← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) ဖခင်အား အပ်စိုက်ကုသခြင်း

လျူအာကျူးသည် ဒေါသထွက်နေသော လီလီကို အမြန်ဆွဲထားလိုက်ကာ…

“ကောင်းပြီ ကောင်းပြီ မဒေါသထွက်ပါနဲ့တော့... နောက်မှ အစ်ကို ကလစ်လှလှလေးတစ်ချောင်း ဝယ်ပေးမယ်... အဲဒီသားရေကွင်းကို မယူနဲ့တော့”

လီလီသည် ခေါင်းကို ရုတ်တရက်လှည့်လိုက်ကာ လျူအာကျူးကို စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။

“အစ်ကိုကျူးဇီ တကယ်လား…”

သို့သော် လျူအာကျူး ခေါင်းမညိတ်ခင်မှာပင် လီလီသည် အလိုလိုနေရင်း စိတ်ရှုပ်ထွေးသွားပြီး သူ့လက်ချောင်းလေးများကို လိမ်ချိုးနေမိသည်။

“ဒါပေမဲ့ အမေက ကျူးဇီဆီက ဘာပစ္စည်းမှ တောင်းမယူရဘူးလို့ ပြောထားတယ်... အမေ ရိုက်မှာကြောက်လို့ မေ့လိုက်တာပဲ ကောင်းမလား…”

ရိုးသားဖြူစင်သည့် ကလေးမလေးကို ကြည့်ပြီး လျူအာကျူးသည် စနောက်ချင်စိတ် ပေါ်လာသည်။

“ကောင်းပြီလေ အစ်ကို မဝယ်ပေးတော့ဘူးပေါ့…”

“အာ…”

လီလီ၏ မျက်ဝန်းများသည် ချက်ချင်း မှိန်ဖျော့သွားသော်လည်း လျူအာကျူးကို ဒေါသထွက်ခြင်း မရှိပေ။ ထိုအစား အတင်းအကျပ် ပြုံးပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အစ်ကိုကျူးဇီ…”

“အစ်ကိုမှ မဝယ်ပေးတာ ဘာလို့ ကျေးဇူးတင်တာလဲ…”

လျူအာကျူးက နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“အစ်ကိုက ဝယ်ပေးဖို့ စိတ်ကူးရှိခဲ့တာပဲလေ..”

လီလီက အတိတ်ကို ပြန်တွေးမိပြီး ဒေါသတကြီး ပြောလိုက်သည်။

“ကျူးဇီ... အစ်ကို မသိဘူး... ရွာထဲက ကျိုးယာထိုမှာ မြို့မှာအလုပ်လုပ်တဲ့ ဦးလေးတစ်ယောက်ရှိတယ်... သူက ကျိုးယာထိုကို ဘေးတစ်ဖက် ကျိုးနေတဲ့ လိပ်ပြာကလစ်လေး တစ်ခုလက်ဆောင်ပေးဖူးတယ်... အဲဒါနဲ့တင် သူက အမြဲတမ်း ဂုဏ်ယူနေပြီး နေ့တိုင်း ကလစ်ကို ပန်ပြီး ကြွားဝါနေတာ... သမီးက အမေ့ကို တစ်ခါလောက်ပဲ ပြောကြည့်မိတာ... အမေက သမီးကို စူးစိုက်ကြည့်ပြီး နင်က ကလစ်လိုချင်တာလား... နင်က ကလစ်နဲ့မှ လှမှာလားဆိုပြီး ဆဲဆိုကာ ကန်ထုတ်လိုက်တာ...

လျူအာကျူးသည် ရယ်မောလိုက်ရသည်။ ဤခေတ်ကာလမှ မိဘများမှာ ထိုအတိုင်းပင်ဖြစ်သည်။

ပါးစပ်ပေါ့ပြီး လက်ရမ်းကြမ်းသည့် ထိုမိဘများမှာ ကလေးကို သုံးရက်လောက် မရိုက်နှက်လျှင် အိမ်ခေါင်မိုးပေါ် တက်ဆော့လိမ့်မည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် ကလေးများ မဆိုးသွမ်းစေရန် အကြောင်းမဲ့ ကန်ကျောက်တတ်ကြပြီး အမှားတစ်ခုခု လုပ်မိလျှင်မူ ပို၍ပင် ဆိုးဝါးလှသည်။

ရယ်မောပြီးနောက် လျူအာကျူးသည် လီလီ၏ခေါင်းကို ပုတ်လိုက်ကာ...

“အစ်ကိုကျူးဇီက စလိုက်တာပါ... လီလီက အရမ်းလှတာပဲဟာ... မနက်ဖြန်ကျရင် အစ်ကို လိပ်ပြာကလစ်လေးတစ်ခု ဝယ်ပေးမယ်…”

လီလီ၏ မျက်ဝန်းများ ပြန်လည် တောက်ပလာသော်လည်း နှုတ်ခမ်းများ တုန်ရီနေသည်။ သူသည် ယဉ်ကျေးစွာ ငြင်းပယ်ချင်သော်လည်း လျူအာကျူး စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေပုံရသည်။

“စိတ်မပူပါနဲ့... အစ်ကို အမေနဲ့ ပြောပေးမယ်... အကယ်၍ အမေ ရိုက်ရင် အစ်ကိုကျူးဇီအိမ်ဆီ အမြန်ပြေးလာခဲ့…”

လျူအာကျူးက ဆိုလိုက်သည်။

ယနေ့ခေတ် ကလေးများမှာလည်း လိမ္မာပါးနပ်ကြသည်။ ရိုက်နှက်ခံရတော့မည်ကိုသိလျှင် ပြေးရမှန်း သူတို့ ကောင်းကောင်း သိကြသည်။

တောင်ပေါ်ရွာလေးများ မပြောနှင့် လျူအာကျူး၏ ယခင်ဘဝက မြို့တွင် ကျောင်းတက်စဉ်ကပင် မိဘများက ကလေးများကို ဖိနပ်အောက်ခံပြားများ၊ မုန့်လုပ်တုတ်များဖြင့် လိုက်ရိုက်ကာ ဆဲဆိုအော်ဟစ်နေသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

လီလီသည် လျူအာကျူး၏ နှစ်သိမ့်စကားကြောင့် ပျော်ရွှင်သွားပြီး လခြမ်းကွေးကဲ့သို့ မျက်ဝန်းများဖြင့် ပြုံးလိုက်ကာ ဆိုလိုက်သည်။

“အစ်ကိုကျူးဇီက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစ်ကိုပဲ... ကိုယ့်အရင်းအချာ အစ်ကိုကြီးထက်တောင် ပိုကောင်းသေးတယ်…”

အနီးနားတွင် လဲ့လဲ့က ထိုနှစ်ယောက် စကားပြောနေသည်ကို ကြည့်နေသည်။ သူသည် စကားဝင်ပြောချင်သော်လည်း အခွင့်အရေး မရခဲ့ပေ။

နောက်ဆုံးတွင် စကားပြောရပ်သွားသောအခါ လဲ့လဲ့သည် လီလီကို အသက်စွန့်ကြည့်ပြီး မေးလိုက်သည်။

“အစ်မ... အစ်မက ကလစ်ရတော့မှာဆိုတော့ ခေါင်းပေါ်က သားရေကွင်းကို ငါ့ကို ပေးပါလား…”

“သွားစမ်း…”

လီလီသည် ထိုအကြောင်းကို မေ့နေခါမှ လဲ့လဲ့က အိမ်သာထဲ စိမ်ထားပြီး ရက်အတော်ကြာ ဝတ်ထားခဲ့ရသော သားရေကွင်းအကြောင်းကို သတိပေးလိုက်သဖြင့် ဒေါသထွက်ကာ လဲ့လဲ့ကို လိုက်ရိုက်တော့သည်။

လဲ့လဲ့ခမျာ ငိုယိုပြီး ထွက်ပြေးသွားသည်ကို ကြည့်ရင်း လျူအာကျူးသည် ဘာမှမတတ်နိုင်သဖြင့် မတားတော့ပေ။

သူ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း လဲ့လဲ့ကိုယ်တိုင်က ရိုက်ခံချင်နေမှတော့ မတတ်နိုင်တော့ပေ။

သူ့ရင်ခွင်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားနေသည့် နျီဇီကို ငုံ့ကြည့်ပြီးမေးလိုက်၏။

“ဘာတွေ စဉ်းစားနေတာလဲ…”

နျီဇီသည် လျူအာကျူးကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်ကာ မေးလိုက်သည်။

“ဦးလေး... နျီဇီလည်း ကလစ်လိုချင်တယ်... နျီဇီလည်း အစ်ကိုကျူးဇီလို့ ခေါ်မယ်လေး... ပေးပါလား…”

“ဟားဟားဟား…”

လျူအာကျူးသည် မရယ်ဘဲ မနေနိုင်တော့ပေ။

“နင်ကတော့ ရူးချင်နေပြီ... ဘာလို့ မိဘတွေရဲ့ မျိုးဆက်ကို နိမ့်ချပစ်တာလဲ... ကောင်းပြီလေ... ဦးလေး ဝယ်ပေးပါမယ်... နျီဇီအတွက် အများကြီး ဝယ်ပေးမယ် ဟုတ်ပြီလား…”

လျူအာကျူး တကယ် သဘောတူလိုက်သည်ကို မြင်ရပြီးနောက် နျီဇီသည် မိမိကိုယ်ကို လိမ္မာပါးနပ်သည်ဟု ထင်မှတ်ကာ နို့နံ့မစင်သေးသော အသံဖြင့်ခေါ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကျူးဇီ…”

“ဟားဟား... နင်ကတော့ ငါ့ကို အရယ်လွန်ပြီးသေအောင်သတ်နေတာပဲ…”

လျူအာကျူးသည် ရယ်လွန်း၍ မျက်ရည်ပင် ကျလာသည်။ သို့သော် သူသည် နျီဇီကို နောက်တစ်ခါမှ ဦးလေးဟုသာ ခေါ်ရမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ သူဝယ်ပေးမည်ဖြစ်ကြောင်း သင်ပေးလိုက်သည်။

နျီဇီသည် ဦးလေးဖြစ်သူက ဘာကြောင့် ရယ်မောနေပြီး ဦးလေးဟု မခေါ်ခိုင်းရသလဲဆိုသည်ကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။

သူငယ်လေးများ နျီဇီကို နောက်တစ်ခါ ထပ်မနှောင့်ယှက်စေရန် လျူအာကျူးသည် နျီဇီကို အိမ်သို့ အရင်ပြန်ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဖခင်အတွက် နေ့လယ်စာ ဆေးဖော်စပ်ရန် စတင်ပြင်ဆင်လိုက်သည်။

သို့သော် ဆေးပင်များကို စီစဉ်နေစဉ် သူ၏စိတ်တွင် တစ်စုံတစ်ခု ပြုလုပ်ချင်စိတ် ပေါ်လာသည်။

သူသည် အိမ်ထဲသို့ အမြန်ပြေးဝင်သွားလိုက်သည်။ ဖခင်ဖြစ်သူ လျူဖူရှန့်သည် ကန်းပေါ်တွင် လှဲလျောင်းနေပြီး ငြီးငွေ့စွာဖြင့် ဆေးတံသောက်နေသည်ကို တွေ့လိုက်ရသည်။

သူသည် နာခံမှုရှိစွာ ပြုံးပြပြီးပြောလိုက်သည်။

“အဖေ... သား ဆရာ့ဆီမှာ အပ်စိုက်ပညာ သင်လာခဲ့တယ်... အဖေ့ရောဂါ သက်သာအောင် ကူညီပေးမယ်…”

လျူဖူရှန့်သည် သားဖြစ်သူကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပြောလိုက်၏။

“ငါ့သားဆိုတော့ မင်း ဘာကြံစည်နေလဲဆိုတာ ငါသိတယ်... ငါ့ကို စမ်းသပ်ချင်နေတာမလား... လာခဲ့လေ…”

ဖခင်က သူ့အတွေးကို သိသွားသော်လည်း လျူအာကျူး ရှက်ရွံ့ခြင်း မရှိပေ။ သူသည် ပြုံးရွှင်စွာဖြင့်...

“စိတ်မပူပါနဲ့ အဖေ... ဆရာက သား ပညာစုံပြီလို့ ပြောပြီး ကုသခွင့်ပြုထားတာပါ..”

“အဲဒီလိုလား... အရင်ကတော့ မင်းဆရာကို ယုံကြည်ရမယ်ထင်တာ... အခုတော့ သူက လူကောင်းမဟုတ်ဘဲ ကလေးတွေကို လိမ်ညာနေတာပဲ..”

လျူဖူရှန့်က နောက်ပြောင်လိုက်သည်။

လျူအာကျူးက ဖခင်ကို အံ့ဩစွာ မော့ကြည့်လိုက်သည်။

ယခင်ဘဝ၏ မှတ်ဉာဏ်များတွင် ဖခင်သည် မြေကြီးကို မျက်နှာမူကာ အလုပ်ကြိုးစားတတ်သော ရိုးသားသည့် လယ်သမားတစ်ဦးဖြစ်သည်။ သူနှင့် တွေ့တိုင်း ဆေးတံသောက်ပြီး မျက်မှောင်ကြုတ်နေတတ်သည်။ သို့မဟုတ် တိတ်ဆိတ်စွာ အလုပ်လုပ်နေတတ်သည်။

ဘာကြောင့် ယခုအခါတွင် စကားပြောပုံ အပြုအမူများက ရုပ်ရှင်ထဲမှ လူချမ်းသာအိမ်က သခင်လေးတစ်ဦးကဲ့သို့ ဖြစ်နေရသနည်း။

ယခင်က ဘဝ၏ ဖိနှိပ်မှုများကြောင့် ဖြစ်မည်လော။

လျူအာကျူးသည် ခေါင်းခါလိုက်ပြီး သူ၏ စိတ်အာရုံနေရာလွတ်ထဲမှ ရွှေအပ်အစုံကို ထုတ်ယူလိုက်သည်။

သူအသုံးပြုသည့် အပ်များမှာ စစ်မှန်သော ရွှေဖြင့် ပြုလုပ်ထားသောကြောင့် အလွန်ပျော့ပျောင်းပြီး နည်းစနစ် မမှန်ပါက အလွယ်တကူ ပျက်စီးနိုင်သည်။

သို့သော် လျူအာကျူးတွင် ထိုသို့သော စိုးရိမ်စရာမရှိပေ။ နှစ်ပေါင်းများစွာ ကုသခဲ့သော တရုတ်ဆေးပညာရှင်တစ်ဦးကဲ့သို့ ကြွက်သားမှတ်ဉာဏ်ကို အသုံးပြုကာ အပ်များကို အမှတ်အသားနေရာများသို့ လွယ်ကူစွာ စိုက်လိုက်သည်။

အပ်စိုက်ခြင်း စတင်လိုက်သည်နှင့် လျူဖူရှန့်သည် ဆေးတံသောက်ခြင်းကို ရပ်လိုက်သည်။ တစ်ဖက်က ဆေးတံကို တင်းတင်းကိုင်ထားပြီး ကျန်တစ်ဖက်က ကန်းအစွန်းကို အသေဆုပ်ကိုင်ထားကာ နာကျင်မှုကို စောင့်မျှော်နေသည်။

လျူအာကျူးက ဆေးပညာကို သင်ယူခဲ့သည်မှာ နှစ်ရက်သာ ရှိသေးသည် မဟုတ်ပါလော။ အပ်စိုက်ပညာကို သူ မည်သို့ နားလည်မည်နည်း။

လျူဖူရှန့်သည် သားဖြစ်သူကို စမ်းသပ်ခွင့်ပေးလိုက်သော်လည်း သူကိုယ်တိုင်ကမူ ယုံကြည်ခြင်းမရှိပေ။

သို့သော် အံ့ဩစရာကောင်းသည်မှာ အသက်ပင်မရှုရသေးခင် အပ်များ စိုက်ပြီးသွားပြီဖြစ်သည်။ နာကျင်မှု မရှိသည့်အပြင် ခြေထောက်တွင် နွေးထွေးသော ခံစားချက်ကို ရရှိလိုက်ပြီး အကိုက်အခဲပျောက်ဆေး သောက်ရသည်ထက်ပင် ပို၍ သက်သာနေသည်။

“အိုး... ငါ့သားက တယ်တော်ပါလား... နှစ်ရက်အတွင်း ဒီလောက်ထိ သင်ယူနိုင်တာလား…”

လျူဖူရှန့်သည် အံ့ဩသွားပြီး နောင်တရစွာဖြင့် ပြောလိုက်သည်။

“ဒီလောက်တော်မှန်းသာသိရင် ကျောင်းကို ဘာလို့ ပို့ရမလဲ... ဟိုအရင်ကတည်းက တာ့ရွှယ်ထိုဆီ လက်ဆောင်တွေပေးပြီး ပညာသင်ခိုင်းလိုက်ရင် အခုဆို ဆေးကုနိုင်နေပြီပေါ့”

“သား အခုလည်း ဆေးကုနိုင်ပါတယ်..”

လျူအာကျူးက ပြုံးလိုက်ကာ…

“ ဒါနဲ့... ဆရာပေးထားတဲ့ ဆေးကို ပြောင်းပြီး ပိုကောင်းတဲ့ ဆေးသစ်တစ်မျိုး ဖော်စပ်ပေးမယ်…”

လျူဖူရှန့်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး သားဖြစ်သူကို တည်ကြည်စွာ ကြည့်လိုက်သည်။

“ကျူးဇီ... မင်းဆရာကို ငါက ငယ်သူငယ်ချင်းတွေမို့ စနောက်နေတာ... အကြီးအကဲတွေက စနောက်ကြတာ သဘာဝပါ... ဒါပေမဲ့ မင်းကတော့ မတူဘူး... မင်းက တပည့်တစ်ယောက်ဖြစ်ပြီး ဆရာ့ရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်... ဘယ်လောက်ပဲ တော်တော် မင်းဆရာကို အထင်မသေးရဘူး…”

လျူအာကျူးသည် ကြောင်သွားပြီး…

“သား သူ့ကို အထင်မသေးပါဘူး..”

“ဒါဆို မင်းဆရာက ဆေးပြောင်းတာကို သိရဲ့လား... အရေးကြီးတဲ့ကိစ္စတွေကို ဆရာ့ကို တိုင်ပင်သင့်တယ် မဟုတ်လား…”

လျူဖူရှန့်က ဆေးတံသောက်ရင်း မေးလိုက်သည်။

လျူအာကျူးသည် ခေါင်းကို ကုတ်လိုက်ကာ ဖခင်ပြောသည့်စကားမှာ မှန်ကန်ကြောင်း သဘောပေါက်သွားသည်။

သူ၏ လုပ်ရပ်မှာ မိဘကို လုပ်ကျွေးပြုစုခြင်း ဖြစ်သော်လည်း အခြားသူများ၏ အမြင်တွင်မူ ဆရာ့မျက်နှာကို ရိုက်ပုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။

ဆရာပေးသည့် ဆေးကို မသောက်ဘဲ ကိုယ်ပိုင်ဆေးကို ဖော်စပ်သည်ဆိုပါက ဆရာ့ကို အထင်သေးသည်ဟု အများက ထင်မြင်ကြပေမည်။

သူ မရည်ရွယ်သော်လည်း လူအများ၏ အမြင်မှာ ကြောက်စရာကောင်းသည်။ ဤအကြောင်းသာ ပျံ့နှံ့သွားပါက သူ၏ ဆရာမှာ အရှက်ကွဲရပေလိမ့်မည်။

All Chapters