← Chapters

အခန်း ၆၇၁

Vol. 56 Ch. 671

အခန်း ၆၇၁

Vol. 56 Ch. 671

အခန်း(၆၇၁)

နောက်ဆုံးတော့ သူက စိတ်လျှော့လိုက်ပြီး သေတ္တာကို ဖတ်ချ်ဆီ ကမ်းပေးလိုက်တော့တယ်။ ကံမကောင်းချင်တော့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေက အဲဒီ စလိုင်းမ်လေးနားကို ကပ်သွားတာနဲ့ တပြိုင်နက် ဖတ်ချ်ရဲ့ ကိုယ်ထည်ပေါ်ကို ဖြန်းခနဲ ပျံတက်သွားပြီး သူ့ရဲ့ ပုံသဏ္ဌာန်မရှိတဲ့ ဂျယ်လီလို ကိုယ်ထည်ဖွဲ့စည်းပုံထဲကို ပေါင်းစည်းဝင်ရောက်သွားခဲ့ပြီလေ။

သူကတော့ မိစ္ဆာတွေအနေနဲ့ မက်ဂ်နက်တစ် ဖြစ်မလာနိုင်ပါစေနဲ့လို့ စိတ်ထဲကနေ တစ်ဝက်လောက် ဆုတောင်းနေခဲ့တာ၊ ဒါပေမဲ့ လိုအပ်တဲ့ တစ်ခုတည်းသော သတ်မှတ်ချက်က ပါရမီသက်သက်ပဲ ဖြစ်ပုံရတယ်။ ဘယ်သူမဆို ပါရမီသာရှိရင် မက်ဂ်နက်တစ် ဖြစ်လာနိုင်တာပဲပေါ့။

"ဟီးဟီးဟီးဟီး" လို့ ဖတ်ချ်က တခိခိ ရယ်လိုက်တယ်။

ဖတ်ချ်ရဲ့ ခန္ဓာကိုယ်က တစ်ဝက်လောက် အလင်းပေါက်နေတဲ့ ဂျယ်လီနဲ့ လုပ်ထားတာ ဖြစ်ပေမဲ့လည်း နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ဘယ်နေရာကို ပျောက်ကွယ်သွားလဲဆိုတာ မိုက်ကယ် တစ်စက်မှ မမြင်ရဘူး။ ဖတ်ချ်ရဲ့ ကိုယ်ထည်ထဲမှာ သတ္တုစတွေကို အစီအရီ တွေ့ရလိမ့်မယ်လို့ သူ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ၎င်းက ပျောက်ကွယ်သွားခဲ့ပုံပါပဲ။

ဒါကြောင့် သူက သူ့ရဲ့ စွမ်းရည်ကို သုံးပြီး ဖတ်ချ်ရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကို ချောင်းကြည့်လိုက်တဲ့ အခါကျမှပဲ သူ့ရဲ့ နျူကလိယပ်စ်ထဲမှာ လင်းထိန်နေတဲ့ လိမ္မော်ရောင် အလင်းတန်းကို နောက်ဆုံးတော့ မြင်လိုက်ရတော့တယ်။

"မင်း ဘယ်လို ခံစားရလဲ" လို့ သူက ဖတ်ချ်ကို မေးလိုက်တယ်။

"ဘယ်တုန်းကထက်မဆို ပိုကောင်းပါတယ် သခင်... ကျွန်တော့်ရဲ့ ဒီဗာက အရိပ်တွေရဲ့ ပြယုဂ်အစစ်အမှန် ဖြစ်လာပါလိမ့်မယ်" လို့ ဖတ်ချ်က ကြေညာလိုက်တယ်။

ခြုံငုံပြောရရင်တော့ သူတို့ရဲ့ ဒီဗာတွေကို တွေ့မြင်ရဖို့ သူ တော်တော်လေး စိတ်လှုပ်ရှားနေမိတာ။ ဒါက သမိုင်းတစ်လျှောက်မှာ လူတစ်ပိုင်းသတ္တဝါတွေနဲ့ မိစ္ဆာတွေ ပထမဆုံးအကြိမ်အဖြစ် မက်ဂ်နက်တစ် ဖြစ်လာကြတာလေ။

* * * * * * * *

တစ်ဖက်မှာတော့ မက်ထရိုပိုလစ်မှာဆိုရင်...

လမ်းမတွေပေါ်မှာ တော်ဝင်စစ်သည်တော်တွေက အိမ်မိုးပေါ်တွေမှာ အရောင်အသွေးစုံတဲ့ ကြိုးတွေကို လိုက်ချိတ်နေကြသလို သာမန်လူတွေနဲ့ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ အဆောက်အအုံတွေကို ကြည့်ကောင်းသထက် ကောင်းအောင် ဆေးတွေ အပြိုင်အဆိုင် ပြန်သုတ်နေကြတာမို့ အလုပ်တွေ ရှုပ်နေကြပြီပေါ့။

စီတန်းလှည့်လည်ပွဲ ကျင်းပမယ့်နေ့က သိပ်ကို နီးကပ်လာခဲ့ပြီလေ။ တခြားတိုက်ကြီးကနေ လာမယ့် ခရီးသွားဧည့်သည်တွေရဲ့ ယာဉ်တန်းဟာ မက်ထရိုပိုလစ်ဆီကို ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်ဆိုတဲ့ သတင်းကို လူအများစု ကြားသိထားကြပြီးပြီ။

ပြီးတော့ သူတို့ ရောက်ရှိလာတာကို ဂုဏ်ပြုတဲ့အနေနဲ့ လူအတော်များများက လမ်းမတွေကို အလှဆင်ပြီး ခရီးသွားဧည့်သည်တွေကို အတတ်နိုင်ဆုံး လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့အတွက် သူတို့ဘာသာ တာဝန်ယူ လုပ်ဆောင်နေကြတယ်။

မက်ထရိုပိုလစ်ရဲ့ ကောင်းကင်ယံမှာ ဖြန့်ကြက်ထားတဲ့ ကြိုးတွေပေါ်မှာ အလံတွေကို တစ်လှည့်စီ ပုံစံမျိုးနဲ့ ချိတ်ဆွဲထားကြတယ်။

အလံက ငါးမျိုးတောင် ရှိတာလေ။

တစ်ခုကတော့ အနီရောင်ရင့်ရင့်ပေါ်မှာ ပါးစပ်ကြီး ဟပြီး မီးမှုတ်နေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နဂါးတစ်ကောင်ရဲ့ ပုံကို ရွှေချည်ထိုးထားတာ ဖြစ်ပြီး ဒါက နဂါးမျိုးနွယ်ဝင်များကို ကြိုဆိုဖို့အတွက် အလံပဲ ဖြစ်တယ်။

နောက်ထပ် အလံတစ်ခုကတော့ အပြာရောင်နဲ့ ရေပြာရောင် ဖြစ်တယ်။ အလယ်မှာ ချုပ်လုပ်ထားတဲ့ ဒီဇိုင်းကတော့ ကုမ္ပဏီအားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ ခရုခွံထဲမှာ ပုလဲတောက်တောက်လေး နေရာမှာ အစားထိုးထားတဲ့ သဲဒင်္ဂါးပုံပဲပေါ့။

နောက်တစ်ခုကတော့ အခြေခံအားဖြင့် အဖြူရောင်ပေါ်မှာ ရွှေရောင်အနားကွပ်ထားတဲ့ အလံ ဖြစ်တယ်။ အလယ်မှာရှိတဲ့ သင်္ကေတကတော့ နတ်မျိုးနွယ်တွေ သဘာဝတရားနဲ့ ထာဝရ ဆက်နွှယ်နေတာကို ကိုယ်စားပြုတဲ့ အစိမ်းရောင် ချည်ထိုးထားတဲ့ ဧရာမ သစ်ပင်ကြီးတစ်ပင်ရဲ့ ပုံပဲလေ။

နောက်တစ်ခုကတော့ အခရမ်းရောင်နဲ့ အနီပုပ်ရောင် အလံ ဖြစ်တယ်။ အလယ်မှာ ချုပ်လုပ်ထားတာကတော့ အတောင်ပံတွေကို ဖြန့်ကားပြီး စွယ်တွေဆီကနေ အနီရောင် သွေးတွေ စီးကျနေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လင်းနို့တစ်ကောင်ရဲ့ ပုံပဲ။ ဒါက တခြားမဟုတ်ဘဲ ဗမ်ပိုင်မျိုးနွယ်ကို ကိုယ်စားပြုတာပေါ့။

ကျန်တဲ့ အလံတစ်ခုကတော့ သာမန် ပိုးထည် ဒါမှမဟုတ် ပိတ်ချောတွေနဲ့ လုပ်ထားတာ မဟုတ်ဘဲ တောရိုင်းဝံပုလွေတိရစ္ဆာန်ရဲ့ စစ်မှန်တဲ့ သားမွေးအစစ်နဲ့ လုပ်ထားတာမို့ တခြားအလံတွေနဲ့ မတူဘဲ ကွဲပြားနေတယ်။ ဒီအလံကတော့ အမြဲတမ်း ပြောင်းလဲနေတဲ့ ဝံပုလွေလူသား မျိုးနွယ်စုအတွက်ပဲ ဖြစ်တယ်။

အလံငါးခုစလုံးက ကမ္ဘာပေါ်မှာရှိတဲ့ အဓိက မျိုးနွယ်စုကြီးတွေကို ကိုယ်စားပြုတာဖြစ်ပြီး တစ်ခုချင်းစီက သီးခြား အမြင့်မြတ်ဆုံးသော အရှင်သခင်တစ်ပါးစီရဲ့ လက်အောက်မှာ ရှိကြတယ်။

နဂါးတွေမှာဆိုရင် နဂါးဘုရင်မ ရှိတယ်။

ရေလူသားတွေမှာဆိုရင် ပင်လယ်ဧကရာဇ် ရှိတယ်။

နတ်မျိုးနွယ်တွေမှာဆိုရင် ကောင်းကင်နတ်မျိုးနွယ် ရှိတယ်လေ။

ဗမ်ပိုင်ယားနဲ့ ဝံပုလွေလူသား မျိုးနွယ်စုတွေအတွက်ကတော့ သူတို့ နှစ်ခုစလုံးက အမြင့်မြတ်ဆုံးသော အရှင်သခင် တစ်ပါးတည်းရဲ့ လက်အောက်မှာပဲ ရှိကြတာ၊ အဲဒါကတော့ မိစ္ဆာဘုရင်မပဲ ဖြစ်တယ်။

ဒီသီတင်းပတ် မကုန်ခင်မှာပဲ မက်ထရိုပိုလစ် တစ်ခုလုံးက ဒီနယ်မြေထဲကို ဝင်ရောက်လာမယ့် ခရီးသွားဧည့်သည် အမျိုးအစားအသစ် ငါးမျိုးကို ကြိုဆိုကြရတော့မယ်။ ဒါက လူတိုင်းအတွက်၊ အထူးသဖြင့် ကုမ္ပဏီတွေအတွက် ဝမ်းမြောက်စရာ အခါသမယတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီစီတန်းလှည့်လည်ပွဲကနေ သူတို့ ရရှိနိုင်မယ့် ရတနာတွေက သူတို့ရဲ့ ဘဝတွေကိုပါ ပြောင်းလဲပစ်နိုင်တယ်လေ။

တကယ်လို့ တစ်ယောက်ယောက်က စီတန်းလှည့်လည်ပွဲ ဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရှိနေဖို့ ကံကောင်းခဲ့မယ်ဆိုရင် ခရီးသွားဧည့်သည်တွေ ရောက်လာတဲ့အခါ အလယ်ဗဟို တည့်တည့်မှာ ရှိနေမှာဖြစ်လို့ လူသိပိုများလာပြီး အဲဒီကနေတစ်ဆင့် ရတနာတွေ ပိုရလာနိုင်မှာပေါ့။

ဒါကြောင့်မို့လို့ ကုမ္ပဏီအတော်များများက စီတန်းလှည့်လည်ပွဲလမ်းကြောင်းထဲကို ရအောင် ဝင်တိုးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပြီး လမ်းဘေးတွေမှာ ဆိုင်ခန်းလေးတွေ ဆောက်ပြီး အနောက်က အဆောက်အအုံတွေကို ပိတ်ဆို့ထားကြတော့တယ်။ ဒါက သေချာပေါက် ရုန်းရင်းဆန်ခတ်မှုတွေ အများကြီး ဖြစ်စေခဲ့ပြီး လူအတော်များများက အဲဒီဆိုင်တွေကို ဖျက်ဆီးပစ်ဖို့ တောင်းဆိုကြသလို အချို့ကလည်း ဒီလိုလုပ်တာက တရားမဝင်တာ မဟုတ်ဘူးလို့ ပြောနေကြတယ်။

ဒါက အဲလ်ရစ်အတွက်တော့ အကြီးအကျယ် ခေါင်းခဲစရာပဲ။ သူက ဒါတွေအားလုံးကို စီစဉ်ခဲ့တဲ့သူ ဖြစ်တာမို့ ၎င်းကို ထိန်းသိမ်းဖို့အတွက်လည်း သူပဲ တာဝန်ရှိတာလေ။ သူက စီတန်းလှည့်လည်ပွဲလမ်းကြောင်းမှာ အမြင်သာဆုံးနေရာကို ရထားတာမို့ လာရောက်လည်ပတ်သူတွေဆီကနေ ငွေအမြောက်အမြား ရဖို့ ရှိနေတယ်။ ဒါပေမဲ့ စီတန်းလှည့်လည်ပွဲအတွင်းမှာ ပြဿနာတွေ အများကြီး ပေါ်လာရင်တော့ သူ့မှာပဲ တာဝန်ရှိလာမှာဖြစ်လို့ ငွေတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်။

အဲလ်ရစ်က ရှေ့နောက် လျှောက်လှမ်းနေမိတယ်။

"နန်းတော်ကနေ အခုထိ သတင်း ဘာမှမရသေးဘူးလား" လို့ သူက သူ့ဝန်ထမ်းကို မေးလိုက်တယ်။

"မရသေးပါဘူး ဆရာ... သူတို့အားလုံးက တစ်ပုံစံတည်းပဲ ပြန်ဖြေကြတယ်။ မြို့စားကတော်နဲ့ တော်ဝင်မိသားစုက နန်းတော်မှာ မရှိကြဘူးတဲ့"

မက်ထရိုပိုလစ်မှာ စိတ်ဖိစီးမှုအများဆုံး ရက်တွေအတွင်းမှာတင် မြို့စားကတော်က ဘယ်သူမှမသိလိုက်ဘဲ ပျောက်ကွယ်သွားပြီး စီတန်းလှည့်လည်ပွဲရဲ့ တာဝန်အားလုံးကို အဲလ်ရစ်ဆီ ပုံချထားခဲ့ပြီလေ။

"သူတို့က အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်သွားတာပဲ... သူ ဘယ်များ သွားနေနိုင်မလဲ"

* * * * * * * *

ရီနေးတား နိုင်ငံတော်ဆီ ပြန်ရောက်တဲ့အခါမှာတော့ အသစ်စက်စက် မက်ဂ်နက်တစ် ငါးယောက်စလုံးက သူတို့ရဲ့ ဒီဗာတွေကို နှိုးဆွဖို့အတွက် ကိုယ်စီ အလုပ်ရှုပ်နေကြတယ်။

ရှီနာကတော့ လေ့ကျင့်ကွင်းဆီ သွားပြီး မြားတွေကို မနားတမ်း တောက်လျှောက် ပစ်ခတ်နေခဲ့တယ်။ ပြီးတော့ မြားတစ်ချက် ပစ်တိုင်းမှာ ပစ်မှတ်ကို အနောက်ဘက်ဆီ ဆယ်မီတာလောက် ရွှေ့ပြီး မိမိကိုယ်ကိုယ် စိန်ခေါ်နေခဲ့တာ။

သူမရဲ့ ဘေးမှာတော့ ယူမီစု ရှိနေပြီး သူမကလည်း သူမရဲ့ ဒီဗာကို နှိုးဆွဖို့အတွက် လေ့ကျင့်ရေးကွင်းကို နည်းလမ်းတစ်ခုအနေနဲ့ သုံးနေခဲ့တယ်။ သူမက လှံကို ဝှေ့ယမ်းလိုက်ပြီး သူမရဲ့ တိုက်ခိုက်မှုကနေတစ်ဆင့် ပြင်းထန်တဲ့ လေပြင်းတွေကို ဖန်တီးနေခဲ့တာပေါ့။

သူတို့နဲ့ ယှဉ်ရင်တော့ အခြား မက်ဂ်နက်တစ်လောင်းလျာတွေက လုံးဝ ကွဲပြားတဲ့ ချဉ်းကပ်ပုံမျိုးကို ကြိုးစားနေကြတယ်။

ဂျာကူကတော့ ခါတိုင်းလိုပဲ သစ်ပင်ရိပ်အောက်မှာ ထိုင်ပြီး လေ့ကျင့်ရေး အချိန်တစ်ခုလုံး ဇိမ်နဲ့ အိပ်ပျော်နေခဲ့တာ။

သူက သူ့ရဲ့ ဒီဗာက အလိုအလျောက် ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေတာလေ။ တစ်လ ကြာမလား၊ တစ်နှစ် ကြာမလားဆိုတာ သူ ဂရုမစိုက်ဘူး။ အိပ်ရင်းနဲ့သာ လုပ်လို့ရမယ်ဆိုရင် သူက အဲဒီရွေးချယ်မှုကိုပဲ အမြဲတမ်း ယူမှာပဲပေါ့။

"မင်းက တကယ်ပဲ ဒီအတိုင်း အိပ်နေတော့မှာလား" လို့ ရှီနာက သူမရဲ့ အစ်ကိုကြီးကို မကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောလိုက်တယ်။

ဂျာကူက မျက်လုံးကိုတောင် မဖွင့်ဘဲ "လေ့ကျင့်ခန်း လုပ်လို့လည်း ဒီဗာက အလိုအလျောက် ပေါ်လာမယ်လို့ အာမခံချက် မရှိပါဘူး" လို့ ပြန်ပြောလိုက်တယ်။

သူ့ကို ပြောင်းလဲလို့မရမှန်း သိနေတာမို့ ရှီနာက သူမရဲ့ ပြဿနာရှာတတ်တဲ့ မောင်လေး ဇိုင်ယွန်ဆီကိုပဲ အာရုံပြောင်းလိုက်တော့တယ်။

အနည်းဆုံးတော့ ဂျာကူက လေ့ကျင့်ရေးကွင်းဆီ ရောက်သေးတယ်၊ ဇိုင်ယွန်ကတော့ လုံးဝကို ပေါ်မလာတာ။

သူမကတော့ သူ့ကို နိုင်ငံတော်ရဲ့ တစ်နေရာရာမှာ တခြား ပြဿနာရှာတတ်တဲ့သူတွေနဲ့ ကစားနေတာကို သေချာပေါက် ရှာတွေ့လိမ့်မယ်လို့ တွေးနေမိတယ်။

ဒါပေမဲ့ သူမအနေနဲ့ သူတို့ကို သူမနဲ့အတူ လေ့ကျင့်ဖို့ ဘယ်လောက်ပဲ အတင်းအကျပ် လုပ်ချင်လုပ်ချင် ဂျာကူ ပြောတာကလည်း မှန်နေပြန်တယ်။ လေ့ကျင့်တာက နှိုးဆွမှုကို အာမခံချက် မပေးနိုင်ဘူးလေ။ တကယ်တော့ မြားတွေကို နာရီပေါင်းများစွာ မနားတမ်း ပစ်ခတ်နေခဲ့တာတောင်မှ မိုက်ကယ် သူတို့ကို ပြောပြခဲ့တဲ့ စွမ်းရည်ရဲ့ ခံစားချက်မျိုးကို သူမ အခုထိ မခံစားရသေးဘူး။ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ ရှိနေရမယ့် သူမရဲ့ နှလုံးသားဆီကနေ ဘာခံစားချက်မှ မရှိခဲ့ဘူးလေ။

ဒါကြောင့် သူမက အကြံဉာဏ်အချို့ တောင်းဖို့ မိုက်ကယ်ကို သွားရှာလိုက်တော့တယ်။

"တောင်းပန်ပါတယ် သခင်လေး... ကျွန်မ ကျွန်မရဲ့ ဒီဗာကို မနှိုးဆွနိုင်ခဲ့ဘူး"

မိုက်ကယ်က သူမရဲ့ စိုးရိမ်မှုတွေကို လက်ကာပြလိုက်တယ်။ "ဒါက ပြိုင်ပွဲမှ မဟုတ်တာ ရှီနာ၊ ဒီလိုအရာတွေကို အတင်းအကျပ် လုပ်လို့မရဘူး။ ဒါက သူ့အလိုလို ဖြစ်လာတာ။ မင်း အခု မခံစားရသေးပေမဲ့ မင်း တကယ် လိုအပ်လာတဲ့ အချိန်ကျရင် မင်းရဲ့ ဒီဗာက ပေါ်လာလိမ့်မယ်"

သူက သူ့ရဲ့ အတွေ့အကြုံကနေ တိုက်ရိုက် ပြောလိုက်တာ ဖြစ်တယ်။

"ကောင်းပါပြီ သခင်လေး... ကျွန်မ ဆက်ပြီး ကြိုးစားကြည့်ပါ့မယ်" လို့ သူမက ပြောလိုက်တယ်။

မိုက်ကယ်က ဒီရလဒ်ကို မျှော်လင့်ထားပြီးသားပါ။ သင့်တော်တဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ ဒီဗာကို နှိုးဆွဖို့က သိပ်ကို ခက်ခဲလွန်းတာလေ။ သူကိုယ်တိုင်လည်း ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအတွင်းမှာပဲ ၎င်းကို နှိုးဆွနိုင်ခဲ့တာ။

* * * * * * * *

ဒရာဂွန်ဘွန်းတွေက သူတို့ရဲ့ ဒီဗာကို နှိုးဆွဖို့ ဒုက္ခရောက်နေကြတဲ့ အချိန်မှာတော့ ဖတ်ချ်က လုံးဝကို ကွဲပြားတဲ့ အရာတစ်ခုအပေါ် အာရုံစိုက်နေခဲ့တယ်။

အဲဒီ စလိုင်းမ်လေးက ဘတ်ချ်ရောခ့် မြို့က အမိုးတစ်ခုပေါ်မှာ ရှိနေပြီး အိုင်းရွန်းမေဒင် ရုပ်တုရှေ့မှာ ဒူးထောက်နေကြတဲ့ လူအုပ်ကြီးကို အပေါ်စီးကနေ ငေးကြည့်နေခဲ့တာ။

"ဟီးဟီးဟီးဟီး..." ဖတ်ချ်က တခိခိ ရယ်လိုက်တယ်။ သူက အိုင်းရွန်းမေဒင် ဘာသာတရားက ဒီလောက်အထိ လူဦးရေ တိုးတက်လာတာကို မြင်ရလို့ ပျော်နေခဲ့တာ။

အံ့ဩစရာကောင်းတာက တကယ်လို့ မိုက်ကယ်သာ သူ့ကို အခုမြင်ရင် ဖတ်ချ်ရဲ့ ကိုယ်ထည်ထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက ပိုပြီးတော့တောင် တောက်ပလာတာကို တွေ့ရလိမ့်မယ်။

* * * * * * * *

စာစဉ်(၅၆)

All Chapters