← Chapters

အခန်း ၆၇၉

Vol. 57 Ch. 679

အခန်း ၆၇၉

Vol. 57 Ch. 679

အခန်း(၆၇၉)

မိုက်ကယ်က စိတ်မပါလက်မပါဘဲနဲ့ ရီနေးတား နိုင်ငံတော်ရဲ့ ကောင်းကင်ယံထက်ဆီမှာ ဂီလာမိုရဲ့ နောက်ကို လိုက်ပါသွားခဲ့ပြီးတဲ့နောက် လင်းနို့ကြီးက ရှေးဟောင်းပုံစံ ဗိသုကာလက်ရာမျိုးကို အတုယူပြီး ပြုလုပ်ထားတဲ့ သတ္တုဘုရားကျောင်းအသေးလေးတစ်ခုရဲ့ အနီးမှာ ဆင်းသက်လိုက်တယ်။

သူတို့နှစ်ယောက်လုံး တံခါးပေါက်နားမှာ ဆင်းသက်လိုက်တော့ ဘုရားကျောင်းနံရံတွေပေါ်က အိုင်းရွန်းမေဒင် သင်္ကေတမျိုးစုံကို မြင်လိုက်ရတယ်။ သတ္တုအမျိုးသမီးတစ်ယောက်က သူမအောက်က လူသားတွေကို မော်တော်ကားတစ်စီး လက်ဆောင်ပေးနေသလိုမျိုး လက်နှစ်ဖက်ကို ဘေးဘက်ဆန့်တန်းထားတဲ့ ကြင်နာတတ်တဲ့ ပုံစံတွေကို သရုပ်ဖော်ထားတယ်။

အရှေ့ဘက်က ရေပန်းပေါ်မှာတော့ နတ်ဘုရားမရဲ့ သတ္တုရုပ်တုကို စိုက်ထူထားပြီး ရေပန်းကနေ ပန်းထွက်နေတဲ့ ရေတွေက အဝေးကနေ ကြည့်နေကြတဲ့ ကလေးတွေကို ဖျော်ဖြေပေးနေတယ်။

"စိတ်ဝင်စားစရာပဲ" လို့ ဂီလာမိုက ဗန်ပိုင်ယာပုံစံ ပြန်ပြောင်းသွားရင်း ပြောလိုက်တယ်။ "ဒီဘုရားကျောင်းက တော်တော်လေး ကြည်ညိုစရာကောင်းတယ်၊ ဒါကို တည်ဆောက်ခဲ့တဲ့သူရဲ့ ယုံကြည်ချက်ကို နံရံတွေဆီကနေတစ်ဆင့် ငါ ခံစားသိရှိနိုင်တယ်"

"အင်း... သေချာတာပေါ့" လို့ မိုက်ကယ်က လှောင်ပြောင်တဲ့လေသံနဲ့ ပြန်ဖြေလိုက်တယ်။

သူတို့နှစ်ယောက် တံခါးကနေ ဝင်သွားတဲ့အခါ ဘေးဘက်မှာ ထိုင်ခုံတန်းရှည်တွေ ရှိနေပြီး အရှေ့ဘက် ယဇ်ပလ္လင်ဆီ ဦးတည်သွားတဲ့ အနီရောင်လမ်းလျှောက်လမ်းလေး ပါဝင်တဲ့ သတ္တုအခန်းကြီးတစ်ခုကို တွေ့လိုက်ရတယ်။

ထိုင်ခုံတန်းတွေပေါ်မှာ ဒူးထောက်နေကြတဲ့ ရီနေးတားပြည်သူ အနည်းငယ် ရှိနေပြီး ယဇ်ပလ္လင်မှာ ပုံဖော်ထားတဲ့ သတ္တုနတ်ဘုရားမဆီကို ဆုတောင်းနေကြပုံရတယ်။

"ဒီအိုင်းရွန်းမေဒင်က တော်တော်လေး ထူးခြားတဲ့ ဘာသာတရားတစ်ခုပဲ၊ ကြည့်ရတာ... ခေတ်မီတဲ့ပုံပဲ"

"ခေတ်မီတယ်၊ ဟုတ်တယ်" လို့ မိုက်ကယ်က ခေါင်းညိတ်ပြလိုက်တယ်။ "ဒါက မင်းရှာနေတဲ့ ဘာသာတရားတော့ သေချာပေါက် မဟုတ်ဘူး... မင်း စူးစမ်းချင်စိတ် ပြေသွားပြီလား၊ ငါတို့ သွားကြတော့မလား" လို့ သူက ဂီလာမိုကို မေးလိုက်ပေမဲ့ ဗန်ပိုင်ယာက ခေါင်းယမ်းလိုက်ပြီး အရှေ့ဘက်ခုံတန်းမှာ နေရာယူလိုက်တယ်။

ဂီလာမိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ့ဘေးကလူတွေ ဝတ်ပြုဆုတောင်းနေတဲ့ပုံစံကို အတုယူလိုက်တယ်။ သူ့လက်တွေက သတ္တုထိုင်ခုံတန်းကို ထိတွေ့လိုက်ပြီး အိုင်းရွန်းမေဒင်ဆီက ရင်းနှီးတဲ့ တစ်စုံတစ်ရာနဲ့ အဆက်အသွယ် ရသွားတဲ့အခါ သူ မျက်လုံးတွေကို မှိတ်လိုက်တယ်။

အဲဒီအချိန်မှာပဲ မိုက်ကယ်ကတော့ သူ့ခြေထောက်အောက်က အရိပ်လေးက မိုချီမုန့်ပုံစံလေးအဖြစ် ပြောင်းလဲသွားချိန်မှာ ဘေးဘက်မှာပဲ ရပ်နေခဲ့တယ်။

"သခင်... သခင်က အိုင်းရွန်းမေဒင်ရဲ့ ရွေးချယ်ခံဆိုတာကို နောက်ဆုံးတော့ လက်ခံလိုက်ပြီလား" လို့ ဖတ်ချ်က စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။ ဒါက မိုက်ကယ်အနေနဲ့ ဘုရားကျောင်းတစ်ခုကို ပထမဆုံးအကြိမ် လာရောက်ဖူးတာ ဖြစ်သလို သူ့ရဲ့တည်ရှိမှုကို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်တယ်။

"မဟုတ်ဘူး၊ စူးစမ်းချင်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို အဖော်လိုက်ပေးရုံပါ" လို့ သူက ပြန်ဖြေလိုက်တယ်။ "ပြီးတော့ အိုင်းရွန်းမေဒင်က နတ်ဘုရားတစ်ပါးဆိုတဲ့ အချက်ကို ငါ အခုထိ လုံးဝ လက်မခံနိုင်သေးဘူး၊ သူမက ရှေးခေတ်က အရမ်း အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် သက်သက်လည်း ဖြစ်နိုင်တာပဲ"

"သခင်... သူမက ကိုးကွယ်ရာအရှင်ဖြစ်ရမယ်၊ မဟုတ်ရင် သူမကိုယ်သူမ သခင်နဲ့ ပေါင်းစပ်လိုက်တာက သူမဘဝရဲ့ အကြီးကျယ်ဆုံးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမယ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ၊ သူမက အရာအားလုံးကို သိမြင်နိုင်စွမ်း ရှိခဲ့မှာ သေချာတယ်"

သေချာတာကတော့ မိုက်ကယ်က လက်မခံသေးဘူးလေ။ "ဟင့်အင်း... ငါ့စကားအတိုင်းပဲ ငါ ရပ်တည်မှုမပြောင်းဘူး..."

အဲဒီအချိန်မှာပဲ သူ့မျက်လုံးထောင့်ကနေ လှုပ်ရှားနေတဲ့ တစ်စုံတစ်ရာကို မြင်လိုက်ရတာကြောင့် သူ့စကားသံတွေ တိတ်ဆိတ်သွားခဲ့တယ်။

သူက ထိုင်ခုံတန်းတွေဘက်ကို လှည့်ကြည့်လိုက်တော့ ဂီလာမိုရဲ့ ခန္ဓာကိုယ်ကြီး တုန်ခါနေတာကို တွေ့လိုက်ရတယ်။ ဒါတင်မကဘဲ ရှည်လျားတဲ့ ဝတ်ရုံနက်ကြီးအပြင်ဘက်ကို ထွက်နေတဲ့ အရေပြားတွေက နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နေရသလိုမျိုး တောက်ပလာခဲ့တယ်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

တစ်ခုခု လွဲချော်သွားပြီလို့ ထင်လိုက်တာကြောင့် သူ လန့်သွားခဲ့တယ်။ ဂီလာမိုရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေများ ရှိနေသလားဆိုတာကို ကြည့်ဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်တယ်။

ရုပ်ရှင်တွေထဲကလို ဂီလာမိုတစ်ယောက် အခိုးအငွေ့တွေအဖြစ် ပြောင်းလဲသွားမလားဆိုပြီး သူ စိုးရိမ်နေခဲ့ပေမဲ့ အဆင့်မြင့်စွမ်းရည်ကို သုံးလိုက်တဲ့အခါ ဂီလာမိုရဲ့ ခန္ဓာကိုယ်ထဲက သေမင်းတမန်စွမ်းအင်တွေက အားနည်းသွားတာမျိုး မဟုတ်ဘဲ ပိုပြီး သန်မာလာနေတာကို သူ မြင်တွေ့လိုက်ရတယ်။

ဒါတင်မကသေးဘဲ ဂီလာမိုရဲ့ တာအိုနှလုံးသားဆီကနေ တိုက်ရိုက်ထွက်ပေါ်လာတဲ့ အားကောင်းတဲ့ တန်ခိုးစွမ်းရည်တစ်ခု ပျံ့လွင့်လာတာကြောင့် သူ့ပတ်ဝန်းကျင်မှာ ဖိအားတစ်ခုကို စတင် ခံစားလာရတယ်။ သူ့ရဲ့ ဒရုန်းအမြင်ကို သုံးလိုက်တာက အဲဒီအချက်ကို သက်သေပြနေတယ်။

ဂီလာမိုရဲ့ နှလုံးသားထဲက လိမ္မော်ရောင်အလင်းတန်းလေး ပိုမိုတောက်ပလာတာကို သူ မြင်လိုက်ရတယ်။

ဒီလိုဖြစ်ရပ်မျိုးကို အရင်ကလည်း သူ မြင်ဖူးခဲ့တယ်။ နစ်စီလေး ရိုလာကိုစတာထဲ ပထမဆုံးအကြိမ် ဝင်သွားတုန်းက သူမရဲ့ နှလုံးသား ကြီးထွားလာဖို့ လုံလောက်တဲ့ လှုံ့ဆော်မှုတွေ စတင်ရရှိလာချိန်မှာ အတိအကျ အတူတူပဲ ဖြစ်ခဲ့တာကို သူ မြင်တွေ့ခဲ့ရတာလေ။

အခုတော့ ဘယ်လိုဖြစ်တယ်မသိပေမဲ့ ဒီလိုဆုတောင်းမှုလေးက ဂီလာမိုကို အဲဒီလို တူညီတဲ့ ကြီးထွားမှုမျိုး ခံစားရစေခဲ့တယ်။

"ကြည့်စမ်းပါ သခင်၊ ဟိုလူတောင် သခင့်ထက် အိုင်းရွန်းမေဒင်ကို ပိုပြီး ယုံကြည်နေတယ်" လို့ ဖတ်ချ်က ပြောလိုက်တယ်။

ဗန်ပိုင်ယာတွေက သူတို့ရဲ့ တာအိုနှလုံးသားကို လှုံ့ဆော်ဖို့အတွက် ဘာသာတရားနဲ့ ယုံကြည်မှုကို အသုံးပြုကြတယ်ဆိုတာကို သတိရလိုက်တာမို့ မိုက်ကယ်က ခဏတာ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ ဒီလိုမျိုး အလုပ်ဖြစ်လိမ့်မယ်လို့ သူ တကယ်ကို မထင်ထားခဲ့ဘူးလေ။

ဒီဖြစ်ရပ်ကို ခံစားနေရချိန်မှာ ဂီလာမိုရဲ့ မျက်နှာပေါ်က အံ့ဩတုန်လှုပ်နေတဲ့ အမူအရာကို ကြည့်ရတာ ဒါက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုး မဟုတ်ဘူးဆိုတာ သေချာပြောလို့ရတယ်။ ဒါက သူ့အတွက်တောင် အသစ်အဆန်း ဖြစ်နေတာပဲ။

ဂီလာမိုဆီကနေ အဲဒီလို တုံ့ပြန်မှုမျိုး ထွက်ပေါ်လာစေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူတို့ ရှာဖွေနေတဲ့ နတ်ဘုရားနဲ့ ဆက်စပ်နေလို့သာ ဖြစ်မယ်ဆိုတာကိုပဲ သူ တွေးမိတော့တယ်။

"မဖြစ်နိုင်တာ" လို့ သူက အသံထွက် ရေရွတ်လိုက်တယ်။

နောက်ဆုံးမှာတော့ ဂီလာမိုက အသိပြန်ဝင်လာပြီး အသက်ရှူမှန်အောင် ကြိုးစားရင်း မောဟိုက်စွာနဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။

"ဟား... ဟား... အဲဒါ ငါတို့ရဲ့ ကိုးကွယ်ရာအရှင်ပဲ" လို့ ဂီလာမိုက အော်ပြောလိုက်တယ်။

"ဟာ... ဘယ်လိုဖြစ်ရတာလဲ"

* * * * * * * *

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ဂီလာမိုက သူ ခံစားလိုက်ရတဲ့ တုန်လှုပ်မှုကနေ နောက်ဆုံးတော့ ပြန်လည်သက်သာလာခဲ့တယ်။

သူက မယုံကြည်နိုင်တဲ့ မျက်နှာပေးနဲ့ မိုက်ကယ်ကို ကြည့်လိုက်တယ်။ "ဒီအိုင်းရွန်းမေဒင်က ငါတို့ ရှာနေတဲ့သူပဲ"

မိုက်ကယ်က သူ့ကို ကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းရဲ့ ကိုးကွယ်ရာအရှင်က ဖန်ဆင်းခြင်းနဲ့ သဘာဝတရားကို ကိုယ်စားပြုတဲ့သူလို့ မင်း ငါ့ကို ပြောခဲ့တယ်လေ၊ ဒါပေမဲ့ အိုင်းရွန်းမေဒင်က အဲဒါနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ၊ သူမက သဘာဝမဟုတ်တဲ့၊ လူသားတွေက ဖန်တီးထားတဲ့ ပန်းပဲပညာကို ကိုယ်စားပြုတဲ့သူလေ၊ သူမက စက်ရုပ်ကြီးပါ"

သူ ဘယ်လိုပဲ ပြောပြော ဂီလာမိုကတော့ လက်မခံဘဲ ခေါင်းမာနေခဲ့တယ်။ မိုက်ကယ်ကို မော့ကြည့်လိုက်တဲ့ သူ့မျက်နှာပေါ်မှာ ရူးသွပ်နေတဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်။

"ကပ်ဘေးကြီးကနေ အသက်ရှင်လွတ်မြောက်ဖို့အတွက် ကိုးကွယ်ရာအရှင်မက သူမရဲ့ ရုပ်သွင်တစ်ခုလုံးကို လုံးဝ ပြောင်းလဲပစ်ခဲ့တယ်လို့ ဆိုကြတယ်၊ အဲဒါကြောင့် ငါတို့ ဗန်ပိုင်ယာတွေအတွက် သူမကို ခြေရာခံဖို့ ပိုပြီး ခက်ခဲသွားရတာပဲ၊ ပြီးတော့ သူမ ရွေးချယ်လိုက်တဲ့ ရုပ်သွင်က အခု မင်းတို့ ခေါ်နေတဲ့ အိုင်းရွန်းမေဒင်ပုံစံ ဖြစ်နေပုံရတယ်"

"သူမက ငါတို့ ရှာဖွေနေတဲ့ နတ်ဘုရားမပဲ၊ ငါ သေချာတယ်၊ အဲဒါက မူလဗန်ပိုင်ယာကြီး ငါတို့အတွက် ချန်ထားခဲ့တဲ့ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းပဲ၊ အချိန်တွေနဲ့အမျှ ပျောက်ကွယ်သွားတဲ့ ကိုးကွယ်ရာအရှင်မကို ငါတို့ ကိုးကွယ်ဆုတောင်းခဲ့မယ်ဆိုရင် ငါတို့ရဲ့ ခန္ဓာကိုယ်တွေက ပီတိတွေ ဖြစ်ပေါ်လာစေမယ့် တုံ့ပြန်မှုမျိုးကို ပြသလိမ့်မယ်လို့ ဆိုထားတယ်လေ"

ဂီလာမိုကတော့ သူ မှန်ကန်တယ်ဆိုတာကို သူ့ရဲ့ တစ်ကိုယ်လုံးက အာရုံကြောတွေကနေတစ်ဆင့် သိရှိခံစားနေရတယ်။

မိုက်ကယ်ကလည်း ဂီလာမိုရဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားကို မြင်တွေ့ပြီးနောက်မှာတော့ အဲဒီစကားကို ဆက်ပြီး ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူးလေ။

ကြည့်ရတာ အိုင်းရွန်းမေဒင်က သူတို့ ရှာဖွေနေတဲ့ ကိုးကွယ်ရာအရှင်မ အစစ်အမှန် ဖြစ်နေပုံရတယ်။

"အို... ကြီးမြတ်လှတဲ့ ဂိုင်ယာ... နောက်ဆုံးတော့ သင့်ရဲ့ တန်ခိုးရှင်ဖြစ်ကြောင်း ခြေရာခံကို ငါတို့ ရှာတွေ့ခဲ့ပါပြီ" လို့ ယဇ်ပလ္လင်ပေါ်က အိုင်းရွန်းမေဒင် ရုပ်တုရှေ့မှာ ဒူးထောက်ရင်း ဂီလာမိုက ချီးမွမ်းပြောဆိုလိုက်တယ်။

'ဒါဆို အိုင်းရွန်းမေဒင်ရဲ့ နာမည်ရင်းက... ဂိုင်ယာပေါ့'

"ဟီး ဟီး ဟီး ဟီး ဟီး..."

မိုက်ကယ်က သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ နင်ဂျာစလိုင်းမ်လေးရဲ့ မျက်နှာပေါ်က အပြုံးကျယ်ကြီးတစ်ခုကို မြင်လိုက်ရတယ်။

ဒါက သူ ကြောက်နေခဲ့တဲ့ အရာပဲလေ။

"ဆရာကြီး... ဆရာကြီးက အိုင်းရွန်းမေဒင်ကို ကြည်ညိုတာလား" လို့ ဖတ်ချ်က ဂီလာမိုဆီ ခုန်သွားရင်း ပြောလိုက်တယ်။

"ဟုတ်တယ်၊ ငါတို့ ဂိုင်ယာ ဒါမှမဟုတ် အိုင်းရွန်းမေဒင်ကို ရှာတွေ့သွားပြီဆိုတော့ ဒါက ငါ့ဘဝရဲ့ ရည်မှန်းချက် ဖြစ်လာပြီ၊ မဟုတ်သေးဘူး၊ ဒီဘာသာတရားကို သူ့ရဲ့ ထိုက်တန်တဲ့ ဘုန်းကျက်သရေနဲ့အတူ ပြန်လည်အသက်သွင်းဖို့က ဗန်ပိုင်ယာမျိုးနွယ်စု တစ်ခုလုံးရဲ့ ရည်မှန်းချက် ဖြစ်လာပြီ"

"ဟီး ဟီး ဟီး ဟီး... တကယ်လား"

ဂီလာမိုက ယုံကြည်ချက်အပြည့်ရှိတဲ့ မျက်လုံးတွေနဲ့ ခေါင်းညိတ်လိုက်တယ်။ "မက်ထရိုပိုလစ်ကို ပြန်ရောက်ရင် တခြားဗန်ပိုင်ယာတွေကို ငါ ဒါကို သတင်းပို့ရမယ်၊ ဒီတွေ့ရှိမှုအကြောင်း သူတို့ကို ငါ အသိပေးရမယ်၊ မိုက်ကယ်... ကျေးဇူးပြုပြီး ငါ့ကို အဲဒီကို ပြန်ပို့ပေးနိုင်မလား"

ဖတ်ချ်မှာ နောက်လိုက်တွေ ပိုများလာတာကို သူ သဘောမကျပေမဲ့၊ ပြီးတော့ အဲဒီနောက်လိုက်ကလည်း ဗန်ပိုင်ယာတစ်ယောက် ဖြစ်နေတာတောင် သူတို့မှာ အမှန်တရားကို သိပိုင်ခွင့် ရှိနေဆဲပဲလေ။

"ကောင်းပြီလေ" လို့ သူက မလိုလားတဲ့ပုံစံနဲ့ ပြန်ဖြေလိုက်တယ်။

* * * * * * * *

စာစဉ်(၅၇)

All Chapters