← Chapters

အခန်း ၆၈၁

Vol. 57 Ch. 681

အခန်း ၆၈၁

Vol. 57 Ch. 681

အခန်း(၆၈၁)

သူ့ရဲ့ ဒရုန်းကသာ ဗန်ပိုင်ယာတွေရဲ့ ညဥ့်နက်ပိုင်းမှာ လူမသိသူမသိ ပုန်းကွယ်နေနိုင်တဲ့ ပင်ကိုယ်စွမ်းရည်ကို ကျော်ဖြတ်ပြီး သူတို့ကို လှမ်းမြင်နိုင်စေမယ့် တစ်ခုတည်းသော အရာ ဖြစ်လိမ့်မယ်လေ။ သူတို့ရဲ့ ပုန်းကွယ်နိုင်စွမ်းက လက်ရှိကမ္ဘာရဲ့ မှော်စွမ်းအင် တည်ဆောက်ပုံအပေါ်မှာ မှီခိုနေတာ မဟုတ်ပါဘူး။ အဲဒါက လက်ရှိတည်ရှိမှုကို တက်ကြွစွာ ပြန်လည်ပြင်ဆင်ပစ်တာ ဖြစ်လို့ မှော်စွမ်းအင်အနေနဲ့ အဲဒါကို တိုက်ဖျက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမဲ့ သူ့ရဲ့ ဒရုန်းကတော့ မှော်စွမ်းအင် သက်သက်တင်မကဘဲ တစ်ခုလုံးကို တည်ဆောက်ထားတာ ဖြစ်တယ်။ သူ့ရဲ့ ဖွဲ့စည်းပုံကို စွမ်းရည်တွေကိုတောင် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ သဟဇာတ ပေါင်းစည်းခြင်း စွမ်းအားကို ဖန်တီးဖို့အတွက် မှော်စွမ်းအင်အားလုံး ပေါင်းစပ်ပြီး ပြုလုပ်ထားတဲ့ မီသရယ်နဲ့ တည်ဆောက်ထားတယ်။ ပြီးတော့ ဒရုန်း ပျံသန်းနိုင်ဖို့အတွက် လုပ်ဆောင်ပေးထားတဲ့ ပတ်လမ်းစနစ်တွေကလည်း ဝိညာဉ်ဆီ အစက်အပြောက်တွေကို ထည့်သွင်းထားတာ ဖြစ်လို့ သူ့ရဲ့ စွမ်းအားက စွမ်းရည်တွေနဲ့ ထပ်တူနီးပါး ဖြစ်နေခဲ့တယ်။

ဒါက သူ ဒရုန်းထဲမှာ ဝယ်ယူခဲ့တဲ့ အဆင့်မြှင့်တင်မှုတွေဟာ မှော်စွမ်းအင်ရော စွမ်းရည်တွေနဲ့ပါ နှစ်ခုလုံး အလုပ်လုပ်တယ်ဆိုတဲ့ သဘောပဲလေ။

ပြီးတော့ ဒရုန်းအရောင်းဆိုင်ထဲမှာလည်း ဒီလို အခြေအနေမျိုးနဲ့ ကောင်းကောင်းကြီး ကိုက်ညီမယ့် ရွေးချယ်စရာ အမြောက်အမြား ရှိနေခဲ့တယ်။

သူက သူ့စိတ်ထဲကို အနက်ရှိုင်းဆုံး အာရုံစိုက်လိုက်ပြီး သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းရဲ့ အဆင့်မြှင့်တင်မှု မျက်နှာပြင်ကို ရှာဖွေလိုက်တယ်။

သူ့ရဲ့ မြင်ကွင်းထဲမှာ ဒရုန်းရဲ့ 3D ပုံရိပ်က ပေါ်လာပြီး ဗိသုကာပုံစံက သူ့ရှေ့တည့်တည့်မှာ ရှိနေသလိုမျိုး စိတ်ကြိုက် ပြင်ဆင်နိုင်ခွင့် ရရှိစေခဲ့တယ်။

[မီသရယ် မှော်ဝင်ပစ္စည်း - ဒရုန်း]

[ရှေးဟောင်း စိတ်ဝိဉာဉ် - ၅ စက်]

[အမြင်အာရုံ]

- - ကင်မရာ

- - - ဒရုန်း အမြင်အာရုံ

- - - မျှဝေ အမြင်အာရုံ

- - -မက်ဂ်နက်တစ် အမြင်အာရုံ = ၃

- - -XXXX

[လက်နက်]

- - သဟဇာတ သေနတ်များ

- - - သဟဇာတ သေနတ်

- - - သဟဇာတ သေနတ် (ဗားရှင်းတူး) = ၂

- - - သဟဇာတ ဗုံး

- - - XXXX

- - စွမ်းရည်

- - - ပစ္စည်းသိုလှောင်ခန်း လဲလှယ်ခြင်း = ၁

- - - XXXX

[ပန်ကာ]

- -ပုန်းကွယ်ခြင်း

- - - အသံတိတ် ပန်ကာ = ၁

- - - XXXX

- - အရှိန်နှုန်း

- - - ဒေါင်လိုက်ပန်ကာနှစ်ခု = ၁

- - - XXXX

[ကိုယ်ထည်]

- - ပုန်းကွယ်ခြင်း

- - - ကိုယ်ရောင်ဖျောက်ခြင်း = ၁

- - - မျက်စိတဆုံး ကိုယ်ရောင်ဖျောက်ခြင်း

- - - အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း = ၃

- - အကာအကွယ်

- - - သဟဇာတ ဒိုင်း = ၁

- - - XXXX

[ချဲ့ထွင်မှု]

- - ဒရုန်းများ

- - - ဒရုန်းအသေးစား

- - - ဒရုန်းအုပ်စု = ၂

- - ပုံစံပြောင်းလဲခြင်း

- - - အရွယ်အစား လျှော့ချခြင်း = ၁

- - - အရွယ်အစား ချဲ့ထွင်ခြင်း = ၁

- - - ပုံသဏ္ဌာန် ပြောင်းလဲခြင်း = ၂

[မှော်ကမ္ဘာငယ်လေး]

- - ရေဂီယို

- - XXXX

သူ ဝယ်ယူချင်တဲ့ ရွေးချယ်စရာအချို့ ရှိနေပေမဲ့လည်း အခု လက်ရှိနဲ့ ဒီနေ့အတွက် တိုက်ရိုက် အကျိုးရှိစေမယ့် အဆင့်မြှင့်တင်မှုတွေကိုပဲ ဦးစားပေးရမယ်ဆိုတာ သူ သိနေခဲ့တယ်လေ။

သေချာတာပေါ့၊ အဲဒါက ဒရုန်းရဲ့ ပုန်းကွယ်နိုင်စွမ်းတွေကို အဆင့်မြှင့်တင်ဖို့ပါပဲ။

မဝယ်မဖြစ် ဝယ်ရမယ့်အရာကတော့ [အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း] အဆင့်မြှင့်တင်မှု ဖြစ်ပြီး ဒရုန်းကို ခိုင်မာတဲ့ အရာဝတ္ထုတွေထဲကနေ ဘာပြဿနာမှမရှိဘဲ တကယ်ကို ဖြတ်သန်းသွားနိုင်စေမှာပေါ့။ တကယ်လို့ သူ ဒါကိုသာ ဝယ်ယူလိုက်ရင် ဗန်ပိုင်ယာအစစ်တွေရဲ့ စခန်းထဲကို ဝင်ပေါက်ရှာဖို့အတွက် တိတ်တဆိတ် လှုပ်ရှားရတဲ့နေရာမှာ အခက်အခဲ ရှိတော့မှာ မဟုတ်ပါဘူး။ သူက သူတို့ရဲ့ နံရံတွေကို ဒီအတိုင်း ဖြတ်သန်းသွားရုံပဲလေ။

နောက်ထပ် အဆင့်မြှင့်တင်မှုကတော့ ပန်ကာတွေအတွက် ဖြစ်ရပါလိမ့်မယ်။

အခုလောလောဆယ် သူ ဝယ်ယူနိုင်တဲ့ တစ်ခုတည်းသော အဆင့်မြှင့်တင်မှုကတော့ [အသံတိတ် ပန်ကာ] ဖြစ်ပြီး အဲဒါက တော်တော်လေးကို ဈေးသက်သာကာ ဝိညာဉ်ဆီ တစ်စက်ပဲ လိုအပ်တာ ဖြစ်တယ်။ သူ ဒီရွေးချယ်စရာကို ဝယ်ယူပြီးရင် ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခု ထပ်ပြီး ပွင့်လာဖို့ပဲ သူ မျှော်လင့်နေတော့တယ်။

ဒါတွေကတော့ အခုလောလောဆယ် သူ့စိတ်ထဲမှာ ရှိနေတဲ့ အဆင့်မြှင့်တင်မှု နှစ်ခုပါပဲ။

[မိုက်ကယ်... ကျွန်မ အကြံပြုချက်တစ်ခု ပေးလို့ ရမလားရှင့်]

ဘာလဲ။

[ဒရုန်းအတွက် အရွယ်အစား လျှော့ချခြင်း အဆင့်မြှင့်တင်မှုကို ဝယ်ယူတာက သူ့ရဲ့ ပုန်းကွယ်နိုင်စွမ်းကို သိပ်ကို ပိုပြီး ကောင်းမွန်လာစေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအဆင့်မြှင့်တင်မှုနဲ့ဆိုရင် ဒရုန်းကို ငှက်ငယ်လေးတစ်ကောင်ရဲ့ အရွယ်အစားအထိ ကျုံ့သွားစေနိုင်ပြီး ပျံသန်းဖို့ လိုအပ်တဲ့ တွန်းအားကို လျှော့ချပေးနိုင်တာမလို့ ပန်ကာတွေက ထွက်လာမယ့် ဆူညံသံတွေကိုလည်း လျှော့ချပေးနိုင်လိမ့်မယ်လေ]

နိုဗာရဲ့ အကြံဉာဏ်က တကယ့်ကို ကျိုးကြောင်းဆီလျော်လှတယ်။ ဒရုန်းက ပိုပြီး သေးငယ်လေလေ၊ ထွက်ပေါ်လာမယ့် ဆူညံသံတွေကလည်း ပိုပြီး သေးငယ်လေလေပါပဲ။ ပြီးတော့ တကယ်လို့ သူသာ အဲဒါကို [အသံတိတ် ပန်ကာ] အဆင့်မြှင့်တင်မှုနဲ့ပါ တွဲဖက်လိုက်မယ်ဆိုရင်တော့ ဒရုန်းဟာ တစ်စုံတစ်ယောက်ရဲ့ နားရွက်နားအထိ တည့်တည့်ရောက်မလာသရွေ့တော့ အဲဒီဆူညံသံကို ကြားရဖို့ မဖြစ်နိုင်သလောက်ပါပဲလေ။

]မင်းပြောတာ မှန်တယ် နိုဗာ။ အဲဒါကိုပါ ငါ့ရဲ့ စာရင်းထဲ ထည့်လိုက်မယ်’

ဒီအဆင့်မြှင့်တင်မှု သုံးခုစလုံး ပေါင်းလိုက်ရင် သူ့အနေနဲ့ စုစုပေါင်း ဝိညာဉ်ဆီ ၅ စက် ကုန်ကျမှာ ဖြစ်ပြီး အဲဒါက လေလံပွဲကနေ သူ့ရဲ့ ပစ္စည်းသိုလှောင်ခန်းထဲမှာ အတိအကျ ကျန်ရှိနေတဲ့ ပမာဏ ဖြစ်တယ်လေ။

မဆိုင်းမတွဘဲ မိုက်ကယ်က ဝယ်ယူခြင်း ရွေးချယ်စရာကို နှိပ်လိုက်တဲ့အခါမှာတော့ ဒရုန်းဟာ သူ့ရဲ့ အသွင်ပြောင်းလဲခြင်းကို စတင်လိုက်တော့တယ်။

မိုက်ကယ်ရဲ့ အပေါ်ဘက် ကောင်းကင်ယံမှာ အချိန်ပြည့် ပျံဝဲနေခဲ့တဲ့ ဒရုန်းဟာ သူ့ဆီကို ဖြည်းဖြည်းချင်း ပြန်လည် ဆင်းသက်လာတယ်။

ဂီလာမိုက သူ့အပေါ်ဘက်ဆီကနေ ကြားလိုက်ရတဲ့ တဝီဝီနဲ့ အသံကြောင့် လန့်ဖျပ်သွားပြီး သူ့ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်တယ်။

ဒရုန်းက ဂီလာမိုနဲ့ သိပ်ကို ဝေးကွာနေသေးတာတောင်မှ ဒရုန်းရဲ့ ပန်ကာသံကို တကယ် ကြားနိုင်ခဲ့တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ ဒါက ဗန်ပိုင်ယာတွေရဲ့ အာရုံခံနိုင်စွမ်းက ပင်ကိုယ်ကတည်းက ဘယ်လောက်အထိ စွမ်းအားကြီးမားလဲဆိုတာကို ပြသနေတာ ဖြစ်တယ်။

ဒါပေမဲ့ သူက ဒရုန်းရဲ့ အသံကို ကြားနေရပေမဲ့လည်း အဲဒါကို လုံးဝ မမြင်ရပါဘူး။ ဂီလာမိုက ပျူရစ် ဗန်ပိုင်ယာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပြီလို့ ထင်မှတ်ပြီး သူ့ကိုယ်သူ အရိပ်တွေနဲ့ အလိုအလျောက် ဖုံးကွယ်လိုက်တယ်။

ဒရုန်းက မိုက်ကယ်ရဲ့ လက်ဖဝါးပေါ်ကို ပြန်လည်ဆင်းသက်ရင်း သူ့ရဲ့ [မျက်စိတဆုံး ကိုယ်ရောင်ဖျောက်ခြင်း] ကို ရုတ်တရက် ပိတ်လိုက်တဲ့ အချိန်ကျမှသာ ဂီလာမိုက အဲဒီဆူညံသံအားလုံးရဲ့ အရင်းအမြစ်ကို နောက်ဆုံးမှာ မြင်တွေ့လိုက်ရတော့တယ်။

"ဒါ... ဒါက ဘာကြီးလဲ" ဂီလာမိုက ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်တယ်။ ပြင်ပက အရာဝတ္ထုတစ်ခု ရောက်ရှိလာတာကို အာရုံမခံနိုင်တာက ဗန်ပိုင်ယာတစ်ယောက်အတွက်တော့ အကြီးမားဆုံး အကြောက်တရားပါပဲလေ။

"ဒါက ငါ့ရဲ့ မီသရယ် လက်နက်လေ" လို့ မိုက်ကယ်က ပြန်လည် ဖြေကြားလိုက်တယ်။ သူက ဒီအခြေအနေတစ်ခုလုံးမှာ ဂီလာမိုရဲ့ တုံ့ပြန်မှုကို သတိပြုမိလိုက်ပြီး ဒရုန်းရဲ့ အဆင့်မြှင့်တင်မှုတွေက ဗန်ပိုင်ယာတွေအပေါ်မှာ သေချာပေါက် အလုပ်လုပ်သေးတယ်ဆိုတာကို သိလိုက်ရလို့ ဝမ်းသာသွားခဲ့ရတယ်။

တကယ်လို့ ဒရုန်းရဲ့ ပန်ကာသံတွေသာ ဒီလောက်အထိ မကျယ်လောင်ခဲ့ရင် ဂီလာမိုက အဲဒါကို လုံးဝ သတိထားမိမှာ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ ဒရုန်းရဲ့ ပုန်းကွယ်နိုင်စွမ်းကို အဆင့်မြှင့်တင်ဖို့ မိုက်ကယ်ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီးတော့တောင် ခိုင်မာစေခဲ့တယ်။

သူ့လက်ထဲမှာ ရှိနေတဲ့ ဒရုန်းရဲ့ ကိုယ်ထည်ထဲကနေ နာနိုမှုန်မွှားလေးတွေက ရုတ်တရက် ထွက်ပေါ်လာပြီး အဆင့်မြှင့်တင်မှု အလုပ်တွေကို စတင်လုပ်ဆောင်ကြတော့တယ်။ အဲဒါက ပန်ကာလေးခုလုံးကို လွှမ်းခြုံသွားပြီး ပိုပြီး ကျော့ရှင်းတဲ့ ပန်ကာဓါးပုံစံနဲ့ ဆူညံသံတွေကို လျှော့ချပေးမယ့် အစွပ်တစ်ခုအဖြစ် ပုံစံပြောင်းလဲပစ်လိုက်တယ်။

နောက်ထပ် အဆင့်မြှင့်တင်မှု နှစ်ခုအတွက်ကတော့ နာနိုမှုန်မွှားလေးတွေက ဒရုန်းရဲ့ အတွင်းပိုင်း ပတ်လမ်းစနစ်တွေပေါ်မှာ အလုပ်လုပ်ကြပြီး ဒရုန်းရဲ့ မော်လီကျူး သိပ်သည်းဆကို ပြောင်းလဲနိုင်မယ့် စနစ်တစ်ခုကို ဖန်တီးကာ အရာဝတ္ထုတွေကို ဖြတ်သန်းသွားလာနိုင်သလို သူ့ရဲ့ ပုံသဏ္ဌာန်ကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်စေခဲ့တယ်။

ဒရုန်းရဲ့ အဆင့်မြှင့်တင်မှု ပြီးဆုံးဖို့အတွက် မိနစ်သုံးဆယ်လောက် ကြာလိမ့်မယ်ဆိုတာ သိနေတာမလို့ မိုက်ကယ်က သူ့ရဲ့ အာရုံကို အခြားကိစ္စရပ်တွေဆီ ပြောင်းလဲလိုက်တယ်။

သူက ဒရုန်းအရောင်းဆိုင်ကို ပြန်လည်ကြည့်ရှုပြီး နောက်ထပ် ဝယ်ယူနိုင်မယ့် အဆင့်မြှင့်တင်မှုတွေအကြောင်းကို စတင် စဉ်းစားလိုက်ပြန်တယ်။

အခု သူ လေလံပွဲကနေ ရရှိခဲ့တဲ့ ဝိညာဉ်ဆီ ၅ စက်လုံး ကုန်ဆုံးသွားခဲ့ပြီဆိုပေမဲ့လည်း သူ့မှာ အဲဒါတွေကို သာမန်အတိုင်း ဝယ်ယူရုံနဲ့တင် ပိုပြီး ရရှိနိုင်မယ့် နည်းလမ်း ရှိနေသေးတာပဲလေ။

တကယ်လို့ သူ ရိဒ်ဆီကနေ ရရှိထားတဲ့ သဲဒင်္ဂါးတွေရဲ့ ကျန်ရှိတဲ့ ပမာဏဖြစ်တဲ့ စုစုပေါင်း သဲဒင်္ဂါး ၆၂,၅၀၀ ကိုသာ အသုံးပြုလိုက်ရင် သူ အသုံးပြုဖို့အတွက် နောက်ထပ် ဝိညာဉ်ဆီ ၆ စက်ကို ဝယ်ယူနိုင်မှာ ဖြစ်တယ်။

ပြီးတော့ သူက ပျူရစ်ဗန်ပိုင်ယာတွေကို ရှာဖွေဖို့အတွက် တာဝန်တစ်ခုကို စတင်တော့မှာ ဖြစ်လို့ သူ့အနေနဲ့ အတတ်နိုင်ဆုံး ပြင်ဆင်ထားမှု ရှိစေရန်အတွက် အဆင့်မြှင့်တင်မှုတွေမှာ ငွေကြေး အမြောက်အမြား အသုံးချဖို့ ဆုံးဖြတ်လိုက်တော့တယ်။

သူက ဂီလာမိုဆီ လှည့်လိုက်ပြီး သူ့ကို စောင့်ဆိုင်းနေဖို့ ပြောလိုက်တယ်။ "ငါ တစ်ခုခု သွားဝယ်ဖို့ မိနစ်အနည်းငယ်လောက် ပျောက်သွားလိမ့်မယ်" လို့ သူက ပြောလိုက်ပြီး သူ့ရဲ့ အရိပ် စွမ်းရည်ကို အသုံးပြုကာ ရီနေးတား နိုင်ငံတော်ဆီကို တယ်လီပို့လုပ်ပြီး ပြန်သွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ၊ ဂီလာမိုကတော့ နောက်ချန်နေခဲ့ပြီး သူ အခုတင် မြင်တွေ့လိုက်ရတဲ့ အရာကို နားလည်အောင် ကြိုးစားနေခဲ့ရတယ်လေ။

သူက မိုက်ကယ်ကို ရိဒ် မိတ်ဆက်ပေးခဲ့တဲ့ လူသား စီးပွားရေးသမား လူငယ်လေးတစ်ယောက်သက်သက်ပဲလို့ ထင်မှတ်ထားခဲ့တာ၊ ဒါပေမဲ့ အဲဒီကောင်လေးမှာ သူ့လို ဗန်ပိုင်ယာတစ်ယောက်ကိုတောင် အံ့အားသင့်သွားစေနိုင်မယ့် လုံးဝ ပုန်းကွယ်နေတဲ့ စွမ်းအားတစ်ခု ရှိနေခဲ့တာ ဖြစ်နေတယ်။

သူ့ရဲ့ စိတ်က ဒရုန်းဆီမှာပဲ လှည့်လည်နေခဲ့တယ်။ အဲဒါကို သူတောင် မမြင်နိုင်ခဲ့ဘူးဆိုတဲ့ အချက်က မိုက်ကယ်မှာ ဗန်ပိုင်ယာတွေထက်တောင် ပိုပြီး ကြီးမားတဲ့ ပုန်းကွယ်နိုင်စွမ်း စွမ်းအား ရှိနေတယ်ဆိုတဲ့ သဘောပဲလေ။

အခု ဗန်ပိုင်ယာတွေဟာ ဝံပုလွေလူသားတွေလိုမျိုး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာမှု မရှိတာ၊ ဒါမှမဟုတ် ရေလူသားတွေလိုမျိုး လျင်မြန်ဖြတ်လတ်မှု မရှိတာ၊ ဒါမှမဟုတ် နတ်သူငယ်တွေလိုမျိုး မှော်ပညာ ပါရမီ မရှိတာ၊ ဒါမှမဟုတ် နဂါးမျိုးနွယ်ဝင်တွေလိုမျိုး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ယုံကြည်မှု အပြည့်အဝ ရှိတဲ့ အရာတစ်ခုကတော့ သူတို့ရဲ့ ပုန်းကွယ်နိုင်စွမ်းပါပဲ။ ဘယ်သူမှ သူတို့ထက် အဲဒီနေရာမှာ ပိုပြီး မတော်နိုင်ကြပါဘူး။

ဒါပေမဲ့ အဲဒီ ပျံသန်းနိုင်တဲ့ လက်နက်ကတော့ သူ မှားနေတယ်ဆိုတာ သက်သေပြလိုက်ပြီလေ။

မိုက်ကယ်က ဒီတာဝန်မှာ သူ့ကို အတူတူ လိုက်ပါဖို့ ဘာကြောင့် ဒီလောက်အထိ ဇွတ်တရွတ် ဖြစ်နေခဲ့လဲဆိုတာကို သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ရပြီပေါ့။ အဲဒီလက်နက်သာ ရှိနေမယ်ဆိုရင် သူတို့အနေနဲ့ မက်ထရိုပိုလစ်ရဲ့ ပြည်သူတွေကို အတိုင်းအဆမရှိ ပျက်စီးဆုံးရှုံးမှုတွေ မလုပ်ဆောင်နိုင်ခင်မှာတင် ပျူရစ် ဗန်ပိုင်ယာတွေကို တားဆီးနိုင်မယ့် အခွင့်အရေးတစ်ခု ရှိနိုင်လိမ့်မယ်လေ။

* * * * * * * *

စာစဉ်(၅၇)

All Chapters