← Chapters

အခန်း (၈၀၇-၈၀၈)

Vol. 68 Ch. 807-808

အခန်း (၈၀၇-၈၀၈)

Vol. 68 Ch. 807-808

အပိုင်း (၈၀၇)

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဟေးယန် အင်ပါယာက တာရှန်း မိစ္ဆာနိုင်ငံရဲ့ လမ်းစဉ်အတိုင်း သွားနေတာ မလား။ အနက်ရောင်နဂါး သိုင်းသမားတွေ အားလုံးက အသွင်ပြောင်းထားကြတာ မလား။”

ဤရလဒ်နှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသော်လည်း ပုံမှန် ဖြစ်သည်ဟုလည်း ထင်၏။

အဘယ်ကြောင့်ဆိုသော် အရှေ့ဘက်လောကသည် တာရှန်း မိစ္ဆာနိုင်ငံကို တကယ်တမ်း မည်သည့်အခါမှ အနိုင်မရခဲ့ဖူးသလို နုဧကရာဇ် ရုတ်တရက် သေဆုံးသွားမှုမှာလည်း သံသယများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

နုဧကရာဇ် သေဆုံးသွားပြီးနောက်တွင် တာရှန်း မိစ္ဆာနိုင်ငံသည် ကြောက်စရာကောင်းသော ပြည်တွင်း ပဋိပက္ခကြောင့်သာ ကိုယ်တိုင် ပျက်စီးသွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် အစမှ အဆုံးထိ တာရှန်း မိစ္ဆာနိုင်ငံသည် ကြောက်စရာကောင်းသော အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်။

ကျီရွှေ့အဖွဲ့အစည်းကို သိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး မွေးရာပါ သိုင်းပညာကို ရူးသွပ်ကြကာ အင်အားကြီးလာစေရန် မည်သည့် ပေးဆပ်မှုမျိုးကိုမဆို လုပ်ဆောင်လိုကြသည်။ ထို့ကြောင့် တာရှန်း မိစ္ဆာနိုင်ငံသည် သူတို့အတွက် စံပြ ဖြစ်လာခဲ့၏။

အဓိက အချက်မှာ တာရှန်း မိစ္ဆာနိုင်ငံမှ သိုင်းသမားများက အသွင်ပြောင်းနိုင်သည် ဆိုပါက ကျီရွှေ့အဖွဲ့အစည်းမှ လူများက မည်သို့ အသွင်ပြောင်းကြသနည်း။ ထို့အပြင် ဟေးယန် အင်ပါယာကိုပင် တည်ထောင်ခဲ့သေးသည်။

ထို့အပြင် သူတို့သည် တာ့ယန် အင်ပါယာသစ်တွင် ရှိစဉ်က အသွင်ပြောင်းခြင်း မရှိခဲ့ဘဲ ထွက်ပြေးပြီးမှသာ အသွင်ပြောင်းခဲ့ကြခြင်း ဖြစ်ကြောင်း ထင်ရှား၏။

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “ဟေးယန် အင်ပါယာက တာရှန်း မိစ္ဆာနိုင်ငံအပေါ် ဘယ်လို သဘောထား ရှိလဲ။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ရန်သူ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တောင်တစ်လုံးမှာ ကျားနှစ်ကောင် ရှိလို့ မရဘူး ဆိုတဲ့ အဓိပ္ပာယ်လား။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ကျီရွှေ့အဖွဲ့အစည်း တည်ရှိရတဲ့ ရည်ရွယ်ချက်က တာရှန်း မိစ္ဆာနိုင်ငံကို ဆန့်ကျင်ဖို့ပဲ။”

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “အခု သူတို့ ဒီရည်မှန်းချက်ကို ကိုင်စွဲထားသေးလား။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “မသိဘူး။”

သေချာပေါက် မသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဟေးယန် အင်ပါယာသည် အင်အားကြီးလာရန်ကိုသာ တွေးတောနေပြီး တစ်ကြိမ်ပြီး တစ်ကြိမ် သိုင်းပညာ အဆင့်မြှင့်တင်ရန်သာ တွေးတောနေသောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျီးယန်ရော..”

ကျင်းကျုံးယွဲ့က ဖြေသည်။ “သူ့ရဲ့ စစ်တပ်က အကြီးအကျယ် အထိနာသွားပြီး ကျန်တဲ့ လူတွေကို ခေါ်ပြီး ထွက်ပြေးသွားတယ်။”

မည်သည့်နေရာကို ထွက်ပြေးသွားသနည်း။ တတိယ ကိုလိုနီ နယ်မြေက စုစုပေါင်း စတုရန်း ကီလိုမီတာ ငါးသန်းတောင် ကျယ်ဝန်းပြီး နေရာ အများအပြားက တောင်တန်းများ၊ တောအုပ်များ ဖြစ်ကာ လူသူကင်းမဲ့သည့် နေရာများဖြစ်၏။

ထို့နောက် လူနှစ်ဦး စကားမပြောဘဲ ခဏမျှ တိတ်ဆိတ်စွာ အပြန်အလှန် ကြည့်နေကြသည်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင် ပြောစရာ စကား မရှိတော့ဘူးလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “လောလောဆယ်တော့ မရှိသေးပါဘူး။”

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “ခဏနေရင် တစ်ယောက်ယောက်ကို ထမင်း လာပို့ခိုင်းလိုက်မယ်။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ကောင်းပါပြီ။”

ယွင်ကျုံးဟဲ့သည် အဘယ်ကြောင့် ကျင်းကျုံးယွဲ့အား တိုက်ရိုက်အပေးအယူပြုလုပ်ရန် တောင်းဆိုရဲမည်နည်း။ သူသည် မည်သည့်အခွင့်အရေးနှင့် ထိုသို့ပြုလုပ်ရမည်နည်း။

ကျင်းကျုံးယွဲ့မှာ ပါးစပ်ဖြင့် မပြောဆိုသော်ငြား တာ့ယန်အင်ပါယာသစ်အပေါ် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသူဖြစ်သည်။

ထိုအချိန်က သူမသည် မိုင်ပေါင်းသောင်းချီ ဝေးကွာသော အရှေ့ဘက်လောကမှသည် အင်ပါယာ၏ အရှေ့ဘက် လွင်ပြင်ကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့သော်လည်း တာ့ယန်အင်ပါယာသစ်က လက်ခံရန် ငြင်းပယ်ခဲ့ သောကြောင့် လူတစ်သောင်းကျော်ကို ခေါ်ဆောင်ကာ ဆက်လက်လေလွင့်ခဲ့ရ၏။

လူတစ်သောင်းကျော်တွင် ကိုးဆယ့်ငါး ရာခိုင်နှုန်း သေဆုံးသွားခဲ့၏။ သူမ၏ မိခင်နှင့် ဆရာလည်း သေဆုံး သွားခဲ့၏။ သူမအနားက လူအများအပြားလည်း သေဆုံးသွားခဲ့ပြီး ရှောင်ပေါင်ပင်လျှင် အသက်အန္တရာယ် ကြုံတွေ့ခဲ့ရသေးသည်။

သူမသည် တာ့ယန်အင်ပါယာသစ်ကို အရိုးထဲစွဲသည်အထိ မုန်းတီးနေသည်။ ယွင်ကျုံးဟဲ့အနေနှင့် သူမကို ဤအမုန်းတရားများ စွန့်လွှတ်ရန် တိုက်တွန်းနိုင်စွမ်း ရှိပါမည်လား မရှိပေ။

ကျင်းကျုံးယွဲ့... မင်း ငါ့ကို ချစ်တယ်ဆိုရင် ငါ့အတွက် အနစ်နာခံရမယ်။ ဒီအနက်ရောင်နဂါးစစ်တပ် နှစ်သောင်းကို ခေါ်ပြီး တာ့ယန်အင်ပါယာသစ်ကို သစ္စာခံရမယ်။ တတိယကိုလိုနီနယ်မြေကို ပြန်ပေးရမယ် ဟူ၍ ယွင်ကျုံးဟဲ့၏ ပါးစပ်ဖျားမှ ဤစကားမျိုး မည်သို့မှ ထွက်ပေါ်လာနိုင်မည် မဟုတ်ချေ။

လင်မယားပင်ဖြစ်စေကာမူ သူ့တွင် ထိုသို့ပြောဆိုပိုင်ခွင့်မရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကြောင့်သာ ယခုကဲ့သို့သော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရခြင်းဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ထဲတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ သွေးကြောပါဝင်နေသည်။ သူမ၏ညီမ မင်းသမီးဝူရွှမ်းဆိုလျှင် တာရှန်းမိစ္ဆာနိုင်ငံ၏ တိုက်ရိုက်အင်အားစု ဖြစ်နေပြီဖြစ်သည်။ သူမက အရှေ့ဘက်လောကမှာနေပြီး ချမ်းသာ ကြွယ်ဝမှုများကို ခံစားနေလို့ရရဲ့သားနှင့် အဘယ့်ကြောင့် လူတစ်သောင်းကျော်ကို ခေါ်ပြီး ထွက်လာခဲ့ရသနည်း။

အကြောင်းရင်းမှာ သူမ တာရှန်းမိစ္ဆာနိုင်ငံကို သစ္စာမခံချင်သောကြောင့်ဖြစ်သည်။ သူမကိုယ်တိုင် တာရှန်းမိစ္ဆာ နိုင်ငံအပေါ် ရန်လိုနေခြင်းမဟုတ်၊ ယွင်ကျုံးဟဲ့၏ ရပ်တည်ချက်အတွက်သာ ဖြစ်သည်။

ထို့အပြင် ကလေးနှစ်ယောက်နှင့် ကျန်ရစ်သူ လူတစ်ထောင်တို့မှာ ဟေးယန်အင်ပါယာတွင် ရှိနေသေးသည်။ ကျင်းကျုံးယွဲ့သာ သစ္စာဖောက်လိုက်ပါက ထိုသူများအားလုံး အသက်ဆုံးရှုံးရမည်မှာ အမှန်ပင်။

‘ဘာက ကိုယ်ကျင့်တရားလဲ။ တစ်ခုခုကို ရချင်ရင် အရင်ဆုံး ပေးဆပ်ရမယ်။ လင်မယားကြားမှာဆိုရင် ပိုပြီးတော့တောင် ပေးဆပ်ရအုံးမယ်။’

နောက်ပိုင်းအချိန်များတွင် ယွင်ကျုံးဟဲ့သည် အုပ်ချုပ်ရေးရုံး အတွင်း၌သာ ဆက်လက် နေထိုင်ခဲ့သည်။ ကျင်းကျုံးယွဲ့ အလွန် အလုပ်များသောကြောင့် နှစ်ရက်ခြား တစ်ခါခန့်မှသာ အတူတူ နေဖြစ်ကြ၏။

ယွင်ကျုံးဟဲ့သည် သူ၏ စွမ်းရည် အားလုံးကို ထုတ်သုံးကာ ယောက်ျား တစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။

လဝက် အကြာတွင် သူ ပေါင်အနည်းငယ် ပိန်သွားသည်။ သို့ပေမည့် သူ၏ပေးဆပ်မှုမှာ ထိုမျှနှင့်ပင် ပြီးဆုံးသွားပြီဟု ထင်မှတ်နေသည်လား။

အမှန်စင်စစ် ထိုသို့မဟုတ်ပေ။ ဤသည်မှာ အစပျိုးခြင်းမျှသာ ရှိသေးသည်။ သူနှင့် ကျင်းကျုံးယွဲ့တို့မှာ ဆယ်နှစ်ကျော် ကာလကြာမြင့်သည်အထိ မတွေ့ဆုံခဲ့ကြသည်ဖြစ်ရာ၊ ယခင်ကကဲ့သို့ ရင်းနှီးသည့် ဆက်ဆံရေးမျိုးကို ပြန်လည်တည်ဆောက်ရန်အတွက် အချိန်ယူရန် လိုအပ်ပေလိမ့်မည်။

ယွင်ကျုံးဟဲ့ အနေဖြင့် ကျင်းကျုံးယွဲအပေါ် ကြင်နာယုယကြောင်း၊ သူတို့ နှစ်ယောက်သည် အမြဲတမ်း စိတ်သဘောထား တူညီကြကြောင်း ခံစားမိစေရန် ကြိုးစားဖို့ လိုအပ်သည်။

ယွင်ကျုံးဟဲ့သည် ယခုအခါ တာ့ယန် အင်ပါယာသစ်၏ ရပ်တည်ချက်တွင် ရှိနေသော်လည်း ကျင်းကျုံးယွဲ့ကို လုံးဝ ထိခိုက်နစ်နာအောင် လုပ်မည် မဟုတ်ပေ။

ကျင်းကျုံးယွဲ့လည်း ဤနွေးထွေးမှုကို ခံစားမိသည်မှာ ထင်ရှားပြီး ဆယ်နှစ်ကျော်က အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာသည်။

သူမ၏ အခြေအနေမှာ မည်ကဲ့သို့ ပြောင်းလဲလာသနည်း။ ဥပမာအားဖြင့် သူမ၏ ပါးစပ်ဖျားမှ ထူးဆန်းသော စကားများ မကြာခဏဆိုသလို ထွက်ပေါ်လာတတ်ခြင်းမှာ သူမ၏ ထူးခြားချက်ပင်ဖြစ်၏။

နားထောင်သူတို့အတွက် အဓိပ္ပာယ်မဲ့သည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ထိုစကားတို့မှာ သူမ၏ အတွင်းစိတ်ထဲမှ အမှန်တရားများသာ ဖြစ်သည်။

တစ်နေ့တွင် အသက်တစ်ဝက် ဂိမ်း ကစားပြီးနောက် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လမင်း... မင်းကို ကိစ္စတစ်ခုလောက် တောင်းဆိုလို့ ရမလား။”

“ရတယ်။” ကျင်းကျုံးယွဲ့က တိုက်ရိုက် ဖြေလိုက်သည်။

ဤသည်မှာ သူမ၏ စရိုက်သဘာဝပင် ဖြစ်သည်။ ယွင်ကျုံးဟဲ့ မည်သည့်ကိစ္စကို တောင်းဆိုမည်ဆိုသည်ကို သူမ မေးမြန်းလေ့ မရှိပေ။

အကြောင်းမှာ ယွင်ကျုံးဟဲ့၏ တောင်းဆိုချက်သည် သူမ၏ ကန့်သတ်ချက်အတွင်း၌ ရှိနေသရွေ့ သူမအနေဖြင့် အဆင်သင့် လုပ်ဆောင်ပေးမည်ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ထိုတောင်းဆိုချက်က သူမ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားသည့်အခါမျိုးတွင်မူ အခြေအနေမှာ လုံးဝပြောင်းလဲသွားနိုင်သည်။

သူမသည် ဆက်လက် လုပ်ဆောင်ပေးနိုင်သေးသော်လည်း ထိုအခါမျိုး၌မူ နောက်ဆက်တွဲအနေဖြင့် ပိုမို ပြတ်သားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်လာဖွယ်ရှိ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မင်း တာ့ယန် အင်ပါယာသစ်ကို မုန်းတီးတာ ငါ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက အသက်ကြီးနေပြီ၊ တချို့က ကလေးတွေပဲ ရှိသေးတယ်။ အသက် ခြောက်ဆယ်အထက် အဘိုးအိုတွေနဲ့ ဆယ့်ခြောက်နှစ်အောက် ကလေးတွေကို သံကြိုးတွေ ဖြုတ်ပေးပြီး ဆေးကုသခွင့် ပေးကာ တာ့ယန် အင်ပါယာသစ်ကို ပြန်လွှတ်ပေးလို့ ရမလား။”

“ရတယ်။” ကျင်းကျုံးယွဲ့က ဖြေလိုက်၏။

ယွင်ကျုံးဟဲ့ ကျေးဇူးတင်စကား မပြောဘဲ ကျင်းကျုံးယွဲ့ကို ညင်သာစွာ ဖက်ထားလိုက်သည်။

နောက်တစ်နေ့တွင် ကျင်းကျုံးယွဲ့သည် တာ့ယန် အင်ပါယာသစ်မှ နိုင်ငံသား ထောင်ချီကို လွှတ်ပေးလိုက်ပြီး သင်္ဘောဖြင့် အင်ပါယာသို့ ပြန်လည် စေလွှတ်လိုက်သည်။ ထိုအထဲတွင် ပထမ စာသင်ကျောင်းကို ဝင်ခွင့် ဖြေဆိုမည်ဟု ပြောခဲ့သော မိန်းကလေးလည်း ပါဝင်၏။

ထို့နောက်ပိုင်းတွင် ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ ထံမှ မည်သည့် တောင်းဆိုမှုကိုမှ ထပ်မံ မပြုလုပ်တော့ဘဲ သူသည် တာ့ယန် အင်ပါယာသစ်၏ ဧကရာဇ် ဖြစ်နေခြင်းကို မေ့သွားသကဲ့သို့ ကျင်းကျုံးယွဲ့ နှင့်အတူ သာမန် လင်မယားများကဲ့သို့သာ နေထိုင်သည်။

သူတို့ နှစ်ဦး၏ စကားပြောဆိုမှုများကလည်း ပိုမို အသေးစိတ် လာ၏။

ယွင်ကျုံးဟဲ့သည် အခြေခံအားဖြင့် ဤနှစ်များအတွင်း တာ့ယန် အင်ပါယာသစ်တွင် နေထိုင်ခဲ့ရပုံများကို ပြောပြပြီး အင်ပါယာ၏ အသေးစိတ် အချက်အလက်များကို ပြောပြကာ ကျင်းကျုံးယွဲ့၏ စိတ်ထဲရှိ တာ့ယန် အင်ပါယာသစ်အပေါ် ထားရှိသော အမုန်းတရားများကို ပြေပျောက်စေရန် ကြိုးပမ်းသည်။

အခြား တစ်ဖက်တွင် သူသည် ဤဟေးယန် အင်ပါယာ အကြောင်း၊ အထူးသဖြင့် ဟေးယန် အင်ပါယာ၏ ဧကရာဇ် အကြောင်းကိုလည်း စုံစမ်း၏။

“သူ ဘယ်လို လူမျိုးလဲ ဆိုတာ ကျွန်မ မသိဘူး။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “သူက အရမ်း အင်အားကြီးတယ်။ လုံးဝ တွေးကြည့်လို့တောင် မရနိုင်လောက်အောင် အင်အားကြီးတယ်။ အဲဒီတုန်းက ထျန်းယန် ဧကရာဇ်ကို အင်အားကြီးတယ်လို့ ရှင် ထင်လား။”

သူ၏ အင်အားမှာ အလွန် ကြီးမားသည်မှာ သေချာပေါက်ပင်။ ယွင်ကျုံးဟဲ့ပင်လျှင် သူ၏ သိုင်းပညာကို ဖော်ပြရန် စကားလုံးရှာမရသည့်အထိ ဖြစ်ခဲ့ရသည်။ တာ့ယန်အင်ပါယာ၏ အမှောင်မိစ္ဆာဘုရင်ဆိုသည်မှာမူ ယွင်ကျုံးဟဲ့၏ မှတ်ဉာဏ်ထဲ၌ပင် မရှိတော့သည့် အရာတစ်ခု ဖြစ်နေ၏။

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ဒီနှစ်တွေ အတွင်းမှာ ကျွန်မက လုံးဝ တွေးကြည့်လို့ မရနိုင်တဲ့ သိုင်းပညာ လေ့ကျင့်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေ၊ ငရဲလို အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် တာရှန်း မိစ္ဆာနိုင်ငံ သွေးကြောနဲ့ ပေါင်းစပ်ပြီး တစ်ကြိမ်ပြီး တစ်ကြိမ် လှုံ့ဆော်ခံရကာ တစ်ကြိမ်ပြီး တစ်ကြိမ် အဆင့်မြှင့်တင်နိုင်ခဲ့လို့ အခု ကျွန်မရဲ့ သိုင်းပညာက ထျန်းယန် ဧကရာဇ် ထက်တောင် သာလွန်နေပြီ။ အရင်က ပိုင်ယင် မြို့စားလို လှမ်းမမီနိုင်တဲ့ သိုင်းသမားတွေတောင် အခု ကျွန်မပြိုင်ဘက် မဟုတ်တော့ဘူး။”

‘အဲဒီလောက်တောင် တော်တာလား။’

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “ဒါပေမဲ့ ကျွန်မက အနက်ရောင်နဂါးဘုရင်နဲ့ အများကြီး ကွာခြားနေသေးတယ်။ သူ့ရှေ့မှာ ကျွန်မရဲ့ အရှိန်အဝါ အားလုံး ဖိနှိပ်ခံလိုက်ရပြီး သိုင်းပညာ သုံးဖို့ သတ္တိတောင် မရှိတော့ဘူး။”

ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့ ပို၍ပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်ကို အနက်ရောင်နဂါးဘုရင်လို့ ခေါ်တာလား။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ကျီရွှေ့အဖွဲ့အစည်း ထွက်ပြေးပြီးတဲ့ နောက်မှာ ခေါင်းဆောင်ကို အမြဲတမ်း အနက်ရောင်နဂါးဘုရင်လို့ ခေါ်ကြတယ်။ အဲဒါကြောင့် ကွဲထွက်သွားတဲ့ ကျီရွှေ့အဖွဲ့အစည်း ကိုလည်း အနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်းလို့ ခေါ်ကြတယ်။

ဒါပေမဲ့ သူ အနက်ရောင်နဂါးဘုရင် ဖြစ်လာပြီးတဲ့ နောက်မှာ ဟေးယန် အင်ပါယာကို တည်ထောင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဧကရာဇ် အဖြစ် ကြေညာကာ နယ်မြေ ချဲ့ထွင်မှုတွေကို အကြီးအကျယ် စတင်ခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “နောက်ထပ်ကော။ “

ကျင်းကျုံးယွဲ့က ဖြေ၏။ “သူက လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ။ သူ ဘာတွေးနေလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ တစ်နှစ်ပတ်လုံး အနက်ရောင် သံချပ်ကာ ဝတ်စုံ အောက်မှာ ပုန်းကွယ်နေတတ်တယ်။ ဘယ်သူနဲ့မှလည်း စကားမပြောသလောက်ပဲ။ အမိန့်ပဲ ပေးတယ်။ အမိန့်ကို ဖီဆန်တဲ့ သူတိုင်းကို ချက်ချင်း သတ်ပစ်တယ်။”

‘ဒီဧကရာဇ်ကတော့ တကယ်ကို ကြောက်စရာကောင်းအောင် လုပ်နေတာပဲ။ လုံးဝ ပြတ်သားတဲ့ သတ်ဖြတ်မှုတွေချည်းပဲ။ အမိန့်နာခံရင် ရှင်မယ်၊ ဖီဆန်ရင် သေမယ်။ ဒါက သိုင်းပညာ အင်ပါယာရဲ့ အကျိုးဆက်ပဲ။’

ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “နောက်ထပ်ကော။ “

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “နောက်ထပ်လား။ ကျွန်မ သူ့ကို အရမ်း ကြောက်ရွံ့ လေးစားတယ်။ သူက တောင်ကြီး တစ်တောင်လို မြင့်မားပြီး ကြောက်စရာကောင်းကာ အင်အားကြီးတယ်လို့ ထင်ရတယ်။”

ယွင်ကျုံးဟဲ့ ရပ်တန့်လိုက်ပြီး အနက်ရောင်နဂါးဘုရင် အကြောင်းကို ဆက်မမေးတော့ပေ။ သူသည် ကျီရွှေ့အဖွဲ့အစည်း၏ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်ပြီး ဟေးယန် အင်ပါယာ၏ ဧကရာဇ် ဖြစ်သည်။

အပိုင်း (၈၀၈)

တစ်နေ့တွင် အသက်တစ်ဝက်ဂိမ်း ကစားပြီးနောက် ယွင်ကျုံးဟဲ့က ရုတ်တရက် မေးလိုက်၏ “လမင်း... မင်း အရင်က အမြဲတမ်း လေလွင့်ချင်နေတာ။ အခုကော လေလွင့်ချင်သေးလား။”

ကျင်းကျုံးယွဲ့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။ “ကျွန်မ မသိဘူး။ ကျွန်မ လေလွင့်ရတာ လုံလောက်ပြီလို့ ထင်ရပေမယ့် ခိုလှုံစရာ နေရာတစ်ခုကိုတော့ ရှာမတွေ့သေးဘူး။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “လမင်း... မင်းက ငါတို့ ကလေးတွေကို ဟေးယန် အင်ပါယာလိုမျိုး မှောင်မိုက်ပြီး ကြောက်စရာကောင်းတဲ့ နေရာမှာ နေစေချင်လို့လား။”

ကျင်းကျုံးယွဲ့ ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ဒီကာလအတွင်းမှာ ရှင်က ကျွန်မကို အမြဲတမ်း ဦးနှောက်ဆေးနေတာပဲ။ တာ့ယန် အင်ပါယာသစ်က ဘယ်လောက် ကောင်းတယ်၊ ဘယ်လောက် လင်းထိန်တယ်၊ ဘယ်လောက် နွေးထွေးတယ် ဆိုတာတွေကို သွယ်ဝိုက်ပြီး ပြောနေတာ။ ရှင်ပြောတဲ့ စကားတွေက အမှန်ပဲ ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ယောက်အတွက် ပျားရည်က နောက်တစ်ယောက်အတွက် အဆိပ် ဖြစ်နိုင်ပါတယ်။”

ယွင်ကျုံးဟဲ့က သူမကို မငြင်းဆိုဘဲ ငြိမ်သက်စွာ နားထောင်နေ၏။

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “တာ့ယန် အင်ပါယာသစ်က တချို့လူတွေအတွက်တော့ နတ်ပြည်လိုပါပဲ။ အထူးသဖြင့် ရှင့်လိုမျိုး မွေးရာပါ အလင်းရောင်တွေ တောက်ပနေတဲ့ သူတွေအတွက်ပေါ့။ ဒါပေမဲ့ တချို့ လူတွေအတွက်တော့ ငရဲလိုပါပဲ။

ရှင်က အဲဒီနေရာဟာ ဘယ်လောက် လင်းထိန်ပြီး နွေးထွေးတယ် ဆိုတာကို ပြောနေချိန်မှာ အင်ပါယာရဲ့ အောက်ခြေ ကျွန်တွေကိုကော မေးဖူးရဲ့လား။ ကိုလိုနီ နယ်မြေတွေက တိုင်းရင်းသား ကျွန်တွေကိုကော မေးဖူးရဲ့လား။”

ယွင်ကျုံးဟဲ့က သူမကို ဆက်လက် မငြင်းဆိုပေ။

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “သေချာပေါက် ကျွန်မလည်း ဒီကျွန်တွေ အသက်ရှင်သလား၊ သေဆုံး သွားသလား ဆိုတာကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက တာ့ယန် အင်ပါယာသစ်က ရှင့်ရဲ့ နတ်ပြည် ဖြစ်ပေမယ့် ကျွန်မရဲ့ ငရဲ ဖြစ်နေတယ်။ အဲဒီနေရာကို ကျွန်မ မုန်းတယ်။ ကျွန်မရဲ့ မိသားစုတွေကို ဆုံးရှုံးစေခဲ့လို့ မုန်းတယ်။ ရှောင်ပေါင်ကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့လို့ မုန်းတယ်။

ယွင်ကျုံးဟဲ့... ရှင် သိလား။ ကျွန်မတစ်သက်မှာ ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဖူးဘူး။ တစ်ခါမှ မထောက်ခဲ့ဖူးဘူး။ လူတွေက ကျွန်မကို တစ်စစီ ခုတ်ထစ်ပစ်မယ် ဆိုရင်တောင် ကျွန်မ မျက်မှောင် တစ်ချက် မကြုတ်သလို ဒူးလည်း မထောက်ဘူး။ ဒါပေမဲ့ အဲဒီနေ့က ကျွန်မ ဒူးထောက်ခဲ့တယ်။ တစ်ရက်နဲ့ တစ်ညတိတိ ဒူးထောက်ခဲ့တယ်။ ကျွန်မအတွက် မဟုတ်ဘူး၊ ကျွန်မတို့ရဲ့ ကလေး နှစ်ယောက်အတွက်ပဲ။”

ကျင်းကျုံးယွဲ့၏ အသံမှာ အလွန် ပြင်းထန်လာပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ သူတို့က ကျွန်မကို ငြင်းပယ်ခဲ့တယ်။ ကျွန်မ သေရင် သေပါစေ၊ ဒါပေမဲ့ တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော မပါတဲ့ လူတွေကို လက်ခံပေးပါ၊ ကျွန်မတို့ရဲ့ ကလေးတွေကို လက်ခံပေးပါလို့ ပြောခဲ့တယ်။ ရလဒ်ကတော့ ရှင့်ရဲ့ အဲဒီ နတ်ပြည်လို တာ့ယန် အင်ပါယာသစ်က ငြင်းပယ်ခဲ့ပြီး ကျွန်မတို့ကို သေဖို့ ပစ်ထားခဲ့တယ်။

ယွင်ကျုံးဟဲ့... အကယ်၍ အနက်ရောင်နဂါးဘုရင်သာ မရှိခဲ့ဘူးဆိုရင် ကျွန်မ အစောတည်းက သေသွားလောက်ပြီ။ ကျွန်မတို့ရဲ့ ကလေး နှစ်ယောက်လည်း...

ယွင်ကျုံးဟဲ့... ရှင်က အရမ်း ဉာဏ်ကောင်းတယ်။ ကျွန်မကကျတော့ ဦးနှောက် သုံးရတာ မကြိုက်တဲ့သူ။ ရှင်က ကျွန်မကို အမြဲတမ်း ဦးနှောက်ဆေးနေတာပဲ။ ရှင် ကျွန်မကို ဦးနှောက်ဆေးနေမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ချစ်လို့ ရှင် ဦးနှောက်ဆေးတာကို ခံနေခဲ့တာပါ။

တစ်စိတ်တစ်ပိုင်းအားဖြင့်တော့ ရှင် အောင်မြင်သွားပါပြီ။ ကျွန်မစိတ်ထဲမှာတောင် ကျွန်မတို့ မိသားစု မြက်ခင်းပြင် ပေါ်မှာ လှဲနေတဲ့ ပုံရိပ်တွေကို စိတ်ကူးယဉ်နေမိပြီ။ ကြီးမားတဲ့ ပန်းခြံကြီး၊ ကျယ်ဝန်းတဲ့ စားကျက်ကွင်းကြီး၊ လင်းထိန်ပြီး လှပတဲ့ နေရာလေးကိုပေါ့။

ကျွန်မတို့ နောက်ထပ် အမြွှာ နှစ်ယောက်တောင် ထပ်မွေးလို့ ရသေးတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျွန်မ အမေ ဖြစ်လာတုန်းက သိပ်မရင့်ကျက်သေးလို့ အမေ ဘယ်လို လုပ်ရမယ် ဆိုတာ သေချာ မသင်ယူခဲ့ရဘူးလေ။ ကလေးတွေကို သေချာ မချစ်ပေးနိုင်ခဲ့ဘူး။

အကယ်၍ ကျွန်မတို့ ကလေးတွေက လင်းထိန်ပြီး လှပတဲ့ နိုင်ငံမှာ နေထိုင်ခွင့် ရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ရှင် အောင်မြင်သွားပါပြီ။ ရှင်က ကျွန်မချစ်တဲ့ ယောက်ျား ဖြစ်နေလို့ ရှင် ဦးနှောက်ဆေးတာကို ကျွန်မက အရူးလို ခံနေခဲ့တာ။

ဒါပေမဲ့ အရှင် ယွင်ကျုံးဟဲ့... အရေးကြီးဆုံး အချိန်မှာ ကျွန်မတို့ ကလေး နှစ်ယောက်ရဲ့ ကံကြမ္မာကို ကယ်တင်ပေးခဲ့တာက အနက်ရောင်နဂါးဘုရင်၊ ဟေးယန် အင်ပါယာပဲ။ ဟုတ်တယ်။ ဒီဟေးယန် အင်ပါယာက အရမ်း မှောင်မိုက်တယ်၊ အရမ်း ကြောက်စရာ ကောင်းတယ်၊ လူမဆန်ဘူး။

ဒါပေမဲ့ ရှင်က ကျွန်မကို ဒီဟေးယန် အင်ပါယာကို သစ္စာဖောက်စေချင်နေတာလား။ အမှောင်ကို စွန့်လွှတ်ပြီး အလင်းကို ရွေးချယ်ကာ တာ့ယန် အင်ပါယာသစ်ကို ဝမ်းသာအားရ လိုက်သွားစေချင်နေတာလား။ ကျွန်မ မလုပ်နိုင်ဘူး။

ယွင်ကျုံးဟဲ့... ရှင်က ကျွန်မကို တပ်တွေ မဆုတ်ခိုင်းသလို၊ ဟုန်ရီပြည်နယ်ကို မအပ်ခိုင်းခဲ့လို့ ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကြားက ရပ်တည်ချက်တွေက ညှိနှိုင်းလို့ မရတော့ပါဘူး။ ရှင်က တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်ဖြစ်ပြီး ကျွန်မက ဟေးယန် အင်ပါယာရဲ့ အမတ် တစ်ယောက်ပါ။ ကျွန်မက ရှင့်အတွက်နဲ့ ဟေးယန် အင်ပါယာကို သစ္စာမဖောက်နိုင်ဘူး။”

ယွင်ကျုံးဟဲ့ စကားမပြောခဲ့ပေ။

ကျင်းကျုံးယွဲ့က တုန်ယင်စွာ ပြောလိုက်သည်။ “ဒါက ကြည့်ရတာ အရင်က လူသူကင်းမဲ့တဲ့ နေရာမှာတုန်းက အခြေအနေလို ပြန်ဖြစ်သွားပြီမလား။ အဲဒီတုန်းက ကျွန်မရဲ့ အစ်ကို ယန်ဖျန်ရှန်ကို ကျွန်မ သစ္စာမဖောက်နိုင်ခဲ့လို့ အဆိုးရွားဆုံး အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့တယ်။ အခု ကျွန်မတို့ ကလေးတွေကို ကယ်တင်ပေးခဲ့တဲ့ ဟေးယန် အင်ပါယာကို သစ္စာမဖောက်နိုင်လို့ ရှင်နဲ့ ထပ်ပြီး ဆန့်ကျင်ဘက် ဖြစ်ရပြန်ပြီ။”

ကျင်းကျုံးယွဲ့၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ပြောလိုက်၏။ “ဒါက ကျွန်မရဲ့ ကံကြမ္မာပဲ ဖြစ်မယ်။ ဒါပေမဲ့ ရှင် စိတ်ချပါ။ ဒီတစ်ခါတော့ အဲဒီလို အဖြစ်ဆိုးမျိုး ထပ်မဖြစ်စေရဘူး။ ကျွန်မ ဟေးယန် အင်ပါယာကို သစ္စာမဖောက်ဘူး၊ ဒါပေမဲ့ ရှင်နဲ့ ရန်သူဖြစ်ပြီး ရှင်နဲ့ သတ်ဖြတ်ဖို့ကျတော့လည်း ကျွန်မ မလုပ်နိုင်ဘူး။ ကျွန်မ ဘယ်ဘက်ကိုမှ မရွေးချယ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်လို့ မရဘူးလား။”

ထို့နောက် ကျင်းကျုံးယွဲ့က မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ဖို့ ရွေးချယ်လို့ မရဘူးလား။”

“ဟား... ဟား... ဟား..”

ဤစကားကို ထပ်ခါတလဲလဲ ပြောပြီးနောက် သူမသည် ဝမ်းနည်းဖွယ် ရယ်မောသံ တစ်ခုကို ထုတ်လွှတ် လိုက်သည်။ ထို့နောက် သူမ ထွက်သွား၏။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်း ကုတင်ပေါ်တွင် လှဲနေပြီး မလှုပ်မယှက် ရှိနေပြီး တိတ်ဆိတ်စွာ စဉ်းစားနေသည်။

မေးခွန်း အချို့ကို သူ သေချာ မစဉ်းစားရသေးသောကြောင့် သေချာ စဉ်းစားရန် လိုအပ်သည်။ ဥပမာအားဖြင့် အနက်ရောင်နဂါးဘုရင်သည် အဘယ်ကြောင့် ရုတ်တရက် ဟေးယန် အင်ပါယာကို တည်ထောင်ခဲ့သနည်း။ ထို့အပြင် အဘယ်ကြောင့် အကြီးအကျယ် နယ်မြေ ချဲ့ထွင်မှုများ စတင်ခဲ့သနည်း။

သေချာပေါက် သူနှင့် ကျင်းကျုံးယွဲ့၏ ဆက်ဆံရေး၊ ထို့အပြင် ဟေးယန် အင်ပါယာတွင် ရှိနေသော ကလေး နှစ်ယောက် အကြောင်းကိုလည်း စဉ်းစားရမှာဖြစ်သည်။ သူ့ကို အပြစ်ရှိသလို ခံစားရစေသော ကလေး နှစ်ယောက်လည်း ဖြစ်သည်။

နောက်ရက် အနည်းငယ်အတွင်း ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို လာမတွေ့တော့သလို အုပ်ချုပ်ရေးရုံးသို့ပင် ပြန်မလာတော့ပေ။

လင်မယားကြားက သံယောဇဉ်က အလွန် နက်ရှိုင်းပြီး အဆက်အသွယ် ဖြတ်တာမျိုး မရှိနိုင်ပေ။ သို့ပေမည့် သူတို့ နှစ်ယောက်၏ ရပ်တည်ချက်များကြောင့် လုံးဝ ပြတ်တောက်သွားတော့မလိုဖြစ်နေသည်။ ပြန်လည် ကုစားလို့ မရတော့ဘူးလား။

ရုတ်တရက် တစ်နေ့တွင် အနက်ရောင်နဂါး သိုင်းသမား ခေါင်းဆောင်က ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်လာကာ ပြောလိုက်သည်။ “ခင်ဗျား သွားတော့။ ဒီနေရာက ခင်ဗျားကို ကြိုဆိုမှာ မဟုတ်တော့ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားတို့ရဲ့ ဘုရင်မ ကျင်းကျုံးယွဲ့ ရော။”

အနက်ရောင်နဂါး သိုင်းသမား ခေါင်းဆောင်က ဖြေသည်။ “သူ ခင်ဗျားကို မတွေ့တော့ဘူး။ ဒီကနေ ထွက်သွားပေးပါ။”

ထို့နောက် လက်ယမ်းပြကာ ပြောလိုက်၏။ “လူတွေလာကြ... သူ့ကို သယ်သွားလိုက်။”

သိုင်းသမား နှစ်ဦး ဝင်လာပြီး ယွင်ကျုံးဟဲ့ကို သယ်ဆောင်သွားရန် ပြင်လိုက်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မလိုဘူး။ ကျုပ်ဘာသာကျုပ် သွားမယ်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် အုပ်ချုပ်ရေးရုံးမှ ထွက်ခွာလာခဲ့၏။ သူ ဤနေရာသို့ ရောက်ရှိလာသည်မှာ တစ်လတိတိ ကြာမြင့်သွားပြီဖြစ်ပြီး တစ်လတာ ကာလအတွင်း သူနှင့် ကျင်းကျုံးယွဲ့ တို့သည် အလွန် ချစ်ခင်ကြင်နာသော ဘဝလေးကို ဖြတ်သန်းခဲ့ကြသည်။

အနက်ရောင်နဂါး သိုင်းသမား တစ်ဖွဲ့၏ စောင့်ကြည့်မှုနှင့် နှင်ထုတ်မှုအောက်တွင် ယွင်ကျုံးဟဲ့သည် ပင်လယ် ကမ်းစပ်သို့ ရောက်ရှိလာပြီး အင်ပါယာ သင်္ဘောကြီးပေါ်သို့ တက်လိုက်၏။ အစမှ အဆုံးထိ ကျင်းကျုံးယွဲ့ လုံးဝ ထွက်မလာခဲ့ပေ။

ယွင်ကျုံးဟဲ့သည် သင်္ဘောကြီးကို စီးနင်းကာ တတိယ ကိုလိုနီ နယ်မြေ၏ ရေပိုင်နက်မှ ထွက်ခွာလာခဲ့သည်။

ကျီးကျန်းက ခဏ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။ “အရှင်... တတိယ ကိုလိုနီ နယ်မြေက ကျုပ်တို့ အတွက် အရမ်း အရေးကြီးပါတယ်။ ကျုပ်တို့ရဲ့ စစ်ရေး စနစ်သစ်အတွက် တတိယ ကိုလိုနီ နယ်မြေကို အထူး လိုအပ်နေပြီး ဘယ်လို ပေးဆပ်မှုမျိုးမဆို ပြန်လုယူရမှာပါ။ အဲဒါကြောင့် ဒီတစ်ခါ ပြန်ရောက်သွားရင် ကျင်းကျုံးယွဲ့ကို သွားတိုက်ဖို့ စစ်တပ်ကြီး စုရုံးရမလား။”

ဤတစ်ကြိမ် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့၏ ပြန်လည် ဆုံတွေ့မှုသည် စိတ်ပိုင်းဆိုင်ရာ ပြန်လည် ပေါင်းစည်းမှု အနေဖြင့် အောင်မြင်ခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးမှု အနေဖြင့်မူ ကျရှုံးခဲ့သည်။

ထိုသို့ဆိုလျှင် တကယ်ပဲ စစ်ရေး နည်းလမ်းများကို အသုံးပြုရတော့မည်လား။ တကယ်ပဲ အင်ပါယာ၏ စစ်သည်များကို စုရုံးပြီး ကျင်းကျုံးယွဲ့ကို သွားတိုက်ရတော့မည်လား။

ကျင်းကျုံးယွဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် နည်းလမ်းကို သူမ တတ်သေးသည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ မဟုတ်ပါလား။

အကယ်၍ ယွင်ကျုံးဟဲ့က တကယ်ပဲ အင်ပါယာ စစ်သည်များကို စေလွှတ်ပြီး ကျင်းကျုံးယွဲ့ကို သွားတိုက်ခိုင်းမည် ဆိုလျှင် မည်သည့်အကျိုးဆက်များ ဖြစ်လာမည်နည်း။ တွေးကြည့်လို့ပင် မရနိုင်ချေ။

တာ့ယန် အင်ပါယာသစ်နှင့် ဟေးယန် အင်ပါယာက တကယ်ပဲ ဓားနှင့် လှံ တွေ့ရတော့မည်လား။ တကယ်ပဲ အချင်းချင်း သတ်ဖြတ်ရတော့မည်လား။

ယွင်ကျုံးဟဲ့ အနေဖြင့် တာ့ယန် အင်ပါယာသစ်အတွက် တာဝန်ယူရမည်ဖြစ်သလို သူ၏ အခြားဇနီး ကျင်းကျုံးယွဲ့ နှင့် ကလေး နှစ်ယောက်အတွက်လည်း တာဝန်ယူရမည် မဟုတ်ပါလား။

သူမက အခက်အခဲ အများကြီးကို ဖြတ်သန်းခဲ့ရပြီးပြီ ဖြစ်သောကြောင့် ယွင်ကျုံးဟဲ့အတွက် ထပ်ပြီး အနစ်နာခံဖို့ တောင်းဆိုပိုင်ခွင့် မရှိတော့ချေ။

ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် သူမ၏ ရှေ့တွင် ရပ်တည်ပေးရန် လိုအပ်ပြီး သူမကို အနက်ရောင်နဂါးဘုရင် အပေါ် အကြွေး မတင်စေချင်တော့သလို အဖြစ်ဆိုးများ ထပ်မံ ဖြစ်ပေါ်လာမည်ကိုလည်း ခွင့်မပြုနိုင်တော့ပေ။

သုံးရက် အကြာတွင်...

ယွင်ကျုံးဟဲ့၏ သင်္ဘောကြီးသည် ဒုတိယ ကိုလိုနီ နယ်မြေတွင် ဆိုက်ကပ်ခဲ့ပြီး ကောင်းကင်ယံမှ လေသင်္ဘော သည်လည်း ပြန့်ပြူး ကျယ်ဝန်းသော မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

“အမတ်ကြီး ကျီးကျန်း.... ကျုပ် စကားက ဆွေးနွေးတာ မဟုတ်ဘူး၊ အမိန့်ပဲ။”

ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောလိုက်၏။ “ခင်ဗျား သင်္ဘောစီးပြီး တာ့ယန် အင်ပါယာသစ်ကို ပြန်သွားပါ။ သုံးလ အတွင်း ကျင်းကျုံးယွဲ့ကို မတိုက်ပါနဲ့၊ တတိယ ကိုလိုနီ နယ်မြေ ပြဿနာကို စစ်ရေး နည်းလမ်းနဲ့ မဖြေရှင်းပါနဲ့။”

ကျီးကျန်းက တုန်ယင်စွာ မေးလိုက်သည်။ “အရှင်... အရှင်... အရှင် ဘာလုပ်မလို့လဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကျုပ်က တာ့ယန် အင်ပါယာသစ်အတွက် တာဝန်ယူရမယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နောက်ထပ် ဇနီး ကျင်းကျုံးယွဲ့နဲ့ နောက်ထပ် ကလေး နှစ်ယောက်အတွက်လည်း တာဝန်ယူရမယ်။ သူက အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ရပြီးပြီမို့ သူ့ကို ကျုပ်အတွက် ထပ်ပြီး အနစ်နာခံဖို့ တောင်းဆိုပိုင်ခွင့် မရှိတော့ဘူး။ အဲဒါကြောင့် ဒီတစ်ခါ ကျုပ်က သူ့ရဲ့ ရှေ့မှာ ရပ်တည်ပေးရမယ်။ သူ့ကို အနက်ရောင်နဂါးဘုရင်အပေါ် အကြွေး မတင်စေချင်တော့ဘူး၊ အဖြစ်ဆိုးတွေ ထပ်ဖြစ်လာမှာကိုလည်း ခွင့်မပြုနိုင်တော့ဘူး။”

All Chapters