အခန်း ၆၆၇
Vol. 56 Ch. 667
အခန်း(၆၆၇)
ကလေးတွေ ပျော်ပါးနေကြတဲ့အချိန်မှာပဲ မြို့စားကတော်က ရိဒ်အပြင် အခြား ရေလူသားတွေနဲ့ မိုက်ကယ်ရဲ့ သဘောတူညီချက်အကြောင်းကို နောက်ဆုံးတော့ သိသွားခဲ့ရပြီလေ။
"ဒါဆို လက်မှတ်တစ်စောင်ကို သဲဒင်္ဂါးတစ်ပြားပေါ့။ တစ်နေ့ကို လက်မှတ် ဘယ်နှစ်စောင်လောက် ရောင်းရလဲ" လို့ သူမက သူ့ကို မေးလိုက်တယ်။
"ပုံမှန်ဆိုရင်တော့ လက်မှတ်ငါးဆယ်လောက်ပေါ့၊ ရက်ကောင်းရက်မြတ်ဆိုရင်တော့ တစ်ရာလောက်အထိ ရောင်းရတယ်" လို့ သူက ပြန်ဖြေလိုက်တယ်။
အပေါ်ယံကြည့်ရင်တော့ ဒါက သိပ်ပြီးတော့ စွဲမက်စရာကောင်းလှတယ်လို့ မထင်ရဘူးလေ။ သေချာတာပေါ့၊ တစ်နေ့ကို လက်မှတ်တစ်ရာဆိုရင် တစ်လတည်းနဲ့တင် သဲဒင်္ဂါး ၁၅၀၀ ကနေ ၃၀၀၀ နီးပါးအထိ သူ ဝင်ငွေရမှာ ဖြစ်ပေမဲ့လည်းပေါ့။
ဒါပေမဲ့ မြို့စားကတော်က ဒီကိန်းဂဏန်းတွေထက် ပိုပြီး မြော်မြင်နိုင်လောက်အောင် လိမ္မာပါးနပ်တဲ့သူ ဖြစ်နေတာလေ။
သူမက ကိန်းဂဏန်းတွေထက် အခြေအနေရဲ့ နောက်ကွယ်က အကြောင်းအရာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်တာပေါ့။ သူမ သိသလောက်ဆိုရင် မက်ထရိုပိုလစ်ကို လာရောက်လည်ပတ်ခဲ့တဲ့ ရေလူသား အရေအတွက်က ပေါင်းမှ ငါးဆယ်လောက်ပဲ ရှိတာလေ။
အဲဒါကလည်း ဆရီနာရဲ့အဖွဲ့နဲ့ ရိဒ်ရဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကနေ လာကြတာပေါ့။
အဲဒီ ရေလူသားငါးဆယ်လုံးက အခုအချိန်မှာ ရီနေးတားနိုင်ငံတော်ထဲမှာ ရှိနေကြတာလေ။ မိုက်ကယ် ရောင်းနေရတဲ့ လက်မှတ်ငါးဆယ်ဆိုတာ ဒီနိုင်ငံထဲမှာ နေထိုင်နေကြတဲ့ အဲဒီ ရေလူသားတွေဆီက ဖြစ်မယ်ဆိုတာ ခန့်မှန်းရတာ မခက်ခဲပါဘူး။
ဒါက ဒီ ရိုလာကိုစတာမှာ လူပြန်စီးနှုန်းက ရာခိုင်နှုန်းပြည့်နီးပါး ရှိနေတယ်ဆိုတဲ့ သဘောပဲလေ။ ဒီရိုလာကိုစတာရထားတွဲဆီ လာလည်ကြတဲ့ ရေလူသားတွေအားလုံးက နောက်တစ်ကြိမ် ထပ်စီးဖို့ ရွေးချယ်ကြတာကိုး။
ဒီလိုဆိုရင်တော့ ရိုလာကိုစတာအကြောင်းကို ရေလူသားတွေ ပိုပြီး သိလာလေလေ မိုက်ကယ်ရဲ့ သဲဒင်္ဂါး ဝင်ငွေကလည်း ဆက်တိုက်ဆိုသလို အကြီးအကျယ် တိုးပွားလာနေတော့မှာပဲ။
မြို့စားကတော်ကတော့ ဒါကို တကယ်ကို မယုံနိုင်အောင် ဖြစ်နေရပြီလေ။
"ပြီးတော့ ရိဒ်က မင်းကို အရင်ပေးထားတဲ့ တစ်သိန်းအပြင် တစ်လကို သဲဒင်္ဂါး တစ်သောင်း ထပ်ပေးဖို့ ကတိပြုထားသေးတယ်ဟုတ်" လို့ မြို့စားကတော်က မေးလိုက်တယ်။
"ဟုတ်တယ်" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။
ထို့နောက် သူမက သူ့ကို တကယ့်ကို တည်တည်တံ့တံ့နဲ့ ကြည့်လိုက်ပြီး "ဒီငွေတွေအကုန်လုံးကို ဘာလုပ်ရမလဲဆိုတာ မင်း သိတယ်မဟုတ်လား" လို့ မေးလိုက်ပြန်တယ်။
အခု သူ့ဆီမှာ ရှိနေတဲ့ သဲဒင်္ဂါးတစ်သိန်းနဲ့တင် ဝိညာဉ်ဆီ နောက်ထပ် ဆယ်စက်ကို ဘာပြဿနာမှမရှိဘဲ အလွယ်တကူ ဝယ်ယူနိုင်တာပေါ့။ ဆရီနာကလည်း သူ အလိုရှိတဲ့ အချိန်တိုင်းမှာ သူမဆီကနေ အဲဒီအစက်တွေကို ဝယ်ယူနိုင်တယ်လို့ ပြောထားပြီးသားလေ။
'ဒရုန်းအတွက် ရွေးချယ်စရာ အားလုံးကို အဆင့်မြှင့်တင်နိုင်တော့မှာပဲ'
"မင်း အဲဒါအတွက် ဝိညာဉ်ဆီ အစက်တွေ ဝယ်ဖို့ စဉ်းစားနေတာလား"
"ဟုတ်တယ်... စဉ်းစားနေတာ"
မြို့စားကတော်က ခေါင်းခါပြလိုက်တယ်။ "လေလံပွဲအပြီးမှာ မင်းရဲ့ မီသရယ် မှော်ဝင်ပစ္စည်းအတွက် ဝိညာဉ်ဆီ ဆယ်စက် ရှိနေပြီ မဟုတ်လား။ ဒါဆိုရင် မင်းအနေနဲ့ နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့အထိ ဝိညာဉ်ဆီ အစက်အသစ်တွေ လိုအပ်မှာ မမဟုတ်တော့ဘူးလေ"
သူမကတော့ မိုက်ကယ်အနေနဲ့ ပုံမှန်ထက်စာရင် တော်တော်လေး မြန်ဆန်တယ်လို့ ဆိုနိုင်တဲ့ နှစ်နှစ်ကနေ ငါးနှစ်လောက် ကြာမှသာ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အထက်တန်းအဆင့်တွေကို ရောက်လိမ့်မယ်လို့ တွေးနေတာ ဖြစ်လို့ပေါ့။ ပြီးတော့ သူက အဆင့်တက်တိုင်း သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းပေါ်မှာ ဝိညာဉ်ဆီ သုတ်လိမ်းရမယ်ဆိုရင်တောင် နောက်ပိုင်း အဆင့်တွေ ရောက်မှသာ ပိုပြီး လိုအပ်လာလိမ့်မယ်လို့ ယူဆထားတာလေ။
သူမရဲ့ အမြင်အရတော့ သူက ဝိညာဉ်ဆီကို ထပ်ပြီး ဝယ်ဖို့ တကယ်ကို မလိုတော့တာပေါ့။
သေချာတာပေါ့... သူမက သူက ဝိညာဉ်ဆီ တစ်စက်ချင်းစီနဲ့ အဆင့်မြှင့်တင်မှုတွေကို ဝယ်ယူနိုင်တယ်ဆိုတာကို မသိတာ ဖြစ်ပေမဲ့ မိုက်ကယ်ကလည်း ဒါကို သူမကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး။
"ငါ မင်းကို အကြံပြုချင်တာကတော့ အဲဒီ သဲဒင်္ဂါးတွေကို မင်းရဲ့ ကုမ္ပဏီအတွက် အခြား ကဏ္ဍတစ်ခုမှာ အသုံးပြုဖို့ပဲ။ မင်းရဲ့ အရာရှိတွေအတွက်ပေါ့။
မင်းအနေနဲ့ မကြာခင်မှာပဲ မက်ဂ်နက်တစ်တွေ ပိုပြီး လိုအပ်လာလိမ့်မယ်။ မင်း လေလံပွဲမှာ မြင်ခဲ့တဲ့အတိုင်းပဲ ကုမ္ပဏီတွေအတွက် သူတို့ရဲ့ လက်အောက်မှာ မက်ဂ်နက်တစ် အများအပြား ရှိနေဖို့က သိပ်ကို အရေးကြီးလွန်းလို့လေ။
ငါ အကြံပြုချင်တာကတော့ မင်း အဲဒီ သဲဒင်္ဂါးတွေကို သုံးပြီး ကုမ္ပဏီတွေဆီကနေ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဝယ်ယူဖို့ပဲ"
မိုက်ကယ်ကလည်း ဒရာဂွန်ဘွန်းတွေအတွက် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ရယူဖို့ စဉ်းစားနေခဲ့တာ ကြာပြီလေ။ ဒါပေမဲ့ သူက အဲဒါတွေကို သာမန်နည်းလမ်းတွေနဲ့ ဘယ်လို စနစ်တကျ ရယူရမလဲဆိုတာကိုတော့ မသိခဲ့ရဘူး။ ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့ အပိုင်းအစတွေကို တခြားလူတွေဆီကနေ ခိုးယူတာမျိုးပဲ လုပ်ခဲ့ဖူးတာကိုး။
ဒါပေမဲ့ အခုတော့ မြို့စားကတော်က နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို သဲဒင်္ဂါးတွေနဲ့ လဲလှယ်ပြီး ဝယ်ယူလို့ရတယ်လို့ သူ့ကို ပြောပြနေပြီလေ။
"အဲဒါက ဖြစ်နိုင်လို့လား"
"ပုံမှန်ဆိုရင်တော့ ကုမ္ပဏီတွေက သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို အသက်နဲ့လဲပြီး ဖက်ဖက်တွယ်တွယ် သိုလှောင်ထားတတ်ကြတာပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းအတွက် ထူးခြားတဲ့ အခွင့်အရေးတစ်ခု ရှိနေပြီလေ။
လောလောဆယ် ဝိညာဉ်ဆီ အစက်တွေရဲ့ လိုအပ်ချက်က အမြင့်ဆုံးကို ရောက်နေတာ။ အဲဒါတွေကို ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကလည်း သဲဒင်္ဂါးတွေကတစ်ဆင့်ပဲ ဆိုတော့ အဲဒီဒင်္ဂါးတွေကို အများဆုံး ပိုင်ဆိုင်ထားတဲ့သူက သူတို့ အလိုရှိတာ မှန်သမျှကို ဝယ်ယူနိုင်တဲ့ သဘောပဲပေါ့။
ကုမ္ပဏီတိုင်းက ဝိညာဉ်ဆီ အစက်တွေနဲ့ လဲလှယ်ဖို့အတွက် သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ရောင်းချဖို့ အခွင့်အရေးကို လက်လွတ်ခံကြမှာ မမဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကိုတော့ နောင်အနာဂတ်မှာလည်း အချိန်မရွေး ထပ်ရနိုင်တာပဲလေ။ ဒါပေမဲ့ ဆရီနာရဲ့ လျှော့စျေးနဲ့ ရောင်းချပေးမှုက ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်လား"
အခုအချိန်မှာ မိုက်ကယ်က တစ်မက်ထရိုပိုလစ်လုံးမှာ သဲဒင်္ဂါး အများဆုံး ပိုင်ဆိုင်ထားတဲ့သူ ဖြစ်နေတာလေ၊ ပမာဏက တစ်သိန်းတောင်ပေါ့။
တကယ်လို့ သူက ဒရာဂွန်ဘွန်းတွေကို မက်ဂ်နက်တစ်တွေအဖြစ် ပြောင်းလဲပေးဖို့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဝယ်ယူနိုင်မယ်ဆိုရင် ဒါက သဲဒင်္ဂါးတွေကို ဝိညာဉ်ဆီ အစက်တွေအတွက် သုံးပစ်လိုက်တာထက်စာရင် ပိုပြီးတော့ အသုံးဝင်မှာ သေချာပါတယ်။
"အဲဒါရဲ့ ဈေးနှုန်းလဲလှယ်မှုက ဘယ်လိုရှိလဲ" လို့ သူက စိတ်ဝင်တစားနဲ့ မေးလိုက်တယ်။
"တစ်ပုံစံတည်း လဲလှယ်တာပေါ့။ ဝိညာဉ်ဆီ တစ်စက်ကို နတ်ဘုရားပန်းပဲဖို အပိုင်းအစ တစ်ကီလိုနှုန်းလေ"
မိုက်ကယ်က မေးခွန်းတစ်ခု မမေးခင် ခဏလောက် တိတ်ဆိတ်သွားခဲ့တယ်။
"နတ်ဘုရားပန်းပဲဖို အပိုင်းအစ တစ်ကီလိုဆိုတာ ဘာကို ဆိုလိုတာလဲ"
မြို့စားကတော်က သူ နောက်နေတာလို့ ထင်ပြီး ခဏလောက် ရယ်မောလိုက်သေးတာပေါ့။ ဒါပေမဲ့ သူ့မျက်နှာပေါ်က တည်တံ့မှုကို တွေ့လိုက်ရတဲ့ အခါမှာတော့ သူမရဲ့ ပါးစပ်ကြီး အံ့ဩတကြီး ပွင့်ဟသွားခဲ့ရတော့တယ်။ "မင်းက တကယ်ပဲ မသိတာလား။ ဒီဗာ ကျင့်စဉ်ရဲ့ အခြေခံအကျဆုံး အရာကိုတောင် မသိဘဲနဲ့ မင်း ဒီအဆင့်အထိ ဘယ်လိုတောင် ရောက်လာခဲ့တာလဲ"
သူမကတော့ မိုက်ကယ်က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ စတုတ္ထအဆင့်ကို ရောက်နေပြီ ဖြစ်လို့ ဒါကို သိလောက်ပြီလို့ ထင်ထားတာကိုး။
"မင်းရဲ့ ခွဲစိတ်ဆရာဝန်က မင်းရဲ့ နှလုံးသားထဲကို နတ်ဘုရားပန်းပဲဖို အပိုင်းအစ ဘယ်နှစ်ကီလို ထည့်ပေးထားတယ်ဆိုတာ မပြောခဲ့ဘူးလား"
"အော်... ကျွန်တော်က အဲလို လုပ်ခဲ့တာ မဟုတ်ဘူးလေ" သူက ပခုံးတွန့်ရင်း ပြောလိုက်တယ်။ "ပင်ကိုယ် မက်ဂ်နက်တစ် ဖြစ်လို့ နှလုံးသားထဲကို နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ထည့်ဖို့ ခွဲစိတ်မှု ခံယူစရာ မလိုဘူးလေ။ အဲဒါတွေက သဘာဝအတိုင်း အလိုလို ရှိနေတာပေါ့"
ဒီတစ်ကြိမ်မှာတော့ မြို့စားကတော်ကပဲ တိတ်ဆိတ်သွားရမယ့် အလှည့် ဖြစ်သွားခဲ့ရပြီလေ။
'ဟူး... ငါလည်း အဲလိုပဲ ထင်ထားတာပါ၊ ဒါပေမဲ့ မင်းရဲ့ နှုတ်ကနေ အတည်ပြုချက်ကို ကြားလိုက်ရတော့လည်း တော်တော်လေး အံ့ဩတုန်လှုပ်သွားရတုန်းပဲ။
ဘာပဲဖြစ်ဖြစ် ငါ မင်းကို ဒီဗာ ကျင့်စဉ်အကြောင်း ရှင်းပြပေးမယ်။ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ ပထမအဆင့်ကို တက်လှမ်းဖို့အတွက် မင်းအနေနဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစ တစ်ကီလို လိုအပ်တာပေါ့။
ပြီးတော့ ဒုတိယအဆင့်အတွက်ဆိုရင် နတ်ဘုရားပန်းပဲဖို အပိုင်းအစ နှစ်ကီလို လိုအပ်ပြီးတော့
တတိယအဆင့်အတွက်ဆိုရင်တော့ သုံးကီလို လိုအပ်တာပေါ့။
ဒီလိုနည်းနဲ့ ကိုးဆင့်မြောက်အထိ အဆင့်ဆင့် တိုးသွားတာပဲလေ'
မိုက်ကယ်ကတော့ အဆင့်တစ်ခုစီ တက်လှမ်းဖို့အတွက် နတ်ဘုရားပန်းပဲဖိုရဲ့ လိုအပ်ချက်က ဒီလောက်အထိ မြင့်မားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။
ဒါက မက်ဂ်နက်တစ်တစ်ယောက်အနေနဲ့ ပထမအဆင့်ကနေ ကိုးဆင့်မြောက်အထိ ရောက်ဖို့ဆိုရင် သူတို့ရဲ့ နှလုံးသားထဲမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစ စုစုပေါင်း ၄၅ ကီလိုအထိ ရှိနေရမယ်ဆိုတဲ့ သဘောပဲပေါ့။
"ငါ့ရဲ့ တစ်လကို သဲဒင်္ဂါး တစ်သောင်းနဲ့ဆိုရင် တစ်ယောက်ယောက်ကို ကိုးဆင့်မြောက် မက်ဂ်နက်တစ် ဖြစ်လာအောင် ပြောင်းလဲပေးဖို့ ၃ ဒသမ ၇၅ နှစ်လောက် ကြာလိမ့်မယ်။ ဒါက တော်တော်လေး ကြာတာပဲ"
မြို့စားကတော်က မှင်တက်သွားခဲ့ရတယ်။ "ကြာတယ်ဟုတ်။ တကယ်လို့ အင်အားကြီးဂိုဏ်းတွေထဲက တစ်ယောက်ယောက်သာ ဒါကို ကြားသွားရင် မနာလိုစိတ်တွေနဲ့ ပပေါက်ကွဲသွားကြလိမ့်မယ်။
အနှစ် ၂၀ အတွင်းမှာ မင်းက ကိုးဆင့်မြောက် မက်ဂ်နက်တစ် ငါးယောက်တောင် ဖန်တီးနိုင်မှာလေ။ ဒါက စီးပွားရေးလုပ်ငန်းစုကြီးတွေကို ဖယ်လိုက်ရင် တော်ဝင်တိုက်ကြီးထဲက အကြီးမားဆုံး ကုမ္ပဏီတွေနဲ့တောင် ယှဉ်ပြိုင်နိုင်ဖို့ လုံလောက်နေပြီပေါ့။
ပြီးတော့ မင်းက အရေအတွက်ကို ပိုလိုချင်တယ်ဆိုရင်လည်း အဲဒါကို ခွဲဝေလိုက်ပြီး အလယ်အလတ်အဆင့် မက်ဂ်နက်တစ် အများအပြားကို ဖန်တီးလို့ရတာပဲလေ။
ငါတို့ အင်အားကြီးဂိုဏ်းတွေမှာတောင် လက်အောက်မှာ မက်ဂ်နက်တစ် ဆယ်ယောက် ဒါမှမဟုတ် အဲဒီထက်နည်းတာပဲ ရှိကြတာ။ အင်အားငယ်တဲ့ဂိုဏ်းတွေမှာဆိုရင် လေးယောက်ကနေ ခုနစ်ယောက်လောက်ပဲ ရှိတာပေါ့။
အဲဒါကိုတောင် ငါတို့က မျိုးဆက်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး သိုလှောင်စုဆောင်းခဲ့လို့သာ ဖန်တီးနိုင်ခဲ့တာလေ။
မင်းကတော့ နှစ်အနည်းငယ်အတွင်းမှာတင် ငါတို့ရဲ့ အဆင့်အတန်းမျိုးကို ရောက်ရှိလာနိုင်တော့မှာပေါ့"
သူမက သူ့ရဲ့ နောင်အနာဂတ် တိုးတက်မှုတွေကိုတောင် ထည့်မတွက်ရသေးတာပေါ့။ သူမ အရင်က ဆွေးနွေးခဲ့သလိုပဲ ရေလူသား ခရီးသွားဧည့်သည်တွေ ပိုပြီး ဆွဲဆောင်နိုင်လေလေ သူက သဲဒင်္ဂါးတွေ ပိုပြီး ရလာလေလေပဲ ဖြစ်မှာလေ။
ပြီးတော့ သူမရဲ့ ခန့်မှန်းချက်အရဆိုရင် မက်ထရိုပိုလစ်တစ်ခုတည်းကိုတင် လာရောက်လည်ပတ်မယ့် ရေလူသား အရေအတွက်က ထောင်နဲ့ချီ သို့မဟုတ် သောင်းနဲ့ချီပြီး ရှိလာနိုင်တာပေါ့။
တကယ်လို့ အဲဒီ ရေလူသားတွေအားလုံးသာ မိုက်ကယ်ရဲ့ ရိုလာကိုစတာဆီ လာလည်ကြမယ်ဆိုရင် သူက တစ်ရက်တည်းနဲ့တင် သဲဒင်္ဂါး သောင်းနဲ့ချီပြီး ဝင်ငွေရနေတော့မှာပဲလေ။
* * * * * * * *
စာစဉ်(၅၆)