အခန်း ၆၆၈
Vol. 56 Ch. 668
အခန်း(၆၆၈)
နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခုရဲ့ ဈေးနှုန်းကို သိရပြီးတဲ့နောက်မှာတော့ မိုက်ကယ်က မြို့စားကတော်ရဲ့ အကြံဉာဏ်အတိုင်း လိုက်နာပြီး သူ့ရဲ့ သဲဒင်္ဂါးတွေကို ပိုပြီး ထိထိရောက်ရောက် သုံးစွဲဖို့ ဆုံးဖြတ်လိုက်တော့တယ်။
သူ့အိတ်ထဲမှာ သဲဒင်္ဂါး တစ်သိန်းရှိနေတာဆိုတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစ ဆယ်ကီလိုဂရမ်ကို ဝယ်ယူနိုင်မှာဖြစ်ပြီး ဒါက လူတစ်ဆယ်ကို မက်ဂ်နက်တစ်အဖြစ် ပြောင်းလဲပေးဖို့ လုံလောက်တဲ့ ပမာဏပဲလေ။
"ကျွန်တော် ထင်တယ် မြို့စားကတော် ပြောတာ မှန်တယ်။ ကျွန်တော့်ရဲ့ ပိုက်ဆံနဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဝယ်ဖို့ ကြိုးစားကြည့်ရမယ်" လို့ သူက သူမကို ပြောလိုက်တယ်။
မြို့စားကတော်က မိုက်ကယ်တစ်ယောက် ကောင်းမွန်တဲ့ စီးပွားရေး ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့တာကို သိပြီး ကျေနပ်အားရစွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူက သူ့ရဲ့ မဟာမိတ်တွေရဲ့ အခြေခံအုတ်မြစ်ကို အားကောင်းအောင် လုပ်နိုင်မယ်ဆိုရင် သူ့ကုမ္ပဏီကို နောက်ထပ် အဆင့်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်မယ်ဆိုတာကို သူမ သိနေတာပေါ့။
"ကျွန်တော် ဒါကို မြို့စားကတော်ဆီကနေ ဝယ်လို့ရမလား" သူက သူမကို မေးလိုက်တယ်။
သူမက ခေါင်းညိတ်ပြတယ်။ "လောလောဆယ်တော့ ငါ မင်းကို နတ်ဘုရားပန်းပဲဖို အပိုင်းအစ ငါးကီလိုဂရမ်ဖိုးပဲ ပေးနိုင်ဦးမယ်။ ဒါက ငါ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာ ရှိတဲ့ တစ်ခုတည်းသော လက်ကျန်ပစ္စည်းပဲ။ အဲဒါက သဲဒင်္ဂါး ငါးသောင်း ကျသင့်လိမ့်မယ်" လို့ သူမက ပြောလိုက်တယ်။
"ကျွန်တော့်ကို မိတ်ဆွေအချင်းချင်း နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား" သူက တစ်ဝက်နောက် တစ်ဝက်မတ်တတ်နဲ့ မေးလိုက်တယ်။
"မရဘူး" လို့ သူမက အပြုံးတစ်ခုနဲ့ ပြန်ဖြေတယ်။
မြို့စားကတော်ရဲ့ ထုံးစံအတိုင်းပဲ စီးပွားရေးနဲ့ ပတ်သက်လာရင်တော့ သူမက ကစားနေတာ မဟုတ်ဘူးလေ။ သူမက မညှာမတာ လုပ်တတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်မလို့ ခေါ်ရမယ့်သူမျိုးပဲပေါ့။
"တကယ်ကြီးလား။ ကျွန်တော့်လို မိတ်ဆွေတစ်ယောက်အတွက်တောင်မှလား" သူက သူ့ရဲ့ ချစ်စနိုးမျက်ဝန်းလေးတွေနဲ့ အတတ်နိုင်ဆုံး ကြည့်ရင်း မေးလိုက်တယ်။
"ဟင့်အင်း။ စီးပွားရေးက စီးပွားရေးပဲ" လို့ သူမက ပြန်ဖြေတယ်။
ဒါပေမဲ့ သေချာတာပေါ့။ မိုက်ကယ်ကိုယ်တိုင်ကလည်း ညှိနှိုင်းတဲ့နေရာမှာ အဲလောက်ကြီး ညံ့ဖျင်းတဲ့သူ မဟုတ်ပါဘူး။
"တကယ်လို့ ကျွန်တော်က ရီနေးတားနိုင်ငံတော်ရဲ့ နယ်မြေအားလုံးကို တစ်ပတ်အပြည့် အခမဲ့ လည်ပတ်ခွင့် ခရီးစဉ်တစ်ခု ထည့်ပေးမယ်ဆိုရင်ကော"
သူမရဲ့ တင်းမာနေတဲ့ မျက်နှာက ခဏလောက် ပျော့ပြောင်းသွားခဲ့တယ်။ သူ့ရဲ့ တန်ပြန်တိုက်စစ်က တော်တော်လေး ထိရောက်မှု ရှိပုံရတယ်လေ။
"ငါ့ကို ငါးပတ်ပေး။ ပြီးတော့ နိုင်ငံတော်ရဲ့ အလယ်ဗဟိုမှာ အမြဲတမ်း နေထိုင်လို့ရမယ့် ဧည့်ဂေဟာတစ်ခု ဆောက်ပေးမယ်ဆိုရင် ငါ မင်းကို ဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးမယ်" လို့ သူမက ပြန်လည် ချေပလိုက်တယ်။
"ကျွန်တော် အိမ်ကိုတော့ ပေးမယ်။ ဒါပေမဲ့ ခရီးစဉ်ကိုတော့ နှစ်ပတ်ပဲ လုပ်ပေးပါ" သူက ပြန်ပြီး တုံ့ပြန်လိုက်တယ်။
"လေးပတ်"
သူက သူမ ဆုပ်ကိုင်ဖို့အတွက် သူ့လက်ကို ဆန့်ထုတ်ပေးလိုက်တယ်။ "သုံးပတ်ပဲ။ ပြီးတော့ မြို့စားကတော်က ကျွန်တော့်ကို နှစ်ဆယ့်ငါးရာခိုင်နှုန်း လျှော့ဈေး ပေးရမယ်။ ဒါ နောက်ဆုံး ကမ်းလှမ်းချက်ပဲ"
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မြို့စားကတော်က သူ့လက်ကို ဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်တယ်။ "သဘောတူတယ်" လို့ သူမက ကြေညာလိုက်တော့တယ်။
သူတို့ နှစ်ယောက်လုံး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခြေအနေတစ်ခုဆီ ရောက်ရှိသွားကြပြီလေ။ မိုက်ကယ်က နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအပေါ်မှာ သူ့ရဲ့ လျှော့ဈေးကို ရရှိမှာဖြစ်ပြီး သူမကတော့ မြို့စားကတော်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ မရှိဘဲ ရီနေးတားနိုင်ငံတော်မှာ အချိန်အတော်ကြာ လည်ပတ်ပြီး အနားယူနိုင်တော့မှာပေါ့။
သူက ရိဒ် ပေးထားတဲ့ အိတ်ကို ထုတ်လိုက်ပြီး နတ်ဘုရားပန်းပဲဖို အပိုင်းအစ ငါးကီလိုဂရမ်နဲ့ လဲလှယ်ဖို့အတွက် မြို့စားကတော်ဆီ သဲဒင်္ဂါး သုံးသောင်းခုနစ်ထောင်ငါးရာ ပေးလိုက်တယ်။
ပိုက်ဆံကို လက်ခံရရှိပြီးတဲ့နောက်မှာတော့ မြို့စားကတော်က စာရွက်တစ်ရွက်ကို ထုတ်ပြီး သူမရဲ့ အစေခံတွေ အသိအမှတ်ပြုနိုင်မယ့် တရားဝင် အသိအမှတ်ပြု စာသားတစ်ခုကို ရေးသားပေးလိုက်တယ်။
"ဒါကို ငါ့ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က လူတွေကိုသာ ပေးလိုက်။ အဲဒါဆို သူတို့က မင်းရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ပေးလိမ့်မယ်"
သူက သူမကို ကျေးဇူးတင်စကား ပြောကြားပြီး တော်ဝင်နန်းတော်ဆီကို ပြန်လည် တယ်လီပို့ မလုပ်ခင်မှာပေါ့။
သူ အဲဒီနေရာကို ရောက်တာနဲ့ အနက်ရောင်နဲ့ အဖြူရောင် ဆွိတ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က သူ့ကို လာရောက် ကြိုဆိုကြတယ်။ လေလံပွဲတုန်းက သူ့ကို အများကြီး ကူညီပေးခဲ့တဲ့ ၀၀၃နဲ့ ၀၀၄တို့ ဖြစ်မှန်း သူ မှတ်မိလိုက်တယ်။
သူက သူတို့ကို အဲဒီ စာရွက်လေး ပေးလိုက်တဲ့အခါ သူ့ဘက်က ဘာရှင်းလင်းချက်မှ ထပ်ပြောစရာ မလိုဘဲ အဲဒီ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က လူနှစ်ယောက်လုံးက ဒါဟာ အစစ်အမှန်ဖြစ်မှန်း ချက်ချင်း သိရှိသွားကြတယ်။
"ကျွန်တော်တို့ နောက်ကို အထဲသို့ လိုက်ခဲ့ပါ" လို့ သူတို့က ပြောလိုက်တယ်။
သူတို့က သူ့ကို နံရံတွေပေါ်မှာ မြို့စားကတော်ရဲ့ ပုံတူပန်းချီကားတွေ အပြည့်ချိတ်ဆွဲထားတဲ့ နန်းတော်ရဲ့ ကျယ်ဝန်းလှတဲ့ ရွှေရောင်လွှမ်းနေတဲ့ စင်္ကြံတွေအတိုင်း ခေါ်ဆောင်သွားပြီး မြေအောက်ခန်းထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားစေမယ့် လှေကားတွေဆီ ခေါ်သွားကြတယ်။
နောက်ဆုံးတော့ သူတို့တွေ ရဲတိုက်ရဲ့ ဘဏ္ဍာတိုက်တွေဆီ ရောက်ရှိသွားခဲ့ကြပြီ။ ဒါက သူတို့ရဲ့ ဘဏ္ဍာတိုက်ပဲလေ။ ဒါက မြို့စားကတော်က သူမရဲ့ တန်ဖိုးအရှိဆုံး ပစ္စည်းအားလုံးကို သိမ်းဆည်းထားတဲ့ နေရာပေါ့။
"ဒီနေရာက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို သိမ်းဆည်းထားတဲ့ နေရာပဲ" လို့ ၀၀၄က ပြောလိုက်တယ်။
သူ့ရှေ့မှာတော့ အပြင်ဘက်ကို ခုံးထွက်နေပြီး သော့ခလောက် ဒါမှမဟုတ် ဝင်ပေါက်ရဲ့ မြင်သာတဲ့ အရိပ်အယောင် လုံးဝမရှိတဲ့ ဧရာမ စက်ဝိုင်းပုံစံ တံခါးကြီးတစ်ချပ် ရှိနေတယ်။ ၎င်းက နံရံပေါ်က ရိုးရိုးစင်းစင်း ပြားချပ်နေတဲ့ အလှဆင်မှုတစ်ခုလိုပဲ မြင်တွေ့နေရတာပေါ့။
ဒါပေမဲ့လည်း သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်အောင် ဖုံးကွယ်ထားတဲ့ ရှုပ်ထွေးလှတဲ့ မှော်စွမ်းအင်သုံး ယန္တရားတွေကို သူ မြင်တွေ့လိုက်ရတယ်။
ဒါတင်မကသေးဘူး။ ဘဏ္ဍာတိုက်တွေနားကို ချဉ်းကပ်လာမယ့် ဘယ်သူ့ကိုမဆို စောင့်ကြည့်နေကြတဲ့၊ အရိပ်တွေထဲမှာ ပုန်းအောင်းနေတဲ့ လူတစ်ဆယ်လောက်လည်း ရှိနေသေးတယ်။
'ဒီလူတွေက ကျန်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ဖြစ်ရမယ်...'
ဒါပေမဲ့ သူတို့ကလွဲလို့ ဘဏ္ဍာတိုက်နားမှာ အခြား လူတစ်ယောက်ပဲ ရှိနေတယ်။
သူမက ဆံပင်အနက်ရောင်အရှည်ကြီးနဲ့၊ ထောင့်မှန်စတုဂံပုံစံ မျက်မှန်ပါးပါးလေးကို တပ်ဆင်ထားပြီး မျက်နှာပေါ်မှာ တည်ကြည်တဲ့ အရိပ်အယောင်တွေ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တယ်။
"မင်းက အန်ဂျလာ မောင့်ဂိုမာရီ မဟုတ်လား" သူက တော်ဝင်နန်းတော်ဆီ သူ ပထမဆုံး စတင်ရောက်ရှိခဲ့စဉ်တုန်းက သူမရဲ့ မျက်နှာကို မှတ်မိနေတာမလို့ မေးလိုက်တယ်။
အန်ဂျလာက တော်ဝင်မိသားစုရဲ့ သံတမန်တစ်ဦးဖြစ်ပြီး မြို့စားကတော်ရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်လည်း ဖြစ်တာမလို့ မြို့စားကတော် မရှိခိုက်မှာ သူမက နန်းတော်ရဲ့ ကိစ္စရပ်တွေကို ဒီနေရာမှာ လာရောက် စီမံပေးနေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။
"ဟုတ်ပါတယ်" လို့ သူမက ပြန်ဖြေတယ်။
သူမက သူမရဲ့ စကားတွေကို မဆက်ခင်မှာ ခဏလောက် အချိန်ယူလိုက်တယ်။
"ကျွန်မ မင်းနဲ့ ပတ်သက်ပြီး မှားသွားခဲ့တယ်ဆိုတာကို ဝန်ခံရမယ်။ မြို့စားကတော်က မင်းက ထူးခြားတဲ့သူတစ်ယောက်လို့ စောစောပိုင်းက ကျွန်မကို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မ သူမကို လုံးလုံးကြီး မယုံကြည်ခဲ့ဘူး။ မင်းက ကျွန်မ ကမ္ဘာပေါ်မှာ မြင်တွေ့ခဲ့ဖူးတဲ့ အခြား ပါရမီရှင်တွေလိုပဲ၊ ရေတွင်းထဲက ဖားတစ်ကောင်လို ဖြစ်နေလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက ကျွန်မ ထင်တာ မှားကြောင်း သက်သေပြလိုက်နိုင်ပြီပဲ" လို့ သူမက ပြောလိုက်တယ်။
သူမက အဲလောက်ထိ အားနည်းတဲ့ ကျင့်စဉ်အဆင့်ပဲ ရှိနေသေးတာတောင်မှ သန္ဓေဝိညာဉ်နယ်ပယ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ အဲလ်ရစ်ကို သူ အနိုင်ယူလိုက်တာကို မြင်တွေ့ခဲ့ရတာလေ။ ဒါက ခဏတာပဲ ဖြစ်ခဲ့ရင်တောင်မှ အခြား ဘယ်ပါရမီရှင်မှ မလုပ်ဆောင်နိုင်တဲ့ အရာမျိုး ဖြစ်နေတုန်းပဲပေါ့။
"အင်... ကျေးဇူးပါပဲ"
သူက ဒီချီးကျူးစကားကို သဘောကျပေမဲ့လည်း သူမက ဘာလို့ ဒါတွေအားလုံးကို လာပြောနေတာလဲဆိုတာကိုတော့ သူ မသိဘူးဖြစ်နေတယ်။ ပြီးတော့ သူက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို အတတ်နိုင်ဆုံး အမြန်ဆုံး ရယူချင်နေတာမလို့ တော်တော်လေးလည်း စိတ်မရှည် ဖြစ်နေခဲ့တယ်လေ။
"ကျွန်မ ဒီနေရာမှာပဲ မင်းကို ခွင့်ပြုချက် ပေးလိုက်မယ်" လို့ သူမက ပြောလိုက်တယ်။
"ခွင့်ပြုချက်လား။ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေအတွက်လား"
"မဟုတ်ဘူး။ ကျွန်မရဲ့ ညီမလေးနဲ့ တွဲခွင့်ပေးတဲ့ ခွင့်ပြုချက်"
သူ ခဏလောက် စကားမဲ့သွားခဲ့ရတယ်။ ညီမလေးလား။ တွဲရမယ် ဟုတ်လား။ သူမ ဘာအကြောင်းတွေ ပြောနေတာလဲဆိုတာကို သူ နားမလည်နိုင် ဖြစ်နေခဲ့တယ်။
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ငါတို့တွေ တစ်ခါတလေကျရင် ဘယ်လောက်တောင် အူတူတူနိုင်လိုက်သလဲ |လို့ ဟာဘင်ဂျာက မှတ်ချက်ပေးလိုက်တယ်။
[ဒီအခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ အန်ဂျလာ မောင့်ဂိုမာရီက ယူနာ့အကြောင်းကို ပြောနေတာ ဖြစ်ပုံရတယ်လို့ ကျွန်မ ယူဆပါတယ်] လို့ နိုဗာက ကောက်ချက်ချလိုက်တယ်။
"မင်းပြောတာ ယူနာ့ကို ဆိုလိုတာလား" သူက အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။
"ဟုတ်တယ်" လို့ အန်ဂျလာက ခေါင်းညိတ်ပြတယ်။ "ကျွန်မရဲ့ ညီမလေးက သံတမန်တစ်ယောက်အနေနဲ့ ပါရမီတွေ ရှိနေတာတောင်မှ ဘာလို့ မင်းရဲ့ ကုမ္ပဏီဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်ခဲ့တာလဲဆိုတာကို အစပိုင်းမှာတော့ ကျွန်မ နည်းနည်း စိတ်ရှုပ်မိခဲ့သေးတယ်။ ဒါပေမဲ့ အခုတော့ သူမ ဘာလို့ မင်းကို ရွေးချယ်ခဲ့တာလဲဆိုတာကို ကျွန်မ မြင်ရပြီလေ"
ဒီအမှန်တရား ပေါ်ထွက်လာမှုက သူ့ကို စကားမဲ့သွားစေခဲ့တယ်။ ဒီလို သတင်းမျိုးကို ဒီလောက် ရုတ်တရက်ကြီး ကြားရလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ဘူးလေ။ သူက ယူနာ့ဆီမှာ အစ်မတစ်ယောက် ရှိနေမှန်းတောင် မသိခဲ့တာပဲကို။
"မင်းက သူ့ရဲ့ အစ်မ ဟုတ်လား" သူက ထပ်ပြီး မေးလိုက်တယ်။
"ဟုတ်တယ်" လို့ အန်ဂျလာက သူမရဲ့ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်တယ်။ "မင်း ကျွန်မ ပြောတာကို မကြားလိုက်ဘူးလား"
"မဟုတ်ပါဘူး။ ကျွန်တော် အခုထိ အချက်အလက်တွေကို ချိတ်ဆက်လို့ မရသေးလို့ပါ"
အခုမှ ပြန်စဉ်းစားကြည့်လိုက်တော့ ယူနာနဲ့ အန်ဂျလာကြားမှာ အနည်းငယ် ဆင်တူတဲ့ အချက်လေးတွေ ရှိနေတာပဲ။ တကယ်လို့ အန်ဂျလာသာ သူမရဲ့ မျက်နှာအမူအရာကို နည်းနည်းလောက် ပြောင်းလဲလိုက်မယ်ဆိုရင်တော့ သူမက ယူနာ့ရဲ့ အမြွှာညီမအဖြစ် သေချာပေါက် အထင်မှားခံရနိုင်တာပေါ့။
"ပြီးတော့ သူမနဲ့ တွဲဖို့ ခွင့်ပြုချက် ဟုတ်လား။ ကျွန်တော်တို့က သူငယ်ချင်းတွေသက်သက်ပါပဲ" လို့ သူက အခိုင်အမာ ပြောလိုက်တယ်။
"တကယ်ကြီးလား။ ဒါဆိုရင် သူမက မင်းနဲ့ မင်းရဲ့ ကုမ္ပဏီကြောင့် မဟုတ်ရင် ဘာလို့ ကျွန်မတို့ရဲ့ မိသားစု နယ်မြေဆီကို ပြန်သွားရတာလဲ" လို့ အန်ဂျလာက သူ့ကို မေးလိုက်တယ်။
ဒါက သူ ဒီသတင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပဲ ဖြစ်တယ်။ သူမ တစ်နေရာရာကို သွားခဲ့မှန်း သူ သိပေမဲ့လည်း သူမတို့ရဲ့ မိသားစု နယ်မြေဆီကို ပြန်သွားလိမ့်မယ်လို့တော့ သူ မသိခဲ့ဘူးလေ။
"သူမက အဲဒီကို ဘာလို့ သွားရတာလဲ"
"ဒါက သူမရဲ့ သင်တန်းကို အပြီးသတ်ချင်လို့ပေါ့။ အဲဒါကြောင့်ပဲလေ။ သူမက သံတမန်တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ မင်းကြောင့်ပဲ သူမက ကျွန်မလိုမျိုး အကြံပေးအရာရှိတစ်ယောက် ဖြစ်လာဖို့အတွက် သူမရဲ့ အာရုံစိုက်မှုကို ပြောင်းလဲလိုက်တာပဲ"
မိုက်ကယ်က သံတမန်ဆိုတာ ဘာလဲဆိုတာကို သိနေတယ်။ သူတို့က ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းမှာ ကြားနေအဖြစ် သတ်မှတ်ခံထားရတဲ့ မောင့်ဂိုမာရီ အုပ်စုတစ်စု ဖြစ်ကြတယ်။ သူတို့မှာ ဘက်လိုက်မှုတွေ မရှိတာမလို့ လူတွေက သူတို့ရဲ့ အမှုအခင်းတွေကို ဆုံးဖြတ်ပေးဖို့အတွက် သူတို့ကို ယုံကြည်ကြတာပေါ့။
ဒါပေမဲ့ အကြံပေးအရာရှိဆိုတာ ဘာလဲဆိုတာကိုတော့ သူ မသိဘူး ဖြစ်နေတယ်။
သူမက သူ့ရဲ့ စိတ်ရှုပ်ထွေးမှုကို သတိပြုမိသွားပုံရပြီး အသေးစိတ် ရှင်းပြပေးလိုက်တယ်။
"မောင့်ဂိုမာရီတစ်ယောက်က ဘဝမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ သူတို့က သံတမန်တွေ ဒါမှမဟုတ် အကြံပေးအရာရှိတွေ ဖြစ်လာနိုင်တယ်။
အကြံပေးအရာရှိဆိုတာကတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ ရွေးချယ်ထားတဲ့ ကုမ္ပဏီတစ်ခုကို ကူညီပေးဖို့နဲ့ လမ်းညွှန်ပေးဖို့ ဖြစ်တဲ့သူမျိုးပဲ။ သူတို့က စိန်ခေါ်တိုက်ခိုက်ပွဲတွေ အပါအဝင် အရာတော်တော်များများမှာ ပံ့ပိုးကူညီမှုတွေနဲ့ အကြံဉာဏ်တွေကို ပေးစွမ်းကြတာပေါ့"
* * * * * * * *
စာစဉ်(၅၆)