အခန်း (၇၉၉-၈၀၀)
Vol. 68 Ch. 799-800
အပိုင်း (၇၉၉)
ဟုတ်ပေသည်။ ထိုအချိန်က ကျင်းကျုံးယွဲ့သည် လူဦးရေ တစ်သောင်းကို ခေါ်ဆောင်၍ ရိုလန်နိုင်ငံမှ ထွက်ခွာ သွားခဲ့၏။ ထို့အပြင် ၎င်း၏မိခင် လျိုရှီ၊ ညီမဖြစ်သူ အောက်နင်နင်၊ နင်ချင်းနှင့် ရွှီအန်းထင်တို့အားလည်း ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုလူအုပ်ကြီးမှာ အနောက်ဘက်သို့ ဆက်လက်ခရီးနှင်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့ကြသည်။ ထိုစဉ်က တာရှအင်ပါယာရှိ ဟေးကျိုးထိုင်မှ သူလျှိုအများအပြားကို စေလွှတ်၍ စုံစမ်းစေခဲ့သော်လည်း မည်သည့် သတင်းအစအနမှ ရရှိခဲ့ခြင်း မရှိပေ။
သို့ပေမည့် ယခု ယွင်ကျုံးဟဲ့က တာ့ယန် အင်ပါယာသစ်၏ အာဏာရှင် ဘုရင် ဖြစ်လာပြီဆိုသောကြောင့် အမြင့်ဆုံး အခွင့်အာဏာကို ရရှိထားပြီ ဖြစ်သည်။
ကျင်းကျုံးယွဲ့တို့ အဖွဲ့သည် တာ့ယန် အင်ပါယာသစ် အတွင်းတွင် မရှိသလို အင်ပါယာ၏ ကိုလိုနီ နယ်မြေများတွင်လည်း မရှိပေ။
ဤလူတစ်သောင်းကျော်နှင့် ပတ်သက်၍ တာ့ယန် အင်ပါယာသစ်တွင် စာလုံးရေ သောင်းချီရှိသော အစီရင်ခံစာ တစ်စောင် မှတ်တမ်းတင်ထားသည်။
ပထမဦးစွာ ယွင်ကျုံးဟဲ့၏ လူတစ်သောင်းကျော်သည် မီတျဲ ချိုင့်ဝှမ်းမှ လူများနှင့် အတူတကွ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး မြောက်ဘက်သို့ ဦးတည်သွားကာ ရည်ရွယ်ချက်မှာ ကျီရွှေ့အဖွဲ့အစည်းသို့ သွားရောက်ရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် မီတျဲ ချိုင့်ဝှမ်းသည်လည်း တစ်ချိန်က ကျီရွှေ့အဖွဲ့အစည်း၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး သူတို့၏ သီးသန့် ဆက်သွယ်ရမည့် နေရာ ရှိကာ ထိုနေရာသည် တာရှ ဧကရာဇ် ပေးခဲ့သော နေရာနှင့် မတူညီသောကြောင့် ဖြစ်သည်။
သူတို့ အဖွဲ့သည် အခက်အခဲ ထောင်သောင်းချီကို ကျော်ဖြတ်ကာ မိုင်ပေါင်း နှစ်သောင်းနီးပါး ခရီးနှင်ပြီးနောက် မီတျဲ ချိုင့်ဝှမ်းနှင့် ကျီရွှေ့အဖွဲ့အစည်းတို့ သီးသန့် သဘောတူထားသော နေရာသို့ ရောက်ရှိလာခဲ့ကြ၏။
တာ့ယန် အင်ပါယာသစ်သည် ထိုလူအုပ်ကို အမြဲတမ်း လျှို့ဝှက် စောင့်ကြည့်နေခဲ့၏။ ထိုသဘောတူထားသော နေရာတွင် မီတျဲ ချိုင့်ဝှမ်းမှ လူအချို့က လမ်းညွှန်မှုကို လက်ခံရရှိပြီး တာ့ယန် အင်ပါယာသစ်၏ ခိုလှုံခွင့်ကို ရရှိခဲ့ကြသည်။
သို့ပေမည့် ကျင်းကျုံးယွဲ့တို့ အဖွဲ့မှာမူ တာရှန်း မိစ္ဆာနိုင်ငံ၏ သွေးကြော ပါဝင်နေသောကြောင့် တာ့ယန် အင်ပါယာသစ်၏ လက်ခံခြင်းကို မခံခဲ့ရပေ။
ထိုအချိန်က တာ့ယန် အင်ပါယာသစ်က ကျင်းကျုံးယွဲ့တို့ အဖွဲ့ကို သုတ်သင်ပစ်ရန်ပင် ဆွေးနွေးခဲ့ကြသေးသည်။
သို့ပေမည့် ထိုအချိန်က တာ့ယန် အင်ပါယာသစ်သည် တာရှန်း မိစ္ဆာနိုင်ငံအပေါ် သတိထားရုံ သက်သက်သာ ရှိသေးပြီး အကြွင်းမဲ့ ရန်သူ အဖြစ် မသတ်မှတ်ရသေးပေ။
ထို့ကြောင့် နှင်းများ ဖုံးလွှမ်းနေသော ရေခဲပြင်ထဲတွင် တာ့ယန် အင်ပါယာသစ်၏ သံတမန်က စာတစ်စောင် ချန်ထားခဲ့သည်။
သူတို့သည် မီတျဲ ချိုင့်ဝှမ်းကို လက်ခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျီရွှေ့အဖွဲ့အစည်း၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး တာ့ယန် အင်ပါယာသစ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်နိုင်သောကြောင့်ပင်။
သို့ပေမည့် သူတို့သည် ကျင်းကျုံးယွဲ့တို့ အဖွဲ့ကို လက်မခံပေ။
ထို့ကြောင့် ကျင်းကျုံးယွဲ့သည် အဖွဲ့ကို ဦးဆောင်ကာ ဝမ်းနည်း ဒေါသထွက်မှုများနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ထွက်ခွာသွားခဲ့ပြီး အနောက်ဘက်သို့ ဆက်လက် သွားရောက်ကာ လုံးဝ အမည်မသိသော နေရာဆီသို့ ဦးတည်သွားခဲ့သည်။
ယွင်ကျုံးဟဲ့ အင်ပါယာ၏ ဘုရင်ဖြစ်လာပြီးနောက် အစီရင်ခံစာကို ဖတ်ရှုရချိန်တွင် မျက်ရည်များ ကျဆင်းလာခဲ့သည်။ ထိုအချိန်က ကျင်းကျုံးယွဲ့ မည်မျှ မျှော်လင့်ချက်မဲ့ပြီး မည်မျှ ဒေါသထွက်နေမည်ကို သူ တွေးကြည့်၍ပင် မရနိုင်ပေ။
သူမ၏ ခန္ဓာကိုယ်တွင် တာရှန်း မိစ္ဆာနိုင်ငံ၏ သွေးကြော ပါဝင်နေသော်လည်း တာရှန်း မိစ္ဆာနိုင်ငံ၏ အမှောင် အုပ်ချုပ်မှုကို ရှောင်ရှားရန်အတွက် လူတစ်သောင်းကျော်ကို ခေါ်ဆောင်ကာ မိုင်ပေါင်း သောင်းချီ ဝေးကွာသော အရှေ့ဘက်လောကမှ ထွက်ခွာလာပြီး လုံးဝ အမည်မသိသော နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရလဒ် အနေဖြင့် တာ့ယန် အင်ပါယာသစ်က သူမတို့ကို ဝင်ခွင့် မပြုခဲ့ပေ။ သေချာပေါက် ဤနေရာသည် တာ့ယန် အင်ပါယာသစ် မှန်း သူမ မသိခဲ့ဘဲ ကျီရွှေ့အဖွဲ့အစည်းဟုသာ ထင်မှတ်ခဲ့၏။
သူမသည် ကလေးငယ်များ၊ မိသားစုဝင်များနှင့် မိမိနောက်သို့ လိုက်ပါလာသူ လူတစ်သောင်းကျော်တို့အတွက် အမည်မသိ ခရီးစဉ်ကို ထပ်မံစတင်ခဲ့ရပြီး အနောက်ဘက်သို့ တောက်လျှောက် ခရီးနှင်ခဲ့ရသည်။
အနောက်ဘက်သို့ ဆက်လက်သွားရောက်ပါက ရှေ့တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို မည်သူမှ မသိနိုင်ပေ။ နှင်းများဖြင့် ဖုံးလွှမ်းနေသော ရေခဲပြင်များ၊ လူသူကင်းမဲ့သည့် ကျယ်ပြောလှသော နယ်မြေများသာ ရှိနေပေလိမ့်မည်။
သူမတို့ အသက်ရှင်နေပါဦးမည်လား။ မဟုတ်ပေ၊ သူမတို့ သေချာပေါက် အသက်ရှင်နေဦးမည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော်လည်း ဤခရီးစဉ်သည် မည်မျှခက်ခဲကြမ်းတမ်းပြီး နာကျင်စရာကောင်းလှမည်နည်း။ လောကကြီးသည် ကျယ်ဝန်းလှသော်လည်း သူမတို့အတွက် ခိုလှုံစရာနေရာဟူ၍ လုံးဝ မရှိခဲ့ပေ။
ထို့အပြင် ထိုအချိန်က အသက်ဆယ့်တစ်နှစ်သာ ရှိသေးသော သူမ၏ ကလေးနှစ်ယောက်အတွက်မူ ပို၍ပင် ပူပန်စရာကောင်း၏။
ထို့အပြင် ထိုအချိန်က မီတျဲ ချိုင့်ဝှမ်းသည်လည်း အုပ်စု နှစ်စု ကွဲသွားခဲ့၏။ တစ်စုက တာ့ယန် အင်ပါယာသစ်၏ ခိုလှုံခွင့်ကို လက်ခံခဲ့ပြီး နောက်တစ်စုကတော့ ကျင်းကျုံးယွဲ့ နှင့်အတူ ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။
ထိုအထဲတွင် ယွင်ကျုံးဟဲ့ ရင်းနှီးသော မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးများ အားလုံး ကျင်းကျုံးယွဲ့ နှင့်အတူ အနောက်ဘက်သို့ ထွက်ခွာသွားခဲ့ကြ၏။
“ညီလေးယွင်... ကျင်းကျုံးယွဲ့က အရမ်း တော်တာပဲ။ သူနဲ့ ကလေးတွေ သေချာပေါက် ဘာမှ မဖြစ်လောက်ပါဘူး။” ကျိုးလီက ယွင်ကျုံးဟဲ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြော၏။ “ဟုတ်တယ်။ သေချာပေါက် ဘာမှ မဖြစ်လောက်ပါဘူး။ သူတို့ရဲ့ သတင်းကို စုံစမ်းဖို့ ကျုပ် လူထောင်ချီ စေလွှတ်ထားပြီးပါပြီ။ သေချာပေါက် ရှာတွေ့မှာပါ။”
ထို့နောက် သူက ဆက်ပြောလိုက်သည်။ “အစ်ကိုကျိုး… ခင်ဗျား နည်းနည်းလေး ထပ်သည်းခံပေးပါအုံး။ ကျုပ် အရှေ့ဘက်လောကကို သွားမယ့် ရေကြောင်းလမ်းကို ဖောက်ပြီးသွားရင်၊ အင်အားကြီးမားတဲ့ တပ်တော်သစ်ကို ဖွဲ့စည်းပြီးသွားရင် ခင်ဗျားကို ခေါ်ပြီး အိမ်ပြန်ပါ့မယ်။”
ယွင်ကျုံးဟဲ့ ထွက်ခွာသွားပြီး ကျိုးလီသည် စားကျက်ကွင်းတွင် ကျန်ရစ်ခဲ့၏။
မြို့တော်ရှိ နန်းတော်သို့ ပြန်ရောက်ပြီးနောက် ယွင်ကျုံးဟဲ့သည် အစီရင်ခံစာကို ကြည့်ကာ ဆက်လက် ငေးမောနေသည်။ အကြိမ်ပေါင်း ဘယ်နှကြိမ် ကြည့်ပြီးမှန်းပင် မသိတော့ပေ။ ထိုအရာမှာ ကျင်းကျုံးယွဲ့နှင့် ပတ်သက်သော အစီရင်ခံစာပင် ဖြစ်သည်။
အကြီးအကဲ ကျီးကျန်း ဝင်လာပြီး သူ့ကို သတင်းပို့ရန် ပြင်သော်လည်း ယွင်ကျုံးဟဲ့ လက်ထဲရှိ အစီရင်ခံစာကို မြင်ချိန်မှာတော့ ခြေလှမ်း ရပ်တန့်သွား၏။
“တောင်းပန်ပါတယ် အရှင်...”
ကျီးကျန်းက ပြောလိုက်သည်။ “အဲဒီတုန်းက ကျုပ်တို့က ကျင်းကျုံးယွဲ့ကို လက်ခံဖို့ ငြင်းပယ်ခဲ့ကြတာပါ။”
ယွင်ကျုံးဟဲ့က အစီရင်ခံစာကို မူလနေရာတွင် ပြန်ထားလိုက်ပြီး လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ မေးလိုက်၏။ “အမတ်ကြီး ကျီးကျန်း... ဘာကိစ္စ ရှိလို့လဲ။”
ကျီးကျန်းက ဖြေလိုက်သည်။ “အရှင်... ဒါက ကျီရွှေ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာပါ။ နှစ်ပေါင်း ရာချီ သမိုင်းကြောင်း ရှိနေပါပြီ။”
ယွင်ကျုံးဟဲ့ လှမ်းယူပြီး အသေးစိတ် ဖတ်ရှုလိုက်၏။
ကျီရွှေ့အဖွဲ့အစည်းကို တာရှအင်ပါယာ၏ ကောင်းကင်ဘုံ ဧကရာဇ်က ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က နုဧကရာဇ်၏ တာရှန်း မိစ္ဆာနိုင်ငံကို ဆန့်ကျင်ရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ကာ သူ၏ အဖွဲ့ဝင်များမှာ အရှေ့ဘက်လောကမှ အင်အားအကြီးဆုံး သိုင်းသမား တစ်စု ဖြစ်သည်။
နုဧကရာဇ် ရုတ်တရက် သေဆုံးသွားပြီးနောက် တာရှ၏ ကောင်းကင်ဘုံ ဧကရာဇ်သည် ကျီရွှေ့အဖွဲ့အစည်းသို့ တကယ်တမ်း ဝင်ရောက်ခြင်း မရှိခဲ့ပေ။
ထို့အပြင် ကောင်းကင်ဘုံ ဧကရာဇ် ရှကျူက သင်္ချိုင်းဂူ အတွင်းတွင် ရေးသားထားခဲ့သည်။ နုဧကရာဇ် သည် ယောက်ျားလား မိန်းမလား ဆိုသည်ကို မသိရှိရပါ ဟူ၍ ဖြစ်သည်။
နောက်ဆုံး သင်္ချိုင်းဂူတွင် သူက ငါ့စိတ်တွေ... ရှုပ်ထွေးနေပြီ ဟု ရေးသားထားခဲ့သေး၏။
ထို့ကြောင့် နုဧကရာဇ် ရုတ်တရက် သေဆုံးသွားပြီးနောက် တာရှန်း မိစ္ဆာနိုင်ငံ ပြန်လည် အသက်ဝင်လာမည်ကို တားဆီးရန်အတွက် အရှေ့တိုင်းမှ အင်အားကြီးသူများက တောရွာတွင် ပုန်းအောင်းကာ ကျီရွှေ့အဖွဲ့အစည်းကို တည်ထောင်ခဲ့ကြသည်။
ထို့အပြင် ကျီရွှေ့အဖွဲ့အစည်း ၏ မှတ်တမ်းများတွင် ရှကျူ ကို သစ္စာဖောက် အဖြစ် မှတ်တမ်းတင်ထား၏။
လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ကျီရွှေ့အဖွဲ့အစည်းသည် တာ့ယန် အင်ပါယာသစ်ကို တွေ့ရှိ ခဲ့ပြီးနောက် အားပြိုင်မှုများနှင့် ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ကြသည်။
ကျီရွှေ့အဖွဲ့အစည်းသည် နှစ်စု ကွဲသွားပြီး တစ်စုက အဝေးသို့ ထွက်ခွာသွားကာ တစ်စုကတော့ ဖျက်သိမ်းပြီး တာ့ယန် အင်ပါယာသစ် အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားခဲ့၏။
ထို့ကြောင့် လက်ရှိ တာ့ယန် အင်ပါယာသစ်တွင် ကျီရွှေ့အဖွဲ့အစည်း၏ တည်ရှိမှု မရှိတော့သလို မည်သူက ကျီရွှေ့အဖွဲ့အစည်း၏ သားသမီးများ ဖြစ်သည်ဟူသော တိကျသည့် စာရင်းလည်း မရှိတော့ပေ။
သို့ပေမည့် စာရင်းဇယားများအရ အင်ပါယာ စစ်တပ် အတွင်းတွင် ကျီရွှေ့အဖွဲ့အစည်း၏ သားသမီး အများအပြား ရှိနေကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာ ပါရမီ အထူး ကောင်းမွန်သောကြောင့် ဖြစ်သည်။
“အရှင်... ကျုပ်တို့က ရေတပ် နှစ်ခုနဲ့ လေသင်္ဘော အချို့ကို စေလွှတ်ပြီး ကျင်းကျုံးယွဲ့ကို ရှာဖွေနေပါပြီ။ မကြာခင် ရလဒ် ထွက်လာနိုင်ပါတယ်။” ကျီးကျန်းက ပြောလိုက်၏။
……………
ရှားရှားပါးပါး အားလပ်ချိန်လေးတွင် ယွင်ကျုံးဟဲ့သည် ကလေး နှစ်ယောက်နှင့် ဆော့ကစားနေသည်။
ယခုအခါ သူတို့သည် ခြောက်လကျော် ရှိနေပြီဖြစ်ပြီး ဖြူဖြူဖွေးဖွေး၊ ဝဝကစ်ကစ်လေးများနှင့် ပန်းပွင့်လေးများ ကဲ့သို့ အလွန် ချစ်စရာ ကောင်းနေ၏။
ယွင်ကျုံးဟဲ့၏ တောင်းဆိုမှုကြောင့် ကျီးချင့်သည် သူတို့ကို မိခင်နို့ တိုက်ကျွေးခဲ့သည်။ သို့ပေမည့် ကလေးများကို ပြုစုစောင့်ရှောက်သူမှာ တူရှား ဖြစ်ပြီး သူမသည် သမီးလေးအပေါ် ထားရှိသော အချစ်များ အားလုံးကို ဤကလေး နှစ်ယောက်အပေါ် ပုံချထားသကဲ့သို့ပင်။
ယွင်ကျုံးဟဲ့ အင်ပါယာ၏ အာဏာရှင် ဘုရင် ဖြစ်လာပြီးနောက် မိဖုရား တူရှားသည်လည်း အင်ပါယာ၏ နိုင်ငံရေးလောကမှ လုံးဝ အနားယူသွားခဲ့သည်။
ကလေး နှစ်ယောက်ကို ကြည့်ရင်း ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့နှင့်အတူ နင်ချင်း၊ ရွှီအန်းထင်၊ ယွင်ယောင်၊ မွေးစားဖခင် အောက်ရှင်း၊ မိခင် လျိုရှီ နှင့် အခြား အမြွှာ သားသမီး နှစ်ယောက်ကို အလိုအလျောက် သတိရသွားမိ၏။
ယခုအခါ ထိုအမြွှာ သားသမီး နှစ်ယောက်သည် အသက် ဆယ့်ငါးနှစ် ရှိနေပြီ ဖြစ်သည်။
ယခင်က ဘုရင်ရာထူး လုပွဲတွင် အာရုံစိုက်နေရသောကြောင့် တွေးတောရန် အချိန်မရှိခဲ့သော်လည်း ယခု ဘုရင်ရာထူးသို့ တက်ရောက်ပြီးနောက်၊ အထူးသဖြင့် အမြွှာ ကလေး နှစ်ယောက်ကို မြင်တွေ့ရချိန်မှာတော့ သူသည် အခြား ကလေး သုံးယောက်ကို မကြာခဏ သတိရနေမိ၏။
“ကလေးတို့… အစ်ကိုနဲ့ အစ်မတွေ သေချာပေါက် ဘေးကင်းလုံခြုံမှာပါနော်။” ယွင်ကျုံးဟဲ့က ကလေး နှစ်ယောက်ကို နဖူးလေးဖြင့် ပွတ်သီးပွတ်သပ် လုပ်ကာ ပြောလိုက်သည်။
“ခစ်… ခစ်… ခစ်...”
အရယ်လွယ်သော ကလေး နှစ်ယောက်သည် ချက်ချင်းပဲ အလွန် ချစ်စရာကောင်းသော ရယ်သံလေးများ ထုတ်လွှတ်လိုက်ကြ၏။
…………..
ထိုနေ့တွင် ယွင်ကျုံးဟဲ့သည် အင်ပါယာ သင်္ဘောကျင်းတွင် ပထမဆုံးသော စစ်သင်္ဘောသစ် ရေချပွဲကို လာရောက် ကြည့်ရှုသည်။
သေချာပေါက် ဤသည်မှာ အသစ် တည်ဆောက်ထားသော စစ်သင်္ဘော မဟုတ်ဘဲ မူလ စစ်သင်္ဘောကို အခြေခံ၍ ပြန်လည် ပြုပြင်ထားခြင်း ဖြစ်၏။
၎င်းသည် ရေစူးတန်ချိန် ရှစ်ထောင်ရှိသော ဧရာမ စစ်သင်္ဘောကြီး ဖြစ်ပြီး ဤတစ်ကြိမ် ပြုပြင်မှုတွင် အဓိကအားဖြင့် စွမ်းအားမြင့် ရေနွေးငွေ့ အင်ဂျင်သစ်ကို တပ်ဆင်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အတွင်းမီးလောင် အင်ဂျင် တည်ဆောက်မှုမှာ မတည်ငြိမ်သေးသောကြောင့် ဖြစ်သည်။
နောက်ထပ် ပြုပြင်မှု တစ်ခုမှာ အမြောက်များ တပ်ဆင်ခြင်း ဖြစ်သည်။ အမြောက် အလက် နှစ်ဆယ်တိတိ တပ်ဆင်ထားပြီး သင်္ဘောပေါ်တွင် တပ်ဆင်နိုင်သည်မှာ အမြောက်ကြီးများသာ ဖြစ်သည်။ ဟောင်ဝစ်ဇာ အမြောက်များသည် ခုံးဝိုက်သော လမ်းကြောင်း ကြီးမားသောကြောင့် ရေတိုက်ပွဲတွင် ချိန်ရွယ်ရန် မသင့်တော်ပေ။
“ရေချ….”
“ထွက်ခွာ….”
အမိန့်ပေးသံနှင့်အတူ ဤဧရာမ စစ်သင်္ဘောကြီးသည် သင်္ဘောကျင်းမှ ထွက်ခွာကာ ပင်လယ်ပြင်ပေါ်သို့ ခုတ်မောင်းသွားသည်။
“အမြောက်ပစ်…”
စစ်သင်္ဘော တပ်မှူး၏ အမိန့်ပေးသံနှင့်အတူ သင်္ဘောပေါ်ရှိ အမြောက် အချို့ တပြိုင်နက်တည်း ပစ်ခတ်လိုက်ကြ၏။
“ရွှီး... ရွှီး...ရွှီး... ရွှီး......”
ခဏအကြာတွင် ပင်လယ်ပြင်ပေါ်ရှိ ပစ်မှတ် သင်္ဘော တစ်စင်း ပေါက်ကွဲသွားပြီး တစ်စစီ ကြေမွသွားသည်။
“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
ဤစစ်သင်္ဘော ရေချလိုက်ခြင်းသည် အင်ပါယာ၏ ရေတပ် အသစ်စက်စက် ခေတ်တစ်ခုဆီသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အဓိပ္ပာယ်ဆောင်၏။
နောက်ပိုင်းတွင် စစ်သင်္ဘောသစ် အများအပြား ရေချတော့မည်ဖြစ်ပြီး အင်ပါယာ ရေတပ်သစ်၏ အဓိက အင်အားစု ဖြစ်လာမှာဖြစ်သည်။
သို့ပေမည့် အသစ်စက်စက် တည်ဆောက်မည့် စစ်သင်္ဘောများမှာမူ အရှေ့ဘက်သို့ စစ်ချီမည့် အချိန်နှင့် အမီ မဖြစ်နိုင်လောက်တော့ပေ။
တာ့ယန် အင်ပါယာသစ်၏ အထူး ကုန်ထုတ်လုပ်မှု စွမ်းအားဖြင့်ပင် ဧရာမ စစ်သင်္ဘောကြီး တစ်စင်း တည်ဆောက်ရန် အချိန် အကြာကြီး ယူရမည်ဖြစ်ရာ ရှိပြီးသား စစ်သင်္ဘောများကိုသာ ပြုပြင်မွမ်းမံပြီး အဆင့်မြှင့်တင်နိုင်မှာဖြစ်သည်။
အပိုင်း (၈၀၀)
ထိုအချိန်မှာပဲ ရုတ်တရက် လူတစ်ယောက် အပြေးအလွှား ရောက်လာပြီး ယွင်ကျုံးဟဲ့၏ အနောက်တွင် ရပ်လိုက်သည်။
သူသည် အင်ပါယာ စစ်တပ်ဦးစီးဌာနမှ တပ်မှူး တစ်ဦးဖြစ်ပြီး မျက်နှာတွင် အပြုံး ရှိနေသော်လည်း မျက်လုံးများက တင်းမာနေကာ အလွန် စိုးရိမ်နေပုံရ၏။
‘သေချာပေါက် ပြဿနာ တစ်ခုခု ဖြစ်သွားပြီ၊ ပြဿနာကြီး တစ်ခု ဖြစ်သွားပြီ။’
ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် တစ်ချက် တုန်ယင်သွားသော်လည်း အသစ်စက်စက် စစ်သင်္ဘောမှ အရာရှိ စစ်သည်များနှင့် လက်ဆွဲ နှုတ်ဆက်ကာ အခမ်းအနား တစ်ခုလုံးကို ပြီးဆုံးအောင် ဆက်လက် လုပ်ဆောင်ခဲ့ပြီး မည်သည့် ထူးခြားသော အမူအရာကိုမှ မပြသခဲ့ပေ။
အခမ်းအနား တစ်ခုလုံး ပြီးဆုံးသွားပြီးနောက် ယွင်ကျုံးဟဲ့သည် ဆိပ်ကမ်းမှ ထွက်ခွာကာ တော်ဝင် မြင်းလှည်းပေါ်သို့ ပြန်လည် တက်ရောက်ခဲ့သည်။
ထိုစစ်တပ် ဦးစီးဌာနမှ တပ်မှူးလေးသည်လည်း မြင်းလှည်းပေါ်သို့ ချက်ချင်း တက်လာပြီး ပြောလိုက်၏။ “အရှင်... စစ်တပ် ဦးစီးဌာနနဲ့ ဝန်ကြီးအဖွဲ့က အရှင့်ကို မြို့တော်ဆီ ချက်ချင်း ပြန်လာဖို့ တောင်းဆိုထားပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာပြဿနာ ဖြစ်လို့လဲ။”
ထိုတပ်မှူးလေးသည် ကျီးကျန်း၏ လျှို့ဝှက် အစီရင်ခံစာကို ယွင်ကျုံးဟဲ့ထံ ကမ်းပေးလိုက်ရာ အားလုံးကို လျှို့ဝှက်စာများဖြင့် ရေးသားထား၏။
ယွင်ကျုံးဟဲ့ ဖတ်ပြီးနောက် မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။
‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်ပဲ ပြဿနာ ဖြစ်သွားပြီ၊ ပြဿနာကြီး ဖြစ်သွားပြီ။’
လွန်ခဲ့သော တစ်နှစ်က ကျီးယန်သည် ကိုလိုနီ နယ်မြေရှိ ပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည် တစ်သောင်းကို ဦးဆောင်၍ သွားရောက်ခဲ့၏။
ထိုကိုလိုနီ နယ်မြေတွင် လူတစ်သန်းကျော်ရှိသော သူပုန် စစ်တပ် ရှိသည်ဟု ဆိုသော်လည်း မည်သူကမှ အရေးမစိုက်ခဲ့ကြပေ။
ကျီးယန် သည် အင်ပါယာ၏ အထူးချွန်ဆုံး တပ်မှူး ဖြစ်ပြီး သူမ ခေါ်ဆောင်သွားသော စစ်တပ် တစ်သောင်းမှာလည်း အလွန် အထူးချွန်ဆုံး ဖြစ်ရာ ပုန်ကန်မှုကို နှိမ်နင်းရန် လုံလောက်ရုံမက ပိုနေသေးသည်။
ထို့အပြင် ရောက်ရှိလာသော စစ်သတင်းများကလည်း ထိုအတိုင်းပင် ဖြစ်သည်။ ကျီးယန် သည် တိုက်ပွဲတိုင်းကို အနိုင်ရရှိခဲ့ပြီး အကြိမ်တိုင်းတွင် လူနည်းစုဖြင့် လူအများစုကို အနိုင်ယူကာ သူပုန် သိန်းချီကို သုတ်သင် ဖမ်းဆီးနိုင်ခဲ့၏။
ကိုလိုနီ နယ်မြေ တစ်ခုလုံး၏ ပုန်ကန်မှု ငြိမ်သက်သွားရန်မှာ အချိန် ပြဿနာသာ ဖြစ်သည်။
ထို့နောက် ကိုလိုနီ နယ်မြေ၏ စည်းကမ်းကို ထိန်းသိမ်းရန်အတွက် အင်ပါယာက စစ်သည် တစ်သောင်းကို ထပ်မံ စေလွှတ်ခဲ့သေး၏။
ထို့ကြောင့် အင်ပါယာရှိ လူတိုင်း၏ စိတ်ထဲတွင် ကျီးယန်က ပုန်ကန်မှုကို သွားရောက် နှိမ်နင်းခြင်းသည် မျက်စိမှိတ်ပြီး တိုက်လျှင်ပင် နိုင်နိုင်ကြောင်း ထင်မှတ်ထားကြသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ယခင်က နောက်တစ်ကြိမ် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာမည့်သူ မဟုတ်ပါလား။
သို့သော်ငြား ဤလျှို့ဝှက် သတင်းအချက်အလက်ထဲ၌ ရေးထားသည်မှာ- ကျီးယန် စစ်ရှုံးပြီ၊ အင်ပါယာ စစ်တပ် အကြီးအကျယ် အထိနာသွားပြီ ဟူ၍ပင်။
‘ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ကိုလိုနီ နယ်မြေက အဲဒီ တိုင်းရင်းသား သူပုန်တွေက လူတစ်သန်း ရှိနေရင်တောင် အင်ပါယာ အထူးချွန်ဆုံး စစ်တပ်ကို လုံးဝ မနိုင်နိုင်ဘူးလေ။
ကျီးယန် ဟာ အင်ပါယာရဲ့ အထူးချွန်ဆုံးနဲ့ အင်အားအကြီးဆုံး တပ်မှူး၊ အနာဂတ် အင်ပါယာ စစ်သူကြီး ဖြစ်ရက်နဲ့ ဘယ်လိုလုပ် စစ်ရှုံးရတာလဲ။ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပဲ။ လုံးဝ မဖြစ်နိုင်ဘူး။’
ယွင်ကျုံးဟဲ့သည် အမြန်ဆုံး အမြန်နှုန်းဖြင့် မြို့တော် နန်းတော် အတွင်းသို့ ပြန်လည် ရောက်ရှိလာသည်။
ကျီးကျန်းသည် ယွင်ကျုံးဟဲ့ကို ချက်ချင်း ဝင်ရောက် တွေ့ဆုံ၏။
“ကျီးယန်က အင်ပါယာ အထူးချွန်ဆုံး စစ်သည် သောင်းချီကို ဦးဆောင်သွားတာ၊ ဘယ်လိုလုပ် စစ်ရှုံးနိုင်မှာလဲ။ တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲ။” ယွင်ကျုံးဟဲ့က မေးခွန်းများ ဆက်တိုက် မေးလိုက်သည်။
ကျီးကျန်းက အက်ကွဲသော အသံဖြင့် ဖြေ၏။ “အရှင်... ကျီးယန် ဦးဆောင်သွားတဲ့ အင်ပါယာ စစ်တပ်မှာ ရိုင်ဖယ် သေနတ်တွေနဲ့ အမြောက်တွေ မတပ်ဆင်ထားရသေးပါဘူး။ အအေး လက်နက် စစ်တပ်ပဲ ရှိပါသေးတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဲဒီလိုဆိုရင်တောင်မှ အင်ပါယာ စစ်တပ်က အရမ်း အင်အားကြီးတာပဲ။ တာရှန်း မိစ္ဆာနိုင်ငံက သိုင်းသမားတွေကလွဲရင် လုံးဝ ပြိုင်ဘက် မရှိပါဘူး။ ဘယ်လိုလုပ် စစ်ရှုံးနိုင်မှာလဲ။ ပြီးတော့ အကြီးအကျယ် အထိနာသွားတယ် ဆိုတာကော။”
သူ ပြောသည်မှာ မမှားပေ။ တာ့ယန် အင်ပါယာ စစ်တပ်သည် အအေး လက်နက် စစ်တပ်၏ အထွတ်အထိပ်ဟုပင် ဆိုနိုင်ရာ စစ်ရှုံးရန် လုံးဝ မဖြစ်နိုင်ပေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်တို့ရဲ့ ရန်သူက ဘယ်သူလဲ။ တာရှန်း မိစ္ဆာနိုင်ငံ စစ်တပ်လား။”
ကျီးကျန်းက ဖြေ၏။ “အရှင်... တာရှန်း မိစ္ဆာနိုင်ငံ စစ်တပ် မဟုတ်ပါဘူး။ အံ့မခန်း သိုင်းပညာတွေ ရှိတဲ့ တခြား သိုင်းသမား စစ်တပ် တစ်ခုပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရင်က ခွဲထွက်သွားတဲ့ ကျီရွှေ့အဖွဲ့အစည်းက သိုင်းသမား စစ်တပ်လား။”
ကျီရွှေ့အဖွဲ့အစည်းကို လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က အရှေ့တိုင်း၏ ထိပ်တန်း သိုင်းသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဆန်းကြယ်ပြီး အင်အားကြီးမားသော သိုင်းပညာကို မြတ်နိုးကြ၏။
တာ့ယန် အင်ပါယာသစ်မှာ ရူပဗေဒ ပညာရပ်ကို မြတ်နိုးပြီး သန့်စင်သော ခွန်အားနှင့် အမြန်နှုန်းကိုသာ မြတ်နိုးကာ ဆန်းကြယ်သော သိုင်းပညာကို သိပ်အလေးမထားပေ။
ထို့ကြောင့် ထိုအချိန်က ကျီရွှေ့အဖွဲ့အစည်းသည် အကွဲအပြဲများ ဖြစ်ပေါ်ခဲ့ပြီး တစ်စိတ်တစ်ပိုင်းက ပျောက်ကွယ်သွားကာ တစ်စိတ်တစ်ပိုင်းက တာ့ယန် အင်ပါယာသစ် အတွင်းသို့ ပေါင်းစပ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျီးကျန်းက ပြောလိုက်၏။ “အရှင်... သတင်းကောင်းလို့ ခေါ်ရမလား၊ သတင်းဆိုးလို့ ခေါ်ရမလား မသိတဲ့ သတင်း တစ်ခု ရှိပါသေးတယ်။ အင်အားကြီးမားပြီး ဆန်းကြယ်တဲ့ သိုင်းသမား စစ်တပ်ကို ဦးဆောင်ပြီး အင်ပါယာ အထူးချွန်ဆုံး စစ်တပ်ကို အနိုင်ယူသွားတဲ့သူကတော့... ကျင်းကျုံးယွဲ့ ပါပဲ။”
ဤစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့ ချက်ချင်း အံ့ဩသွားသည်။
‘ကျင်းကျုံးယွဲ့ လား။ သူမက လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားတဲ့ သိုင်းသမား စစ်တပ်ကို ဦးဆောင်ကာ ကျီးယန်ရဲ့ အင်ပါယာ စစ်တပ်ကို အနိုင်ယူသွားခဲ့တာလား။ ဒီအမျိုးသမီးက ဒီလောက်တောင် စွမ်းနေတာလား။ ဒါက ဘယ်နှကြိမ်မြောက် ရှိနေပြီလဲ။’
လေခွင်းမြို့တွင် ပထမဆုံးအကြိမ် ရှိနေစဉ်က သူမသည် ရှိရှိသမျှ အခြေခံအုတ်မြစ်အားလုံးကို စွန့်လွှတ်ကာ လူထောင်ချီကို ခေါ်ဆောင်၍ အနောက်ဘက် သဲကန္တာရအတွင်းသို့ ဦးတည်သွားခဲ့သည်။
ထိုစဉ်က မည်သည့်ရည်မှန်းချက်မှ မရှိဘဲ မြင်းစီးဓားပြအဖြစ်သာ နေထိုင်လိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်ဘဲ သူမသည် ရိုလန်နိုင်ငံကို တည်ထောင်နိုင်ခဲ့ပြီး အနောက်ဘက်ဒေသရှိ နိုင်ငံငယ်များစွာကို သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့၏။
နိုင်ငံ၏ အကျယ်အဝန်းမှာ အကြီးမားဆုံးအချိန်တွင် စတုရန်းကီလိုမီတာ နှစ်သန်းမှ သုံးသန်းကျော်အထိ ရှိခဲ့ပြီး လက်အောက်ခံစစ်တပ်မှာလည်း လူဦးရေ လေးသိန်းကျော်အထိ ရှိခဲ့သည်။
မြို့စားရာထူးကို စွန့်လွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် သူမသည် ဘုရင်မတစ်ပါး ဖြစ်လာခဲ့သည်။ နောင်တွင် သူမသည် ညီမဖြစ်သူ မင်းသမီးဝူရွှမ်းနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရိုလန်နိုင်ငံတစ်ခုလုံးကို ညီမဖြစ်သူထံ လွှဲအပ်ခဲ့၏။
သူမကိုယ်တိုင်ကမူ လူတစ်သောင်းကျော်ကို ခေါ်ဆောင်၍ ထပ်မံ၍ လေလွင့်ခရီးနှင်ခဲ့ပြန်သည်။ ထိုစဉ်ကလည်း မည်သည့်ပစ်မှတ်မှ မရှိဘဲ ဤလောကကြီးတွင် နေစရာနေရာပင် မရှိတော့သည့်အလား ခံစားခဲ့ရသည်။
ရလဒ်အနေဖြင့် ယခုအခါတွင် သူမသည် ထပ်မံ၍ ပြန်လည်ရောက်ရှိလာခဲ့ပြီး အင်ပါယာ၏ အထူးချွန်ဆုံး စစ်တပ်ကိုပင် အနိုင်ယူသွားခဲ့၏။
သူမဦးဆောင်သော စစ်တပ်၏ သိုင်းပညာစွမ်းရည်မှာ မည်မျှအထိ အင်အားကြီးမားနေမည်ကို ယွင်ကျုံးဟဲ့အနေဖြင့် တွေးဆကြည့်ရန်ပင် ခက်ခဲလှသည်။ သူမကိုယ်တိုင်၏ စွမ်းရည်မှာလည်း မည်မျှအထိ ပြင်းထန်နေမည်ကို မခန့်မှန်းနိုင်ပေ။
ရည်မှန်းချက်မရှိသော အမျိုးသမီးတစ်ဦးသည် အကြိမ်တိုင်းတွင် ကောင်းကင်ကိုပင် တုန်လှုပ်ချောက်ချားစေသည့် လုပ်ရပ်များကို ဖန်တီးနိုင်ခဲ့သည်။ တကယ်ကိုပင် အံ့ဩစရာကောင်းလှသည်။
ယွင်ကျုံးဟဲ့သည် အထောက်အကူပြုစနစ်များကို အသုံးပြုထား၍ စွမ်းအားကြီးမားနေခြင်းဖြစ်သည်။ ကျင်းကျုံးယွဲ့သည်လည်း အလားတူ အထောက်အကူပြုစနစ်မျိုးကို အသုံးပြုထားခြင်းပင် ဖြစ်ရပေမည်။
ယွင်ကျုံးဟဲ့သည် နှစ်အနည်းငယ်အတွင်း တာ့ယန်အင်ပါယာသစ်၏ အာဏာရှင်ဘုရင် ဖြစ်လာခဲ့သကဲ့သို့ပင် ကျင်းကျုံးယွဲ့သည်လည်း ထိပ်သီးခေါင်းဆောင်တစ်ဦးအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က မေးသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က ကျီရွှေ့အဖွဲ့အစည်းမှာ အကွဲအပြဲတွေ ဖြစ်ပြီး ထွက်ပြေးသွားတဲ့ သူတွေ ဘယ်လောက်များ ရှိခဲ့လဲ။”
ကျီးကျန်းက ဖြေ၏။ “လူတစ်ထောင်တောင် မပြည့်ပါဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ဒီနှစ်တွေ အတွင်းမှာ ကျီရွှေ့အဖွဲ့အစည်း နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဘာမှ မရတော့ဘူးလား။”
ကျီးကျန်းက ဖြေ၏။ “အရှင်... အရင်က တာ့ယန် အင်ပါယာသစ်ရဲ့ ထင်ရှားတဲ့ လက္ခဏာ တစ်ခုကို အရှင် သတိထားမိလောက်မှာပါ။ အင်ပါယာက အမြဲတမ်း သာလွန်မှု ခံစားချက်တွေ ပြည့်နှက်နေပြီး မာနကြီးကာ ပိတ်လှောင်နေတယ်။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရတာကို အထင်သေးတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာလောက်က ကုန်ထုတ်လုပ်မှု စွမ်းအား အကြီးအကျယ် ပေါက်ကွဲလာလို့ အင်ပါယာမှာ လုပ်သား အင်အား အရမ်း လိုအပ်လာသလို သတ္တုတွင်း ထွက်ကုန်တွေကိုလည်း ကြီးမားတဲ့ လိုအပ်ချက် ရှိလာလို့သာ ကိုလိုနီ ချဲ့ထွင်မှုတွေကို စတင်ခဲ့တာပါ။
ဒါပေမဲ့ အဆုံးစွန်မှာတော့ အင်ပါယာရဲ့ မူဝါဒက တစ်ခုတည်းပါပဲ။ နယ်မြေ ချဲ့ထွင်ဖို့ ကြီးမားတဲ့ ဆန္ဒ မရှိဘူး။ အရင်းအမြစ် လုံလောက်ပြီ၊ လုပ်သား အင်အား လုံလောက်ပြီ ဆိုရင် ချဲ့ထွင်တာကို ရပ်တန့်လိုက်မှာပဲ။ ပြင်ပကမ္ဘာကို စူးစမ်းရှာဖွေချင်တဲ့ ဆန္ဒကလည်း သိပ်မပြင်းထန်ပါဘူး။”
ယွင်ကျုံးဟဲ့သည် ဤလူမျိုး၏ သဘောသဘာဝကို အလွန် နားလည်သည်။
တာ့ယန် အင်ပါယာသစ်သည် ယန်ရှင်းကျုံး၏ လမ်းညွှန်မှုအောက်တွင် သိပ္ပံပညာကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ကုန်ထုတ်လုပ်မှု စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေခဲ့သော်လည်း သူတို့ ကိုယ်တိုင်က လုယူခြင်းနှင့် နယ်မြေ ချဲ့ထွင်ခြင်းကို သိပ်စိတ်မဝင်စားဘဲ အတွင်းစိတ်တွင်တော့ စိုက်ပျိုးရေး ဝါဒသာ ကြီးစိုးနေ၏။
ထို့ကြောင့် နှစ်ပေါင်း ရာချီ ကုန်လွန်သွားသော်လည်း တာ့ယန် အင်ပါယာသစ် စူးစမ်းရှာဖွေခဲ့သော ပင်လယ်ပြင်နှင့် တိုက်ကြီးသစ်များသည် အလွန် နည်းပါးနေဆဲ ဖြစ်သည်။
လိုအပ်ချက်ကြောင့်သာ ကိုလိုနီ နယ်မြေ သုံးခုကို သွားရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ကျီးယန် သွားရောက် နှိမ်နင်းခဲ့သော တတိယ ကိုလိုနီ နယ်မြေသည် အကျယ်အဝန်း အကြီးဆုံးဖြစ်ကာ စတုရန်း ကီလိုမီတာ ငါးသန်းကျော် ကျယ်ဝန်းပြီး တိုင်းရင်းသား သန်းဆယ်ဂဏန်းခန့် နေထိုင်ကြ၏။
ဤတတိယ ကိုလိုနီနယ်မြေတွင် အလွန် ပေါများသော တွင်းထွက်ပစ္စည်းများ ရှိရုံသာမက အလွန့် အလွန် တန်ဖိုးကြီးမားသော သယံဇာတ တစ်ခုလည်း ရှိသေးသည်။ ထိုအရာမှာ တောရိုင်း ရော်ဘာ တောအုပ်များပင် ဖြစ်သည်။
ကျီးကျန်းက ဆက်ပြော၏။ “ဘာလို့လဲဆိုတော့ ဒီနှစ်ပေါင်း ရာချီ အတွင်းမှာ ကျုပ်တို့က ပြင်ပကမ္ဘာကို အကြီးအကျယ် စူးစမ်းရှာဖွေမှုတွေ မလုပ်ခဲ့လို့ပါ။”
ဆိုလိုသည်မှာ ကျီရွှေ့အဖွဲ့အစည်း ထွက်ပြေးပြီးနောက် မည်သည့် နေရာသို့ ရောက်ရှိသွားသည်ကို သေချာ မသိရှိကြောင်းပင်။
“အရှင်...”
ကျီးကျန်းက စကားလုံးများကို ရွေးချယ်ကာ ပြောလိုက်သည်။ “အဲဒီတုန်းက ကျီရွှေ့အဖွဲ့အစည်းနဲ့ တာ့ယန် အင်ပါယာသစ်တို့ အချင်းချင်း သဘောထား ကွဲလွဲခဲ့ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခြေခံအကျဆုံး ခွဲခြမ်းစိတ်ဖြာချက်ကတော့ ကျီရွှေ့အဖွဲ့အစည်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်တွေနဲ့ သိုင်းပညာကို အလေးထားပြီး တာ့ယန် အင်ပါယာသစ်ကတော့ ကုန်ထုတ်လုပ်မှု စွမ်းအားကို အလေးထားလို့ပါပဲ။”
ကျီးကျန်း၏ ဤစကားတွင် အလွန် နက်ရှိုင်းသော အဓိပ္ပာယ် ပါဝင်နေ၏။
‘လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရပ်တွေ၊ သိုင်းပညာ။ ဒါက ဘယ်သူ့ရဲ့ ပုံစံနဲ့ တူနေလဲ။ အရင်က နုဧကရာဇ်၊ အရင်က တာရှန်း မိစ္ဆာနိုင်ငံပေါ့။’
ကျီရွှေ့အဖွဲ့အစည်းသည် တာရှန်း မိစ္ဆာနိုင်ငံ၏ ရန်သူ ဖြစ်သည်။ သူတို့က တာရှန်း မိစ္ဆာနိုင်ငံဆီက သွားသင်ယူမည်လား။
ထို့အပြင် ထိုအချိန်က ကျီရွှေ့အဖွဲ့အစည်းသည် တာ့ယန် အင်ပါယာသစ်နှင့် အကွဲအပြဲ ဖြစ်ပြီးနောက် ထွက်ပြေးသွားခဲ့ချိန်တွင် သူတို့၏ စိတ်ထဲ၌ သေချာပေါက် အမုန်းတရားများ ပါသွားမှာဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီတုန်းက နုဧကရာဇ်က အရမ်း အင်အားကြီးလွန်းတယ်။ တာရှန်း မိစ္ဆာနိုင်ငံကလည်း အရမ်း အင်အားကြီးလွန်းတယ်။ ကျီရွှေ့အဖွဲ့အစည်းက တာ့ယန် အင်ပါယာသစ်နဲ့ အကွဲအပြဲ ဖြစ်ပြီး ထွက်ပြေးသွားပြီးတဲ့နောက်မှာ အသစ်စက်စက် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း တစ်ခုကို ရှာမတွေ့နိုင်ဘူးဆိုရင် အရင်က အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့ ရန်သူဆီက သင်ယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဖွဲ့အစည်း တစ်ခုက သိုင်းပညာကိုပဲ အဓိကထားတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားပြီ ဆိုရင် သေချာပေါက် အရမ်း အစွန်းရောက်သွားလိမ့်မယ်။”
အဓိက အချက်မှာ ထွက်ပြေး ခွဲထွက်သွားသော ကျီရွှေ့အဖွဲ့အစည်းသည်လည်း နှစ်ပေါင်း ထောင်ချီ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ဤကျီရွှေ့အဖွဲ့အစည်းသည် မည်မျှ ကြီးမားနေမည်နည်း။ သူတို့၏ ရပ်တည်ချက်က မည်သည့်အရာနည်း။ ဩဇာအာဏာ မည်မျှ ကြီးမားသနည်း။
နောက်ထပ် အချက်တစ်ခုမှာ ကျင်းကျုံးယွဲ့ ဦးဆောင်သော လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းသမား စစ်တပ်သည် ကျီရွှေ့အဖွဲ့အစည်းမှ ဟုတ်နေသည်လား။ သူမက အဘယ့်ကြောင့် ကျီးယန်ကို စစ်တိုက်ရသနည်း။ သူတို့၏ ရည်ရွယ်ချက်က ဘာဖြစ်မည်နည်း။