← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

Chapter 219

တိမ်ဖောက်လေဖမ်းဓားသိုင်းသည် ရှုတောင်၏ ဓားပျံထိန်းချုပ်ခြင်းပညာတွင် အတော်ပင် အစွမ်းထက်သော နည်းစနစ်တစ်ခုဖြစ်၏၊၊ အဆိုပါသိုင်းကွက်တွင် နှစ်ယောက်တွဲနှင့် လေးယောက်တွဲဟန်ဟူ၍ မူကွဲများရှိပြီး ဓားပျံအမြောက်အမြားကို ဟန်ချက်နှင့် စည်းချက်ကျစွာ တပြိုင်နက်တည်းတိုက်စစ်ဆင်နိုင်စေသည်၊၊

ဝမ်ရှန်း၏ နတ်ဘုရားအဆင့်ဓားပျံကို အဓိကလက်နက်အဖြစ်ထားရှိပြီး ဖေးလျန်ဇီ၏ ဓားပျံနှစ်လက်ဖြင့် ဝိုင်းရံပံ့ပိုးလိုက်သောအခါ နတ်ဘုရားအဆင့်ဓား၏ ထက်မြက်မှုကို အပြည့်အဝဖော်ထုတ်နိုင်ရုံသာမက ဖေးလျန်ဇီ၏ ပုံရိပ်ယောင်အမြုတေအဆင့် စွမ်းအားကိုလည်း အဆုံးစွန်အထိ တွန်းတင်ပေးနိုင်ခဲ့သည်၊၊ ၎င်းတို့၏ ပစ်မှတ်များဖြစ်သော ပုံရိပ်ယောင်အမြုတေအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများမဆိုထားနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုတိုက်ကွက်ကို မရှောင်ဘဲ မနေနိုင်ပေ၊၊

နဂါးစိမ်းတစ်ကောင်က အမြွှာနဂါးများနှင့်အတူ ရှေ့သို့ အရှိန်ပြင်းစွာ ပြေးဝင်သွားပြီး လှိုင်းတံပိုးနှင့် တောင်တန်းအသွယ်သွယ်ကို ဖြတ်ကျော်မွှေနှောက်လိုက်သကဲ့သို့ပင်၊၊

ဓားရိပ်များ တဖျတ်ဖျတ်လက်သွားပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီစွမ်းအင်များ ဖရိုဖရဲဖြစ်ကုန်၏၊၊ မြေပြင်တွင် အက်ကြောင်းများထင်ကျန်ရစ်ပြီး မြက်ခင်းပြင်များ ပေါက်ကွဲလွင့်စင်ကာ သွေးများနေရာအနှံ့ဖြန်းပက်ကုန်၏၊၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာကျင့်ကြံသူ ၁၀ယောက်ကျော်လည်း ဝရုန်းသုန်းကားဆုတ်ခွာသွားကြရသည်၊၊

သို့သော် ထိုသိုင်းကွက်ကြောင့် ဝမ်ရှန်း၏ အစစ်မှန်ချီတစ်ဝက်ကျော် ကုန်ခမ်းသွားခဲ့ရ၏၊၊

“ဒါကတကယ် အားရစရာကြီးပဲ…. ဟားဟားဟားဟား”

ဖေးလျန်ဇီသည် ကျေနပ်အားရစွာ ရယ်မောရင်း ၎င်း၏ဓားပျံပေါ်တွင် ရပ်လျက် ရှေ့သို့ ပျံသန်းသွားသည်၊၊ ကောင်းရှီးရှင်းနှင့် ဟိုင်ကျင်းတို့သည်လည်း ဓားပျံများဖျက်ဆီးသွားသည့် လမ်းကြောင်းအတိုင်းလိုက်ပါကာ တိုက်စစ်ဆင်ကြတော့သည်၊၊ ၎င်းတို့သုံးဦးသည် လေဖမ်းဓားပျံနှစ်လက်၏ တိုက်ကွက်မှ မနည်းရုန်းထွက်ခဲ့ရသည့် မိစ္ဆာကျင့်ကြံသူအနည်းငယ်ကို ချက်ချင်းပင် ဝိုင်းရံပိတ်ဆို့ကာ အသာစီးယူလိုက်ကြ၏၊၊

ဝမ်ရှန်းကမူ စိတ်လိုက်မာန်ပါ ရှေ့သို့ တိုးမသွားသေးဘဲ ခေါင်းငုံ့ကာ ဆေးလုံးနှစ်လုံးကို မြိုချလိုက်ပြီးမှ မုဝမ်ရွှမ်းနှင့်အတူ ရှေ့သို့ ဆက်လှမ်းခဲ့သည်၊၊

ဤတိုက်ပွဲတွင် အစီအရင်ဝိညာဉ်ပေးအပ်ခဲ့သော နတ်ဘုရားအဆင့်ဓားပျံသည် တာအိုကျင့်ကြံသူများအတွက် များစွာအထောက်အကူပြုနေသည်၊၊ ဝမ်ရှန်းအနေဖြင့် ထိုဓားကို တစ်နှစ်ကျော်ကြာမွေးမြူခဲ့ရသည်မှာ အချိန်ပုပ်ခဲ့သည်ဟု မဆိုတော့နိုင်ပေ၊၊

ဓားထိန်းချုပ်ခြင်းပညာ၏ ပူးတွဲတိုက်ကွက်ကြောင့်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ဖျက်ဆီးအားသည် ဝန်းကျင်တစ်ခုလုံး၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွား၏၊၊ အသည်းအသန်လုံးပန်းနေရသည့် တာအိုကျင့်ကြံသူများလည်း စိတ်ဓာတ်တက်ကြွလာကြပြီး မိစ္ဆာကျင့်ကြံသူများကမူ မျက်မှောင်ကြုတ်သွားကြသည်၊၊

အကယ်၍ ထိုဓားကျင့်ကြံသူနှစ်ဦး၊ ဗုဒ္ဓကျင့်ကြံသူနှင့် ယင်ယန်သိုင်းကို သုံးစွဲသော တာအိုကျင့်ကြံသူ မိန်းမပျိုလေးတို့ကို မနှိမ်နင်းနိုင်ပါက တိုက်ပွဲတွင် အနိုင်ရလျှင်ပင် ထိခိုက်ကျဆုံးမှု အလွန်များပြားလိမ့်မည်ကို မိစ္ဆာကျင့်ကြံသူများသိရှိသွားကြသည်၊၊ ဝမ်ရှန်းနှင့် ၎င်း၏အဖွဲ့သည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းအပေါ် ကြီးမားသောဖိအားပေးနေလေ၏၊၊

မိစ္ဆာကျင့်ကြံသူများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်၊၊ တောင်စောင်းထက်မှ ပလွေသံတစ်ခုထွက်ပေါ်လာပြီး သေတ္တာအနီးရှိ မိစ္ဆာကျင့်ကြံသူ ၁၀ယောက်က စွမ်းအားကုန်ထုတ်ဖော်လိုက်ကြ၏၊၊ ၎င်းတို့သည် ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ အနီးနားရှိ တာအိုဆရာများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များကို တွန်းလှန်ဖယ်ရှားလိုက်ကြသည်၊၊ ထို့နောက် မိစ္ဆာကျင့်ကြံသူအနည်းငယ်သည် သေတ္တာဆီသို့ ချက်ချင်းပြေးဝင်သွားကြတော့သည်၊၊

၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ကျောက်စာချပ်ဖြစ်ပြီး သတ်ဖြတ်ခြင်းမှာ ဒုတိယသာဖြစ်သည်၊၊

ဘေးဘက်မှ ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် ၎င်းတို့ကို တားဆီးရန် ဓားပျံများကို စေလွှတ်လိုက်ကြ၏၊၊ သေတ္တာဆီသို့ ပြေးဝင်နေသည့် မိစ္ဆာကျင့်ကြံသူများသည် ထိုတိုက်ကွက်ကို တိုက်ရိုက်မရင်ဆိုင်ရဲသဖြင့် ချက်ချင်းရှောင်တိမ်းလိုက်ရသည်၊၊ တုံ့ပြန်သည့်အနေဖြင့် ဘေးပတ်လည်ရှိ မိစ္ဆာကျင့်ကြံသူအချို့က ဓားကျင့်ကြံသူနှစ်ဦးထံသို့ လက်နက်ပုန်းများပစ်လွှတ်လိုက်ရာ ၎င်းတို့နှစ်ဦးမှာ အာရုံခွဲလိုက်ရပြီး ဓားများကို အပြည့်အဝမထိန်းချုပ်နိုင်တော့ပေ၊၊

ပလွေသံက ရုတ်တရက် မြင့်တက်လာသည်၊၊ မိစ္ဆာကျင့်ကြံသူများသည် ကျောက်စာချပ်ဆီသို့ တဖန်ဦးတည်လာကြပြန်သဖြင့် သေတ္တာဝန်းကျင်တွင် ရုန်းရင်းဆန်ခတ်တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ တာအိုကျင့်ကြံသူများ တဖြည်းဖြည်းဆုတ်ခွာပေးလိုက်ရ၏၊၊

ကောင်းကင်ထက်တွင်မူ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ဦးက အပြင်းအထန်တိုက်ခိုက်နေကြသည်၊၊ လူသန်ကြီးသည် စွမ်းအင်များ ထိုးတတ်လာကာ ကျယ်လောင်စွာ ရယ်မောရင်း ကျင်းယွမ်ထံသို့ လက်ဝါးရိပ်အမြောက်အမြားပစ်လွှတ်လိုက်ရာ ကျင်းယွမ်လည်း ကာကွယ်ရေးကိုသာ အပြည့်အဝအာရုံစိုက်ထားရတော့သည်၊၊

ကျင်းယွမ်သည် သူမလက်ထဲရှိ ဓားရှည်ကိုသာ အားကိုးနေခြင်းမဟုတ်ဘဲ သူမအား ဝိုင်းရံပျံသန်းနေသော ကျောက်စိမ်းဆံထိုးကလည်း ရန်သူ့တိုက်ကွက်အများအပြားကို ခုခံပေးနေသည်၊၊ သူမတွင် အပိုအင်အားမရှိတော့ပေ၊၊ ထို့ကြောင့် အောက်ခြေရှိ နတ်ဘုရားကျောက်စာချပ်ကို အာရုံတစ်စပင် ခွဲမပေးနိုင်တော့ချေ၊၊

မိစ္ဆာကျင့်ကြံသူ လေးငါးဦးခန့်က ငွေဖြူရောင်သေတ္တာကြီးကို အလွယ်တကူမလိုက်ကြပြီး အခြားဆယ်ဦးကျော်က ဝိုင်းရံကာကွယ်ပေးလျက် တောင်စောင်းပေါ်ရှိ သစ်တောထဲသို့ ချက်ချင်း ဆုတ်ခွာရန်ပြင်လိုက်ကြသည်၊၊

“စနိုက်ပါသမားတွေ နတ်ဘုရားကျောက်စာချပ်ကို ယူသွားခွင့်မပြုနဲ့” တာအိုဆရာတစ်ဦးက အော်ဟစ်လိုက်သည်၊၊

ယာဉ်တန်းအနီးရှိ စနိုက်ပါသမားအချို့သည် ကျောက်စာချပ်အနီးရှိ မိစ္ဆာကျင့်ကြံသူများကို ချက်ချင်းပစ်မှတ်ထားလိုက်ကြ၏၊၊ သို့သော် စနိုက်ပါရိုင်ဖယ်များသည် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများအပေါ် သက်ရောက်မှုက အကန့်အသတ်ရှိနေသည်၊၊ အကြောင်းမူကား အားကောင်းသောစွမ်းအားရှိသူများသည် အရှိန်အဟုန်ကိုသာ အားကိုးရသော လက်နက်များကို ခုခံနိုင်စွမ်းရှိသောကြောင့် ဖြစ်၏၊၊ အခြားတစ်ဖက်တွင်မူ ဝိညာဥ်မဲ့ဓားကဲ့သို့သော လက်နက်များသည် ၎င်းတို့၏ ပြိုင်ဘက်ကင်း ထက်မြက်မှုကြောင့် ရန်သူများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စွမ်း ရှိသည်၊၊

သေနတ်သံများ ဆက်တိုက်ထွက်ပေါ်နေသော်လည်း မိစ္ဆာကျင့်ကြံသူများကို မတားဆီးနိုင်ခဲ့ပေ၊၊

မိစ္ဆာကျင့်ကြံသူများသည် နတ်ဘုရားကျောက်စာချပ်နှင့်အတူ လွတ်မြောက်တော့မည်ကို မြင်သောအခါ အနီးနားရှိ တာအိုဆရာများသည် ၎င်းတို့၏ အဆောင်မန္တန်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ကြသည်၊၊ ရန်သူများကို အလွတ်မပေးနိုင်ချေ၊၊

သို့သော် မိစ္ဆာကျင့်ကြံသူများသည်လည်း အားနည်းသူများမဟုတ်ကြပေ၊၊ တာအိုကျင့်ကြံသူများက တိုက်စစ်ဆင်နေသော်လည်း အသာစီးမရနိုင်သေးပေ၊၊ အမှန်စင်စစ် ကျောက်စာချပ်ကို ပြန်လည်ရယူရန် အသည်းအသန်ကြိုးပမ်းရင်း တာအိုဆရာအချို့ပင်လျှင် အသက်ပေးလိုက်ရသည်၊၊

ယခုအခါ တိုက်ပွဲအတွင်း အလောင်းပေါင်း ခြောက်ဆယ်မှ ခုနစ်ဆယ်ခန့် ပြန့်ကျဲနေပြီ ဖြစ်သည်၊၊ အလင်းနှင့်အမှောင် ဤတိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူ ၂၀မှ ၃၀ကျော်အထိ ကျဆုံးခဲ့ရလေပြီ၊၊

“မင်းတို့ ခွေးကောင်တွေ ဘယ်ကိုပြေးမလို့လဲ” ဖေးလျန်ဇီက အော်ဟစ်ရင်း ၎င်း၏ဓားကို နတ်ဘုရားကျောက်စာချပ်ရှိရာသို့ ဦးတည်စေလိုက်သည်၊၊

သူသည် အလောတကြီး တိုက်ပွဲအလယ်သို့ မိုက်မဲစွာတိုးမဝင်ဘဲ အထက်စီးမှနေ၍ ရန်သူများကို ဓားဖြင့် အဆက်မပြတ်တိုက်ခိုက်နေခြင်းဖြစ်ရာ စနိုက်ပါရိုင်ဖယ်အများအပြားထက်ပင် ပိုမိုထိရောက်နေသည်၊၊ ရန်သူများက သူ့ထံသို့ တိုက်ကွက်များ ပြန်၍ပစ်လွှတ်ကြသော်လည်း သူသည် ဓားပျံဖြင့် ကောင်းကင်ထက်သို့ ပျံတက်ကာ ဘေးလွတ်ရာတွင် အန္တရာယ်ကင်းစွာ နေနိုင်ခဲ့သည်၊၊

ဓားထိန်းချုပ်ခြင်းပညာသည် ဤကဲ့သို့သော ရုန်းရင်းဆန်ခတ်တိုက်ပွဲတွင် အမှန်ပင် ကောင်းမွန်လှသည်၊၊ သို့သော် ဤကဲ့သို့ နှောင့်ယှက်နေသည့်ကြားမှ ရန်သူများသည် နတ်ဘုရားကျောက်စာချပ်ကို ယူဆောင်၍ ထွက်ပြေးနေခြင်းကို မတားဆီးနိုင်သေးချေ၊၊

ဝမ်ရှန်း အံကြိတ်လိုက်ပြီး ခပ်တိုးတို အော်ဟစ်လိုက်သည်၊၊ “ဟိုင်ကျင်း သူတို့ကို ရှေ့ကနေ ပိတ်တားရအောင်”

သူသည် ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြု၍ ရှေ့ရှိ တိုက်ခိုက်သူနှစ်ဦးကို ရှောင်တိမ်းလိုက်သည်၊၊ ထို့နောက် ဝိညာဥ်မဲ့ဓားကို လက်တွင် ဆုပ်ကိုင်ကည တိုက်ပွဲ၏ ဘေးဘက်မှတစ်ဆင့် တောင်စောင်းထိပ်သို့ ပြေးတက်သွားတော့သည်၊၊

ဝမ်ရှန်း၏ စကားကြောင့် ကောင်းရှီးရှင်းသည် ဘေးဘက်တွင် ရှိနေသော မိမိတို့အဖွဲ့အနေဖြင့် မိစ္ဆာကျင့်ကြံသူများကို ကြားဖြတ်ပိတ်ဆို့ရန် အကောင်းဆုံးအနေအထားတွင် ရှိနေကြောင်း သဘောပေါက်သွား၏၊၊ ထို့ကြောင့် သူသည် ဝူတန်းဂိုဏ်း၏ ထူးခြားသောခြေလှမ်းသိုင်းကို အသုံးပြု၍ ၎င်းတို့နောက်သို့ လိုက်လံဖမ်းဆီးလိုက်သည်၊၊ သူ၏အရှိန်သည် ဝမ်ရှန်းထက်ပင် အနည်းငယ်သာလွန်နေသဖြင့် ရှေ့သို့ အမြန်ဆုံးရောက်ရှိသွားလေသည်၊၊

ဟိုင်ကျင်းက ရယ်မောရင်း သူ့၏ တုတ်ဖြင့် ရှေ့ရှိ မိစ္ဆာကျင့်ကြံသူကို ရိုက်ချလိုက်သည်၊၊ လဲကျသွားသော ရန်သူကို အပြတ်မရှင်းတော့ဘဲ လှည့်၍ ဝမ်ရှန်းနောက်သို့လိုက်သွားသည်၊၊

“ဖေးယွီ… မင်းက ဒီလောက်တောင် ရဲရင့်နေရင် ငါလည်း ဒီနေ့ငါ့ကိုယ်ငါစတေးလိုက်ရလဲ… ဘာအရေးလဲ”

ဗုဒ္ဓနည်းစနစ်များကြောင့် ရွှေရောင်အလင်းတန်းများဖြာထွက်တော့မည့် ဟိုင်ကျင်းကို မြင်သောအခါ မုဝမ်ရွှမ်း မျက်မှောင်အနည်းငယ်ကြုတ်သွားသည်၊၊ သူမသည် လက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ ယင်ယန်ချီမျှင်တစ်ခုသည် ကြိုးတစ်ချောင်းကဲ့သို့ ဟိုင်ကျင်း၏ လက်မောင်းတွင် ရစ်ပတ်သွားပြီး သူမကိုပါ ရှေ့သို့ဆွဲခေါ်သွားစေသည်၊၊

ဟိုင်ကျင်းက ငုံ့ကြည့်ကာ ချက်ချင်းသဘောပေါက်သွား၏၊၊ သူသည် လက်နှစ်ဖက်ဖြင့် ခြင်္သေ့လက်ဟန်မုဒြာကို ဖော်ဆောင်လိုက်ရာ လက်မောင်းများတွင် ရွှေရောင်အလင်းများဖုံးလွှမ်းသွားသည်၊၊ ထို့နောက် အင်အားအပြည့်ဖြင့် လွှဲယမ်းကာ သူမကို ရှေ့သို့ ပစ်လွှတ်လိုက်သည်၊၊

မုဝမ်ရွှမ်းလည်း ထိုအရှိန်ကို အရှိန်ယူကာ လေထဲသို့ ခုန်တက်ပြီး ဟိုင်ကျင်းကို ကျော်ဖြတ်ကာ ရှေ့တွင် ဆင်းသက်လိုက်သည်၊၊ သူမသည် ဝမ်ရှန်း၏အနီးသို့ အမြန်ဆုံးလိုက်မှီသွားပြီး ဘေးချင်းယှဉ်လျက် ပြေးသွားသည်၊၊

ဟိုင်ကျင်း အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်မိသည်၊၊ ငါ ဘယ်လိုလုပ် နောက်ကျန်ခဲ့တာလဲဟ၊၊

ဟိုင်ကျင်း ပြုံးလိုက်မိ၏၊၊ သူ၏ သပ်ရပ်ချောမောသော မျက်နှာထက်တွင် သွေးစက်အချို့ စွန်းထင်နေခြင်းက ကြောက်မက်ဖွယ်ကောင်းသော ဟန်ပန်တစ်ခုကိုပေးနေသကဲ့သို့ ရှိသည်၊၊

ကောင်းရှီးရှင်းသည် တောင်စောင်းထိပ်သို့ ပထမဆုံးရောက်ရှိသွားသူ ဖြစ်သည်၊၊ အနီးမှ ပလွေသံကိုကြားရသောအခါ သူသည် ဓားကို ဝှေ့ယမ်းလျက် သစ်တောထဲတွင် ပုန်းအောင်းနေသူများကို လူစုခွဲကာ ချက်ချင်းပြေးဝင်တိုက်ခိုက်လိုက်သည်၊၊

သူ လှည့်ကြည့်လိုက်သောအခါ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း ရောက်ရှိလာပြီး ကောင်းကင်မှ ဖေးလျန်ဇီလည်း ပျံသန်းရောက်ရှိလာသည်၊၊ မကြာမီ ဟိုင်ကျင်းလည်း ဘေးဘက်မှ ခုန်ဝင်လာ၏၊၊ ထိုလူငါးယောက်သည် ချက်ချင်းပင် ကာကွယ်ရေးလိုင်းတစ်ခု ဖွဲ့စည်းလိုက်ပြီး မျက်နှာဖုံးစွပ်မိစ္ဆာကျင့်ကြံသူများ၏ ဆုတ်ခွာမည့် လမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့လိုက်ကြသည်၊၊

ဆယ်မီတာခန့် အကွာအဝေးတွင် ရန်သူများက တိုက်စစ်ဆင်လာကြသည်၊၊ အဆောင်စာရွက်များက ထိုငါးဦးထံသို့ ပျံသန်းလာပြီး အချို့ကလည်း မန္တန်များကို ရွတ်ဖတ်နေကြသည်၊၊

ဝမ်ရှန်း၊ ကောင်းရှီးရှင်းနှင့် ဖေးလျန်ဇီတို့သည် ဓားသိုင်းကွက်များကို တစ်ပြိုင်တည်းထုတ်ဖော်လိုက်ကြ၏၊၊ ဓားကျင့်ကြံသူသုံးဦးသည် ပြင်းထန်သော အင်အားဖြင့် တိုက်ခိုက်ကြသဖြင့် ရောက်ရှိလာသော အဆောင်မှန်သမျှ ပျက်စီးကုန်သည်၊၊ ၎င်းတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုတည်းဖြင့်ပင် မိစ္ဆာကျင့်ကြံသူများ၏ တိုက်ပစ်ကို ဖိနှိပ်ထားနိုင်ခဲ့၏၊၊

ထိုအတောအတွင်း ဖေးလျန်ဇီသည် နောက်ဘက်ရှိ တောင်စောင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်၊၊ သူသည် နောက်ကျောမှ ကြားဖြတ်တိုက်ခိုက်ခြင်းခံရမှုမှ ကာကွယ်ရန် ဓားပျံတစ်လက်ကို အဖွဲ့အနီးတွင် ဝိုင်းရံပျံသန်းစေခဲ့သည်၊၊

“ပုယွီ မင်းအလှည့်ပဲ” ကောင်းရှီးရှင်းက လှမ်းအော်သည်၊၊

အခြားသူများက သူမကို ကာကွယ်ပေးထားစဉ် မုဝမ်ရွှမ်းသည် အသက်ကို မှန်မှန်ရှူကာ အနေအထားတစ်ခုယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံစံဆွဲလိုက်သည်၊၊ မြေပြင်တွင် ထိုက်ကျိပုံရိပ်တစ်ခုပေါ်လာပြီး ယင်ယန်ချီစွမ်းအင်များ တဖန်ထကြွလာကာ ထိုလေးဦးကို ပံ့ပိုးပေးလိုက်သည်၊၊

အဝေးမှ ပလွေသံက တဖန်ထွက်ပေါ်လာပြန်ပြီး မိစ္ဆာကျင့်ကြံသူများကို ဆုတ်ခွာရန် တိုက်တွန်းနေသည်၊၊

Chapter 220

ယခုအခါ မိစ္ဆာမျက်နှာဖုံးစွပ်ထားသူ နှစ်ဆယ်ကျော် စုရုံးမိသွားပြီ ဖြစ်သည်၊၊ ၎င်းတို့သည် တစ်ပြိုင်တည်းအော်ဟစ်လိုက်ကြပြီး ထိုငါးဦးထံသို့ နည်းလမ်းမျိုးစုံဖြင့် ပြင်းထန်စွာတိုက်ခိုက်ကြတော့သည်၊၊ အနီ၊ အမည်း၊ အစိမ်းနှင့် အဝါရောင် အတောင်စာရွက်များ လေထဲတွင် ပြည့်နှက်သွားပြီး ယုတ်ညံ့သော ကျိန်စာများ၊ ဓာတ်ကြီးငါးပါးမန္တန်များနှင့် တာအိုဂိုဏ်းအသီးသီး၏ အတတ်ပညာများပေါက်ကွဲထွက်ပေါ်လာသည်၊၊

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမိစ္ဆာကျင့်ကြံသူ နှစ်ဆယ်ကျော်သည် တိုက်ကွက်ပေါင်းရာချီပစ်လွှတ်လိုက်ကြ၏၊၊ မြှားများက အရပ်မျက်နှာအနှံ့ မှပစ်ခတ်လာပြီး ရေခဲစူးများဖြတ်သန်းသွားကာ ခြေဖဝါးအောက်ရှိ မြေပြင်တုန်ခါလျက် လျှပ်စီးများနှင့် မီးလျှံများ ထိုငါးဦးထံသို့ ပြင်းထန်စွာ ဦးတည်လာတော့သည်၊၊

“ယား”

မုဝမ်ရွှမ်းက စူးရှစွာ အော်ဟစ်လိုက်သည်၊၊ သူတို့အဖွဲ့ပတ်လည်ရှိ ယင်ယန်ချီစွမ်းအင်များ ပြောင်းပြန်စီးဆင်းသွားပြီး ချီစွမ်းအင်များ ရုတ်တရက်မြင့်တတ်လာကာ ၎င်းတို့ထံ ဦးတည်လာသော မန္တန်၊ ကျိန်စာနှင့် အဆောင်မှန်သမျှကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်တော့သည်၊၊

“ဝေါမီတောဖော”

ဟိုင်ကျင်းက လက်တစ်ဖက်ဖြင့် စိပ်ပုတီးကို ဆုပ်ကိုင်ထားရင်း ရွှေရောင်အလင်းတန်းများဖြာထွက်လာသည်၊၊ ထို့နောက် သူသည် ဗုဒ္ဓဂါထာကို ရွတ်ဖတ်လိုက်ရာ ယုတ်ညံ့သောမန္တန်အချို့ကို လမ်းခုလတ်တွင်ပင် ဖြတ်တောက်ပစ်လိုက်နိုင်ခဲ့၏၊၊

ဝမ်ရှန်းသည် မျက်လုံးကို နှစ်စက္ကန့်ခန့် မှိတ်ထားပြီးနောက် ရုတ်တရက်ပြန်ဖွင့်လိုက်သည်၊၊ သူ၏မျက်ဝန်းထဲတွင် ကြယ်တာရာအလင်းတန်းများ လင်းလက်သွားပြီး ရှေ့သို့ ပြေးဝင်သွားသည်၊၊

ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်၊၊

သူ၏ဓားသည် လေပွေကဲ့သို့ လင်းလက်သွားစဉ် ကြယ်တာရာများက တိုက်ပွဲအတွင်း ဖြတ်သန်းသွားသည်၊၊ နတ်ဘုရားအဆင့်ဓားပျံနှင့် အမည်မဲ့ဓားတို့သည် သူ့အား ဝိုင်းရံပျံသန်းနေစဉ် ဝမ်ရှန်းသည် ဝိညာဥ်မဲ့ဓားကို ဆုပ်ကိုင်လျက် ရှေ့သို့ တိုးသွားခဲ့သည်၊၊

ကျင့်ကြံသူများသည် တည်ငြိမ်မှုနှင့် ကြည်လင်မှုကို တန်ဖိုးထားကြသော်လည်း ဤကဲ့သို့သော ဝရုန်းသုန်းကားတိုက်ပွဲတွင်မူ တည်ငြိမ်မှုဟူ၍ မရှိချေ၊၊

ဇီဝေကြယ်အနီးတွင် တည်ရှိပြီး ခုနှစ်စင်ကြယ်ကို ကွပ်ကဲနေသော ဝိညာဥ်မဲ့ဓားသည် ၎င်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်၊၊ ထိုရည်ရွယ်ချက်မှာ မကောင်းမှုကို နှိမ်နင်းရန် ဖြစ်၏၊၊

ခုနှစ်စင်ကြယ်၏ အနေအထားများနှင့် ကိုက်ညီသော ဓားရိပ်များသည် အတန်းလိုက် ရှေ့သို့ တိုးဝင်သွားသည်၊၊ ဝမ်ရှန်းသည် မိမိတို့ဘက်သားများကို မထိခိုက်စေရန် ထိန်းသိမ်းထားသော်လည်း သူ၏တိုက်စစ်သည် ရန်သူ ၁၀ယောက်ကို ဆုတ်ခွာသွားစေခဲ့သည်၊၊

“ဓား”

ကောင်းရှီးရှင်းက အမိန့်ပေးလိုက်သည်၊၊ သူ၏ဓားသည် သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ဖြစ်သွားပြီး ဝမ်ရှန်း၏ အစီအရင်ဘေးရှိ ရန်သူအဖွဲ့များထဲသို့ တိုးဝင်သွားရာ သွေးစွန်းသောလမ်းကြောင်းများထွက်ပေါ်လာသည်၊၊

“ဝေါမီတောဖော”

ဟိုင်ကျင်းက ဝမ်ရှန်း၏ ညာဘက်ဘေးကို ကာကွယ်ပေးရင်း နောက်မှကပ်လျက် လိုက်ပါလာသည်၊၊ သူ၏ မိစ္ဆာနှိမ်နင်းတုတ်ပေါ်တွင် ရွှေရောင်လိုင်းများ လင်းလက်နေ၏၊၊ သူ၏ရုပ်သွင်မှာ ဗုဒ္ဓကျင့်ကြံသူတစ်ဦး၏ တည်ငြိမ်မှုကို ဆောင်နေသော်လည်း သူ၏တိုက်ကွက်များမှာမူ ပြင်းထန်ပြီး ကရုဏာကင်းမဲ့လှသည်၊၊

“ဝမ်းနည်းစရာဖြစ်ပေမယ့်လည်း ငါကတော့ ဒီနေ့သတ်ဖြတ်ခြင်းတံခါးကို ဖွင့်ရတော့မယ်”

သူက တိုက်ပွဲအလယ်တွင် တည်ငြိမ်စွာ ရေရွတ်လိုက်သည်၊၊

ထိုအတောအတွင်း မုဝမ်ရွှမ်းသည် သူမ၏ လက်ကိုစက်ဝိုင်းပုံစံဖိနှိပ်လိုက်သည်၊၊ ယင်ယန်ချီစွမ်းအင်များ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားပြီး ပုံရိပ်ယောင်အမြုတေအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို တိုက်ခိုက်လိုက်ရာ ယင်ချီနှင့် ယန်ချီတို့၏ အလှည့်ကျပေါက်ကွဲမှုများကြောင့် ၎င်းတို့မှာ ဆုတ်ခွာလိုက်ရသည်၊၊

ဖေးလျန်ဇီကမူ ရှေ့သို့ တိုးမလာဘဲ နောက်ကွယ်မှနေ၍ အဖွဲ့၏ ဘေးပတ်လည်ကို ကာကွယ်ပေးထားသည်၊၊ သူ၏ ဓားပျံနှစ်လက်က ဝမ်ရှန်းကို အင်အားအပြည့်ဖြင့် ကာကွယ်ပေးထား၏၊၊

၎င်းတို့ငါးဦးသာရှိသော်လည်း မိစ္ဆာကျင့်ကြံသူ နှစ်ဆယ်ကျော်၏ ဆုတ်ခွာမှုကို တားဆီးထားနိုင်ခဲ့သည်၊၊ နောက်ဘက်မှ တာအိုဆရာများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များလည်း နီးကပ်လာပြီဖြစ်ရာ နှစ်ဖက်ညှပ်၍ တိုက်စစ်ဆင်နိုင်တော့မည်ဖြစ်၏၊၊

ဝမ်ရှန်း၏ အစစ်မှန်ချီများလျင်မြန်စွာကုန်ခမ်းနေသည်၊၊ သူသည် အခွင့်အရေးရတိုင်း စွမ်းအားကို ငါးဆယ်ရာခိုင်နှုန်းထက်မနည်းစေရန် ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ထည့်ကာ မြိုချနေရ၏၊၊

၎င်းသည် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးမှု၏ အားနည်းချက်ဖြစ်သည်၊၊ သူ၏ ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်သည် ပိုကြီးမားသောအလားအလာရှိပြီး သူ၏ ဓားထိန်းချုပ်ခြင်းပညာတွင်လည်း ပိုမိုပြင်းထန်သော တိုက်ကွက်များ ပါဝင်နေသည်၊၊ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် ထိုအရာများကို အပြည့်အဝမထုတ်ဖော်နိုင်သေးချေ၊၊

သို့သော်ငြားလည်း ဤကဲ့သို့သော တိုက်ပွဲတွင် စီနီယာတာအိုဆရာများနှင့်အတူ ရင်ဘောင်တန်းတိုက်ခိုက်နိုင်ခြင်းမှာ သူ၏မျိုးဆက်အတွင်း အလွန်ထူးခြားလှပေသည်၊၊

ပုံရိပ်ယောင်အမြုတေအဆင့်သို့ အတင်းကျပ်တက်လှမ်းရန် ကြိုးပမ်းခြင်းမှာ အကျိုးထက် အပြစ်က ပိုများလိမ့်မည်ဖြစ်သည်၊၊ အကြောင်းမူကား အခြေခံတည်ဆောက်ခြင်းအဆင့်၏ ခြေလှမ်းတိုင်းသည် တည်ငြိမ်ပြီး ခိုင်မာရမည်ဖြစ်သောကြောင့် ဖြစ်၏၊၊ ထိုအရာများသည်သာ ထာဝရရှင်သန်ခြင်းလမ်းစဉ်၏ စစ်မှန်သော အုတ်မြစ်များဖြစ်ကြသည်၊၊

ဤကဲ့သို့သော ကန့်သတ်ချက်များရှိသော်လည်း ဝမ်ရှန်းသည် ယခုအချိန်တွင် တိုက်ပွဲကြီးအတွင်းအဆုံးအဖြတ်ပေးနိုင်သော အင်အားစုတစ်ခုပင်၊၊

“အသုံးမကျတဲ့ အမှိုက်တွေ”

အပေါ်မှ အသံတစ်ခုက ဟိန်းဟောက်လိုက်သည်၊၊

မိစ္ဆာကျင့်ကြံသူများ တုန်လှုပ်သွားကြသည်၊၊ ၎င်းတို့၏ မျက်ဝန်းများတွင် ဒေါသမီးလျှံများတောက်လောင်လာပြီး အသက်ကို ပဓာနမထားဘဲ အသည်းအသန်ပြန်လည်တိုက်ခိုက်ကြတော့သည်၊၊

ဝမ်ရှန်း၊ ကောင်းရှီးရှင်းနှင့် အခြားသူများသည် ၎င်းတို့ကို တားဆီးရန် ရုန်းကန်နေရပြီးဖြစ်ရာ ယခုအခါ ဖိအားများ ပိုမိုများပြားလာတော့သည်၊၊ ဝမ်ရှန်း၏ ဓားအစီအရင်သည် ထိုပြင်းထန်သော တိုက်စစ်အောက်တွင် ပြိုလဲလုနီးပါးဖြစ်သွားခဲ့လေ၏၊၊

ကောင်းကင်ပေါ်မှ ရွှေအမြုတေအဆင့်မိစ္ဆာကျင့်ကြံသူ နဂါးစိမ်းက ဟိန်းဟောက်လိုက်သည်၊၊ သွေးနီရောင်ပုံစံ ၁၈ခုသည် သူ၏ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့သွားပြီး သူ၏ အရှိန်အဝါသည်လည်း ရူးသွပ်စွာ မြင့်တတ်လာသည်၊၊

ကျင်းယွမ် မျက်နှာပျက်သွားခဲ့၏၊၊ သူမသည် လက်ထဲရှိ ဓားတိုကို ကိုင်လျက် မန္တန်တစ်ခုကို ချက်ချင်းပင် စတင်ရွတ်ဆိုလိုက်သည်၊၊

"မြောက်ပိုင်းရေနန်းတော်ကို အစိုးရသော အရှင်ရွှမ်းမင်… ရေနှင့်မြေ၏ နိယာမတို့ကို လမ်းညွှန်ပေးပါ၊၊ ထိုအရာတို့၏ အနှစ်သာရကို တစ်ခုတည်းသောမူလအစဆီသို့ ပြန်လည်ပို့ဆောင်ပေးပါ"

ကျင်းယွမ်က တိုးတိုးလေး ရွတ်ဆိုရင်း နောက်သို့ ဖြည်းဖြည်းချင်းဆုတ်ခွာသွား၏၊၊ သူမ၏ ပတ်လည်တွင် ဆန်းကြယ်သောရေလှိုင်းများ စီးမြောနေသည်။ သူမ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေပြီး ဘေးနားရှိ ကျောက်စိမ်းဆံထိုးမှာလည်း အသာအယာတုန်ခါနေ၏။

သူမ၏ ရှေ့မလှမ်းမကမ်း ကောင်းကင်ယံတွင်မူ ကြွက်သားအမြှောင်းမြှောင်းနှင့် လူသန်ကြီးတစ်ဦးရှိနေသည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးကဲ့သို့ရဲရဲနီနေသော အင်းပုံစံ ၁၈ကွက် ရှိနေသဖြင့် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်ပင် တူနေလေသည်။ သူက ညာလက်ကို လက်သည်းသဏ္ဌာန် ကွေးညွတ်ကာ ကျားတစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီးနောက် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ကျင်းယွမ်ထံသို့ အတင်းပြေးဝင်လာတော့သည်။

နဂါးစိမ်း၏ ဟိန်းဟောက်သံက တောင်တန်းနှင့် သစ်တောတစ်ခုလုံးကို တုန်ဟည်းသွားစေ၏။ ထိုအသံတွင် ပါဝင်သော လူသတ်ငွေ့များက အောက်ခြေတွင် တိုက်ပွဲဝင်နေကြသည့် လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း နှစ်ဖက်စလုံးမှ ကျင့်ကြံသူ ၁၀၀ကျော်ကို ဖိစီးသွားကာ လှုပ်ရှားရခက်ခဲသွားစေသည်။

ကျင်းယွမ်က ခပ်တိုးတိုးအော်ဟစ်လိုက်ရင်း ညင်သာသော တာအိုစည်းချက်ကို ထုတ်ဖော်ကာ ထိုဖိအားကို အတင်းခုခံလိုက်ရသည်။ ထို့နောက် သူမ၏ ကျောက်စိမ်းဆံထိုးမှ အေးစက်သောအော်ရာများထွက်ပေါ်လာပြီး လူသန်ကြီး၏ အရှိန်ကို လျော့ကျသွားစေ၏။

သို့သော် ထိုလူ့ထံမှ ထွက်ပေါ်နေသော သွေးအလင်းတန်းက ပြင်းထန်စွာ တောက်ပလာပြီး ရှေ့မှ အအေးဓာတ်များကို လျင်မြန်စွာ ဖြိုခွဲပစ်လိုက်သည်။ သူက ရက်စက်ကြမ်းကြုတ်သော ခြေလှမ်းများဖြင့် လေထဲတွင် အကြိမ်အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ကျင်းယွမ်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။

"ကောင်းကင်နဲ့ မြေပြင်က သက်ရှိအားလုံးဟာ ယင်နဲ့ယန်ကို ဦးညွှတ်ကြရမယ်… မင်းက ရွှမ်းမင်ရဲ့ နာမည်နဲ့ ငါ့ကို ပိတ်လှောင်ထားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

အောက်တွင်ရှိသော ကျင့်ကြံသူများအားလုံး ရင်တုန်သွားကြ၏။ မိစ္ဆာနတ်ဘုရားကဲ့သို့ လူသန်ကြီးက ကျင်းယွမ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ကျင်းယွမ်က သူမ၏ ဓားတိုကို အလျားလိုက်ကာ၍ ခုခံလိုက်သော်လည်း သူမသည် ဓားနှင့်အတူလွင့်စင်သွားပြီး လေထဲတွင်ပင် သွေးတစ်လုတ်အန်လိုက်ရသည်။

လူသန်ကြီးက ထပ်မံဟိန်းဟောက်လိုက်ပြန်သည်။ သူက အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း အသိစိတ်ကမူ အပြည့်အဝနိုးကြားနေဆဲပင်။ တစ်စုံတစ်ခုကို စိုးရိမ်နေသည့်အလား သူက မြေပြင်သို့ ပြင်းထန်စွာ ဆင်းသက်လာပြီး ဝမ်ရှန်းနှင့် ကျန်လေးယောက်ရှိရာသို့ တည့်တည့်ဦးတည်လာတော့သည်။

ဝမ်ရှန်းက လျင်မြန်စွာ အမိန့်ပေးလိုက်၏။

"နောက်ဆုတ်ကြ"

အမှန်တော့ သူသည် တိုက်ပွဲတစ်ခုလုံးတွင် သူ့ဆရာဒေါ်လေးကို စိုးရိမ်တကြီးစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ကျင်းယွမ်အနေဖြင့် တိုက်ပွဲအတွင်း သူမ၏ ကျင့်ကြံခြင်းအဆင့် စွမ်းရည်အားလုံးကို အပြည့်အဝထုတ်ဖော်နိုင်ရန် မလွယ်ကူလှပေ။

သို့သော်လည်း ရန်သူက အလွန်ရက်စက်ကြမ်းကြုတ်သည်။ အပြင်းထန်ဒဏ်ရာရနေသည့်တိုင် ထိုမျှသန်မာသော စွမ်းအားကို ထုတ်ဖော်နိုင်နေဆဲပင်။ အခြားတစ်ဖက်တွင်မူ သူက ကျင်းယွမ်ကို အပြတ်မရှင်းဘဲ ၎င်းတို့ထံ ဆင်းသက်လာခြင်းက သူ၏ လက်ရှိအခြေအနေကို ကြာရှည်မထိန်းထားနိုင်ခြင်း သို့မဟုတ် ပို၍အရေးကြီးသော ကိစ္စရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။

နဂါးစိမ်းက ၎င်းတို့ထံ ဆင်းသက်လာစဉ် ဝမ်ရှန်း၊ ကောင်းရှီးရှင်းနှင့် ဟိုင်ကျင်းတို့ နောက်သို့ ဆုတ်ခွာလိုက်ကြသည်။ အနောက်ဘက် ကောင်းကင်ယံတွင် ငှက်အုပ်တစ်အုပ်ကဲ့သို့ အမည်းစက်များစွာ ပေါ်လာသည်ကိုမူ ဝမ်ရှန်း သတိမပြုမိလိုက်ပေ။

မိစ္ဆာကျင့်ကြံသူများက ၎င်းတို့နောက်သို့ လိုက်လံတိုက်ခိုက်ရန် ကြိုးစားသော်လည်း ရွှေအမြုတေအဆင့် လူသန်ကြီး၏ ဖိအားကြောင့် ရှေ့မတိုးနိုင်ဘဲဖြစ်နေကြသည်။

မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ထိုလူသန်ကြီးက ဝမ်ရှန်းကို အငြိုးတကြီးကြည့်ကာ ဒေါသတကြီးဟိန်းဟောက်လိုက်၏။ အမြုတေဖွဲ့စည်းခြင်းအဆင့်နှောင်းပိုင်းမျှသာရှိသော ဝမ်ရှန်းက သူ့လက်အောက်ငယ်သားများကို တားဆီးထားနိုင်သည်ကို သိလိုက်ရသဖြင့် သူ အလွန်ဒေါသထွက်သွားနေလေသည်။

သူက ဘေးပတ်လည်သို့ ပြင်းထန်သော စွမ်းအားလှိုင်းများကို ထုတ်လွှတ်ရင်း လက်နှစ်ဖက်ကို နဂါးလက်သည်းသဏ္ဌာန်လုပ်ကာ ဝမ်ရှန်းထံသို့ ပြေးဝင်လာတော့သည်။ သူတို့နောက်က မိစ္ဆာကျင့်ကြံသူများမှာမူ လောလောဆယ် နောက်ဆုတ်ပေးထားရပြီး တိုက်ပွဲကို သူတို့အထဲတွင် အသန်မာဆုံးသူထံ လွှဲအပ်ထားလိုက်ကြသည်။

ထိုကဲ့သို့သော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ကောင်းရှီးရှင်းပင်လျှင် သူ၏ စွမ်းအားများ ထစ်ငေါ့သွားသလိုခံစားနေရသောကြောင့် ဝမ်ရှန်း၏ အခြေအနေမှာ ပို၍ ဆိုးရွားနေလေသည်၊၊

"ပြေးတော့ ဖေးယွီ"

ကောင်းရှီးရှင်းက ကျယ်လောင်စွာ အော်ဟစ်ရင်း ဓားကိုကိုင်ကာ ရှေ့သို့ တိုးထွက်သွားသည်။ သူက တောင်တစ်လုံးကဲ့သို့ အခိုင်အမာရပ်ကာ သူ၏ စွမ်းအားအားလုံးကို စုစည်းပြီး ခုတ်ပိုင်းလိုက်၏။

All Chapters