အခန်း ၆၆၄
Vol. 56 Ch. 664
အခန်း(၆၆၄)
ရိုလာကိုစတာရထားတွဲကတော့ ဆက်သွားနေတုန်းပဲ၊ ရိဒ်ကတော့ သူ့အသက်ကို ဖက်နဲ့ထုပ်ထားရသလိုမျိုး ထိုင်ခုံခါးပတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်လုံးတွေကို တစ်ဝက်လောက် ပိတ်ထားခဲ့ရတာပေါ့။
သူတို့တွေကို အောက်ခြေအနက်ဆုံးအထိ ခေါ်ဆောင်သွားတဲ့ ရေဝဲကြီးနဲ့ ထွက်ပေါက်ဆီ မရောက်ခင် လီဗိုက်ယာသန်နဲ့ နောက်ဆုံး တိုက်ခိုက်ရတဲ့ အခန်းအပါအဝင် အမိုက်စား အစီအစဉ်တော်တော်များများကို သူ လွတ်သွားခဲ့ရတယ်လေ။
နေရောင်ခြည်က သူတို့အပေါ်ကို တစ်ဖန်ပြန်ပြီး လင်းပွင့်လာစေလျက် ကသူလူးရဲ့ ပါးစပ်ထဲကနေ သူတို့ ထွက်လာတာကို မြင်ရတဲ့ အချိန်ကျမှပဲ သူက မျက်လုံးကို ဖွင့်လိုက်ရဲတော့တယ်။
ရိဒ်က ရေထက်စာရင် ကုန်းမြေပြင်ရဲ့ မြင်ကွင်းကို ဒီလောက်အထိ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပေမဲ့ ဒီရိုလာကိုစတာရထားတွဲကတော့ သူ့ကို ရေကြောက်ရောဂါ ရသွားစေခဲ့ပြီလေ။
"ကောင်းတယ်... သူရဲကောင်းတို့၊ မင်းတို့တွေ ကမာခရုထဲက ပုလဲလုံးလေးကို ကယ်တင်နိုင်ခဲ့ပြီ။ ငါ့ရဲ့ ကျေးဇူးတရားက မင်းတို့အတွက် ထာဝရပဲ"
သူတို့တွေ ရထားသံလမ်းအတိုင်း အောက်ကို ဆင်းပြီး အခြေစိုက်စခန်းဆီ မပြန်ခင်မှာ ကသူလူးရဲ့ အသံကြီးက ဟိန်းထွက်လာပြီး ဒီရိုလာကိုစတာရထားတွဲအတွက် ကျေးဇူးတင်စကား ပြောလိုက်တယ်။
သူတို့တွေ ရပ်တန့်သွားပြီး အန္တရာယ်ကင်းခါးပတ်တွေ ပြုတ်ထွက်သွားတာနဲ့ ရိဒ်က ရိုလာကိုစတာရထားတွဲထဲကနေ ချက်ချင်းပဲ ခုန်ထွက်ပြီး မြေကြီးပေါ်ကို ပစ်လှဲချလိုက်တော့တယ်။ သူက အသက်ရှူသံပြင်းနေပြီး မျက်နှာကလည်းဖြူလျော်နေခဲ့ပြီလေ။
"ဟူး... ဟူး..."
ဂျူနီပါနဲ့ ကျန်တဲ့လူတွေလည်း ဒီလို ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံကြောင့် မိန်းမောတွေဝေနေတုန်းပဲ၊ သူတို့ရဲ့ ထိုင်ခုံတွေထဲကနေ ဖြည်းဖြည်းချင်း ထွက်လာကြတယ်။ သူတို့ဟာ ပင်လယ်နက်ထဲက အလှအပတွေတင်မကဘဲ အထဲမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာကောင်တွေနဲ့ပါ ဆုံတွေ့ခဲ့ရပြီး သမုဒ္ဒရာရေနက်ပိုင်းဆီကို အကြီးအကျယ် စွန့်စားခန်းထွက်ခဲ့ရသလိုမျိုး ခံစားနေကြရတာပေါ့။
မှောင်မိုက်တဲ့ လေထု၊ ပင်လယ်နက်ရဲ့ ခြောက်ခြားစရာ အသံတွေ၊ အေးစိမ့်နေတဲ့ ရေငန်တွေနဲ့ လီဗိုက်ယာသန်ကြီး... အရာအားလုံးက ပေါင်းစပ်သွားပြီး ကိုယ်တိုင်မကြုံဖူးဘဲနဲ့ ဘယ်သူ့ကိုမှ ရှင်းပြလို့ မရနိုင်လောက်တဲ့ မယုံနိုင်စရာ ကောင်းတဲ့ အတွေ့အကြုံကြီးတစ်ခုကို ဖန်တီးပေးလိုက်တာလေ။
တစ်ယောက်ယောက်က ဒီလို စိတ်ကူးမျိုးကို တွေးမိခဲ့တယ်ဆိုတာတင်မကဘဲ လက်တွေ့ ဖန်တီးနိုင်ခဲ့တယ်ဆိုတာကိုပါ သူတို့ တော်တော်နဲ့ မယုံနိုင်ဘဲ ရှိနေကြတယ်။
အထူးသဖြင့် ဂျူနီပါကတော့ ရိုလာကိုစတာရထားတွဲတစ်ခုလုံးရဲ့ ခန့်ညားထည်ဝါမှုကိုသာ မော့ကြည့်နေမိတော့တယ်။ အံ့ဩဖို့ကောင်းတာက သူမက ဒီရိုလာကိုစတာရထားတွဲရဲ့ စက္ကန့်တိုင်းကို အပြည့်အဝ သဘောကျနှစ်ခြိုက်သွားခဲ့တာပဲ။
ပြီးတော့ အဲလို သဘောကျတာက သူမတစ်ယောက်တည်း မဟုတ်ပုံပါပဲ။
သူမက နောက်ထပ်တစ်ခေါက် စီးဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံနဲ့ ထိုင်ခုံမှာ ဆက်ထိုင်နေတဲ့ နစ်စီကို လှမ်းကြည့်လိုက်တယ်။
"နောက်တစ်ခေါက်" လို့ နစ်စီက စိတ်လှုပ်ရှားစွာနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။ ကလေးမလေးရဲ့ မျက်နှာပေါ်မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုတွေ ရှိနေခဲ့ပြီလေ။
ဂျူနီပါက သူမ ကြည့်နေရတဲ့ ကလေးမလေးဟာ လွန်ခဲ့တဲ့အချိန်လေးတင်က သေလုမြောပါး ဖြစ်နေတဲ့ ရေလူသား ကလေးမလေးဆိုတာကို တော်တော်နဲ့ မယုံနိုင်အောင် ဖြစ်နေရတယ်။ အခုဆိုရင် နစ်စီက ကစားပွဲတစ်ခုကို ဆော့ချင်လို့ စိတ်လှုပ်ရှားနေတဲ့ တခြား ကလေးတွေလိုပဲ ဖြစ်နေပြီလေ။
သူမက နစ်စီဆီ သွားပြီး သူမရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်းကို စစ်ဆေးလိုက်တယ်။
ဒုတ်... ဒုတ်...
သူမရဲ့ နှလုံးခုန်နှုန်းက ကျန်းမာသန်စွမ်းနေတယ်၊ သူမရဲ့ တစ်သက်တာမှာ အကောင်းဆုံး အခြေအနေထက်တောင် ပိုပြီး သန်စွမ်းနေတာပေါ့။ ဂျူနီပါ့နားထဲမှာ ထင်းထင်းကြီး ကြားရတဲ့အထိကို ကျယ်လောင်စွာ ခုန်နေခဲ့တာလေ။
"အံ့ဩဖို့ကောင်းလိုက်တာ" လို့ သူမက တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒီ ရိုလာကိုစတာက သူမရဲ့ တတာအိုနှလုံးသားကို ပိုပြီး ကြံ့ခိုင်လာစေခဲ့ပြီပဲ"
သူမက ဒီအောင်မြင်မှုရဲ့ ကြီးမားကျယ်ပြန့်မှုကို သေချာ မဖော်ပြနိုင်လောက်အောင် ဖြစ်ရလို့ နောက်ကို တစ်လှမ်း ဆုတ်လိုက်မိတယ်။
ဒါက တစ်ခါမှ မဖြစ်ဖူးသေးတာကြီးလေ။ သူတို့ရဲ့ ကျိန်စာကနေ အံ့ဖွယ်နည်းနဲ့ ပြန်လည်သက်သာလာတဲ့ မှော်သားရဲ တစ်ပိုင်းသတ္တဝါ အချို့ ရှိခဲ့ဖူးပေမဲ့ အဲဒါက တတာအိုနှလုံးသားကို ကြံ့ခိုင်စေဖို့ သီးသန့်ရည်ရွယ်ထားတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့လို့ပဲ ဖြစ်တယ်။
အဲဒီလို ဖြစ်စဉ်တစ်ခုလုံးရဲ့ အောင်မြင်မှုနှုန်းက တစ်ရာခိုင်နှုန်းတောင် မပြည့်ဘူးဆိုတာကို ဂျူနီပါ ကြားဖူးထားတာပေါ့။ ဆင်ကလဲယားက အဲဒါကို အန္တရာယ်များလွန်းတယ်လို့ သတ်မှတ်ထားပြီး ဒီလိုမျိုး လုပ်ရပ်တွေကို အားမပေးဖို့ ကတိသစ္စာပြုထားခဲ့တာလေ။
သေချာတာပေါ့၊ လူတွေကတော့ အပူတပြင်း ဖြစ်လာတဲ့အခါမျိုးမှာ စွန့်စားပြီး လုပ်ကြတုန်းပါပဲ။
ဒါပေမဲ့ အခုတော့ မိုက်ကယ်က တတာအိုနှလုံးသားကို စနစ်တကျနဲ့ ကြံ့ခိုင်စေမယ့် ဘေးကင်းတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့ပြီ ထင်ပါရဲ့။ ကျိန်စာဒဏ် ခံနေရတဲ့သူတွေအားလုံးဟာ သူတို့ရဲ့ ရောဂါကို ကုသဖို့အတွက် အသက်ကို ရင်းပြီး လောင်းကြေးထပ်စရာ မလိုတော့ဘူးပေါ့။
"အို... ငါ့ရဲ့ ချစ်လှစွာသော သမီးလေး"
နစ်စီရဲ့ မိခင်က သူမရဲ့ လုံးဝဥဿုံ ပြောင်းလဲသွားမှုကို အံ့ဩရင်း နစ်စီကို ဖက်ဖို့ အပြေးအလွှား သွားခဲ့တော့တယ်။ သူမက သမီးဖြစ်သူအပေါ်မှာပဲ အာရုံစိုက်နေလွန်းလို့ ရိုလာကိုစတာရထားတွဲ မူးပြီး အမှိုက်ပုံးနားမှာ အန်နေတဲ့ သူမရဲ့ ခင်ပွန်းကိုတောင် သတိမထားမိခဲ့ဘူးလေ။
နောက်ဆုံးတော့ ရိဒ်က သက်သာလာပြီး သူ့မိသားစုအနားကို ပြန်ရောက်လာခဲ့ပြီ။
"မစ္စ ဂျူနီပါ... ဒါက တကယ့် အံ့ဖွယ်ပဲ" လို့ သူက ဝမ်းသာအားရ ပြောလိုက်တယ်။
"ဟုတ်ပါတယ်" လို့ ဂျူနီပါက ပြန်ပြောလိုက်တယ်။ "တကယ်လို့ သူမက ဒီနှုန်းအတိုင်းသာ သူမရဲ့ တာအိုနှလုံးသားကို ဆက်ပြီး ကြံ့ခိုင်အောင် လုပ်နိုင်မယ်ဆိုရင် တစ်နှစ်အတွင်း ကျိန်စာကို လုံးဝ ဥဿုံ ဖယ်ရှားနိုင်လိမ့်မယ်"
ရိဒ်နဲ့ သူ့ဇနီးက ဒီလို သတင်းကောင်းကို ကြားလိုက်ရလို့ ချက်ချင်းပဲ မျက်နှာတွေ ဝင်းပသွားကြတယ်။ ဒီကိစ္စတစ်ခုလုံးမှာ သူတို့ ကြားခဲ့ရသမျှ ဆုံးဖြတ်ချက်တွေက သူတို့သမီးရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာ ကောင်းတဲ့ ခန့်မှန်းချက်တွေချည်းပဲလေ။ ဒါပေမဲ့ အခုတော့ ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်က သူမ လုံးဝ ပြန်လည်ကောင်းမွန်လာမယ့် အချိန်ကာလကို အတိအကျ ခန့်မှန်းပေးလိုက်ပြီပေါ့။
"ဖေဖေ... မေမေ... နောက်တစ်ခေါက်" လို့ သူမက သူတို့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်ရင်း ပြောလိုက်တယ်။
"ကောင်းပြီလေ" လို့ ရိဒ်က ပြန်ဖြေလိုက်တယ်။ သူ လိုအပ်မယ်ဆိုရင် ဒီရိုလာကိုစတာမှာ တစ်နှစ်ပတ်လုံး စခန်းချနေဖို့အထိ တွေးထားလိုက်ပြီလေ။
ထို့နောက် သူက မိုက်ကယ်ဆီ လှည့်သွားပြီး သူ့ကို အကြီးအကျယ် ဖက်လိုက်တော့တယ်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်။ ဒါက ငါ့အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာ မင်း မသိပါဘူး။ ငါ့သမီးကို ဒီရိုလာကိုစတာမှာ ပြန်လည်ကျန်းမာလာအောင် လုပ်ခွင့်ပေးတဲ့အတွက် မင်းကို ငါ့အသက်ကိုတောင် ပေးဖို့ အဆင်သင့်ပါပဲ"
မိုက်ကယ်က သူ့ခေါင်းကို အလိုက်မသိသလို ကုတ်လိုက်ရင်း "ဘာမှမဟုတ်ပါဘူး၊ နစ်စီကို ကူညီပေးနိုင်ခဲ့လို့ ကျွန်တော်လည်း ဝမ်းသာပါတယ်" လို့ ပြန်ပြောလိုက်တယ်။
"မင်း လုပ်ပေးခဲ့တာက ဒါတင်မကပါဘူး" လို့ ရိဒ်က ဇွတ်ပြောနေပြန်တယ်။ "မင်း သူမရဲ့ အသက်ကို ကယ်ခဲ့တာ၊ ငါ့အသက်ကို ကယ်ခဲ့တာ၊ ငါ့မိသားစုကိုပါ ကယ်ခဲ့တာပဲ။ အပြန်အလှန်အနေနဲ့ ငါ့ရဲ့ အသက်တစ်ခုလုံးကို မင်းကို အပ်ပါတယ်"
အခြေခံအားဖြင့်တော့ မိုက်ကယ်က သူတို့သမီးကို ကုသပေးခဲ့တဲ့အတွက် ကျေးဇူးတင်လွန်းလို့ ရိဒ်ရဲ့ စည်းစိမ်ဥစ္စာအားလုံးနဲ့ ပိုင်ဆိုင်မှုတွေကိုပါ အပ်နှင်းခြင်း ခံနေရတာ ဖြစ်တယ်။
အဲဒါက သဲဒင်္ဂါးတွေ အမြောက်အမြားပဲလေ။ ဝိညာဉ်ဆီ အသုံးအနှုန်းနဲ့ ပြောရရင် သူက တကယ့်ကို သူဌေးကြီး ဖြစ်သွားမှာပေါ့။
ဒါပေမဲ့ သူက ရိဒ်လိုမျိုး အားကိုးရာမဲ့ဖြစ်နေတဲ့ မိဘတွေအပေါ်မှာ အခွင့်ကောင်းယူဖို့ စိတ်ထဲမှာ မဖြောင့်ဘူး ဖြစ်နေတယ်။
"ကျွန်တော့်ကို ပြန်ဆပ်မယ့်အစား ကျွန်တော် အကူအညီအသေးစားလေးတစ်ခု တောင်းချင်တာ ရှိတယ်" လို့ သူက ရိဒ်ကို ပြောလိုက်တယ်။ "ဒီရိုလာကိုစတာအကြောင်းကို လူများများသိအောင် လုပ်ပေးစေချင်တယ်။ ဒီနေရာက ရေလူသားတွေအနေနဲ့ ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ သူတို့ရဲ့ တာအိုနှလုံးသားကို လှုံ့ဆော်ပေးနိုင်မယ့် နေရာဆိုတာကို ပိုပြီးတော့ သိစေချင်တာပါ"
ရိဒ်က ချမ်းသာတဲ့ ရေလူသားတစ်ယောက်တင် မဟုတ်ဘူးလေ။ သူက ရေလူသား လူ့အဖွဲ့အစည်းကြားမှာ သြဇာညောင်းပြီး လူသိများတဲ့သူလည်း ဖြစ်တယ်။ သူ့ဆီက စကားတစ်ခွန်းကတင် သူတို့ရဲ့ အာရုံစိုက်မှုကို ရဖို့ လုံလောက်နေပြီပေါ့။
တကယ်လို့ ဒီရိုလာကိုစတာက သူ့ရဲ့ ထောက်ခံချက်ကို ရသွားမယ်ဆိုရင် ရေလူသားအများစုက ဒီရိုလာကိုစတာရဲ့ စွမ်းဆောင်ရည်တွေကို ချက်ချင်းပဲ ယုံကြည်သွားကြလိမ့်မယ်။
ဒါက သူ့ရဲ့ တကယ့် ရည်မှန်းချက်ပဲလေ။
သူက ရိဒ်ရဲ့ သဲဒင်္ဂါးတွေကိုပဲ ရချင်တာ မဟုတ်ဘူး၊ ရေလူသားတိုင်းရဲ့ ငွေတွေကို သူ့ဆီ စီးဆင်းလာအောင် လုပ်ချင်တာ ဖြစ်တယ်။
သူက အခုအချိန်မှာ သဲဒင်္ဂါးတွေ အမြောက်အမြားကို ငြင်းပယ်လိုက်တာ ဖြစ်နိုင်ပေမဲ့ ရေလူသား ထောင်ပေါင်းများစွာက သူ့ရဲ့ ပန်းခြံဆီ နေ့တိုင်း လာရောက်လည်ပတ်ကြမယ်ဆိုရင် ရလာမယ့် ဝင်ငွေနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှမဟုတ်တော့ဘူးပေါ့။
သူ့ရဲ့ ကမ္ဘာဟောင်းမှာတုန်းက နာမည်ကြီး စကားပုံတစ်ခု ရှိခဲ့ဖူးတယ်။
လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်ရင် သူ တစ်ရက်ပဲ အသက်ရှင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို ငါးဖမ်းနည်း သင်ပေးလိုက်ရင်တော့ သူ တစ်သက်လုံး အသက်ရှင်သွားနိုင်လိမ့်မယ် တဲ့။
မိုက်ကယ်က ငါးဖမ်းနည်း ကိုပဲ လေ့လာချင်တာ ဖြစ်တယ်။ သူက ရီနေးတားနိုင်ငံတော်ဆီကို ရေလူသားတွေ တတ်နိုင်သမျှ အများဆုံး ရောက်လာအောင် ဆွဲဆောင်ချင်တာပေါ့။ ဒါမှသာ သဲဒင်္ဂါးတွေ သူ့ဆီကို အမြဲမပြတ် စီးဆင်းလာမယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လိမ့်မယ်လေ။
ပြီးတော့ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ရိဒ်က မိုက်ကယ်ရဲ့ ရည်ရွယ်ချက်ကို သိပ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပုံရတယ်။
"မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိနေတာပဲ" လို့ ရိဒ်က ချီးကျူးလိုက်တယ်။ "မင်းပြောတဲ့အတိုင်း ငါ လုပ်ပေးပါ့မယ်၊ ဒီနေရာဆီကို ရေလူသားတွေ တတ်နိုင်သမျှ အများကြီး ရောက်လာအောင် ဖိတ်ခေါ်ပေးပါ့မယ်"
"ဒါပေမဲ့ ဒါက မင်းအတွက် အကူအညီတောင်းတာ မဟုတ်ပါဘူး။ ငါနဲ့ ငါ့ရဲ့ ရေလူသားအပေါင်းအဖော်တွေအတွက် ပိုပြီး အကူအညီဖြစ်စေတာပါ။ အားနည်းတဲ့ တတာအိုနှလုံးသား ကျိန်စာဒဏ်ကို ခံနေရပြီး ဒီရိုလာကိုစတာနဲ့ ကယ်တင်နိုင်မယ့် တခြားလူတွေ အများကြီး ရှိနေဦးမှာလေ။ သူတို့ကို ဒီနေရာဆီ ခေါ်ဆောင်လာပြီး ငါ ရခဲ့သလိုမျိုး မျှော်လင့်ချက်တွေ ရရှိစေဖို့က ငါ့ရဲ့ တာဝန်ပဲ ဖြစ်တယ်"
"ဒါကြောင့် အဲဒါအပြင် ငါနဲ့ ငါ့မိသားစု နစ်စီရဲ့ ပြန်လည်ကျန်းမာရေးအတွက် မင်းရဲ့ နိုင်ငံတော်မှာ နေထိုင်ခွင့်ရဖို့ လျော်ကြေးအနေနဲ့ အခု သဲဒင်္ဂါး တစ်သိန်း ပေးပါ့မယ်၊ ပြီးတော့ လတိုင်း လတိုင်းမှာလည်း နောက်ထပ် တစ်သောင်း ထပ်ပေးပါ့မယ်"
* * * * * * * *
စာစဉ်(၅၆)