အခန်း ၆၇၇
Vol. 57 Ch. 677
အခန်း(၆၇၇)
မက်ထရိုပိုလစ်ရဲ့ သန်းခေါင်ယံ အမှောင်ထုထဲမှာ လူတစ်စုဟာ ဘယ်အလင်းရောင်မှ မရှိတဲ့ အခန်းတစ်ခန်းထဲကို စုဝေးရောက်ရှိနေကြတယ်လေ။ ဒါပေမဲ့လည်း ဒီမှောင်မည်းနေတဲ့ နယ်မြေထဲက အခန်းတွင်းမှာ ရှိနေတဲ့သူတွေကတော့ လမ်းလျှောက်သွားလာဖို့အတွက် သိပ်ပြီး အခက်အခဲ ရှိပုံမရကြပါဘူး။
သူတို့အားလုံးက လမ်းလျှောက်လိုက်ရင် မြေပြင်ပေါ်ကို တရွတ်တိုက် ပါသွားလောက်တဲ့အထိ ရှည်လျားတဲ့ အနက်ရောင် ဝတ်ရုံအရှည်ကြီးတွေကို ဝတ်ဆင်ထားကြတယ်။ သူတို့ရဲ့ ဝတ်စုံပေါ်မှာ ပါရှိတဲ့ တစ်ခုတည်းသော အရောင်ကတော့ လည်ပင်းကနေ အပေါ်ကို ထောင်ထွက်နေတဲ့ ကော်လာအချွန်ကြီးတွေရဲ့ ကြားကနေ လှမ်းမြင်နေရတဲ့ ကတ္တီပါအနီရောင် အတွင်းသားလေးပဲ ဖြစ်တယ်လေ။
ဒီအုပ်စုထဲမှာ ရှိနေတဲ့ အမျိုးသားတွေရော အမျိုးသမီးတွေပါ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက နေရောင်ခြည်ကို လုံးဝ မမြင်ဖူးခဲ့ကြတဲ့အတိုင်း သိပ်ကို ဖြူဖျော့လွန်းနေကြတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကို အလင်းရောင်နဲ့ ထိုးကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ အရေပြားတွေက ဆီလိုမျိုး တောက်ပတဲ့ လက်လက်ထနေတဲ့ အမှုန်အမွှေးတွေကို သုတ်လိမ်းထားသလိုမျိုး တဖိတ်ဖိတ် တောက်ပနေတာကို မြင်တွေ့ရလိမ့်မယ်လေ။
ဒါပေမဲ့ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်မှာ အဆန်းပြားဆုံး အစိတ်အပိုင်းကတော့ သူတို့ရဲ့ နှုတ်ခမ်းနီနီလေးတွေကြားကနေ မသိမသာ ထွက်ပေါ်နေတဲ့ အပေါ်သွားက စွယ်စွယ်ချွန်ချွန် နှစ်ချောင်းပဲ ဖြစ်လိမ့်မယ်။
ဒီသူတွေကတော့ အခြားသူတွေ မဟုတ်ဘဲ မက်ထရိုပိုလစ်ဆီကို လာရောက်လည်ပတ်ကြတဲ့ ဗန်ပိုင်ယာတွေပါပဲ။
သေချာတာပေါ့၊ သာမန်လူသားတွေနဲ့ မတူတာကတော့ သူတို့လို ဗန်ပိုင်ယာတွေဟာ နေရောင်ခြည်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အလင်းတန်းတွေကို မမြင်ကွယ်ရာမှာ ထားနိုင်မယ့် သန်းခေါင်ယံ အမှောင်ထုထဲမှာပဲ လှုပ်ရှားသွားလာလေ့ ရှိကြတယ်။
ဒါတင်မကသေးဘဲ သူတို့က သွေးကို သောက်သုံးခြင်းအားဖြင့်ပဲ အသက်ဆက်ကြတာ ဖြစ်ပြီး အဲဒါထက်လည်း မပိုသလို မလျော့ပါဘူး။
"အားလုံးပဲ တော်ဝင်တိုက်ကြီးမှာ အခုထိ ဘယ်လို ပျော်ရွှင်နေကြလဲ" လို့ ဗန်ပိုင်ယာတွေထဲက တစ်ယောက်က မေးလိုက်တယ်။
သူ့ရဲ့ လက်ထဲမှာတော့ သိုးညှော်နံ့ သင်းသင်းလေး ကျန်ရှိနေသေးတဲ့ ရဲရဲနီနေတဲ့ သွေးခွက်တစ်ခွက် ရှိနေတယ်။
"သူတို့က စိတ်ရင်းကောင်းတဲ့သူတွေပဲ" လို့ အခြားဗန်ပိုင်ယာတစ်ယောက်က ပြန်ဖြေလိုက်တယ်။ "ဒီစီတန်းလှည်လည်ပွဲတစ်ခုတည်းကတင် သူတို့က ငါတို့ကို အခြားမျိုးနွယ်စုတွေလိုပဲ ဂရုတစိုက်နဲ့ လေးလေးစားစား ဆက်ဆံပေးကြတယ်ဆိုတာ ငါ မြင်နိုင်တာပေါ့"
သူတို့အားလုံးက မက်ထရိုပိုလစ်က လူတွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့ကြတယ်။ ဒီနေရာမှာ သူတို့ ရရှိခဲ့တဲ့ ဧည့်ဝတ်ကျေပွန်မှုက တကယ့်ကို ကြည့်ရတာ သိပ်ကို ကောင်းမွန်လွန်းလှပါတယ်။ ဒါပေမဲ့ သေချာတာပေါ့၊ ဒါက သူတို့ရဲ့ စိတ်ရင်းကောင်းသက်သက်ကြောင့်တင် မဟုတ်ဘူးဆိုတာကို သူတို့ သိကြတယ်။ လူသားတွေက သူတို့ဆီကနေ ရနိုင်သမျှ သဲဒင်္ဂါးတွေကို ရအောင် ရှာဖွေဖို့ ရည်ရွယ်ထားကြတယ်ဆိုတာ သူတို့ သိနေပေမဲ့လည်း အဲဒါကို သူတို့အနေနဲ့ စိတ်ထဲ ထားမနေပါဘူး။
ဒါပေမဲ့ မက်ထရိုပိုလစ်မှာ ဒီလို ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပေမဲ့လည်း ဗန်ပိုင်ယာ အားလုံးနီးပါးကတော့ တော်ဝင်တိုက်ကြီးရဲ့ နောက်ထပ် နယ်မြေတစ်ခုဆီကို ခရီးဆက်ဖို့အတွက် အဆင်သင့် ဖြစ်နေကြပြီလေ။
အဲဒါကတော့ သူတို့ ရှာဖွေနေတဲ့ အရာကို ဒီမက်ထရိုပိုလစ်မှာ ရှာတွေ့နိုင်မှာ မဟုတ်ဘူးဆိုတာကို သူတို့ သိထားကြလို့ပါပဲ။
"ငါ့ရဲ့ တစ်ခုတည်းသော အပြစ်ပြောစရာကတော့ ဒီမြို့မှာ ဘုရားကျောင်းတွေ လုံးဝ မရှိတာပဲ" လို့ အမျိုးသမီး ဗန်ပိုင်ယာတစ်ယောက်က မှတ်ချက်ချလိုက်တယ်။ "သူတို့မှာ ကိုးကွယ်ယုံကြည်မှု ယဉ်ကျေးမှု မရှိကြဘူးလေ"
"ဒါကတော့ တတ်နိုင်ဘူးပေါ့။ မက်ထရိုပိုလစ်က အရင်းရှင် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လို့ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာတရားတွေရဲ့ လမ်းစဉ်တွေမှာ သိပ်ပြီး စိတ်ဝင်စားမှု မရှိကြတာလေ"
ဗန်ပိုင်ယာတွေက မက်ထရိုပိုလစ်ဆီကနေ ဘာမှ မလေ့လာနိုင်ခဲ့တာကို နှမြောစရာကောင်းတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ အဲဒါက ကိစ္စမရှိပါဘူး။ သူတို့အနေနဲ့ တော်ဝင်တိုက်ကြီး တစ်ခုလုံးမှာ ဖြတ်သန်းသွားရမယ့် နယ်မြေတွေ အများကြီး ရှိနေသေးတာပဲလေ။
"ငါတို့ ဒီနေရာမှာ နောက်ထပ် ရက်အနည်းငယ်လောက်၊ ဒါမှမဟုတ် အလွန်ဆုံး တစ်ပတ်လောက်ပဲ ဆက်နေကြမယ်" လို့ ဦးဆောင်နေတဲ့ ဗန်ပိုင်ယာတစ်ယောက်က ပြောလိုက်တယ်။
ပြီးတော့ သူတို့ရဲ့ အစည်းအဝေးကို နိဂုံးချုပ်တော့မယ့် အချိန်မှာတင် ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို လင်းနို့တစ်ကောင် ပျံသန်းဝင်ရောက်လာတာကို သူတို့ ရုတ်တရက် မြင်လိုက်ရတော့တယ်။
ဒီလင်းနို့က သူ့ရဲ့ တောင်ပံတွေကို ခတ်လိုက်ပြီး အစည်းအဝေးရဲ့ အလယ်ဗဟိုနားမှာ နေရာယူလိုက်ပြီးတဲ့နောက် သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်က ဗန်ပိုင်ယာတစ်ယောက်အဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့တယ်လေ။
"ငါ့မှာ သတင်းကောင်းနဲ့ သတင်းဆိုး ရှိတယ် လူကြီးမင်းတို့" လို့ အသစ်ရောက်လာတဲ့ ဗန်ပိုင်ယာက ပြောလိုက်တယ်။
"သတင်းကောင်းကနေပဲ စပြောပါဦး"
"သတင်းကောင်းကတော့ မက်ထရိုပိုလစ်က ငါတို့ ထင်ထားခဲ့သလိုမျိုး ဘာသာတရားမဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု လုံးဝ မဟုတ်သေးတဲ့ပုံပဲ။ အခု သူတို့ရဲ့ နိုင်ငံသားတွေကြားမှာ နတ်ဘုရားအသစ်တစ်ခုကို စပြီး ကိုးကွယ်ယုံကြည်လာကြပြီး အသစ်စက်စက် တည်ထောင်ထားတဲ့ ဘာသာတရားတစ်ခုထဲကို ဝင်ရောက်လာကြတဲ့ ရေပန်းစားမှုတစ်ခု ရှိနေတယ်လေ"
သူ့ရဲ့ သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ ဗန်ပိုင်ယာအားလုံးက စိတ်လှုပ်ရှားမှုတွေနဲ့ နားစွင့်လာကြတယ်။ သူတို့က မက်ထရိုပိုလစ်မှာ လှုပ်ရှားသက်ဝင်နေတဲ့ ဘာသာတရားတစ်ခုကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မယ် မဟုတ်ဘူးလို့ ထင်ထားခဲ့တယ်။
"ဒါဆို သတင်းဆိုးက ဘာလဲ" လို့ အခြားဗန်ပိုင်ယာတွေက မေးလိုက်ကြတယ်။
"သတင်းဆိုးကတော့ ငါ အဲဒီ အိုင်းရွန်းမေဒင် လို့ ခေါ်တဲ့ ဘာသာတရားအကြောင်းကို စုံစမ်းစစ်ဆေးပြီးသွားပြီ။ သူတို့က ကမ္ဘာမြေရဲ့ ရုပ်ပိုင်းဆိုင်ရာ နိယာမတွေကို ဆန့်ကျင်နိုင်တဲ့ အံ့ဩစရာကောင်းတဲ့ ယာဉ်တွေကို ဖန်တီးခဲ့တဲ့ သံမဏိအမျိုးသမီးတစ်ယောက်ကို ကိုးကွယ်ကြတာ ဖြစ်ပုံရတယ်။ သူတို့ ကိုးကွယ်တဲ့ နတ်ဘုရားက အခုတလောမှ ပေါ်ပေါက်လာတဲ့သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ ခံစားမိတယ်။ အဲဒါက ငါတို့ ရှာဖွေဖို့ ကြိုးစားနေတဲ့အရာ မဟုတ်ဘူးလေ"
သူ့ရဲ့ စကားတွေအပြီးမှာတော့ ဗန်ပိုင်ယာတွေရဲ့ စိတ်လှုပ်ရှားမှုတွေက ချက်ချင်းဆိုသလို ငြိမ်းသေသွားခဲ့ရတယ်။ သူတို့ ရှာဖွေဖို့ ကြိုးစားနေတဲ့ ဘာသာတရားကတော့ သူတို့ အခု သိထားကြတဲ့ ကမ္ဘာမြေရဲ့ သမိုင်းကြောင်းထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေခဲ့တဲ့ နတ်ဘုရားတစ်ပါးကို ကိုးကွယ်တဲ့အရာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ အိုင်းရွန်းမေဒင် ဘာသာတရားကတော့ အခုတလောမှ တည်ထောင်ထားခဲ့တဲ့ ပုံစံမျိုး ဖြစ်နေတာမလို့ သူတို့ ရှာဖွေနေတဲ့အရာ သေချာပေါက် မဟုတ်နိုင်ပါဘူး။
သူတို့အနေနဲ့ အိုင်းရွန်းမေဒင် ဘာသာတရားဆီကို အနည်းဆုံး တစ်ခေါက်လောက်တော့ သွားရောက်လည်ပတ်ချင်ကြမှာ ဖြစ်ပေမဲ့ အဲဒါထက် ပိုပြီး အချိန်ဖြုန်းဖို့တော့ မတန်ပါဘူး။ တော်ဝင်တိုက်ကြီးရဲ့ သိရှိထားတဲ့ ထောင့်အချို့မှာ သူတို့ ရှာဖွေဖို့ လိုအပ်တဲ့အရာကို ရှာမတွေ့မချင်း သူတို့ရဲ့ ခရီးစဉ်ကိုပဲ ဆက်သွားတာက ပိုပြီး ကောင်းမွန်လိမ့်မယ်လေ။
* * * * * * * *
တစ်ဖက်မှာလည်း၊ ရီနေးတား နိုင်ငံဆီကို ပြန်ရောက်တဲ့အခါမှာတော့ မိုက်ကယ်က သူ့အိမ်မှာ ရှိတဲ့ ဧည့်သည်အိပ်ခန်းတွေထဲက တစ်ခုကို တံခါးခေါက်လိုက်တယ်။
"ငါပါ၊ မိုက်ကယ်ပါ" လို့ သူက အသိပေးလိုက်တယ်။
"အာ... ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ" လို့ ဂူဆာမိုက ပြောလိုက်တယ်။
ရိုလာကိုစတာကို သူ့ဘာသာ မြင်တွေ့ပြီးတဲ့နောက်မှာတော့ ဂူဆာမိုက မိုက်ကယ် ဒီနေရာမှာ လုပ်ဆောင်ခဲ့တဲ့ ယဉ်ကျေးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေအပေါ်မှာ သိပ်ကို စိတ်ဝင်စားသွားခဲ့ရတယ်။ အဲဒါကြောင့်ပဲ သူက ဒါတွေအားလုံးကို လေ့လာခံစားဖို့အတွက် ရက်အနည်းငယ်လောက် ဆက်ပြီး နေထိုင်နေခဲ့တယ်။
မိုက်ကယ်က တံခါးကို ဖွင့်ပြီး အထဲကို လမ်းလျှောက်ဝင်သွားလိုက်တယ်။
အဲဒီအချိန်မှာတင်၊ သူက ကြမ်းပြင်ပေါ်မှာ စက်ဝိုင်းပုံစံအတိုင်း ရေးဆွဲထားတဲ့ ထူးဆန်းတဲ့ သင်္ကေတတွေကို သတိပြုမိလိုက်တော့တယ်။ အဲဒီဘေးပတ်ပတ်လည်မှာတော့ အမွှေးတိုင်နံ့တွေနဲ့အတူ တစ်ဝက်လောက် အရည်ပျော်နေပြီဖြစ်တဲ့ ဖယောင်းတိုင်တွေ ရှိနေတယ်။
ဒါက ဘာသာရေး ထုံးတမ်းစဉ်လာ ကျင့်စဉ်တစ်ခုခုနဲ့ တူနေခဲ့တယ်။
ပြီးတော့ ဒီကမ္ဘာမှာ ဗန်ပိုင်ယာတွေက သိပ်ကို ကိုးကွယ်ယုံကြည်မှု ပြင်းထန်ကြတယ်ဆိုတာကို သူ သတိရသွားခဲ့ရတယ်။ သူ တံခါးခေါက်လိုက်တဲ့အချိန်မှာ ဂူဆာမိုက သူ့ရဲ့ ဆုတောင်းခြင်း အလယ်ဗဟိုမှာ ရောက်နေခဲ့တာ ဖြစ်ရမယ်လေ။
"စိတ်မကောင်းပါဘူး။ ငါ မင်းကို အနှောင့်အယှက် ပေးလိုက်မိတာလား"
ဂူဆာမိုက ခေါင်းခါပြလိုက်တယ်။ "မဟုတ်ပါဘူး။ ငါတို့ရဲ့ နတ်ဘုရားက အချိန်နဲ့ နေရာကို လိုအပ်ချက်မရှိတာမလို့ ငါ့အနေနဲ့ ငါ့ရဲ့ ယုံကြည်မှုကို ငါ အဆင်ပြေတဲ့အချိန်မှာပဲ အလွယ်တကူ ပြန်ပြီး အတည်ပြုနိုင်တာပဲလေ"
ဒါကို ကြားလိုက်ရတဲ့အခါမှာတော့ မိုက်ကယ်က စူးစမ်းလိုစိတ် ဖြစ်သွားခဲ့ရတယ်။ ဗန်ပိုင်ယာတွေက ဘယ်လို ဘာသာတရားမျိုးကို ယုံကြည်ကြတာလဲ။
"မင်း အစောတုန်းက ဗန်ပိုင်ယာတွေက သိပ်ကို ကိုးကွယ်ယုံကြည်မှု ပြင်းထန်ကြတယ်လို့ ပြောခဲ့တယ်နော်။ အဲဒါက ဘာလို့လဲ... မင်းတို့က ဘယ်သူ့ကို၊ ဒါမှမဟုတ် ဘာကို ကိုးကွယ်နေကြတာလဲ" လို့ သူက တိုက်ရိုက်ပဲ မေးလိုက်တော့တယ်။
သူက သူတို့တွေကို လုံးဝ ဆန့်ကျင်ဘက် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တယ်။ သူ့ရဲ့ အရင်ဘဝက လူကြိုက်များတဲ့ ယဉ်ကျေးမှုတွေထဲမှာဆိုရင် ဗန်ပိုင်ယာတွေကို အပြစ်မဲ့သူတွေကို ဖျက်ဆီးပြီး နတ်ဘုရားတွေကို ရွံရှာကြတဲ့ အန္တရာယ်ရှိတဲ့ မိစ္ဆာတွေအဖြစ် သတ်မှတ်ထားကြတာ ဖြစ်လို့ပါပဲ။ သူတို့ ဘုရားကျောင်းထဲကို ဝင်လိုက်တာနဲ့တစ်ပြိုင်နက် မီးတောက်တွေအဖြစ် ပြောင်းလဲသွားတတ်တဲ့ ဗန်ပိုင်ယာတွေရဲ့ ပုံဖော်ချက်တွေ အများကြီး ရှိခဲ့တယ်။
"မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေရဲ့ တာအိုနှလုံးသားက သူတို့ရဲ့ တန်ခိုးစွမ်းအား အရင်းအမြစ်ပဲ။ အဲဒါက ရေလူသားတွေအတွက်ရော၊ နဂါးမျိုးနွယ်ဝင်တွေအတွက်ပါ ငြင်းပယ်လို့မရတဲ့အရာ ဖြစ်သလို ငါတို့ ဗန်ပိုင်ယာတွေအတွက်လည်း အတူတူပါပဲ။ ဒါကြောင့်မလို့ ဘယ်သူမဆို သူတို့ရဲ့ တာအိုနှလုံးသားကို သန်မာလာအောင် လုပ်ဖို့က သိပ်ကို အရေးကြီးတယ်။
အဲဒါကို လုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နဂါးမျိုးနွယ်ဝင်တွေအတွက်ကတော့ သူတို့က ပြင်းထန်ပြီး အန္တရာယ်များတဲ့ တိုက်ခိုက်မှုတွေကတစ်ဆင့် လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ ငါတို့ ဗန်ပိုင်ယာတွေအတွက်ကတော့ ငါတို့က ယုံကြည်ခြင်းကနေတစ်ဆင့် ငါတို့ရဲ့ စွမ်းအားကို ရယူကြတာ။ ငါတို့က နတ်ဘုရားတစ်ပါးကို ပိုပြီး ယုံကြည်လေလေ၊ အဲဒါက အစစ်အမှန်ဖြစ်တယ်လို့ ပိုပြီး ယုံကြည်လေလေ၊ ငါတို့ရဲ့ တာအိုနှလုံးသားကနေ ရရှိမယ့် စွမ်းအားကလည်း သိပ်ကို ကြီးမားထည်ဝါလာလေလေပဲပေါ့"
ပြီးတော့ ဂူဆာမိုက ရေတိုင်ကီရဲ့ အရှေ့မှာ ရှိနေတဲ့ မှန်ကို ညွှန်ပြလိုက်တယ်။ "မင်း အဲဒါကို မြင်လား"
မိုက်ကယ်က မှန်ထဲကို ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ပုံရိပ်ကိုသာ မြင်ရပြီး ဂူဆာမိုရဲ့ ပုံရိပ်ကိုတော့ မတွေ့ရပါဘူး။ သူက အခန်းထဲမှာ တစ်ယောက်တည်း ရှိနေသလိုမျိုး ဖြစ်နေတယ်။
"ဒဏ္ဍာရီတွေအရတော့ တကယ်လို့ ငါတို့ ဗန်ပိုင်ယာတွေသာ ငါတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို ဖန်တီးပေးခဲ့တဲ့ ကိုးကွယ်ရာအရှင်ကို ရှာဖွေပြီး ကိုးကွယ်နိုင်ခဲ့မယ်ဆိုရင် ငါတို့ သေဆုံးခြင်းကတစ်ဆင့် ဆုံးရှုံးသွားခဲ့ရတဲ့ ဝိဉာဉ်ကို ပြန်လည် ရရှိနိုင်လိမ့်မယ်လို့ ဆိုကြတယ်။ ငါတို့ရဲ့ မှန်ထဲက ပုံရိပ်တွေကို ပြန်ပြီး ရနိုင်မှာပေါ့။
ဒါက ငါတို့ရဲ့ ရှာဖွေမှုပဲ။ ဒါပေမဲ့ အဲဒါက ဗန်ပိုင်ယာတွေအတွက်တင်မကဘဲ အားလုံးအတွက်လည်း အတူတူပါပဲ။ ဘာလို့လဲဆိုတော့ ငါတို့ ကိုးကွယ်မယ့် ကိုးကွယ်ရာအရှင်က မင်းတို့ လူသားတွေ အသုံးပြုနေတဲ့ စွမ်းရည်တွေကိုလည်း ဖန်တီးပေးခဲ့တဲ့သူ ဖြစ်လို့ပဲလေ"
* * * * * * * *
စာစဉ်(၅၇)