အခန်း ၅၄၉
Vol. 55 Ch. 549
အခန်း(၅၄၉)
ဘုန်း
ကျယ်လောင်သော အသံကြီးနှင့်အတူ ချောင်ရို့ချန် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။
လူတိုင်း ချောင်ရို့ချန် ကျသွားသော တွင်းကြီးကို အလိုလို လှမ်းကြည့်လိုက်ကြသည်။
ချောင်ရို့ချန် ဖုန်များကို ခါထုတ်လိုက်ပြီး ဘာမှမဖြစ်သည့်အလား မတ်တပ်ရပ်ကာ ပြောလိုက်၏။
“စီနီယာအစ်ကို ခင်ဗျား ရိုက်တာ အရမ်းပြင်းလွန်းတယ်။ ကျွန်တော် ပါးစပ်အပြည့် သွေးတစ်လုတ်အန်မိတော့မလို့”
ထိုမြင်ကွင်းကြောင့် လူတိုင်း သက်ပြင်းချသည်။ကောင်းကင်ရွေးချယ်ခံချောင် အရမ်းကို ခံနိုင်ရည်ရှိလွန်းနေသည် မဟုတ်လော။
စောစောက ဓားချက်ကို ခံလိုက်ရပါက မည်သူမဆို ရင်ဆိုင်ရမည့် ရလဒ်မှာ တစ်ခုတည်းသာရှိပြီး ၎င်းမှာ သေဆုံးခြင်းပင်။
သို့သော် သူတို့ရှေ့က ချောင်ရို့ချန် ဘာမှမဖြစ်သည့်အလား လုံးဝ အန္တရာယ်ကင်းနေသည်။
တစ်ချိန်တည်းမှာပင် ရှောင်ချန်း ကောင်းကင်ယံမှ ဆင်းသက်လာပြီး ပြုံးကာ မေးလိုက်၏။
“ရို့ချန် ငါ့ဆီက နောက်ထပ်ဓားချက်ဘယ်နှစ်ချက်လောက် ခံနိုင်သေးလဲ”
ချောင်ရို့ချန် ပခုံးတွန့်လိုက်သည်။
“ဆယ်ချက်ပဲ။ အဲဒီထက် ပိုမရတော့ဘူး။ မဟုတ်ရင်တော့ ကျွန်တော့် သေသွားလိမ့်မယ်”
“မဆိုးပါဘူး။ မင်း အရင်ကနဲ့ယှဉ်ရင် အများကြီး တိုးတက်လာတာပဲ”
ရှောင်ချန်း ကျေနပ်စွာ ပြောလိုက်၏။
သူတို့နှစ်ဦးပြောနေစဉ် ချူဖုန်း၏ အသံ အဓိကထိုင်ခုံမှ ထွက်ပေါ်လာသည်။
“မင်းတို့ လူငယ်နှစ်ယောက် အချင်းချင်း မြှောက်ပြောနေတာကို ရပ်လိုက်ကြတော့။ နေရာပြန်ထိုင်ပြီး ဝိုင်ဆက်သောက်ကြ”
“နားလည်ပါပြီ”
ညီအစ်ကိုနှစ်ဦး ချူဖုန်းကို ဦးညွှတ်ကာ ပြန်ဖြေကြားလိုက်၏။
သူတို့ ကိုယ့်ထိုင်ခုံသို့ ပြန်သွားပြီးနောက် လူတိုင်း သူတို့ကို မတူညီသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိပြုမိသွားကြသည်။
သူတို့ အချင်းချင်း ပြုံးပြကြလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
စားသောက်ပွဲကို ညဉ့်နက်ချိန်အထိ ဆက်လက်ကျင်းပ၏။
လူတိုင်း လူစုခွဲသွားပြီးနောက် ချူဖုန်း သူ့ဘယ်ဘက်လက်မောင်းတွင် ပင်းယန်၊ ညာဘက်လက်မောင်းတွင် မင်းသမီးမြောင်ယွီကို ဖက်ကာ သူ့အခန်းဆီသို့ လျှောက်သွားသည်။
သူ ထိုင်လိုက်သည်နှင့် ရင်းနှီးသော အသံတစ်သံ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။
“လက်ခံသူတပည့် ယဲ့ပေရွှမ် တာအိုအနှစ်သာရတစ်ခုကို နားလည်သဘောပေါက်သွားပါပြီ။ လက်ခံသူကို တာအိုအနှစ်သာရဆယ်ခု ချီးမြှင့်ပါတယ်”
ထိုအသံကိုကြားတော့ ချူဖုန်း နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး တွေးမိသည်။
‘ကောင်လေးပေရွှမ်လည်း ဝမ်တောက်ကျောင်းတော်ကို ပြန်လာတော့မဲ့ပုံပဲ’
တစ်ချိန်တည်းမှာပင်
ဖီးနစ်ဘိုးဘေးမြေ အတွင်း၌
ယဲ့ပေရွှမ် မျက်လုံးများကို ဖြည်းညှင်းစွာပွင့်လာပြီး တွေးလိုက်မိသည်။
‘ဒီခရီးစဉ်က တကယ်ကို အချည်းနှီး မဖြစ်လိုက်ဘူး။ ငါ တာအိုအနှစ်သာရ နှစ်ခုကိုတောင် နားလည်သဘောပေါက်ခဲ့တယ်’
‘ဒါ ငါ အရင်ဘဝတုန်းက တွေးတောင် မတွေးရဲခဲ့တဲ့ အရာပဲ။ အခု ငါဒီလောက်စွမ်းအားကြီးနေပြီဆိုရင် စီနီယာအစ်ကိုနဲ့ ဒုတိယစီနီယာအစ်ကိုတို့ ဘယ်လောက်တောင် အစွမ်းထက်နေမလဲဆိုတာ သိချင်မိတယ်’
ကိုယ့်ကိုယ်ကိုယ် သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် သူ နီဗားနားနယ်မြေထဲမှ ထွက်ခွာလာ၏။
“ပေရွှမ် မင်း ထွက်လာပြီပဲ။ ဘယ်လို ခံစားရလဲ”
ယဲ့ပေရွှမ် ထွက်လာသည်ကို မြင်တော့ ဖုန်းမိသားစုဘိုးဘေးကြီး၏မျက်နှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။
ယဲ့ပေရွှမ် ဦးညွှတ်ကာ ပြောလိုက်၏။
“ကျွန်တော် တာအိုအနှစ်သာရတစ်ခုကို နားလည်သဘောပေါက်ခဲ့ပါတယ်”
“ကောင်းတယ် ကောင်းတယ်”
ဖုန်းမိသားစုဘိုးဘေးကြီး နှစ်ကြိမ်ဆက်တိုက်ချီးမြှင့်၏။
ယဲ့ပေရွှမ် မေးမြန်းလိုက်၏။ “ချုံးယွီရော ဘယ်မှာလဲ”
ဖုန်းမိသားစုဘိုးဘေးကြီး ပြန်ပြောသည်။ “သူ ထွက်မလာသေးဘူး။ ဒီမှာ ခဏလောက် စောင့်နေကြတာပေါ့”
“ဟုတ်ကဲ့”
ယဲ့ပေရွှမ် သူ့တာအိုလက်တွဲဖော် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ဖုန်းမိသားစုဘိုးဘေးကြီး၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။
သုံးရက်အကြာတွင် ဖုန်းချုံးယွီ ယဲ့ပေရွှမ်ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ဖုန်းချုံးယွီသည် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေကာ ဖီးနစ်အရှိန်အဝါတစ်စွန်းတစ် သူမကိုယ်ပေါ်မှ ထွက်ပေါ်နေ၏။
ဖီးနစ်မျိုးနွယ်အကြီးအကဲများ ၎င်းကိုမြင်တော့ အံ့အားသင့်သည့် အမူအရာများကို ဖော်ပြလာကြသည်။
ဘိုးဘေးမြေမှ ဘိုးဘေးအိုကြီးပင် ထိတ်လန့်သွား၏။
“ဒီကောင်မလေးရဲ့ သွေးတစ်ဝက်က ဖီးနစ်သွေးအဖြစ် ပြောင်းလဲသွားပြီ။ ပြီးတော့ သူ ဖီးနစ်အဆီအနှစ်သွေးကိုတောင် သိပ်သည်းထားနိုင်တယ်။ သူ နီဗားနားကို ဖြတ်ကျော်ပြီးရင် ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်”
၎င်းကို ကြားတော့ ထိုနေရာရှိ လူတိုင်း ပင့်သက်ရှိုက်မိသည်။
ထိုဘိုးဘေးအိုကြီး ရှေ့သို့ထွက်လာကာ မေးမြန်းလိုက်၏။ “ချုံးယွီ ဒီသူတော်စင်ကို မင်းရဲ့ ဆရာအဖြစ် လက်ခံဖို့ ဆန္ဒရှိလား”
ဖုန်းချုံးယွီ၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသည့် အမူအရာတစ်ခု ချက်ချင်း ပေါ်လာပြီး သူမ အကြည့်က ဘေးတွင် ရပ်နေသော ယဲ့ပေရွှမ်ထံ ကျရောက်သွားသည်။
ထိုမြင်ကွင်းကို လူတိုင်း မြင်တွေ့သွားကြ၏။
ယခုအခါ လူတိုင်း ယဲ့ပေရွှမ်အပေါ် မနာလိုလာကြသည်။ စစ်မှန်ဖီးနစ်တစ်ကောင် ဖြစ်လာတော့မည့် အမျိုးသမီးတစ်ဦးကို စွဲလမ်းသွားအောင် လုပ်နိုင်စွမ်းရှိသည့် ထိုကောင်လေး ကံကြမ္မာသည် သာမန်လူများ ယှဉ်၍မရနိုင်ပေ။
ယဲ့ပေရွှမ် ပြုံးကာ ဖုန်းချုံးယွီ၏ မျက်နှာလေးကို ပွတ်သပ်လိုက်၏။
“ချုံးယွီ မင်း ဘယ်လိုရွေးချယ်မှုပဲ လုပ်လုပ် ကိုယ် မင်းကို ထောက်ခံတယ်။ ပြီးတော့ ကိုယ်တို့ပန်းတိုင်က သူတော်စင်တစ်ပါး ဖြစ်လာဖို့တင် မဟုတ်ဘူး။ ဒီမှာနေတာက မင်းရဲ့ အနာဂတ် တိုးတက်မှုအတွက် ပိုကောင်းလိမ့်မယ်”
အမြင်ကျယ်ခြင်းပင်။
လူတိုင်း အမြင်ကျယ်ခြင်းက မည်သို့အဓိပ္ပာယ်ရကြောင်း နောက်ဆုံးတွင် နားလည်သွားကြသည်။ ယဲ့ပေရွှမ် ယနေ့နေရာသို့ ရောက်လာနိုင်ခြင်းကား အံ့သြစရာ မဟုတ်တော့ချေ။
ဖုန်းမိသားစုဘိုးဘေးကြီးနှင့် ဘိုးဘေးမြေမှ သူတော်စင်တို့သည်လည်း ယဲ့ပေရွှမ်ကို အမြင်သစ်များဖြင့် ကြည့်လိုက်ကြသည်။
ယဲ့ပေရွှမ် အားပေးမှုကြောင့် ဖုန်းချုံးယွီ ခေါင်းအသာညိတ်ကာ ပြောလိုက်၏။
“ယောကျ်ား ဒါဆို ကျွန်မ ဖီးနစ်ဘိုးဘေးမြေမှာပဲ နေခဲ့ပြီး ကျင့်ကြံတော့မယ်။ မဟာပဏ္ဍိတတစ်ပါး ဖြစ်လာတဲ့အခါ ရှင့်ကို လာရှာပါ့မယ်”
“ကောင်းပြီ”
ယဲ့ပေရွှမ် ပြောလိုက်သည်။ “တကယ်လို့ ကိုယ် မဟာပဏ္ဍိတတစ်ပါး ဖြစ်လာရင်လည်း မင်းကို တွေ့ဖို့ ဖီးနစ် ဘိုးဘေးမြေကို လာခဲ့မယ်”
ဖီးနစ်သူတော်စင် ပြောလိုက်၏။
“ပေရွှမ် မင်း လာဖို့လိုအပ်တဲ့ အရင်းအမြစ်တွေကို ငါသီးသန့် ဖယ်ထားပေးနိုင်တယ်။ မင်း အချိန်မရွေးလာပြီး ချုံးယွီကို တွေ့နိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ယဲ့ပေရွှမ် လေးစားစွာ ပြောလိုက်သည်။
“ငါ့ကို စီနီယာလို့ ခေါ်နေတုန်းပဲလား။ အခု ငါ မင်းရဲ့ ဆရာ ဖြစ်နေပြီလေ”
သူတော်စင် တောက်ပသော အပြုံးဖြင့် ပြောလိုက်၏။
၎င်းက မမှားယွင်းချေ။ ကိုယ့်တာအိုလက်တွဲဖော်၏ ဆရာသည် ကိုယ့်ဆရာပင်။
ယဲ့ပေရွှမ် ထပ်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာ”
ဖီးနစ်သူတော်စင် ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မင်းတို့လူငယ်စုံတွဲ ပြန်ဆုံစည်းတာကို မနှောင့်ယှက်တော့ဘူး။ မင်းတို့နှစ်ယောက် အရင်ပြန်ပြီး နားကြတော့”
ခုနစ်ရက်အကြာတွင်
ယဲ့ပေရွှမ်နှင့်မီးဖီးနစ်တောင်ကြားအဖွဲ့ ဆန်းကြယ်ကောင်းကင်ဒေသသို့ ပြန်ရောက်လာကြသည်။ ရင်းနှီးသောနေရာသို့ ပြန်ရောက်လာချိန်တွင် ယဲ့ပေရွှမ် လေထုကား အထူးတလည် လတ်ဆတ်နေသလို ခံစားမိ၏။
သူ့ယောက္ခမများကို နှုတ်ဆက်ပြီးနောက် သူ မရပ်မနား ဝမ်တောက်ကျောင်းတော်သို့ ပြန်ရာ လဝက်အကြာမှာပင် တောင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။
“တပည့်ယဲ့ပေရွှမ် ဆရာ့ကို ဂါရဝပြုပါတယ်”
ပင်မခြံဝင်းအတွင်း၌ ယဲ့ပေရွှမ် ချူဖုန်းကို ဦးညွှတ်လိုက်၏။
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်း ပြုံးကာ ပြောလိုက်သည်။
“ပေရွှမ် ဒီလေ့ကျင့်ရေးခရီးစဉ်မှာ မင်း တာအိုအနှစ်သာရ နှစ်ခုကို နားလည်သဘောပေါက်နိုင်ခဲ့တယ်။ မင်း စွမ်းရည်က ဆရာ့ကိုတောင် အံ့ဩသွားစေတယ်”
“ဒါတွေအားလုံး ဆရာ့ကျေးဇူးတွေကြောင့်ပါ။ ဆရာ့ရဲ့ လမ်းညွှန်မှုသာမပါရင် တပည့် ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး”
ယဲ့ပေရွှမ် ရိုးသားစွာ ပြောလိုက်၏။
ချူဖုန်း : “ကောင်စုတ်လေး စကားလုံးလှလှလေးတွေကို သုံးနေတာ ရပ်လိုက်ပါတော့။ အရင် ပြန်ပြီး နားလိုက်ဦး။ ဒီည ငါတို့ သေချာလေး အောင်ပွဲခံကြမယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းရဲ့ ဆရာတူမောင်နှမ အများစု တောင်ပေါ်မှာ ရှိနေကြတယ်”
“နားလည်ပါပြီ”
ယဲ့ပေရွှမ် လေးစားစွာ ပြန်ဖြေကြားလိုက်သည်။
သူ ထွက်ခွာရန် ပြင်လိုက်ချိန် ပုံရိပ်တစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာ၏။ ထိုလူ ဆင်းသက်လိုက်သည်နှင့် စကားဆိုလာသည်။
“တပည့်နျဲ့ရှို့ယွမ် ဆရာ့ကို ဂါရဝပြုပါတယ်”
ချူဖုန်း ရောက်လာသူကိုမြင်တော့ ပြုံးလိုက်၏။
“ကြွက်စုတ် မင်း နောက်ဆုံးတော့ ခရီးကနေပြန်ရောက်လာပြီပေါ့။ မင်း ပေရွှမ်နဲ့တစ်ရက်တည်း ပြန်ရောက်လာလိမ့်မယ် မထင်ထားဘူး။ တကယ်ကို တိုက်ဆိုင်တာပဲ”
နျဲ့ရှို့ယွမ် ပြောလိုက်သည်။
“ခဏလောက်ခရီးသွားပြီးတော့ ဆရာနဲ့အတူ ဝိုင်ချက်ခဲ့တဲ့နေ့ရက်တွေကို ရုတ်တရက် သတိရသွားလို့ ပြန်လာတာပါ”
“မင်း ပြောချင်တာ ငါ နားလည်ပါတယ်။ ဝိုင်အိုးတွေ ကုန်သွားလို့ မဟုတ်လား”
ချူဖုန်း နောက်ပြောင်ကာ ပြောလိုက်၏။
“ဟီးဟီး”
နျဲ့ရှို့ယွမ် ကရယ်မောလိုက်သည်။
“အမှန်ပါပဲ။ ဆရာ့ဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး”
ချူဖုန်း : “ကောင်းပြီ။ ဒါဆို ဒီည ငါတို့ ဝိုင် ကောင်းကောင်း သောက်ကြတာပေါ့”
နျဲ့ရှို့ယွမ် : “နားလည်ပါပြီ”
ညအချိန် ပင်မခြံဝင်းအတွင်း၌ ခွက်တိုက်သံများနှင့် ဝိုင် စီးဆင်းသံများ ထွက်ပေါ်လာ၏။
မနေ့ညက စည်ကားနေသော လူအုပ်ကြီးနှင့် နှိုင်းယှဉ်ပါက ယနေ့တွင် ခြံဝင်းအတွင်း၌ ချူဖုန်းနှင့်သူ့တပည့်များသာ ရှိသည်။
နျဲ့ရှို့ယွမ်နှင့်ယဲ့ပေရွှမ်တို့အတွေ့အကြုံများ ပြန်ပြောပြသည်ကို နားထောင်ရင်း လူတိုင်း ဝိုင်များကို ပျော်ရွှင်စွာ သောက်နေကြ၏။
ဝမ်ပေါင်လဲ့တစ်ယောက်သာ အထီးကျန်စွာ ထိုင်ပြီး ဝိုင် ကို တိတ်ဆိတ်စွာ သောက်နေသည်။ သို့သော် သူ့ဂျူနီယာညီလေးများ၏ ကျော်တက်သွားခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ် စိတ်ဓာတ်ကျနေသည်။
ဝိုင်အနည်းငယ် သောက်ပြီးနောက် ဝမ်ပေါင်လဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ ဤတစ်ကြိမ် သူ လေ့ကျင့်ရေးခရီး ထွက်သည့်အခါ တာအိုအနှစ်သာရ တစ်ခုကို သေချာပေါက် နားလည်ရမည်။ သို့မဟုတ်ပါက သူ ပြန်လာမည် မဟုတ်ပေ။