သုံးယောက်သား ပြန်လည်ဆုံတွေ့ခြင်း
Vol. 13 Ch. 197
ကျူးယင်ကျွန်း၏ ရေအောက်လောက၌ ရွှီချင်းက တစ်ကိုယ်လုံး နာကျင်နေလျက် တရိပ်ရိပ်သွားနေသည်။ အနည်းငယ် သက်သာလာပြီဖြစ်သော ခြေထောက်များ၊ လက်များနှင့် ဝမ်းဗိုက်ရှိ ဒဏ်ရာများက ပြန်လည်၍ စုတ်ပြတ်လာပြီး သွေးများ စီးကျလာကာ စုတ်ပြဲနေသော သူ့ဝတ်ရုံမှာ သွေးချင်းချင်းနီရဲနေတော့သည်။
သူ့တစ်ကိုယ်လုံးကို ဝိညာဉ်စွမ်းအားများဖြင့် ကာကွယ်ထား၍ သူ့ဒဏ်ရာများထဲ ပင်လယ်ရေများ မဝင်ရောက်နိုင်ပါသော်ငြား သူ လှုပ်ရှားသွားတိုင်း ပို၍သာ နာကျင်လာရသည်။
ယခုတစ်ခေါက် ရွှီချင်း၏ ဒဏ်ရာများက အလွန် ပြင်းထန်သည်။ ခရမ်းရောင်သလင်းကျောက်သည်ပင် သူ့ကို မြန်မြန်သက်သာအောင် မလုပ်နိုင်ပေ။
ထိုအချိန်၌ ဘေးပတ်လည်ရှိ မြူခိုးများက အရာအားလုံးကို လွှမ်းခြုံနေပြီဖြစ်သည်။ ထိုမြူခိုးများထဲရှိ ဓာတ်နှောများကို ရွှီချင်း လျစ်လျူရှုထားနိုင်ပါသော်ငြား အလောင်းအဆိပ်များလည်း ရှိနေသည်ကို သူ အာရုံခံမိလိုက်သည်။
လက်ရှိအခြေအနေတွင် အလောင်းအဆိပ်ကို ကြုံတွေ့လိုက်ရခြင်းသည် ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုစားနိုင်စွမ်းကို လျော့ကျသွားစေနိုင်သည်။ ယင်းသည် သူ၏ ပြန်လည်ကုစားခြင်းကို ဆိုးဝါးသွားစေမည်ဖြစ်သည်။
ယင်းအပြင် မြူခိုးများထဲမှ အသက်ပြန်ရှင်လာသည့်အလား အလောင်းတချို့ ကုန်းရုန်းထလာသည်ကိုလည်း သူ မြင်လိုက်ရသည်။ ၎င်းတို့က သားရဲကြီးများကဲ့သို့ ဟိန်းဟောက်မာန်ဖီကာ မြူခိုးများထဲ ပြေးနေသည်။
မြူခိုးများထဲ သူ တစ်ကြိမ် ရောက်သွားသည်နှင့် သေရေးရှင်ရေး အခြေအနေတစ်ရပ်နှင့် သေချာပေါက် ကြုံတွေ့သွားရမည် ဖြစ်သည်။
“ ဒီနေရာကနေ ငါ တတ်နိုင်သလောက် မြန်မြန်ထွက်သွားမှဖြစ်မယ် ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သူ အံတင်းတင်းကြိတ်လိုက်ပြီး နာကျင်မှုကို တောင့်ခံ၍ ရှေ့ဆက်သွားလိုက်သည်။
ထိုပြင်းထန်သော လှုပ်ရှားမှုကြောင့် သူ့မျက်နှာ ပို၍ပင် ဖြူဖျော့လာသည်။ သို့သော်လည်း ရွှီချင်းမှာ နာကျင်မှုကို တောင့်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိချေ။ မြူခိုးများ ဆက်လက်လွင့်ပါးလာသည်နှင့်အမျှ သူက ထွက်ပေါက်သို့ ပြေးသွားကာ ပျံသန်းစေနိုင်သော အဆောင်ကိုပင် အသုံးချလိုက်သည်။
သို့သော်လည်း သူ့တစ်ကိုယ်လုံး အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်ပြီး ဝိညာဉ်စွမ်းအားများလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ တချိန်တည်းမှာပင် အရေးပေါ်အခြေအနေများအတွက် စွမ်းအားများကို ချန်ထားရသေးသည်ဖြစ်ရာ ပျံသန်းစေနိုင်သော အဆောင်ကို အားပြု၍သာ မြန်ဆန်စွာ ခရီးဆက်နေသည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့သည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ဘုရားကျောင်းနယ်နိမိတ်အတွင်းမှ ရွှီချင်း ထွက်လာနိုင်ခဲ့သည်။
ဘေးပတ်လည်တွင်လည်း အရာအားလုံးကို လွှမ်းခြုံထားသော မြူခိုးများမှလွဲ၍ မည်သည့်အရာမှ မရှိချေ။ ထိုမြူခိုးများသည်သာ ဆက်လက်ဝါးမျိုကာ တရိပ်ရိပ်ချဉ်းကပ်နေပြီး ဘုရားကျောင်းများစွာနှင့် သန္တာကျောက်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံများမှာ ချက်ချင်း ဝါးမျိုခံလိုက်ရသည်။ မြူခိုးများ ဖြတ်သန်းသွားသည့်နေရာတိုင်း မည်းနက်သွားသည်။
There were very few people here to begin with, and at this moment, there was no sign of them at all. Only the roars of the revived corpses in the fog could be heard.
ရွှီချင်း၏ မျက်နှာမည်းမှောင်သွားသည်။ ပင်လယ်ကြမ်းပြင်မှာပင် အလားတူဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။ ပင်လယ်ကြမ်းပြင်မှ အနက်ရောင်မြူခိုးများ ပို၍ပင် ထူထပ်သိပ်သည်းစွာ ထွက်ပေါ်နေဟန်တူပြီး သူ့ကို ထွက်မသွားအောင် ဟန့်တားနေပါသော်လည်း သူ ရှေ့သို့ တဟုန်ထိုး ခရီးဆက်လိုက်သည်။
သို့သော်လည်း ထွက်ပေါက်နှင့် သူ ဝေးလွန်းနေသည့်အတွက်ကြောင့် အချိန်အတော်ကြာသည်အထိ သူ သွားပြီးသောအခါတွင် ဘေးပတ်လည်၌ မြူခိုးများ ပြည့်နှက်လာကာ သူ့ကို လွှမ်းခြုံသွားလေသည်။
မြူခိုးများ သူ့ကို လွှမ်းခြုံသွားသည့်အခိုက် ရွှီချင်း၏ ဝိညာဉ်စွမ်းအားအကာအကွယ်အလွှာမှာ ယိမ်းခါလာပြီး လျင်မြန်စွာ တိုက်စားခံလာရသည်။ ထိုအချိန်၌ သူ၏အမြင်အာရုံလည်း ဖုံးကွယ်သွားသည်။
အလောင်းကောင်များ၏ ဟိန်းဟောက်အော်ဟစ်သံများသည်သာ နေရာအနှံ့မှ ကြားနေရသည်။
ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူက ညာလက်ကို မြှောက်၍ အနက်ရောင်သံတုတ်လေးကို ဘေးသို့ လွှဲယမ်းလိုက်သည်။ အနီးမှ ရက်စက်ကြမ်းကြုတ်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။ ယင်းအသံပိုင်ရှင်မှာ ပြန်လည်ရှင်သန်လာသော အလောင်းတစ်လောင်းပင်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ကွဲပြားသွားသည်မှာ ထိုအလောင်းက အသက်ရှင်စဉ်အခါက ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ ယခုအခါ ၎င်း၏တစ်ကိုယ်လုံးသာမက မျက်လုံးများပါ မည်းနက်နေသည်။ ၎င်း၏လည်ပင်းမှာ သံတုတ်ကြောင့် ပွင့်ထွက်နေပြီး ခေါင်းပြတ်ထွက်သွားပါသော်လည်း ၎င်း၏လက်နှစ်ဖက်က ရွှီချင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။
ရွှီချင်းက ဘယ်လက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ရာ ရေကန့်လန့်ကာတစ်ခု ပြန့်ထွက်လာသည်။
အလောင်းမှာ ပေတစ်ရာကျော်အထိ လွင့်ပျံသွား၏။
ရွှီချင်းက ဆက်လက်မတိုက်ခိုက်တော့ပေ။ ဘေးပတ်ဝန်းကျင်မှ အော်ဟစ်သံများ တိုးလာရာ သူ့မျက်နှာပေါ်၌ ဆုံးဖြတ်ချက်ချသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက မန္တန်လက်ကွက်ဖော်၍ မြေပြင်ကို ဖိနှိပ်လိုက်သည်။ ရုတ်တရက် သူ့ဘေးမှ မရေမတွက်နိုင်သော ရေစက်များ ပေါ်လာပြီး ရှဲကျင်းလုံတစ်ကောင်အဖြစ်သို့ ချက်ချင်း ပေါင်းစည်းသွားသည်။
၎င်း ပေါ်လာပြီးနောက် ၎င်းက ပေတစ်ထောင်အရွယ်အစားသို့တိုင်အောင် ချက်ချင်း ရှည်ထွက်သွားသည်။ ၎င်းက ရွှီချင်းကို လွှမ်းခြုံလိုက်ပြီးနောက် ဟိန်းဟောက်ကာ ရှေ့ဆက်သွားသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ၎င်းကို ဟန့်တားသည့် အလောင်းမှန်သမျှ အဝေးသို့ လွင့်ပျံသွား၏။
ယင်းသည် ရွှီချင်း၏ နောက်ဆုံးဝှက်ဖဲဖြစ်သည်။ ရှဲကျင်းလုံ ပျက်စီးသွားသည်နှင့် ဤနေရာမှ ထွက်ခွာရန် သူ့အတွက် ပို၍ပင် ခက်ခဲသွားတော့မည်ဖြစ်သည်။
ကံကောင်းထောက်မ၍ ရှဲကျင်းလုံက ကြောက်ခမန်းလိလိ မြန်ဆန်ပြီး ၎င်း၏ ခန္ဓာကိုယ်ကြီးကြောင့်လည်း ပြင်းထန်သော ဆောင့်အားကို ပိုင်ဆိုင်ထားသည်။ ၎င်းက အဆက်မပြတ် တိုက်စားခံနေရပြီး ကျုံ့ဝင်လာနေပါသော်လည်း ရှဲကျင်းလုံထဲတွင် ရွှီချင်း သိုလှောင်ထားခဲ့သည့် ဝိညာဉ်စွမ်းအားများမှာ အလွန်များသည်။ ယင်းကြောင့် ရှဲကျင်းလုံက ရွှီချင်းကို မြူခိုးများတစ်လျှောက် မြန်ဆန်စွာ သယ်ဆောင်သွားပြီး ထွက်ပေါက်နှင့် နီးသည်ထက် နီးလာသည်။
လမ်းတစ်လျှောက်တွင် ချီရွှဲ့ထုံဂိုဏ်းသားအနည်းအကျဉ်းကိုလည်း သူ ထပ်တိုက်ကြုံတွေ့ခဲ့ရသည်။ ထိုဂိုဏ်းသားများအားလုံး တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်နိုင်ဘဲ အစွမ်းကုန် ပြေးနေကြသည်။
သို့သော်လည်း ထွက်ပေါက်နေရာနှင့် နီးကပ်လာသည့်အခိုက် ထိုနေရာမှ ကျင့်ကြံသူများစွာ သေကြေနေပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။
ချီရွှဲ့ထုံဂိုဏ်းသားအများစုကို သွေးစုတ်ဖုတ်ကောင်လှိုင်းကြီးက ဟန့်တားထားသည်။ ရွှီချင်း၏ မျက်နှာ မည်းမှောင်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ ဆန့်ထုတ်လိုက်သည်။
ရုတ်တရက် ရှဲကျင်းလုံမှာ ညှိုးခြောက်သွားသည့်အလား ကျုံ့ဝင်သွားသည်။ ၎င်း၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများက ရွှီချိင်း၏ ခန္ဓာကိုယ်ထဲသို့ အလုအယက် စီးဝင်သွားလေရာ ခြောက်ကပ်နေသော ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်လာသည်။
ရှဲကျင်းလုံမှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။
သို့သော် ယခုအချိန်၌ ထိုသည်ကို ရွှီချင်း ဂရုမစိုက်တော့ပေ။ ရှဲကျင်းလုံ ပျောက်ကွယ်သွားသည်နှင့် ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားတစ်ဝက်ကျော် ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ သူ့ပြင်ပဒဏ်ရာများက ပြင်းထန်နေသေးပါသော်လည်း အားလုံးခြုံကြည့်လျှင် သူ၏အတိုက်အခိုက်စွမ်းရည်က အတော်လေး ပြန်သက်သာလာပြီဖြစ်သည်။
သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည့်အတွက်ကြောင့် ရေစက်များ ပေါ်လာကာ သူ့ပတ်လည်တွင် လှည့်ပတ်နေသည်။ သူက တဟုန်ထိုး ပြေးသွားကာ သွေးစုတ်ဖုတ်ကောင်လှိုင်းထဲ ခုန်ဝင်သွားသည်။ အတားအဆီးများကို သူ ကြုံတွေ့လိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ ရေစက်တချို့က ပျံ့ထွက်သွားကာ တစ်ဖက်သူကို လွှမ်းခြုံ၍ လှုပ်ခါလိုက်သည်။
ထိုသို့ဖြင့် ရွှီချင်းက လမ်းတစ်လျှောက် ပျံသန်းနေသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း သူ၏ရေစက်များကို အလောင်းများကို လွှမ်းခြုံသွားပြီး ရေလုံကြီးများအသွင် ပြောင်းလဲလိုက်ရာ သူ့ကို မနှောင့်ယှက်နိုင်တော့ပေ။ ခဏအကြာ နောက်ဆုံးတွင် ထွက်ပေါက်ကို ရွှီချင်း မြင်လိုက်ရသည်။
သူ ထွက်ပေါက်ကို သွားရန် ပြင်လိုက်စဉ် တခြားအရပ်မှ ပြေးလာနေသော လူရိပ်တစ်ရိပ်ကို ရုတ်တရက် မြင်လိုက်သည်။
ထိုလူရိပ်က ပြေးလွှားနေရင်း ဘေးပတ်လည်သို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ပစ်လွှတ်နေသည်။ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ သူ့ကျောပေါ်ရှိ လူထံမှ ရင်းနှီးသောအသံတစ်သံ ထွက်လာသည်။
“ ကျန်းစန်း၊ မင်း လုပ်နိုင်ပါတယ်ကွ။ ဟုတ်တယ်ဟေ့ … အဲဒီလို ပစ်ဖောက်ပစ်လိုက်စမ်းပါ။ အိုက်ယား၊ မင်း မှားပစ်မိလိုက်ပြီ။ မင်း ဟိုနေရာကို ပစ်လိုက်သင့်တာ ”
ပြေးနေသူမှာ ကျန်းစန်းဖြစ်ပြီး စကားပြောလိုက်သူမှာ ခေါင်းဆောင်ဖြစ်သည်။
ကျန်းစန်းက သွေးရူးသွေးတန်းဖြင့် အားကုန်ပြေးနေသည်။ သူ့ကျောပေါ်မှ ခေါင်းဆောင်မှာမူ ဤနေရာရှိ ပတ်ဝန်းကျင်ကို အလေးထားဟန်မတူဘဲ တတွတ်တွတ်ပြောနေလေသည်။
“ ပါးစပ်ပိတ်ထား ”
ကျန်းစန်းက ဒေါသတကြီး ပြောလိုက်သည်။
“ အာ ကျန်းစန်း၊ မင်းရဲ့ခေါင်းဆောင်ဟောင်းကို ဘာလို့ ဒီလိုမျိုး ပြောရတာတုံးကွ ”
ခေါင်းဆောင်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်ပြီး ပန်းသီးကို တစ်ကိုက်ကိုက်လိုက်သည်။
“ မင်း နောက်ထပ်ပြောရင် မင်းကို အောက်ချပြီး ကိုယ်လွတ်ရုန်းပြေးမှာနော် ”
“ အစ်ကိုကြီးကျန်း၊ လုပ်ထား ”
တရိပ်ရိပ် ချဉ်းကပ်လာနေသော ကျန်းစန်းနှင့် ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးထားသည့် ခေါင်းဆောင်တို့ကို ကြည့်ကာ ရွှီချင်း၏မျက်နှာ တစ်မျိုးဖြစ်သွားသည်။ ထို့နောက် ခေါင်းဆောင်၏ ရူးသွပ်မှုကို သူ ထပ်မံနားလည်လိုက်၏။
ကျန်းစန်းသည်လည်း ရွှီချင်းကို မြင်သွားသည်။ သူ့မျက်လုံးများ ချက်ချင်း ဝင်းလက်သွားပြီး အမျှင်တန်းတစ်ခုထုတ်၍ ရွှီချင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ထိုအားကို အသုံးချ၍ လျင်မြန်စွာ ခုန်လိုက်သည်။
“ အာ … လက်ထောက်ခေါင်းဆောင်ရွှီ၊ ဒီလောက်ကြီး အားနည်းသွားအောင် ဘာကိစ္စကြီးတွေများ လုပ်ခဲ့လို့တုံးကွ။ ရေသူမမင်းသမီးလေးရဲ့ အိပ်ခန်းထဲဝင်ပြီး ဟိုဟိုဒီဒီ လုပ်ခဲ့တာတော့ မဟုတ်ဘူးမလား ”
ခေါင်းဆောင်သည်လည်း ရွှီချင်းကိုမြင်သွားပြီး ရွှီချင်း၏တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ တာအိုဝတ်ရုံလည်း စုတ်ပြဲနေသည်ကို မြင်၍ သူ့မျက်လုံးများ ဝင်းလက်သွားသည်။
“ အဲဒါက ပြန်ကောင်းလာနိုင်လား ”
ရွှီချင်းက မဖြေဘဲ ခေါင်းဆောင်၏ ခန္ဓာကိုယ်ကိုကြည့်၍ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ ကိစ္စမရှိပါဘူးကွ။ ငါ ပြန်ရောက်ရင် အရင်လိုပြန်ဖြစ်သွားမှာ ”
ခေါင်းဆောင်က ဝင့်ကြွားစွာ ပြောလိုက်သည်။
“ အဲ … ဒါဆို နောက်ကျရင် ခေါင်းဆောင်ကို ငှက်မွေးတစ်ချောင်းပေးမယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငှက်မွေး၊ ငှက်မွေးက ဘာလုပ်ဖို့တုံး ”
ခေါင်းဆောင် အံ့အားသင့်သွားရသည်။
“ မင်းတို့ကောင်တွေ အတော်စကားများပါလားကွ။ မြန်မြန်သွားမယ် ”
ကျန်းစန်းမှာ စိုးရိမ်ကြောင့်ကြနေ၏။ ရွှီချင်းနှင့် ခေါင်းဆောင်တို့နှစ်ယောက်လုံး ရူးသွပ်နေသည်ဟု သူ ခံစားနေရသည်။ ဤနေရာက အလွန် အန္တရာယ်များပါလျက် သူတို့နှစ်ယောက်လုံး စကားပြောနေကြသည် မဟုတ်ပါလား။
ရွှီချင်းက ခေါင်းဆောင်၏ခန္ဓာကိုယ်မှ အကြည့်လွှဲကာ ရိပ်ခနဲ ထွက်သွားသည်။ ကျန်းစန်းက ရွှီချင်း၏ ခန္ဓာကိုယ်ပတ်လည်ကို အမျှင်တန်းများဖြင့် ရစ်ပတ်ကာ ထိုအားကို အသုံးချ၍ မြန်ဆန်စွာ ရွေ့လျားသွားသည်။ ထိုသို့ဖြင့် ထွက်ပေါက်သို့ သူတို့ နီးလာကြပြီး အထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
များမကြာမီ ထိုနေရာတစ်ခုလုံးကို အနက်ရောင်မြူခိုးများက လွှမ်းခြုံသွားလေသည်။
ရေအောက်လောကတစ်ခုလုံးကို မြူခိုးများက လွှမ်းခြုံသွားပြီဖြစ်ပါသော်လည်း မြူခိုးများက ထိုမျှဖြင့် မရပ်တန့်သေးပေ။ ဥမင်လှိုင်ခေါင်းများ၊ တခြားနေရာများမှတစ်ဆင့် ဆက်လက်လွင့်ပျံတက်လာသည်။
ရွှီချင်းသည် ကျွန်းနှင့် ရေအောက်လောကကြားရှိ လမ်းကြောင်းထဲတွင် အလွန်လျင်မြန်စွာ သွားလာနေသည်။ ယခုအခါ ဤနေရာတွင် အဆိပ်အများစုက လွင့်ပျယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအဆိပ်များက အလိုလို လွင့်ပါးပျောက်ကွယ်သွားခဲ့သည်အလား သို့မဟုတ် တစ်နေရာရာသို့ စိမ့်ဝင်သွားခဲ့လားဆိုသည်ကို ရွှီချင်းကိုယ်တိုင်ပင် မသိချေ။
ရှစ်မိနစ်ခန့်အတွင်း သူ့ခန္ဓာကိုယ်က ရေပေါ်သို့ ပေါ်လာသည်။ သူ အပေါ်သို့ ခုန်တက်လိုက်သည့်အခိုက် သူ့ကိုယ်ပေါ်မှ ပျံသန်းစေနိုင်သော အဆောင်က အစွမ်းကုန် အသက်ဝင်လာပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် တဟုန်ထိုး ပျံသန်းသွားသည်။
ကျန်းစန်းသည်လည်း ထိုနည်းတူပင်။ ပျံသန်းစေနိုင်သော အဆောင်ကို ထုတ်၍ နောက်မှ ထပ်ကြပ်မကွာ လိုက်သွားသည်။ ခေါင်းဆောင်၏ အံ့အားတသင့် ရေရွတ်သံသည်သာ ဆက်လက်ထွက်ပေါ်လာသည်။
“ ရွှီချင်း၊ ငှက်မွေးတစ်ချောင်း ပေးမယ်ဆိုတာ ဘာကိုပြောတာတုံး ”
ရွှီချင်းက ပြန်မဖြေပေ။
“ လက်ထောက်ခေါင်းဆောင်ရွှီ၊ မင်းငါ့ကို ဝိညာဉ်ကျောက်တုံးရှစ်ထောင် အကြွေးတင်နေသေးတယ်နော်။ ငှက်မွေးတွေက ဘာကိုပြောတာတုံး ”
ရွှီချင်းက လှည့်ပင်မကြည့်ဘဲ ဥမင်တစ်လျှောက် ပြေးထွက်သွားသည်။ အပြင်ဘက်လောကသို့ သူ ခြေချလိုက်သည့်အခိုက် သူ၏မျက်နှာကို ခပ်ကြမ်းကြမ်းတိုက်ခတ်လာသော လေပြင်းများအား သူ ခံစားမိလိုက်သည်။ သူ ဘေးဘီဝဲယာကို ချက်ချင်းကြည့်လိုက်ပြီး ကွက်ခနဲ မျက်နှာပျက်သွားသည်။
ကျန်းစန်းသည်လည်း ထိုနည်းတူပင်။ အပြင်ဘက်သို့ ရောက်ပြီး ဘေးပတ်လည်ကို ကြည့်ကာ မျက်နှာပျက်သွားသည်။
အပြင်ဘက်လောကကြီးတစ်ခုလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေပြီး လေပြင်းများ နေရာအနှံ့ တိုက်ခတ်နေသည်။
ရေစီးကြောင်းကို ဆန့်ကျင်၍ အနက်ရောင်မီးခိုးကြောင်းများ အပေါ်သို့ ပျံတက်လာပြီး ဟယ်ရီကိန်းမုန်တိုင်းတစ်ခုအလား ကောင်းကင်ဝေဟင်ပြင်ရှိ မန္တန်အစီအရင်ကြီးနှင့် ချိတ်ဆက်နေသည်။ ကျွန်းတစ်ကျွန်းစီမှ မီးခိုးကြောင်း နှစ်ကြောင်း ထွက်လာသည်ဖြစ်ရာ စုစုပေါင်း ထိုကဲ့သို့မီးခိုးကြောင်း ရှစ်ကြောင်း ရှိသည်။
မြေပြင်မှ မရေမတွက်နိုင်သော အနက်ရောင်မြူခိုးများက အမျှင်တန်းများအသွင် ပြောင်းလဲ၍ ဟယ်ရီကိန်းမုန်တိုင်းသဖွယ် မြူခိုးရှစ်ခုနှင့် အဆက်မပြတ် ပေါင်းစည်းကာ ထိုမြူခိုးမုန်တိုင်းရှစ်ခုကို ဆက်လက်ကျယ်ပြန့်သွားစေသည်။ ရွှီချင်းနှင့် တခြားနှစ်ယောက်က သူတို့နှင့် မနီးမဝေးရှိ ရစ်ခွေနေသော မြူခိုးမုန်တိုင်းတစ်ခုကို လှမ်းကြည့်လိုက်ရာ ထိုမြူခိုးမုန်တိုင်း၌ ကြီးစွာသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ထိပ်တွင် ခက်ရင်းခွတစ်ခု ပေါ်လာပြီး ထိုခက်ရင်းခွမှနေ၍ မြွေခေါင်းများအဖြစ် ပြောင်းလဲသွားသည်။ စုစုပေါင်း မြွေခေါင်းကိုးကောင်းရှိပြီး ထိုမြွေခေါင်းများက ပေါ်လာပြီးနောက် မြေပြင်ကို ဟိန်းဟောက်လိုက်ကြသည်။
ထိုဟိန်းသံက ကျယ်လောင်လွန်း၍ မြေပြင်သည်ပင် တုန်ခါလာသည်။
၎င်း၏ ကျင့်ကြံခြင်းအဆင့်နှင့် အတိုက်အခိုက်စွမ်းရည်က အလျင်အမြန် တိုးတက်လာပြီး ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကို ကျော်ဖြတ်ကာ အခြေတည်အဆင့်သို့ ချက်ချင်း ရောက်သွားပြီး ဆက်လက်မြင့်တက်နေဟန်တူသည်။
ထိုဖိအားက ရွှီချင်းကို သိသိသာသာ တုန်ရီသွားစေသည်။ ထိုဧရာမမြွှေကြီးကို သူ ကောင်းစွာ မှတ်မိသည်။ ထိုမြွေကြီးကို နံရံဆေးရေးပန်းချီကားချပ်ပေါ်တွင် သူ မြင်ခဲ့ဖူးပြီး ဧရာမလူ့ဘီလူးကြီးကို ရစ်ပတ်ထားခဲ့သည့် မြွေကြီးဖြစ်သည်။
တခြားရစ်ခွေနေသော မြူခိုးမုန်တိုင်းခုနစ်ခုသည်လည်း အလားတူပင်။ ၎င်းတို့အားလုံး ဧရာမမြွေကြီးများအဖြစ်သို့ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားကြသည်။ ထိုမြွေကြီး၏ ခေါင်းများ ဟိန်းဟောက်လိုက်သည့်အခါ ကျွန်းလေးကျွန်းပေါ်ရှိ ဓာတ်နှောများထဲတွင် ကြီးစွာသော အပြောင်းအလဲများ ပေါ်ထွက်လာသည်။
ကျန်ရှိနေသေးသော ရေသူမမျိုးနွယ်ဝင်များ ဖြစ်စေ၊ ချီရွှဲ့ထုံဂိုဏ်းသားများဖြစ်စေ သက်ရောက်ခြင်း ခံလိုက်ရသည်။
အလောင်းများ၏ မျက်လုံးများ ပွင့်လာပြီး တစ်လောင်းပြီးတစ်လောင်း အသက်ရှင်လာကြသည်။