← Chapters

အခန်း (၈၀၃-၈၀၄)

Vol. 68 Ch. 803-804

အခန်း (၈၀၃-၈၀၄)

Vol. 68 Ch. 803-804

အပိုင်း (၈၀၃)

ယွင်ကျုံးဟဲ့က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ကျုပ် ရှင်းရှင်းလင်းလင်း သိပါတယ်။ အလျှော့ပေးပြီး စည်းလုံးမှုကို ရှာဖွေရင် စည်းလုံးမှု ပျက်စီးတတ်ပါတယ်။ သူတို့ကို သိမ်းပိုက်ပြီး ကျုပ်တို့နဲ့ အတူတူ ရပ်တည်လာအောင် လုပ်ဖို့ဆိုတာ အင်အားကြီးမားတဲ့ စွမ်းအားကို အားကိုးရမှာပါ။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ကျုပ်တို့ရဲ့ ကရုဏာတရားနဲ့ ဘုရင်ကျင့်ဝတ်ကို ပြသဖို့ လိုအပ်တယ်လို့ ကျုပ် ထင်ပါတယ်။

ကျင်းကျုံးယွဲ့က ကျုပ်ရဲ့ ဇနီးပါ။ သူက အစွန်းရောက် သွားနိုင်တယ်၊ သူက အရမ်း အင်အားကြီးမား သွားနိုင်တယ်၊ အရင်က မျှော်လင့်ချက်မဲ့မှုနဲ့ လေလွင့်နေခဲ့ရမှုတွေကြောင့် တာ့ယန် အင်ပါယာသစ်အပေါ် အမုန်းတရားတွေနဲ့ ရန်လိုမှုတွေ ပြည့်နှက်နေနိုင်တယ်။

ဒါပေမဲ့ သူ ကျုပ်ကို လုံးဝ အန္တရာယ် မပေးဘူးလို့ ကျုပ် အခိုင်အမာ ယုံကြည်ပါတယ်။ ကျုပ်တို့ အတူတူ နေခဲ့ရတဲ့ အချိန်က တစ်နှစ်တောင် မပြည့်ခဲ့ပေမယ့် တချို့လူတွေအတွက် တစ်နှစ်ဆိုတာ တစ်သက်တာပါပဲ။”

ဘုရင် တစ်ပါး အနေနဲ့ စိတ်လိုက်မာန်ပါ လုပ်လို့ မရဘူး ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ အင်ပါယာရဲ့ အကျိုးစီးပွားအတွက် ဘုရင်တွေဟာ တချို့အချိန်တွေမှာလည်း တစ်ခုခု လုပ်ဆောင်သင့်ပါတယ်။ အလုံခြုံဆုံး ခံတပ်ထဲမှာ ပုန်းနေပြီး အမိန့်တွေ ပေးနေတာမျိုး မလုပ်သင့်ဘူး။

ကျုပ်တို့ ရင်ဆိုင်နေရတာက လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားတဲ့ သိုင်းသမား အင်အားစု တစ်ခုပါ။ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်အတွက် အရမ်း ကောင်းမွန်တဲ့ အပြန်အလှန် ဖြည့်ဆည်းမှု တစ်ခုပါ။ နှစ်ဖက်စလုံးမှာ ရန်ငြိုးတွေ ရှိနေရင်တောင် ရှေးခေတ်က မဟာမိတ်တွေလို့ ဆိုနိုင်ပါသေးတယ်။ အင်ပါယာရဲ့ ဘုရင် တစ်ပါး အနေနဲ့ ကျုပ် ကိုယ်တိုင် ထွက်ပြီး တစ်ဖက်ရန်သူနဲ့ သွားရောက် ဆွေးနွေးတာက အင်ပါယာရဲ့ ရိုးသားမှုကို အကောင်းဆုံး ဖော်ပြနိုင်မှာပါ။

နောက်တစ်ချက်က ကျုပ်ကိုယ်တိုင်လည်း ကျင်းကျုံးယွဲ့နဲ့ ကျုပ်တို့ရဲ့ ကလေး နှစ်ယောက်အပေါ် အကြွေးတင်နေတယ်လို့ ခံစားရတယ်။ အများအကျိုးအတွက်ရော ကိုယ်ကျိုးအတွက်ပါ ကျုပ် တစ်ခေါက်တော့ သေချာပေါက် သွားရမယ်။ ကျင်းကျုံးယွဲ့နဲ့ သေချာပေါက် သွားရောက် ဆွေးနွေးရမယ်။

ဒါကို စွန့်စားမှု တစ်ခုလို့ ကျုပ် မထင်ပါဘူး။ အနည်းဆုံးတော့ တစ်ဖက်ရန်သူက ဘယ်လို အင်အားစုလဲ။ ဘယ်လောက်တောင် အင်အားကြီးမားလဲ။ သူတို့ အင်ပါယာရဲ့ တတိယ ကိုလိုနီ နယ်မြေကို ဝင်ရောက် တိုက်ခိုက်ရတဲ့ အကြောင်းရင်းက ဘာလဲ၊ သူတို့ရဲ့ ရပ်တည်ချက်က ဘာလဲ ဆိုတာကို ကျုပ်တို့ သိရလိမ့်မယ်။”

ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် ဝန်ကြီးအဖွဲ့နှင့် စစ်တပ် ဦးစီးဌာနမှ ထိပ်သီး ခေါင်းဆောင် ခြောက်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ တစ်ခွန်း ဟလိုက်သည်နှင့် ထိုအရာမှာ ဆုံးဖြတ်ချက် ဖြစ်သွားပြီဖြစ်ပြီး မည်သူကမှ ပြောင်းလဲ၍ မရနိုင်တော့ကြောင်း သူတို့ သိရှိထားသောကြောင့်ပင်။

အတော်ကြာမှ ကျီးကျန်းက ပြောလိုက်သည်။ “အရှင်... ကျုပ် ပထမ တပ်တော်ကို ဦးဆောင်ပြီး အရှင့်ကို တတိယ ကိုလိုနီ နယ်မြေအထိ လိုက်ပါ ပို့ဆောင်ပေးကာ ကျင်းကျုံးယွဲ့နဲ့ ဆွေးနွေးပါ့မယ်။”

ယွင်ကျုံးဟဲ့က ခေါင်းယမ်းကာ ပြောလိုက်၏။ “မလုပ်နဲ့။ စစ်တပ် မခေါ်သွားနဲ့။ ကျင်းကျုံးယွဲ့ ရဲ့ လက်အောက်ခံ သိုင်းသမား စစ်တပ်က အရမ်း အစွန်းရောက်တဲ့ အဖွဲ့အစည်း တစ်ခုလို့ ကျုပ် ထင်တယ်။ အကယ်၍ ကျုပ်တို့က စစ်တပ် ခေါ်သွားရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်ခြေ အရမ်း များတယ်။

ကျုပ်က အဲဒီစကားပဲ ထပ်ပြောပါမယ်။ အရေးကြီးတဲ့ ရပ်တည်ချက်တွေမှာ ကျုပ် လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရင်ဆုံး ကျုပ်နဲ့ ကျင်းကျုံးယွဲ့ ကို ဆွေးနွေးခွင့် ပြုပါ။ ကျုပ်ရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး။ ကျင်းကျုံးယွဲ့က ကျုပ်ကို သေချာပေါက် အန္တရာယ် မပေးပါဘူး။”

ထို့နောက် ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ကျုပ် သာမန် သင်္ဘော တစ်စင်း စီးပြီး သွားမယ်။ ကောင်းကင်ယံမှာ လေသင်္ဘော တစ်စင်းပဲ အဖော် ပါပါစေ။”

ကျီးကျန်းက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။ “အရှင်... အရှင် ဆုံးဖြတ်ချက် ချပြီးသွားပြီဆိုတော့ ကျုပ်တို့ တားလို့ မရတော့ပါဘူး။ ဒါပေမဲ့ ကျုပ် သေချာပေါက် အရှင်နဲ့အတူ တတိယ ကိုလိုနီ နယ်မြေကို လိုက်သွားရပါမယ်။

ဆွေးနွေးတဲ့ အခါမှာ အရှင် တစ်ယောက်တည်း သွားလို့ ရပါတယ်။ ဒါပေမဲ့ ကျုပ် အရှင့်ကို အဲဒီနေရာအထိတော့ ပို့ပေးရပါမယ်။ ဒါကလည်း ကျုပ်တို့ အမတ်တွေ လုပ်ရမယ့် တာဝန်ပါပဲ။ ပြီးတော့ ဘုရင် တစ်ပါးအပေါ် အင်ပါယာက ထားရှိရမယ့် သဘောထားလည်း ဖြစ်ပါတယ်။”

ယွင်ကျုံးဟဲ့က သဘောတူလိုက်သည်။ “ကောင်းပါပြီ အမတ်ကြီး ကျီးကျန်း…”

သုံးရက် အကြာတွင်...

ယွင်ကျုံးဟဲ့နှင့် အကြီးအကဲ ကျီးကျန်းတို့သည် ကုန်သွယ်ရေး သင်္ဘော တစ်စင်းပေါ်သို့ တက်ရောက်ကာ တာ့ယန် အင်ပါယာသစ်မှ ထွက်ခွာပြီး တတိယ ကိုလိုနီ နယ်မြေသို့ သွားရောက်ကာ ကျင်းကျုံးယွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးရန် ထွက်ခွာသွားကြ၏။

ယွင်ကျုံးဟဲ့ စိတ်လှုပ်ရှားနေလို့နေသည်။ ‘ကျင်းကျုံးယွဲ့ မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဆယ်နှစ်တောင် ကျော်သွားပြီ မလား။ ဟုတ်တယ်။ ဆယ့်တစ်နှစ်လောက် ရှိပြီ။အခုတော့ နောက်ဆုံးမှာ ထပ်တွေ့ရတော့မယ်။’

ယွင်ကျုံးဟဲ့ စီးနင်းလိုက်ပါလာသော သင်္ဘောသည် ကုန်သွယ်ရေး သင်္ဘောဟု ခေါ်ဆိုသော်လည်း ခရီးသည်တင် သင်္ဘောဟု ခေါ်ဆိုလျှင် ပိုမှန်၏။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် အင်ပါယာနှင့် တတိယ ကိုလိုနီ နယ်မြေကြား အမြဲတမ်း သွားလာနေပြီး ပိုးသား၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင် စသည့် တန်ဖိုးကြီး ပစ္စည်းများကို အဓိက သယ်ယူ ပို့ဆောင်ပေးသောကြောင့် ဖြစ်သည်။

သူ့တွင် နောက်ထပ် အရေးကြီးသော အသုံးဝင်မှု တစ်ခု ရှိသေးပြီး ထိုအရာမှာ လူများကို သယ်ယူ ပို့ဆောင်ပေးခြင်းပင် ဖြစ်၏။

အင်ပါယာက တတိယ ကိုလိုနီ နယ်မြေတွင် ထားရှိသော အရာရှိ စုစုပေါင်းမှာ တစ်ထောင်ကျော် ရှိပြီး အမြဲတမ်း တပ်စွဲထားသော စစ်တပ်မှာလည်း တစ်သောင်းကျော် ရှိရာ နေရာနှစ်ခုကြား အသွားအလာ အလွန် များပြားပြီး သင်္ဘောများ၏ သက်သောင့်သက်သာ ရှိမှုအပေါ် လိုအပ်ချက်ကလည်း အလွန် မြင့်မားသည်။

ယခုအခါ ယွင်ကျုံးဟဲ့ စီးနင်းလိုက်ပါလာသော သင်္ဘောပေါ်တွင် တာ့ယန် အင်ပါယာသစ်၏ နဂါးအလံကို လွှင့်ထူထားသည်။ ထို့အပြင် သူ့အတွက် သီးသန့် ရုံးခန်း၊ သီးသန့် အခန်း၊ သီးသန့် ဧည့်ခန်းများလည်း ရှိ၏။

ဤသင်္ဘောသည် တန်ချိန် တစ်သောင်းခွဲရှိပြီး ရေနွေးငွေ့ ဘွိုင်လာ ဆယ့်နှစ်လုံး တပ်ဆင်ထားကာ အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ၃၈ ကီလိုမီတာ နီးပါးအထိ ရောက်ရှိနိုင်၏။ ထို့အပြင် သင်္ဘောပေါ်တွင် လျှပ်စစ်မီးများ တပ်ဆင်ထားသောကြောင့် မီးရောင်များ ထိန်လင်းနေသည်။

ဤသည်မှာ အင်ပါယာ၏ အကြီးဆုံး သင်္ဘော မဟုတ်သော်လည်း အခမ်းနားဆုံး သင်္ဘော ဖြစ်ပြီး အသစ် ပြုပြင်မွမ်းမံထားသော သင်္ဘောသစ်လည်း ဖြစ်၏။

ကျီရွှေ့အဖွဲ့အစည်းမှ သိုင်းသမားများ ဤသင်္ဘောကို မြင်တွေ့ပြီးနောက် တစ်ခုခု ခံစားရစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ကုန်းပတ်ပေါ်သို့ ထွက်လာပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ တာ့ယန် အင်ပါယာသစ်သို့ ရောက်ရှိလာသည်မှာ ငါးနှစ်နီးပါး ရှိပြီဖြစ်ပြီး ယခုအကြိမ်သည် သူ အင်ပါယာမှ ပထမဆုံးအကြိမ် ထွက်ခွာခြင်း ဖြစ်၏။

သူ ထွက်ခွာလာချိန်တွင် ကျီးချင့်သည် သူမ၏ လက်ထဲမှ အလုပ်များကို ခဏချထားပြီး သူ့ကို မေးခွန်း တစ်ခု မေးခဲ့သည်။ “ရှင် ပြန်လာအုံးမှာလား။”

‘ဒီစကားက ဘယ်လို အဓိပ္ပာယ်လဲ။ ဘာကို ပြန်လာအုံးမှာလဲလို့ မေးတာလဲ။’

ယွင်ကျုံးဟဲ့သည် မိမိ၏ သမီးအမြွှာလေးနှစ်ဦးအပေါ် အလွန်အမင်း ချစ်ခင်မြတ်နိုးသည်။ တစ်နှစ်အရွယ်သို့ ရောက်ရှိတော့မည့် ထိုကလေးငယ်လေးများသည် တစ်ပုံစံတည်း တူညီနေကြသည့်အပြင် အလွန်ပင် ချစ်စရာကောင်းလှသောကြောင့် ဖခင်ဖြစ်သူမှာ ခွဲခွာရမည်ကို အလွန်ပင် နှမြောနေမိ၏။

ယခုတစ်နှစ်တာ ကာလအတွင်း ယွင်ကျုံးဟဲ့မှာ အလုပ်ကိစ္စများဖြင့် အလွန် ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ တာဝန်အရ အပြင်သို့ ထွက်ခွာရသည့် အချိန်များ ရှိခဲ့သော်လည်း အချိန်အများစုကိုမူ အုပ်ချုပ်ရေးနန်းတော် အတွင်း၌သာ သုံးစွဲခဲ့သည်။

မည်မျှပင် အလုပ်များပြားနေပါစေ၊ နေ့စဉ်ရက်ဆက် ကလေးငယ်များနှင့် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် အချိန်ယူကာ ဆော့ကစားပေးလေ့ရှိ၏။

ထိုကဲ့သို့ အချိန်ပေး ရင်းနှီးခဲ့မှုကြောင့် ကလေးငယ်နှစ်ဦး၏ စိတ်အာရုံတွင် ဖခင်ဖြစ်သူမှာ အလွန် ရင်းနှီးကျွမ်းဝင်သူတစ်ဦးအဖြစ် စွဲမှတ်နေခဲ့ပြီဖြစ်သည်။

ယခုတစ်ကြိမ် အပြင်သို့ ထွက်ခွာလာရသည့်အခါ၌ပင် ကလေးငယ်များ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချိန်မှသာ တိတ်တဆိတ် ထွက်ခွာခဲ့ရ၏။

ကောင်းကင်ယံတွင် လမင်းကြီး သာနေပြီး ပင်လယ်ပြင်မှ ကြည့်ရသည်မှာ အထူး ကြီးမားနေသကဲ့သို့ ထင်ရသည်။

အကြီးအကဲ ကျီးကျန်းက ပြောလိုက်၏။ “အရာအားလုံး အဆင်ပြေပြေနဲ့ ပြီးဆုံးသွားဖို့ မျှော်လင့်ပါတယ်။ အရှင်လည်း မိသားစုနဲ့ ပြန်လည် ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမတ်ကြီး ကျီးကျန်း လည်း မိသားစုနဲ့ ပြန်လည် ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။”

အကြီးအကဲ ကျီးကျန်းက ပြော၏။ “ဒီကိစ္စပြီးသွားရင် တာရှန်း မိစ္ဆာနိုင်ငံ သွေးကြောနဲ့ ပတ်သက်ပြီး အင်ပါယာက ဥပဒေတွေကို ပြည့်စုံအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

သူ ဤစကားကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က တာ့ယန် အင်ပါယာသစ်၏ ဥပဒေမှာ အလွန် ရိုးရှင်းပြီး ပြတ်သားသောကြောင့် ဖြစ်သည်။

တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော ရှိသူတိုင်း အင်ပါယာ အတွင်းသို့ ဝင်ရောက်ခွင့် မရှိသလို ဝင်ရောက်လာပါကလည်း တစ်သက်လုံး အကျဉ်းချခံရမှာဖြစ်၏။

ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့၏ ဇနီးဖြစ်ပြီး ခန္ဓာကိုယ်တွင် တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော ပါဝင်နေသော်လည်း ဤဥပဒေကို တိုက်ရိုက် ပယ်ဖျက်၍ မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အကယ်၍ ပယ်ဖျက်လိုက်ပါက အနာဂတ်တွင် တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော ရှိသူများ အင်ပါယာ အတွင်းသို့ ဝင်ရောက်လာပြီး ရာထူးကြီးများ ရရှိသွားပါက အန္တရာယ် ရှိလာနိုင်သောကြောင့်ပင်။

သို့ပေမည့် ယခုအခါ ကျင်းကျုံးယွဲ့က အင်အားကြီးမားသော သိုင်းသမား စစ်တပ်ကို ဦးဆောင်ကာ တတိယ ကိုလိုနီ နယ်မြေကို ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် တာ့ယန် အင်ပါယာသစ်က အရင်ဆုံး ငြိမ်းချမ်းရေး လိုလားကြောင်း ပြသခဲ့ရလေရာ ဤဥပဒေကို ပြောင်းလဲသင့်ပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့ လောကြီးနေသောကြောင့် သင်္ဘော၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်ပြီး တစ်ရက်လျှင် မိုင် ၁၅၀၀ ခန့် ခုတ်မောင်းနိုင်ကာ လမ်းခရီးတွင် ပထမ ကိုလိုနီ နယ်မြေ၊ ဒုတိယ ကိုလိုနီ နယ်မြေတို့ကို ဖြတ်သန်းသွားခဲ့၏။

လက်ရှိတွင် ဤကိုလိုနီ နယ်မြေ နှစ်ခုသည်လည်း ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အသင့်ပြင်ထားပြီး အင်ပါယာ ပြည်တွင်းမှ စစ်သည် သောင်းချီကို စေလွှတ်၍ တပ်စွဲထားပြီ ဖြစ်သည်။

ထို့အပြင် ပင်လယ်ပြင်ပေါ်တွင် သင်္ဘောများ အလွန် နည်းပါးသွားပြီး အင်ပါယာ စစ်သင်္ဘောများ အဆက်မပြတ် ကင်းလှည့်နေသည်ကို တွေ့ရသောကြောင့် ကျင်းကျုံးယွဲ့၏ ဝင်ရောက် တိုက်ခိုက်မှုကို ကာကွယ်နေကြောင်း ထင်ရှား၏။

လမ်းခရီးတွင် ယွင်ကျုံးဟဲ့၏ သင်္ဘောကို မြင်တွေ့ရသော သူတိုင်းက ဥဩဆွဲ၍ အရိုအသေပေးကြသည်။

စစ်သင်္ဘောတိုင်းက မြင်တွေ့သည်နှင့် ရှေ့သို့ တိုးလာကာ မိုင်နှစ်ရာခန့်အထိ လိုက်ပါ စောင့်ရှောက်ပေးပြီးမှ ပြန်လည် ထွက်ခွာသွားကြ၏။

တတိယ ကိုလိုနီ နယ်မြေနှင့် မိုင်သုံးထောင်ခန့် အကွာသို့ ရောက်ရှိချိန်တွင် အင်ပါယာ၏ မည်သည့် သင်္ဘောကိုမှ မတွေ့ရတော့ဘဲ ကုန်သွယ်ရေး သင်္ဘောရော၊ စစ်သင်္ဘောပါ မတွေ့ရတော့ပေ။

ယွင်ကျုံးဟဲ့၏ ခမ်းနားသော သင်္ဘောကြီးသည် အထီးကျန် သင်္ဘော တစ်စင်း ဖြစ်သွားပြီး သင်္ဘောပေါ်တွင်လည်း အခြေခံအားဖြင့် စစ်တပ် မရှိပေ။

ကောင်းကင်ယံတွင် ဧရာမ လေသင်္ဘော တစ်စင်းကသာ အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင်ကို အချိန်တိုင်း စောင့်ကြည့်နေသည်။

ရုတ်တရက် လေသင်္ဘောပေါ်မှ စူးရှသော သတိပေး ဥဩသံများ ထွက်ပေါ်လာပြီးနောက် လေသင်္ဘောသည် အောက်သို့ ဆင်းသက်လာ၏။

“အရှင်... ရှေ့မိုင်နှစ်ရာလောက်မှာ ရန်သူ့ စစ်သင်္ဘောတွေကို တွေ့ရပါတယ်။ အရှင် ချက်ချင်း လေသင်္ဘောပေါ် တက်ဖို့ တောင်းဆိုပါတယ်။” စောင့်ကြည့်ရေးမှူးက ပြောလိုက်သည်။

လေသင်္ဘောသည် အလွန် မြင့်မားစွာ ပျံသန်းနိုင်သောကြောင့် လုံခြုံမှု ရှိပြီး ခရီးအကွာအဝေးမှာလည်း အင်ပါယာသို့ ပြန်လည် ရောက်ရှိနိုင်လောက်အောင် လုံလောက်၏။

သဘာဝ ဓာတ်ငွေ့ မလုံလောက်ပါကလည်း ပထမနှင့် ဒုတိယ ကိုလိုနီ နယ်မြေများတွင် သွားရောက် ဖြည့်တင်းနိုင်သည်။

အပိုင်း (၈၀၄)

ယွင်ကျုံးဟဲ့သည် သင်္ဘောကြီးပေါ်ရှိ လေသင်္ဘောငယ် တစ်စင်းပေါ်သို့ တက်ရောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွား၏။

ရာသီဥတု ကောင်းမွန်ပြီး မြင်ကွင်း အလွန် ရှင်းလင်းသောကြောင့် လေသင်္ဘောငယ် အမြင့်သို့ ရောက်ရှိသွားချိန်တွင် မိုင်တစ်ရာကျော် အကွာရှိ စစ်သင်္ဘောများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ထိုစစ်သင်္ဘောများကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ပထမဦးစွာ ဤစစ်သင်္ဘောများတွင် ရွက်လွှင့်တိုင်များ ရှိသော်လည်း အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသည်။ ရွက်လွှင့်စွမ်းအား သက်သက် မဟုတ်ဘဲ ရေနွေးငွေ့ စွမ်းအားလည်း ပါဝင်လောက်၏။

အဘယ်ကြောင့်ဆိုသော် ကျီရွှေ့အဖွဲ့အစည်းသည် တာ့ယန် အင်ပါယာသစ်နှင့် အားပြိုင်နေစဉ် အတွင်း ရေနွေးငွေ့ အင်ဂျင်ကိုလည်း သိရှိနားလည်ခဲ့သောကြောင့် ဖြစ်သည်။

ထို့အပြင် သူတို့၏ သင်္ဘောများတွင် သံချပ်ကာများလည်း ပါရှိပြီး အနည်းဆုံးတော့ အပြင်ဘက်တွင် သံချပ်ကာ တစ်လွှာ ဖုံးအုပ်ထား၏။

ဒုတိယ အနေဖြင့် သူတို့၏ သင်္ဘောများမှာ အလွန် ထူးဆန်းလှ၏။ ပုံမှန် သင်္ဘော တစ်စင်းနှင့် မတူဘဲ သင်္ဘောဦးပိုင်းတွင် အနက်ရောင်နဂါး တစ်ကောင်ကို ထုဆစ်ထားပြီး မီးမှုတ်နိုင်သည့်အပြင် သင်္ဘော ကိုယ်ထည် တစ်ခုလုံးမှာလည်း နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

‘ဒါ... ဒါက အမြင်အာရုံ ရိုက်ခတ်မှု အရမ်း ပြင်းထန်ပေမယ့် ရေစီးကြောင်း သဘာဝနဲ့ မကိုက်ညီဘူးမလား။ ပြီးတော့ ကုန်တင်နိုင်စွမ်းလည်း မများလောက်ဘူးလေ။ ဒါပေမဲ့ ကြည့်ရတာ တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးကာ ခန့်ညားထည်ဝါနေတယ် ဆိုတာကိုတော့ ဝန်ခံရမယ်။’

စစ်သင်္ဘော ဆယ်စင်းကျော်သည် ခမ်းနားကြီးကျယ်စွာ ချီတက်လာကြပြီး စစ်သင်္ဘောတိုင်းပေါ်တွင် အစိမ်းရောင် မီးတောက်များ မှုတ်ထုတ်နေသော အနက်ရောင်နဂါး အလံများကို လွှင့်ထူထား၏။

တစ်နာရီကျော် အကြာတွင်…

ယွင်ကျုံးဟဲ့၏ ခမ်းနားသော သင်္ဘောကြီးသည် အနက်ရောင်နဂါး သင်္ဘော ဆယ်စင်းကျော်၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

သိုင်းသမား ထောင်ချီနှင့် အင်အားကြီးမားသော ဒူးလေး ရာပေါင်းများစွာက ယွင်ကျုံးဟဲ့ကို ချိန်ရွယ်ထားကြ၏။

ယွင်ကျုံးဟဲ့သည် လေသင်္ဘောပေါ်တွင် မရှိတော့ဘဲ သင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

“ယွင်ကျုံးဟဲ့ ဆိုတာ ဘယ်သူလဲ။”

ယွင်ကျုံးဟဲ့ ရှေ့သို့ ထွက်လာပြီး ပြောလိုက်၏။ “ကျုပ်က ယွင်ကျုံးဟဲ့ပဲ။”

တစ်ဖက်မှ သိုင်းသမား ခေါင်းဆောင် တစ်ဦး ထွက်လာရာ ယွင်ကျုံးဟဲ့ မျက်မှောင်ကြုတ်သွားမိသည်။ ဤသည်မှာ ကောင်းသော အတိတ်နိမိတ် မဟုတ်ပေ။

ပထမဦးစွာ ဤအနက်ရောင်နဂါး သင်္ဘောများပေါ်ရှိ သိုင်းသမားများသည် အလွန် အရပ်ရှည်ကြပြီး တစ်ယောက်ချင်းစီတိုင်းက နှစ်မီတာခန့် ရှိကာ အလွန် တောင့်တင်း ခိုင်မာကြသည်။

သူတို့ အားလုံးသည် အနက်ရောင် သံချပ်ကာ ဝတ်စုံများဖြင့် လွှမ်းခြုံထားကြပြီး မျက်လုံး နှစ်လုံးသာ ဖော်ပြထားသည်။ ထို့အပြင် မျက်လုံး သူငယ်အိမ်၏ အရောင်မှာလည်း အနည်းငယ် ထူးဆန်းနေ၏။

သာမန် လူများ အနေဖြင့် ဤမျှ အရပ်ရှည်ပြီး ဤမျှ တောင့်တင်းရန်မှာ ခက်ခဲလှသည်။ သူတို့သည် တာရှန်း မိစ္ဆာနိုင်ငံမှ သိုင်းသမားများနှင့် အနည်းငယ် ဆင်တူသော်လည်း မတူညီပေ။

“ခင်ဗျားက ကျုပ်တို့ ဘုရင်မနဲ့ ဆွေးနွေးချင်တာလား။” ထိုသိုင်းသမား ခေါင်းဆောင်က မေးလိုက်သည်။

‘ဘုရင်မ…. ကျင်းကျုံးယွဲ့က ဘုရင်မ ထပ်ဖြစ်သွားပြန်ပြီလား။ ဒီအမျိုးသမီးက တကယ်ကို တော်တာပဲ။’

ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟုတ်တယ်။”

ထိုသိုင်းသမား ခေါင်းဆောင်က ပြောလိုက်သည်။ “ခင်ဗျား တစ်ယောက်တည်း လာရမယ်။ ဘယ်သူမှ လိုက်ပါခွင့် မရှိဘူး။ ပြီးတော့ ခင်ဗျားက ကျုပ်တို့ သင်္ဘောကို စီးရမယ်။”

ကျီးကျန်း၏ မျက်လုံးများ တစ်ချက် တုန်ယင်သွားသည်။ သူ့စိတ်နှလုံး အနက်ရှိုင်းဆုံးတွင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်း တတိယ ကိုလိုနီ နယ်မြေသို့ သွားရောက်ကာ ကျင်းကျုံးယွဲ့နှင့် ဆွေးနွေးမည်ကို သေချာပေါက် သဘောမတူပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့ ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။

“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။

နောက်တစ်စက္ကန့်တွင် ထိုအနက်ရောင် သံချပ်ကာ သိုင်းသမားသည် ကြိုးတစ်ချောင်းကို အားကုန် ပစ်လွှတ်လိုက်ရာ ယွင်ကျုံးဟဲ့၏ သင်္ဘောကြီးပေါ်သို့ ချိတ်မိသွားသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ငှက်တစ်ကောင်ကဲ့သို့ အရှိန်ဖြင့် လွင့်ပျံလာပြီး ယွင်ကျုံးဟဲ့၏ သင်္ဘောကြီးပေါ်သို့ ခုန်တက်လာကာ ယွင်ကျုံးဟဲ့၏ အနားသို့ ရောက်ရှိလာ၏။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့နှင့် ဘေးရှိ လူအားလုံး အံ့ဩသွားကြပြီး ကျီးကျန်းက ဓားကို အလိုအလျောက် ဆုပ်ကိုင်လိုက်သည်။

‘ဒီ... ဒီလူရဲ့ သိုင်းပညာက အရမ်း မြင့်မားလွန်းတယ်။ ဒီလောက် ဝေးတဲ့ အကွာအဝေးကို ကြိုးတစ်ချောင်းတည်း အားကိုးပြီး ဒီလိုမျိုး ခုန်ကူးလာနိုင်တယ်လား။ အရမ်း ကြောက်စရာ ကောင်းတာပဲ။

ဒါက ဘာအဓိပ္ပာယ်လဲ။ ရေတိုက်ပွဲ ဖြစ်ပွားခဲ့ရင် အနက်ရောင်နဂါး စစ်သင်္ဘောက အင်ပါယာရဲ့ စစ်သင်္ဘောအနားကို ရောက်လာတာနဲ့ အကွာအဝေး အဝေးကြီးကနေတောင် သင်္ဘောပေါ်ကို ကူးတက်လာနိုင်တယ် ဆိုတဲ့ သဘောပဲ။

သင်္ဘောပေါ် ကူးတက်လာပြီး အနီးကပ် တိုက်ခိုက်ပြီ ဆိုရင် အင်ပါယာရဲ့ သေနတ်တွေ၊ အမြောက်တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ အသုံးမဝင်တော့ဘူးလေ။

တစ်ဖက်ရန်သူရဲ့ သိုင်းပညာက ထင်ထားတာထက် အများကြီး ပိုပြီး အင်အားကြီးမားနေတယ်။ နှစ်ပေါင်း တစ်ထောင်ကျော် အချိန်ယူပြီး ခွဲထွက် ထွက်ပြေးလာတဲ့ ကျီရွှေ့အဖွဲ့အစည်းက ကျွမ်းကျင်မှု အားလုံးကို သိုင်းပညာဘက်မှာပဲ အာရုံစိုက်ထားခဲ့တော့ သေချာပေါက် အံ့ဩစရာ ကောင်းမှာပေါ့။’

ထို့နောက် ထိုသိုင်းသမား ခေါင်းဆောင်သည် ယွင်ကျုံးဟဲ့၏ ကျောပြင်ကို ဖမ်းဆွဲလိုက်ပြီး ခြေထောက်ဖြင့် အားကုန် ကန်ကာ ကြိုးကို ကိုင်လျက် သူ၏ အနက်ရောင်နဂါး စစ်သင်္ဘောဆီသို့ ပြန်လည် ခုန်ကူးသွား၏။

ဖြစ်စဉ် တစ်ခုလုံးသည် တိမ်စီးပြီး မြူတွေထဲ သွားနေရသကဲ့သို့ ခံစားရ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ယွင်ကျုံးဟဲ့သည် အင်အားကြီးမားသော သိုင်းပညာနှင့် ထပ်မံ ထိတွေ့ခွင့် ရခဲ့ပြန်သည်။

တာ့ယန် အင်ပါယာသစ်သို့ ရောက်ရှိပြီးနောက် အရာအားလုံးသည် သိပ္ပံပညာနှင့် သက်ဆိုင်သွားပြီး သိုင်းပညာပင်လျှင် အချက်အလက်များအဖြစ် ပြောင်းလဲသွားကာ ခွန်အားနှင့် အမြန်နှုန်းအဖြစ် ပြောင်းလဲ သွားခဲ့သည်။

အခြေခံအားဖြင့် အတွင်းအားကို မတွေ့ဖူးတော့သလို ထူးဆန်းသော သိုင်းပညာများကိုလည်း မတွေ့ဖူးတော့ပေ။ ယခုအခါ နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာများကို ပြန်လည် မြင်တွေ့ရပြန်ပြီဖြစ်၏။

“ယွင်ကျုံးဟဲ့ကို အခန်းထဲ ခေါ်သွား။ ခြေတစ်လှမ်းမှ အပြင်ထွက်ခွင့် မပေးနဲ့။” ထိုသိုင်းသမား ခေါင်းဆောင်က ပြောလိုက်သည်။

ချက်ချင်းပဲ အရပ်ရှည်သော အနက်ရောင် သံချပ်ကာ သိုင်းသမား နှစ်ဦး ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့ကို အနက်ရောင်နဂါး စစ်သင်္ဘော၏ အခန်းထဲသို့ ခေါ်ဆောင်သွားကြ၏။

အခန်း တစ်ခုလုံးသည် နှစ်စတုရန်းမီတာပင် မပြည့်ဘဲ ဇိမ်ခံပစ္စည်းများ လုံးဝ မရှိသလို အလွန် ကျဉ်းကျပ်ပြီး အေးစက်နေသည်။

“ဒုန်း...”

အခန်းတံခါး ပိတ်သွားသည်။ ယွင်ကျုံးဟဲ့ အထဲတွင် ထိုင်နေရပြီး လက်ဖြန့်လျှင်ပင် မမြင်ရသော အမှောင်ထုထဲသို့ ရောက်ရှိသွားသည်။ ခဏအကြာတွင် သင်္ဘော စတင် ရွေ့လျားသွားသည်ကို ခံစားလိုက်ရ၏။

ဤအနက်ရောင်နဂါး စစ်သင်္ဘော အုပ်စုသည် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပြီး ကျီးကျန်း၏ သင်္ဘောကြီးကလည်း အနီးကပ် လိုက်ပါလာသလို ကောင်းကင်ယံမှ လေသင်္ဘောကလည်း အနီးကပ် လိုက်ပါလာသည်။

အနက်ရောင်နဂါး စစ်သင်္ဘော ဆယ်စင်းကျော်သည် အင်ပါယာ၏ သင်္ဘောကြီးကို ရှေ့နောက် ဝိုင်းရံထားပြီး အချိန်မရွေး ချိန်ရွယ်ထားကြသည်။ နှစ်ဖက် စစ်သင်္ဘောများသည် တတိယ ကိုလိုနီ နယ်မြေဆီသို့ ဆက်လက် ခုတ်မောင်းသွားကြ၏။

နှစ်ရက်ခွဲ အကြာတွင်…

သင်္ဘော အုပ်စုသည် တတိယ ကိုလိုနီ နယ်မြေ ဟုန်ရီပြည်နယ် အုပ်ချုပ်ရေးရုံး၏ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

အနှစ်နှစ်ဆယ်ကြာ တိုးချဲ့ တည်ဆောက်ပြီးနောက် ဤနေရာသည် ဧရာမ ဆိပ်ကမ်းကြီး တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပြီး သင်္ဘော ရာပေါင်းများစွာ ပြည့်ကျပ်နေအောင် ဆိုက်ကပ်ထား၏။

တစ်ဝက်မှာ အနက်ရောင်နဂါး စစ်သင်္ဘောများ ဖြစ်ပြီး ကျန်တစ်ဝက်မှာ အင်ပါယာ၏ ကုန်သွယ်ရေး သင်္ဘောများ ဖြစ်ကာ အင်ပါယာ၏ စစ်သင်္ဘော အချို့လည်း ပါဝင်သည်။ အများစုမှာ ပျက်စီး ယိုယွင်းနေသောကြောင့် ရေတိုက်ပွဲ တစ်ခုကို ဖြတ်သန်းခဲ့ရကြောင်း ထင်ရှားလှသည်။

အခန်းတံခါး ပွင့်လာ၏။

“ကျုပ်နောက် လိုက်ခဲ့။” ထိုသိုင်းသမား ခေါင်းဆောင်က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့သည် အခန်းထဲမှ ထွက်လာကာ ကုန်းပတ်ပေါ်သို့ ရောက်ရှိပြီးနောက် တံတားမှတစ်ဆင့် ဟုန်ရီပြည်နယ်၏ မြေပြင်ပေါ်သို့ ခြေချလိုက်၏။

ဤနေရာသည် တတိယ ကိုလိုနီ နယ်မြေ၏ အုပ်ချုပ်ရေးရုံး တည်ရှိရာ နေရာဖြစ်ပြီး အင်ပါယာ၏ အဆောက်အအုံများနှင့် သိပ်မကွာခြားကြောင်း တွေ့ရသည်။

ခမ်းနားထည်ဝါသော ကျောက်တုံး အဆောက်အအုံများ ဖြစ်ပြီး မြို့တစ်ခုလုံးတွင် လူဦးရေ နှစ်သိန်း၊ သုံးသိန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သို့ပေမည့် နေရာတိုင်းတွင် တိုက်ပွဲ အမာရွတ်များ ရှိနေပြီး သွေးကွက်များလည်း ရှိနေ၏။

အရင်က ကျီးယန် စစ်တပ်ကို ဦးဆောင်၍ ပုန်ကန်မှုကို လာရောက် နှိမ်နင်းခဲ့ရခြင်းမှာ တိုင်းရင်းသားများက အုပ်ချုပ်ရေးရုံးကို လာရောက် တိုက်ခိုက်ပြီး အင်ပါယာ အရာရှိ အချို့ကို သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်သည်။

လက်ရှိ အခြေအနေမှာ အလွန် ဆိုးရွားနေသည်။ ဟုန်ရီမြို့ တစ်ခုလုံးတွင် အနက်ရောင် သံချပ်ကာ သိုင်းသမားများ ပြည့်နှက်နေပြီး သူတို့၏ နောက်တွင် တိုင်းရင်းသား စစ်တပ်များ လိုက်ပါနေကြ၏။

မြို့ရိုးပေါ်တွင်၊ လမ်းမများပေါ်တွင် စစ်တပ်များ ပြည့်နှက်နေပြီး ရေတွက်၍ မရနိုင်သော ဟုန်ရီ တိုင်းရင်းသား စစ်တပ်များ ဖြစ်ကြသည်။

ဟုန်ရီ တိုင်းရင်းသား သူပုန်များသည် ယခင်က ကျီးယန် ဦးဆောင်သော စစ်တပ်၏ အနိုင်ယူခြင်းကို ခံခဲ့ရသော်လည်း ကျင်းကျုံးယွဲ့ ဦးဆောင်သော အနက်ရောင်နဂါး စစ်တပ်က တတိယ ကိုလိုနီ နယ်မြေကို ဝင်ရောက် တိုက်ခိုက်ပြီး ကျီးယန် စစ်တပ်ကို အနိုင်ယူလိုက်သောကြောင့် ဤတိုင်းရင်းသား စစ်သည်များသည် သူမကို သစ္စာခံသွားခဲ့ကြခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့ အကြမ်းဖျင်း ခန့်မှန်းကြည့်ရာ ဟုန်ရီမြို့ တစ်မြို့တည်းတွင်ပင် စစ်သည် အရေအတွက်က နှစ်သိန်း၊ သုံးသိန်းကျော် ရှိမည်ဖြစ်ပြီး သေချာပေါက် အများစုမှာ တိုင်းရင်းသား စစ်သည်များ ဖြစ်ကြသည်။

နေရာတိုင်း၌ အနက်ရောင်နဂါး မီးမှုတ် အလံများ လွှင့်ထူထားသည်။ ဟုန်ရီ တိုင်းရင်းသား စစ်သည်တိုင်းက ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် အကြွင်းမဲ့ ရန်လိုမှုများ၊ လူသတ်ချင်သော အကြည့်များ ပြည့်နှက်နေ၏။

‘လူသတ်ချင်တဲ့ အကြည့်တွေချည်းပဲ။ ဒါက အင်ပါယာ ပြည်တွင်းနဲ့ မတူဘူး။ အင်ပါယာရဲ့ လွတ်လပ်တဲ့ ကျွန်တွေ၊ အောက်ခြေ ကျွန်တွေတောင်မှ အင်ပါယာကို ကြည်ညိုကြတယ်။’

ဘုရင် ဖြစ်လာပြီးနောက် ယွင်ကျုံးဟဲ့သည် လွတ်လပ်သော ကျွန်များဖြင့် ဖွဲ့စည်းထားသည့် ရီလူမျိုး ကျေးရွာများသို့ သွားရောက် စစ်ဆေးတိုင်း အကြိမ်တိုင်းတွင် ရူးသွပ်လုမတတ် ထောက်ခံ အားပေးမှုများကို ခံရသည်။

မရေမတွက်နိုင်သော ရီလူမျိုးများသည် တကယ်ကို မြေကြီးပေါ်တွင် ဒူးထောက် ဝပ်တွားနေကြပြီး သူ၏ အဝတ်အစား စွန်းလေးကို ထိမိရုံဖြင့်ပင် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ ကျဆင်းလာကြသည်။ အင်ပါယာ အတွင်းရှိ ရီလူမျိုးများသည် လောလောဆယ်တွင် ပုန်ကန်မည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

ထို့အပြင် လောကအဆင့် စစ်ပွဲကြီးအတွက် ပြင်ဆင်ရန် အင်ပါယာသည် အရန်စစ်သည် တစ်သန်းခန့် စုဆောင်းရန် လိုအပ်ရာ ရီလူမျိုးများ၏ မျိုးချစ်စိတ်ဓာတ်မှာ ရူးသွပ်သည့် အဆင့်သို့ပင် ရောက်ရှိနေသည်။ မရေမတွက်နိုင်သော ရီလူမျိုး လူငယ်များက အလုအယက် စစ်တပ်ထဲ ဝင်ချင်နေကြ၏။

နောက်ဆက်တွဲ ဆယ်စုနှစ် အနည်းငယ် အတွင်း အင်ပါယာ၏ ရီလူမျိုး မူဝါဒကို သေချာပေါက် ပြောင်းလဲရမည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက အများစု ဖြစ်နေသော ရီလူမျိုးများသည် ပုန်ကန်လာဦးမှာကို ယွင်ကျုံးဟဲ့ သေချာပေါက် သိသည်။

သို့ပေမည့် ဆယ်စုနှစ် အနည်းငယ် အကြာတွင် အင်ပါယာ၏ ကုန်ထုတ်လုပ်မှု စွမ်းအားက ပိုမို မြင့်မားလာမည်ဖြစ်ရာ ရီလူမျိုးများ၏ ခံစားခွင့်များကို မြှင့်တင်ပေးရန် လုံလောက်ပေလိမ့်မည်။

သို့ပေမည့် တတိယ ကိုလိုနီ နယ်မြေတွင်မူ ဟုန်ရီ တိုင်းရင်းသားများ၏ အကြည့်များတွင် အကြွင်းမဲ့ ရက်စက်မှုနှင့် ရန်လိုမှုများ၊ နက်ရှိုင်းသော အမုန်းတရားများ ပြည့်နှက်နေသည်။ ဤအမုန်းတရားမျိုးကို ယဉ်ပါးလာအောင် လုပ်ရန် အနည်းဆုံး ဆယ်စုနှစ် အနည်းငယ် လိုအပ်၏။

အနက်ရောင်နဂါး သိုင်းသမားများက ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင်မူ အဆုံးအစမရှိသော သာလွန်မှု ခံစားချက်များနှင့် အထင်သေးမှုများ ပြည့်နှက်နေသည်။

ဟုတ်ပေသည်။ သူတို့က တာ့ယန်အင်ပါယာသစ်ကို အထင်သေးပြီး အင်ပါယာ၏ အင်အားကို အားနည်းသည်ဟု အထင်မှားနေကြ၏။

ထိုသို့ယူဆရသည့် အကြောင်းရင်းမှာ လွန်စွာရိုးရှင်းလှသည်။ ဤတစ်ကြိမ် ဝင်ရောက်တိုက်ခိုက်မှုတွင် အင်ပါယာစစ်တပ်ကို အနိုင်ယူနိုင်ခဲ့ခြင်းအပြင် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ကျီရွှေ့အဖွဲ့အစည်းကို နှင်ထုတ်ခဲ့သည့် အငြိုးအတေးများကလည်း သူတို့၏စိတ်ထဲတွင် ကိန်းအောင်းနေဆဲ ဖြစ်သည်။

ယခုအခါ တာ့ယန်အင်ပါယာသစ်ကို အနိုင်ယူနိုင်ခဲ့ပြီဖြစ်၍ သူတို့ မာနတက်နေကြခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ချေ။

ရှေးယခင်က တာ့ယန်အင်ပါယာဟောင်း၏ ရှေးရိုးစွဲအဖွဲ့များက ပညာရှင်သစ်အင်အားစုများကို နယ်နှင်ဒဏ် ပေးခဲ့သည်။ ထိုပညာရှင်သစ်တို့မှာ ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းကာ တာ့ယန်အင်ပါယာသစ်ကို တည်ထောင် ခဲ့ကြပြီး၊ မိမိတို့ကို နှင်ထုတ်ခဲ့သည့် တာ့ယန်အင်ပါယာဟောင်းကို အထင်သေးကာ ရန်လိုခဲ့ကြသည်။

ထိုနည်းတူစွာပင် တာ့ယန်အင်ပါယာသစ်ကလည်း သိုင်းပညာကို မြတ်နိုးသည့် ကျီရွှေ့အဖွဲ့အစည်းကို နှင်ထုတ်ခဲ့ ပြန်သည်။ ကျီရွှေ့အဖွဲ့အစည်းမှာ အကွဲအပြဲဖြစ်ကာ ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်း၍ နိုင်ငံသစ်ကို တည်ထောင် ခဲ့ကြပြီးနောက်၊ ယခုအခါ ပြန်လည်ရောက်ရှိလာကာ တာ့ယန်အင်ပါယာသစ်ကို အထင်သေး၍ ရန်လိုနေကြ ပြန်၏။

ဤဖြစ်စဉ်ကို သံသရာလည်သည်ဟု ဆိုရမည်လား သို့မဟုတ် ကံကြမ္မာ၏ ဖန်တီးမှုဟုသာ ခေါ်ဆိုရမည်လား မသိတော့ပေ။

All Chapters