေ့ရသည့်အခါ အထူးစိတ်ဝင်စားသွားကြပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို မျက်လုံးပြူးကာ ကြည့်နေကြလေသည်။
တစ်ကြိမ်ခန့် ကြည့်ရှုပြီးနောက် သူတို့သည် ကစားနည်းကို နားလည်သွားကြပြီး ကစားရန် စိတ်အားထက်သန်နေကြလေပြီ။
သို့သော်လည်း လျူအာကျူး ကစား၍ မဝသေးမည်ကို စိုးရိမ်နေကြသည်။ လီလီသည် မျက်လုံးပြူးကာ စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေပြီး လဲ့လဲ့မှာမူ မျှော်လင့်ချက်ဖြင့် ခေါင်းကို တကုတ်ကုတ် ကုတ်နေသော်လည်း မည်သူကမျှ ဝင်မပြောရဲကြပေ။
ထိုအခြေအနေကို မြင်သောအခါ လျူအာကျူးက သူတို့အား ကျောက်ခဲများ ကမ်းပေးလိုက်ပြီး စည်းမျဉ်းများကို ရှင်းပြလိုက်သည်။
"မင်းတို့နှစ်ယောက် တစ်လှည့်စီ ကစားကြ... ရှုံးတဲ့လူက အပြင်ထွက်ပြီး အစကနေ ပြန်စရမယ်... ရန်မဖြစ်ရဘူး... နားလည်လား..."
ကလေးနှစ်ယောက်သည် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ကြသည်။
သို့သော်လည်း နောက်ဆုံးတွင် လျူအာကျူး၏ သတိပေးချက်မှာ လုံးဝ အသုံးမဝင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ကျောခိုင်းလိုက်သည်နှင့် မောင်နှမနှစ်ယောက်မှာ မည်သူအရင် ကစားမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စတင်ရန်ဖြစ်ကြတော့သည်။
သူ့အနောက်မှ အငြင်းပွားသံများကို ကြားလိုက်ရသဖြင့် လျူအာကျူးသည် ဝင်ရောက်ဖြေရှင်းပေးရန် ပြန်လှည့်ကြည့်လိုက်ရာ လဲ့လဲ့တစ်ယောက် သူ၏အစ်မဖြစ်သူထံမှ ကန်ထုတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရလေသည်။
လဲ့လဲ့မှာ မြေကြီးပေါ်တွင် ထိုင်ကျသွားပြီး အသံကျယ်လောင်စွာ ငိုကြွေးနေလေသည်။
လီလီကမူ ပျော်ရွှင်စွာဖြင့် ကျောက်ခဲကို ပစ်ကာ ထုပ်ဆီးတိုးတမ်းကို စတင်ကစားနေလေပြီ။
"..."
မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ ပဋိပက္ခ ပြီးဆုံးသွားခဲ့လေပြီ။
လျူအာကျူးသည် စာဖတ်ရန် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ တာ့ရွှယ်ထိုသည် ကလေးနှစ်ယောက် ကစားနေသည်ကို ကြည့်ကာ အတော်လေး ပျော်ရွှင်နေသော်လည်း ဤခေတ်ကာလမှ လူများမှာ ထိုသို့ပင် ဖြစ်ကြသည်။ သူတို့သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ သဘောကျနေလျှင်ပင် ညည်းညူတတ်ကြလေသည်။
"ကောင်စုတ်လေး... ဒီကလေးနှစ်ယောက်ကို ခုန်ပေါက်ပြီး ကစားခိုင်းနေတော့ မြန်မြန်ဆာလာကြတော့မှာပေါ့... ဒီနေ့ညလည်း ငါ့အသားတွေကို အများကြီး စားကြတော့မယ်..."
ပြောသူက ရိုးရိုးသာ ပြောသော်လည်း ကြားသူမှာမူ စိတ်ထဲရောက်သွားလေသည်။ လျူအာကျူးသည် အခန်းထဲမှနေ၍ အမြန်လှမ်းအော်လိုက်သည်။
"ဆရာ... အဲ့အသားတွေကို ဆရာ့ဘာသာဆရာပဲ စားလိုက်ပါ... ကျွန်တော် ထပ်ဖမ်းလို့ ရပါတယ်..."
တာ့ရွှယ်ထိုသည် ပြန်လည်ဆဲဆိုခြင်း သို့မဟုတ် ခနဲ့တဲ့တဲ့ ပြောဆိုခြင်းများ မပြုလုပ်ခဲ့ပေ။ ထိုအစား သူသည် ဆေးဖော်ခန်းထဲသို့ ဝင်လာကာ လျူအာကျူး၏ ပခုံးကို ပုတ်၍ လေးနက်စွာ ပြောလိုက်သည်။
"ကျူးဇီ... ငါက မင်းရဲ့ဆရာပါ... အကြွေးတောင်းတဲ့လူ မဟုတ်ဘူး... အခုခေတ်ကာလက လူတိုင်းအတွက် ခက်ခဲနေတာပဲ... မင်း အသားလာပေးတာ နှစ်ခါရှိနေပြီ... အဲဒါက မင်းရဲ့ ဆရာတင်လက်ဆောင် အနေနဲ့ လုံလောက်ပါတယ်... နောက်ထပ် တစ်ခုခု ထပ်ယူလာရဲရင်တော့ ငါ ဒေါသထွက်တာကို အပြစ်မတင်နဲ့..."
လျူအာကျူးက အမြန်ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ဆီမှာ အများကြီး ကျန်သေးတယ်..."
"ငါက မင်းရဲ့ဆရာပါ... ပြီးတော့ ငါက လှုပ်တောင်မလှုပ်နိုင်တဲ့ အရွယ်အထိ အိုမင်းနေတာ မဟုတ်သေးဘူး... နောက်ပြီး လွန်ခဲ့တဲ့ နှစ်ဆယ် သုံးဆယ်လောက်ကသာဆို ငါ့ကို အဖေလို့ခေါ်ရင်တောင် လွန်မယ်မထင်ဘူး... မင်းလို ကောင်လေးတစ်ယောက်ရဲ့ ကျွေးမွေးပြုစုတာကို မှီခိုနေရရင် ငါက ဘယ်လိုလူမျိုး ဖြစ်သွားတော့မလဲ..."
"ဒါ့အပြင် မင်းရဲ့ အစ်ကိုကြီးမှာလည်း ကလေးနှစ်ယောက်ရှိနေတော့ သူ့ကိုယ်သူတောင် မနည်းရပ်တည်နေရတာ... မင်းရဲ့ မိဘတွေကလည်း မင်းတစ်ယောက်တည်းကိုပဲ အားကိုးကြရတော့မှာ... မင်းလည်း အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီ... မင်း မိန်းမယူလိုက်တဲ့အခါ မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို ကျွေးမွေးရမယ့်အပြင် ယောက္ခမအိမ်ကိုလည်း ကူညီထောက်ပံ့ပေးရဦးမှာ..."
"မင်းက ဒီလောက်တောင် လက်ဖွာနေမယ်ဆိုရင် မင်းမှာ ဝက်မွေးမြူရေးခြံတစ်ခု ရှိနေရင်တောင် တတ်နိုင်မှာ မဟုတ်ဘူး... နားလည်လား..."
ဤသည်မှာ တာ့ရွှယ်ထိုက လျူအာကျူးအား ပထမဆုံးအကြိမ် လေးလေးနက်နက် ပြောဆိုခြင်းပင် ဖြစ်လေသည်။
သူသည် သူ့ကို တပည့်အဖြစ် သတ်မှတ်ခဲ့သည်မှာ မကြာသေးသော်လည်း လျူအာကျူးကို တကယ်သဘောကျကာ သားအရင်းတစ်ယောက်ကဲ့သို့ ဂရုစိုက်နေပြီဖြစ်သည်။ သူ၏ ပုံမှန်နောက်ပြောင်မှုများနှင့် ဆဲဆိုမှုများမှာ ကလေးကို စချင်ရုံသက်သက်သာ ဖြစ်လေသည်။
သို့သော်လည်း သူ သင်ပေးသင့်သည့် အရာများနှင့်ပတ်သက်လာလျှင်မူ သူသည် လုံးဝ နှမြောတွန့်တိုနေမည် မဟုတ်ပေ။
အသားယူရန် ငြင်းဆန်နေသော သူ၏ဆရာကို ကြည့်ရင်း လျူအာကျူးသည်လည်း သူ၏ချစ်ခင်မှုကို ခံစားမိကာ ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပါပြီ ဆရာ... နေ့လယ်စာအတွက် ဝက်ခြေထောက် စတူးလေးချက်စားရင် ဘယ်လိုလဲ..."
"ဝက်ခြေထောက်မရှိဘူး... မင်းကို ဖိနပ်အောက်ခံပြားမုန့် ကျွေးလိုက်ရင်ရော ဘယ်လိုလဲ..."
တာ့ရွှယ်ထိုသည် ဒေါသတကြီးဖြင့် သူ့ခြေထောက်ကို မြှောက်ကာ ဖိနပ်ချွတ်ရန် ပြင်လိုက်သည်။
ဤကောင်လေးသည် လူများကို ဒေါသထွက်အောင် ဆွပေးရာတွင် အလွန်တော်ကြောင်း အဘယ်ကြောင့် ယခင်က သတိမထားမိခဲ့သနည်း။ သူက ဝက်ခြေထောက်ကိုပင် စားချင်နေသေးသည်။
ဝက်ခြေထောက်နှပ်တစ်ခွက်က ဘယ်နှနပ်များ စားခံနိုင်မည်နည်း။
လျူအာကျူးသည် မစားတော့ကြောင်း အချက်ပြသည့်အနေဖြင့် သူ၏စာအုပ်ကို အမြန်ကောက်ကိုင်လိုက်သည်။ ဤသည်က တာ့ရွှယ်ထိုအား စာအုပ်ပျက်စီးသွားမည်ကို စိုးရိမ်ကာ မရိုက်ရက်ဘဲ ဖြစ်သွားစေခဲ့ပြီး ထိုအစား အပြင်ထွက်၍ ဆေးလိပ်သောက်နေလိုက်တော့သည်။
သူ၏ဆရာ ထွက်သွားသည်ကို ကြည့်ရင်း လျူအာကျူးက အတွေးနက်သွားလေသည်။
သူသည် မသိလိုက်ဘဲ စာအုပ်တစ်ဝက်ခန့်ကို ဖတ်ပြီးသွားခဲ့ကြောင်း သတိပြုမိသွားပြီး မှတ်မှတ်ရရဆိုသလို သူသည် ဘာကိုမျှ မေ့မသွားဘဲ အရာအားလုံးက သူ၏စိတ်ထဲတွင် စွဲထင်နေခဲ့လေသည်။
သူ၏ မှတ်ဉာဏ်သည် ဘယ်အချိန်ကစပြီး ဤမျှလောက် ကောင်းမွန်သွားခဲ့သနည်း။
စိတ်အာရုံနေရာလွတ်ကြောင့်များ ဖြစ်နိုင်မည်လား။
လျူအာကျူးသည် သိချင်စိတ်ဖြင့် ဆေးပညာစာအုပ်ကို စိတ်အာရုံနေရာလွတ်ထဲသို့ ထည့်လိုက်ပြီး သူ၏အတွေးများဖြင့် စကင်ဖတ်ကြည့်လိုက်လေသည်။ စာအုပ်ထဲမှ ဗဟုသုတများအားလုံး သူ၏စိတ်ထဲတွင် ပေါ်လာကြောင်းကို သူ တွေ့ရှိလိုက်ရပြီး ၎င်းမှာ လုံးဝမေ့ပျောက်သွားမည်မဟုတ်သော မှတ်ဉာဏ်မျိုး ဖြစ်နေလေသည်။
ဘုရားရေ... စိတ်အာရုံနေရာလွတ်က ဤမျှလောက်အထိ မှော်ဆန်တဲ့ အာနိသင်ရှိနေတာပဲ။
ဤသို့ဆိုလျှင် သူက ဘာဖြစ်လို့ တစ်မျက်နှာချင်းစီ လိုက်ဖတ်နေရဦးမည်နည်း။ စာအုပ်များအားလုံးကို စိတ်အာရုံနေရာလွတ်ထဲသို့ ထည့်ကာ ချက်ချင်း စကင်ဖတ်လိုက်ပြီးမှ ပြန်ထုတ်ယူလိုက်လျှင် ရနေပြီဖြစ်သည်။
စာအုပ်များသည် ရွေ့လျားသွားသည့် အရိပ်အယောင်မျှ မပြသော်လည်း ဗဟုသုတများအားလုံးမှာ လျူအာကျူး၏ စိတ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
တာ့ရွှယ်ထို၏ မိသားစု ဆေးပညာစာအုပ်များပင်လျှင် ချွင်းချက်မဟုတ်ဘဲ သူ အားလုံးကို မှတ်မိသွားခဲ့လေပြီ။
ဆေးပညာမိသားစုတစ်ခုထံမှ ရာစုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အတွေ့အကြုံများအားလုံးမှာ လျူအာကျူး၏ ဗဟုသုတများ ဖြစ်လာခဲ့လေပြီ။
နှောင်းခေတ်ကာလမှ လူများစွာသည် ရိုးရာတရုတ်ဆေးပညာကို အထင်သေးကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် အသုံးမဝင်ကြောင်း ပြောဆိုတတ်ကြသည်။
သို့သော် ယနေ့ ဆေးပညာစာအုပ်များကို ဖတ်ရှုပြီးနောက်တွင် ရိုးရာတရုတ်ဆေးပညာ ရုန်းကန်နေရခြင်းမှာ ဆေးပညာကိုယ်တိုင်ကြောင့် မဟုတ်ကြောင်းကို လျူအာကျူး သဘောပေါက်သွားခဲ့သည်။
၎င်းမှာ ပတ်ဝန်းကျင်အခြေအနေကြောင့်သာ ဖြစ်လေသည်။
ပြည်ပကျူးကျော်မှုများနှင့် နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော စစ်ပွဲများကြောင့် သမားတော်များစွာ သေဆုံးခဲ့ရပြီး ဆေးကျမ်းများစွာ ဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်းတွင် အထူးကာလအတွင်း၌ သမားတော်များနှင့် ဆေးပညာစာအုပ်များ ပို၍ပင် ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် ရိုးရာတရုတ်ဆေးပညာ၏ မျိုးရိုးစဉ်ဆက်နှင့် အတွေ့အကြုံအပေါ် တောင်းဆိုမှု မြင့်မားခြင်းတို့ကြောင့် နှောင်းခေတ်ကာလများတွင် ယုံကြည်ရသော သမားတော်များ အလွန်နည်းပါးသွားခဲ့ရသည်။
လူလိမ်များစွာကလည်း ရိုးရာယဉ်ကျေးမှုအပေါ် လူတို့၏ ယုံကြည်မှုကို အသုံးချကာ ငွေကြေးအမြောက်အမြား လိမ်လည်ခဲ့ကြသဖြင့် လူအများကို ရိုးရာတရုတ်ဆေးပညာအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားစေခဲ့သည်။
ယခင်ဘဝမှ လျူအာကျူးပင်လျှင် အနောက်တိုင်းဆေးပညာကို ပိုနှစ်သက်ခဲ့ပြီး ရိုးရာတရုတ်သမားတော်များနှင့် မကြာခဏ တိုင်ပင်လေ့ မရှိခဲ့ပေ။
သို့သော် ယခုအခါတွင် ဤရာစုနှစ်ပေါင်းများစွာသော ဗဟုသုတများကို နားလည်သဘောပေါက်သွားပြီးနောက်တွင် လျူအာကျူးသည် သီအိုရီဆိုင်ရာ ဗဟုသုတများအရ သူသည် ယခုခေတ်ကာလ၏ ထိပ်တန်းနိုင်ငံတကာ ဆရာဝန်များထက် မညံ့ကြောင်း သဘောပေါက်သွားခဲ့လေပြီ။