အခန်း ၆၇၃
Vol. 57 Ch. 673
အခန်း(၆၇၃)
နောက်ဆုံးတော့ ခေါင်းတလားတွေဟာ မက်ထရိုပိုလစ်ရဲ့ မြို့တံခါးတွေဆီ ရောက်လာခဲ့ပြီး တော်ဝင်အစောင့်တပ်သားတွေကလည်း လုံခြုံရေးကို ပိုပြီးတင်းကျပ်လိုက်ကြတယ်။ ဒါက လူတွေ လမ်းမပေါ် လျှောက်သွားပြီး စီတန်းလှည့်လည်ပွဲကို ပိတ်ဆို့တာမျိုး မလုပ်နိုင်အောင် တားဆီးဖို့အတွက်ပဲ။
ခေါင်းတလားတွေ မြို့တံခါးထဲ ရောက်လာတာနဲ့ တစ်ပြိုင်နက် နေရာတင် ရပ်တန့်သွားခဲ့တယ်။
လူအုပ်ကြီးက ရင်တမမနဲ့ စောင့်ကြည့်နေစဉ်မှာပဲ သစ်သားချင်း ပွတ်တိုက်သံတွေ လမ်းမတွေထက် ပျံ့လွင့်လာပြီးတော့ ခေါင်းတလားတွေက တစ်ခုပြီးတစ်ခု ပွင့်လာပြီး ဖြူဖျော့တဲ့ အရေပြား ရှိကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေက လှဲလျောင်းရာကနေ အပေါ်ဆီ လွင့်ပျံတက်လာကြတယ်။ သူတို့အားလုံးက နေရောင်အောက်ကနေ သူတို့ရဲ့ အရေပြားကို ကာကွယ်ဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ဝတ်ရုံနက်တွေကို ဆင်မြန်းထားကြတယ်။
လူတွေက သူတို့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဗန်ပိုင်ယာတွေကို မြင်ဖူးကြတာမို့ အံ့အားသင့်ပြီး တီးတိုးရေရွတ်သံတွေ ဆူညံသွားခဲ့တယ်။
"ဝါး... သူတို့ ကြည့်ရတာ ကြောက်စရာကြီးပဲ"
"ဟေး... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့လေ၊ ဗန်ပိုင်ယာတွေကလည်း တခြားလူတွေလိုပါပဲ"
"သူတို့က တကယ် သန်မာတာပဲ... ငါ လေထုထဲမှာတင် သူတို့ရဲ့ စွမ်းအားကို ခံစားနေရတယ်"
ဗန်ပိုင်ယာတွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ အများကြီး ရှိခဲ့ပေမဲ့ အချို့က အမှန်ဖြစ်ပြီး အချို့ကတော့ ပုံပြင်တွေသာ ဖြစ်ကြတယ်။ ဒါပေမဲ့ တစ်ခု သေချာတာကတော့ သူတို့ဟာ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေထဲမှာ တော်တော်လေး သန်မာတဲ့အုပ်စုအဖြစ် သတ်မှတ်ခံထားရတယ်။
ဝံပုလွေလူသားတွေက ရုပ်ပိုင်းဆိုင်ရာမှာ အသန်မာဆုံး ဖြစ်ကြပေမဲ့ မှော်စွမ်းအား အားနည်းကြတယ်။ ပြောင်းပြန်အနေနဲ့ နတ်မျိုးနွယ်တွေက မှော်စွမ်းအားမှာ သန်မာကြပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား အားနည်းကြတယ်။ ရေလူသားတွေလိုပဲ ဗန်ပိုင်ယာတွေကတော့ ကဏ္ဍနှစ်ခုစလုံးမှာ သန်မာကြတယ်။ နှစ်မျိုးစလုံးက သူတို့ရဲ့ ဒြပ်စင်အလိုက် သန်မာကြတာဖြစ်ပြီး ရေလူသားတွေက ရေဒြပ်စင်နဲ့ဖြစ်သလို ဗန်ပိုင်ယာတွေကတော့ ညဥ့်အချိန်မှာသန်မာကျတယ်။
မိုက်ကယ်က အမိုးပေါ်မှာ ရပ်နေပြီး သူ့ဘေးမှာတော့ ရိဒ် ရှိနေခဲ့တယ်။
"ခင်ဗျား ဒီဗန်ပိုင်ယာတွေကို သိလား" လို့ သူက ရိဒ်ကို မေးလိုက်တယ်။
"အချို့ကိုတော့ သိတယ်... ဒါပေမဲ့ ငါ တကယ်သိတာက ဟိုဘက်က ဆံပင်အတိုနဲ့ တစ်ယောက်တည်းသောသူကိုပဲ"
လမ်းမထက်မှာ မျက်လုံးတွေ မှိတ်ထားဆဲဖြစ်ပြီး လွင့်ပျံနေကြတဲ့ ဗန်ပိုင်ယာအုပ်စုထဲကမှ ညာဘက်အစွန်ဆုံးမှာ ရှိနေတဲ့သူကို ရိဒ်က ညွှန်ပြလိုက်တယ်။
"သူက ငါ့သူငယ်ချင်း ဂီလာမို လေ... သူက ငါရဲ့ ကွန်ရက်ထဲက အစိတ်အပိုင်းတစ်ခုပေါ့၊ ပြီးတော့ ဗန်ပိုင်ယာတွေနဲ့ ဝံပုလွေလူသားတွေအကြောင်း လုပ်ငန်းကိစ္စတွေကို ကူညီပေးတဲ့သူလည်း ဟုတ်တယ်"
ဗန်ပိုင်ယာတွေက မျက်လုံးတွေကို ဖွင့်လိုက်ပြီး မြေပြင်ပေါ်ဆီ လွင့်ပျံဆင်းလာကြတယ်။ မက်ထရိုပိုလစ်ရဲ့ မြေပြင်ပေါ် ခြေချလိုက်တာနဲ့ သူတို့က ကျေနပ်တဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
ပြီးတော့ သူတို့က လက်ပြလိုက်ကြတာပဲ။
သူတို့ အဲလိုလုပ်လိုက်တာနဲ့ ပတ်ဝန်းကျင်က တင်းမာမှုတွေအားလုံး အရည်ပျော်သွားသလို ဖြစ်သွားခဲ့တယ်။ ဗန်ပိုင်ယာတွေနဲ့ပတ်သက်တဲ့ ကောလာဟလတွေထဲမှာ သူတို့က အလွန်ရှည်လျားတဲ့ သက်တမ်း ရှိကြတာမို့ လူအများနှင့် မရောနှောဘဲ အေးစက်တတ်ကြတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ဒီလို ရိုးရှင်းတဲ့ လက်ပြမှုလေးတစ်ခုက သူတို့ကို လူထုနဲ့ ရင်းနှီးလွယ်တဲ့ပုံစံ ဖြစ်သွားစေခဲ့တယ်။
နောက်ဆုံးတော့ လူအုပ်ကြီးက သောင်းသောင်းဖျဖျ အော်ဟစ်အားပေးကြတယ်။ သူတို့က တော်ဝင်တိုက်ကြီးမှာ နေ့အလင်းရောင်အောက် လျှောက်လှမ်းနေတဲ့ ဗန်ပိုင်ယာအစစ်တွေကို ပထမဆုံး မြင်ခွင့်ရတဲ့ လူအနည်းငယ်ထဲမှာ ပါဝင်ခွင့်ရလို့ အလွန် ဂုဏ်ယူနေကြတာလေ။
ထို့နောက် ဗန်ပိုင်ယာတွေက အဲလ်ရစ် သူတို့အတွက် ရွေးချယ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း ရှေ့ကို လျှောက်လှမ်းသွားကြတယ်။
ဝတ်ရုံရှည်ကြီးတွေကို ဆင်မြန်းထားဆဲဖြစ်တာမို့ လမ်းမတွေထက် လျှောက်လှမ်းနေချိန်မှာ သူတို့က မြေပြင်ပေါ်မှာ မျောလွင့်နေသလိုမျိုး မြင်တွေ့ရတယ်။
သူတို့ လျှောက်လှမ်းသွားစဉ်မှာပဲ အချို့သော ကုမ္ပဏီတွေက ဒီအခွင့်အရေးကို သုံးပြီး သူတို့ရဲ့ ကုမ္ပဏီတွေကို ကြော်ငြာကြတယ်။
"ဗန်ပိုင်ယာများကို ကြိုဆိုပါတယ်... တောင်ဆိတ်တွေဆီကရတဲ့ အဆင့်မြင့် သွေးတွေကို အလိုရှိပါသလား"
"ကျွန်တော်တို့ဆီမှာ ကြက်သွန်ဖြူမပါတဲ့ အစားအစာတွေ အဆင်သင့် ရှိပါတယ်"
"ညဥ့်အချိန်တွေကို လွမ်းဆွတ်နေပါသလား... ကျွန်တော်တို့ရဲ့ အဆောက်အအုံတွေကို နေရောင်ခြည် လုံးဝ မဖြတ်သန်းနိုင်အောင် ပြောင်းလဲပေးထားပါတယ်"
ဒီလိုတွေ ရှိနေပေမဲ့လည်း ဗန်ပိုင်ယာတွေကတော့ လမ်းမအတိုင်း ဆက်လက်လျှောက်လှမ်းရင်း လူသားတွေရဲ့ ယဉ်ကျေးမှုထဲ စီးမျောလို့ အချင်းချင်း စကားပြောနေကြဆဲပဲ။ အချို့ကို သူတို့ သဘောကျပြီး အချို့ကိုတော့ စိတ်မဝင်စားကြဘူး။
ဒါပေမဲ့ ဗန်ပိုင်ယာတွေက ဘယ်ဆိုင် ဒါမှမဟုတ် ဘယ်အဆောက်အအုံထဲကိုမှ ဝင်ဖို့ ရပ်မနေခဲ့ကြဘူး။
မက်ထရိုပိုလစ်က သူတို့ကို အဆင်ပြေအောင် ဘယ်လောက်ပဲ ကြိုးစားပြင်ဆင်ပေးထားပါစေ သူတို့ကို စိတ်ဝင်စားမှုရအောင် လုပ်ဖို့ကတော့ လုံးဝ မလုံလောက်မှန်း သူတို့ရဲ့ မျက်လုံးတွေကနေတစ်ဆင့် မြင်တွေ့နိုင်တယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဗန်ပိုင်ယာတွေက အပ်ပါးဝုဒ်နယ်မြေထဲ ဝင်ရောက်လာပြီး လမ်းမကြီးအတိုင်း ဖြတ်သန်းလာခဲ့ကြတယ်။
ဗန်ပိုင်ယာတွေက လမ်းထောင့်တစ်ခုလုံးကို ဖြတ်သန်းသွားခါနီးမှာပဲ ဗန်ပိုင်ယာတစ်ယောက်က အမိုးပေါ်ကနေ သူတို့ကို လက်ပြနေတဲ့ တစ်စုံတစ်ယောက်ကို သတိပြုမိသွားခဲ့တယ်။
ရိဒ်ရဲ့ သူငယ်ချင်းလို့ ပြောရမယ့် ဂီလာမိုက အပေါ်ကို မော့ကြည့်လိုက်ပြီး ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတာပဲ။
ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် ဗန်ပိုင်ယာတစ်ယောက်က စီတန်းလှည့်လည်ပွဲကနေ ခွဲထွက်ပြီး ကုမ္ပဏီအဆောက်အအုံတစ်ခုထဲကို ဝင်သွားခဲ့တော့တယ်။
"ဟို ဗန်ပိုင်ယာက ရီနေးတားကုမ္ပဏီရဲ့ အရောင်းဌာနထဲ ဝင်သွားပြီ"
"ငါ မယုံနိုင်စရာပဲ... သူတို့ကို ဆွဲဆောင်ဖို့ ဘာတွေ ကမ်းလှမ်းလိုက်တာလဲ"
"သူတို့က သွေးတောင် ကမ်းလှမ်းတာ မဟုတ်ဘူးလေ"
မိုက်ကယ်နဲ့ ရိဒ်က ဆိုင်ထဲကို လွင့်ပျံရာကနေဆင်းသက်လာပြီး ဂီလာမိုနဲ့ တွေ့ဆုံလိုက်တယ်။
"အာ... ရိဒ်၊ သူငယ်ချင်းဟောင်းကြီး... မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါ မျှော်လင့်မထားဘူး" လို့ ဂီလာမိုက ပြောလိုက်တယ်။
သူ့ရဲ့ စကားလုံးတွေက နွေးထွေးသလို ရှိပေမဲ့ သူ့မျက်နှာကတော့ လုံးဝ အေးစက်ငြိမ်သက်နေဆဲပဲ။ ပျော်ရွှင်တဲ့ အရိပ်အယောင် ခံစားချက်မျိုး လုံးဝ မရှိခဲ့ဘူး။
ဒါပေမဲ့ ရိဒ်က ဒါက ပြဿနာမဟုတ်မှန်း သိနေတယ်။ ဒါက ဗန်ပိုင်ယာတွေရဲ့ သဘာဝပဲလေ။ သူတို့က ခံစားချက်မရှိတဲ့ပုံစံမျိုး မြင်ရတာ။
"ရေလူသားတွေက နောက်မှ ဒီကို လာရမှာ မဟုတ်ဘူးလား"
"ငါတို့မှာ... မိသားစု အရေးပေါ်ကိစ္စလေး ရှိလို့ပါ" လို့ ရိဒ်က ပြောလိုက်တယ်။
ချက်ချင်းပဲ ဂီလာမိုက သူ ဘာကို ဆိုလိုမှန်း သိသွားပြီး သူ့မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့ အရိပ်အယောင် ပေါ်လာခဲ့တယ်။ "အာ... နစ်စီ... မင်း ကုန်းပေါ်ကို ရောက်လာရင် သူ သက်သာလာပါစေလို့ ငါ ဆုတောင်းပေးခဲ့တာ၊ သူ အခု ကျန်းမာရေး အတော်အသင့် ကောင်းရဲ့လား"
အဲဒီနောက် ရိဒ်က ဂီလာမို မျှော်လင့်မထားတဲ့ အပြုံးကြီးတစ်ခုကို ပြုံးပြလိုက်တယ်။
"မင်း သူ့ကို အခု မြင်သင့်တယ်... သူ လျှောက်လှမ်းနိုင်နေပြီ၊ စကားပြောနိုင်နေပြီ၊ ပြီးတော့ လူသား သူငယ်ချင်းအချို့တောင် ရနေပြီ..."
ရိဒ်က သူ့သူငယ်ချင်းကို နစ်စီတစ်ယောက် ဘယ်လိုမျိုး ပုံမှန်အခြေအနေကို ဖြည်းဖြည်းချင်း ပြန်ရောက်လာနေပြီဆိုတာကို မနားတမ်း ကြွားဝါပြောဆိုနေတော့တာပဲ။
တာအိုနှလုံးသားရဲ့ ကျိန်စာဒဏ်ကို ခံစားနေရတဲ့ မိန်းကလေး နစ်စီက တခြားလူတွေနဲ့ အဆင်ပြေပြေ ဆက်ဆံနေနိုင်ပြီဆိုတာကို ကြားရတဲ့အခါ ဂီလာမိုတစ်ယောက် မှင်တက်သွားခဲ့တယ်။
ကျိန်စာက ရေလူသားတွေကိုပဲ သက်ရောက်တာ မဟုတ်ဘူး။ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေအားလုံးကို သက်ရောက်တာမို့ လွန်ခဲ့တဲ့ တစ်လကတင် သူမရဲ့ နှလုံးသားက ပျက်စီးလုနီးပါး ဖြစ်နေခဲ့တာကို နစ်စီအနေနဲ့ ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ဆိုတာ ဘယ်လောက်အထိ မဖြစ်နိုင်မှန်း ဂီလာမို သိတယ်လေ။ သူမ ပြန်ကောင်းလာဖို့ဆိုတာ တကယ့်ကို အံ့ဖွယ်ဖြစ်ရပ်မျိုး လိုအပ်တာလေ။
"ဒါက ဘယ်လိုဖြစ်နိုင်လဲဆိုတာ ငါ နားမလည်တော့ဘူး" လို့ ဂီလာမိုက အဖြေကို ရှာဖွေလိုတဲ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။
"ဒါက ဖြစ်နိုင်တယ်... ပြီးတော့ ဒါတွေအားလုံးက ဟောဒီမှာရှိတဲ့ လူသားကြောင့်ပဲ၊ ဂီလာမို... မင်းကို မိုက်ကယ်နဲ့ မိတ်ဆက်ပေးပါရစေ"
ဂီလာမိုရဲ့ မျက်လုံးတွေက မိုက်ကယ်ဆီ ရောက်သွားခဲ့တယ်။
"ကလေးတစ်ယောက်လား"
ဒါက စော်ကားတဲ့ သဘောမဟုတ်ဘဲ စူးစမ်းလိုတဲ့ သဘောမျိုးပါ။ ကလေးတစ်ယောက်က မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေအားလုံးကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာခဲ့တဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်ဆိုတာ ဂီလာမို မယုံနိုင် ဖြစ်နေတာလေ။
"ဒါ အမှန်ပဲ... ငါက လိမ်မပြောတတ်ဘူးဆိုတာ မင်း သိပါတယ်"
ဂီလာမိုရဲ့ မျက်နှာပေါ်မှာ သံသယ အရိပ်အယောင် ရှိနေဆဲဖြစ်ပေမဲ့ အခုတော့ သူ စတင် လက်ခံလာခဲ့ပြီ။
"လူသားတွေက တီထွင်ဉာဏ် အလွန်ကောင်းတယ်လို့ ငါ ကြားဖူးတယ်... သူက ဆေးဝါး ကုထုံးတစ်ခုခုကို ရှာတွေ့ခဲ့တာလား၊ ရောဂါပျောက်ကင်းစေတဲ့ ထူးခြားတဲ့ဆေးလား"
မိုက်ကယ်က ခေါင်းယမ်းလိုက်တယ်။ "မဟုတ်ပါဘူး... ကျွန်တော် သူ့ကို ရိုလာကိုစတာ စီးခိုင်းလိုက်တာ"
သေချာတာကတော့ ဂီလာမိုက ဒါ ဘာလဲဆိုတာ လုံးဝ အကြံအဆ မရှိဘူးပေါ့။
"အို... မင်း ဒီရိုလာကိုစတာကို မြင်သင့်တယ် ဂီလာမို... ဒါက မင်း ကုန်းပေါ်မှာ မြင်ဖူးသမျှ အရာအားလုံးထက် သာလွန်တဲ့ အံ့ဩစရာ ဗိသုကာလက်ရာတစ်ခုပဲ၊ မင်းရဲ့ တာအိုနှလုံးသားတောင် လှုံ့ဆော်မှုကို ခံစားရလိမ့်မယ်လို့ ငါ ထင်တယ်"
ဂီလာမိုက ဒါကို ကြားရတော့ တော်တော်လေး ပြာယာခတ်သွားခဲ့တယ်။ ဗန်ပိုင်ယာတစ်ယောက်ရဲ့ တာအိုနှလုံးသားကို လှုံ့ဆော်ဖို့ ဘယ်လောက် ခက်ခဲမှန်း ရိဒ် သိတာမို့ သူက ဒါကို အလကားသက်သက် ပြောနေတာ မဟုတ်ဘူးလေ။
"တကယ်လား... တကယ်လို့ အဲလိုဆိုရင်တော့ ငါ့ရဲ့ မိသားစုက ဒါကို မြင်ရရင် အလွန် ဝမ်းမြောက်ကြလိမ့်မယ်"
"ဘာလို့ မရရမှာလဲ... ငါတို့ အခုပဲ သွားကြတာပေါ့" လို့ သူက ဖိတ်ခေါ်ရင်း ပြောလိုက်တယ်။
"အာ... ဒါပေမဲ့ ငါ စီတန်းလှည့်လည်ပွဲကနေ အကြာကြီး ခွဲထွက်လို့ မရဘူး၊ မက်ထရိုပိုလစ်မှာ အနည်းဆုံး တစ်ရက်တော့ ရှိနေဖို့က ငါတို့ရဲ့ တာဝန်နဲ့ ဝတ္တရားလေ" လို့ ဂီလာမိုက ယဉ်ကျေးစွာ ငြင်းပယ်လိုက်တယ်။
"မစိုးရိမ်ပါနဲ့" လို့ မိုက်ကယ်က သူ့ရဲ့ စိုးရိမ်မှုတွေကို လက်ခါပြရင်း ပြောလိုက်တယ်။ "မိနစ်အနည်းငယ်ပဲ ကြာမှာပါ"
မိုက်ကယ်က သူ့ရဲ့ အရိပ်ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုလိုက်ပြီး သူ့ရဲ့ အရိပ်က သူတို့ သုံးယောက်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့တော့တယ်။
* * * * * * * *
စာစဉ်(၅၇)