← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) ခြေတစ်ချက်လျူ

သူ၏ ဆရာနှင့် ဆရာကတော်တို့ အိမ်ထဲသို့ ဝင်သွားသည်ကို ကြားလိုက်ရသောအခါ လျူအာကျူးသည် ကလေးနှစ်ယောက်ကို ခေါ်ကာ အနည်းငယ် ဝေးရာသို့ ထွက်လာခဲ့လေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ခပ်လှမ်းလှမ်းရှိ ချုံပုတ်တစ်ခုအနီးတွင် နျီဇီသည် အခြားကလေးအချို့နှင့်အတူ ဆောင့်ကြောင့်ထိုင်ကာ ပုရစ်ဖမ်းနေလေသည်။

လူများတွင် စားစရာ ကောက်နှံမရှိကြသော်လည်း ကိုယ်ပိုင်စိုက်ပျိုးရန် မဝံ့ရဲကြပေ။ ဤကာလ၌ တောင်ပေါ်မှ သစ်သီးခူးလျှင်ပင် အများပိုင်အဖွဲ့သို့ အပ်နှံရလေသည်။ ထိုသို့မဟုတ်ပါက သဘောတရားရေးရာ ပြဿနာအဖြစ် သတ်မှတ်ခံရပြီး အပြစ်ပေးခံရနိုင်လေသည်။ ထို့ကြောင့် သူတို့သည် စားစရာအဖြစ် ပုရစ်များကိုသာ ဖမ်းနိုင်ကြတော့သည်။

ပထမအချက်အနေဖြင့် ပုရစ်ဖမ်းသူများမှာ ကလေးများသာ ဖြစ်သောကြောင့် တာဝန်ရှိသူများက ကလေးများ၏ လုပ်ရပ်ကို မူဝါဒရေးရာ ကိစ္စတစ်ခုအဖြစ် အရေးယူမည် မဟုတ်ပေ။

ဒုတိယအချက်အနေဖြင့် ခေါင်းဆောင်များက ဤမျှသေးငယ်သော အသားစအနည်းငယ်ကို ဂရုစိုက်မည် မဟုတ်ပေ။

မြက်ခင်းပြင်တွင် ဖင်ကုန်းကာ မျက်လုံးပြူးများဖြင့် အလေးအနက် ရှာဖွေနေသော နျီဇီကို မြင်လိုက်ရသောအခါ လျူအာကျူးသည် အနားသို့ လျှောက်သွားပြီး ကောင်မလေးကို ပွေ့ချီလိုက်လေသည်။

ဤသည်မှာ သူ၏ တူမလေး ဖြစ်နေသောကြောင့်သာဖြစ်၏။ အကယ်၍ ဖင်ကုန်းနေသူသာ တူလေးတစ်ယောက် ဖြစ်နေပါက လျူအာကျူးသည် ခြေစုံကန်ကာ မှောက်ခုံကျသွားစေမည်မှာ သေချာလေသည်။

နျီဇီလေးမှာ လန့်သွားသော်လည်း လျူအာကျူးကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရဖြင့် ဖက်လိုက်သည်။

"ဦးလေး... အမေက ဦးလေး လက်မှုပညာသွားသင်တယ်ဆိုပြီး သမီးကို လာမရှာခိုင်းဘူး... ဒါပေမဲ့ သမီးက ဦးလေးကို လွမ်းနေတာ..."

ကောင်မလေးက သူမ၏ ကလေးသံလေးဖြင့် လွမ်းကြောင်းပြောသည်ကို ကြားလိုက်ရသောအခါ လျူအာကျူးမှာ အလွန်ဝမ်းသာသွားလေသည်။

"ဦးလေးနဲ့အတူ ကစားကြမလား..."

နျီဇီသည် ချုံပုတ်များကို တမ်းတမ်းတတ ကြည့်လိုက်လေသည်။ သူမက ပုရစ်မီးဖုတ်ကို စားချင်နေခြင်း ဖြစ်၏။

ချုံပုတ်ထဲတွင် နှပ်ချေးများ ထွက်နေသော ကောင်လေးတစ်ယောက်သည် ချက်ချင်းမတ်တတ်ရပ်ကာ လျူအာကျူးကို လက်ညှိုးထိုးလိုက်လေသည်။

"ခင်ဗျား... ကျွန်တော့်မိန်းမကို အောက်ချပေး..."

လျူအာကျူးသည် ထိုကောင်လေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ငါးနှစ်၊ ခြောက်နှစ်အရွယ်ခန့် ကလေးတစ်ယောက်ဖြစ်ပြီး ရုပ်ရည်မှာ သိပ်မချောမောသည့်အပြင် မျက်နှာပေါ်တွင်လည်း အမည်းစက်များ အပြည့်ရှိနေလေသည်။

သူသည် ခါးထောက်ကာ ရပ်နေပြီး လျူအာကျူးအား ရန်လိုသော အမူအရာဖြင့် စူးရဲစွာ ကြည့်နေရာ အရိုက်ခံချင်နေသည့်ပုံ ပေါက်နေလေသည်။

"မင်းရဲ့မိန်းမက ဘယ်သူလဲ..."

လျူအာကျူးက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မေးလိုက်လေသည်။

"သူလေ... လျူနျီဇီ..."

ကောင်လေးက လျူအာကျူး၏ ရင်ခွင်ထဲရှိ နျီဇီကို လက်ညှိုးထိုးပြကာ အော်ပြောလိုက်လေသည်။

လျူအာကျူးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ထွက်သွားစမ်း... ငါတို့နျီဇီက မင်းကို မယူဘူး..."

ဤသည်ကို ကြားသောအခါ ကောင်လေးမှာ စိုးရိမ်သွားလေသည်။

"နျီဇီကြီးလာရင် ကျနော့်မိန်းမ ဖြစ်လာမယ်လို့ ကျနော့်အမေက ပြောတယ်... နျီဇီ အောက်မြန်မြန်ဆင်းခဲ့... ငါ နင့်ကို ပုရစ်ဖမ်းဖို့ ခေါ်သွားမယ်... ပုရစ်မီးဖုတ်ပြီးရင်လည်း နင့်ကို တစ်ဝက်ကျွေးမယ်..."

နျီဇီသည် တံတွေးမြိုချလိုက်ပြီး အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူမက မိန်းမဖြစ်ရမည်ဆိုသည်ကို နားမလည်ပေ။

သို့သော် ယခုအခါ ဦးလေးသည် အိမ်ထောင်ဦးစီးဖြစ်ပြီး သူ၏စကားကို နားထောင်ရမည်ဟု သူမ၏ မိခင်က ပြောထားသည်ကို သတိရသွားကာ လျူအာကျူးကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။

"လိမ္မာတယ် နျီဇီ... ဒီကောင်လေးနဲ့ မကစားနဲ့... နေ့လယ်ကျရင် ဦးလေး သမီးကို အိမ်ခေါ်သွားပြီး အသားကျွေးမယ်..."

လျူအာကျူးက ပြုံးကာ ချော့မော့ပြောဆိုလိုက်လေသည်။

ထိုစကားများကြောင့် နျီဇီ၏ မျက်လုံးများက အရောင်လက်သွားပြီး ကောင်လေးအား ချက်ချင်းပင် ပြောလိုက်လေသည်။

"နှပ်ချေးလေး... ငါ နင်နဲ့ မကစားတော့ဘူး... နင့်မိန်းမလည်း မလုပ်ချင်ဘူး..."

ကောင်လေးမှာ ဒေါသထွက်သွားပြီး လျူအာကျူးကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။

"ခင်ဗျား... ခင်ဗျားက ကျနော့်မိန်းမကို လုရဲတယ်ပေါ့... ကျနော့်အဖေကို ခေါ်ပြီး ခင်ဗျားကို ရိုက်ခိုင်းမယ်..."

လျူအာကျူးသည် ကောင်လေးကို လျစ်လျူရှုကာ နျီဇီကို ပွေ့ချီပြီး ထွက်လာခဲ့လေသည်။

အံ့သြစရာကောင်းသည်မှာ ထိုကောင်လေးသည် အလွန်ဇွဲကောင်းပြီး လျူအာကျူး၏နောက်မှ လိုက်ကာ သူ့မိန်းမကို အောက်ချပေးရန် အော်ဟစ်နေလေသည်။

ဤသည်မှာ လျူအာကျူး သည်းခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်၏။

အကယ်၍ ဤကောင်လေးကို ဆက်အော်ခိုင်းထားပါက ရွာသူရွာသားများသည် မိသားစုနှစ်ခုက ကလေးဘဝတည်းက စေ့စပ်ထားသည်ဟု တကယ်ယုံကြည်သွားနိုင်လေသည်။

ဤနှပ်ချေးလေးမှာ လုံးဝမချောမောဘဲ နျီဇီထက် အများကြီး အောက်တန်းကျသောကြောင့် လျူအာကျူးက သေချာပေါက် သဘောမတူနိုင်ပေ။

သို့သော် သူသည် ကလေးငယ်တစ်ယောက်ကို လက်မပါနိုင်ပေ။ တုံ့ဆိုင်းနေစဉ် အနီးနားရှိ လီလီနှင့် လဲ့လဲ့တို့ကို သူ မြင်လိုက်လေသည်။

လျူအာကျူးက ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။ သူသည် ကလေးနှစ်ယောက်ကို အချက်ပြကြည့်လိုက်ပြီးနောက် ကောင်လေးရှိရာသို့ ခေါင်းညိတ်ပြလိုက်သည်။

လဲ့လဲ့မှာ ငယ်ရွယ်သူဖြစ်သောကြောင့် အဓိပ္ပာယ်ကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေလေသည်။

လီလီကမူ လျူအာကျူး၏ ဆိုလိုရင်းကို နားလည်သွားလေသည်။ သူမသည်လည်း ထိုကောင်လေးက ဆူညံနေသဖြင့် ထုပ်ဆီးတိုးတမ်း ကစား၍မရသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်နှင့် အတော်ပင်ဖြစ်သွား၏။ သူမသည် ကောင်လေးအား ချက်ချင်းပင် ကန်ထုတ်လိုက်ပြီး ကျိန်ဆဲလိုက်လေသည်။

"နှပ်ချေးလေး... နင် နျီဇီကို ထပ်နှောင့်ယှက်ရဲရင် နင့်ကို သေအောင်ရိုက်ပစ်မယ်... ယုံလား..."

အကန်ခံရသဖြင့် နာသွားကာ နှပ်ချေးလေးသည် ငိုယိုလိုက်လေသည်။

"နင် စောင့်နေ... အပုပ်မ လီလီ... ငါ့အစ်ကိုကိုခေါ်ပြီး နင့်ကို ရိုက်ခိုင်းမယ်..."

ဟိုး... ဤကလေးမှာ လူကိုကြည့်ပြီး ပြဿနာရှာတတ်ပေသည်။

သူနှင့်ကြတော့ သူ၏အဖေကို ခေါ်လာမည်တဲ့။

လီလီနှင့်ကြတော့ သူ၏အစ်ကိုကို ခေါ်လာမည်တဲ့လား။

လီလီက မထီမဲ့မြင်ပြုကာ ပြောလိုက်လေသည်။

"နင့်အစ်ကိုလား... သူ့ကို လာခဲ့ခိုင်းလိုက်... ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ သူ့မျက်နှာကို ကုတ်ခြစ်ထားတဲ့ အရသာကို မှတ်မိသေးလားလို့ သူ့ကို မေးလိုက်မယ်..."

လျူအာကျူးက လီလီကို အံ့ဩစွာဖြင့် ကြည့်လိုက်လေသည်။ ဤကောင်မလေးသည် ရွာထဲတွင် အာဏာရှင်လေးတစ်ယောက် ဖြစ်နေမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

လျူအာကျူး၏ အကြည့်ကို ခံစားမိသောအခါ လီလီသည် ရုတ်တရက် စိုးရိမ်သွားပြီး သတိထားကာ ပြောလိုက်လေသည်။

"အစ်ကိုကျူးဇီ... ညီမက ပုံမှန်ဆိုရင် တော်တော်လိမ္မာပါတယ်... ညီမကို အစ်ကိုနဲ့ ဆက်ကစားခွင့်ပေးပါနော်..."

လဲ့လဲ့က သူမကို တုံ့ဆိုင်းမှုမရှိဘဲ ဖော်ကောင်လုပ်လိုက်လေသည်။

"အစ်မ... အစ်မ လိမ်နေတာ... ရွာထဲမှာ အစ်မကို မကြောက်တဲ့ကလေးဆိုလို့ တစ်ယောက်မှမရှိဘူး... ပြီးခဲ့တဲ့အကြိမ်က အမေပြောတာ ကြားလိုက်တယ်... ရွာထဲကလူတွေအကုန်လုံးက အစ်မကို ခြေတစ်ချက်လျူလို့ ခေါ်ကြတယ်တဲ့... အစ်မက ခြေတစ်ချက်ကန်လိုက်တာနဲ့ လူတိုင်း လွင့်စင်သွားတယ်လို့ ပြောကြတယ်..."

ကိုယ့်မောင်အရင်း၏ ရက်ရက်စက်စက် ဖော်ကောင်လုပ်ခြင်းကို ခံလိုက်ရသဖြင့် လီလီ၏ ဂျုံရောင်မျက်နှာလေးမှာ နီရဲသွားလေသည်။ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ အစ်ကိုကျူးဇီက သူမကို မုန်းသွားပြီး ဆက်မကစားခိုင်းတော့မည်ကို သူမ တကယ်ပင် ကြောက်ရွံ့နေလေသည်။

လျူအာကျူးက သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး လဲ့လဲ့ကို စူးရဲစွာ ကြည့်လိုက်လေသည်။

"ခြေတစ်ချက်လျူဆိုတာ တော်တော်အရုပ်ဆိုးတဲ့ နာမည်ပြောင်ပဲ... ကိုယ့်အစ်မကို ဘယ်လိုလုပ် အဲ့ဒီလို ပြောရတာလဲ... နောက်နောင် တစ်ယောက်ယောက်က မင်းအစ်မကို အဲဒီလိုခေါ်ရင် သွားချပစ်လိုက်... မနိုင်ရင် ငါ့ကိုလာပြော... ငါ မင်းကို ကူညီမယ်..."

လဲ့လဲ့သည် မသိနားမလည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ လက်သီးဆုပ်လေးကို မြှောက်လိုက်လေသည်။

"အွန်း... တစ်ယောက်ယောက်က ပစ်မကို ခြေတစ်ချက်လျူလို့ ထပ်ခေါ်ရင် သူ့ကို ရိုက်ပစ်မယ်..."

အစက လီလီ ငိုမနေသော်လည်း ယခုအခါတွင် သူမ၏မျက်ရည်များမှာ ရပ်တန့်မသွားတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် ခြေတစ်ချက်လျူဆိုသော နာမည်ပြောင်ကို တကယ်ပင် မုန်းတီးသော်လည်း မည်သူ့ကို တိုင်တိုင် မည်သူကမျှ ဂရုမစိုက်သောကြောင့် ဖြစ်လေသည်။

သူမ၏ မိခင်က သူမကို ကုန်းချောမဟုခေါ်ကာ ထွက်သွားရန် ပြောခဲ့လေသည်။

သူမ၏ ဖခင်ကမူ ရယ်မောကာ ထိုအမည်မှာ အတော်လေး သင့်တော်သည်ဟု ပြောခဲ့လေသည်။

ထို့ကြောင့် လီလီသည် ရိုးရှင်းစွာပင် တိုင်တောခြင်းကို ရပ်တန့်လိုက်ပြီး ပြောရဲသူတိုင်းကို ကန်ကျောက်လိုက်တော့သည်။

နောက်ဆုံးတွင် သူမသည် ရွာ၏အာဏာရှင် ဖြစ်လာခဲ့သော်လည်း ထိုနာမည်ပြောင်မှာ ပိုမိုပျံ့နှံ့သွားခဲ့ရာ သူမကို ပို၍ ဒေါသထွက်စေခဲ့လေသည်။

ယနေ့တွင် လျူအာကျူးက သူမဘက်မှ အလေးအနက် ရပ်တည်ပေးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ပုံမှန်အားဖြင့် အာဏာရှင်ဆန်သော လီလီသည် ဆက်တိုက်ငိုနေပြီး သူမ၏ လက်ပိစိလေးများဖြင့် ကျဆင်းလာသော မျက်ရည်များကို သုတ်နေလေသည်။

သူမ ဤမျှသနားစရာကောင်းအောင် ငိုနေသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးက နားမလည်စွာဖြင့် မေးလိုက်လေသည်။

"လီလီ... ဘာဖြစ်လို့လဲ..."

"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး အစ်ကိုကျူးဇီ... အစ်ကိုက ညီမဘက်က ရပ်တည်ပေးတဲ့ ပထမဆုံးလူပဲ... ညီမရဲ့ အဖေနဲ့ အမေတောင် ဂရုမစိုက်ကြဘူး... ဝါး..."

လီလီက ဆက်မအောင့်ထားနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် ငိုချလိုက်တော့သည်။

လျူအာကျူးသည် ကောင်မလေးကို သူ၏ရင်ခွင်ထဲသို့ အလျင်အမြန် ဆွဲသွင်းလိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။

"ဒီနေ့ကစပြီး တစ်ယောက်ယောက်က ညီမကို အနိုင်ကျင့်ရဲရင် အစ်ကိုကျူးဇီကို လာရှာနော်... အစ်ကို သူတို့ကို ရှင်းပေးမယ်..."

လီလီမှာ ပို၍ပင် စိတ်လှုပ်ရှားသွားလေသည်။ လျူအာကျူးကို ဖက်ထားရင်း သူမ၏ ကိုယ်ပိုင်အစ်ကိုထက်ပင် ပိုရင်းနှီးသည်ဟု သူမ ခံစားလိုက်ရသည်။

အနီးအနားတွင် လီလီငိုနေသည်ကို မြင်လိုက်ရသောအခါ နှပ်ချေးလေးသည် သူ၏မျက်ရည်များကို မေ့သွားကာ မယုံကြည်နိုင်သည့် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေလေသည်။

"ခြေတစ်ချက်လျူက တကယ်ငိုနေတာပဲ... ငါ လူတိုင်းကို သွားပြောမယ်..."

လျူအာကျူး၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။ ဤကလေးက အဘယ်ကြောင့် ဤမျှစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေရသနည်း။

သူသည် ဘဝတစ်ခုလုံးကို ဖြတ်သန်းလာခဲ့သူ တစ်ယောက်ဖြစ်ရာ ဤကောင်လေးနှင့် အငြင်းပွားမနေသင့်ပေ။

သို့သော် ဤအချိန်တွင် သူ တကယ်ပင် မထိန်းထားနိုင်တော့ပေ။ ကောင်လေးအား ပညာပေးရန် ပြင်လိုက်စဉ်မှာပင် လဲ့လဲ့က ဒေါသတကြီးဖြင့် ပြေးဝင်သွားသည်ကို သူ မြင်လိုက်ရလေသည်။

"ငါ့အစ်ကိုကျူးဇီက မင်းကို ငါ့အစ်မ နာမည်ပြောင် မခေါ်ရဘူးလို့ ပြောတယ်လေ... မင်းကို သေအောင်ရိုက်ပစ်မယ်..."

ယခင်က လီလီ၏ အလွယ်တကူ ကန်ထုတ်ခြင်းကို ခံခဲ့ရသော လဲ့လဲ့သည် ယခုအခါ စစ်နတ်ဘုရား ပူးကပ်နေသကဲ့သို့ ဖြစ်နေလေသည်။ သူသည် နှပ်ချေးလေးကို အမိအဖတပြီး နှင့် ငိုယိုသွားသည်အထိ ရိုက်နှက်လိုက်ရာ ကောင်လေးမှာ လေးဖက်ထောက်ကာ ပြေးရတော့သည်။

ဤသည်က လီလီကို ပို၍ပင် ကြည်နူးသွားစေလေသည်။ သူမသည် မောင်ဖြစ်သူ၏ လက်ကိုကိုင်ကာ ပြောလိုက်လေသည်။

"ဒီနေ့ကစပြီး နင် ဘာပဲလုပ်လုပ် အစ်မက ဒေါသလည်း မထွက်တော့ဘူး... နင့်ကိုလည်း မရိုက်တော့ဘူး..."

လဲ့လဲ့မှာ အလွန်ဝမ်းသာသွားလေသည်။

"တကယ်လား... ဒါဆို ပြီးခဲ့တဲ့တစ်ခေါက် အစ်မရဲ့ ခေါင်းစည်းကြိုးလေးနဲ့ ဆော့ရင်း အိမ်သာကျင်းထဲ ကျသွားတာကို ခွင့်လွှတ်ပေးနိုင်လား..."

"ဘယ်... ဘယ်ဟာလဲ..."

မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုဖြင့် မေးလိုက်စဉ် လီလီ၏ အသံမှာ တုန်ယင်နေလေသည်။

"အစ်မက အရူးလား... ပစ်မခေါင်းပေါ်မှာ အဲဒီ သားရေကွင်း တစ်ကွင်းပဲ ရှိတာလေ…”

လဲ့လဲ့က တခစ်ခစ်ရယ်ကာ ပြောလိုက်လေသည်။

“ဘန်း….”

ယုံမှားသံသယဖြစ်ဖွယ်မရှိဘဲ လဲ့လဲ့မှာ နောက်တစ်ကြိမ် ကန်ထုတ်ခံလိုက်ရပြီး လွင့်စင်သွားပြန်လေသည်။

"နင့်ကို သေအောင် ရိုက်ပစ်မယ်..."

ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးတစ်ကောင်ကဲ့သို့ လီလီသည် သူမ၏ မောင်ဖြစ်သူထံသို့ ချက်ချင်းပင် ပြေးဝင်သွားတော့သည်။

All Chapters