အခန်း ၅၄၂
Vol. 55 Ch. 542
အခန်း(၅၄၂)
“ဒေသအပြင်ဖက်က ကျင့်ကြံသူလား”
ကျောင်းအုပ်ကြီးမုန့် ထိုစကားလေးလုံးကို ဖြည်းညှင်းစွာ ပြောလိုက်၏။
ယခင် အနောက်ဘက်ယွဲ့တောင်ထွတ်တွင် ဒေသအပြင်ဖက်မှ ပါဝင်ယှဉ်ပြိုင်သော ဓားသမားများ ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ဓားဒေသမှ မြင့်မြတ်နယ်မြေဆယ်ခုသည် ရွှမ်ထျန်းတိုက်ကြီးရှိ အခြားသောဒေသ ရှစ်ခုတွင် သက်ဆိုင်ရာအင်အားစုများ ရှိ၏။
“ဒါဆို ထိုက်ချင်းဓားဂိုဏ်းက ဒီတစ်ကြိမ် ပြင်ဆင်လာတာလား”
အကြီးအကဲခူကျန့် ထိုသို့ ပြောလိုက်သော်လည်း သူ့မျက်နှာပေါ်တွင် အထင်မြင်သေးမှုများ ပေါ်နေသည်။ သူ့အမြင်တွင် ထန်ရွှမ်သည် အနောက်ဘက်ယွဲ့တောင်ဓားပြိုင်ပွဲတွင် ထိပ်သီးဆယ်နေရာသို့ ပါနိုင်သူဖြစ်၏။
ထိုက်ချင်းဓားဂိုဏ်း ပြင်မှ အကူခေါ်နိုင်ရင်တောင် သူတို့ ထန်ရွှမ်ကို နိုင်မည်မဟုတ်ပေ။
သူတို့နှစ်ဦးတို့ ပြောနေတုန်း ထန်ရွှမ်သည် ကောင်းကင်ပေါ်သို့ ရောက်နေပြီဖြစ်ကာ ဓားပျံပေါ် ရပ်နေသည်။ သူ့နှုတ်ခမ်းထောင့်များ အသာတွန့်ကွေးနေပြီး လှောင်ပြုံးတစ်ခု ဆင်မြန်းထား၏။
“မင်းက ယွင်ခဲ့လား။ မင်း ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို စိန်ခေါ်လဲ သိချင်မိတယ်။ ဒီသခင်လေး မင်းကို ဓားတာအိုကျောင်းတော်ရဲ့ စွမ်းအားကို ပြပေးတာပေါ့”
ယွင်ခဲ့ ၎င်းကို ကြားတော့ အေးစက်စက်သာ ပြောသည်။
“အထင်မလွဲပါနဲ့။ ငါ မင်းကို စိန်ခေါ်ဖို့ လာတာမဟုတ်ဘူး။ မင်းတို့ ဓားဒေသက ဓားပါရမီရှင်တွေအားလုံးကို စိန်ခေါ်ဖို့လာတာ။ ကောလဟာလတွေထဲကလို မင်းက ဓားတာအိုမှာ ပြိုင်ဘက်ကင်းဟုတ်လား မဟုတ်လား သိချင်တယ်”
ထိုစကားများကြောင့် ဓားဒေသမှ ပါရမီရှင်များ၏ မျက်နှာများ ချက်ချင်း အေးစက်သွားကြ၏။
အများစုသည် ထန်ရွှမ်ကို အထင်မကြီးသော်လည်း ထိုသူက သူတို့အားလုံးကို စော်ကားလာသည်။
ထန်ရွှမ်သာ ရှုံးသွားလျှင် သူတို့ အပေါ်တက်ပြီး ထိုကောင်လေးကို သင်ခန်းစာ ပေးဖို့ ဝန်မလေးပေ။
“မင်းက ဓားဒေသက ဓားကျင့်ကြသူ မဟုတ်ဘူးလား”
ထန်ရွှမ် မျက်နှာပေါ်က လှောင်ပြုံးပျောက်ကွယ်သွားပြီး လေးနက်သွားသည်။
“ဟုတ်တယ်။ ဒီသခင်လေးက ကောင်းကင်ဒေသ ဓားနတ်ဘုရားရဲ့ တိုက်ရိုက်တပည့်တစ်ယောက်။ မင်း ငါ့ကိုတိုက်ခိုက်ရဲသေးလား”
ယွင်ခဲ့လေသံက တည်ငြိမ်နေသော်လည်း သူပြောလိုက်သော စကားတိုင်းက လူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်ဆန်သွားစေသည်။
အကြီးအကဲခူကျန့်နှင့် ကျောင်းအုပ်ကြီးမုန့်တို့ပင် တည်ငြိမ်မှုများ ဆုံးရှုံးသွား၏။
ဤကမ္ဘာကြီးတွင် စစ်မှန်နတ်ဘုရားများသည် မည်သည့်ခါကမှ ထွက်ပေါ်လာလေ့မရှိချေ။ စစ်မှန်နတ်ဘုရား၏ တန်ဖိုးထားခြင်းခံရသော တပည့်တိုင်း ထူးခြားသည်။ ထန်ရွှမ် ပြဿနာတော့ တက်ချေပြီ။
သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်ပြီး ရှောင်ချန်းကို ကြည့်မိ၏။
မဟာပဏ္ဍိတရီရှန်း ပြောသည်။
“မြင့်မြတ်သားတော် ယွင်ခဲ့က ကျွန်တော့်ကို လူတစ်ယောက်ကို သတိရသွားစေတယ်”
ရှောင်ချန်း ပြုံးကာ ခေါင်းညိတ်၏။
“ဟုတ်တယ်။ သူက တာ့ချန်းနဲ့တူတယ်။ တာ့ချန်လို ဒူပေတာပေခံလားတော့ ကြည့်ရမယ်”
အကြီးအကဲခူကျန့်နှင့် ကျောင်းအုပ်မုန့်တို့ ထိုစကားကြောင့် မှုန်ကုပ်သွား၏။
‘အခု ဘာဖြစ်နေပြီလဲ ကြည့်ပါဦး မြင့်မြတ်သားတော်ရှောင်ရေ။ စကားပြောနိုင်နေတုန်းလား’
သို့သော် သူတို့ ရှောင်ချန်းကို အာရုံမစိုက်နိုင်တော့ပေ။ ကောင်းကင်ယံတွင် ထန်ရွှမ် သူ့နောက်ကျောက ဓားရှည်ကို ဆွဲထုတ်ပြီး အေးစက်စွာ ပြောသည်။
“ဘာလို့ ကြောက်ရမှာလဲ။ ငါတို့ဓားကျင့်ကြံသူတွေက လက်ထဲမှာ ဓားတစ်လက်ရှိရင် နတ်ဘုရားတွေလည်း မကြောက်ဘူး။ တစ္ဆေတွေကိုလည်း မကြောက်ဘူးကွ”
“ကောင်းတယ်”
အနောက်ဘက်ယွဲ့တောင်ထွတ်ပေါ်တွင် အောဟစ်အားပေးသံကြီး ထွက်လာ၏။
ထန်ရွှမ်၏ ကြောက်လန့်မှုကင်းမဲ့သော ပုံရိပ်က ကျင့်ကြံသူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်ခြင်းပင်။
“အရမ်းကောင်းတယ်”
ယွင်ခဲ့ ပြုံးလိုက်၏။
“ဒါပေမဲ့ ဓားကျင့်ကြံသူတွေက စကားနဲ့ပဲ မပြောဘူး။ သူတို့လက်ထဲက ဓားနဲ့ပဲ ပြောကြတာ။ မင်းလက်ထဲက ဓား ဘယ်လောက်ထက်မြက်လဲဆိုတာ ငါ့ကို ပြစမ်းပါ”
“ မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်”
ထန်ရွှမ် ပြောရင်း သူ့လက်ထဲက ရတနာဓားကို ထုတ်လိုက်၏။
ကလန်
ဓားအိမ်ထဲမှ ဓားထွက်လာသည်နှင့် မိုးကြိုးများ ဝန်းရံထားသော ဓားတစ်လက် လူတိုင်း၏ ရှေ့တွင် ပေါ်လာတော့သည်။
“မိုးကြိုးဓားပဲ”
“ထန်ရွှမ်က ဝမ်တောက်ကျောင်းတော် မြင့်မြတ်ဓားဆယ်လက်ထဲက တစ်လက်ဖြစ်တဲ့ မိုးကြိုးဓားရဲ့ အသိမှတ်ပြုမှုကို ရထားမယ် မထင်ထားဘူး။ ဒီကောင်လေးမှာ သူတော်စင်ဖြစ်ဖို့ အလားအလာရှိတယ်”
“…”
ယွင်ခဲ့ ထန်ရွှမ်လက်ထဲက ဓားကို ကြည့်ပြီး မထူးခြားနားစွာ ပြောသည်။
“ဓားကောင်းတစ်လက်ပါ။ ဒါပေမဲ့ အသုံးပြုနေတဲ့သူနဲ့ ထိုက်တန်ရဲ့လားဆိုတာ ကြည့်ကြသေးတာပေါ့”
ထန်ရွှမ်၏ ထူးခြားသော ကျင့်ကြံခြင်းအဆင့်နှင့် ခိုင်ခံသော စိတ်နှလုံးဖြင့်တောင် ယခုလို ထပ်ခါထပ်ခါ လှောင်ပြောင်ခံရမှုများကို သည်းမခံနိုင်တော့ပေ။
သူ အေးစက်သည့် မျက်နှာထားဖြင့် ပြောသည်။
“ ဒီလိုဖြစ်နေမှတော့ မင်းမျက်လုံးကို ပြူးနေအောင်ဖွင့်ထား။ ငါက မိုးကြိုးဓားနဲ့ထိုက်တန်လား မတန်လားဆိုတာ ပြူးနေအောင်ကြည့်။ မိုးကြိုးရိုက်ချက်”
ဒေါသတကြီးအော်ဟစ်သံနှင့်အတူ သူ့လက်ထဲက ဓားရှည်သည် ပြင်းထန်စွာ ခုတ်ချသွား၏။
ဓားချက်နောက်တွင် မိုးကြိုးများ လိုက်ပါလာသည်။
နဂါးတစ်ကောင်အလား ကြောက်မက်ဖွယ်ရာမိုးကြိုးသွားသည် တခဏအတွင်း ကောင်းကင်ယံ၌ ဖြတ်သန်းသွားပြီး ယွင်ခဲ့ပေါ်သို့ ဦးတည်လာ၏။
၎င်းကိုမြင်တော့ ယွင်ခဲ့ သူ့ဓားကို သာမန်ကာလျှံကာ ဆွဲထုတ်ပြီး မိုးကြိုးဓားချီကို ခုတ်ပိုင်းသည်။
ကလန်
သာမန်ခုတ်ချက်တစ်ခုဖြင့် ထန်ရွှမ်၏ စွမ်းအားပြည့် မိုးကြိုးတိုက်ချက် လွယ်လင့်တကူ ပျက်ပြယ်သွား၏။
တိတ်ဆိတ်ခြင်း။ တစ်နေရာလုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။
မရေမတွက်နိုင်သော လူများသည် ကောင်းကင်ယံမှ ယွင်ခဲ့ကို မယုံနိုင်စွာ ကြည့်နေကြ၏။
ထန်ရွှမ်တွင် မိုးကြိုးဓားဘုရင်ဟူသော နာမည်ပြောင်ရှိကြောင်း သိရပေမည်။ သူ့ဓားနည်းစနစ်သည် အမြန်ဆန်ဆုံး၊ အပြင်းထန်ဆုံးနှင့် ယန်စွမ်းအင်အများဆုံးပင်။ ရွှမ်ထျန်းဓားဂိုဏ်းမှ ဓားသားတော်များပင် သူ့ဓားနည်းစနစ်ကို ဤမျှ လွယ်ကူရိုးရှင်းစွာ မချေဖျက်နိုင်ပေ။
ယွင်ခဲ့ ကမ္ဘာကြီး၏ အံ့အားသင့်မှုကို မမြင်ချင်ယောင်ဆောင်လျက် ဂရုမစိုက်စွာ ပြောသည်။
“မဆိုးဘူး။ မင်းဓားက ငါ့ဓားကျွန်ဖြစ်လာဖို့ အရည်အချင်းပြည့်မီတယ်။ ဒါပေမဲ့ ငါ့ကို တိုက်ခိုက်ဖို့တော့ မလုံလောက်သေးဘူး”
သူ ပြောနေတုန်း သူ့လက်ထဲက ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းသည့်အခါ ဓားချီတစ်ခု ထွက်ပေါ်လာ၏။ ထိတ်လန့်မှုမှ သတိမဝင်လာသေးသော ထန်ရွှမ် ကြိုးပြတ်သွားသော စွန်တစ်ခုပမာ ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မလှုပ်မယှက်ငြိမ်သက်သွားတော့၏။
ထိုအသံက ဓားတာအိုကျောင်းတော်မှ လူများကို ထိတ်လန့်မှုမှ သတိပြန်ဝင်လာစေသည်။
“ရွှမ်အာ”
အကြီးအကဲခူကျန့် အော်ဟစ်ပြီး အသိစိတ်မဝင်သေးသော ထန်ရွှမ်ကို သွားထူ၏။ ဂရုတစိုက်စစ်ဆေးပြီးနောက် ဒဏ်ရာမပြင်းထန်ကြောင်း တွေ့သဖြင့် သူ သက်ပြင်းချနိုင်သွားသည်။
သို့သော် သူ ယွင်ခဲ့ကို သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်နေတော့၏။
ယွင်ခဲ့ အကြီးအကဲခူကျန့်၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီးနောက် ပြုံးကာ ပြောသည်။
“ကျုပ်ကို လာမကြည့်နဲ့။ ခင်ဗျား မကျေနပ်ဘူးဆိုရင် အပေါ်တက်လာပြီး ကျုပ်နဲ့တိုက်ခိုက်။ ကျုပ် အရင်တုန်းက မဟာပဏ္ဍိတတွေကို သတ်ဖြတ်ဖူးတယ်”
ထိုစကားများကြောင့် ကျင့်ကြံသူတိုင်း ပင့်သက်ရှိုက်မိ၏။
ထိုကလေးသည် ထူးခြားသော အင်အားသော ပိုင်ဆိုင်ထားသည့်အပြင် လေသံကလည်း အင်မတန် မောက်မာသည်။
အကြီးအကဲခူကျန့် အေးစက်သည့် မျက်နှာထားဖြင့် ဖြေ၏။
“ငါ့ဓားတာအိုကျောင်းတော်က အရှုံးကို လက်မခံနိုင်တဲ့သူ မဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ငါတို့ဓားတာအိုကျောင်းတော်က အရှုံးပေးတယ်”
ယွင်ခဲ့ ၎င်းကိုကြားတော့ အထင်မြင်သေးစွာ နှုတ်ခမ်းတွန့်ကွေးပြီး ဖြည်းညှင်းစွာ ပြောသည်။
“ဘုန်းကြီးကျန်းချီ၊ မြေအောက်ဓားဘုရင်၊ သွေးသတ်ဖြတ်ခြင်းဓား၊ ဖျက်စီးခြင်းဓား၊ ယန်ကိုးထပ်ဓား၊ ထိုက်ရှန်းဓားနဲ့ ဓားမင်းဆက်က အိမ်ရှေ့စံ မင်းတို့အားလုံး တစ်ခါတည်းလာလို့ရတယ်။ ဒါဆို ငါ တစ်ယောက်ချင်း ဒုက္ခခံပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး”
“မောက်မာလိုက်တာ”
သွေးဓားဂိုဏ်းမှ ဆံနီအမျိုးသားတစ်ဦး အော်ဟစ်ပြီး သူ့ဓားကို ဆွဲထုတ်ကာ ကောင်းကင်ယံသို့ ပျံတက်လာသည်။
ထိုသူသည် သွေးသတ်ဖြတ်ခြင်းဓားဖြစ်ပြီး သွေးဓားဂိုဏ်း၏ ဓားသားတော်တစ်ပါးပင်။ သူ သဘာဝအားဖြင့် ကြမ်းကြုတ်ပြီး ယွင်ခဲ့စကားကို ကြားတော့ ဒေါသထိန်းနိုင်တော့ဘဲ ပထဦးဆုံး ရှေ့တက်လာ၏။
ကျန်နေသော ဓားသားတော်ခြောက်ပါး အကြည့်ချင်းဖလှယ်ပြီးနောက် လိုက်ပါသွား၏။ ခုနစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်းသည် သူတို့ဂုဏ်သတင်းကို ထိခိုက်စေသော်လည်း တစ်ယောက်ချင်းဆို နိုင်ဖို့ အခွင့်ရေး မရှိပေ။
[T/N ဒီက ဓားသားတော်ခုနစ်ပါးဆိုတာက ကျန်တဲ့မြင့်မြတ်နယ်မြေတွေက ဓားသားတော်ပါ။ ရွှမ်ထျန်းဂိုဏ်းက ကိုးယောက်မဟုတ်ပါဘူး။ ဓားတာအိုကျောင်းတော်ကလည်း မဟုတ်ပါဘူး]
ထိုမြင်ကွင်းကြောင့် သူတို့ သက်ပြင်းချမိ၏။
“ယွင်ခဲ့ ဓားဒေသက ကောင်းကင်ရွေးချယ်ခံအားလုံးကို တိုက်ခိုက်ချင်နေတာပဲ”
“သူ ဘယ်ကနေ သတ္တိတွေရလာတာလဲ။ ဓားသားတော်ခုနစ်ပါးလုံး ဓားဆန္ဒကို ပြီးပြည့်စုံခြင်းအဆင့်ထိ နားလည်ထားတာ။ သူ့ဓားဆန္ဒက ပိုမြင့်ရင်တောင် ခုနစ်ယောက်တစ်ယောက် မတိုက်ခိုက်နိုင်ဘူး”
ရွှမ်ထျန်းဓားဂိုဏ်းဘက်တွင် ဓားသားတော် ကိုးပါး ယွင်ခဲ့ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူတို့မျက်လုံးထဲတွင် ခံစားချက်များ ရောထွေးနေ၏။
ဒုတိယဓားသားတော် ဘေးက အမျိုးသားကို ပြောသည်။
“စီနီယာအစ်ကိုကြီး ယွင်ခဲ့ ဘယ်ကသတ္တိနဲ့ အခုလို လုပ်နေတာလဲ”
ပထမဓားသားတော် ဖြည်းညှင်းစွာ ပြောသည်။
“ဓားတာအိုအနှစ်သာရ”