အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
Chapter 217
ကောင်းရှီရှင်းက ဝမ်ရှန်းကို ကြည့်လိုက်ပြီး သူ့တူလေး၏ ဟာသဉာဏ်က ဘယ်ကနေရောက်လာသလဲဆိုသည်ကို တွက်ဆရန် ကြိုးစားနေပုံရသည်။
မုဝမ်ရွှမ်းမှာမူ ၎င်းတို့ ဘာကိုဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သဖြင့် အနည်းငယ်ရှုပ်ထွေးနေသည့် ပုံစံဖြင့် ကြည့်နေသည်။
“ငါတို့ နောက်ပိုင်း အများကြီးအတူအလုပ်လုပ်ကြရဦးမှာပဲ၊၊ ပြီးတော့ ငါတို့က ဝါစဉ်လည်း အတူတူပဲလေ”
ဝမ်ရှန်းက ပြန်ပြောလိုက်သည်။
“ယဉ်ကျေးမှုတွေ လုပ်မနေပါနဲ့တော့… ငါတို့ တစ်ယောက်ကိုတစ်ယောက် နာမည်ပဲခေါ်ကြရအောင်”
“ကောင်းပြီလေ ဝမ်ဖေးယွီ”
“ဟိုင်ကျင်း”
၎င်းတို့နှစ်ဦးသည် တစ်ဦးက လက်အုပ်ချီကာ အခြားတစ်ဦးက လက်သီးဆုပ်ခြင်းကို ပြုလုပ်လိုက်သည်။ ထို့နောက် ၎င်းတို့သည် ပြုံးပြလိုက်ကြသည်။ ဟိုင်ကျင်း စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် စစ်သားတစ်ဦး၏ ပခုံးပေါ်ရှိ ဝေါ်ကီတော်ကီမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
—မော်တော်ယာဉ်များအားလုံး ထိခိုက်မှုအတွက် ပြင်ဆင်ထားကြ.. ချက်ချင်းရပ်ပြီး ပုံစံကို ထိန်းထားကြ၊၊
တာယာပွတ်တိုက်သံများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ယာဉ်တန်း၏ အရှေ့ဘက်မှ တိုက်မိသံများသည် ပဲ့တင်ထပ်နေပြီ ဖြစ်သည်။
၎င်းတို့၏ ထရပ်ကားထဲမှ မည်သူမျှ မတုံ့ပြန်နိုင်သေးမီမှာပင် ယာဉ်မောင်းက ဘရိတ်ကို အရှိန်ပြင်းပြင်းနင်းချလိုက်သည်။ အရှိန်ကြောင့် အရှေ့သို့ လွင့်ထွက်သွားသဖြင့် ဝမ်ရှန်းလည်း မုဝမ်ရွှမ်းဆီသို့ ယိုင်ကျသွားတော့သည်။ နှစ်စက္ကန့်ခန့်ကြာပြီးနောက် ကျယ်လောင်သော အသံကြီးနှင့်အတူ ၎င်းတို့၏ စစ်သုံးထရပ်ကားသည် အရှေ့က ကားနှင့် တိုက်မိသွားသည်။ ကံကောင်းထောက်မစွာဖြင့် ရိုက်ခတ်မှုက ထိုမျှ မပြင်းထန်ခဲ့ပေ။
ဝမ်ရှန်း တစ်ခုခုမလုပ်ရသေးမီမှာပင် သူ၏ စီနီယာအစ်မက သူ့ကို တင်းကျပ်စွာ ဖက်ထားပြီးသားဖြစ်သည်။ ယင်ယန်ချီများ ဝန်းရံလျက် သူမသည် သူ့ကို ပွေ့ကာ ထရပ်ကားပေါ်မှ ခုန်ချလိုက်ပြီး ခြေလှမ်းပျက်သွားသော စစ်သားအချို့ကိုလည်း အတူတူဆွဲခေါ်သွားခဲ့သည်။ ၎င်းတို့သည် ကတ္တရာလမ်းပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ကြသည်။
ဝမ်ရှန်းသည် ထိုသို့ ပွေ့ဖက်ခြင်းခံရမှုအပေါ် ခံစားနေရန်အချိန်ပင်မရရှိခဲ့ပေ။ သူသည် ချက်ချင်း မျက်လုံးဖွင့်ကာ ထရပ်ကား၏ အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး အရှေ့က အခြေအနေကို လှမ်းမျှော်ကြည့်လိုက်သည်။
အရှေ့ဆုံးတွင် အရပ်သားကားအချို့သည် လမ်းမပေါ်တွင် ဘေးတိုက်လွင့်ကျနေသည်။ ၎င်းတို့၏ အတွင်း၌ ကြိုးဖြင့်ချည်နှောင်ခံထားရသော အရပ်သားအများအပြားရှိနေသည်။ အချိန်မီ မရပ်တန့်နိုင်ခဲ့သဖြင့် ဦးဆောင်လာသော ရဲကားသည် ၎င်းတို့ဆီသို့ တည့်တည့်တိုက်မိသွားခဲ့သည်။
လွန်ခဲ့သည့် မိနစ်ပိုင်းကတင် တစ်စုံတစ်ယောက်သည် ယာဉ်တန်းတစ်ခုလုံးကို ပိတ်ဆို့ရန်အတွက် ထိုမော်တော်ယာဉ်များကို လမ်းပေါ်သို့ တွန်းပို့ခဲ့ခြင်းဖြစ်သည်။ ကံကောင်းသည်မှာ စစ်သုံးထရပ်ကားများသည် ခိုင်ခံ့ကြသည်။ အရှေ့မှ အနောက်အထိ ဆင့်ကဲတိုက်မိမှုများဖြစ်ပွားခဲ့သော်လည်း ထရပ်ကားတစ်စီးမျှ ပြင်းထန်စွာ ပျက်စီးသွားခြင်းမရှိပေ။
အရှေ့ဘက်ရှိ SUV ကားများသည် ပို၍ အခြေအနေကောင်းမွန်ကြသည်။ အများစုမှာ လမ်းဘေးရှိ ညင်သာသော ကုန်းစောင်းများဆီသို့ ကွေ့ရှောင်နိုင်ခဲ့ကြသည်။ ကားတံခါးများသည် တစ်ခုပြီးတစ်ခု ပွင့်လာကြပြီး တာအိုဆရာများသည် ဒေါသတကြီးဖြင့် ထွက်လာကြသည်။ ဤနေရာ၏ မြေမျက်နှာသွင်ပြင်သည် ၎င်းတို့အတွက် အတော်လေးဆိုးရွားလှသည်။ တစ်ဖက်က ကုန်းစောင်းဖြစ်ပြီး အခြားတစ်ဖက်မှာမူ ပြန့်ပြူးသော စိုက်ပျိုးရေးမြေကွက်ဖြစ်သည်။
တစ်ခုခုတော့ မှားနေတယ်… နေဦး နတ်ဘုရားကျောက်စာချပ်၊၊
ဝမ်ရှန်း မော့ကြည့်လိုက်စဉ်မှာပင် အင်အားကြီးမားသော ဖိအားတစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။
နေရောင်ကို ကျောပေးလျက် လူရိပ်တစ်ခုသည် အပေါ်မှနေ၍ မြှားတစ်စင်းကဲ့သို့ ဆင်းသက်လာပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို တိုက်မိသွားရာ ၎င်းကို ထိန်းချုပ်မှုလွတ်သွားစေပြီး ကုန်းစောင်းဆီသို့ ပျံဝဲသွားစေသည်။
ကုန်းစောင်းတစ်လျှောက်ရှိ သစ်ပင်များထဲမှ လူရိပ်များ ဝုန်းခနဲထွက်လာကြပြီး တစ်ယောက်ချင်းစီက ပြင်းထန်သောအရှိန်အဝါများကို ထုတ်လွှတ်ကာ အဝေးပြေးလမ်းမကြီးတစ်လျှောက်ရှိ ယာဉ်တန်းဆီသို့ ဖိနှိမ်လာကြသည်။
“ကျောက်စာကို ကာကွယ်ကြ… အဖွဲ့အားလုံး ပစ်ကြ… စစ်ကူတွေရောက်ဖို့ သုံးမိနစ်ပဲ လိုတော့တယ်”
ကီလိုမီတာ တစ်ရာကျော်အကွာရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ချီလင်းသည် အခြေအနေကို အချိန်နဲ့တစ်ပြေးညီပြသနေသည့် မော်နီတာရှေ့တွင် ရပ်နေသည်။ ယာဉ်တန်း တိုက်ခိုက်ခံရသည့် အချိန်တွင် သူမသည် သူမ၏အနောက်၌ရှိသော အထူးစစ်ဆင်ရေးအဖွဲ့ အရာရှိများထံသို့ အမိန့်များကို လျင်မြန်စွာ ထုတ်ပြန်လိုက်သည်။
မကြာမီ မျက်နှာပြင်ကြီး၏ ထောင့်စွန်းတွင် မြေပုံတစ်ခုပေါ်လာသည်။ လင်းထိန်နေသော အစက်နှစ်စက်သည် လုံဟူရှန်းတောင်နှင့် ချုံခိုတိုက်ခိုက်ခံရသည့် နေရာဆီသို့ လျင်မြန်စွာ ရွေ့လျားသွားကြသည်။ ၎င်းတို့သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အထူးစစ်ဆင်ရေးအဖွဲ့မှ ဖွဲ့စည်းခဲ့သည့် ဝေဟင်အမြန်တုံ့ပြန်ရေးအဖွဲ့ နှစ်ဖွဲ့ကို ကိုယ်စားပြုခြင်းဖြစ်သည်။
“အဲဒီမိစ္ဆာကျင့်ကြံသူတွေထဲက တစ်ယောက်မှ လွတ်မသွားစေနဲ့ ဒါက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းရဲ့ အင်အားအပြည့်မဟုတ်ရင်တောင်မှ သူတို့ကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုပေးနိုင်ရမယ်”
“ဟုတ်ကဲ့ပါ ကပ္ပတိန်”
….
သေနတ်သံများ၊ အော်ဟစ်ညည်းတွားသံများနှင့် တာအိုဆရာများ၏ အစစ်မှန်ချီများပါဝင်နေသည့် အော်ဟစ်ကြိမ်းမောင်းသံများသည် ထိုနေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေ၏။
ရဟတ်ယာဉ်ပျက်ကျသွားသည့် တစ်ခဏတွင် မီးခိုးလုံးကြီးသည် ကောင်းကင်ယံသို့ မြင့်တက်သွားသည်။ ၎င်းသယ်ဆောင်လာသော ငွေဖြူရောင်သတ္တုသေတ္တာသည် မြက်ခင်းပြင်ကုန်းစောင်းပေါ်သို့ ပြုတ်ကျကာ ပျက်စီးသွားပြီး တာအိုကျင့်ကြံသူအဖွဲ့နှင့် မိစ္ဆာကျင့်ကြံသူအဖွဲ့တို့နှစ်ခုကြားတည့်တည့်သို့ ကျရောက်သွားတော့သည်။
ဝမ်ရှန်းလည ကားအမိုးပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်သည်။
“စီနီယာအစ်မ”
မုဝမ်ရွှမ်းလည်း သူ့နောက်သို့ အရှိန်အပြည့်ဖြင့် ချက်ချင်းလိုက်ပါသွားသည်။ သို့သော်လည်း လှုပ်ရှားမှုပညာရပ်များတွင် ကျွမ်းကျင်မှုမရှိသော မုဝမ်ရွှမ်းထက် ဖေးလျန်ဇီ၊ ကောင်းရှီရှင်းနှင့် ဟိုင်ကျင်းတို့က ပိုမိုမြန်ဆန်နေကြ၏။
ဖေးလျန်ဇီသည် သူ၏ဓားဖြင့် ပျံသန်းလိုက်သည်။ သူ၏ အင်္ကျီလက်အိုးထဲမှ ဓားပျံနှစ်စင်းသည် မီးတောက်ပေါက်ကွဲမှုကြားတွင် ရပ်နေသည့် မိစ္ဆာရွှေအမြုတေအဆင့်ကျင့်ကြံသူဆီသို့ ပြေးဝင်သွားသည်။ ထိုလူကို ရင်ဆိုင်ခြင်းသည် မီးနှင့်ကစားသည်နှင့်မခြားသော်လည်း သူသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိပေ။
သို့သော်လည်း ရန်သူသည် ထူးထူးခြားခြားတုံ့ပြန်ခြင်းမျိုးပင်မရှိဘဲ ဓားပျံများကို အလွယ်တကူပင် ပုတ်ထုတ်ပစ်လိုက်သည်။
ဝမ်ရှန်းသည် သူ၏ဘယ်ဘက်လက်ဖြင့် ဓားလက်ဟန်ကို ပြုလုပ်ကာ သူ၏ ရင်ဘတ်အလယ်ကို ပုတ်လိုက်သည်။ သူ၏ ဘယ်ဘက်ရင်ဘတ်ပေါ်တွင် အလင်းရောင်တစ်ခုထွက်လာပြီး သူ၏ နတ်ဘုရားအဆင့်ဓားပျံသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် အနီးဆုံးရှိနေသည့် မိစ္ဆာကျင့်ကြံသူကို ခုတ်ပိုင်းလိုက်လေသည်။
“တာအိုရောင်းရင်းတို့ မိစ္ဆာကျင့်ကြံသူတွေကို အရင်သတ်ကြ”
ဝမ်ရှန်းက ညွှန်ကြားလိုက်ရင်း သူ၏ညာဘက်လက်ဖြင့် ဓားသေတ္တာကို ပုတ်လိုက်ပြီး အပြင်ထွက်လာသော ဝိညာဥ်မဲ့ဓားကို လှမ်းဖမ်းလိုက်သည်။ ၎င်း၏ အေးစက်သော အလင်းရောင်သည် ပြင်းထန်လှပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာလည်း လွင့်မျောနေ၏။
သူယခင်က ပွတ်သပ်နေခဲ့သော ဓားရှည်သည်လည်း နတ်ဘုရားအဆင့်ဓားပျံနှင့်အတူ ပျံသန်းထွက်ခွာသွားသည်။ ထိုအလင်းတန်းနှစ်ခုသည် တစ်ခုပြီးတစ်ခု ရှေ့သို့ပြေးဝင်သွားပြီး ဝမ်ရှန်း ပစ်မှတ်ထားထားသည့် ကျင့်ကြံသူကို သတ်ဖြတ်ရန် ဦးတည်နေကြသည်။
အရှေ့ဆုံးရှိ မိစ္ဆာကျင့်ကြံသူ၏ လက်များနီရဲသွားကာ တောက်ပစွာ လင်းထိန်နေသောဓားပျံကို ဖမ်းဆွဲလိုက်သည်၊၊ သူ၏ မိစ္ဆာမျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များပါဝင်နေ၏။
သို့သော်လည်း ဓားသည် အလွယ်တကူပင် ဖြတ်သန်းသွားပြီး သူ့လက်ချောင်းအချို့ကို ဖြတ်တောက်ပစ်လိုက်လေသည်။ ထို့နောက် နတ်ဘုရားအဆင့်ဓားပျံသည် ထိုလူ၏ လည်ပင်းကို ထုတ်ချင်းဖောက်သွားပြီး သွေးစီးကြောင်းအနည်းငယ်ချန်ထားခဲ့သည်။
မိစ္ဆာကျင့်ကြံသူ မျက်လုံးများပြူးကျယ်သွားသည်။ သူဂုဏ်ယူရသော သံမဏိလက်ဝါးက ထိုဓားကို အဘယ်ကြောင့် မဖမ်းနိုင်ခဲ့သည်ကို သူနားမလည်နိုင်ဖြစ်နေ၏။ ၎င်းကို ရှုတောင်၏ ဓားထိန်းချုပ်ခြင်းပညာရပ်ဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း ထိုမျှအထိ အင်အားမကြီးမားသင့်ပေ။
သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ယိမ်းထိုးသွားပြီးနောက် လဲကျသွားတော့သည်။
သူ၏အသက်ကို နှုတ်ယူသွားသော ဓားပျံသည် သူ၏ဘေးနှင့် အနောက်တွင် ရှိနေသူများကိုလည်း ဆက်လက်ခုတ်ပိုင်းလိုက်သည်။ အခြားမိစ္ဆာကျင့်ကြံသူများသည် ၎င်းကို ထိပ်တိုက်မရင်ဆိုင်ရဲကြတော့ပေ၊၊ တစ်ယောက်ချင်းစီသည် ၎င်းတို့၏ လှုပ်ရှားမှုပညာရပ်များကို အသုံးပြုကာ ရှောင်တိမ်းပြီး ခုန်ထွက်သွားကြသဖြင့် နတ်ဘုရားအဆင့်ဓားပျံသည် ပစ်မှတ်များနှင့် လွဲချော်သွားခဲ့သည်။
တာအိုဂိုဏ်းအဖွဲ့နှင့် မိစ္ဆာဂိုဏ်းတို့မှ စုစုပေါင်း ကျွမ်းကျင်သူ ၂၀၀ခန့်သည် ငွေဖြူရောင်သတ္တုသေတ္တာကို အာရုံစိုက်ကာ တစ်ဦးကိုတစ်ဦးအပြန်အလှန်တိုက်ခိုက်နေကြသည်။ တိုက်ပွဲက အပြည့်အဝမစတင်သေးသော်လည်း နှစ်ဖက်စလုံးသည် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတွင် ပိတ်မိနေကြပြီ ဖြစ်သည်။ အထူးစစ်ဆင်ရေးအဖွဲ့မှ စစ်သားများကို ဖယ်ထုတ်လျှင် ကျန်ရှိနေသည့် အားအနည်းဆုံးတိုက်ခိုက်သူများသည်ပင် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ချေမှုန်းခံခဲ့ရပြီးဖြစ်သော နတ်ဘုရားငါးပါးဂိုဏ်းသည်ပင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို မယှဉ်နိုင်ချေ။ ၎င်းတို့သည် ဟွာသမ္မတနိုင်ငံ၏ အရှေ့ဘက်ဒေသများတွင် နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အင်အားများကို နောက်ဆုံးတွင် အသုံးပြုနေကြပြီဖြစ်၏။
မိစ္ဆာကျင့်ကြံသူတိုင်းသည် မိစ္ဆာမျက်နှာဖုံးများကို ဝတ်ဆင်ထားကြသဖြင့် နေ့ခင်းကြောင်တောင်တွင် သောင်းကျန်းနေသော ကလဲ့စားချေလိုသည့် တစ္ဆေများကဲ့သို့ ရက်စက်ကြမ်းကြုတ်သောပုံစံများ ပေါက်နေကြသည်။
လက်ရှိတွင် အားလုံး၏ အကြည့်များသည် ငွေဖြူရောင်သေတ္တာဆီသို့ ရောက်ရှိနေသည်။ တောက်လောင်နေသောပေါက်ကွဲမှုက မြင်ကွင်းကို ဖုံးကွယ်ထားသော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် မီးတောက်များလျော့ပါးသွား၏။
သန်မာထွားကျိုင်းသော လူတစ်ယောက်သည် သေတ္တာ၏အရှေ့တွင် ရပ်နေသည်။ သူသည် သေတ္တာကို ကိုင်ထားပြီဖြစ်ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထင်ရှားသော လက်ဝါးရာများကို ချန်ထားခဲ့သည်။ ယခုမူ သူသည် သတ္တုတံခါးများကို ဆွဲဖွင့်ရန် ကြိုးစားနေ၏။
“ပွင့်စမ်း”
သူက သူ၏ကျောပြင်မှ ကြွက်သားများကို ရုန်းကြွစေလျက် ဟိန်းဟောက်လိုက်သည်။ သူ၏ကိုယ်မှ ချီလှိုင်းများ ပေါက်ကွဲထွက်လာပြီး ရိုက်ခတ်မှုလှိုင်းက ပျံ့နှံ့သွားကာ တာအိုဂိုဏ်းများမှ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူနှစ်ဦးကို လေထဲသို့ လွင့်စင်သွားစေသည်။
ကလန်...
သေတ္တာက အက်ကွဲလာသည်။ ကြီးမားသော တံခါးနှစ်ချပ်သည် အနည်းငယ်ပွင့်ဟသွားပြီး ယင်ယန်လျှို့ဝှက်ကျမ်းစာကို ထုဆစ်ထားသည့် ရှေးဟောင်းကျောက်စာချပ်က ထွက်ပေါ်လာသည်၊၊
“ဟားဟားဟား…. ဒါကို နှစ်ပေါင်း ၁၀၀၀… စောင့်ခဲ့ရတယ်”
ထိုလူသည် သူ၏ကိုယ်မှ တုနှိုင်းမဲ့စွမ်းအားများ ပေါက်ကွဲထွက်လာရင်း အားပါးတရရယ်မောလိုက်သည်။ သူသည် သတ္တုတံခါးများကို အတင်းဆွဲဖြဲပစ်လိုက်၏။
ထိုအချိန်တွင် အေးစက်သော အလင်းရောင်တစ်ခုသည် ကျောက်စာချပ်၏ ဘေးတွင် လက်ခနဲဖြစ်သွားသည်။ ထို့နောက် ဓားတိုတစ်လက်သည် အပြင်သို့ ပြေးထွက်လာပြီး ထိုလူ တုံ့ပြန်ရန်အချိန်မရခင်မှာပင် သူ၏ရင်ဘတ်ထဲသို့ သုံးလက်မခန့် နစ်ဝင်သွားတော့သည်။
Chapter 218
မိစ္ဆာကျင့်ကြံသူ၏ မျက်လုံးများပြူးကျယ်သွားကာ နောက်သို့ ယိမ်းထိုး ဆုတ်ခွာသွားသည်။ ဓားတိုသည်လည်း သူ၏နောက်သို့ ကပ်လျက် လိုက်ပါသွား၏။
မကြာမီ နွဲ့နှောင်းသော အမျိုးသမီးတစ်ယောက်က သေတ္တာထဲမှ ထွက်လာကာ သူမ၏ကိုယ်မှ ရွှေအမြုတေအဆင့်အရှိန်အဝါများ ပေါက်ကွဲထွက်လာလေ၏။ ဝမ်ရှန်းသည် သေတ္တာထဲတွင် ရွှေအမြုတေအဆင့် မဟာမိတ်တစ်ဦးရှိနေသည်ကိုသာ သိထားခဲ့ပြီး မည်သူဖြစ်သည်ကိုမူ အတိအကျမသိခဲ့ချေ။ ထို့ကြောင့် ကျင်းယွမ်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားလေသည်။
သူမသည် လွန်ခဲ့သော နှစ်နှစ်က တိုက်ပွဲအတွေ့အကြုံလုံးဝမရှိခဲ့သော သူ၏ ဆရာဒေါ်လေးဖြစ်သည်။ ကံမကောင်းစွာဖြင့် သူသည် သူမအတွက် စိုးရိမ်နေရန်အချိန်မရှိချေ။ သူသည် မိစ္ဆာကျင့်ကြံသူ ၁၀ယောက်နှင့် အနီးကပ်တိုက်ပွဲတွင် ပိတ်မိနေပြီ ဖြစ်၏။
လက်ဝါးရိပ်နှစ်ခု၊ အမည်းရောင်အလင်းတန်း သုံးခုနှင့် အဆောင် ၁၀ခုကျော်သည် သူ၏အပေါ်သို့ ကျရောက်လာသည်။ သို့သော်လည်း ဝမ်ရှန်း၏ စိတ်သည် လုံးဝကြည်လင်နေဆဲပင်၊၊ သူသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် မြွေလိမ်မြွေကောက်ပုံစံဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ရင်ဆိုင်ရရင်ရော ဘာဖြစ်လဲ။
ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်။
ဓားအလင်းရောင်သည် ကြယ်တာရာများကဲ့သို့ တဖျတ်ဖျတ်လက်သွားပြီး ဝမ်ရှန်း၏ ရှေ့မှ ငါးမီတာမှ ခြောက်မီတာခန့်ရှိသော ဧရိယာကို ချက်ချင်း လွှမ်းမိုးထားသည့် ကြယ်စင်မြစ်တစ်ခုအဖြစ် စုစည်းသွားသည်။ ဓားပုံရိပ်ယောင်များက အဆောင်တစ်ခုချင်းစီကို ထိုးဖောက်သွားပြီး အမည်းရောင်အလင်းတန်းများကို ဖယ်ထုတ်လိုက်ပြီး လက်နက်ချင်း ထိခတ်သံများထွက်ပေါ်လာသည်။
ဝမ်ရှန်းသည် သူ၏ တစ်ကိုယ်တော်ဓားအစီအရင်၏ စွမ်းအားကို သူ၏ ကျင့်ကြံခြင်းအဆင့်က ခွင့်ပြုထားသလောက် အစွမ်းကုန်ထုတ်သုံးနေခြင်းဖြစ်သည်။ ၎င်းက သူ၏ အစစ်မှန်ချီများကို လျင်မြန်စွာကုန်ဆုံးစေသော်လည်း သူသည် ဝိညာဥ်မဲ့ဓားမှတစ်ဆင့် သူ၏ ကျင့်ကြံခြင်းအဆင့်ထက် များစွာသာလွန်သော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်လွှတ်နိုင်ပေသည်၊၊
ကောင်းရှီရှင်းသည် ဓားကို ကိုင်ဆွဲလျက် ဝမ်ရှန်း၏ ဘေးသို့ ခုန်ဝင်လာချိန်တွင် ပြတ်သားသောအသံနှစ်ချက် ထွက်ပေါ်လာသည်။ သူသည် သူ၏ဓားရှည်ကို ဆီးနှင်းပန်းများပွင့်လန်းလာသကဲ့သို့ ရှေ့သို့ ထိုးစိုက်လိုက်ပြီး သူ့ထက် အားနည်းသော မိစ္ဆာကျင့်ကြံသူတစ်ဦးကို ချက်ချင်းပင် ရှင်းလင်းပစ်လိုက်သည်။
ကောင်းရှီရှင်း၏ ဘေးရှိ ဟိုင်ကျင်းသည် သူ၏ကိုယ်မှ ရွှေရောင်အလင်းတန်းများလှိုင်းထလာပြီး ဟိန်းဟောက်လိုက်သည်။ သူသည် ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်သွား၏။ သူက ဗုဒ္ဓဂါထာမန္တန်များကို ရွတ်ဆိုရင်း ရွှေရောင်အလင်းတန်းများသည် သူ၏ မိစ္ဆာနှိမ်နင်းတုတ်ကို ရစ်ပတ်ထားသည်။
သူသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ရန်သူ့တပ်ဖွဲ့များထဲသို့ တည့်တိုးဝင်သွားကာ သူ၏တုတ်ကို ဘေးတိုက်ဝေ့ယမ်းလိုက်ပြီး ပုံရိပ်ယောင်အမြုတေအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးကို ရိုက်ချလိုက်သည်။ ထိုသူလည်း သွေးအန်ထွက်သွားပြီး ပြင်းထန်သော အင်အားကြောင့် နောက်သို့ ယိမ်းထိုးဆုတ်ခွာသွားရ၏။
မီတာ ၁၀၀ကျော် ကျယ်ဝန်းသော ကုန်းစောင်းကွင်းပြင်တွင် နှစ်ဖက်စလုံးသည် အနီးကပ်တိုက်ပွဲအခြေနေသို့ အပြည့်အဝကျရောက်နေလေပြီ၊၊
အထူးစစ်ဆင်ရေးအဖွဲ့၏ ဓားအစီအရင်များသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့ထဲမှ ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်ကျကြသည်။ လက်ရှိတွင် ၎င်းတို့သည် တာအိုကျင့်ကြံသူများ အင်အားနည်းနေသည့်နေရာများ၌သာ စစ်ကူအဖြစ် ကူညီပေးနိုင်ကြ၏။
မိစ္ဆာကျင့်ကြံသူများ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် တာအိုဆရာအချို့နှင့် အထူးစစ်ဆင်ရေးအဖွဲ့မှ စစ်သားအချို့မှာ မန္တန်များကြောင့် ဒဏ်ရာရရှိနေကြပြီဖြစ်သည်။ စစ်မြေပြင်၏ ၁၀မီတာ အကွာအဝေးတိုင်းလိုလိုတွင် တာအိုကျင့်ကြံသူများသည် လူအင်အားမမျှတမှုကြောင့် အပြင်းအထန်ရုန်းကန်နေရလေ၏။ အနောက်ဘက် ယာဉ်တန်းမှ ကူညီပေးနေသော စနိုက်ပါသမား ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာ မရှိလျှင် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ ကာကွယ်ရေးလိုင်းကို ကျော်ဖြတ်သွားလောက်ပြီ ဖြစ်သည်။
စစ်မြေပြင်၏ အစွန်းဆုံးညာဘက်အခြမ်းတွင် ကာကွယ်ရေးလိုင်းကို ထိန်းထားသည့် ဝမ်ရှန်း၊ ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့သည်ပင် ဝမ်ရှန်းက သူ၏ ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို အစွမ်းကုန်ထုတ်သုံးနေသော်လည်း ပိတ်မိနေဆဲပင်၊၊
မိစ္ဆာကျင့်ကြံသူ ငါးဦး သို့မဟုတ် ခြောက်ဦးခန့်က ဝမ်ရှန်းကို ပြင်းထန်စွာ တိုက်ခိုက်လာကြသော်လည်း သူသည် အားကုန်ထုတ်လျက် ပုံရိပ်ယောင်အမြုတေအဆင့် ရန်သူသုံးဦးနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ရန်သူ နှစ်ဦးကို တစ်ယောက်တည်းဖြင့် ယာယီတားဆီးထားလိုက်သည်။
သူတားထားနိုင်ခြင်းမှာ မိစ္ဆာကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်က အခြေမခိုင်ဘဲ ရှုပ်ထွေးနေခြင်းကြောင့်လည်းဖြစ်သည်။ ဖြတ်လမ်းလိုက်သော ကျင့်ကြံသူများဖြစ်ကြသဖြင့် ၎င်းတို့သည် တာအိုဂိုဏ်းများလို အခြေခိုင်မာသည့် အစစ်မှန်ချီများကို စုစည်းနိုင်ခြင်းမရှိပေ၊၊
မုဝမ်ရွှမ်းသည် အနောက်မှ ရောက်ရှိလာသည်ကို ခံစားမိသဖြင့် ဝမ်ရှန်းသည် သူ၏ ရပ်တည်ချက်ကို ပြောင်းလဲလိုက်သည်။ သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ပြန်လည်နေရာချကာ မီတာအနည်းငယ်ဆုတ်ခွာလိုက်၏။ ထို့နောက် သူသည် သူ၏ဘယ်ဘက်လက်ကို ရှေ့သို့ လျင်မြန်စွာ ဝေ့ယမ်းလိုက်ကာ သူ၏ နတ်ဘုရားအဆင့်ဓားပျံကို ကောင်းကင်ယံသို့ ပျံတက်သွားစေပြီး ပြန်လည်ကျဆင်းလာစေသည်။
ရှေ့သို့ တိုးလာသော မိစ္ဆာကျင့်ကြံသူ အနည်းငယ်သည် ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးခင် ဝမ်ရှန်း၏ အနောက်တွင် ဆန့်ကျင်ဘက်အင်အားစုနှစ်ခု ပေါက်ကွဲထွက်လာသည်။ ပြင်းထန်သော လေပြင်းတစ်ခုသည် ထိုနေရာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး မြေပြင်ပေါ်တွင် ဆယ်မီတာခန့် ကျယ်ဝန်းသော ထိုထိုက်ကျိပုံရိပ်တစ်ခု ပေါ်လာတော့သည်။
မုဝမ်ရွှမ်းသည် အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ပုံရိပ်ယောင်အမြုတေအဆင့် ရန်သူအမြောက်အမြားရှိနေသဖြင့် စစ်မြေပြင်ကို တစ်ယောက်တည်းမလွှမ်းမိုးနိုင်သေးချေ။ ထို့ကြောင့် သူမသည် သူမ၏ ယင်ယန်မဟာအစီအရင်ကို ဆယ်မီတာအဝန်းအဝိုင်းအတွင်း၌သာ ပါးနပ်စွာ ကန့်သတ်ထားလိုက်သည်။
ယင်ယန်ချီအမျှင်တန်းများသည် ဝမ်ရှန်း၊ ကောင်းရှီရှင်းနှင့် ဟိုင်ကျင်းတို့၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားသည်။ ၎င်းတို့၏ လှုပ်ရှားမှုများကို အဟန့်အတားမရှိစေသဖြင့် သူတို့သုံးဦးလည်း ချက်ချင်းပင် ခြေလှမ်းများပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
ထို့နောက် မုဝမ်ရွှမ်းသည် အသံတိုးတိုးဖြင့်အော်လိုက်သည်။ အစီအရင်အတွင်းရှိ ယင်ယန်ချီများပေါက်ကွဲသွားပြီး ယန်ချီအမျှင်တန်းများသည် နွယ်ပင်များကဲ့သို့ ထွက်ပေါ်လာကာ မိစ္ဆာကျင့်ကြံသူ ၇ဦး၏ ခြေထောက်များကို တင်းကျပ်စွာ ရစ်ပတ်လိုက်တော့သည်။ ၎င်းတို့၏ မန္တန်များ ပျက်ပြယ်သွားပြီး အဆောင်များမှေးမှိန်သွားကာ လှုပ်ရှားမှုများလည်း ရပ်တန့်သွား၏။
မိစ္ဆာကျင့်ကြံသူ ခုနစ်ဦး၏ မျက်နှာများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ထိုစဉ် ဟိုင်ကျင်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏တုတ်ကို ရန်သူ၏ ခေါင်းပေါ်သို့ လွှဲရိုက်ပြီး သတ်ဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းရှီရှင်းက သူ၏ဓားကို ရှေ့သို့ ဝေ့ယမ်းလိုက်ပြီး သူနှင့် ၇ကွက်၊ ၈ကွက်ခန် အပြန်အလှန်တိုက်ခိုက်ထားသော မိစ္ဆာကျင့်ကြံသူကို ဦးခေါင်းကိုဖြတ်တောက်ပစ်လိုက်သည်။
သို့သော်လည်း ကျန်ရှိနေသည့် ငါးဦးကို အပြတ်ရှင်းရန်အတွက် ၎င်းတို့တွင် အချိန်မရှိချေ။
တောက်ပသော အလင်းရောင်သည် အပေါ်မှနေ၍ ဖြာကျလာသည်။ ဝမ်ရှန်း၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ဓားပျံသည် ပြင်းထန်စွာ လှုပ်ရှားနေသော လူငါးဦးကို ဖြတ်သန်းသွားစဉ် တောက်ပသောလမ်းကြောင်းတစ်ခုကို ထုဆစ်လိုက်၏။ နတ်ဘုရားအဆင့်ဓားပျံ၏ ရှေ့မှောက်တွင် ပုံရိပ်ယောင်အမြုတေအဆင့် ကျွမ်းကျင်သူများနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် မာကျောမှုအဆင့်မတူညီကြသော အသားစိုင်များမျှသာဖြစ်နေသည်။
မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့၏ ရုတ်တရက် အင်အားပေါက်ကွဲမှုကြောင့် စစ်မြေပြင်၏ ၎င်းတို့ရှိရာအခြမ်းတွင် ဖိအားများ သိသိသာသာလျော့နည်းသွားသည်။ ထိုနေရာရှိ တာအိုဂိုဏ်းကျင့်ကြံသူများသည် ယာယီအားဖြင့် အသာစီးရရှိသွားကြ၏။
ဝမ်ရှန်းသည် ထိုနေရာတွင် အခြေအနေကို ပြောင်းလဲရန်အတွက် မုဝမ်ရွှမ်း၏ ယင်ယန်မဟာအစီအရင်၏ အရေးပါသောရိုက်ခတ်မှုကို ကြိုတင်တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှီချန်ကျန်းသာ ဒီမှာရှိနေပြီး မုဝမ်ရွှမ်း၏ ပညာရပ်အစွမ်းကုန်ကို သိလျှင် အလွန်အံ့သြနေပေလိမ့်မည်၊၊
၎င်းတို့၏ ရှေ့မှောက်ရှိ ရန်သူများကို ရှင်းလင်းပြီးနောက် ဝမ်ရှန်းနှင့် အခြားသူများသည် ပြန်လှည့်ကာ အနီးဆုံးရှိတိုက်ပွဲသို့ ဦးတည်တိုက်ခိုက်ကြသည်။ သို့သော်လည်း ရန်သူများသည် ၎င်းတို့၏ စွမ်းအားကို သတိပြုမိသွားကြပြီ ဖြစ်၏။ အကြည့်အချို့က မုဝမ်ရွှမ်း၏ အပေါ်သို့ကျရောက်လာသည်။
ရန်သူများ၏ တိုက်ခိုက်မှုပြင်းထန်လာသည်နှင့်အမျှ ပုံရိပ်ယောင်အမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ ရှစ်ဦးသည် ဝမ်ရှန်းတို့အဖွဲ့ကို ချက်ချင်းလာရောက်တားဆီးကြသည်။ ကုန်းစောင်း၏ ထိပ်တွင်မူ အခြားတိုက်ခိုက်သူအချို့က လှုပ်ရှားလာကြပြီး မုဝမ်ရွှမ်းကို ပစ်မှတ်ထားလိုက်ကြ၏။
ဝမ်ရှန်းသည် ရွှေအမြုတေအဆင့်ရန်သူနှင့် တိုက်ခိုက်နေသော ကျင်းယွမ်ကို လျင်မြန်စွာ ရှာဖွေလိုက်သည်။ ၎င်းတို့နှစ်ဦးသည် ကောင်းကင်တိုက်ပွဲတွင် ပိတ်မိနေကြပြီဖြစ်၏။ မိစ္ဆာကျင့်ကြံသူသည် ပြင်းထန်စွာ ဒဏ်ရာရရှိနေသော်လည်း သူသည် ကျင်းယွမ်၏ တိုက်ခိုက်မှုအားလုံးကို ကြမ်းတမ်းသောအင်အားဖြင့် တားဆီးထားဆဲပင်၊၊ မည်သူမျှ ရှင်းလင်းသော အသာစီးရမှုမျိုး မရှိသေးချေ၊၊
ထို့အပြင် သူ၏ရင်ဘတ်ရှိ ဒဏ်ရာမှ သွေးများစီးကျနေသော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် ဆုတ်ခွာမည့်အရိပ်အယောင်မျိုး လုံးဝမပြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏အကြည့်များတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုမျှပြင်းထန်သော ဒဏ်ရာများရရှိထားသော်လည်း သူသည် ထိုမျှအထိ ရက်စက်ကြမ်းကြုတ်နေအောင် ဘယ်လိုကျင့်ကြံထားသည်ကို မည်သူမျှ မပြောနိုင်ကြချေ။ သို့သော်လည်း သူသည် ကမ္ဘာဦးချီပြန်လည်နိုးထပြီး ၆နှစ်အကြာတွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိထားသူဖြစ်သဖြင့် သူသည် သေချာပေါက်ထူးခြားသူဖြစ်သည်၊၊
“ဖေးယွီ” ဖေးလျန်ဇီက ဝမ်ရှန်းဆီသို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။
“လေဖမ်းဓားနှစ်လက်သိုင်းသုံးပြီး ငါတို့ ဒီမျိုးမစစ်ကောင်တွေကို ဘေးကို ဖယ်ထုတ်ပစ်ကြရအောင်”
“ကျွန်တော် ရှေ့က ဦးဆောင်မယ်” ဝမ်ရှန်းက ပြန်အော်လိုက်၏။
သူသည် ဓားကို ပြောင်းပြန်ကိုင်ဆွဲလျက် ဖေးလျန်ဇီနှင့် ပခုံးချင်းယှဉ် ရပ်လိုက်သည်။ ၎င်းတို့သည် စည်းချက်ညီစွာ လှုပ်ရှားလျက် တစ်ဦးချင်းစီက သူတို့၏ ဘယ်ဘက်လက်များဖြင့် ရှုပ်ထွေးသော မန္တန်ပုံစံတစ်ခုကို သူတို့၏ရှေ့တွင် လျင်မြန်စွာ ဆွဲလိုက်ကြ၏။
မန္တန်အစီအရင်များသည် ဖျော့တော့စွာ လင်းထိန်လာသည်။ ဝမ်ရှန်း၏ ဓားပျံသည် သူတို့၏ဦးခေါင်းပေါ်မှ ပျံသန်းသွား၏။ အခြားဓားပျံနှစ်လက်သည်လည်း ကပ်လျက် လိုက်ပါသွားပြီး ချဉ်းကပ်လာသော မိစ္ဆာကျင့်ကြံသူ ဆယ်ယောက်ကျော်ဆီသို့ လေထဲတွင် ပြေးဝင်သွားတော့သည်။
ထို့နောက် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် တစ်ပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြသည်။
“ဓားမှာ အစမရှိ၊ ဓားမှာ အဆုံးမရှိ။ ကောင်းကင်နဲ့ မြေပြင်အနှိုင်းမဲ့… တိမ်တိုက်တွေကို ဖောက်ထွင်းပြီး လေကို လိုက်လံဖမ်းဆီးစမ်း”
၎င်းတို့သည် ဓားလက်ဟန်ကို တစ်ပြိုင်နက်တည်း ရှေ့သို့ ညွှန်ပြလိုက်ရာ ဓားပျံသုံးလက်သည် ရုတ်တရက် တောက်ပသော အလင်းရောင်များဖြင့် လင်းထိန်သွားတော့သည်။ ဓားပျံများသည် ရန်သူ့တပ်ဖွဲ့များဆီသို့ ပုံရိပ်ယောင်များကဲ့သို့ အရှိန်မြှင့်ပြေးဝင်သွားစဉ် ကျယ်လောင်သော အသံလှိုင်းပေါက်ကွဲသံတစ်ခုသည် ပဲ့တင်ထပ်သွားပြီး မရေတွက်နိုင်သော ပုံရိပ်များကို ချန်ထားခဲ့လေသည်။
ထိုအချိန်တွင် ဓားပျံများသည် တားဆီး၍မရနိုင်အောင်ဖြစ်နေသည်။ မည်သူမျှ ၎င်းတို့ကို မခုခံနိုင်ကြချေ။