အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
Chapter 213
တစ်နေ့တာလုံး ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ကြပြီးနောက် မိုးချုပ်ခါနီးအချိန်တွင် နောက်ဆုံးဆန်ခါတင် ၁၆ဦးစာရင်းကို ကြေညာခဲ့သည်။
အမှန်တကယ်ပင် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဆယ်ချီမြောက် ပွဲစဉ်များအပြီးတွင် ရှုံးပွဲမရှိ စံချိန်ဖြင့် တိုက်ရိုက်တက်လှမ်းနိုင်ခဲ့သည့် ကျင့်ကြံသူ ၄ဦးသာ ရှိခဲ့ပြီး ကျန်ရှိသူများမှာမူ စုဆောင်းရရှိထားသော ရမှတ်များအပေါ်တွင်သာ မှီခိုခဲ့ရသည်။ ပြိုင်ပွဲဝင်အချို့မှာ ပွဲစဉ်များအပြီးတွင် ထိပ်သီးဆယ်ဦးစာရင်းသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း အခြားသူများ၏ ပွဲစဉ်များပြီးဆုံးသွားသည့်အခါတွင်မူ ထိပ်သီး ၁၆ဦးစာရင်းမှ ဖယ်ထုတ်ခြင်းခံခဲ့ရသည်။
ဤ၁၆ဦးအနက် ၁၃ဦးမှာ တာအိုဆရာဘွဲ့အမည်ကို ရရှိထားသူများဖြစ်ပြီး သုံးဦးသာလျှင် မျိုးဆက်သစ်လူငယ်များဖြစ်ကြသည်။ ၁၁ ဦးမှာ ထင်ရှားကျော်ကြားသော မြင့်မြတ်တောင်များမှ တာအိုအမွေအနှစ်ကို ဆက်ခံထားသူများဖြစ်ပြီး နှစ်ဦးမှာ ဗုဒ္ဓကျင့်ကြံသူများနှင့် သုံးဦးမှာ အဖွဲ့အစည်းမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ကြသည်။
ထိုတစ်ကိုယ်တော်ကျင့်ကြံသူ သုံးဦးအနက် နှစ်ဦးမှာ မိစ္ဆာကျင့်ကြံသူများဖြစ်နိုင်သည်ဟု သံသယဖြစ်ခြင်းခံရသူများဖြစ်သည်။
လျှို့ဝှက်စီမံချက်အရ ထိုနှစ်ဦးကို ဖယ်ရှားပစ်ရန် ရည်ရွယ်ထားသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က နောက်ဆုံးပွဲစဉ်တွင် ဗျူဟာကို ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ထိုနှစ်ဦးမှာ ကပ်သီလေးအောင်မြင်သွားခဲ့ပြီး ၁၃နေရာနှင့် ၁၅နေရာတို့ကို ရရှိကာ အင်မော်တယ်တာအိုညီလာခံ၏ တတိယမြောက်နေ့ ထိပ်သီး ၁၆ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထိုနေ့၏ ပြင်းထန်သောပွဲစဉ်များကြောင့် အင်မော်တယ်တာအိုညီလာခံ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ အမြဲလိုလိုအေးစက်တည်ငြိမ်နေတတ်သော ကျင့်ကြံသူများပင်လျှင် ဘေးနားရှိ သူစိမ်းများနှင့်အတူ တာအိုအမွေအနှစ်အမျိုးမျိုးနှင့် ၎င်းတို့၏ ပညာရပ်များအကြောင်း အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးလာကြသည်။
နီးကပ်လာနေသော ထိပ်သီး ၁၆ဦး၏ ထိပ်တိုက်တွေ့ဆုံမှုက ရောက်ရှိနေသော ကျင့်ကြံသူထောင်ပေါင်းများစွာ၏ မျှော်လင့်ချက်ကို ပိုမိုမြင့်တက်စေခဲ့သည်။
နောက်ဆုံးပွဲစဉ်အပြီးတွင် ချင်ယန်ဇီက မတ်တတ်ရပ်ကာ ယနေ့ညတွင် ထိပ်သီး ၁၆ဦးထဲမှ ကျင့်ကြံသူတိုင်း နတ်ဘုရားကျောက်စာချပ်၏ နက်နဲမှုများကို လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် ၎င်းတို့သည် ကျောက်စာချပ်၏ တစ်ဖက်ကိုသာ လေ့လာခွင့်ရှိမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည့် ထိပ်သီးရှစ်ဦးသာလျှင် အခြားတစ်ဖက်ကို ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ဆယ်ချီကျော် တိုက်ပွဲဝင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ဤအခွင့်အရေးနှင့် လွဲချော်ခဲ့ရသော ကျင့်ကြံသူအများအပြားမှာ ကောင်းကင်ကိုမော့ကာ သက်ပြင်းသာချနိုင်ကြလေသည်။ အချိန်နှင့် ကံကြမ္မာကိုမူ မည်သူမျှ မတတ်နိုင်ချေ။ မိမိတို့၏ အင်အားနှင့် ကံတရားမပြည့်စုံမှုကိုသာ ညည်းတွားနိုင်ကြတော့သည်။
အင်မော်တယ်တာအိုညီလာခံကို ချင်ယန်ဇီ၏ နာမည်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကျင့်ကြံခြင်းလောကရှိ လမ်းမှန်ကျင့်ကြံသူများ စုဝေးပွဲတစ်ခုဟု ထင်ရသော်လည်း ၎င်းကို ဟွာသမ္မတနိုင်ငံက တရားဝင်စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း လူအများစုက သိကြပြီး အာဏာပိုင်များကလည်း ကပ်စေးနှဲမနေခဲ့ပေ။ အဆင့်သတ်မှတ်ပွဲများသို့ တက်လှမ်းနိုင်ခဲ့သူများကို ဆေးလုံးများနှင့် ရတနာပစ္စည်းများပြုလုပ်ရန် ကုန်ကြမ်းအမျိုးမျိုးချီးမြှင့်မည်ဖြစ်သည်။ အဆင့်မြင့်လေ ဆုလာဘ်များက ပိုမိုကောင်းမွန်လေဖြစ်သည်။
ထို့အပြင် မနက်ဖြန်တွင် ထိပ်သီး ၃ဦးရရှိသူများသည် အဆင့်မြင့်လက်နက်ပစ္စည်းအချို့ကို ဆုအဖြစ် ရရှိကြမည်ဖြစ်သည်။ ဝမ်ရှန်း အနည်းငယ်နှမြောတသဖြစ်မိသွားသည်။ သူ၏ ဓားမှလွဲ၍ သူ၏ကိုယ်ပေါ်တွင် သေးငယ်သော ရတနာတစ်ခုသာရှိသောကြောင့် ဖြစ်သည်။
ဆေးလုံးများနှင့် ရတနာပစ္စည်းများဟူသည် မည်မျှပင်များပြားစေကာမူ ပိုသည်ဟုပြောမရသောအရာများဖြစ်သည်။
ထိုညတွင် ထိပ်သီး ၁၆ဦးကို တာအိုကျောင်းဆောင်တစ်ခုသို့ ခေါ်ယူခဲ့သည်။ ဂိုဏ်းအသီးသီးမှ တာအိုအကြီးအကဲများလည်း ကျောက်စာချပ်ကို အတူတကွစစ်ဆေးရန် စုဝေးခဲ့ကြသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ၄ဦးမှာမူ ၎င်းတို့နှင့်အတူ ပါဝင်ခြင်းမရှိဘဲ မုရွှယ်ကိုသာ ထိုအခမ်းအနားကို ဦးဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။
ညရှစ်နာရီခွဲအချိန်တွင် လူစုသည် တောင်အောက်သို့ စီတန်းဆင်းလာခဲ့ကြပြီး ပြိုင်ပွဲကျင်းပရာနေရာသို့ ပြန်လည်ရောက်ရှိကာ တင်းကြပ်စွာ စောင့်ကြပ်ထားသော စင်မြင့်အနောက်ဘက်သို့ ဦးတည်သွားခဲ့ကြသည်။ အင်မော်တယ်တာအိုညီလာခံ၏ ပထမဆုံးနေ့ကတည်းက ထိုနေရာတွင် တဲဆောက်လုပ်ထားပြီး ဖြစ်သည်။ အထူးစစ်ဆင်ရေးအဖွဲ့များသည် အဖိုးတန်ရတနာကို ကာကွယ်ရန် နေ့ညမပြတ်စောင့်ကြပ်နေကြသည်။
တာအိုအကြီးအကဲများနှင့် ထိပ်သီး ၁၆ဦး ရောက်ရှိလာသောအခါ အထူးစစ်ဆင်ရေးအဖွဲ့ဝင် ရှစ်ဦးသည် အမြင့်နှစ်မီတာနှင့် အကျယ်သုံးမီတာရှိသော ငွေဖြူရောင်သေတ္တာတစ်လုံးကို တဲ၏အဝင်ဝသို့ သယ်ဆောင်လာခဲ့ကြသည်။
“ဒီရတနာက ထူးခြားတဲ့ တန်ဖိုးရှိပါတယ်၊၊ လူကြီးမင်းတို့အနေနဲ့ ဒီရတနာရဲ့ ငါးမီတာပတ်လည်အတွင်းကို မချဉ်းကပ်ကြဖို့ တောင်းဆိုချင်ပါတယ်”
မုရွှယ်က ပြောခဲ့သည်။
ထောင့်တစ်နေရာတွင် ဖေးလျန်ဇီက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် ခေါင်းကို ဆန့်ထုတ်၍ ကြည့်နေပြီး ဝမ်ရှန်းကမူ သူ၏ဓားသေတ္တာကို ကျောပိုးကာ ငြိမ်သက်စွာ မတ်တတ်ရပ်နေခဲ့သည်။
မုရွှယ်က နွေးထွေးစွာ ထပ်ပြောခဲ့သည်။
“နောက်ကလူတွေလည်း မြင်ရအောင် ရှေ့တန်းက တာအိုအကြီးအကဲများ အောက်မှာ ထိုင်ပေးကြပါဦးရှင်”
တာအိုအကြီးကဲများကလည်း လိုလိုလားလားပင်သဘောတူခဲ့ကြသည်။ ထက်ဝက်နီးပါးခန့်မှာ တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
ဖေးလျန်ဇီက ဝမ်ရှန်း အနားသို့ကပ်လာပြီး တိုးတိုးလေးမေးခဲ့သည်။
“ဟေ့ ဖေးယွီ… မင်း ဒါကို ကြိုသိနေတာလား”
“ကျွန်တော် ဒါကို အရင်က မြင်ဖူးတယ်၊၊ ကျွန်တော်က ဓားသိုင်းကို ကျင့်ကြံတာလေ၊၊ ဒီကျောက်စာချပ်ပေါ်မှာ ရေးထားတာတွေက ဓားသိုင်းတွေမဟုတ်တော့ ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး”
ဝမ်ရှန်းက အသံကို နှိမ့်ရန်ပင် အားမထုတ်ဘဲ ပြောလိုက်သည်။
ဆန်ခါတင် ၁၆ဦးမှလွဲ၍ ကျန်ရှိသူအားလုံးမှာ တာအိုအကြီးအကဲများဖြစ်ကြသည်။ ထို့ကြောင့် ဝမ်ရှန်း ပြောလိုက်သည်ကို အားလုံးအတိုင်းသားကြားလိုက်ရသည်။
မုရွှယ်က သုတေသနအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“စတင်လိုက်ပါ”
ထိုနှစ်ဦးက ခေါင်းညိတ်ကာ လက်အိတ်ဖြူများကို ဝတ်ဆင်ပြီး သံသေတ္တာအနားသို့ တိုးသွားခဲ့သည်။ ထို့နောက် လျှို့ဝှက်နံပါတ်များကို ရိုက်ထည့်ကာ လက်ဗွေနှင့် မျက်လုံးများကို အကြိမ်ကြိမ်စကင်ဖတ်ပြီးနောက် နောက်ဆုံးတွင် သေတ္တာသည် ဖြည်းညင်းစွာ ပွင့်သွားခဲ့သည်။
တာအိုအကြီးအကဲတစ်ဦးက မရယ်ဘဲမနေနိုင်တော့ပေ။
“ဘာလို့ အဲဒီလောက်အထိ အပင်ပန်းခံနေတာလဲ၊၊ တကယ်လို့ တစ်ယောက်ယောက်က ဒီသေတ္တာကို လုချင်တယ်ဆိုရင် တာအိုပညာရပ်တွေသုံးပြီး သံခွံကို ဆွဲခွာပစ်လိုက်ရုံပဲလေ”
သုတေသနပညာရှင်နှစ်ဦးလည်း အနည်းငယ်ကသိကအောက်ဖြစ်သွားကြသည်။ အကြီးအကဲအချို့လည်း လိုက်ရယ်ကြသော်လည်း ကျောက်စာချပ်ပေါ်လာသည့်အခါတွင်မူ ရယ်သံများချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
မီးမောင်းနှစ်လုံးက ကျောက်စာတိုင်၏ မည်းနက်သော မျက်နှာပြင်ပေါ်သို့ ထိုးပြလိုက်သောအခါ ရှေးဟောင်းအက္ခရာများမှာ ထင်ရှားစွာ ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ဖော်ပြ၍မရနိုင်သော တာအိုစည်းချက်တစ်ခုသည် ကျောက်စာချပ်မှ စီးဆင်းလာပြီး လေထုထဲသို့ ဖြည်းညင်းစွာ ပျံ့နှံ့သွားခဲ့သည်။ များပြားလှစွာသော နက်နဲသည့် အဓိပ္ပာယ်များပါဝင်နေပြီး အဆုံးမဲ့ကြယ်တာရာကောင်းကင်နှင့် ဖြည်းညင်းစွာ လည်ပတ်နေသော အပြာရောင်ဂြိုဟ်ကြီးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
၎င်း၏ တည်ရှိမှုသက်သက်ဖြင့်ပင် ရောက်ရှိနေသော ကျင့်ကြံသူများကို လန်းဆန်းတက်ကြွသွားစေသည်။
“ဒါက နတ်ဘုရားကျောက်စာအစစ်အမှန်ပဲ၊၊ သေမျိုးလောကက အရာမဟုတ်ဘူး”
“ကျမ်းစာတွေက တအားနက်နဲတယ်၊၊ ယင်နဲ့ယန်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြနေသလိုပဲ၊၊ ဒါပေမဲ့ ငါကြုံဖူးသမျှ ယင်ယန်တာအိုမျိုးတော့မဟုတ်ဘူး”
မတူညီသောနေရာများတွင် ရပ်နေကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူ နှစ်ဦးက သိသာစွာပင် စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့သည် ကျောက်စာချပ်ပေါ်ရှိ စာသားများကို မှတ်ဉာဏ်ထဲသို့ အလုအယက်မှတ်သားနေကြသည်။
ကျောက်စာချပ်မှာ မူလက နှစ်မီတာပတ်လည်အတိအကျရှိသော်လည်း ယခုအခါ ထောင့်အချို့ ပျက်စီးနေသဖြင့် အချို့သော ရှေးဟောင်းစာသားများမှာ မပြည့်စုံဘဲဖြစ်နေသည်။
ထိုအချိန်တွင် တာအိုအကြီးအကဲများနှင့် ထိပ်သီး ၁၆ဦးတို့သည် ကျောက်စာတိုင်ပေါ်ရှိ ရှေးဟောင်းစာသားများကို တိတ်တဆိတ်မှတ်သားနေကြသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးမြောက်ထားသူများအတွက် ရှေးဟောင်းအက္ခရာများကို မှတ်သားရခြင်းမှာ မည်သည့်အခက်အခဲမျှ မရှိချေ။
“လူတိုင်းကို လေ့လာဖို့ မိနစ်သုံးဆယ် အချိန်ပေးပါမယ်၊၊ ဆရာကြီးများအနေနဲ့ ကျေးဇူးပြုပြီး တိတ်တဆိတ်နေပေးကြပါ၊၊ အခြားသူများကို မနှောင့်ယှက်ပါနဲ့”
မုရွှယ်က ညွှန်ကြားခဲ့သည်။ ထို့နောက် သူမသည် ဘေးသို့ ဖယ်ပေးလိုက်ပြီး အထူးစစ်ဆင်ရေးအဖွဲ့စစ်သားများသာ စောင့်ကြပ်လျက် ကျန်ရစ်ခဲ့သည်။
တာအိုအကြီးအကဲများစွာ ရှိနေသဖြင့် မည်သူမျှ ကျောက်စာချပ်ကို လုယူရန် မဝံ့ရဲကြပေ။ ထို့အပြင် ကျောက်စာချပ်၏ စစ်မှန်သော တန်ဖိုးမှာ ယခု ၎င်းတို့ရှေ့တွင် ပေါ်နေသော အကြောင်းအရာများသာဖြစ်သဖြင့် မှတ်သားထားနိုင်လျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။
ဝမ်ရှန်းသည် ထိုတစ်ကိုယ်တော်ကျင့်ကြံသူ နှစ်ဦးလည်း မရိပ်မိသွားစေရန် ၎င်းတို့ဘက်သို့ မကြည့်မိအောင် သတိထားရင်း ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ဆယ်မိနစ်ကျော်ခန့် အကြာတွင် လူအများစုမှာ ကျောက်စာချပ်ပေါ်ရှိ စာသားများကို မှတ်မိသွားကြပြီး ၎င်းတို့၏ အဓိပ္ပာယ်ကို စတင်တွေးတောနေကြပြီ ဖြစ်သည်။
ထိုစဉ် နူးညံ့သောအမူအရာရှိသည့် ဗုဒ္ဓကျင့်ကြံသူတစ်ဦး မတ်တတ်ရပ်လာခဲ့သည်။ သူက တောင်းပန်သည့် အပြုံးဖြင့် ဦးညွှတ်ကာ လက်အုပ်ချီလိုက်သည်။ ထို့နောက် လူအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်လာပြီး ဝမ်ရှန်းထံသို့ ချဉ်းကပ်လာခဲ့သည်။
“ဝေါမီတော်ဖော”
ကောင်းကင်နဂါးကျောင်းတော်မှ ဟိုင်ကျင်းက ဝမ်ရှန်းကို လက်အုပ်ချီဦးညွှတ်လိုက်သည်။ ထို့နောက် သူက တိုးတိုးလေးပြောလိုက်သည်။
“တာအိုဆရာ ဖေးယွီ၊၊ ကျွန်တော်က ကောင်းကင်နဂါးကျောင်းတော်က ဟိုင်ကျင်းပါ၊၊ လေးစားစွာ နှုတ်ခွန်းဆက်ပါတယ်”
ဝမ်ရှန်းကလည်း လက်သီးဆုပ်ကာ တုံ့ပြန်ဦးညွှတ်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
“ဘာများလမ်းညွှန်ချင်လို့ပါလဲ”
“ဟဲဟဲ၊၊ ဒီနေ့ အစောပိုင်းတုန်းက ခင်ဗျား ကျွန်တော့်ကို လျှို့ဝှက်ကူညီခဲ့တယ်လေ၊၊ ဒါက စည်းကမ်းနဲ့ မညီညွတ်ဘူးဆိုပေမဲ့ ကျွန်တော့်အနေနဲ့ ခင်ဗျားကို ကျေးဇူးတင်စကားပြောရပါလိမ့်မယ်”
Chapter 214
ဟိုင်ကျင်းက ခေါင်းကို ကုတ်လိုက်သည်။
ဝမ်ရှန်းက အမှန်တရားကို ထုတ်မပြောနိုင်သဖြင့် ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
“မုရွှယ်က ကျွန်တော့်ကို ညွှန်ကြားခဲ့တာပါ၊၊ ခင်ဗျားရဲ့ ဆရာက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အတွက် အပင်ပန်းခံခဲ့တာကြောင့် ဒီလိုအကူအညီနဲ့ ထိုက်တန်တယ်လို့ သူမက ပြောပါတယ်”
ဘေးနားတွင် လက်များကို လက်အင်္ကျီထဲ ထည့်ကာ ရပ်နေသော ဖေးလျန်ဇီက မကျေမနပ်ညည်းတွားလိုက်သည်။
“မင်းတို့နှစ်ယောက် ဒါကို ဒီလောက် ပေါ်တင်ကြီး မဆွေးနွေးကြစမ်းနဲ့… ဒီမှာ လူကြီးသူမတွေ အများကြီးရှိနေတယ်လေ”
ဝမ်ရှန်းနှင့် ဟိုင်ကျင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ အမှန်တော့ ၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦး၏ စရိုက်ကို တစ်ဦးက သဘောကျမိကြသည်။
“ညီလာခံပြီးရင် မိတ်ဆွေဖြစ်စကားပြောကြတာပေါ့”
ဝမ်ရှန်းက ကမ်းလှမ်းလိုက်သည်။
ဟိုင်ကျင်းက ပြုံးလိုက်ပြီး ပြောသည်။
“ဝေါမီတောဖော… အဲဒါ အရမ်းကောင်းတယ်၊၊ အရင်ဆုံး YouChat မှာ အကောင့်ချင်း အပ်ထားကြမလား ဒါမှ ဆက်သွယ်ရလွယ်မှာလေ”
“ရတာပေါ့”
ဝမ်ရှန်းက လိုလိုလားလားပင် ပြန်ပြောလိုက်သည်။
ထိုနှစ်ဦးသည် ဖုန်းများကို ထုတ်ကာ အကောင့်ချင်းလဲလှယ်လိုက်ကြသည်။ ထို့နောက် ဟိုင်ကျင်းသည် စိတ်ကျေနပ်စွာဖြင့် သူ၏နေရာသို့ ပြန်သွားခဲ့သည်။
နာရီဝက်အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ငွေဖြူရောင်သေတ္တာကို ပြန်လည်ပိတ်လိုက်သဖြင့် ကျောက်စာချပ်က ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆုံး မိနစ်အနည်းငယ်အတွင်းတွင် မည်သူမျှ ကျောက်စာချပ်ကို မကြည့်ကြတော့ဘဲ စာသားများ၏ အဓိပ္ပာယ်ကိုသာ အာရုံစိုက် လေ့လာနေကြတော့သည်။
တာအိုအကြီးအကဲများမှာ ဤအရာသည် ယင်နှင့်ယန်၏ ပြောင်းလဲခြင်းများကို အခြေခံထားသော နက်နဲသည့် တာအိုကျင့်စဉ်တစ်ခုဖြစ်ကြောင်း သိမြင်နိုင်ကြသည်။ အချို့သော တာအိုအမွေအနှစ်များအတွက်မူ ၎င်းတို့၏ ရှေးဟောင်းကျမ်းစာများကို အတည်ပြုနိုင်မည်ဖြစ်ပြီး အချို့အတွက်မူ ချက်ချင်းအသုံးမဝင်သဖြင့် တာအိုကျမ်းစာစုဆောင်းမှုအဖြစ်သာ သိမ်းဆည်းထားမည်ဖြစ်သည်။
တစ်ဖက်တွင်မူ သံသယဖြစ်ဖွယ် ကျင့်ကြံသူနှစ်ဦးမှာ စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေရသော်လည်း ဘေးနားရှိ အခြားသူများကဲ့သို့ပင် ပုံမှန်အတိုင်းဖြစ်အောင် အကောင်းဆုံးဟန်ဆောင်နေကြသည်။
မုရွှယ်က ပြုံးလျက် ချဉ်းကပ်လာခဲ့သည်။
“ဒီဘက်ကို ကြွပါဦး ဆရာကြီးတို့… ပွဲအစီအစဉ်က ပြီးဆုံးပါပြီ၊၊ အခြားတစ်ဖက်ကိုတော့ မနက်ဖြန် ဆုံးဖြတ်မယ့် ထိပ်သီး ၈ဦးကို ပြသပေးသွားမှာ ဖြစ်ပါတယ်”
တာအိုလူကြီးများနှင့် ထိပ်သီး ၁၆ဦးတို့သည် ရရှိခဲ့သော အကျိုးကျေးဇူးများကိုယ်စီဖြင့် လာရာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
တစ်နာရီအကြာတွင် ဝမ်ရှန်းနှင့် မုရွှယ်တို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ကောင်းကင်ထက်မှ လူရိပ်အချို့ဆင်းသက်လာခဲ့ကြသည်၊၊ ၎င်းတို့မှာ ချင်ယန်ဇီ၊ ကောင်းကင်သခင်နှင့် အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦးတို့ ဖြစ်ကြသည်။
ဝမ်ရှန်းက ရှေ့သို့တိုးကာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ဦးအောင် သတင်းပို့လိုက်သည်။
“ဒီနေ့ အစီအစဉ်မှာ ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး”
“ကောင်းတယ် ရှန်းလေး၊၊ မုရွှယ်လည်း ပင်ပန်းသွားပြီ”
ချင်ယန်ဇီက ချီးမွမ်းစကားဆိုကာ ရှေ့သို့ တိုးသွားခဲ့သည်။ ငွေဖြူရောင်သေတ္တာကို ထပ်မံဖွင့်လှစ်လိုက်ရာ ကျောက်စာချပ်သည် ဖြည်းညင်းစွာ ပေါ်ထွက်လာပြန်သည်။
ချင်ယန်ဇီက သူ၏ဘယ်လက်ကို ကျောက်စာတိုင်ပေါ်သို့ တင်ကာ ပါးလွှာသော ကျောက်လွှာတစ်ခုကို ဖြည်းညင်းစွာခွာလိုက်သည်။
ကျောက်ပြား၏ အနောက်ဘက်တွင် ရင်းနှီးနေသော ဖားလောင်းသဏ္ဌာန် ရှေးဟောင်းစာသားများ ပြန်လည်ပေါ်ထွက်လာသည်။ ဝမ်ရှန်းက တစ်ချက်မျှသာ ကြည့်လိုက်ရသော်လည်း ခေါင်းမူးနောက်လာသဖြင့် အကြည့်ကို လွှဲပစ်လိုက်ရသည်။
ချင်ယန်ဇီက အချက်ပြလိုက်သည်။
“ရောင်းရင်းတို့ ကြည့်ရှုနိုင်ပါပြီ၊၊ ဒါက ကျောက်စာချပ် ၆ခုထဲက တစ်ခုပါပဲ”
ကောင်းကင်သခင်၊ ယွမ်ဖူကျန်းရန်နှင့် ဖေးလုံတို့က ရှေ့သို့ တိုးလာခဲ့ကြသည်။ ၎င်းတို့သည် အနည်းငယ်မျှသာ ကြည့်ရှုပြီးနောက် မျက်လုံးများကို ပြန်လည်ပိတ်လိုက်ကြပြီး ဆက်လက်မကြည့်ရှုလိုကြတော့ချေ။
တိုးညင်းသောအသံဖြင့် ကောင်းကင်သခင်က ပြောလိုက်သည်။
“ဒီအရာကို လုံခြုံအောင် ထိန်းသိမ်းထားပါ၊၊ ဒါက သာမန်ရတနာပစ္စည်း မဟုတ်ဘူး၊၊ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒါဟာ မဟာတာအိုရဲ့ ကျမ်းစာပဲဖြစ်ရမယ်၊၊ တကယ်လို့ ကျင့်ကြံခြင်းမလုံလောက်ဘူးဆိုရင် ဝိညာဉ်ကိုတောင် ထိခိုက်စေနိုင်တယ်”
ချင်ယန်ဇီက ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ ရောင်းရင်း… ဒါကို မကြာခင်မှာပဲ တခြားနေရာကို ရွှေ့ပြောင်းတော့မှာပါ၊၊ ကျုပ်တို့က ဒါကို ငါးစာအဖြစ် သုံးဖို့ ရည်ရွယ်ထားတာမှန်ပေမဲ့ တကယ်ကြီး စွန့်ပစ်လိုက်လို့တော့ မရဘူးလေ”
ကောင်းကင်သခင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ကျန်ရှိသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများမှာမူ တိတ်ဆိတ်စွာသာ နေခဲ့ကြသည်။
….
မနက်ဖြန်သည် အင်မော်တယ်တာအိုညီလာခံ၏ တတိယမြောက်နေ့ဖြစ်သလို ဗိုလ်လုပွဲကျင်းပမည့်နေ့လည်းဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူနှစ်ဦး နတ်ဘုရားကျောက်စာချပ်ကို လာရောက်ကြည့်ရှုပြီးနောက် နှစ်နာရီမျှသာ ကြာမြင့်သေးသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပုံမှန်မဟုတ်သော အချက်ပြမှုအချို့ကို စတင်သိရှိနေပြီ ဖြစ်သည်။ စန်းချင်းတောင်ခြေရှိ မြို့ငယ်လေးသို့ ကျင့်ကြံသူဒါဇင်ပေါင်းများစွာ ထပ်မံရောက်ရှိလာကြပြီး ၎င်းတို့အနက် အများစုမှာ ကျင့်ကြံခြင်းအဆင့်နိမ့်သော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ပုံရသည်။
စန်းချင်းတောင်ပတ်လည်ရှိ အဝေးပြေးလမ်းမကြီးအသီးသီးမှ စောင့်ကြည့်ရေးကွန်ရက်ကို အသုံးပြု၍ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နာရီပိုင်းအတွင်း ရင်းနှီးနေသော မျက်နှာဆယ်ခုကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့အားလုံးမှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် မိစ္ဆာတာအိုကျွမ်းကျင်သူများဖြစ်ကြပြီး လွန်ခဲ့သော နှစ်နှစ်အတွင်းကမူ လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့သူများဖြစ်သည်။
ညမှောင်လာသည်နှင့်အမျှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် စန်းချင်းတောင်မှ စတင်ထွက်ခွာခဲ့ကြသည်။ အများစုမှာ ၎င်းတို့၏ တာဝန်များကို ပြီးမြောက်ခဲ့ကြပြီဖြစ်သဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်ထမ်းဆောင်ရန် မူလစခန်းများသို့ ပြန်သွားကြပြီ ဖြစ်သည်။ ၎င်းတို့၏ လုပ်အားကို ရက်ရက်စက်စက်ညှစ်ထုတ်နေသကဲ့သို့ ထင်ရသော်လည်း စစ်မှန်သော ရည်ရွယ်ချက်မှာ ကျင့်ကြံသူမဟုတ်သော စုံစမ်းစစ်ဆေးရေးမှူးများကို အန္တရာယ်နှင့် ခေတ္တဝေးရာတွင် ရှိနေစေရန်သာဖြစ်သည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ငယ်ရွယ်သော သာမန်လူများဖြင့်သာ အဓိကဖွဲ့စည်းထားခြင်းသာဖြစ်သည်။ လွန်ခဲ့သောနှစ်က တရားဝင်ကျင့်ကြံသူရဲတပ်ဖွဲ့ကို တည်ထောင်ခဲ့သော်လည်း ယခုအခါ သီးခြားဌာနတစ်ခုဖြစ်သွားခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အမိန့်အောက်တွင်မရှိတော့ပေ။
အထက်လူကြီးများသည် တမင်တကာရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပုံရသည်။ ၎င်းတို့သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အား အခွင့်အာဏာအတော်မြင့်မားစွာ ပေးအပ်ထားသော်လည်း ကျင့်ကြံသူမဟုတ်သူများဖြင့်သာ လုံးဝဖွဲ့စည်းထားရန် အခိုင်အမာသတ်မှတ်ထားသည်။
တာအိုကျောင်းဆောင်အနောက်ဘက်ရှိ တောအုပ်အတွင်း၌ ဖြစ်သည်။
အေးမြပြီး ကြည်လင်သော ညဉ့်လရောင်အောက်တွင် ဓားကိုင်ထားသော တာအိုကျင့်ကြံသူနှစ်ဦးသည် လှုပ်ရှားလျက် တိုက်ခိုက်နေကြသည်။
တစ်ဦးမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ နူးညံ့ပျော့ပျောင်းသော လှုပ်ရှားမှုများနှင့် လိုက်ဖက်လှသည်။ သူမ၏လက်ထဲရှိ ရေခဲပြင်မှ ထုဆစ်ထားပုံရသော ရတနာဓားသည် အေးစက်သောလေထုကို အဆက်မပြတ်ထုတ်လွှတ်နေသဖြင့် သူမအား လူ့လောကသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
အခြားတစ်ဦးမူ ခန့်မှန်းရခက်စွာ လှုပ်ရှားနေသည်။ သူ၏ ဓားသိုင်းပညာရပ်များမှာ သန့်စင်ပြီး နက်နဲလှကာ သူ၏ခြေကွက်များမှာလည်း ဖမ်းမိရန် ပိုမိုခက်ခဲသည်။ သို့သော်လည်း အမျိုးသမီးသည် အေးစက်သောချီများကို ထုတ်လွှတ်နေသည့် ဓားကို အသုံးပြု၍ သူ၏ တိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်ခဲ့သည်။
နှင်းဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သိသာစွာပင် ခုခံမှုပိုင်း၌ အနည်းငယ်အဆင်မပြေဖြစ်နေပြီး လှုပ်ရှားမှုတိုင်းတွင် အင်အားချိနဲ့နေပုံရသည်။ သူမနှင့် လိုက်လျောညီထွေရှိစေရန်အတွက် သူမအား ဝန်းရံနေသော အမျိုးသားသည် ပြင်းထန်သော တိုက်ခိုက်မှုများ မပြုလုပ်ဘဲ တမင်တကာ ထိန်းထားပေးခဲ့သည်။
ခေတ္တမျှ ကြာပြီးနောက် ထိုနှစ်ဦးသည် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာလိုက်ကြပြီး ဓားများကို အောက်သို့ ချလိုက်ကြသည်။
အမျိုးသမီးသည် လရောင်အောက်တွင် မတ်တတ်ရပ်ကာ အတွေးနက်နေခဲ့သည်။
သူမ၏ ဝဲကျနေသော ဆံနွယ်နက်များသည် သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေသည်။ သူမတွင် မည်သည့်မိတ်ကပ်မျှ လိမ်းခြယ်မထားသော်လည်း သူမ၏ အလှတရားမှာ တိုင်းပြည်ကိုပင် မှောက်လှန်နိုင်လောက်သည်။ သူမ၏ မျက်ခုံးအစုံအနည်းငယ်တွန့်ချိုးသွားရုံမျှဖြင့် အခြားသူများ၏ စိတ်နှလုံးကို ဆွဲကိုင်နိုင်ပြီး သူမ၏ တိတ်ဆိတ်မှုနောက်ကွယ်တွင် မည်သည့်သောကများ ခိုအောင်းနေပါလိမ့်ဟု တွေးတောမိစေလိမ့်ပေမည်။
ထိုအချိန်တွင် အမျိုးသားသည် ကျောပြင်၌ ဓားသေတ္တာကို ပိုးထားပြီး လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ တောအုပ်၏ အရိပ်ထဲမှ ထွက်လာခဲ့သည်။
“စီနီယာအစ်မ… ယင်နဲ့ယန်ရဲ့ ဆန့်ကျင်ဘက်သဘောတရားတွေကို ဓားသိုင်းထဲမှာ ထည့်သွင်းအသုံးပြုကြည့်ပါ၊၊ ပုံသေပုံစံတွေထဲမှာတင် ပိတ်မိမနေပါနဲ့… စီနီယာအစ်မရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်ပါတယ်၊၊ ပြီးတော့ ဓားသိုင်းတွေကိုလည်း အရင်က လေ့လာဖူးတာပဲ”
ဝမ်ရှန်းသည် သူ၏ စီနီယာအစ်မ မုဝမ်ရွှမ်းအား လမ်းညွှန်မှုပေးနေခြင်းဖြစ်ပြီး တိုက်ပွဲတွင် ရေခဲသလင်းဓားကို လျင်မြန်စွာ အသုံးချနိုင်ရန် ကူညီပေးနေခြင်း ဖြစ်သည်။
“အွန်း”
မုဝမ်ရွှမ်းက ပြန်ပြောလိုက်ပြီး ခေါင်းငုံ့ကာ ခေတ္တတွေးပြီးနောက် ဝမ်ရှန်းကို မော့ကြည့်ခဲ့သည်။
သူမ၏ အချက်ပြမှုကို နားလည်သဖြင့် ဝမ်ရှန်းက ခုနှစ်စင်ကြယ်ဓားအစီအရင်ဖြင့် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် သူမ၏ တုံ့ပြန်မှုမှာ ယခင်ကထက် အနည်းငယ်ပိုကောင်းမွန်လာခဲ့သည်။ နောက်ဆုံးတွင် သူမသည် ယင်နှင့်ယန်ကို ဗဟိုပြုထားသော ဓားသိုင်းပုံစံ၏ အရိပ်အယောင်များကို စတင်ပြသနိုင်ခဲ့ပြီ ဖြစ်သည်။
သူမအနေဖြင့် တစ်ညတာအတွင်း ဓားကို ကျွမ်းကျင်စွာ ပြောင်းလဲအသုံးပြုနိုင်ရန် မျှော်လင့်ခြင်းမှာ အမှန်တကယ်ပင် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို ရေခဲသလင်းဓား၏ အေးစက်သောချီများကို သူမ၏ ယင်ယန်မဟာအစီအရင်ထဲသို့ ပေါင်းစပ်နိုင်ရန်သာ မျှော်လင့်ထားပြီး ၎င်းက သူမ၏ အင်အားကို အနည်းငယ်တိုးတက်စေမည် ဖြစ်သည်။
ထိုနှစ်ဦးသည် အရုဏ်ဦး၏ ပထမဆုံးအလင်းတန်းပေါ်ထွက်လာသည်အထိ လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် သစ်ပင်ပင်စည်ကို မှီ၍ အနားယူခဲ့ကြသည်။ မုဝမ်ရွှမ်းက ရေခဲသလင်းဓားဖြင့် ကစားနေပြီး ဝမ်ရှန်းကမူ ဝိညာဉ်မဲ့ဓားကို ညင်သာစွာ သုတ်သင်နေခဲ့သည်။
မကြာမီ ၎င်းတို့သည် ပြိုင်ပွဲကျင်းပရာနေရာသို့ ပြန်သွားပြီး တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည် ဖြစ်သည်။ ချင်ယန်ဇီ၏ တပည့်များဖြစ်ကြသည့်အတိုင်း ၎င်းတို့သည် အင်မော်တယ်တာအိုညီလာခံတစ်ခုလုံးတွင် လူအများအတွက် အလုပ်လုပ်ခဲ့ကြရသည်။ ၎င်းမှာ မလွယ်ကူလှချေ။ သူတို့သည် ပြိုင်ပွဲသို့ပင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြပေ။