အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
Chapter 215
“စီနီယာအစ်မ… မုရွှယ်ပြောတာ ကြားတယ်၊၊ နောက်ထပ် အင်မော်တယ်တာအိုညီလာခံကို ငါးနှစ်အကြာမှာ လုံဟူရှန်းတောင်မှာ ကျင်းပဖို့ ရှိတယ်တဲ့၊၊ ကောင်းကင်သခင်ကိုယ်တိုင် စီစဉ်မှာတဲ့… ကျွန်တော်တို့ အဲဒီကျရင် ပထမနဲ့ ဒုတိယနေရာတွေကို သွားယူကြမလား”
“အွန်း”
မုဝမ်ရွှမ်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ ထို့နောက် သူမက ခေါင်းကို စောင်းကာ ဝမ်ရှန်းကို စိုးရိမ်စိတ်အချို့ဖြင့် ကြည့်ခဲ့သည်။
သူမ၏ မောင်လေးမှာ ပုံရိပ်ယောင်အမြုတေအဆင့်သို့ မရောက်ရှိသေးချေ။ နောက်ထပ် အင်မော်တယ်တာအိုညီလာခံအတွက် ငါးနှစ်မျှ လိုသေးသည်ဆိုသော်လည်း လူတိုင်းက ကြိုးစားကျင့်ကြံနေကြသည်။ ယခုနှစ်တွင် အသက်သုံးဆယ်ဝန်းကျင်ရှိသော ထိပ်သီးကျွမ်းကျင်သူအများအပြားမှာ နောက်တစ်ကြိမ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိနေဦးမည် ဖြစ်သည်။ သူ့အတွက် ဒုတိယနေရာကို ရယူရန်မှာ မလွယ်ကူလှချေ။
ဝမ်ရှန်း သမ်းဝေလိုက်သည်။ သူ၏ စီနီယာအစ်မနှင့် တစ်ညလုံး လေ့ကျင့်ခဲ့ရခြင်းက ဓား၇၂လက်အစီအရင်၏ ဝိညာဉ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည်ထက် သူ့ကို ပိုမိုပင်ပန်းစေခဲ့သည်။
မကြာမီ ၎င်းတို့၏ ဖုန်းများ မြည်လာခဲ့သည်။ ၎င်းတို့သည် တောင်အောက်သို့ အတူဆင်းလာခဲ့ကြပြီး အလုပ်ပြန်လုပ်ရန် ပြိုင်ပွဲကျင်းပရာနေရာသို့ ဦးတည်ခဲ့ကြသည်။
အင်မော်တယ်တာအိုညီလာခံသည် မွန်းတည့်ချိန်တွင် ပြီးဆုံးမည်ဖြစ်ပြီး ထိပ်သီး ၃ဦးကို ရွေးချယ်မည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် တာအိုဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး ထိုပွဲတွင် တာအိုအကြီးအကဲ ၁၀ယောက်က ကျင့်ကြံခြင်းဆိုင်ရာတရားများကို ဟောကြားကြမည်ဖြစ်သည်။ ၎င်းသည်လည်း ကြီးကျယ်သောအခမ်းအနားတစ်ခုဖြစ်သည်။
ကျင့်ကြံသူ ထက်ဝက်ခန့်မှာ ဤဒေသတွင် ရက်အနည်းငယ်မျှ ထပ်မံနေထိုင်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။ အဆုံးသတ်တွင် ဤအရာသည် ကျင့်ကြံခြင်းလောက၏ ရှားပါးသော စုဝေးပွဲကြီးတစ်ခုဖြစ်သည်။ တရားဝင်အခမ်းအနားများပြီးဆုံးသွားပါက စိတ်တူကိုယ်တူရှိသူများအချင်းချင်း အုပ်စုဖွဲ့ကာ မိတ်ဆွေဖွဲ့ခြင်း၊ အတူတကွသောက်စားခြင်း၊ တာအိုအကြောင်း ဆွေးနွေးခြင်းများနှင့် အေးချမ်းစွာ အပန်းဖြေခြင်းများကို ပြုလုပ်ကြမည် ဖြစ်သည်။
သို့သော်လည်း မိကျောင်းဖမ်းမည့် အစီအစဥ်ကို သိရှိထားသူများမှာမူ အင်မော်တယ်တာအိုညီလာခံ၏ အမြင့်ဆုံးအချိန်ကို ကြည့်ရှုရန် စိတ်ဝင်စားမှု လုံးဝမရှိတော့ချေ။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူ ၄ဦးကတော့ ချွင်းချက်ဖြစ်သည်။
ထိုအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မွန်းတည့်ချိန်အတွက် စာရင်းတစ်ခုကို ရေးဆွဲနေကြသည်။ ၎င်းတို့သည် လာမည့်တိုက်ပွဲတွင် ကူညီပေးနိုင်ရန် တာအိုဂိုဏ်းများနှင့် မြင့်မြတ်တောင်များမှ ယုံကြည်စိတ်ချရပြီး အင်အားကြီးမားသော ဆရာကြီးများကိုလည်းကောင်း၊ ဗုဒ္ဓဂိုဏ်းများမှ ထင်ရှားသော ဆရာတော်အချို့ကိုလည်းကောင်း ဖိတ်ကြားရန် ရည်ရွယ်ထားကြသည်။
ပြိုင်ပွဲကျင်းပရာနေရာ၌ ဗိုလ်လုပွဲများ ကျင်းပနေစဉ် ဝမ်ရှန်းနှင့် ဒိုင်လူကြီးအများစုကို အစည်းအဝေးခန်းမသို့ ပြန်လည်ခေါ်ယူခဲ့သည်။
မုရွှယ်က အလျင်အမြန် ရောက်ရှိလာခဲ့သည်။ သူမ ဝင်လာသည်နှင့်တပြိုင်နက် သတင်းပို့လိုက်သည်။
“ကျွန်မတို့ အခုလေးတင် သတင်းရပါတယ်၊၊ မိစ္ဆာကျင့်ကြံသူတွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက အရိပ်ထဲမှာ အကြာကြီးပုန်းအောင်းနေခဲ့ပြီးနောက် အခု လှုပ်ရှားလာပါပြီ၊၊ သူတို့က နတ်ဘုရားကျောက်စာချပ်ကို လုယူဖို့အတွက် ကျွမ်းကျင်သူအမြောက်အမြားကို လျှို့ဝှက်စေလွှတ်ထားပါတယ်”
တာအိုဆရာကြီးများမှာ အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း မကြာမီ အနားသို့စုဝေးလာကြသည်။
လုံဟူရှန်းတောင်မှ ဒိုင်လူကြီးတစ်ဦးက ဖြောင့်မတ်စွာဖြင့် ပြောခဲ့သည်။
“နတ်ဘုရားကျောက်စာက အရမ်းအရေးကြီးတယ်၊၊ မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ထဲကို ဘယ်လိုနည်းမှ အကျမခံနိုင်ဘူး၊၊ မဟုတ်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”
အခြားတာအိုဆရာကြီးတစ်ဦးကလည်း ထပ်ပြောခဲ့သည်။
“မင်းတို့ အကူအညီလိုရင် ပြောပါ၊၊ ငါတို့ ဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါဘူး”
မုရွှယ်က သက်ပြင်းချကာ ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီးတို့… အခုအချိန်မှာ အထူးစစ်ဆင်ရေးအဖွဲ့ကို စေလွှတ်ဖို့ အချိန်မလောက်တော့ပါဘူး၊၊ မွန်းတည့်ချိန်မှာ ထိပ်သီး ၈ဦး ကျောက်စာချပ်ကို လေ့လာပြီးတာနဲ့ ကျွန်မတို့ ဒါကို တခြားနေရာကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ်”
“မိန်းကလေး… မစိုးရိမ်ပါနဲ့… ဒီမှာ လမ်းမှန်ကျင့်ကြံသူတွေ အများကြီးစုဝေးနေတာဆိုတော့ ကျွမ်းကျင်သူတွေလည်း အများကြီးရှိပါတယ်၊၊ အဲဒီမိစ္ဆာကျင့်ကြံသူတွေက ဘယ်လိုလှုပ်ရှားမလဲဆိုတာ ငါလည်း သိချင်ပါသေးတယ်”
မုရွှယ်က တိတ်ဆိတ်စွာသာ နေခဲ့သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ ‘ကျောက်စာချပ်ကို သယ်ဆောင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူတွေကိုပဲ အပ်နှံရလိမ့်မယ်’
ယုံကြည်စိတ်ချရသော ကျွမ်းကျင်သူများကို ရှာဖွေရမည်သာမက ၎င်းတို့၏ အရေအတွက်ကိုလည်း သင့်တော်သောပမာဏအတွင်း၌သာ ထိန်းသိမ်းထားရမည်ဖြစ်သည်။ များလွန်းပါက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက သတိထားသွားပြီး လမ်းခုလတ်မှ အရိပ်ထဲသို့ ပြန်လည်ပုန်းအောင်းသွားနိုင်ကာ နည်းလွန်းပါကလည်း ကာကွယ်စောင့်ရှောက်မည့်အဖွဲ့က မိစ္ဆာကျင့်ကြံသူများကို ယှဉ်နိုင်မည်မဟုတ်သဖြင့် မလိုအပ်သော ထိခိုက်ဒဏ်ရာရမှုများရှိလာနိုင်သည်။
တာအိုဆရာကြီးများက နားလည်စွာဖြင့် ခေါင်းညိတ်ခဲ့ကြပြီး မိစ္ဆာကျင့်ကြံသူများနှင့် တိုက်ပွဲကြီးတစ်ခုအတွက် အသင့်ပြင်ထားကြပြီ ဖြစ်သည်။
မုရွှယ်က ဘေးတွင် ထိုင်နေသော ဝမ်ရှန်းကို ကြည့်လိုက်သည်။ ၎င်းတို့၏ အကြည့်ချင်း ဆုံမိသောအခါ နားလည်မှုရှိသော အပြုံးတစ်ခုကို အပြန်အလှန်ပြုံးပြလိုက်ကြသည်။
နတ်ဘုရားကျောက်စာချပ်ကို ကာကွယ်စောင့်ရှောက်မည့် ကျင့်ကြံသူများစာရင်းကို မကြာမီအတည်ပြုခဲ့ပြီး ၎င်းတို့မှာ ပုံရိပ်ယောင်အမြုတေအဆင့် တာအိုဆရာ ၂၆ဦးနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံသူ ၄၆ဦးတို့ ဖြစ်ကြသည်။
၎င်းတို့အနေဖြင့် နတ်ဘုရားကျောက်စာချပ်ကို စစ်အခြေစိုက်စခန်းတစ်ခုသို့ ပို့ဆောင်နိုင်လျှင် တာဝန်ပြီးမြောက်မည် ဖြစ်သည်။
သို့သော်လည်း တာအိုဆရာကြီးအချို့က ပဟေဠိဖြစ်နေကြသည်။ နတ်ဘုရားကျောက်စာချပ်ကို ဘာလို့ အလျင်စလိုပြောင်းရွှေ့ရတာလဲ…၊၊ အင်မော်တယ်တာအိုညီလာခံတွင် လမ်းမှန်ကျင့်ကြံသူအများအပြားရှိနေသဖြင့် ဤနေရာသည် အလုံခြုံဆုံးနေရာဖြစ်သင့်သည်။
ထိုအချက်နှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က မတတ်သာဘဲ ပြန်ဖြေခဲ့ရသည်။
“အထက်လူကြီးတွေက နတ်ဘုရားကျောက်စာချပ်နဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေကြလို့ပါ”
နံနက် ၁၁နာရီအချိန်တွင် အင်မော်တယ်တာအိုညီလာခံပြီးဆုံးသွားခဲ့သည်။ ချင်းချန်တောင်မှ အသက် ၃၃အရွယ် တာအိုဆရာတစ်ဦးက ကောင်းကင်ချန်ပီယံဘွဲ့ကို ရရှိခဲ့သည်။
ဝမ်ရှန်းသည် ထိုတာအိုဆရာ၏ နာမည်ကို မြင်လိုက်ရသောအခါ သူ၏ယခင်ဘဝက ကောင်းကင်အဆင့်သတ်မှတ်ချက်ရှိ ထိုသူ၏ အဆင့်ကို ချက်ချင်းသတိရမိသွားသည်။ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်သီးငါးဆယ်အတွင်း အမြဲပါဝင်လေ့ရှိသူဖြစ်ပြီး သူသည် အမှန်တကယ်ပင် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မမျှော်လင့်ဘဲ သူသည် ထိုစဉ်က ပထမဆုံးအကြိမ် ကျင်းပခဲ့သော အင်မော်တယ်တာအိုညီလာခံ၏ ချန်ပီယံဖြစ်လာခဲ့သည်။
တတိယနေရာရရှိခဲ့သော ဟိုင်ကျင်းမှလွဲ၍ ထိပ်သီးရှစ်ဦးအတွင်း ဝင်ရောက်ခဲ့သော အခြားသူများအားလုံးမှာ တာအိုဂိုဏ်းများမှ ဖြစ်ကြသည်။ ပြိုင်ပွဲအပြီးတွင် ၎င်းတို့အား စင်မြင့်အနောက်ဘက်ရှိ အဆောင်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာတွင် နတ်ဘုရားကျောက်စာအစစ်ကို ၎င်းတို့အား ပြသခဲ့သည်။
မနေ့ညက ချင်ယန်ဇီသည် ကျောက်စာချပ်ကို လျှို့ဝှက်စွာ ရွှေ့ပြောင်းလိုသော်လည်း ချီလင်းက ‘ဝံပုလွေကို ဖမ်းချင်ရင် သိုးငယ်ကို စွန့်လွှတ်ရမယ်’ ဟု ပြောခဲ့သည်။ ထို့ကြောင့် ကျောက်စာချပ်ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ ချီလင်းသည် သူမ၏ စီစဉ်မှုများအပေါ် အပြည့်အဝယုံကြည်မှု ရှိနေသည်။
နတ်ဘုရားကျောက်စာချပ်ပေါ်တွင် မည်သူမျှ အဓိပ္ပာယ်မဖော်နိုင်သေးသော မဟာတာအို၏ ကျမ်းစာများကို ရေးထိုးထားသည်။ ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် ခေတ္တလေ့လာကြည့်ရှုပြီးနောက် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားကြရသည်။
ထိုကျင့်ကြံသူ ၈ဦးကိုလည်း ကောင်းကင်ကျောက်စာတိုင်ကို ကာကွယ်စောင့်ရှောက်မည့် အဖွဲ့ထဲသို့ ထည့်သွင်းခဲ့သည်။ အဆုံးသတ်တွင် ဤကဲ့သို့သော အဖိုးတန်ရတနာကို ၎င်းတို့အား အလကားပြသခဲ့ခြင်းမဟုတ်ချေ။
မွန်းလွဲ တစ်နာရီခွဲအချိန်တွင် အရပ်သုံးမော်တော်ယာဉ် ဆယ်စီးကျော်နှင့် စစ်ထရပ်ကားအချို့ ပြိုင်ပွဲကျင်းပရာနေရာသို့ ဝင်ရောက်လာခဲ့သည်။ နတ်ဘုရားကျောက်စာချပ်ကို ကာကွယ်စောင့်ရှောက်ရန် ရွေးချယ်ခံရသော တာအိုဆရာကြီးများနှင့် အထူးစစ်ဆင်ရေးအဖွဲ့မှ စစ်သား ၁၀၀ခန့်သည် မော်တော်ယာဉ်အသီးသီးအတွင်းသို့ ဝင်ရောက်ထိုင်လိုက်ကြသည်။
ထို့နောက် တိုက်ခိုက်ရေးဟယ်လီကော်ပတာတစ်စီး ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး အဝတ်နက်ဖြင့် ဖုံးအုပ်ထားသော ငွေဖြူရောင်သေတ္တာကို ကောင်းကင်ထက်သို့ ထပ်မံမြှင့်တင်လိုက်သည်။ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် ကောင်းကင်ထက်၌ လွတ်လပ်စွာ ပျံသန်းနိုင်ကြပြီ ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအတွက် ဟယ်လီကော်ပတာတစ်စီးတည်းကိုသာ အသုံးပြုခြင်းမှာ မလုံခြုံနိုင်ချေ။
ဟယ်လီကော်ပတာသည် စစ်ကြောင်း၏အထက်တွင် ပျံသန်းနေပြီး စစ်ကြောင်းသည် စန်းချင်းတောင်၏ တောင်ပတ်လမ်းအတိုင်း အဝေးပြေးလမ်းမကြီးဆီသို့ ဖြည်းညင်းစွာ မောင်းနှင်သွားခဲ့သည်။
သေတ္တာသည် ကောင်းကင်ထက်တွင် ထင်ရှားစွာ ချိတ်ဆွဲထားသဖြင့် အာရုံစိုက်မခံရဘဲ နေရန်မှာ မဖြစ်နိုင်ချေ။
ပြိုင်ပွဲကျင်းပရာနေရာ၏ စင်မြင့်ထက်တွင် တာအိုအကြီးအကဲအများအပြားက မတ်တတ်ရပ်၍ ကြည့်ရှုနေကြသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ၄ဦးလည်း မတ်တတ်ရပ်လိုက်ကြသည်။
ယွမ်ဖူကျန်းရန်က ချီဖြင့်အသံလွှင့်ကာ မေးလိုက်သည်။
“ပုယန်… ငါတို့ နောက်ထပ် ဘယ်ကိုဦးတည်ရမလဲ”
“ခဏလောက် စောင့်ပါဦး”
ချင်ယန်ဇီက တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
“တကယ်လို့ ကျုပ်သာ အဲဒီမိစ္ဆာကျင့်ကြံသူတွေထဲက တစ်ယောက်ဆိုရင် နတ်ဘုရားကျောက်စာချပ်ကို မလုယူခင်မှာ ကျုပ်တို့ ၄ယောက်ကို အချိန်ဆွဲထားဖို့ နည်းလမ်းရှာမှာ သေချာတယ်၊၊ ကျုပ်တို့က သူတို့ကို အဝေးကို မျှားခေါ်သွားမယ်၊၊ အပြောင်းအလဲအားလုံးကို ရင်ဆိုင်နိုင်ဖို့ တည်ငြိမ်အောင်နေပါ”
“ဒါဆို ငါတို့က သူတို့ရဲ့ အစီအစဉ်ကို သိပြီးသားပေါ့ ဟုတ်လား”
ဖေးလုံက မေးခဲ့သည်။
“အတိအကျတော့ မဟုတ်ပါဘူး၊ ခန့်မှန်းခြေသက်သက်ပါပဲ”
ချင်ယန်ဇီက ပခုံးတွန့်လိုက်ပြီး ပြောသည်။
“ဒါပေမဲ့ ကျုပ် စဉ်းစားလို့ရသမျှ နည်းဗျူဟာတွေထဲမှာတော့ သူတို့ကို တောင်နဲ့ဝေးရာကို မျှားခေါ်ဖို့က မရှိမဖြစ်လိုအပ်တယ်၊၊ တကယ်လို့ ကျုပ်သာ မိစ္ဆာကျင့်ကြံသူတွေကို အမိန့်ပေးရမယ်ဆိုရင် မိုင်သုံးရာပဲ ဝေးတဲ့ လုံဟူရှန်းတောင်ကို တိုက်ခိုက်ဖို့ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်စုနဲ့ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို စေလွှတ်မှာ သေချာတယ်၊၊ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အင်အားစုတွေ ရှုပ်ထွေးသွားလိမ့်မယ်”
တိတ်ဆိတ်နေခဲ့သော ကောင်းကင်သခင်လည်း စိတ်လှုပ်ရှားသွားပြီး ချင်ယန်ဇီကို စိုက်ကြည့်လာသည်။
ချင်ယန်ဇီက အလျင်အမြန်ထပ်ပြောခဲ့သည်၊၊
“ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ ကောင်းကင်သခင်… သူတို့က ကျုပ်လို မတွေးလောက်ပါဘူး”
ရဲကားများ၏ ဦးဆောင်မှုဖြင့် စစ်ကြောင်းသည် ပိတ်ဆို့ထားသော အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်သွားခဲ့ပြီး ဟယ်လီကော်ပတာကို သတ်မှတ်ထားသောနေရာသို့ ဝန်းရံစောင့်ရှောက်သွားခဲ့သည်။ ၎င်းတို့ ရောက်ရှိရန် နာရီပေါင်းများစွာ လိုသေးသည်။
စန်းချင်းတောင်ခြေရှိ မြို့ငယ်လေးတစ်ခု၌ ဖြစ်သည်။
စစ်ကြောင်းထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် လူငယ်တစ်ဦးသည် လက်ဖက်ရည်ဆိုင်ပြတင်းပေါက်နားတွင် ထိုင်နေပြီး သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုရှိနေသည်။ သူက ဖုန်းထဲသို့ အမိန့်ပေးလိုက်သည်။
“စလိုက်တော့”
မိုင်သုံးရာအကွာတွင် လုံဟူရှန်းတောင်တန်း၏ အဓိကတောင်ဖြစ်သော ထျန်းမန်တောင်ခြေရှိ တောအုပ်တစ်ခုအတွင်း၌ ရုတ်တရက် ချီလှိုင်းတစ်ခု ပြင်းထန်စွာ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် မြက်ခင်းပြင်တောအုပ်အတွင်း၌ ကြီးမားသော တွင်းကြီးအချို့ ပွင့်သွားခဲ့သည်။ လူရိပ်အချို့ တွင်းထဲမှ ထွက်လာကြပြီး ၎င်းတို့၏ အစစ်မှန်ချီများကို ထုတ်လွှတ်ကာ မတ်စောက်သော တောင်ပတ်လမ်းအတိုင်း အပေါ်သို့ တက်လှမ်းသွားကြလေသည်။
Chapter 216
လုံဟူရှန်းတောင်၏ ဂိုဏ်းဂိတ်ပေါက်သည် တိုက်ခိုက်ခြင်းခံနေရပြီ ဖြစ်သည်။
ပုံရိပ်ယောင်အမြုတေအဆင့် မိစ္ဆာကျင့်ကြံသူအမြောက်အမြားသည် လုံဟူရှန်းတောင်၏ ပင်မနန်းဆောင်ဆီသို့ ဦးတည်ကာ ချီတက်နေကြသည်။ ၎င်းတို့ ဂိုဏ်းဂိတ်ပေါက်ကို စီးနင်းတိုက်ခိုက်ချိန်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ဦးက အရှိန်အဝါများထုတ်လွှတ်ပြီး ထျန်းမန်တောင်တစ်ခုလုံးကို ဖိနှိမ်လိုက်သည်။
သို့သော်လည်း အင်အားကြီးမားသော မိစ္ဆာကျင့်ကြံသူများ တောင်ခြေသို့ရောက်ရှိလာချိန်တွင် ကောင်းကင်သခင်ဂိုဏ်းသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထံမှ သတိပေးချက်ကို လက်ခံရရှိထားပြီးသားဖြစ်သည်။ ကောင်းကင်သခင်က အင်မော်တယ်တာအိုညီလာခံသို့ တက်ရောက်ရန်အတွက် သိပ်မကြာင်သေးခင်ကမှ ထွက်ခွာသွားခဲ့သဖြင့် သူ၏တပည့်များသည် တိုက်ရိုက်ရင်ဆိုင်တွေ့ဆုံခြင်းကို ရှောင်ရှားရန် ဆုံးဖြတ်ခဲ့ကြပြီး အရပ်မျက်နှာအသီးသီးမှ ပင်မနန်းဆောင်ဆီသို့ ချက်ချင်းအပြေးအလွှားသွားရောက်ခဲ့ကြသည်။ အင်အားအကြီးဆုံးကာကွယ်သူမရှိဘဲ ၎င်းတို့၏ အဆောင်ဂိုဏ်းမှ တပည့်များကို ထိုမျှများပြားလှသော မိစ္ဆာကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းမည့် ခေါင်းဆောင်သည် အရူးတစ်ယောက်သာဖြစ်လိမ့်မည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အချိန်ကိုက်သတိပေးချက်ကြောင့် လုံဟူရှန်းတောင်မှ တာအိုဆရာများနှင့် တပည့်များသည် အသေအပျောက်များမည့် ဘေးမှ ကင်းဝေးခဲ့ကြသည်။ ၎င်းတို့သည် ပင်မနန်းဆောင်သို့ လျင်မြန်စွာ စုရုံးကာ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်ပြီး အင်အားကြီးမားသော ရန်သူများကို အပြင်ဘက်တွင် တားဆီးထားလိုက်သည်။ သို့သော်လည်း တပည့်အနည်းငယ်မှာမူ ပင်မနန်းဆောင်အတွင်းသို့ အချိန်မီမဆုတ်ခွာနိုင်ခဲ့သဖြင့် လမ်းခွဲကာ ထွက်ပြေးတိမ်းရှောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။
မီးတောက်များသည် လုံဟူရှန်းတောင်တစ်ခွင်တွင် တောက်လောင်နေသည်။ မိစ္ဆာကျင့်ကြံသူများသည် စကားတစ်လုံးမှ မပြောဘဲ လုယက်ခြင်း၊ မီးရှို့ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုသာ ပြုလုပ်နေကြသည်။ ဂိုဏ်းအနေဖြင့် အသေအပျောက်မများသေးသော်လည်း မိစ္ဆာကျင့်ကြံသူများသည် ဂိုဏ်း၏ နှစ်ပေါင်းထောင်ချီသမိုင်းအမွေအနှစ်များကို ဖျက်ဆီးနေကြခြင်း ဖြစ်သည်။ ထိုအချင်းအရာက ဂိုဏ်းသားများ၏ ဒေါသကို ဆွပေးလိုက်သလိုဖြစ်စေပြီး အပြင်သို့ ပြေးထွက်ကာ အသက်ချင်းလဲကာတိုက်ခိုက်ချင်စိတ်များကို ပေါက်ဖွားလာစေသည်။
ဂိုဏ်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ကောင်းကင်သခင်က ချင်ယန်ဇီကို လေးနက်စွာကြည့်လိုက်သည်။ ချင်ယန်ဇီ ခုနက ပြောခဲ့သမျှအရာအားလုံးသည် တကယ်ဖြစ်လာခဲ့သဖြင့် ထိုသူသည် တစ်နည်းနည်းဖြင့် အတွင်းသတင်းကို ကြိုတင်ရရှိထားသည်ဟု သံသယမဝင်ဘဲနေရန် ခက်ခဲလှသည်။
အမှန်တော့ ချင်ယန်ဇီသည် ထိုကဲ့သို့သော သတင်းအချက်အလက်ကို ကြိုတင်ရရှိခဲ့ခြင်းမဟုတ်ပေ။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့ညကတည်းက ဖြစ်နိုင်ခြေအမျိုးမျိုးကို ကြိုတင်တွက်ချက်ထားခဲ့ခြင်း ဖြစ်ပြီး ရန်သူသည် အာရုံလွှဲရန်အတွက် လုံဟူရှန်းတောင်ကို တိုက်ခိုက်ရန် ၇၀ %ခန့် သေချာကြောင်း ကောက်ချက်ချခဲ့ကြသည်။ သို့သော်လည်း အကျိုးအကြောင်းများစွာကို ချိန်ဆပြီးနောက် ၎င်းတို့သည် ကောင်းကင်သခင်ဂိုဏ်းကို ကြိုတင်ပြင်ဆင်ထားရန် အကြောင်းမကြားခဲ့ပေ။
ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ လုံဟူရှန်းတောင်ကို အလစ်အငိုက်တိုက်ခိုက်မှုသည် မိစ္ဆာကျင့်ကြံသူများကို ဆန့်ကျင်ရန်အတွက် လမ်းမှန်ဂိုဏ်းများကို စည်းလုံးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် ကောင်းကင်သခင်သည် အလွယ်တကူ လှည့်စား၍ရမည့်သူမဟုတ်ရာ ထိုအကြံအစည်ကို ချက်ချင်းရိပ်မိသွားခဲ့သည်။
သူ့၏ ချင်ယန်ဇီကို ကြည့်သည့် အကြည့်တွင် လေးနက်သောအဓိပ္ပာယ်များပါဝင်နေလေ၏၊၊ ချင်ယန်ဇီကတော့ အကူညီမဲ့သောအပြုံးဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။ ချီလင်းက ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး သူသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အတွက် အောက်ခြေကိစ္စများကို လုပ်ဆောင်ပေးနေသည့် အမှုထမ်းမျှသာဖြစ်သည်။
ကောင်းကင်သခင် စကားမပြောရသေးမီ ချင်ယန်ဇီက အမြန်ပြောလိုက်သည်။
“တာအိုဆရာ ချင်လုံက ဓားထိန်းချုပ်ခြင်းပညာရပ်ကို တတ်မြောက်ထားပြီးသားမို့လို့ ရန်သူအများကြီးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါတယ်၊၊ ကျေးဇူးပြုပြီး နတ်ဘုရားကျောက်စာချပ်ရဲ့ စောင့်ရှောက်ရေးအဖွဲ့ကို စစ်ကူသွားပေးပါ”
ထို့နောက် သူသည် ယွမ်ဖူကျန်းရန်ကို ကြည့်လိုက်သည်။
“ဆရာဦးလေး… ကျုပ်တို့ ကောင်းကင်သခင်နဲ့အတူ လုံဟူရှန်းတောင်ကို လိုက်သွားပြီး ကူညီကြရအောင်”
ကောင်းကင်သခင်က မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့အားလုံး အတူတူသွားသင့်တယ်”
ချင်ယန်ဇီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်တော်တို့ လုံဟူရှန်းတောင်မှာ အားလုံးစီစဉ်ထားပြီးသားပါ၊၊ ပြီးတော့ တကယ်လို့ သူတို့ဒီကိုရောက်လာခဲ့ရင်လည်း ညီလာခံကွင်းပြင်မှာ လမ်းမှန်ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရှိနေပါသေးတယ်၊၊ အားလုံးပဲ အဲဒီမိစ္ဆာကျင့်ကြံသူတွေကို တစ်ခါတည်းအမြစ်ပြတ်အောင် အတူချေမှုန်းကြမယ်”
“သွားစို့”
ချင်လုံက အော်ဟစ်လိုက်ပြီးနောက် သူ၏ဓားပေါ်သို့ ခုန်တက်ကာ ဝေဟင်သို့ ပျံသန်းသွားပြီး ယာဉ်တန်းရှိရာဆီသို့ အရှိန်အပြည့်ဖြင့် ဦးတည်သွားလေ၏။ သူ၏ ဆံပင်ရှည်များသည် မျက်နှာပေါ်သို့ ကျရောက်နေပြီး လေထဲတွင် တဖျတ်ဖျတ်ဝေ့ယမ်းနေသည်။
လက်ရှိတွင် ယာဉ်တန်းသည် လီတစ်ရာကျော်(၁လီ=မီတာ၅၀၀) ခရီးနှင်ခဲ့ပြီးဖြစ်ကာ ချုံခိုတိုက်ခိုက်ခံရမည့် အရိပ်အယောင်မျိုးမရှိသေးပေ။ သို့သော်လည်း ချင်လုံရောက်ရှိလာရန်အတွက် အချိန်အနည်းငယ်ကြာဦးမည် ဖြစ်သည်။ ရန်သူက တိုက်ခိုက်တော့မည်ဆိုပါက မျက်စိတစ်မှိတ်အတွင်းဖြစ်ပွားပေလိမ့်မည်။ သို့မဟုတ်ပါက လုံဟူရှန်းတောင်ကို အကြီးအကျယ်စီးနင်းတိုက်ခိုက်မှုသည် တန်ဖိုးရှိတော့မည် မဟုတ်ပေ။
ကောင်းကင်သခင်က အဝါရောင်အဆောင်သုံးခုကို ထုတ်ယူကာ ချင်ယန်ဇီ၊ ယွမ်ဖူကျန်းရန်နှင့် သူ့ကိုယ်ပေါ်တွင် ကပ်လိုက်သည်။ အဆောင်များလင်းထိန်လာသည်နှင့်အမျှ ၎င်းတို့သုံးဦး၏ ပတ်လည်ရှိ ကမ္ဘာဦးချီများ လှိုင်းထလာပြီး ထိန်းချုပ်ရန်မလိုဘဲ ကောင်းကင်ယံတွင် လွတ်လပ်စွာ ပျံသန်းနိုင်စေသည်။ ၎င်းက သူတို့၏ အရှိန်ကို သုံးဆယ်ရာခိုင်နှုန်းခန့် တိုးမြင့်ပေးလိုက်သည်။ ထို့နောက် ၎င်းတို့သုံးဦးသည် လီသုံးရာခန့် ဝေးကွာသော အနောက်တောင်ဘက်ရှိ လုံဟူရှန်းတောင်ဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။
ညီလာခံကွင်းပြင်တွင်မူ ကျင့်ကြံသူထောင်ပေါင်းများစွာက ဘာဖြစ်နေမှန်းမသိကြသေးချေ။ သို့သော်လည်း ရွှေအမြုတေအဆင့်ကျွမ်းကျင်သူ (၄) ဦး အလျင်အမြန်ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် ကိစ္စကြီးတစ်ခုခုဖြစ်ပွားနေပြီဟုသာ ၎င်းတို့ တွက်ဆလိုက်ကြသည်။
မကြာမီ ပြိုင်ပွဲတွင် ပါဝင်နေသည့် လုံဟူရှန်းတောင်မှ ကျင့်ကြံသူများသည် မျက်နှာများဖြူလျော်သွားကာ ပြိုင်ပွဲကွင်းအပြင်သို့ အပြေးအလွှားထွက်ခွာသွားကြသည်။ တောင်ပေါ်မှ ဆင်းနေရင်း ၎င်းတို့က လုံဟူရှန်းတောင်တိုက်ခိုက်ခံနေရပြီ ဖြစ်ကြောင်း အချက်ပြလိုက်ကြသည်။
သို့သော်လည်း အရာရှိများသည် အင်မော်တယ်တာအိုညီလာခံတွင် မည်သည့်ကြေညာချက်မျှ ထုတ်ပြန်ခြင်းမရှိသေးပေ။ ရောက်ရှိနေသော တာအိုဆရာများနှင့် တာအိုအကြီးအကဲများသည် နေမြဲအတိုင်းသာနေကြရပြီး မွန်းလွဲပိုင်းဆွေးနွေးပွဲကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
ယာဉ်တန်းသည် အဝေးပြေးလမ်းအတိုင်း အရှေ့တောင်ဘက်သို့ တည်ငြိမ်စွာမောင်းနှင်နေသည်။
အနောက်ဘက်ရှိ စစ်သုံးထရပ်ကားတစ်စီး၏ အတွင်းခန်းထဲတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ဘေးချင်းယှဉ်ထိုင်နေကြသည်။ ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့သည်လည်း ၎င်းတို့၏ ဘေးတွင် ထိုင်နေကြပြီး အသင့်အနေထားယူထားကြသည်။ အထူးစစ်ဆင်ရေးအဖွဲ့မှ စစ်သားအချို့သည်လည်း ဖေးလျန်ဇီ၏ ဘေးတွင် ရှိနေကြသည်။ ၎င်းတို့လေးဦး၏ မျက်နှာချင်းဆိုင်တွင်ရှိသော အထူးစစ်ဆင်ရေးအဖွဲ့စစ်သားများထဲ၌ ကတုံးနှင့် ဟိုင်ကျင်းသည် ထင်ရှားပေါ်လွင်နေသည်။
ဝမ်ရှန်းသည် မုဝမ်ရွှမ်းအား ပစ်မှတ်ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် မူလက သူမကို အတူမလိုက်စေချင် ခဲ့ပေ။ သို့သော်လည်း သူသည် သူ၏ စီနီယာအစ်မ၏ ဇွဲကောင်းမှုကို မယှဉ်နိုင်ခဲ့ချေ။ ထို့အပြင် သူမသည် တိုက်ပွဲ၏ အလှည့်အပြောင်းကို ပြောင်းလဲနိုင်လောက်အောင် သန်မာသူဖြစ်သဖြင့် နောက်ဆုံးတွင် သူသည် သူမကို အတူလိုက်ပါခွင့်ပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
ထရပ်ကားပေါ် တက်ကတည်းက ဝမ်ရှန်းသည် သူ၏ ဓားရှည်ကို ပွေ့ပိုက်ကာ ပွတ်သပ်နေခဲ့ပြီး သူ၏ အမူအရာမှာ အတော်လေးတည်ငြိမ်နေသည်။ မကောင်းသောအငွေ့အသက်ကို ခံစားမိနေကြသဖြင့် ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့သည်လည်း ၎င်းတို့၏ အသက်ရှူခြင်းကို စည်းချက်ညီအောင် ထိန်းညှိပြီး စိတ်ကိုတည်ငြိမ်အောင် စတင်လုပ်ဆောင်နေကြသည်။
“တာအိုဆရာ ဖေးယွီ”
ဟိုင်ကျင်းက လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
“အဲဒီမိစ္ဆာကျင့်ကြံသူတွေက ချုံခိုတိုက်ခိုက်မယ်ဆိုတာ ငါတို့သေချာလို့လား… တခြားလမ်းကနေ သွားလို့မရဘူးလား”
“ဒီလမ်းကနေ မသွားရင် အဝေးပြေးလမ်းမကြီးအတိုင်းသွားရလိမ့်မယ်”
ဝမ်ရှန်းက ပြန်ဖြေလိုက်သည်။
“အဲဒီမှာ ရန်သူက ပြဿနာရှာရင် အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားနိုင်တယ်”
“ဒါဆို သူတို့ ငါတို့ကို ချုံခိုတိုက်ခိုက်တော့မယ်ဆိုတာ အတည်ပြုပြီးသားပေါ့လေ”
ဟိုင်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီမိစ္ဆာကျင့်ကြံသူတွေက ဒီလိုအတွင်းသတင်းတွေကို ဘယ်ကနေရတာလဲ”
“ညီလာခံကျင်းပတဲ့နေ့တုန်းက ရဟတ်ယာဉ်တွေက အရပ်မျက်နှာတစ်ခုတည်းကနေလာခဲ့တာလေ”
ဖေးလျန်ဇီက ပြန်ပြောလိုက်သည်။
“အဲဒါကို ငါတို့ တကယ်ဖုံးကွယ်ထားလို့မရတော့ ငါတို့ ဘယ်လမ်းကနေသွားမလဲ… ဘယ်ကို ဦးတည်နေမလဲဆိုတာကို တွက်ဆဖို့က သိပ်မခက်ခဲပါဘူး”
ဟိုင်ကျင်းက သူ၏မျက်ခုံးကို တွန့်လိုက်သည်။
“ဒါပေမဲ့လည်း ငါတို့ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအားလုံးက ညီလာခံဆီ ပြန်သွားကြပြီလေ၊၊ တကယ်လို့ မိစ္ဆာရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က လှုပ်ရှားလာရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းသွားပြီ”
ဝမ်ရှန်းက ပြုံးလိုက်သည်။
“အဲဒီလိုဆိုရင်တော့ ဗုဒ္ဓကျင့်ကြံသူဟိုင်ကျင်းကိုပဲ အားကိုးရတော့မှာပေါ့၊၊ တကယ်လို့ ရွှေအမြုတေအဆင့်ကျင့်ကြံသူက ငါတို့ကို ချုံခိုတိုက်ခိုက်လာရင် မင်းရဲ့ ရွှေခေါင်းလောင်းအကာကွယ်နဲ့ ရှေ့ကနေ သူတို့ကို ခဏလောက်အချိန်ဆွဲထားပေးလေ”
ဟိုင်ကျင်းက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် နောက်ပြောင်ပြီး ပြောလိုက်သည်။
“တာအိုဆရာ ဖေးယွီ… ဟိုအွန်လိုင်းဂိမ်းတွေကြောင့် အထင်မလွဲလိုက်ပါနဲ့… ငါတို့ ဘုန်းကြီးတွေက လက်တွေ့ဘဝမှာ တင့်ကားတွေ မဟုတ်ပါဘူးဟ၊၊ ဒါ့အပြင် ငါတို့ရဲ့ ကောင်းနဂါးဘုရားကျောင်းက နတ်ဘုရားသွေးကြော၆သွယ်ဓားကြောင့် လူသိများတာလေ… တကယ်လို့ တာဝန်တွေ ခွဲဝေမယ်ဆိုရင် ငါတို့က တိုက်စစ်ဆင်ပြီး ထိခိုက်မှုအများဆုံးပေးနိုင်တဲ့အဖွဲ့ (ADC) နဲ့ ပိုကိုက်ညီပါတယ်”
ကောင်းရှီရှင်းက သူ၏ လူငယ်ဘဝနေ့ရက်များကို ပြန်လည်အမှတ်ရသွားသည့်ပုံစံဖြင့် ခပ်တိုးတိုးရယ်မောလိုက်သည်။
“ဒါဆို မင်းက ဂိမ်းကစားရတာ ဝါသနာပါတာပေါ့”
ဝမ်ရှန်းက မေးလိုက်သည်။
“တစ်ခါတလေမှပါ”
ဟိုင်ကျင်းက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“ငါ့ရဲ့ နားလည်သဘောပေါက်မှုက ငါ့ရဲ့ ကျင့်ကြံခြင်းကို မကြာခဏအဟန့်အတားဖြစ်စေတယ်၊၊ ပြီးတော့ တောင်ပေါ်က နေ့စဉ်ဘဝကလည်း ပျင်းစရာကောင်းတယ်လေ… ငါ ငယ်ငယ်တုန်းကဆိုရင် ဖျော်ဖြေရေးအတွက် မြို့ထဲက အင်တာနက်ကဖေးဆီကို မကြာခဏခိုးသွားလေ့ရှိတယ်”
ဖေးလျန်ဇီက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။
“အမှန်ပဲ။ ကမ္ဘာဦးချီတွေ ပြန်လည်မနိုးထခင်တုန်းက ငါလည်း ငါတို့တောင်ခြေက အင်တာနက်ကဖေးတွေမှာ တပည့်တွေကို လိုက်ဖမ်းရင်း အချိန်တော်တော်ဖြုန်းခဲ့ရတယ်”
ဟိုင်ကျင်းက ဖေးလျန်ဇီကို စောင်းကြည့်လိုက်သည်။
“ငါတို့က အင်တာနက်သုံးဖို့အတွက်တင် တောင်တွေကို ဖြတ်ပြီး ဆယ်လီကျော်လမ်းလျှောက်ခဲ့ရတာကို နှစ်နာရီတောင်ပြည့်အောင် မကစားရသေးခင်မှာပဲ ဆွဲခေါ်ခံရပြီး ရက်အနည်းငယ်လောက် အကျဉ်းချခံလိုက်ရတာပဲ၊၊ အဲဒါက ဘယ်လိုစည်းကမ်းချက်မျိုးလဲပဲ”
ဖေးလျန်ဇီက ရယ်မောလိုက်သည်။
“ဟားဟားဟား… အဲဒါက အင်တာနက်စွဲလမ်းတာပဲလေ၊၊ အခုခေတ်မှာတော့ ဘယ်ကလေးမှ အင်တာနက်သုံးဖို့ တောင်အောက်ကို မဆင်းရဲတော့ဘူး၊၊ ငါ့ရဲ့ ဓားပျံကို တစ်ချက်လောက်ဝှေ့လိုက်ရုံနဲ့ သူတို့ရဲ့ အင်တာနက်ကေဘယ်ကြိုးတွေကို ဆယ်လီအကွာကနေ ဖြတ်တောက်ပစ်နိုင်တယ်”
“ကဖေးပိုင်ရှင်တွေအတွက်လည်း ချန်ထားပေးပါဦး”
ဝမ်ရှန်းက ကြားဖြတ်ပြောလိုက်သဖြင့် စစ်သားအချို့ကို ရယ်မောသွားစေသည်။ ထရပ်ကား၏ အနောက်ခန်းအတွင်းရှိ တင်းမာသော အငွေ့အသက်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဟိုင်ကျင်းက ရယ်မောလိုက်သည်။
“မုရွှယ်က အမြဲပြောတယ်… တာအိုဆရာဝမ်က တည်ကြည်လွန်းပြီး ဟာသဉာဏ်လုံးဝမရှိဘူးတဲ့… ငါ့အနေနဲ့ မင်းမှာ ဒီလိုဘက်မျိုးရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”