အခန်း (၈၀၉-၈၁၀)
Vol. 68 Ch. 809-810
အပိုင်း (၈၀၉)
ထို့နောက် ယွင်ကျုံးဟဲ့သည် လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ပြောလိုက်သည်။ “ဒီဟေးယန် အင်ပါယာက အရမ်း မှောင်မိုက်ပြီး တာရှန်း မိစ္ဆာနိုင်ငံရဲ့ နောက်ထပ် ပုံစံ တစ်ခုနဲ့ တူပေမယ့် ဘာလို့ သူတို့က ဟေးယန် အင်ပါယာလို့ နာမည်ပေးထားတာလဲ။ ဘာလို့လဲဆိုတော့ သူတို့ ကိုယ်သူတို့ တာ့ယန် လူမျိုးတွေလို့ သတ်မှတ်ထားလို့ပဲ။ အဲဒါကြောင့် လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားတဲ့ အဲဒီ အနက်ရောင်နဂါးဘုရင်၊ ကိုယ့်ကိုယ်ကိုယ် ဟေးယန် အင်ပါယာရဲ့ ဧကရာဇ်လို့ ခေါ်နေတဲ့ သူကို သွားတွေ့ရမယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကျီးကျန်း၏ ဆံပင်များပင် ထောင်မတ်သွားတော့မတတ် ဖြစ်သွား၏။ ‘အရှင်က ရူးသွားပြီလား။ ဟေးယန်အင်ပါယာက တာရှန်း မိစ္ဆာနိုင်ငံရဲ့ နောက်ထပ် ပုံစံ တစ်ခုပဲ။ မှောင်မိုက်တယ်၊ မကောင်းဆိုးဝါး ဆန်တယ်၊ ကြောက်စရာ ကောင်းတယ်၊ အင်အားကြီးတယ်။
အထူးသဖြင့် ဒီအနက်ရောင်နဂါးဘုရင် ဆိုတာကလည်း နုဧကရာဇ် ကို အတုခိုးနေတာ။ လောကမှာ အန္တရာယ် အများဆုံးနဲ့ အမှောင်မိုက်ဆုံး လူ တစ်ယောက်ပဲ။ ယွင်ကျုံးဟဲ့က သူ့ကို သွားတွေ့မယ်တဲ့လား။ ဒါက ရူးနေတာ မဟုတ်ဘူးလား။’
“ဒါက အမိန့်ပဲ။ ကျုပ် စိတ်ထဲမှာ ခြောက်ဆယ် ရာခိုင်နှုန်း သေချာမှု ရှိပါတယ်။”
ယွင်ကျုံးဟဲ့က ပြောပြီးနောက် ဧရာမ လေသင်္ဘောကြီးပေါ်သို့ တက်သွားကာ အမိန့်ပေးလိုက်သည်။ “ပျံတက်မယ်။ ပစ်မှတ်က အနောက်တောင်ဘက်၊ မိုင်ပေါင်း တစ်သောင်းခွဲ အကွာမှာ ရှိတဲ့ ဟေးယန် အင်ပါယာ...”
လေသင်္ဘော၏ တပ်မှူးသည် အလွန် အကျပ်ရိုက်သွားပြီး လုံးဝ ရွေးချယ်၍ မရနိုင်အောင် ဖြစ်နေသည်။ သူသည် အာဏာရှင် ဘုရင်၏ အမိန့်ကို မဖြစ်မနေ နာခံရမည် ဖြစ်သော်လည်း ဤသည်က အာဏာရှင် ဘုရင်ကို သေစေနိုင်သော အန္တရာယ်များကို ယူဆောင်လာနိုင်၏။
ယွင်ကျုံးဟဲ့က တပ်မှူးကို ကြည့်ကာ မေးလိုက်သည်။ “တပ်မှူး... ကျုပ် တာ့ယန် အင်ပါယာသစ်ကို ရောက်လာပြီးတည်းက ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်ခဲ့ဖူးလား။”
ဤတပ်မှူး ရာထူးသည်လည်း စစ်ရေး စနစ်သစ် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ပင် ဖြစ်၏။
တပ်မှူးက ဖြေလိုက်သည်။ “လုံးဝ မရှိခဲ့ပါဘူး။ အရှင်က ပြီးပြည့်စုံပြီး ကြီးကျယ်ခမ်းနားတဲ့ ဘုရင် တစ်ပါးပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆိုရင် ထွက်ခွာကြတာပေါ့။ လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားတဲ့ အဲဒီ အနက်ရောင်နဂါးဘုရင်ကို ကျုပ် သေချာပေါက် သွားတွေ့ရမယ်။”
တပ်မှူးသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။ “အမိန့်အတိုင်းပါ။”
ထို့နောက် သူက အမိန့်ပေးလိုက်၏။ “လေသင်္ဘော ပျံတက်မယ်၊ ထွက်ခွာမယ်။”
ကျီးကျန်းသည် မြေကြီးပေါ်တွင်ဒူးထောက်ကာ အစွမ်းကုန် တောင်းပန်ပြီးနောက် လေသင်္ဘောပေါ်သို့ တက်ကာ ယွင်ကျုံးဟဲ့နှင့်အတူ လိုက်ပါသွားရန် ပြင်လိုက်သည်။
ယွင်ကျုံးဟဲ့က သူ့ကို လက်ညှိုးထိုးကာ တင်းမာစွာ ပြောလိုက်၏။ “အမိန့်ကို နာခံပါ။ ခင်ဗျားမှာ တခြား တာဝန် ရှိသေးတယ်။”
ကျီးကျန်း မျက်ရည်များ ကျဆင်းလာပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။ “အမတ်... အမိန့်ကို နာခံပါ့မယ်။”
တာ့ယန် အင်ပါယာသစ်တွင် ခေါင်းငုံ့ခြင်း မရှိသလို အမိန့်ကို နာခံပါ့မယ်ဟု ပြောဆိုခြင်းလည်း မရှိပေ။ ဤသည်မှာ အရှေ့တိုင်း နိုင်ငံများ၏ ဘုရင်နှင့် အမတ်များကြားမှ ယဉ်ကျေးမှု ထုံးစံများ ဖြစ်၏။
ဧရာမ လေသင်္ဘောကြီးသည် အဆက်မပြတ် မြင့်တက်လာပြီး မြင့်တက်လာ၏။ မီတာ ထောင်ချီ အမြင့်သို့ ရောက်ရှိသွားပြီးနောက် အနောက်တောင်ဘက်သို့ ဦးတည် ပျံသန်းသွားကာ လုံးဝ လျှို့ဝှက်ဆန်းကြယ်ပြီး အမည်မသိ ဟေးယန် အင်ပါယာဆီသို့ ပျံသန်းသွားသည်။
ဆယ်ရက် အကြာတွင်...
ယွင်ကျုံးဟဲ့၏ ဧရာမ လေသင်္ဘောကြီးသည် လျှို့ဝှက်ဆန်းကြယ်လှသော ဟေးယန် အင်ပါယာ၏ ကောင်းကင်ယံသို့ ရောက်ရှိလာ၏။
ကျင်းကျုံးယွဲ့ နောက်ဆုံးတွင် အုပ်ချုပ်ရေးရုံးသို့ ပြန်ရောက်လာပြီး ယွင်ကျုံးဟဲ့ ချန်ထားခဲ့သော စာတစ်စောင်ကို တွေ့လိုက်ရသည်။
“လမင်း... ငါ တောင်းပန်ပါတယ်။ ဒီနှစ်တွေ အတွင်းမှာ မင်း ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်။ ငါတို့ ကလေးတွေကို ကာကွယ်ဖို့၊ မင်းနောက်လိုက်လာတဲ့ လူတစ်ထောင်ကျော်ကို ကာကွယ်ဖို့ မင်း နေ့တိုင်း ငရဲပြည်မှာ ရုန်းကန်နေခဲ့ရတယ်။ အင်အားကြီးလာဖို့အတွက်၊ အဆင့်မြှင့်တင်နိုင်ဖို့အတွက် မင်း နာကျင်မှုတွေ အများကြီးကို ခံစားခဲ့ရတယ်။
ဆန့်ကျင်ဘက် အနေနဲ့ ငါကတော့ တာ့ယန် အင်ပါယာသစ်မှာ နောက်ထပ် မိန်းမ တစ်ယောက် ယူပြီး ကလေး မွေးခဲ့တယ်။ ငါက တကယ်ကို လောကမှာ နံပါတ်တစ် လူယုတ်မာကြီးပဲ။ ငါက ယောက်ျား တစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ခဲ့သလို ဖခင် တစ်ယောက်ရဲ့ တာဝန်ကိုလည်း မကျေပွန်ခဲ့ဘူး။
ဟေးယန် အင်ပါယာက မင်းနဲ့ ကလေးတွေရဲ့ အသက်ကို ကယ်တင်ခဲ့လို့ မင်းက အနက်ရောင်နဂါးဘုရင် အပေါ် အကြွေးတင်နေပြီး သစ္စာမဖောက်နိုင်ဘူး ဖြစ်နေတယ်။ ငါ ယွင်ကျုံးဟဲ့ ကလည်း သူ့ကို ကြီးမားတဲ့ ကျေးဇူးကြွေး တစ်ခု တင်နေတာပဲလေ။
အဲဒါကြောင့် ယောက်ျား တစ်ယောက် အနေနဲ့၊ ကလေး နှစ်ယောက်ရဲ့ ဖခင် တစ်ယောက် အနေနဲ့ ငါ မင်းကို ရှေ့ကနေ ထွက်ပြီး အရာအားလုံးကို ရင်ဆိုင်ခိုင်းလို့ မရတော့ဘူး။ ငါ ဟေးယန် အင်ပါယာကို သွားလိုက်ပြီ။ ငါ အနက်ရောင်နဂါးဘုရင်ကို သွားတွေ့မယ်။
အကောင်းဆုံး ရလဒ် တစ်ခု ရလာအောင် ငါ ကြိုးစားပါ့မယ်။ ဟေးယန် ကလည်း တာ့ယန်ပဲ။ တာ့ယန် အင်ပါယာသစ် ကလည်း တာ့ယန်ပဲ။ မျိုးရိုးကတော့ အတူတူပါပဲ။ အကယ်၍ နှစ်နိုင်ငံ ပူးပေါင်းပြီး အချင်းချင်း ဖြည့်ဆည်းကာ တာရှန်း မိစ္ဆာနိုင်ငံကို ဆန့်ကျင်နိုင်ရင် အကောင်းဆုံးပေါ့။
အကယ်၍ အကောင်းဆုံး ရလဒ် ထွက်မလာခဲ့ရင်တောင် အနည်းဆုံးတော့ သူ့ရဲ့ ကျေးဇူးကြွေးကို ငါ ဆပ်ပေးနိုင်ရင် မင်း သူ့အပေါ် အကြွေး မတင်တော့ဘူးပေါ့။ ငါ့ကို စောင့်နေပါ။”
ယွင်ကျုံးဟဲ့၏ စာသည် ရိုးရှင်း ပြတ်သားပြီး စိတ်လှုပ်ရှားစေရန် ရေးသားထားခြင်း မဟုတ်ပေ။
သို့ပေမည့် ကျင်းကျုံးယွဲ့၏ ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားသည်။ အဘယ်ကြောင့် ဆိုသော် သူမက အနက်ရောင်နဂါးဘုရင်သည် မည်မျှ အန္တရာယ်များပြီး မည်မျှ ကြောက်စရာကောင်းကြောင်းကို သိရှိထားသောကြောင့်ပင်။
‘ဆွေးနွေးမယ်။ ဒီလို ကိစ္စမျိုးက သူ့ရှေ့မှာ လုံးဝ မဖြစ်နိုင်ဘူး။ သူ့ရှေ့မှာ ဒူးထောက် အရှုံးပေးရင်ပေး၊ မပေးရင် သေရုံပဲ။ ယွင်ကျုံးဟဲ့က အနက်ရောင်နဂါးဘုရင် ဆီကို သွားပြီး ဆွေးနွေးမယ် ဆိုတာ သေလမ်းကို သွားရှာတာ မဟုတ်ဘူးလား။’
ကျင်းကျုံးယွဲ့၏ စိတ်ထဲတွင် မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ ယခင်က လူသူကင်းမဲ့သော နေရာတွင် ယန်ဖျန်ရှန်က ယွင်ကျုံးဟဲ့ကို ဓားဖြင့် ထိုးစိုက်ခဲ့သော မြင်ကွင်းကို ပြန်လည် မြင်ယောင်လာမိသည်။
‘ဒီအဖြစ်ဆိုးကြီး ထပ်ဖြစ်လာတော့မှာလား။’
ချက်ချင်းပဲ ကျင်းကျုံးယွဲ့သည် အုပ်ချုပ်ရေးရုံးထဲမှ ပြေးထွက်လာပြီး ပင်လယ်ကမ်းစပ်သို့ ပြေးသွားကာ အနက်ရောင်နဂါး သင်္ဘော တစ်စင်းပေါ်သို့ တက်ရောက်ပြီး ဟေးယန် အင်ပါယာသို့ ပြန်သွားတော့၏။
.....................
ကောင်းကင်ယံ အမြင့်ပိုင်းမှနေ၍ ယွင်ကျုံးဟဲ့သည် ဒဏ္ဍာရီလာ ဟေးယန် အင်ပါယာကို မြင်တွေ့လိုက်ရ၏။ တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းလှသည်။
ဟေးယန်အင်ပါယာသည် တာ့ယန် အင်ပါယာသစ်နှင့် လုံးဝ ဆန့်ကျင်ဘက် အစွန်း နှစ်ခု ဖြစ်သည်။ တာ့ယန် အင်ပါယာသစ်သည် စည်ကား သိုက်မြိုက်ပြီး နေရာတိုင်းတွင် ယဉ်ကျေးမှု အငွေ့အသက်များ ပြည့်နှက်နေ၏။
ဤဟေးယန် အင်ပါယာတွင်မူ နေရာတိုင်း၌ ထူးဆန်းသော အဆောက်အအုံများ ရှိနေ၏။ ကောင်းကင်ယံသို့ ထိုးတက်နေသော အနက်ရောင် ကျောက်တုံး မျှော်စင်ကြီးများ၊ သစ်ပင်ကြီးများပေါ်တွင် တည်ဆောက် ထားသော အိမ်များအပြင် ဧရာမ ချောက်ကမ်းပါးကြီးများကို ထွင်းထုထားပြီး အတွင်းတွင် ပြည့်ကျပ်နေသည့် အိမ်များ စသဖြင့်ပင်။
ထိုအရာများအပြင် အထင်ရှားဆုံး အဆောက်အအုံများမှာ ဧရာမ ဘုရားကျောင်းကြီးများနှင့် ပိရမစ်ကြီးများ ဖြစ်သည်။
ဟေးယန် အင်ပါယာ တစ်ခုလုံးတွင် မျက်စိတစ်ဆုံး မြင်တွေ့ရသည်မှာ သက်ကယ်မိုး အိမ်များ၊ သစ်သား အိမ်များ ဖြစ်ပြီး ရှေးဟောင်း လူ့အဖွဲ့အစည်းနှင့် တူနေ၏။
သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ကျူးကျော်ရပ်ကွက်ကြီးကို မြင်တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်ပြီး ရာသီဥတုက အလွန် ပူပြင်းသောကြောင့် မရေမတွက်နိုင်သော လူများက အဝတ်မပါဘဲ တိရစ္ဆာန်များကဲ့သို့ မြေကြီးပေါ်တွင် အလုပ် လုပ်နေကြသည်။
သို့ပေမည့် ဤသက်ကယ်မိုး အိမ်များ၊ သစ်သားအိမ်များကြားတွင် ဧရာမ ပိရမစ်ကြီးများက တောင်ကြီးများကဲ့သို့ ခမ်းနား ကြီးကျယ်စွာ တည်ရှိနေ၏။
ပိရမစ်များ အပြင် ကျန်ရှိနေသည်မှာ အရှေ့တိုင်း ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသော ဧရာမ ကျောက်တုံး ဘုရားကျောင်းကြီးများ ဖြစ်သည်။
အကယ်၍ ယွင်ကျုံးဟဲ့ ခန့်မှန်းချက် မမှားပါက ဤပိရမစ်ကြီးများသည် ယဇ်ပုရောဟိတ် မျိုးနွယ်စုများ၏ နေအိမ်များ ဖြစ်ပြီး ဧရာမ ကျောက်တုံး ဘုရားကျောင်းကြီးများမှာမူ သိုင်းသမား မျိုးနွယ်စုများ၏ နေရာ ဖြစ်မည်။
ဤဟေးယန် အင်ပါယာတွင် သိုင်းသမားများနှင့် ယဇ်ပုရောဟိတ်များ မှလွဲ၍ ကျန်သူများ အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
သိုင်းသမားများနှင့် ယဇ်ပုရောဟိတ်များသည် မြင့်မားသော အဆောက်အအုံများပေါ်တွင် နေထိုင်ကြပြီး အောက်ခြေရှိ လူများကို အပေါ်စီးမှ ကြည့်ရှုနေကြ၏။
သာမန် ပြည်သူများသည် မြေကြီးပေါ်ရှိ သစ်သား အိမ်များတွင် နေထိုင်ကြပြီး မရေမတွက်နိုင်သော ကျွန်များမှာမူ သက်ကယ်မိုး အိမ်များ အတွင်းတွင် နေထိုင်ကြသည်။
ယွင်ကျုံးဟဲ့သည် တာရှန်း မိစ္ဆာနိုင်ငံကို မမြင်ဖူးသောကြောင့် မည်သို့ ပုံစံမျိုး ရှိသည်ကို မသိနိုင်ပေ။ သို့ပေမည့် မျက်မှောက်ရှိ ဟေးယန် အင်ပါယာသည် သူ့ကို ပြင်းထန်သော အမြင်အာရုံ ရိုက်ခတ်မှုကို ပေးစွမ်းနိုင်ခဲ့ပြီး စိတ်ကူးယဉ်ဆန်သော ခံစားချက် တစ်မျိုးကို ပေးစွမ်းနိုင်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤသိုင်းသမား မျိုးနွယ်စုများနှင့် ယဇ်ပုရောဟိတ်များ၏ ပိရမစ်ကြီးများသည် တာ့ယန် အင်ပါယာသစ်၏ အဆောက်အအုံများထက်ပင် ပိုမို ခမ်းနား ကြီးကျယ်နေပြီး ထိုသက်ကယ်မိုး အိမ်များနှင့် လုံးဝ ကွာခြားလွန်းလှသောကြောင့်ပင်။
အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးက ဒေါ်လာ တစ်ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားသော စံအိမ်ကြီး၏ ဘေးတွင် ပြည့်ကျပ်နေသော ကျူးကျော်ရပ်ကွက်ကြီး ရှိနေသကဲ့သို့ပင် ဖြစ်သည်။
မျက်မှောက်ရှိ ဟေးယန် အင်ပါယာ၏ ကွာဟချက်မှာမူ ထိုထက်ပင် အများကြီး ပိုမို ကြီးမားနေသေးသည်။ ဤမြင်ကွင်းသည် တကယ်ကို ခေတ်လွန် အနုပညာဆန်လို့နေ၏။
ဤသည်မှာ ကုန်ထုတ်လုပ်မှု စွမ်းအား အလွန် နိမ့်ကျသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး သိုင်းသမားများနှင့် ယဇ်ပုရောဟိတ် အနည်းငယ်မှလွဲ၍ ကျန်သူ အများစုမှာ ဝက်၊ ခွေးများထက်ပင် ဆိုးရွားသော ဘဝကို ဖြတ်သန်းနေရသည်။
ဂုဏ်သိက္ခာ ဆိုသည့် ဇိမ်ခံပစ္စည်းကို မဆိုထားနှင့်၊ စားသောက်ရသည်ကပင် ဝက်ခွေးများလောက် မကောင်းပေ။
နိုင်ငံ တစ်ခုလုံးတွင် သစ်သီးခြံများ၊ လယ်ယာမြေများက မျက်စိတစ်ဆုံး ပြည့်နှက်နေသည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် မြေသြဇာ အကောင်းဆုံး လယ်ယာမြေများ ဖြစ်လောက်ပြီး မိုးရွာသွန်းမှု များပြားကာ ရာသီဥတုက ပူပြင်းသောကြောင့် အထွက်နှုန်း အကောင်းဆုံး ဖြစ်လောက်သည်။
နှိုင်းယှဉ်ကြည့်မည် ဆိုပါက တာ့ယန် အင်ပါယာသစ်သည် အရမ်း အေးလွန်းသောကြောင့် စိုက်ပျိုးရေးအတွက် သိပ်မသင့်တော်ပေ။
သို့ပေမည့် ဤဟေးယန် အင်ပါယာ၏ လယ်ယာမြေများ အထွက်နှုန်းမှာ အလွန် နိမ့်ကျပြီး ဆန့်ကျင်ဘက် အနေဖြင့် တာ့ယန် အင်ပါယာသစ်တွင်မူ အကျိုးရှိသော လယ်ယာမြေ သိပ်မရှိသော်လည်း လိုအပ်ချက်ထက် များစွာ သာလွန်သော စားနပ်ရိက္ခာများကို ထုတ်လုပ်နိုင်သည်။
“ကျွီ...”
ရုတ်တရက် ရှေ့မှ လင်းတငှက် အကောင် ဆယ်ဂဏန်းခန့် ပြေးဝင်လာ၏။
‘ဒါတွေက အသွင်ပြောင်းထားတဲ့ လင်းတငှက်တွေလား။ အရွယ်အစားက ဒီလောက်တောင် ကြီးနေတာလား။ ကမ္ဘာမြေပေါ်က လင်းတငှက်တွေက အလွန်ဆုံး အရှည် တစ်ဒဿမနှစ်မီတာလောက်ပဲ ရှိတာလေ။ ဒီက လင်းတငှက်တွေက နှစ်မီတာလောက် ရှိပြီး အလေးချိန်က ပေါင် တစ်ရာကျော်လောက် ရှိနေပြီ မလား။
ပြီးတော့ ဒီလင်းတငှက်တွေက တိုက်ခိုက်လိုစိတ် အရမ်း ပြင်းထန်ပြီး သွေးဆာ ရက်စက်ကြတယ်။ ထက်မြက်တဲ့ နှုတ်သီးတွေ၊ ထက်မြက်တဲ့ ခြေသည်းတွေနဲ့ ဒီလေသင်္ဘောကို ရူးသွပ်စွာ တိုက်ခိုက်ဖို့ ပြင်နေကြတယ်။ ကံကောင်းစွာနဲ့ သူတို့ရဲ့ အရွယ်အစားက ဒီထက် ပိုမကြီးနေလို့သာပေါ့။ မဟုတ်ရင် လူတွေကိုပါ စီးနင်း တိုက်ခိုက်တော့မှာပဲ။’
လေသင်္ဘောပေါ်ရှိ စစ်သည်များသည် ရိုင်ဖယ် သေနတ်များကို ချက်ချင်း ထုတ်ယူကာ ပစ်ခတ်ပေါက်များ မှတစ်ဆင့် လင်းတငှက်များကို ပစ်သတ်ရန် ပြင်လိုက်ကြသည်။
“မပစ်နဲ့။” ယွင်ကျုံးဟဲ့က တားမြစ်လိုက်၏။
တပ်မှူးက ပြောလိုက်သည်။ “အရှင်... သူတို့က ကျုပ်တို့ရဲ့ လေသင်္ဘောကို ဆွဲဖြဲနေတယ်။ ဒီအတိုင်း ဆက်သွားရင် လေသင်္ဘော ပြုတ်ကျနိုင်တဲ့ အန္တရာယ် ရှိပါတယ်။”
ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်ပြီး ခေါင်းထဲတွင် စိတ်ရောဂါသည် နှစ်ဦး၏ စွမ်းရည်များကို ပြန်လည် တွေးတောလိုက်သည်။ ဘီသိုဗင် နှင့် ပင်လယ်သားတော်တို့ ဖြစ်၏။
ဘီသိုဗင်သည် အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ပင်လယ်သားတော်သည် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်ခြင်း ဖြစ်၏။ ဤစွမ်းရည် နှစ်ခုကို ပေါင်းစပ်လိုက်ပြီးနောက် ယွင်ကျုံးဟဲ့သည် အသံရှည်ကြီး တစ်ခုကို ကျယ်လောင်စွာ ထုတ်လွှတ်လိုက်သည်။
ဤအသံရှည်ကြီးသည် ဘေးတွင် ရပ်နေသူများပင် အခြေခံအားဖြင့် မကြားနိုင်သော အလွန် မြင့်မားသည့် ကြိမ်နှုန်းရှိသော အသံလှိုင်း တစ်မျိုး ဖြစ်၏။
“ဘုန်း...”
ဤအသံရှည်ကြီးသည် လေထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် လင်းတငှက် များသည် ချက်ချင်း လန့်ဖျပ်ကာ အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ လေသင်္ဘောပေါ်ရှိ စစ်သည်များ အံ့ဩမှင်တက်သွားကြ၏။ ‘အရှင်က ဒီလို စွမ်းရည်မျိုးတောင် ရှိသေးတယ်လား။ အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ် မဟုတ်ဘူးလား။’
အပိုင်း (၈၁၀)
ညအမှောင် အတွင်းတွင်...
ဟေးယန် အင်ပါယာ တစ်ခုလုံးသည် အခြေခံအားဖြင့် မှောင်မိုက်နေပြီး နေရာ အနည်းငယ်တွင်သာ မီးရောင်များ လင်းထိန်နေသည်။
တစ်ခုမှာ သိုင်းသမား မျိုးနွယ်စုများ ဖြစ်ပြီး၊ နောက်တစ်ခုမှာ ပိရမစ်များ ဖြစ်ကာ အစည်ကားဆုံးနှင့် အလင်းထိန်ဆုံး နေရာမှာမူ အခြား နေရာတစ်ခု ဖြစ်၏။
ဧရာမ သိုင်းပြိုင်ကွင်းကြီး ဖြစ်ပြီး ထိုနေရာမှ နားကွဲမတတ် ဆူညံသော သွေးဆာနေသည့် အော်ဟစ်သံများ ထွက်ပေါ်နေသည်။
သိုင်းပြိုင်ပွဲများသည် ဟေးယန် အင်ပါယာ တစ်ခုလုံး၏ နေ့စဉ် အလုပ်တစ်ခု ဖြစ်သည်။ နေ့တိုင်းလိုလို သိုင်းပြိုင်ပွဲ ဖျော်ဖြေမှုများကို ပြုလုပ်နေကြ၏။
ကျွန်များနှင့် ကျွန်များကြား သိုင်းပြိုင်ခြင်း၊ ကျွန်များနှင့် သားရဲများကြား သိုင်းပြိုင်ခြင်း စသည်တို့ ဖြစ်သည်။
လစဉ် လဆန်း ကိုးရက်နေ့သည် စိန်ခေါ် သိုင်းပြိုင်ရက်ဖြစ်ပြီး သိုင်းသမားများကြား သိုင်းပြိုင်ခြင်း ဖြစ်၏။
ဟေးယန် အင်ပါယာသည် သိုင်းပညာကိုသာ အဓိကထားပြီး ရာထူးတိုးလိုပါက၊ မြင့်မားသော နေရာကို ရရှိလိုပါက အလွန် ရိုးရှင်း၏။ အဆက်မပြတ် တိုက်ခိုက်၊ အဆက်မပြတ် စိန်ခေါ်ရုံသာ ဖြစ်သည်။
လစဉ် စိန်ခေါ်ရက်တွင် တပ်မှူးတစ်ဦးအား စိန်ခေါ်၍ လူအများရှေ့တွင် သတ်ဖြတ်လိုက်ပါက စိန်ခေါ်သူသည် ထိုတပ်မှူး၏နေရာကို ဆက်ခံ၍ တပ်မှူးသစ် ဖြစ်လာ၏။
တပ်မှူးတစ်ဦး သေဆုံးသွားသည့်အခါမျိုးတွင် တပ်စုမှူး အဆင့်ရှိ သိုင်းသမားအများအပြားသည် ထိုရာထူးကို လုယူရန် ရောက်ရှိလာကြပြီး သိုင်းပြိုင်ကွင်း၌ အသက်စွန့်ယှဉ်ပြိုင်ကြရ၏။ နောက်ဆုံးတွင် အနိုင်ရရှိသူသည် တပ်မှူးသစ်အဖြစ် တာဝန်ယူရသည်။
ဤအကြောင်းကြောင့်ပင် ဟေးယန်အင်ပါယာရှိ သိုင်းသမားတို့သည် အချိန်တိုင်း တိုက်ခိုက်နေကြပြီး အချင်းချင်း သတ်ဖြတ်နေကြခြင်းဖြစ်သည်။ ထိုစနစ်မှာ ရက်စက်လွန်းလှသလို သွေးဆာလွန်းလှ၏။
ထိုစဉ်က ကျင်းကျုံးယွဲ့သည်လည်း ဤစနစ်ကို အားကိုး၍ ထိုးဖောက်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူမသည် ဟေးယန်အင်ပါယာသို့ စတင်ရောက်ရှိချိန်မှစ၍ သိုင်းပြိုင်ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကာ အဆက်မပြတ် စိန်ခေါ်ခြင်း၊ အဆက်မပြတ် သတ်ဖြတ်ခြင်းတို့ဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းခဲ့၏။ နောက်ဆုံးတွင် ဟေးယန်အင်ပါယာ၌ နေရာတစ်ခုကို ပိုင်ဆိုင်လာနိုင်ခဲ့သည်။
သူမအနေဖြင့် မိမိ၏ကလေးများကို ကာကွယ်ရန်နှင့် ခေါ်ဆောင်လာသည့် လူတစ်ထောင်ကျော်ကို စောင့်ရှောက်နိုင်ရန်အတွက် မိမိကိုယ်ကိုယ် ပိုမိုအင်အားကြီးမားလာအောင် ကြိုးပမ်းခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
တစ်ကြိမ်ပြီးတစ်ကြိမ် အဆင့်မြှင့်တင်မှုများ၊ တစ်ကြိမ်ပြီးတစ်ကြိမ် ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှု များကို ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံးတွင်မူ သူမသည် ချင်ဝမ်ကိုးယောက်ထဲမှ တစ်ဦး ဖြစ်လာခဲ့၏။ အကြောင်းမှာ ချင်ဝမ်တစ်ဦးလျှင် ကျွန်နှစ်ထောင် ပိုင်ဆိုင်ခွင့်ရှိသောကြောင့်ဖြစ်သည်။
ထိုသို့ဖြင့် သူမသည် မိမိခေါ်ဆောင်လာသည့် လူတစ်ထောင်နီးပါးကို အကာအကွယ်ပေးနိုင်ခဲ့သည်။ ကျွန်ဟူသော နာမည်ခံယူထားရသော်လည်း အနည်းဆုံးတော့ အခြားသူတို့၏ ကျွန်အဖြစ် မခံရတော့ပေ။ အကယ်၍သာ အခြားသူတို့၏ကျွန် ဖြစ်ခဲ့ရပါက ရှင်သန်ရန်ပင် ခက်ခဲပြီး သေဆုံးရန်လည်း မလွယ်ကူတော့သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားပေလိမ့်မည်။
ညအမှောင် အတွင်းတွင် ဤလေသင်္ဘောသည် အောက်သို့ အနည်းငယ် ဆင်းသက်လာနိုင်ခဲ့သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီသိုင်းပြိုင်ကွင်းကို မြင်လား။”
တပ်မှူးက ဖြေလိုက်သည်။ “မြင်ပါတယ် အရှင်...”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လဆန်းကိုးရက်နေ့ စိန်ခေါ်သိုင်းပြိုင်ရက်မှာ ကျုပ် ဒီဧရာမ သိုင်းပြိုင်ကွင်းကြီး ပေါ်ကို ရောက်နေလောက်တယ်။ အဲဒီအချိန် ကျုပ်က အချက်ပြ မီးကျည် ပစ်လွှတ်လိုက်တာနဲ့ ခင်ဗျားတို့ ဒီဧရာမ ဗုံးကြီးကို ချက်ချင်း ပစ်ချလိုက်တော့။”
တပ်မှူး၏ အကြည့်များက ထိုဗုံးကြီးဆီသို့ ရောက်ရှိသွားသည်။ တန်ချိန် နှစ်တန်ခန့် အလေးချိန်ရှိသော ဧရာမ ဗုံးကြီးဖြစ်ပြီး အတွင်းတွင် အားပြင်း ယမ်းမှုန့်များ အပြည့် ထည့်သွင်းထားသည်။
တပ်မှူးက ဖြေလိုက်၏။ “ကောင်းပါပြီ အရှင်... “
ထို့နောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အခု လေသင်္ဘောကို ကျယ်ဝန်းပြီး လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို မောင်းသွားပြီး ကျုပ်ကို အောက်ချပေးပါ။”
တပ်မှူးက မေးလိုက်၏။ “အရှင်... အရှင် တစ်ယောက်တည်း သွားမလို့လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သေချာတာပေါ့။ ကျုပ် တစ်ယောက်တည်း ဟေးယန် မြို့တော်ကို သွားမယ်။ ဒီလေသင်္ဘော ဘာမှ ဖြစ်လို့ မရဘူး။ ခင်ဗျားတို့ ဘာမှ ဖြစ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ လိုအပ်တဲ့ အချိန်ကျရင် ခင်ဗျားတို့ရဲ့ အကူအညီကို ကျုပ် လိုအပ်တယ်။
ဟေးယန် အင်ပါယာက အရမ်းကို မာနကြီးပြီး အသိဉာဏ် နည်းပါးပေမယ့် အင်အားကိုတော့ အရမ်း ကြောက်ရွံ့ လေးစားတယ်။ အကယ်၍ စကားနဲ့ ပြောလို့ မရတော့ဘူးဆိုရင် ဒီဧရာမ ဗုံးကြီးကို ပစ်ချပြီး သူတို့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်။ တကယ့် အင်အားဆိုတာ ဘာလဲဆိုတာ သူတို့ကို သိသွားစေရမယ်။”
တပ်မှူးက ပြောလိုက်၏။ “ကောင်းပါပြီ အရှင်...”
ထို့နောက် လေသင်္ဘောသည် ချောင်ကျပြီး လူသူကင်းမဲ့သော နေရာတစ်ခု၏ ကောင်းကင်ယံသို့ ပျံသန်း သွားသည်။
ယွင်ကျုံးဟဲ့သည် သူ၏ ပစ္စည်းများကို ယူဆောင်ကာ လေထီးခုန်ချလိုက်၏။
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့သည် ကြီးမားသော အထုပ်ကြီး တစ်ထုပ်ကို လွယ်ကာ ဟေးယန် အင်ပါယာ၏ မြို့တော်ဖြစ်သော အနက်ရောင်နဂါးမြို့ဆီသို့ ခရီးဆက်လာခဲ့သည်။
ဟေးယန် အင်ပါယာ၏ မြို့တော် အနက်ရောင်နဂါးမြို့သည် အလွန် ထူးဆန်းသော မြို့တစ်မြို့ ဖြစ်သည်။ မြို့က သိပ်မကြီးသော်လည်း အတွင်းတွင် နေထိုင်သူများမှာ သိုင်းသမားများနှင့် ယဇ်ပုရောဟိတ်များအပြင် သူတို့၏ လက်အောက်ခံ ကျွန်များသာ ဖြစ်ကြ၏။
ဤအနက်ရောင်နဂါးမြို့ အတွင်းတွင် ခမ်းနားကြီးကျယ်သော ပိရမစ်များ၊ သိုင်းသမား မျိုးနွယ်စုများ ပြည့်နှက် နေသည်။
အထူးသဖြင့် သူတို့၏ မြို့ရိုးများသည် မီတာ သုံးဆယ်ခန့် မြင့်မားပြီး အားလုံးကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားကာ ဘီလူးကြီးများ၏ လက်မောင်းများကဲ့သို့ ဖြစ်နေသည်။ တကယ်ကို အင်အားကြီးမားပြီး ရှေးဟောင်းဆန်သည့် မြို့တစ်မြို့ပင် ဖြစ်၏။
သူ မြို့အပြင်ဘက်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အနက်ရောင်နဂါး သိုင်းသမား ဆယ်ဂဏန်းခန့်၏ ဝိုင်းရံခြင်းကို ချက်ချင်း ခံလိုက်ရပြီး လေးမြား ရာပေါင်းများစွာက ယွင်ကျုံးဟဲ့တို့ကို ချိန်ရွယ်ထားကြသည်။
ဤဟေးယန် အင်ပါယာ၏ ကုန်ထုတ်လုပ်မှု စွမ်းအားမှာ အလွန် နိမ့်ကျသော်လည်း သိုင်းပညာနှင့် သက်ဆိုင်သော ပစ္စည်းများမှာမူ အလွန် ဖွံ့ဖြိုးတိုးတက်၏။
ဥပမာအားဖြင့် သူတို့၏ အနက်ရောင် သံချပ်ကာ ဝတ်စုံများအပြင် သူတို့၏ လေးမြားများမှာလည်း တွေးကြည့်၍ပင် မရနိုင်လောက်အောင် ကောင်းမွန်ပြီး တာရှန်း မိစ္ဆာနိုင်ငံ၏ လက်နက် ကိရိယာများနှင့် အခြေခံအားဖြင့် မကွာခြားလှပေ။
ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို အမြင့်သို့ မြှောက်ကာ ပြောလိုက်သည်။ “ကျုပ်က တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင်၊ အမျိုးသမီး ချင်ဝမ် ကျင်းကျုံးယွဲ့ရဲ့ ယောက်ျားပါ။ ခင်ဗျားတို့ရဲ့ ဟေးယန် အင်ပါယာ ဧကရာဇ်ကို လာတွေ့တာပါ။”
တစ်ဖက်မှ အနက်ရောင်နဂါး သိုင်းသမား ခေါင်းဆောင်က လုံးဝ ဂရုမစိုက်ဘဲ ရှေ့တိုးလာကာ ယွင်ကျုံးဟဲ့ကို တိုက်ရိုက် ဖမ်းဆီးလိုက်သည်။ ပြီးနောက် ကြိုးများဖြင့် တုပ်နှောင်ကာ ခေါင်းစွပ်ကို စွပ်လိုက်၏။
“သွားမယ်။”
ယွင်ကျုံးဟဲ့တို့ အဖွဲ့သည် သိုင်းသမား ထောင်ချီ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။
လမ်းတစ်လျှောက်လုံး သူ၏ မျက်လုံးများကို အမြဲတမ်း ဖုံးအုပ်ထားသောကြောင့် အပြင်ဘက်ရှိ မြင်ကွင်းများကို လုံးဝ မမြင်ရပေ။
တောင်ပေါ်သို့ အမြဲတမ်း တက်နေရပြီး ရာသီဥတုက အလွန် ပူပြင်းသည်။ ထို့နောက် လှေကားထစ်များကို တက်ရပြီး နောက်ဆုံးတွင် အေးမြသော လေပြေလေး တိုက်ခတ်လာသည်။
အဆောက်အအုံ တစ်ခုခု အတွင်းသို့ ဝင်ရောက်သွားသည်မှာ ထင်ရှားပြီး ဤအဆောက်အအုံမှာလည်း အလွန် ကြီးမားပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် လမ်းလျှောက်သံ ပဲ့တင်သံများက အလွန် ကျယ်လောင် သောကြောင့်ပင်။
ဤအဆောက်အအုံ အတွင်းသို့ ဝင်ရောက်ပြီးနောက် ရပ်တန့်မသွားဘဲ ဆက်လက် လမ်းလျှောက်နေပြီး အောက်ဘက်သို့ ဆင်းသွားသော လှေကားထစ်များ ဖြစ်၏။ ပတ်ဝန်းကျင် အပူချိန်က ပို၍ ပို၍ အေးမြလာရာ မြေအောက်သို့ ရောက်ရှိသွားသည်မှာ ထင်ရှားသည်။
“ရောက်ပြီ၊ ဝင်သွားလိုက်။” ထိုသိုင်းသမား ခေါင်းဆောင်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့၏ ခေါင်းစွပ်ကို ဆွဲချွတ်လိုက်၏။ ဤနေရာသည် မြေအောက်ခန်း တစ်ခု ဖြစ်လောက်ပြီး ယွင်ကျုံးဟဲ့၏ လက်အောက်ခံ စစ်သည် ဆယ်ဂဏန်းခန့်မှာမူ သီးခြား ခွဲထားခံလိုက်ရသည်။
ရှေ့တွင် ကျောက်တုံး အခန်း တစ်ခန်း ရှိပြီး ဆယ်စတုရန်းမီတာခန့် ကျယ်ဝန်းပုံ ရသည်။ ယွင်ကျုံးဟဲ့ ဝင်သွားလိုက်ရာ ဤနေရာရှိ ကျောက်တုံး ထိုင်ခုံ၊ ကျောက်တုံး စားပွဲ၊ ကျောက်တုံး ကုတင်စသည့် အရာအားလုံးမှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
ကျောက်တုံး ကုတင်ပေါ်တွင် လှဲလျောင်းရင်း ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တပ်မှူး... ကျေးဇူးပြုပြီး သတင်းပို့ပေးပါ။ ခင်ဗျားတို့ ဧကရာဇ်ကို ကျုပ် တွေ့ချင်ပါတယ်။”
“ခင်ဗျား အရည်အချင်း မမီသေးဘူး။” ထိုသိုင်းသမား ခေါင်းဆောင်က အေးစက်စွာ ရယ်မောကာ အထင်သေးစွာ ပြောလိုက်၏။
‘တကယ် ထူးဆန်းတာပဲ။ ဟေးယန် အင်ပါယာက သိုင်းသမားတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ မာနတွေ၊ သာလွန်မှု ခံစားချက်တွေက တကယ်ကို ပြင်းထန်လွန်းတယ်။ သူတို့ကလွဲပြီး လောကကြီး တစ်ခုလုံးက ပုရွက်ဆိတ်တွေချည်းပဲလို့ ထင်နေကြသလိုပဲ။’
ယွင်ကျုံးဟဲ့သည် ထိုသို့သော မောက်မာမှုမျိုးကို တာ့ယန်အင်ပါယာသစ်ရှိ နိုင်ငံသားတို့၌ မြင်ဖူးခဲ့သော်လည်း၊ ဟေးယန်အင်ပါယာမှ သိုင်းသမားတို့၏ အမူအရာမှာမူ ပိုမိုဆိုးရွားလွန်းလှသည်။
ပြောပြီးသည်နှင့် သိုင်းသမား ခေါင်းဆောင်က အခန်းတံခါးကို တိုက်ရိုက် ပိတ်လိုက်၏။
ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် ဤမြေအောက်ခန်း အတွင်း၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
တစ်ရက်၊ နှစ်ရက် ကုန်လွန်သွားသည်။ လဆန်း ခြောက်ရက်နေ့ည ကုန်လွန်သွားပြီး နောက်ဆုံးတွင် မြေအောက်ခန်း၏ တံခါး ပွင့်လာ၏။
“ကျုပ်နောက် လိုက်ခဲ့...” သိုင်းသမား အချို့ ရှေ့တိုးလာကာ ယွင်ကျုံးဟဲ့ကို ဆွဲခေါ်သွားပြီး မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။
ဤသည်မှာ သိုင်းသမား မျိုးနွယ်စု တစ်ခုဖြစ်ပြီး သိုင်းသမားများသာ ဤနေရာတွင် နေထိုင်ခွင့် ရှိသည်။ သိုင်းသမားများနှင့် ယဇ်ပုရောဟိတ်များသည် အင်ပါယာ၏ အမြင့်ဆုံး လူတန်းစားများ ဖြစ်ကြသည်။
အခန်း တစ်ခန်း အတွင်းသို့ ရောက်ရှိသွားရာ ဤနေရာရှိ အရာအားလုံးသည်လည်း ရိုးရှင်းလှပြီး ပရိဘောဂ အားလုံးမှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
အပေါ်တွင် အနက်ရောင်နဂါး ပုံထွင်းထားသော ကျောက်တုံး ထိုင်ခုံ တစ်ခု ရှိပြီး ကြောက်စရာကောင်းကာ ခန့်ညားထည်ဝါသည်။
ကျောက်တုံး ထိုင်ခုံပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ ခန့်ညားထည်ဝါသော အနက်ရောင်နဂါး တပ်မှူး တစ်ဦး ဖြစ်ပြီး သူက သံခမောက်ကို ချွတ်ထားကာ မျက်နှာကို ဖော်ပြထား၏။
ဤသည်မှာ ကြောက်ရွံ့ဖွယ် ကောင်းသော မျက်နှာ တစ်ခု ဖြစ်သည်။ နှာခေါင်းက ကောက်ကွေးနေပြီး မျက်လုံးများက နက်ရှိုင်းကာ ချောမောသည်ဟု ဆိုနိုင်သော်လည်း လူများကို ကြက်သီးမွေးညင်း ထစေကာ ရူးသွပ်ပြီး ရက်စက်သည့် ပုံစံ ပေါက်နေသည်။
သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အငွေ့အသက်များသည်လည်း အန္တရာယ်များပြီး ဖိနှိပ်မှုများ ပြည့်နှက်နေသည်။ ဤလူ၏ သိုင်းပညာက အလွန် မြင့်မားကြောင်း ထင်ရှား၏။
“ကျုပ်က ဟေးယန် အင်ပါယာက လော်ယဲ့ ပါ။”
အနက်ရောင်နဂါး တပ်မှူးက အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားဆီမှာ ဘာစွမ်းရည် ရှိလို့ ကျုပ်တို့ ဟေးယန် အင်ပါယာမှာ ခြေချနိုင်မှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်က တာ့ယန် အင်ပါယာသစ်ရဲ့ အာဏာရှင် ဘုရင်ပါ။ ခင်ဗျားတို့ ဧကရာဇ်နဲ့ ဆွေးနွေးဖို့ လာခဲ့တာပါ။”
“ဟား... ဟား... ဟား... ဟား...ဟား...”
အင်အားကြီး သိုင်းသမား လော်ယဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အသံကြီးက တိမ်များကို ဖောက်ထွင်းပြီး နံရံများကို အက်ကွဲစေမတတ် ဖြစ်ကာ လူများ၏ နားစည်ကို ဆုတ်ဖြဲပစ်တော့မည့် အလား ဖြစ်ပြီး လူများကို မြေကြီးပေါ်တွင် လူးလှိမ့်ကာ နာကျင်စေတော့မည့် အလားပင်။
သိုင်းပညာက တကယ်ကို အလွန် မြင့်မားလွန်းလှသည်။ ထို့အပြင် သူ အသုံးပြုထားသည်မှာ ဘီသိုဗင်၏ အသံလှိုင်း တိုက်ခိုက်မှု မဟုတ်ဘဲ အင်အားကြီးမားသော အတွင်းအားကို အားကိုးထားခြင်း ဖြစ်၏။
“တာ့ယန် အင်ပါယာသစ်..”
လော်ယဲ့က ကျယ်လောင်စွာ ရယ်မောကာ ပြောသည်။ “အခု ခွေးလို၊ ကြောင်လို ကောင်တွေတောင် အင်ပါယာ တည်ထောင်နေကြပြီလား။ ကျုပ်တို့ ဟေးယန် အင်ပါယာက ဒီနှစ်တွေ အတွင်းမှာ လောက တစ်ခွင်ကို လွှမ်းမိုးပြီး တိုက်ပွဲတိုင်းကို အနိုင်ရခဲ့တယ်၊ နိုင်ငံပေါင်း မရေမတွက်နိုင်အောင် ဖျက်ဆီးခဲ့တယ်။ အာတာ အင်ပါယာတို့၊ မာလာ အင်ပါယာတို့ ဆိုတာ ရာချီ၊ ထောင်ချီ ရှိတယ်။ အဲဒီ အင်ပါယာတွေက ဧကရာဇ် ဆိုတဲ့ ကောင်တွေ အခု ဘာလုပ်နေလဲ သိလား။ တချို့ကတော့ သေသွားပြီ၊ ဟိုမှာလေ။”
ယွင်ကျုံးဟဲ့ လှမ်းကြည့်လိုက်ရာ စနစ်တကျ စီတန်းထားသော အရိုးခေါင်းများကို တွေ့လိုက်ရပြီး အားလုံး သတ်ဖြတ်ခံထားရခြင်း ဖြစ်၏။
လော်ယဲ့က ပြောလိုက်သည်။ “ကျုပ်လက်ထဲက ခွက်ကို ခင်ဗျား ထပ်ကြည့်လိုက်အုံး။”
ယွင်ကျုံးဟဲ့ လှမ်းကြည့်လိုက်ရာ သူ၏ လက်ထဲရှိ ခွက်မှာ လူ၏ အရိုးခေါင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ တကယ်ကို ရက်စက်ပြီး အရိုင်းဆန်သော နိုင်ငံ တစ်နိုင်ငံပင် ဖြစ်၏။
................