အခန်း ၆၆၆
Vol. 56 Ch. 666
အခန်း(၆၆၆)
အိုင်းဇ် ဗန်ဒါဘစ်ရဲ့ စွမ်းဆောင်ချက်တွေကတော့ ဒဏ္ဍာရီဆန်လွန်းတယ်၊ တကယ်ကို ဒဏ္ဍာရီဆန်လွန်းတာကြောင့် သူ့မှာ သားသမီးတွေ အများကြီးရှိတာတောင် ဘယ်သားမြေးကမှ သူ့ရဲ့ အရှိန်အဝါကို မမီနိုင်ကြတာကို လူအတော်များများက စိတ်ပျက်နေကြတာပေါ့။ သေချာတာပေါ့... သူတို့မိသားစုထဲမှာ ထူးခြားထင်ရှားတဲ့သူတချို့ ရှိခဲ့ပေမဲ့ ဘယ်သူကမှ သူတို့ရဲ့ အိမ်ထောင်ဦးစီးကြီးလိုမျိုး ပြတ်သားပြီး ရက်စက်တဲ့ ဗီဇမျိုး မရှိကြဘူးလေ။
ဒါပေမဲ့ အခုတော့ ဂျူနီပါက ကျန်တဲ့ တော်ဝင်တိုက်ကြီးနဲ့ ကမ္ဘာကြီးက မမြင်ရသေးတဲ့ မိုက်ကယ်ရဲ့ အရည်အချင်းတွေကို မြင်တွေ့နေရပြီလေ။
သူ့မှာ အရာအားလုံး ရှိနေခဲ့တာပဲ။
သူ့မှာ သူ့ရဲ့ ကျင့်စဉ်နယ်ပယ်ထက် အဆပေါင်းများစွာ ကျော်လွန်တဲ့ တန်ခိုးစွမ်းရည်တွေ ရှိနေတယ်။ အကယ်၍ သူက စတုတ္ထအဆင့်မှာတင် ဒီလောက်တောင် သန်မာနေပြီဆိုရင် အခြားနယ်ပယ်တွေကို ရောက်သွားတဲ့အခါ ဘယ်လောက်တောင် စွမ်းအားကြီးလာမလဲဆိုတာ သူမအနေနဲ့ မှန်းဆရုံပဲ ရှိတော့တာပေါ့။
သူ့မှာ ဦးနှောက်လည်း ရှိတော့ ရီနေးတားနိုင်ငံတော်က ပေးစွမ်းနိုင်တဲ့ ဆန်းသစ်တီထွင်မှုအားလုံးကို တည်ဆောက်နိုင်ခဲ့တာလေ။
ဒါတင်မကသေးဘူး... သူ့အဘိုးတောင်မှ မအောင်မြင်ခဲ့တဲ့ အရာတစ်ခုကို သူက ပိုင်ဆိုင်ထားပုံရတယ်။ အဲဒါကတော့ အားကိုးရတဲ့ မဟာမိတ် အမြောက်အမြားပဲပေါ့။ သူက အင်ပါယာတစ်ခုကို စပြီး တည်ထောင်နေပြီလေ၊ လျှို့ဝှက်လွန်းတဲ့ နတ်သူငယ်တွေကိုတောင် သူတို့ရဲ့ ပုန်းအောင်းရာနေရာကနေ ထွက်လာအောင် ဆွဲဆောင်နိုင်တဲ့ အထိပဲ။
ပြီးတော့ အခုလည်း ရေလူသားတွေရဲ့ နှလုံးသားကို နှိပ်စက်နေတဲ့ ကျိန်စာကို ဖြေရှင်းပေးမယ့် ရိုလာကိုစတာနဲ့ သူတို့ကို ဆွဲဆောင်ပြီး ဆက်ဆံရေးတစ်ခု တည်ဆောက်နေတာကို သူမ မြင်တွေ့နေရပြန်ပြီလေ။
ဒါက အိုင်းဇ်တောင်မှ မလုပ်နိုင်ခဲ့တဲ့ အရာပဲ။
"ခွဲစိတ်ကုသမှုအတွက် ထုံဆေးရည်ကို ဘယ်သူကမှ မဟုတ်ဘဲ ဗန်ဒါဘစ်ထဲက တစ်ယောက်ယောက်က ဖန်တီးဖို့ နည်းလမ်းရှာတွေ့သွားတယ်ဆိုတာ ဆင်ကလဲယားသာ သိသွားရင် ဘယ်လိုတုံ့ပြန်မလဲ မသိဘူး"
အိုင်းဇ်က ပတ်တီးတောင် ဘယ်လိုစည်းရမှန်း မသိဘူးဆိုပြီး ဆင်ကလဲယားက သူမကို စိတ်ပျက်လက်ပျက်နဲ့ လာလာပြောဖူးတဲ့ အချိန်တွေကို သတိရပြီး သူမက ရယ်မောလိုက်တော့တယ်။
* * * * * * * *
တစ်ဖက်မှာလည်း တခြားလူတွေက ရီနေးတားနိုင်ငံတော်မှာ အေးအေးလူလူ အနားယူနေကြတုန်း မိုက်ကယ်က သူ့ရဲ့ အရိပ်ပေါ်မှာ တစ်ခုခုက ဆွဲလှုပ်လိုက်သလို ရုတ်တရက် ခံစားလိုက်ရတယ်။
သေချာ အနီးကပ် ကြည့်လိုက်တဲ့ အခါကျမှ မက်ထရိုပိုလစ်မှာရှိတဲ့ တော်ဝင်အိမ်တော်ကနေ တစ်ယောက်ယောက်က သူ့ကို ဆက်သွယ်နေတာမှန်း သူ သတိပြုမိသွားတယ်။
သူက ဘယ်သူလဲဆိုတာ သိနေပြီးသားလေ။
သူက အရိပ်ထဲကို ဝင်ရောက်လိုက်ပြီး မြို့စားကတော်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်တော့တယ်။
"ဟုတ်ကဲ့... မြို့စားကတော်၊ ဘာကိစ္စရှိလို့လဲ"
"ဘာကိစ္စရှိလို့လဲ ဟုတ်လား" လို့ မြို့စားကတော်က သူ့ကို မျက်လုံးချင်းတောင် မဆုံဘဲ သူမရဲ့ လက်ဖက်ရည်ကို အေးအေးလူလူ သောက်ရင်း မေးလိုက်တယ်။
ကြည့်ရတာ သူမက စိတ်ကောက်နေတဲ့ ပုံပဲ။
"အာ... တစ်ခုခု အဆင်မပြေတာ ရှိလို့လား" လို့ သူက ထပ်မေးလိုက်တယ်။
"ဟွန့်... 'တစ်ခုခု အဆင်မပြေတာ ရှိလို့လား' တဲ့။ မင်းက ငါ့ကို မေးနေသေးတယ်၊ တကယ်ကို အရှက်မရှိတာပဲ။ ဟုတ်တယ်... အဆင်မပြေတာ ရှိတယ်။ မင်းရဲ့ နိုင်ငံတော်ကို အလည်ပြန်တဲ့ ခရီးစဉ်မှာ ငါ့ကို ဖိတ်ဖို့ မေ့သွားတယ်ဆိုတာကို ငါ တကယ်ပဲ မယုံနိုင်ဘူး"
သူမက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ဘုန်းခနဲ ဆောင့်ချလိုက်လို့ လက်ဖက်ရည်အများစုက အပြင်ကို ဖိတ်စင်ကုန်တော့တယ်။ သူ သူမကို ဒီလောက်အထိ ဒေါသတကြီး ဖြစ်နေတာ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။
"အို... အဲဒါကို အရှင်မက ဘယ်လိုသိတာလဲ"
"ငါက မသိဘဲ နေမလား။ ရိဒ်နဲ့ ရေလူသားတွေက ငါ အမြဲတမ်း စောင့်ကြည့်နေရတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေလေ။ သူတို့ ပျောက်ကွယ်သွားတာက ငါ့နားထဲကို သေချာပေါက် ရောက်လာတာပေါ့။ ဒါတင်မကသေးဘူး... အဲဒီဖြစ်ပွားတဲ့နေရာ အနီးတစ်ဝိုက်မှာ မှော်စွမ်းအင်တွေကို အသုံးပြုဖို့ ခက်ခဲနေကြတယ်လို့ လူအတော်များများက သတင်းပို့ကြတယ်။ မင်း မင်းရဲ့ အကြီးစား တယ်လီပို့မန္တန်ကို ထပ်သုံးလိုက်ပြန်ပြီ မဟုတ်လား"
မြို့စားကတော်က စုံထောက်တစ်ယောက်လို သဲလွန်စတွေကို တစ်ခုချင်းစီ ဆက်စပ်ပြသွားတာပဲ။ သူ တကယ်ကို အထင်ကြီးသွားရတယ်။
"အဲဒါ ကျွန်တော်မှန်း ဘယ်လိုသိတာလဲ"
မြို့စားကတော်က စားပွဲအောက်ကို လက်လှမ်းလိုက်ပြီး သူမရဲ့ ပေါင်ပေါ်မှာ သက်တောင့်သက်သာ ထိုင်နေပုံရတဲ့ ခရမ်းရောင် စလိုင်းမ်လေးကို ပွေ့ချီလိုက်တယ်။ "ဖတ်ချ်က ငါ့ကို ပြောပြတာလေ" လို့ သူမက ပြောလိုက်တယ်။
"သခင်... ရီဂျီနာက ရီနေးတားနိုင်ငံတော်ထဲကို ဝင်ချင်နေတာ ကြာပြီလေ။ ကျွန်တော်တို့ သူမကို ပေးဝင်လို့ မရဘူးလား"
ရီဂျီနာ ဟုတ်လား။ သူတို့က အခု နာမည်တွေအထိ ရင်းရင်းနှီးနှီး ခေါ်နေကြပြီပေါ့။
ဖတ်ချ်က မြို့စားကတော်နဲ့ သူငယ်ချင်း ဖြစ်နေတာကို သူ သဘောတူရမလား မသိတော့ဘူး။ ဒီစလိုင်းမ်လေးက မက်ထရိုပိုလစ်တစ်ခုလုံးမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်ရဲ့ အကာအကွယ်ကို မရခင်ကတည်းက သူ့ဘာသာသူ တော်တော်လေး ဆိုးသွမ်းနေတာလေ။ ဖတ်ချ်က မြို့စားကတော်ရဲ့ နားထဲမှာ လမ်းမှားစေမယ့် အကြံဉာဏ်တွေ ပေးနေမယ့်အရေးကို တွေးမိရုံနဲ့တင် သူ ကျောချမ်းမိတော့တယ်။
"ကောင်းပြီလေ... မြို့စားကတော်၊ ကျွန်တော် မင်းကို ရီနေးတားနိုင်ငံတော်ဆီ ဖိတ်ခေါ်ပါတယ်"
မြို့စားကတော်က ပြုံးရွှင်သွားတယ်။ "သူ သဘောတူပြီဟေ့ ငါ့လူတို့ရေ"
ချက်ချင်းပဲ မင်းသားဟယ်ရီနဲ့ မင်းသမီးအဲလိဇဘက်တို့က သူတို့ရဲ့ အိမ်ထောင်ဖက်တွေ၊ ကလေးတွေနဲ့အတူ အခန်းထဲကို ဝင်လာကြတော့တယ်။
သူတို့အားလုံးက ကမ်းခြေကို သွားဖို့ ပြင်ဆင်ထားကြသလိုမျိုး နွေရာသီဝတ်စုံတွေကို ဝတ်ဆင်ထားကြတာပေါ့။
"မစောင့်နိုင်တော့ဘူး။ မြက်ခင်းပြင်ချိုင့်ဝှမ်းရဲ့ နေရောင်က အသားအရေ ညိုစေဖို့အတွက် ကောင်းတယ်လို့ ငါ ကြားတယ်" လို့ အဲလိဇဘက်က ပြောလိုက်တယ်။
"အင်း... အဲဒါ အကြံကောင်းပဲ ညီမလေး။ ကလေးတွေ ရေထဲမှာ ဆော့ကစားနေတဲ့အချိန်မှာ ငါတို့က အသားအရေ သွားညိုကြတာပေါ့" လို့ ဟယ်ရီက ပြန်ဖြေတယ်။
အဲဒီအချိန်မှာတင် ကလေးအသေးလေးတွေက "ရေကူးမယ် ရေကူးမယ် ရေကူးမယ်" လို့ အော်ဟစ်နေကြတော့တယ်။
မိုက်ကယ်က သူ့ခေါင်းကို သူ ရိုက်လိုက်မိတယ်။ သူတို့တွေ ကန္တာရကို ကမ်းခြေလို့ မှားနေကြပြီ ထင်ပါရဲ့။
သူတို့တွေ စိတ်လှုပ်ရှားလွန်းနေကြလို့ သူ သူတို့ကို ဝင်ပြီးတော့တောင် မပြင်ပေးနိုင်တော့ဘူးလေ။
"၀၀၁... ၀၀၂... ငါတို့ မရှိတဲ့အချိန်မှာ မင်းတို့တွေ တာဝန်ယူထားလိုက်ဦးနော်၊ ဟုတ်ပြီလား။ ငါတို့ တစ်ပတ် ဒါမှမဟုတ် အလွန်ဆုံး နှစ်ပတ်လောက်ပဲ ကြာမှာ" လို့ မြို့စားကတော်က အော်ပြောလိုက်တယ်။
ထို့နောက် သူမက မိုက်ကယ်ဆီ လှည့်လာပြီး သူ့ရဲ့ အရိပ်မန္တန်ကို အသုံးပြုဖို့ စောင့်ဆိုင်းနေတော့တယ်။
* * * * * * * *
အခြားရွေးချယ်စရာ မရှိတော့တာမို့ မိုက်ကယ်က တော်ဝင်မိသားစုတစ်ခုလုံးကို ရီနေးတားနိုင်ငံတော်ဆီ တယ်လီပို့လုပ်ပြီး ခေါ်ဆောင်လာခဲ့တော့တယ်။
"ဝါး... မော်တော်ကားတွေ အများကြီးပဲ"
"အဆောက်အအုံတွေကလည်း သိပ်မြင့်တာပဲ။ ပြီးတော့ အထဲမှာ ကြယ်တွေလည်း ရှိနေတယ်"
"ဒီက အရာအားလုံးက သိပ်လန်းတာပဲ"
ကလေးတွေက ဆန်းသစ်တဲ့ ရှုခင်းတွေကို အံ့သြတကြီး ငေးမောကြည့်ရှုနေကြတဲ့ အချိန်မှာတော့ မြို့စားကတော်၊ ဟယ်ရီနဲ့ အဲလိဇဘက်တို့ကတော့ မှင်တက်ပြီး တိတ်ဆိတ်သွားကြတော့တယ်။ သူတို့တွေ မက်ထရိုပိုလစ်နဲ့ ရီနေးတားနိုင်ငံတော်ကြားမှာ ဒီလောက်အထိ ကြီးမားတဲ့ ကွာခြားချက်ကို မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူးလေ။ ဒါက နေ့နဲ့ညလို ကွာခြားလွန်းတာပေါ့။
မက်ထရိုပိုလစ်က မြို့တော်ဖြစ်တာကြောင့် တော်ဝင်တိုက်ကြီးတစ်ခုလုံးမှာ အကြီးမားဆုံးနဲ့ အတိုးတက်ဆုံး နယ်မြေတွေထဲက တစ်ခု ဖြစ်နေခဲ့တာလေ။ ဒါပေမဲ့ ဒီနေရာနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်သလို ဖြစ်သွားရပြီ။
"မယုံနိုင်စရာပဲ။ အဆောက်အအုံတွေ၊ အရည်အသွေးတွေ၊ စနစ်ကျမှုတွေ... ဒီက အရာအားလုံးက ထိပ်တန်းအဆင့်တွေချည်းပဲ" လို့ မြို့စားကတော်က ချီးကျူးလိုက်တယ်။
သူမက နယ်မြေတစ်ခုမှာ စနစ်ကျတဲ့ အုပ်ချုပ်ရေးတစ်ခု ဖန်တီးဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သိနေတာလေ။ ဒါပေမဲ့ မိုက်ကယ်ကတော့ ဗိသုကာလက်ရာတွေ၊ ဒီဇိုင်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကနေတစ်ဆင့် ရီနေးတားသား အားလုံးအတွက် စည်းလုံးညီညွတ်တဲ့ အမှတ်အသားတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပြီပေါ့။
မော်တော်ကားတွေက စနစ်တကျ တန်းစီပြီး မောင်းနှင်နေကြတယ်။ လမ်းလျှောက်သူတွေကလည်း မီးပွိုင့်တွေ စိမ်းတဲ့အခါမှသာ လမ်းဖြတ်ကူးကြတယ်။ ပြီးတော့ အံ့သြစရာအကောင်းဆုံးကတော့ လမ်းမတွေပေါ်မှာ ဘာအမှိုက်သရိုက်မှ ရှိမနေတာပဲ။ အားလုံးကို ပြန်လည်အသုံးပြုဖို့အတွက် အမျိုးအစား သုံးမျိုး ခွဲခြားထားတဲ့ အမှိုက်ပုံးတွေထဲမှာ သေသပ်စွာ ထည့်ထားကြတာလေ။
"ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ ကမ္ဘာပဲ" လို့ မင်းသားဟယ်ရီက ပြောလိုက်တယ်။
"ငါ ဒီနေရာရဲ့ နေရာတိုင်းကို လျှောက်ကြည့်ချင်တယ်" လို့ မင်းသမီးအဲလိဇဘက်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
ဒါပေမဲ့ သူတို့တွေ နိုင်ငံတော်ကို လှည့်လည်ကြည့်ရှုဖို့ စတင်တော့မယ့် အချိန်မှာတင် ကလေးတွေရဲ့ အာရုံစိုက်မှုက ဝေးလံတဲ့နေရာကနေ ထွက်ပေါ်လာတဲ့ အော်ဟစ်သံတစ်ခုဆီကို ရုတ်တရက် ရောက်ရှိသွားခဲ့ရတယ်။
သူတို့က မိုးကုတ်စက်ဝိုင်းပေါ်က ဧရာမ ကသူလူး ရုပ်တုကြီးဆီကို လှည့်ကြည့်လိုက်ကြတယ်။
"အဲဒါ ဘာကြီးလဲ။ သိပ်လန်းတာပဲ"
"ကြည့်စမ်း... အဲဒီအပေါ်မှာ လူတွေ ရှိနေတယ်"
"ငါ အဲဒီကို သွားချင်တယ်"
နောက်ဆုံးတော့ မြို့စားကတော်လည်း အဲဒီ ပင်လယ်ရေနက်ပိုင်းက မိစ္ဆာကြီးကို သတိပြုမိသွားတော့တယ်။ သူမက တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောရင် ရတာပေါ့။
"ကသူလူး ဟုတ်လား"
"ဒါက ကျွန်တော့်ရဲ့ အသစ်စက်စက် ဆွဲဆောင်မှုရှိတဲ့ ကစားကွင်းတစ်ခုပါ" လို့ မိုက်ကယ်က ရှင်းပြလိုက်တယ်။ "ဒါက 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' လို့ အမည်ရတဲ့ ရိုလာကိုစတာ ကစားနည်းတစ်ခုလေ။ အရှင်မတို့ သွားကြည့်သင့်တယ်"
နောက်ထပ် တယ်လီပို့မန္တန်တစ်ခုနဲ့အတူ သူတို့အားလုံးက စတင်လည်ပတ်နေပြီဖြစ်တဲ့ ကသူလူးရဲ့ ခြေရင်းဆီကို ရောက်ရှိသွားကြတော့တယ်။
"ရေလူသားတွေ" လို့ မင်းသားဟယ်ရီက သတိပြုမိသွားတယ်။ "အဲဒါ ရေလူသားတွေပဲ"
သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သူတို့ကို အကျဉ်းချုပ် ရှင်းပြလိုက်တယ်။
"...အဲဒါကြောင့်ပဲ ရေလူသားတွေက အခုဆိုရင် ဒီရိုလာကိုစတာကို အနည်းဆုံး တစ်နေ့တစ်ကြိမ် လာစီးကြတာပေါ့" လို့ သူက ပြောလိုက်တယ်။
မြို့စားကတော်က ခေါင်းခါလိုက်တယ်။ မိုက်ကယ်က လျှော့တွက်လို့မရတဲ့ ထူးခြားတဲ့ အသေးစိတ်အချက်တစ်ခုကို အသာလေး ကျော်ဖြတ်ပြောသွားတာလေ။ "နေဦး... နေဦး... နေဦး... အဲဒါက ပိုပြီး ရှင်းပြဖို့ လိုအပ်တယ်။ မင်းက တာအိုနှလုံးသားရဲ့ ကျိန်စာကို ဖြေရှင်းပေးနိုင်ခဲ့တာ ဟုတ်လား"
မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "အဲလိုပဲ ပြောရမှာပေါ့"
လူကြီးတွေက မိုက်ကယ်ရဲ့ အကြောင်းအရာတွေကြောင့် အံ့သြမှင်တက်နေကြတဲ့ အချိန်မှာတော့ ကြောက်ရွံ့မှုမရှိတဲ့ တော်ဝင်ကလေးငယ်လေးတွေကတော့ ကစားပွဲစီးဖို့အတွက် တန်းစီတဲ့နေရာဆီ ချက်ချင်းပဲ ခုန်ဝင်သွားကြတော့တယ်။ ရေလူသားတွေကတောင် သူတို့ကို ကြည်ကြည်ဖြူဖြူနဲ့ ဦးစားပေးပြီး အရှေ့ကနေ ပေးစီးကြတာပေါ့။
"လန်းလိုက်တာ။ ငါတို့ အဲဒီမိစ္ဆာကြီးရဲ့ ပါးစပ်ထဲကို ဝင်သွားရမှာလား"
"ငါ သိပ်ကို ရင်ခုန်နေပြီ"
အဲဒီအချိန်မှာတင် ရေလူသား မိန်းကလေးငယ်လေးတစ်ယောက်က တော်ဝင်ကလေးတွေရဲ့ ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။
သူတို့က သူမဆီ လှည့်ကြည့်လိုက်ကြတယ်။
"ဟေး... မင်းလည်း ငါတို့လိုပဲ ရင်ခုန်နေတာလား"
နစ်စီက လူသားကလေးတွေကို ကြည့်ပြီး သူမရဲ့ နှုတ်ခမ်းဖျားလေးမှာ သေးငယ်တဲ့ အပြုံးလေးတစ်ခု ဖော်ပြလိုက်တယ်။
"ရင်ခုန်တာပေါ့..." လို့ သူမက ပြန်ဖြေလိုက်တယ်။
* * * * * * * *
စာစဉ်(၅၆)