← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

Chapter 211

အစီအစဉ်တင်ဆက်သူက ပရိသတ်ကို တစ်ဖန်ပြန်လည်နိုးဆွပေးလိုက်သည်။ ယနေ့တွင် လုံဟူရှန်းတောင်မှ အမျိုးသမီးတပည့်အချို့က ပုလွေ၊ စောင်းနှင့် သီချင်းများဖြင့် ဖျော်ဖြေကြမည် ဖြစ်သည်။ ကောင်းကင်ဘုံမှ နတ်တေးသံများအလား လေထုထဲတွင် ပျံ့လွင့်နေပြီး ပတ်ဝန်းကျင်ကို သာယာစေသည်။

မနက်ဖြန် ဗိုလ်လုပွဲဖြစ်သည်။ ဝမ်ရှန်းအနေဖြင့် လူရွှင်တော်ပြက်လုံးများအထိပါမလာရန် မျှော်လင့်မိသည်။ သို့သော် သူ၏ဆရာ့အကြောင်းကို သိနေသဖြင့် မည်သည့်အရာမဆိုဖြစ်သွားနိုင်သည်။

ယနေ့တွင် အစီအစဥ်တင်ဆက်သူသည် ချင်ယန်ဇီနှင့်အတူ ဇာတ်ညွှန်းကို ကြိုတင်စစ်ဆေးခွင့်ရခဲ့သည်။ သူ နောက်ထပ် အရေးကြီးမိန့်ခွန်းတစ်ခုပြောကြားမည်ကို သိရှိရသဖြင့် တူရိယာတီးခတ်သူများ စင်ပေါ်မှဆင်းသွားသည်အထိ စောင့်ဆိုင်းပြီးမှ ချင်ယန်ဇီကို စင်မြင့်ပေါ်သို့ တက်ရောက်စကားပြောရန် ဖိတ်ခေါ်လိုက်သည်။

“အားလုံးပဲ မနေ့က ပွဲစဉ်တွေအပြီးမှာတော့...”

ချင်ယန်ဇီက သူ၏မိန့်ခွန်းကို စတင်လိုက်သည်။

ချင်ယန်ဇီ မိန့်ခွန်းစသည်နှင့် ဝမ်ရှန်း ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်မိသည်။ သူသည် ကွင်းအဝင်ဝအနီးတွင် ရပ်တန့်ကာ စင်မြင့်ထက်ရှိ သူ၏ဆရာ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။

“မိတ်ဆွေတို့အားလုံးဟာ ထူးခြားတဲ့ တာအိုအမွေအနှစ်တွေ ရှိကြတဲ့ ဂိုဏ်းတွေက လာကြတာပါ။ ပွဲရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေတို့ဂိုဏ်းရဲ့ အမွေအနှစ်ကို သေးသိမ်သွားစေမှာ မဟုတ်ဘူး။ ကျင့်ကြံသူတွေအနေနဲ့ နည်းစနစ်တွေဆိုတာ ကိုယ့်ရဲ့ တာအိုကို စောင့်ရှောက်ဖို့အတွက်ပဲ ရှိတာဆိုတာ အမြဲအမှတ်ရနေရမယ်။ ကိုယ့်ရဲ့ တာအိုသာ တစ်သက်တာကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒီနေ့ ငါ စိတ်ကြည်လင်နေတာမို့ မိတ်ဆွေတို့အားလုံးကို အကြံအချို့ထပ်ပြီးမျှဝေပေးပါ့မယ်”

ပရိသတ်များထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ သူတို့အမြင်တွင် ချင်ယန်ဇီသည် အမြဲတင်းကျပ်နေသူတစ်ယောက် မဟုတ်ပုံရပေ။ ယနေ့တွင် သူသည် အတော်လေးချဉ်းကပ်ရလွယ်ကူသူအဖြစ် ပေါ်လွင်နေသည်။

၎င်းတို့နှင့်မတူဘဲ ဝမ်ရှန်း၏ မျက်မှောင်အနည်းငယ်ကြုတ်နေဆဲပင်။ ချင်ယန်ဇီ ယနေ့ မိန့်ခွန်းပြောရခြင်း၏ စစ်မှန်သောအကြောင်းရင်းကို သူ၊ စီနီယာအစ်မနှင့် ဟွာသမ္မတနိုင်ငံမှ အဆင့်မြင့်အရာရှိအချို့သာသိကြပေမည်။

မိနစ်အနည်းငယ်မျှ စကားစမြည်ပြောပြီးနောက် ချင်ယန်ဇီက အကြောင်းအရာကို ပြောင်းလဲလိုက်ရာ ပြိုင်ပွဲကွင်းတစ်ခုလုံးတွင် ရယ်မောသံများပဲ့တင်ထပ်သွားသည်။

“အမှန်အတိုင်းပြောရရင် ကွင်းထဲက ကျောက်စာချပ်ပေါ်က အမြင့်မြတ်ဆုံး အင်မော်တယ်ကျမ်းစာကို ထိပ်သီး ၈ယောက်ကိုပဲ လေ့လာခွင့်ပေးတာဟာ အထက်လူကြီးတွေဘက်က သဘောထားကျဉ်းမြောင်းလွန်းရာရောက်တယ်လို့ ငါ ခံစားရတယ်။ ဒီနေ့ပြသတဲ့ စွမ်းအားက အနာဂတ်ရဲ့ စွမ်းအားကို ကိုယ်စားမပြုနိုင်ဘူး”

“ဒါ့အပြင် ကျင့်ကြံသူတွေကို ဒီလိုနည်းနဲ့ ဒိုင်လူကြီးမဆုံးဖြတ်သင့်ဘူး။ တာအိုတိုင်းမှာ သူ့လမ်းစဉ်နဲ့သူရှိကြတာမို့ သူတို့ကြားမှာ အဆင့်အတန်းအစစ်အမှန်ဆိုတာ မရှိဘူး။ ငါကတော့ ငါ့လမ်းကို ငါ လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းတယ်။ သူတစ်ပါးပေးတဲ့ ကျော်ကြားမှုတွေကို ငါက ဘာကိစ္စလိုချင်ရမှာလဲ”

ကျင့်ကြံသူများလည ချင်ယန်ဇီကို အံ့သြတုန်လှုပ်စွာကြည့်လိုက်မိကြသည်။ စည်းမျဉ်းတွေ တကယ်ပင် ပြောင်းလဲတော့မှာလား။ ကျောက်စာချပ်ကို အများပြည်သူကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးတော့မှာလား…၊၊

ချင်ယန်ဇီက ပြုံးလျက် သက်ပြင်းချကာ သူတို့ကို ဆက်လက်ရင်ခုန်စေလေသည်၊၊

“စိတ်မကောင်းစရာကတော့ ဒီကျောက်စာချပ်ဟာ ငါ့ပိုင်ဆိုင်မှုမဟုတ်ဘူး။ ဒါဟာ အစိုးရက လပေါ်ကနေ အပင်ပန်းခံယူဆောင်လာခဲ့တာ ဖြစ်တယ်။ စည်းမျဉ်းတွေက သတ်မှတ်ပြီးသားမို့ ငါတို့လိုက်နာရပါမယ်”

ကျင့်ကြံသူအများအပြားမျက်လုံးပြူးသွားကြသော်လည်း ချင်ယန်ဇီကတော့ မမြင်ပေ။

ထိုစဉ် ကောင်းသခင်က မေးလိုက်သည်၊၊

“ရောင်းရင်း ချင်ယန်ဇီ…. ကျောက်စာချပ်ပေါ်မှာ ဘယ်လို အင်မော်တယ်ကျမ်းစာရေးသားထားသလဲဆိုတာ မေးလို့ရမလား”

“ကျုပ်လည်း အပြည့်အဝနားမလည်သေးပါဘူး။ ဒါပေမဲ့ တစ်ကြိမ်တော့ မြင်တွေ့ခွင့်ရခဲ့ဖူးတယ်။ ဒီနေ့ တက်ရောက်လာကြတဲ့ တာအိုမိတ်ဆွေအားလုံးကို ကျင့်ကြံခြင်းနည်းလမ်းတွေမပါဝင်တဲ့ ပထမဆုံးစာသားအချို့ကို မျှဝေပေးဖို့ လိုလားပါတယ်”

လာပြီ…၊၊

ရှေးဟောင်းလေသံဖြင့် ချင်ယန်ဇီက ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်သည်။

“ချီတစ်မျှင်က ယင်နဲ့ယန်ကို ပြောင်းလဲစေတဲ့အတွက် ဆန့်ကျင်ဘက်နှစ်ပါးကနေ အရာအားလုံးကို မွေးဖွားပေးတယ်။ ကောင်းကင်နဲ့မြေကြီးက နေနဲ့လကို ထိန်းချုပ်ထားပေမဲ့ တာအိုလမ်းကတော့ မူလပရမ်းပတာအခြေအနေမှာပဲ တည်ရှိတယ်...”

သူသည် ယုံကြည်မှုအပြည့်ဖြင့် ယင်ယန်လျှို့ဝှက်ကျမ်း၏ စာလုံးရေ ၈၀ပါဝင်သော နိဒါန်းကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

ကွင်းထဲသို့ ဝင်ရောက်ရန်ပြင်ဆင်နေကြသော ကျင့်ကြံသူများထဲတွင် နေရာအသီးသီး၌ ထိုင်နေကြသော လူငယ်အချို့၏ မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများပေါ်ထွက်လာသည်။ သို့သော် ထိုအမူအရာများက ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသဖြင့် ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်ရှိနေလေသည်။

ချင်ယန်ဇီသည် ထိုနိဒါန်းကို စိတ်ကူးပေါက်၍ ရွတ်ဆိုခဲ့ခြင်းမဟုတ်ပေ။

ဝမ်လင်ချွမ်း ထုတ်ဖော်ပြောကြားခဲ့သည့် သတင်းအချက်အလက်များအရ ၎င်းတို့ဂိုဏ်း၏ အဓိကဂိုဏ်းဝင်များသည် ယင်ယန်လျှို့ဝှက်ကျမ်းကို တွေ့သည်ဖြစ်စေ၊ ကြားသည်ဖြစ်စေ မှတ်မိနိုင်စေရန်အတွက် ဤနိဒါန်းမှ စာသားအချို့ကို မှတ်သားထားကြရသည်။ အစိုးရက မဖမ်းဆီးမီ မိစ္ဆာဓားများကို မွေးမြူပေးခဲ့ရသည့် ဓားကျွန်ကဲ့သို့သော စမ်းသပ်ခံများနှင့် အပြင်စည်းတပည့်များသာ ခြွင်းချက်ဖြစ်သည်။

ချင်ယန်ဇီက နိဒါန်းတစ်ခုလုံးကို အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုပြလိုက်ခြင်းဖြင့် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက အသည်းအသန်လိုက်လံရှာဖွေနေသည့် ယင်ယန်လျှို့ဝှက်ကျမ်းသည် သူတို့ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အစိုးရလက်ထဲတွင် ရှိနေကြောင်း ရှင်းလင်းစွာအချက်ပြလိုက်ခြင်းဖြစ်သည်။

ကောင်းကင်ဘုံမှ မသေမျိုးများ ဆင်းသက်၍ တာအိုပြန့်ပွားစေခဲ့သည့် ရှေးဟောင်းဒဏ္ဍာရီများ၊ လပေါ်မှ ယူဆောင်လာခဲ့သော ကျောက်စာချပ်နှင့် ပုယွီသည် ယင်ယန်တာအိုတွင် အလွန်ကျွမ်းကျင်သည်ဟူသောအချက်တို့ကို ပြန်လည်စဉ်းစားကြည့်လျှင်...

အချို့သောအရာများသည် ဆက်စပ်မတွေးတောခြင်းက အကောင်းဆုံးပင်။ သို့သော် စိတ်ထဲတွင် စတင်ဆက်စပ်မိသွားသည်နှင့် သက်သေအထောက်အထားတိုင်းက လမ်းကြောင်းတစ်ခုတည်းသို့သာ ညွှန်ပြနေတော့သည်။ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ အမြင်တွင်မူ အမြင့်မြတ်ဆုံးတာအိုကျမ်းစာပါဝင်သည်ဆိုသော လပေါ်မှ ကျောက်စာချပ်သည် အတိတ်က သူတို့ထံမှ လုယူသွားခံခဲ့ရသည့် လျှို့ဝှက်ကျမ်းစာဖြစ်သော ယင်ယန်လျှို့ဝှက်ကျမ်းဖြစ်နေနိုင်ချေ အလွန်များလှသည်။

ပရိသတ်ကြားတွင် ပုန်းအောင်းနေသော ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသားများသည် ထိုသတင်းကို အပြင်သို့ ပေးပို့ပြီးဖြစ်ကြသည်။ အဆင့်သတ်မှတ်ပွဲစဉ်များထဲသို့ ဝင်ရောက်နေသူများသည် လောလောဆယ်ပြင်ပကမ္ဘာနှင့် ဆက်သွယ်၍မရသော်လည်း တစ်ယောက်ချင်းစီက ဆုံးဖြတ်ချက်တစ်ခုစီချမှတ်ပြီးသားဖြစ်နေကြပြီ။

ကွင်းလေးခုစလုံး အဆင်သင့်ဖြစ်ပြီဖြစ်၍ ဒိုင်လူကြီးများ ကွင်းထဲသို့ ဝင်ရောက်လာကြသည်။ ဝမ်ရှန်းသည် ကောင်းရှီရှင်း၏နောက်မှ လိုက်ပါရင်း ပိုင်းဟူကွင်း၏ ကွင်းဒိုင်လူကြီးအဖြစ်တာဝန်ယူလိုက်သည်။

အင်မော်တယ်တာအိုညီလာခံ၏ ဒုတိယမြောက်နေ့ကို တရားဝင်စတင်လိုက်ပြီ ဖြစ်သည်။

ပြိုင်ပွဲဝင်ကျင့်ကြံသူများ ကွင်းထဲသို့ စတင်ဝင်ရောက်လာစဉ် ကောင်းရှီရှင်းက ဝမ်ရှန်းအနားသို့ လျှောက်လာပြီး ခပ်တိုးတိုးပြောသည်။

“ငါတို့ ကိုင်တွယ်ရမယ့်သူရှိရင် မင်းသာ ညွှန်ပြလိုက်။ ငါ ရှင်းလိုက်မယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်သေးဘူး။ အစီအစဉ်ပေါက်ကြားသွားနိုင်တယ်”

“ကျေးဇူးတင်ပါတယ် ဆရာဦးလေး” ဝမ်ရှန်းက အလျင်အမြန် ပြန်ပြောလိုက်သည်။

ညိုမှောင်သော အသားအရေရှိသည့် ပိန်ပိန်ပါးပါးတာအိုဆရာကြီးသည် ကွင်းလယ်သို့ ပြန်လည်လျှောက်လှမ်းသွားသည်။ ကွင်းဘေးတွင် ပွဲစဉ်တစ်ခုချင်းစီ၏ တိုက်ခိုက်သူနှစ်ဦး အမည်များနှင့် ယှဉ်ပြိုင်ရန် စောင့်ဆိုင်းနေသူများ၏ အလှည့်ကို အချိန်နှင့်တပြေးညီ ပြသပေးသည့် မျက်နှာပြင်တစ်ခုတပ်ဆင်ထားသည်။

ဝမ်ရှန်းက လည်ချောင်းတစ်ချက်ရှင်းကာ ကြေညာလိုက်သည်။ “ခုန်းတုံးတောင်က ဟန်ကျန်းဇီနဲ့ ကျန်းတန်မုန့်မိသားစုက မုန့်ဖန်းလောင်။ ကွင်းထဲကို ဝင်ရောက်ပေးပါ”

လူငယ်ကျင့်ကြံသူတစ်ဦးနှင့် သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးတို့က ဘေးလိုင်းမှ ဝင်ရောက်လာကြသည်။ နှစ်ဦးစလုံးက ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး မျက်လုံးများတွင်လည်း စိတ်အားထက်သန်မှုများပြည့်နှက်နေကာ ပြင်းထန်သော တိုက်ပွဲ ၁၀ပွဲအတွက် အပြည့်အဝပြင်ဆင်လာကြကြောင်း ထင်ရှားလှသည်။ သူတို့သည် ပြိုင်ပွဲဝင်ကတ်ပြားများကို ကောင်းရှီရှင်းထံ အပ်နှံကြသည်။

သူတို့၏ အထောက်အထားများကို သေချာစွာ စစ်ဆေးပြီးနောက် ကောင်းရှီရှင်းက “ခြေလှမ်းဆယ်လှမ်း နောက်ဆုတ်ပါ။ တိုက်ခိုက်တဲ့အခါ ထိမိရုံတင် ရပ်တန့်ပေးပါ”

နှစ်ဦးစလုံးက လိုက်နာကာ ဆယ်မီတာကျော်အကွာအဝေးတွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် နောက်ဆုတ်သွားကြသည်။ သူတို့တွင် ပြင်ဆင်ရန် စက္ကန့်နှစ်ဆယ် အချိန်ရှိသည်။

၎င်းတို့သည် မိမိတို့၏ အစစ်မှန်ချီများကို စတင်လည်ပတ်စေကြသည်။ တစ်ယောက်က ရတနာလက်နက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး အခြားတစ်ယောက်ကမူ အဆောင်စာရွက်များကို ဆုပ်ကိုင်ထားသည်။ ထို့နောက် တင်းမာနေသော မျက်လုံးများဖြင့် အချင်းချင်းစိုက်ကြည့်နေကြသည်။

ကောင်းရှီရှင်းက ကွင်းထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။ ဘေးနားရှိ အခြားဒိုင်လူကြီးတစ်ဦးက သစ်သားတူကို မြှောက်ကာ အော်လိုက်သည်၊၊

“သုံး။ နှစ်။ တစ်”

ဒေါင်။

မောင်းသံနှင့်အတူ ပြိုင်ပွဲဝင်များလှုပ်ရှားလညကြသည်။ ခုန်းတုံတောင်မှ တပည့်က လက်သီးဆုပ်ခန့်ရှိသော ရတနာတံဆိပ်တုံးကို ပစ်လွှတ်လိုက်ပြီး မုန့်မိသားစုကျင့်ကြံသူကမူ အဆောင်၁၀ရွက်ကို ဆက်တိုက်အသက်သွင်းလိုက်သည်၊၊

ဝမ်ရှန်း၏ မျက်လုံးများ တောက်ပသွားသည်။

ဤအဆောင်အသုံးပြုပုံစနစ်သည် လုံဟူရှန်းတောင်၏ မျိုးဆက်မှ ဆင်းသက်လာပုံရသည်။ ထိုကျင့်ကြံသူ၏ မုန့်မိသားစုသည် ကောင်းကင်သခင်လျှို့ဝှက်ကျမ်း၏ အတွဲနှစ်တွဲကို ဝယ်ယူခဲ့ကြသူများထဲတွင် ပါဝင်နေသည်မှာ ထင်ရှားလှသည်။

လုံဟူရှန်းတောင်သည် ထိုကိစ္စများကို နောက်ကြောင်းပြန်မလိုက်တော့ပေ။ သို့သော် အဆောင်ဂိုဏ်းသုံးဂိုဏ်း၏ အတတ်ပညာများကို လူအများအပြား ကြည့်ရှုနေသည့် မသေမျိုးတာအိုညီလာခံတွင် ဤမျှ ပေါ်ပေါ်ထင်ထင်ပြသနေခြင်းက အနည်းငယ် မဆင်ခြင်ရာရောက်နေသည်မှာတော့ အမှန်ပင်၊၊

ထင်သည့်အတိုင်းပင် ဘေးနားတွင် စောင့်ဆိုင်းနေသော လုံဟူရှန်းတောင်တပည့်တစ်ဦးက ဖုန်းကိုထုတ်ကာ ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်နေပြီ ဖြစ်သည်။ သူတို့က ထိုလူကို ကွင်းထဲတွင် ချက်ချင်းဆွဲထုတ်၍မရသော်လည်း အင်မော်တယ်တာအိုညီလာခံ ပြီးဆုံးသွားပါက မုန့်မိသားစုသည် ကောင်းကင်သခင်ဂိုဏ်း၏ စစ်ဆေးမှုကို သေချာပေါက်ရင်ဆိုင်ရပေလိမ့်မည်။

အဆင့်သတ်မှတ်ပွဲစဉ်များသည် စုစုပေါင်း ဆယ်ကျော့ရှိမည်ဖြစ်ပြီး အဆင့်များအလိုက် ပွဲစဉ်များကို သတ်မှတ်သည်။ ပထမအကျော့တွင် အဆင့်သုံးဆယ့်ငါးရှိသူသည် နောက်အကျော့တွင် အဆင့်သုံးဆယ်မှ လေးဆယ်ကြားရှိ ပြိုင်ဘက်နှင့် ရင်ဆိုင်ရနိုင်သည်။

ကျပန်းဖြစ်နေပုံရသော်လည်း နောက်ကွယ်တွင် ခြယ်လှယ်မှုအချို့ ရှိနေသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် မျက်နှာလိုက်မည့် ဒိုင်လူကြီးများကို ချထားရုံတင်မကဘဲ သံသယရှိဖွယ်ပြိုင်ပွဲဝင်တစ်ဦးကို တွေ့ရှိပါက သူတို့ကို လူသိများသည့် လမ်းမှန်ကျွမ်းကျင်သူများနှင့် တွဲပေးလိုက်သည်။

နည်းဗျူဟာနှစ်ခုစလုံးကို ပေါင်းစပ်လိုက်ခြင်းဖြင့် သူတို့၏ မိကျောင်းဖမ်းသည့်အစီအစဉ်က ဟာကွက်မရှိပဲ ချောမွေ့စွာလည်ပတ်နိုင်သည်။

မကြာမီ ပွဲစဉ်ပြီးဆုံးသွားသည်။ ခုန်တုံးတောင်တပည့်က ခြေလှမ်းမှားသွားသဖြင့် ချီစွမ်းအင်ဖိနှိမ်သည့် အဆောင်က သူ၏တံဆိပ်တုံးကြီးပေါ်သို့ ထိမှန်သွားသည်။ သူ၏ ပျံသန်းမှုအရှိန်က ချက်ချင်းပင် လေးလံသွားသည်။

သူ၏ရတနာလက်နက်ကို မထိန်းချုပ်နိုင်တော့သဖြင့် ခုန်တုံးတောင်တပည့်၏ စွမ်းအားက အများကြီးကျဆင်းသွားသည်။ အဆောင်များ၏ တိုက်ခိုက်မှုက သူ့ကို ချက်ချင်းပင် လွှမ်းမိုးသွားသောကြောင့် ကွင်းထဲမှ ဆုတ်ခွာကာ အရှုံးပေးလိုက်ရရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

Chapter 212

ဝမ်ရှန်း အလွန်စိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်။

အခြားသူများက တိုက်ခိုက်ရာတွင် အဆောင်များ၊ အစီအရင်များနှင့် ဂါထာမန္တန်များကို မည်သို့အသုံးပြုသည်ကို လေ့လာရခြင်းက ကောင်းမွန်လှသည်။ နောင်တွင် အလားတူပြိုင်ဘက်များနှင့် ကြုံတွေ့ရပါက ၎င်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို သူ ပိုမိုနားလည်နိုင်မည် ဖြစ်သည်။

ယနေ့ အချိန်ဇယားက ပိုမိုမျှတလှသည်။ မနေ့က တစ်ခါရှုံးထွက်စနစ်နှင့်မတူဘဲ ဆယ်ကျော့အမှတ်ပေးစနစ်က တစ်ဦးချင်းစီ၏ စွမ်းအားကို ပိုမိုတရားမျှတစွာ ဆန်းစစ်နိုင်သည်။ အနိုင်ရသူများက ကွင်းဘေးတွင် အနားယူနေကြစဉ် အရှုံးသမားများကမူ နောက်ပွဲအတွက် ပြင်ဆင်ရန် ဒဏ်ရာများကို ကုသခြင်းအပေါ် အာရုံစိုက်နေကြသည်။

ဒုတိယကျော့က အလျင်အမြန် စတင်သွားသည်။ တစ်ရက်တည်းတွင် ဆယ်ကျော့စလုံး ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် အချိန်ဇယားက အတော်လေးကပ်နေသည်။ ဒရုန်းများက ကွင်းပတ်လည်တွင် ပျံသန်းနေပြီး တိုက်ပွဲမြင်ကွင်းများကို ပိတ်ကားကြီးများပေါ်သို့ တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။

ပထမအကျော့ပွဲစဉ်များထဲတွင် ဝမ်ရှန်းကို အာရုံအဖမ်းစားနိုင်ဆုံးအရာမှာ ထင်ရှားစွာ ပုန်းအောင်းနေသည့် သံသယရှိဖွယ်လူနှစ်ဦးမဟုတ်ပေ။ ပိုင်းဟူကွင်း၏ ပဉ္စမမြောက် ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကြည်လင်သောမျက်နှာရှိသည့် ဗုဒ္ဓကျင့်ကြံသူ လူငယ်လေးတစ်ဦး ဖြစ်သည်။ သူက မိစ္ဆာနှိမ်နင်းတုတ်‌ကို ကိုင်ဆောင်ကာ ကွင်းထဲသို့ ဝင်ရောက်လာပြီး ဓားနှစ်လက်သုံး အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် စိတ်လှုပ်ရှားဖွယ်တိုက်ပွဲကိုဆင်နွှဲခဲ့သည်။

ထိုအမျိုးသမီးကျင့်ကြံသူသည် တန်ရှန်းတောင်မှ ကျင့်ကြံသူတစ်ဦး၏ အချစ်ဆုံးတပည့်ဖြစ်သည်။ ယနေ့တွင် သူမက စကတ်တိုနှင့် လင်းနို့တောင်ပံပုံစံ ဝတ်ရုံကို တမင်တကာဝတ်ဆင်လာခဲ့သည်။ သူမ၏ ခြေလှမ်းများက ကျော့ရှင်းရုံတင်မကဘဲ သူမ၏ ဓားနှစ်လက်ကလည်း လိပ်ပြာတောင်ပံများခတ်နေသကဲ့သို့ နွဲ့နှောင်းပြီး စွဲမက်ဖွယ်ကောင်းလှသည်။

သို့သော် သူမ ကျော့ရှင်းစွာ ရွေ့လျားမှုကို မပြသနိုင်မီမှာပင် ထိုဗုဒ္ဓကျင့်ကြံသူ၏ မိစ္ဆာနှိမ်နင်းတုတ်က အပေါ်မှနေ၍ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုတာအိုဆရာမလေးကို ထိမှန်လုနီးပါးဖြစ်သွားသည်။

အမျိုးသမီးကျင့်ကြံသူက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်သည်။

“ရပြီ။ ငါ အရှုံးပေးတယ်”

ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဗုဒ္ဓကျင့်ကြံသူက မျက်နှာအနည်းငယ်နီမြန်းသွားပြီး လက်အုပ်ချီလိုက်သည်။

“အရှုံးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထို့နောက် သူသည် မိစ္ဆာနှိမ်နင်းတုတ်ကို ဆွဲကာ ကွင်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။

ထိုသူမှာ ကောင်းကင်နဂါးဘုရားကျောင်း၊ ကျောင်းထိုင်ဆရာတော်၏ တပည့်ဖြစ်ပြီး ဘွဲ့အမည်မှာ ဟိုင်ကျင်းဖြစ်ကာ အသက် ၂၉နှစ် ရှိပြီဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ကောင်းကင်နဂါးဘုရားကျောင်းတွင် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဂိုဏ်းများက ဤပြိုင်ပွဲအတွက် သူ့ကို ထိပ်တန်းပြိုင်ပွဲဝင်အဖြစ် စေလွှတ်ခဲ့ခြင်းလည်းဖြစ်သည်။ သူသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အမှုအခင်းများတွင် အချိန်အတော်ကြာကူညီပေးခဲ့သော ကျင့်ကြံသူတစ်ဦးလည်းဖြစ်ပြီး သူ၏ ဝါစဥ်က ဝမ်ရှန်းပြီးလျှင် ဒုတိယဖြစ်သည်။

အကယ်၍ ဟိုင်ကျင်းသည် မကြာသေးမီက ကျင့်ကြံခြင်းအဆင့်တတ်လှမ်းနိုင်ခဲ့ခြင်းမရှိပါက ဗုဒ္ဓဂိုဏ်းများအနေဖြင့် အင်မော်တယ်တာအိုညီလာခံတွင် ပါဝင်ပတ်သက်ရန် ဆုံးဖြတ်လိမ့်မည်မဟုတ်ဟု ကောလာဟလများရှိခဲ့သည်။ ယခုအခါ သူသည် ထိပ်သီးသုံးယောက်စာရင်းဝင်နိုင်သည့် စွမ်းအားရှိနေပြီဖြစ်၍ ဘုရားကျောင်း၁၀ခုက ပွဲကို ဆင်နွှဲရန် လာရောက်လေ့လာသည့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

ဟိုင်ကျင်း...

ဝမ်ရှန်းက ပထမကျော့အပြီးတွင် သူ၏အဆင့်ကို လှမ်းကြည့်လိုက်သည်။ ထိုသူက ပွဲစဉ်ကို အနိုင်ရရှိခဲ့သဖြင့် အခြား ၅၄ ဦးနှင့်အတူ ပထမနေရာတွင် တူညီနေသည်။

မကြာမီ သူတို့သည် အဆင့်သတ်မှတ်ပွဲစဉ်များ၏ တတိယကျော့သို့ ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။ တိုက်ဆိုင်မှုကြောင့် ဖြစ်စေ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က နောက်ကွယ်မှ လျှို့ဝှက်စီစဉ်မှုကြောင့်ဖြစ်စေ သူတို့ အနီးကပ်စောင့်ကြည့်နေသည့် သံသယဖြစ်ဖွယ်လူများထဲမှ တစ်ဦးသည် ဟိုင်ကျင့်နှင့် တွဲမိသွားသည်။

ထိုသူက မှုန်မှိုင်းသောမျက်နှာအမူယာဖြင့် ကွင်းထဲသို့ ဝင်ရောက်လာသည်။ သို့သော် ဟိုင်ကျင်းနှင့် ရင်ဆိုင်ရသည့် အခြားသူများကဲ့သို့ပင် သူတို့သည် ချက်ချင်းအရှုံးပေးရန်နှင့် သူတို့၏ စွမ်းအားကို ထိန်းသိမ်းရန် ရွေးချယ်လိုက်ကြသည်။ ယနေ့အဆင့်များမှ တက်လှမ်းနိုင်သရွေ့ ပထမနေရာ သို့မဟုတ် ၁၆နေရာရရှိရန် သူတို့ ဂရုမစိုက်ကြပေ။

နံနက်ပိုင်းတွင် အဆင့်သတ်မှတ်ပွဲစဉ် ငါးကျော့ကျင်းပခဲ့သည်။ ၎င်းပြီးဆုံးချိန်တွင် အချိန်နှင့်တပြေးညီ အဆင့်သတ်မှတ်ချက်များက အတော်လေးရှင်းလင်းသွားပြီ ဖြစ်သည်။ အင်အားအကောင်းဆုံး ပြိုင်ပွဲဝင်များအားလုံးက ထိပ်သီး ၃၀အတွင်း စုဝေးနေကြသည်။

နံနက်ပိုင်းတွင် မျက်နှာလိုက်သည့်အစီအစဉ်ကို မသုံးရသေးသောကြောင့် သံသယရှိသူ ၆ဦးထဲမှ သုံးဦးသည် ထိပ်သီး ၃၀အတွင်း ဝင်ရောက်သွားခဲ့သဖြင့် မွန်းလွဲပိုင်းပွဲစဉ်များက အရေးကြီးလာခဲ့သည်။ အဓိကရည်မှန်းချက်မှာ သံသယရှိဖွယ်လူအားလုံးကို နှိပ်ကွပ်ရန်နှင့် ဖြစ်နိုင်လျှင် သူတို့အားလုံးကို ထိပ်သီး ၁၆ယောက်စာရင်းပြင်ပတွင် ထားရှိရန်ဖြစ်သည်။

မွန်းတည့်ချိန်အနားယူပြီးနောက် ပြိုင်ပွဲဝင်အားလုံးကို ကွင်းအသစ်များသို့ ပြန်လည်ခွဲဝေပေးလိုက်သည်။ ထိပ်သီး ၃၀ကို ကွင်းလေးခုစလုံးတွင် အညီအမျှခွဲဝေထားသည်။

မုရွှယ်က တမင်တကာလုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်မသေချာသော်လည်း ပိုင်းဟူကွင်းသို့ ခွဲဝေပေးလိုက်သည့် သံသယရှိဖွယ် ပြိုင်ပွဲဝင်အရေအတွက်က သုံးဦးအထိတိုးလာခဲ့သည်။ မျက်နှာလိုက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရမည့် ဖိအားများ၏ ထက်ဝက်နီးပါးက ယခုအခါ သူ၏ပုခုံးပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သတ္တမမြောက်ကျော့တွင် သံသယရှိဖွယ် ပြိုင်ပွဲဝင်နှစ်ဦးက ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်များကို ရုတ်တရက်ထုတ်ဖော်ပြသလာကြသည်။ တစ်ယောက်က ပုံရိပ်ယောင်အမြုတေအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အရှိန်အဝါအရ သူသည် တာအိုဂိုဏ်းတစ်ခု၏ စိတ်စွမ်းအင်ကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်ထားခြင်း ဖြစ်သည်။

ကျင့်ကြံသူမိသားစုများအတွင်း အသက် ၃၅အောက် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးသည် လူသိများခြင်းမရှိဘဲ အမည်မသိဖြစ်နေခြင်းကပင် သိသာသောအရာတစ်ခု ဖြစ်နေသည်။

ထို့ကြောင့် အဋ္ဌမမြောက်အကျော့တွင် ထိုသူကို ဟိုင်ကျင်းနှင့် တိုက်ရိုက်တွဲပေးလိုက်သည်။

အကယ်၍ ဟိုင်ကျင်းက ထိုအကျော့ကို အနိုင်ရရှိပါက သံသယရှိဖွယ် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူ၏ ရှေ့ဆက်တက်လှမ်းနိုင်မှုသည် အခြားသူများ၏ ရမှတ်စုစုပေါင်းပေါ်တွင် မူတည်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူက နောက်ပွဲတွင် ထပ်မံရှုံးနိမ့်ပါက ထိပ်သီးတစ်ဆယ့်ခြောက်ယောက်စာရင်းမှ လုံးဝ ဖယ်ထုတ်ခြင်းခံရမည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ သူက ဤကျော့ကို အနိုင်ရရှိပါက ထိပ်သီး ၁၆ယောက်အတွင်း သူ၏နေရာက သေချာလုနီးပါးဖြစ်သွားလိမ့်မည်။

ဟိုင်ကျင်းသည် ထိုပွဲစဉ်ကို အလေးအနက်ထားပြီး သူ၏ နုနယ်သောမျက်နှာက တည်ကြည်လေးနက်သောအမူအရာဖြစ်သွားသည်။ ကွင်းထဲမဝင်မီ သူက ဘေးနားတွင်ရပ်ကာ ခဏမျှ ဂါထာမန္တန်များကို ရွတ်ဆိုနေခဲ့သည်။

“တိုက်ခိုက်တဲ့အခါ ထိမိရုံတင် ရပ်တန့်ပေးပါ” ကောင်းရှီရှင်းက အော်ဟစ်လိုက်သည်။

“အခု ခြေဆယ်လှမ်းနောက်ဆုတ်ပါ”

နှစ်ဦးစလုံး နောက်ဆုတ်သွားကြသည်။ ဟိုင်ကျင်း၏ မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲလက်သွားပြီး သူ၏ပြိုင်ဘက်ကမူ စိမ်းပြာရောင်တောက်ပနေသော သစ်သားလေးကို ဆုပ်ကိုင်ထားသည်။ အောင်ပွဲအရယူရန် ရည်ရွယ်ချက်ဖြင့် သံသယရှိဖွယ်ကျင့်ကြံသူက သူ၏ဝှက်ဖဲကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။

ကောင်းရှီရှင်း ကွင်းထဲမှ ထွက်ခွာသွားစဉ် အခြားဒိုင်လူကြီးက မောင်းကိုတီး၍ ပွဲစတင်ရန် ပြင်ဆင်လိုက်သည်။

ထိုလူက သူ၏လေးကြိုးကို ဆွဲလိုက်သည်။ ၎င်း၏တောက်ပမှုက စိမ်းပြာရောင်မြှားသုံးစင်းအဖြစ် ပေါင်းစပ်သွားပြီး အားလုံးက လေးညှို့တင်ကာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

“ခဏရပ်ဦး”

ဝမ်ရှန်းက အော်ဟစ်လိုက်သည်။ သံသယရှိဖွယ် ကျင့်ကြံသူ၏ အစစ်မှန်ချီများ ကမောက်ကမဖြစ်သွားပြီး သူ၏လက်ထဲရှိ မြှားများသည် ထိန်းချုပ်မှုကင်းမဲ့သွားကြသည်။ ၎င်းတို့က ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သဖြင့် သူက ဝမ်ရှန်းထံသို့ ဒေါသတကြီးလှည့်ကြည့်လိုက်သည်။

ဝမ်ရှန်းက တည်ငြိမ်စွာ ပြောသည်။

“လေးလိုမျိုး အဝေးပစ်လက်နက်တွေကို ပြိုင်ပွဲမှာ တားမြစ်မထားပေမဲ့ ပွဲမစခင်မှာ စွမ်းအင်ကြိုဖြည့်ထားလို့မရဘူး။ မဟုတ်ရင် မင်းရဲ့ပြိုင်ဘက်က ပစ်မှတ်အရှင်ကြီးဖြစ်မသွားဘူးလား”

“အို” သံသယရှိဖွယ် ကျင့်ကြံသူက ပြန်ပြောသည်။

“ဒါဆိုရင် အဆောင်ပညာရှင်တွေကိုကျတော့ ဘာလို့ ကြိုတင်ပြင်ဆင်ခွင့်ပြုထားတာလဲ။ ငါ့ရဲ့ရတနာလက်နက်ကို အဆင်သင့်ဖြစ်အောင် လုပ်ခွင့်မရှိဘူးလား”

“မင်းက ဒိုင်လူကြီးတွေရဲ့ ကျွမ်းကျင်မှုကို သံသယဝင်နေတာလား”

ဝမ်ရှန်းက လေသံမပြောင်းဘဲ ပြန်ပြောလိုက်ပြီး ရှေ့သို့ ခြေလှမ်းလှမ်းရင်း သူ၏ ရာထူးတံဆိပ်ကို ပြသလိုက်သည်။ ဓားဆန္ဒများက သူ၏ထံမှ ပေါက်ကွဲထွက်လာခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော ဓားဆန္ဒကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် သံသယရှိဖွယ် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူသည် တုံ့ပြန်ရန် စက္ကန့်ဝက်ခန့်နောက်ကျသွားခဲ့သည်။ ထိုဖိအားက သူ၏အသိစိတ်ကို ချက်ချင်းပင် ဖိနှိမ်လိုက်သဖြင့် သူ၏မျက်လုံးသူငယ်အိမ်များတွင် တောက်ပသောကြယ်တစ်ပွင့်လင်းလက်နေသည့် ကျယ်ပြောလှသော ကြယ်ရောင်စုံကောင်းကင်ကြီးကို ထင်ဟပ်သွားစေသည်။

“မင်း”

ဝမ်ရှန်း၏ ဓားဆန္ဒက ဖျတ်ခနဲပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ထိုလူ ပြန်သတိဝင်လာချိန်တွင် သူ၏ တာအိုနှလုံးသားက ဓားအရှိန်ဝါ၏ စွမ်းအားကြောင့် သက်ရောက်မှုခံလိုက်ရပြီ ဖြစ်သည်။ သူက မသိစိတ်ဖြင့် လက်သီးကို တင်းကျပ်စွာဆုပ်လိုက်မိသည်။

ဝမ်ရှန်းက ထပ်ပြောသည်။

“ပွဲစဉ်ကို ဆက်လက်လုပ်ဆောင်မယ်။ မှတ်ထားပါ ပွဲမစခင်မှာ လေးကိုဆွဲပြီး စွမ်းအင်ဖြည့်ထားလို့မရဘူး”

ထို့နောက် သူက ဟိုင်ကျင်းကို “သွားပြီး တိုက်ခိုက်တော့။ အားလုံးကို ထိန်းချုပ်ထားပြီးပြီ” ဟု ပြောလိုသည့်အလား ညင်သာစွာ ပြုံးပြလိုက်သည်။

သံသယရှိဖွယ် ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူသည် သူ၏ဒေါသအားလုံးကို သူ၏ရှေ့မှ ဗုဒ္ဓကျင့်ကြံသူထံသို့ ချက်ချင်းပင် လွှဲပြောင်းလိုက်သည်။ သူတို့၏ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် ညှာတာမှုရှိလိမ့်မည်မဟုတ်ပေ။

တစ်ဖက်တွင်မူ ဟိုင်ကျင်းလည်း အနည်းငယ် ရှုပ်ထွေးနေပုံရသည်။ ဝမ်ရှန်း၏ တည်ငြိမ်အေးဆေးသောမျက်နှာကို ကြည့်ရင်း ထိုထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်က သူ့ကို အကြောင်းရင်းမရှိဘဲ ချောက်တွန်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

“ဒါကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စီစဉ်ခဲ့တာလား။ တာအိုဆရာ ဖေးယွီကို ငါ့ကို အထူးအခွင့်အရေးပေးဖို့ ပြောထားတာလား။ ဗုဒ္ဓကယ်တော်မူပါ… ဒါကို ဒီလောက်အထိ သိသာအောင်လုပ်ဖို့ တကယ်ပဲလိုအပ်လို့လား”

ဒေါင်။

မောင်းသံနှင့်အတူ တိုက်ပွဲပြန်လည်စတင်ခဲ့သည်။

ဟိုင်ကျင်းက လေထဲသို့ ခုန်တက်လိုက်သည်။ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူက ဘေးဘက်သို့ ချက်ချင်းရှောင်တိမ်းကာ လေးကြိုးကို အလျင်အမြန်ဆွဲလိုက်သည်။ နောက်ဆုံးတွင်မူ သံသယရှိဖွယ် ကျင့်ကြံသူသည် အတော်လေးအရှက်ရဖွယ်နည်းလမ်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ပြင်းထန်ပြီး အင်အားချင်းမျှတသင့်သော တိုက်ပွဲတစ်ခုဖြစ်ရမည့်အစား လုံးဝတဖက်သတ်ဖြစ်သွားခဲ့သည်။ သူသည် သူ၏စွမ်းအားကို အပြည့်အဝပြသခွင့်ပင် မရခဲ့ပေ။ အပြန်လှန်အကွယ်ဖလှယ်ခြင်း တစ်ကျော့အပြီးတွင် မိစ္ဆာနှိမ်နင်းတုတ်က သူ့ကို ကွင်းပြင်သို့ ရိုက်ထုတ်လိုက်တော့သည်။

All Chapters