← Chapters

အခန်း ၆၇၀

Vol. 56 Ch. 670

အခန်း ၆၇၀

Vol. 56 Ch. 670

အခန်း(၆၇၀)

ဇိုင်ယွန်ရဲ့ လက်က သေတ္တာနားကို ကပ်သွားတာနဲ့တင် အထဲမှာ လွင့်မျောနေတဲ့ သတ္တုစလေးက တစ်ခုခုနဲ့ တုံ့ပြန်မိသွားသလိုမျိုး လှုပ်ခတ်သွားခဲ့တော့တယ်။ သူ ပိုနီးကပ်လာလေလေ ၎င်းက ပိုပြီး ပြင်းပြင်းထန်ထန် တုန်ခါလာလေလေ ဖြစ်နေပြီး နောက်ဆုံးမှာတော့ သူ့နှလုံးသားဆီကို မကြုံစဖူး အရှိန်အဟုန်ပြင်းပြင်းနဲ့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့ပြီလေ။

နတ်ဘုရားပန်းပဲဖို အပိုင်းအစက သူ့ရင်ဘတ်ဆီကို ပြင်းထန်တဲ့ အားလှိုင်းနဲ့ ပြေးဝင်ဆောင့်မိလိုက်တာကြောင့် ဇိုင်ယွန်တစ်ယောက် အနောက်ကို လွင့်ထွက်သွားပြီး စားပွဲအချို့နဲ့ ဆောင့်မိကာ ကွန်ကရစ်နံရံပေါ်ကိုပါ ပစ်ကျသွားခဲ့ရတယ်။

နတ်ဘုရားပန်းပဲဖို အပိုင်းအစဟာ ဇိုင်ယွန်ရဲ့ အနီရောင်အကြေးခွံတွေထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းစနစ်ထဲအထိ ရောက်ရှိသွားခဲ့ပြီပေါ့။

အဲဒီသတ္တုစက သွေးကြောတွေထဲကနေတစ်ဆင့် ဖြတ်သန်းသွားပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကျော်ဖြတ်ကာ နှလုံးသားဆီကို ဗီဇအရ လမ်းကြောင်းရှာပြီး ဝင်ရောက်သွားခဲ့တယ်။

နံရံကို ဆောင့်မိပြီး ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ ဇိုင်ယွန်က သူ့ရင်ဘတ်ကို စမ်းသပ်ကြည့်ပြီး ဒဏ်ရာအနာတရ ဝင်ပေါက်များ ရှိနေမလားလို့ လိုက်ရှာကြည့်ပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး။

"ဟင်" လို့ သူက အသံထွက်ပြီး ရေရွတ်လိုက်တယ်။ "ဘာဖြစ်သွားတာလဲ။ ဘယ်ကို ပျောက်သွားတာလဲ"

အဲဒီအချိန်မှာတင် မိုက်ကယ်က ဒီမြင်ကွင်းအားလုံးကို ထောင့်ပေါင်းစုံကနေ စောင့်ကြည့်နေတဲ့ သူ့ရဲ့ ဒရုန်းကတစ်ဆင့် ကြည့်နေခဲ့တယ်။ သူ့ရဲ့ အပူလှိုင်းပုံရိပ်ဖော် စကင်ဖတ်စွမ်းရည်နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ အရင်က ဘာမှမရှိခဲ့တဲ့ ဇိုင်ယွန်ရဲ့ နှလုံးသားနေရာကနေ လိမ္မော်ရောင်အလင်းတန်း သေးသေးလေး ထွက်ပေါ်နေတာကို သူ မြင်လိုက်ရပြီလေ။

ဒါက ဇိုင်ယွန်တစ်ယောက် အခုဆိုရင် စစ်မှန်တဲ့ မက်ဂ်နက်တစ်တစ်ယောက် ဖြစ်သွားပြီဆိုတဲ့ သက်သေပဲပေါ့။ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက သူ့ကို ငြင်းပယ်မသွားခဲ့ဘူးလေ။

အလုပ်ဖြစ်သွားပြီလို့ မိုက်ကယ်က ရင်ထဲကနေ ဝမ်းသာအားရ ရေရွတ်လိုက်မိတယ်။ လူတစ်ပိုင်းသတ္တဝါတွေက မက်ဂ်နက်တစ် ဖြစ်မလာနိုင်ဘူးဆိုတာ လူတိုင်းသိထားတဲ့ အခြေခံအချက် ဖြစ်နေတာကြောင့် အထူးသဖြင့် ဒီအစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူးလို့ သူ့စိတ်ထဲမှာ တစ်စိတ်တစ်ပိုင်း တွေးမိနေခဲ့တာလေ။

ဒါပေမဲ့ အခုတော့ အဲလိုဖြစ်ရတဲ့ အကြောင်းရင်းက သူတို့မှာ ပါရမီမရှိကြလို့ပဲဆိုတာ သူ သဘောပေါက်သွားခဲ့ပါပြီ။ ပါရမီမရှိရင် ဒီဗာဆိုတာလည်း ရှိမလာနိုင်ဘူးလေ။

ဘာပဲဖြစ်ဖြစ် ဒရာဂွန်ဘွန်းတွေမှာတော့ ပါရမီ ရှိနေကြတာပဲ။ အမှန်တော့ ရီနေးတားနိုင်ငံသား တိုင်းဟာ လူသားပဲဖြစ်ဖြစ်၊ လူတစ်ပိုင်းသတ္တဝါပဲဖြစ်ဖြစ် အားလုံးမှာ ပါရမီကိုယ်စီ ရှိနေကြတာ ဖြစ်တယ်။ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ဖြစ်တဲ့ ဆုလာဘ် အပ်နှင်းခြင်းနဲ့ဆိုရင် သူက ဘယ်သူ့ရဲ့ ရင်ထဲမှာမဆို ဝှက်ကွယ်နေတဲ့ ပါရမီကို နှိုးဆွပေးနိုင်စွမ်း ရှိတယ်လေ။

"ဂုဏ်ယူပါတယ် ဇိုင်ယွန်... မင်း အခုဆိုရင် မက်ဂ်နက်တစ်တစ်ယောက် ဖြစ်သွားပြီ" လို့ သူက အနီရောင်အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းကို ပြောလိုက်တယ်။

"ဝိုး... အား... ဟူး..."

ဇိုင်ယွန်က သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အိမ်သာသွားရခက်လို့ ညှစ်ထုတ်နေရသလိုမျိုး သူ့ မျက်နှာကြီးကို ရှုံ့မဲ့ထားလိုက်တယ်။ အတန်ကြာပြီးတဲ့နောက်မှာတော့ သူ မောပန်းသွားခဲ့ရပြီလေ။

"ဟား... ဟား... ဘာလို့ အလုပ်မလုပ်တာလဲ။ ငါ့ရဲ့ စက်ရုပ်လက်မောင်းကြီးတွေက ဘယ်မှာလဲ"

"မင်း အရင်ဆုံး မင်းရဲ့ ဒီဗာကို နှိုးဆွဖို့ လိုအပ်တယ်လေ။ အဲဒါကို အတင်းအဓမ္မ လုပ်ယူလို့ မရဘူး။ မင်းရဲ့ ရင်ထဲကနေ အဖြေကို သဘာဝအတိုင်း ရှာဖွေရမှာ ဖြစ်တယ်"

ဒီစကားကြောင့် ဇိုင်ယွန် စိတ်ပျက်သွားခဲ့ရတယ်။ "တကယ်ကြီးလား။ ဒါပေမဲ့ ငါက အခုချက်ချင်း စက်ရုပ်လက်မောင်းကြီးတွေ လိုချင်နေတာလေ။ အဲဒါကို ပိုပြီး မြန်မြန်ဆန်ဆန် နှိုးဆွနိုင်မယ့် လျှို့ဝှက်ချက် ဘာညာ မရှိဘူးလား"

သူကိုယ်တိုင်လည်း ဒီအခြေအနေကို အရင်က ဖြတ်သန်းခဲ့ဖူးပေမဲ့ မိုက်ကယ်အနေနဲ့ ဇိုင်ယွန်ကို ဘာအကြံဉာဏ်မှ အသေအချာ မပေးနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဒီဗာတွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝဥဿုံ ကွဲပြားခြားနားနေကြမှာ ဖြစ်လို့ သူတို့ရဲ့ သိမြင်နားလည်မှုတွေနဲ့ အောင်မြင်မှုတွေက တစ်ယောက်နဲ့တစ်ယောက် အသုံးချလို့ရမှာ မဟုတ်ဘူးလေ။

တကယ်လို့ သူက ဇိုင်ယွန်ကို အကြံဉာဏ်တွေ ပေးဖို့ ကြိုးစားလိုက်ရင် ၎င်းက သူ့ကို မှားယွင်းတဲ့ လမ်းကြောင်းဆီ တွန်းပို့လိုက်သလို ဖြစ်သွားပြီး သူ့ရဲ့ ဒီဗာနိုးထမှုကို ပိုပြီးတော့တောင် ကြန့်ကြာသွားစေနိုင်တယ်လေ။

"မင်းရဲ့ ဒီဗာအကြောင်းကို သိရှိဖို့အတွက် မင်းရဲ့ ရင်ထဲကိုပဲ ပြန်ကြည့်ဖို့ လိုအပ်တယ်" လို့ သူက လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ မသိစိတ် ကမ္ဘာအလွတ်ကြီးကို အရိပ်အမြွက် ပြောကြားလိုက်တယ်။ အဲဒီနေရာက ဒီဗာတွေ ကိန်းအောင်းရာ နေရာပဲလေ။

"ဇိုင်ယွန်... မင်းအနေနဲ့ မက်ဂ်နက်တစ် ဖြစ်ခွင့်ရတာကိုတင် ကျေးဇူးတင်သင့်လှပြီ" လို့ ရှီနာက သူ့ကို ငေါက်ငမ်းလိုက်တယ်။ "သခင်မိုက်ကယ်... ကျွန်မကော သေတ္တာတစ်လုံးကို ယူခွင့်ပြုပါဦးမလားရှင်"

သူက သူမကို ယူဖို့ လက်ဟန်ပြလိုက်တယ်။

ထို့နောက် ရှီနာက သေတ္တာဆီကို ဂရုတစိုက် ချဉ်းကပ်သွားခဲ့တယ်။ သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်ပြီလေ။

အထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစက ရူးသွပ်မတတ် တုန်ခါလာပြီးနောက် သူမရဲ့ နှလုံးသားဆီကို ပြေးဝင်သွားခဲ့တော့တယ်။

ဒါပေမဲ့ ဇိုင်ယွန်နဲ့ မတူတာက ရှီနာရဲ့ စွဲရှတဲ့ မျက်လုံးတွေကြောင့် နတ်ဘုရားပန်းပဲဖို အပိုင်းအစရဲ့ မြန်ဆန်လှတဲ့ ပျံသန်းမှု လမ်းကြောင်းကို သူမရဲ့ မြှားတစ်စင်းလိုမျိုး အာရုံစိုက်ပြီး ကြည့်နေနိုင်ခဲ့တာ ဖြစ်တယ်။

၎င်းက သူမရဲ့ ရင်ဘတ်ကို ဖောက်ဝင်သွားတဲ့ အချိန်မှာတင် သူမက ကြိုတင်ပြင်ဆင်ပြီး ခုခံထားနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲလို ရှိနေတာတောင်မှ ပြင်းထန်တဲ့ အားလှိုင်းကြောင့် သူမရဲ့ ခြေထောက်တွေ မြေပြင်ပေါ်မှာ လျှောတိုက်သွားပြီး အနောက်ဘက်ဆီ မီတာအနည်းငယ်လောက် လွင့်ထွက်သွားခဲ့ရတုန်းပဲလေ။

ပြီးတော့ ဇိုင်ယွန်လိုပဲ သူမရဲ့ ရင်ဘတ်ပေါ်မှာလည်း လင်းလက်နေတဲ့ လိမ္မော်ရောင် အလင်းလုံးအသေးလေးတစ်ခု ပေါ်လာခဲ့ပြီး ဒါက သူမရဲ့ ခန္ဓာကိုယ်ထဲမှာ အခုဆိုရင် တန်ခိုးစွမ်းရည် အစအနလေး ရှိနေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်။

"ဂုဏ်ယူပါတယ် ရှီနာ"

"ကျေးဇူးတင်ပါတယ် သခင်မိုက်ကယ်။ ကျွန်မရဲ့ ဒီဗာကို အမြန်ဆုံး နှိုးဆွနိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်" လို့ သူမက သူ့ကို ဦးညွှတ်ရင်း ပြောလိုက်တယ်။

အခုဆိုရင် ဒရာဂွန်ဘွန်း နှစ်ယောက်ပဲ ကျန်တော့တယ်လေ။

"သွားလေ ယူမီစု" လို့ ထိုင်ခုံပေါ်မှာ ပျင်းရိပျင်းတွဲ ထိုင်နေတုန်းပဲဖြစ်တဲ့ ဂျာကူက ပြောလိုက်တယ်။

ယူမီစုက ငြင်းဆန်ချင်ပေမဲ့လည်း လူတိုင်းက သူမကို ဝိုင်းကြည့်နေကြတာကြောင့် ဘာမှမပြောရဲဘဲ သိပ်ကို ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ရတယ်။

သူမက မျက်လုံးတွေကို မှိတ်၊ လက်ကို အတတ်နိုင်ဆုံး ရှေ့ကို ဆန့်ထုတ်ရင်း သေတ္တာတွေဆီ ဖြည်းဖြည်းချင်း တိုးသွားခဲ့တယ်။

နောက်ဆုံးတော့ သူမက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဆီကနေ တုံ့ပြန်မှုတစ်ခုကို နှိုးဆွပေးနိုင်လောက်အောင် နီးကပ်သွားခဲ့ပြီလေ။ ၎င်းက မွေးရာပါ မက်ဂ်နက်တစ်တစ်ယောက်ရဲ့ တည်ရှိမှုကို အာရုံခံမိသွားတာ ဖြစ်တယ်။

၎င်းက တုန်ခါသွားပြီးနောက် သူမ ရင်ဘတ်ဆီကို ပြေးဝင်သွားခဲ့တော့တယ်။

ဒါပေမဲ့ နောက်ဆုံး စက္ကန့်ပိုင်းအလိုမှာတင် ယူမီစုက သိပ်ကို စိုးရိမ်တုန်လှုပ်သွားတာကြောင့် ရှောင်ဖယ်လိုက်မိပြီး နတ်ဘုရားပန်းပဲဖို အပိုင်းအစက လွတ်ထွက်သွားကာ ဂျာကူရဲ့ နှလုံးသားထဲကို တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့ပြီလေ။

အိပ်ချင်မူးတူး ဖြစ်နေတဲ့ ဒရာဂွန်ဘွန်းဟာ နတ်ဘုရားပန်းပဲဖို အပိုင်းအစရဲ့ ပြင်းထန်တဲ့ အားလှိုင်းက သူ့ကို ဆိုဖာပေါ်ကနေ လေထဲအထိ တွန်းထုတ်ပစ်လိုက်သလို ခံစားလိုက်ရတာကြောင့် ချက်ချင်းပဲ လန့်နိုးသွားခဲ့ရတယ်။

"အဟွတ်... အဟွတ်..." ဂျာကူက ချောင်းဆိုးလိုက်တယ်။ "စိတ်မရှိပါနဲ့ဗျာ... ကျွန်တော်က ဒီမှာ အေးအေးဆေးဆေး နားနေဖို့ ကြိုးစားနေတာပါဆို"

"...တောင်း... တောင်းပန်ပါတယ်" လို့ ယူမီစုက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမရဲ့ အစိမ်းရောင် အကြေးခွံတွေက ရှက်သွေးဖြန်းပြီး နီမြန်းသွားခဲ့ရတယ်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဂျာကူကလည်း မက်ဂ်နက်တစ်တစ်ယောက် ဖြစ်သွားခဲ့ပြီမို့ အားလုံး အဆင်ပြေသွားခဲ့တာပေါ့။

နောက်ဆုံးတော့ ယူမီစုလည်း သတ္တိမွေးပြီး မျက်လုံးတွေကို ဖွင့်ကာ သေတ္တာတွေဆီ ချဉ်းကပ်သွားနိုင်ခဲ့ပြီလေ။

ထို့နောက် နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခုက သူမရင်ဘတ်ဆီ ပြေးဝင်သွားပြီး နှလုံးသားနဲ့ ပေါင်းစည်းသွားခဲ့တော့တယ်။ ဒါပေမဲ့ တခြားသူတွေနဲ့မတူဘဲ သူမကတော့ ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း နေရာမှာတင် မတ်မတ်ရပ်နေနိုင်ခဲ့တယ်။

အခုဆိုရင် ဒရာဂွန်ဘွန်း လေးယောက်စလုံး မက်ဂ်နက်တစ်တွေ ဖြစ်သွားကြပြီလေ။ သူတို့ရဲ့ ဒီဗာတွေ နိုးထလာဖို့ကတော့ အချိန်ကိစ္စပဲ ရှိတော့တာပေါ့။

သူတို့ရဲ့ ဒီဗာတွေက ဘယ်လိုပုံစံမျိုး ရှိမလဲဆိုတာကို သူ စဉ်းစားမိလာတယ်။ လူသားတွေဆီက ထွက်လာတဲ့ ဒီဗာနဲ့ လူတစ်ပိုင်းသတ္တဝါတွေဆီက ထွက်လာတဲ့ ဒီဗာကြားမှာ ကွဲပြားမှု ရှိမရှိ ဆိုတာကို သူ သိချင်နေမိတာလေ။

"ကဲ... အခုတော့ နောက်ဆုံး တစ်ခုပဲ ကျန်တော့တယ်" လို့ သူက ကြေညာလိုက်တယ်။

"ကျွန်မ... ကျွန်မ... ကျွန်မ တစ်ခု လိုချင်တယ်" လို့ ဗီဗီက မိုက်ကယ်ရဲ့ မျက်နှာနားမှာ တဝဲလည်လည်နဲ့ ပျံသန်းရင်း ပြောလိုက်တယ်။

"မင်းက အဆင့်မြင့်နတ်ဗြဟ္မာတစ်ယောက်လေ။ ငါ့အထင်တော့ မင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူး" လို့ သူက သူမကို ပြောလိုက်တယ်။

"ဒါပေမဲ့ ကျွန်မက ချန်လှပ်ထားခြင်း မခံချင်ဘူးလေ" လို့ သူမက ဂျီကျတော့တယ်။ "လူတိုင်းက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ရနေကြတာကို"

သူမက ဘာလို့ ဒီလောက်တောင် ဂျီကျနေရလဲဆိုတာ သူ စဉ်းစားမရ ဖြစ်နေတယ်။ မှော်သားရဲ တစ်ပိုင်းသတ္တဝါတစ်ယောက် အနေနဲ့ သူမက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ မရှိဘဲနဲ့တောင် တန်ခိုးစွမ်းရည်ကို အသုံးပြုနိုင်နေတာပဲလေ။

ဗီဗီကတော့ ဒီအစီအစဉ်ထဲမှာ မပါဝင်နိုင်တော့တာကြောင့် မိုက်ကယ်အနေနဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစကို ပေးချင်တဲ့ နောက်ထပ် လူတစ်ယောက်ပဲ ရှိပါတော့တယ်။

အဲဒါကတော့ ဂရီးဗ် ပဲ ဖြစ်တယ်။

ဒါက မျက်နှာလိုက်လို့ မဟုတ်ဘဲ ဝိညာဉ်မရှိတဲ့ စစ်သူကြီးအရိုးစုတစ်ယောက်က မက်ဂ်နက်တစ် ဖြစ်လာနိုင်မလားဆိုတာကို သူ စပ်စုချင်ရုံ သက်သက်ပဲလေ။

သူ့ရဲ့ ပထမဆုံး အတွေးကတော့ ဒါက မဖြစ်နိုင်ဘူးဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် သူ့မှာ နှလုံးသား မရှိတာကြောင့် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ တွယ်ကပ်စရာ နေရာမှ မရှိတာလေ။

ဒါပေမဲ့ စမ်းကြည့်လို့တော့ ဘာမှ မနစ်နာပါဘူး။

ဟာဘင်ဂျာ... မင်းအထင်တော့ ဂရီးဗ်က မက်ဂ်နက်တစ်တစ်ယောက် ဖြစ်လာနိုင်ပါ့မလား။

| အဲဒီအရိုးစုကြီးလား။ စိတ်ဝင်စားဖို့ကောင်းမှာတော့ အမှန်ပဲ၊ ဒါပေမဲ့ သူ့မှာ ပါရမီမှ မရှိတာ |

ဒါကို စမ်းသပ်ကြည့်ဖို့အတွက် သူက ဂရီးဗ်ကို နတ်ဘုရားပန်းပဲဖို အပိုင်းအစနား တိုးလာခိုင်းပြီး တခြားသူတွေ လုပ်ခဲ့သလိုမျိုး လုပ်ခိုင်းလိုက်တယ်။

"မင်း တစ်ခုခု ခံစားရလား"

"အို... မဟုတ်တာ။ ကျွန်တော် ဘာမှ မခံစားရဘူး။ အို... ဒါက ကျွန်တော့်မှာ အရေပြား မရှိလို့ ဖြစ်မှာပါ... ဟို ဟိုး ဟိုး ဟိုး"

ကံမကောင်းစွာပဲပဲ သူ သံသယဝင်ခဲ့တဲ့အတိုင်း ဂရီးဗ်က မက်ဂ်နက်တစ်တစ်ယောက် ဖြစ်မလာနိုင်ခဲ့ပါဘူး။ ဒါက တကယ်ကို နှမြောစရာပါပဲ။

ဒါဆိုရင် တစ်စုံတစ်ယောက်ကို ပေးဖို့အတွက် နတ်ဘုရားပန်းပဲဖို အပိုင်းအစ တစ်ခုပဲ ကျန်ပါတော့တယ်။

အဲဒီအချိန်မှာတင် သူ့မျက်လုံးထောင့်ကနေ ခရမ်းရောင် သတ္တဝါလေးတစ်ခု အပေါ်အောက် ခုန်ပေါက်နေတာကို သူ မြင်လိုက်ရတယ်။

သူကတော့ အဲဒါကို အတတ်နိုင်ဆုံး လျစ်လျူရှုထားဖို့ ကြိုးစားလိုက်တာပေါ့။

"နောက်ထပ် တစ်ယောက်ယောက် ရှိသေးလား" လို့ သူက တခြား အစားထိုးမယ့်သူကို ခေါင်းစားခံပြီး စဉ်းစားရင်း သူ့ကိုယ်သူ မေးလိုက်မိတယ်။

"သခင်... ကျွန်တော် ဒီမှာရှိတယ်၊ တာဝန်ထမ်းဆောင်ဖို့ အသင့်ပါပဲ" လို့ ဖတ်ချ်က အလေးပြုလိုက်တယ်။

"ဘယ်သူရှိသေးလဲ။ နောက်ထပ် ဘယ်သူရှိသေးလဲ" လို့ သူက လူတိုင်းကို လိုက်မေးနေမိတယ်။

ဒါပေမဲ့ သူ ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ ဖတ်ချ်ကတော့ အမြဲတမ်း ရှေ့ကို ခုန်ထွက်လာပြီး သူ့ကိုယ်သူ ဖော်ပြနေတုန်းပဲလေ။

"ဟူး..."

တကယ်လို့ သူ့အနေနဲ့ နောက်ထပ် စွမ်းအားတွေ ထပ်မပေးချင်ဆုံး လူတစ်ယောက် ရှိရင် အဲဒါက ဖတ်ချ်ပဲ ဖြစ်လိမ့်မယ်။ ဒီ ကောက်ကျစ်ဆိုးသွမ်းတဲ့ မိစ္ဆာကောင်လေးက အမှန်တရားကို လိမ်ကောက်နိုင်တဲ့ စွမ်းရည်တွေနဲ့ ဘာတွေလုပ်ပစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြောက်စရာ သိပ်ကောင်းလွန်းလို့ပဲလေ။

* * * * * * * *

စာစဉ်(၅၆)

All Chapters