အခန်း ၆၆၂
Vol. 56 Ch. 662
အခန်း(၆၆၂)
သူက ဂျူနီပါတို့ဆီကနေ ရီနေးတားနိုင်ငံတော်ဆီကို ပြန်သွားခဲ့ပြီးတဲ့နောက် နစ်စီ အချိန်ပြည့် စောင့်ရှောက်မှုခံယူဖို့ လက်ရှိ တည်းခိုနေတဲ့ အဲရစ်ရဲ့ အိမ်တော်ဆီကို တယ်လီပို့လုပ်ပြီး ပြန်သွားခဲ့တယ်။
သူ ရောက်သွားတဲ့အချိန်က ဂျူနီပါနဲ့ တခြားသူတွေ ရေလူသားမလေးကို နေ့စဉ် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတဲ့ အချိန်နဲ့ ကွက်တိပါပဲ။
အဲရစ်နဲ့ သီအိုဒိုရာတို့က နစ်စီရဲ့ အရေပြားကတစ်ဆင့် ဆေးဝါးတွေ သွင်းပေးနေတုန်းမှာ ဂျူနီပါက နစ်စီကို တိုက်ရိုက် စကားပြောလိုက်တယ်။
"နစ်စီ... မင်း နိုးပြီလား" လို့ ဂျူနီပါက မေးရင်း နစ်စီရဲ့ မျက်နှာရှေ့မှာ သူမရဲ့ လက်ကို ဝှေ့ယမ်းပြလိုက်တယ်။
အလင်းရောင် အပြောင်းအလဲကြောင့် နစ်စီရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ဒီအချိန်မှာ သူမ သတိအပြည့်အဝ ရှိနေတယ်ဆိုတာကို ပြသနေတာပေါ့။ ဒါပေမဲ့လည်း သူမက ဘာတုံ့ပြန်မှုမှ မရှိသလောက်ပါပဲ။
"ငါတို့ မျှော်လင့်ထားသလိုပဲ... သူက သတိမေ့မြောလုနီးပါး အခြေအနေကို ပြန်ရောက်သွားပြန်ပြီ။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေက စိုးရိမ်ရတဲ့အဆင့်မှာ မရှိတာတော့ ကံကောင်းတာပေါ့။ သူမရဲ့ တာအိုနှလုံးသားက အနည်းဆုံးတော့ တည်ငြိမ်နေတုန်းပဲလေ"
ဂျူနီပါက သူမရဲ့ မှော်ပရပိုဒ်ထဲမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နစ်စီရဲ့ တိုးတက်မှု အခြေအနေတွေကို မှတ်တမ်းတင်ပြီး ရေးသားလိုက်တယ်။
သူမရဲ့ ပြန်လည်နာလန်ထူဖို့ လမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သူတို့က နစ်စီရဲ့ တာအိုနှလုံးသားကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးဖို့ ဆေးဝါးတွေ အများကြီး ညွှန်ကြားပေးခဲ့ကြတာပေါ့။ အချို့ဆေးဝါးတွေက နှလုံးသားထဲက ဒဏ်ရာတွေကို ကုသဖို့အတွက် ဖြစ်ပြီး အချို့ကတော့ ဓာတ်ခွဲစမ်းသပ်ဆဲ အဆင့်တွေဖြစ်ပြီး နှလုံးသားကို လူလုပ်နည်းလမ်းတွေနဲ့ လှုံ့ဆော်ပေးဖို့ ရည်ရွယ်ထားတာလေ။
သူတို့က ကိုယ်လက်လှုပ်ရှားမှု ကုထုံးတွေကိုလည်း စမ်းသပ်ခဲ့ကြပြီး သူမကို နေ့တိုင်း အနည်းဆုံး စက္ကန့်အနည်းငယ်လောက်တော့ ကိုယ်တိုင် လမ်းလျှောက်တာ၊ ရေကူးတာတွေ လုပ်ခွင့်ပေးခဲ့ကြတယ်။
ဒီနည်းလမ်းတွေထဲက တစ်ခုမှ အောင်မြင်မှု မရခဲ့ပေမဲ့လည်း သူတို့ကတော့ လက်မလျှော့ဘဲ ဆက်ပြီး ကြိုးစားခဲ့ကြတာပေါ့။ သူတို့အနေနဲ့ နည်းလမ်းတစ်ခုခုနဲ့တော့ သူမကို ပြန်ပြီး ကျန်းမာလာအောင် လုပ်ပေးရမှာလေ။
"မိုက်ကယ်... မင်း ပြန်လာပြီလား" လို့ ဂျူနီပါက နှုတ်ဆက်လိုက်တယ်။
"ဟုတ်တယ်... ပြန်လာပြီ။ ပြီးတော့ နစ်စီရဲ့ ပြဿနာအတွက် အဖြေတစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့ပြီလို့ ပြောဖို့ လာတာပါ"
ရိဒ်က သူ့ရဲ့ တစ်ရေးအိပ်နေရာကနေ ချက်ချင်းပဲ လန့်နိုးလာခဲ့တယ်။ "အဖြေ ဟုတ်လား... မင်း နစ်စီကို ကုသပေးနိုင်ပြီပေါ့"
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး ထိုလူကို စိတ်အေးအေးထားဖို့ ကြိုးစားလိုက်တယ်။ "ရာနှုန်းပြည့်တော့ မသေချာဘူး။ ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ကို ကူညီနိုင်လိမ့်မယ်လို့ ထင်တာပဲ"
"မင်း သူ့ရဲ့ တာအိုနှလုံးသားအတွက် ဆေးဝါးတစ်ခုခု ရှာတွေ့ခဲ့လို့လား" လို့ ဂျူနီပါက မဆိုစလောက် မျှော်လင့်ချက်တွေနဲ့ မေးလိုက်တယ်။ သူမက မိုက်ကယ် ဘာမှမရှိတဲ့နေရာကနေ မေ့ဆေးတွေကို ဖန်တီးခဲ့တာကို မြင်ဖူးထားပြီးပြီ ဖြစ်လို့ သူ တစ်နည်းနည်းနဲ့ ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ကို ဖန်တီးလိုက်ပြီလို့ပဲ တွေးမိနေတာပေါ့။ ဒီအချိန်မှာတော့ သူမအနေနဲ့ ဘာကိုမှ အံ့ဩနေတော့မှာ မဟုတ်ဘူးလေ။
"မဟုတ်ဘူး" လို့ သူက သူမကို ပြောလိုက်တယ်။ "ဒါက အတွေ့အကြုံတစ်ခုနဲ့ ပိုတူတယ်။ ခင်ဗျားတို့ကို ဒီအတိုင်း ပြလိုက်တာက ပိုကောင်းလိမ့်မယ် ထင်တယ်။ ကျွန်တော်တို့ အဲဒီနေရာကို တယ်လီပို့လုပ်ကြရင် စိတ်ထဲ ရှိကြမလား"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ တစ်ခုခု မပြောနိုင်ခင်မှာတင် မှောင်မိုက်လွန်းတဲ့ အရိပ်တစ်ခုက အခန်းတစ်ခုလုံးကို ဝန်းရံသွားခဲ့တော့တယ်။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အရိပ်တွေက လျော့ပါးသွားပြီး သူတို့အားလုံး လုံးဝ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရောက်နေပြီဆိုတာကို သတိပြုမိလိုက်ကြပြီ။
သူတို့ရဲ့ ပတ်ပတ်လည်မှာက အဆုံးမရှိတဲ့ သဲကန္တာရကြီး ရှိနေပြီး မက်ထရိုပိုလစ်ရဲ့ မြို့ပြအလှအပတွေနဲ့ လုံးဝဥဿုံ ဆန့်ကျင်ဘက်ပါပဲ။
"ငါတို့ ဘယ်ရောက်နေတာလဲ" လို့ သီအိုဒိုရာက မေးလိုက်တယ်။
"ကျွန်တော့်ရဲ့ နေရာပေါ့။ ရီနေးတားနိုင်ငံတော်လေ" လို့ သူက မလှမ်းမကမ်းမှာ ရှိနေတဲ့ မှော်မျှော်စင်တွေလောက်အထိ မြင့်မားတဲ့ အဆောက်အအုံတွေ ရှိနေတဲ့ မြို့ဆီကို ညွှန်ပြရင်း ပြန်ဖြေလိုက်တယ်။
"သဲကန္တာရ ခြောက်သွေ့မြေရိုင်းထဲမှာ ဟုတ်လား" လို့ အဲရစ်က အံ့ဩတကြီး ရေရွတ်လိုက်တယ်။
သူတို့က မက်ထရိုပိုလစ်ကနေ တော်ဝင်တိုက်ကြီးရဲ့ တောင်ဘက်စွန်းအထိကို စက္ကန့်အနည်းငယ်အတွင်းမှာပဲ တစ်နည်းနည်းနဲ့ တယ်လီပို့လုပ်ပြီး ရောက်လာခဲ့ကြတာလေ။ ဒါက သူတစ်ယောက်တည်း မဟုတ်ဘူး။ သူတို့အားလုံးကိုပါ။
မိုက်ကယ်က သူတို့အားလုံးကို ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာဆီကို စက္ကန့်အနည်းငယ်အတွင်းမှာပဲ တယ်လီပို့လုပ်ပြီး ခေါ်ဆောင်လာခဲ့တာ ဖြစ်တယ်။
ဒါတင်မကသေးဘူး၊ သူမက ရီနေးတားနိုင်ငံတော်ဆီကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ ထိုနယ်မြေရဲ့ ဧရာမ ပမာဏနဲ့ အကျယ်အဝန်းကြီးကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။ ၎င်းက မက်ထရိုပိုလစ်ထက်တောင် ပိုပြီး ကြီးမားနေတဲ့ ပုံပါပဲ။ သဲကန္တာရအလယ်ခေါင်မှာ နေထိုင်ကြရင်းနဲ့ ဒါမျိုး ဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို သူမအနေနဲ့ နားမလည်နိုင်တော့ဘူးလေ။
မိုက်ကယ်အကြောင်း ရေးသားထားတဲ့ ဒေးလီးမက်ထရိုရဲ့ သတင်းစာဆောင်းပါးအကြောင်း ဘာမှမသိကြတဲ့ သီအိုဒိုရာနဲ့ ဂျူနီပါတို့ ဆိုရင်တော့ ဒီအချက်ကို သိလိုက်ရလို့ အံ့ဩမှုတွေ နှစ်ဆလောက် ပိုသွားခဲ့ရတယ်။
"ဒီလောက် ငယ်ငယ်လေးနဲ့ ကိုယ့်အတွက် ဒီလို ဧရာမ နယ်မြေကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာပဲ" လို့ ဂျူနီပါက အံ့ဩမှင်တက်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
မိုက်ကယ်အကြောင်း အသစ်အသစ်တွေကို သိလာရတဲ့ အကြိမ်တိုင်းမှာ သူမ အမြဲတမ်း အံ့ဩနေရတုန်းပဲလေ။
"ငါ မင်းတို့ကို နောက်မှ နိုင်ငံတော်အနှံ့ လိုက်ပြမယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ မင်းတို့ရဲ့ အာရုံစိုက်မှုကို မင်းတို့နောက်က အဆောက်အအုံဆီကိုပဲ လှည့်ပေးကြပါဦး"
လူတိုင်းက လှည့်ကြည့်လိုက်ကြပြီး ကသူလူးရဲ့ ဧရာမ ရုပ်တုကြီးကို တွေ့လိုက်ကြရတယ်။ ရိဒ်နဲ့ သူ့ဇနီးကတော့ ကမ္ဘာပေါ်မှာ အကြောက်ရဆုံး အစောဆုံး ရှေးအကျဆုံးဖြစ်တဲ့ ပင်လယ်မိစ္ဆာကြီးတွေထဲက တစ်ကောင်ကို စိုက်ကြည့်ရင်း တကယ့်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ ရပ်နေနိုင်ကြတော့တယ်။ ရေလူသားတွေအနေနဲ့ သူတို့ရဲ့ ဗီဇအရ ကြောက်ရွံ့စိတ်တွေက ဟုန်းခနဲ ထတောက်လာပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းသွားခဲ့ရပြီပေါ့။
ပြီးတော့ ဘယ်သူမှ သတိမထားမိလိုက်ဘဲ နစ်စီရဲ့ ခေါင်းက မဆိုစလောက်လေး အပေါ်ကို မော့တက်လာခဲ့ပြီး ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရလို့ စိတ်ဝင်စားသွားတဲ့ ပုံပါပဲ။
"ဒါက... ဒါက ကသူလူးပဲ" လို့ ဂျူနီပါက အံ့ဩတကြီး ရေရွတ်လိုက်တယ်။ စိတ်ဝိဉာဉ်ကမ္ဘာထဲက မှတ်ဉာဏ်တွေက သူမရဲ့ စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပဲ ဖြစ်ပြီး ကသူလူးကို အပြင်မှာ အသွေးအသားနဲ့ အရှိအတိုင်း မြင်လိုက်ရတာက သူမကို ချက်ချင်းပဲ အတိတ်ကို ပြန်သတိရသွားစေတယ်လေ။
"မှန်တယ်။ ၎င်းရဲ့ ပုံစံအတိုင်း ပုံတူဖန်တီးထားတာ။ အနားကို ပိုတိုးသွားကြရအောင်" လို့ သူက သူတို့ကို ပြောလိုက်တယ်။
သူတို့က ကသူလူးဆီကို စတင် လမ်းလျှောက်သွားကြပြီး မမြင်နိုင်တဲ့ ထိတ်လန့်ချောက်ချားစရာ ခံစားမှုကြီးက ပိုပြီးတော့တောင် ပြင်းထန်လာခဲ့ပြီပေါ့။ ရိဒ်က ဒါက အစစ်အမှန် မဟုတ်ဘူးဆိုတာကို သူ့ကိုယ်သူ အမြဲတမ်း သတိပေးနေရတယ်။
အဲဒီအချိန်မှာတင် သူတို့က အော်ဟစ်သံတွေနဲ့ ရောနှောနေတဲ့ သတ္တုသံ တကျိကျိ မြည်နေတာကို ကြားလိုက်ကြရတယ်၊ အချို့အသံတွေက စိတ်လှုပ်ရှားနေကြပြီး အများစုကတော့ သူတို့ရဲ့ ဗီဇအရ ကြောက်ရွံ့စိတ်တွေကို ပြသနေကြတာလေ။
လူတိုင်းက ရုပ်တုရဲ့ အောက်ခြေကို လှည့်ကြည့်လိုက်ကြပြီး ရေလူသားတွေက ရိုလာကိုစတာရထားတွဲပေါ်ကို တက်နေကြပြီး သူတို့ရဲ့ ထိုင်ခုံတွေမှာ ခါးပတ်တွေ ပတ်ထားကြတာကို တွေ့လိုက်ရတယ်။
အော်ဟစ်နေကြတဲ့သူတွေက သူတို့တွေပေါ့။
မိုက်ကယ်က ဆရီနာ၊ မွိုင်းရန်နာနဲ့ ကျန်တဲ့ ရေလူသားတွေကို 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' ရိုလာကိုစတာရထားတွဲရဲ့ ပထမဆုံး ရိုလာကိုစတာစီးသူတွေအဖြစ် လုပ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး သူတို့ကလည်း ဝမ်းမြောက်ဝမ်းသာပဲ လက်ခံခဲ့ကြတယ်။ သို့ပေမဲ့ သူတို့ရဲ့ ထိုင်ခုံတွေမှာ ခါးပတ်တွေ ပတ်ပြီးတဲ့နောက်မှာတော့ သူတို့ထဲက အချို့က သူတို့ရဲ့ ရွေးချယ်မှုအပေါ် နောင်တရနေတဲ့ ပုံစံမျိုး ပေါက်နေကြပြီလေ။
ထို့နောက် ရိုလာကိုစတာရထားတွဲက အပေါ်ကို စတင်တက်သွားခဲ့ပြီး ရထားလမ်းတွေက ကသူလူးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ခွေပြီး အပေါ်ကို တက်သွားကာ နောက်ဆုံးမှာတော့ ၎င်းရဲ့ ပါးစပ်ဆီမှာ လမ်းဆုံးသွားခဲ့တယ်။
ကသူလူးရဲ့ ပါးစပ်ပတ်ပတ်လည်က လက်တံတွေက လှုပ်ရှားသွားပြီး ၎င်းရဲ့ မေးရိုးတွေကို ဖွင့်ဟလိုက်ကာ ပထမဆုံး ရိုလာကိုစတာစီးသူတွေကို ဝါးမြိုဖို့ ကြိုဆိုလိုက်တော့တယ်။
ရိဒ်နဲ့ သူ့ဇနီးက ဆရီနာတို့အဖွဲ့ ဒီကသူလူးရုပ်တုကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီလို့ တွေးမိပြီး ကြောက်လန့်တကြားနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။
ပြီးတော့ ခဏအကြာမှာတင် သူတို့ရဲ့ အော်ဟစ်သံတွေက ကသူလူးရဲ့ ပါးစပ်ထဲကနေ ထပ်ပြီး ဟိန်းထွက်လာတာကို ကြားလိုက်ရပြန်တယ်။ ဒါက မိနစ်အနည်းငယ်လောက် ဆက်ဖြစ်နေပြီးတဲ့နောက်မှာတော့ ရိုလာကိုစတာရထားတွဲက ပါးစပ်ထဲကနေ ပြန်ထွက်လာပြီး မြေပြင်ပေါ်ကို ပြန်ဆင်းသက်လာခဲ့တယ်။
ရိဒ်က ဆရီနာတို့အဖွဲ့ဆီကို ချက်ချင်း ပြေးသွားလိုက်ပြီး သူတို့တွေ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတာကို တွေ့လိုက်ရတယ်။
"မင်းတို့ အဆင်ပြေကြရဲ့လား" လို့ သူက သူတို့ကို မေးလိုက်တယ်။
ရေလူသားအဖွားအို မွိုင်းရန်နာက အကာအကွယ်လက်တန်းပေါ်မှာ ခေါင်းမှောက်ထားရင်း "ငါ့ရဲ့ အသက်ရှင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ တစ်ခါမှ ဒီလောက်အထိ... အသက်ဝင်နေသလိုမျိုး မခံစားခဲ့ရဖူးဘူး"
"ဟင်"
ဆရီနာက မွိုင်းရန်နာဘက်ကို လှည့်လိုက်တယ်။ "ဒါက တကယ့်ကို လန်းဆန်းစရာကြီး မဟုတ်လား။ ငါ နောက်တစ်ခေါက် ထပ်စီးချင်သေးတယ်"
တခြား ရေလူသားတွေဆီမှာလည်း ဆင်တူတဲ့ တုံ့ပြန်မှုမျိုး ရှိနေကြတာပေါ့။
"ဟုတ်တယ် သခင်မလေး။ ဒါက စိတ်လှုပ်ရှားစရာလည်း ကောင်းသလို တစ်ချိန်တည်းမှာ ထိတ်လန့်စရာလည်း သိပ်ကောင်းတာပဲ။ ငါ့နှလုံးသားတွေ တဒုန်းဒုန်း ခုန်နေတာကို ခံစားနေရတယ်"
"အို... မင်း လီဗိုက်ယာသန်ကို မြင်လိုက်လား။ ၎င်းက ငါတို့ကို ခနခန ဖမ်းမိတော့မယ်လို့ ငါ ထင်နေခဲ့တာ"
"ဟားဟားဟား။ မင်းရဲ့ မျက်နှာပျက်သွားတဲ့ ပုံကို မြင်လိုက်ရမှာ"
"မင်းလည်း မထူးပါဘူးကွာ"
ရိဒ်က သူတို့ရဲ့ တုံ့ပြန်မှုတွေကို မြင်ပြီး လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့ရတယ်။ သူတို့က ရိုလာကိုစတာရထားတွဲ စီးနေတဲ့ အချိန်တစ်ခုလုံးမှာ အော်ဟစ်နေခဲ့ကြတာ ဖြစ်ပြီး အခုကျတော့ ဒါက သူတို့ရဲ့ အသက်ရှင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရဖူးသမျှထဲမှာ အကောင်းဆုံးအရာကြီး ဖြစ်နေသလိုမျိုး လုပ်နေကြတာလေ။
"ဒါက ဘာလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။
ဆရီနာက သူ့ဘက်ကို လှည့်လာတယ်။ "ဒါကို ရိုလာကိုစတာလို့ ခေါ်တယ်လေ။ ပြီးတော့ ဒါက မိုက်ကယ်ရဲ့ အကောင်းဆုံး ဖန်တီးမှုတွေထဲက တစ်ခုပဲပေါ့။ မစ္စတာ ရိဒ်လည်း စမ်းကြည့်သင့်တယ်နော်"
မိုက်ကယ်နဲ့ တခြားသူတွေက ရိဒ်ရဲ့အနားကို နောက်ဆုံးတော့ ရောက်လာခဲ့ကြပြီ။ ပြီးတော့ ရိဒ်လိုပဲ ဂျူနီပါနဲ့ တခြားသူတွေကလည်း သူတို့ရဲ့ တုံ့ပြန်မှုတွေထဲက ဆန့်ကျင်ဘက် အခြေအနေတွေကို နားမလည်နိုင် ဖြစ်နေကြတာပေါ့။ သူတို့က အသိစိတ် လွတ်မတတ် ကြောက်လန့်နေခဲ့ကြတာ ဖြစ်ပြီး အခုကျတော့ နောက်တစ်ခေါက် ထပ်စီးချင်နေကြတာ ဟုတ်လား။
"မင်းတို့လည်း စမ်းကြည့်သင့်တယ်" လို့ သူက သူတို့ကို ပြောလိုက်တယ်။ "ဒါက အန္တရာယ်ရှိတဲ့ ပုံစံမျိုး ပေါက်နေပေမဲ့လည်း အရာအားလုံးက လုံးဝကို စိတ်ချရပါတယ်"
သေချာတာပေါ့၊ ပထမဆုံး စီးမယ့်သူတွေကတော့ အနည်းငယ် စိုးရိမ်ပူပန်နေကြတာပေါ့။ သူတို့က ဒီလိုမျိုး အရာတွေကို တစ်ခါမှ မမြင်ဖူးခဲ့ကြဘူးလေ။ 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' ရဲ့ ဧရာမ ပမာဏကြီးက သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေထက် ကျော်လွန်နေတာ ဖြစ်လို့ ရိုလာကိုစတာစီးရမယ့်အပေါ် ကြောက်ရွံ့စိတ်ကို ပိုပြီးတော့တောင် ဆိုးရွားသွားစေတယ်လေ။
"ငါ... ငါ မစီးနိုင်ဘူး" လို့ ရိဒ်က ပြောလိုက်တယ်။ "ငါ ကသူလူးကို သိပ်ပြီး ကြောက်တာ။ ငါတို့တွေ ဒီအတိုင်းပဲ…"
ပြီးတော့ သူက သူ့သမီးလေးကို ကြည့်ဖို့ လှည့်လိုက်တဲ့ အချိန်မှာပဲ သမီးလေးက ရိုလာကိုစတာရထားတွဲဆီကို စူးစိုက်ပြီး မော့ကြည့်နေတာကို တွေ့လိုက်ရလို့ သူ အံ့အားသင့်သွားခဲ့ရတော့တယ်။
* * * * * * * *
စာစဉ်(၅၆)