← Chapters

အခန်း ၅၅၀

Vol. 55 Ch. 550

အခန်း ၅၅၀

Vol. 55 Ch. 550

အခန်း(၅၅၀)

မွန်းတည့်ချိန်၊

မြောင်တောင်ပေါ်ရှိ ဗောဓိပင်ရှေ့တွင်

ချူဖုန်း သူ့တပည့်များကို တာအိုဟောကြားနေပြီး တပည့်များသည် တာအိုအတွင်း၌ အပြည့်အဝ နစ်မြောနေကြသည်။

တာအိုဟောကြားပြီးနောက် ချူဖုန်း မေးမြန်းလိုက်၏။ “မင်းတို့ မေးစရာ မေးခွန်းတွေရှိလား”

ထိုနေရာရှိ တပည့်များ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ပြန်ဖြေကြားလိုက်ကြသည်။

“ကျွန်တော်တို့ မေးစရာ ဘာမှမရှိပါဘူး”

“ကောင်းပြီ။ ဒါဆို အခုလောလောဆယ် မင်းတို့ဘာသာ နားလည်အောင် သွားကြိုးစားကြတော့”

ချူဖုန်း မတ်တပ်ရပ်ရန်ပြင်လိုက်ချိန် လူအုပ်ထဲမှ ဝမ်ပေါင်လဲ့ စကားဆိုလာ၏။

“ဆရာ ဒီတပည့် အတွေ့အကြုံရဖို့ တောင်အောက်ကို ဆင်းချင်ပါတယ်”

“ဪ”

ချူဖုန်း ၎င်းကိုကြားတော့ အံ့အားသင့်သည့် အရိပ်အယောင် မပြဘဲ ရယ်မောလိုက်သည်။

“မင်းရဲ့ ဂိုဏ်းတူညီကိုတွေ တိုးတက်လာတာကြောင့် စိတ်အားထက်သန်သွားတာလား”

“ဟုတ်ပါတယ်။ ဆရာ့ဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး”

ဝမ်ပေါင်လဲ့ ယခင်က သူ့ဂိုဏ်းတူမောင်နှမများနှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိသော်လည်း တောင်ပေါ်တွင် အားအားယားယား နေထိုင်နေရန်လည်း ဆန္ဒမရှိပေ။

ချူဖုန်း ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်လိုက်သည်။

“ပေါင်လဲ့ မင်း အတွေ့အကြုံရဖို့ တောင်အောက်ဆင်းမှာခွင့်ပြုတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာ အလျင်စလို လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ အထူးသဖြင့် မင်းက ထောင်ထျဲ့ခန္ဓာကို နိုးထထားတာ။ မင်း ကျင့်ကြံခြင်းလမ်းစဉ်က ကျန်တဲ့ ဂိုဏ်းတူညီအစ်ကိုတွေနဲ့ မတူဘူး”

“တပည့် ဆရာပြောတာကို သိပါတယ်။ ဒီတစ်ကြိမ် တောင်အောက်ဆင်းတာ ရှေးဟောင်းနတ်ဆိုးသူတော်စင် ထောက်ထျဲ့နဲ့ပတ်သက်တဲ့ သတင်းကို ရထားလို့ပါ။ တပည့် စွန့်စားကြည့်ချင်ပါတယ်”

ဝမ်ပေါင်လဲ့ လေးစားစွာ ပြောလိုက်၏။

“မင်းကံကြမ္မာက အတော်လေး ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုရှေးဟောင်းနတ်ဆိုးသူတော်စင်တွေနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေက ကောင်းကင်ရွေးချယ်ခံတွေနဲ့ စွမ်းအားကြီးကျင့်ကြံသူတွေ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်။ မင်းတစ်ယောက်တည်း သွားရင် အဆင်မပြေဘူး”

ချူဖုန်း ခဏတာ ရပ်ပြီးနောက် လူအုပ်ကို ကြည့်သည်။

“ဒီခရီးစဉ်မှာ ပေါင်လဲ့နဲ့ ဘယ်သူ လိုက်သွားမလဲ”

၎င်းကိုကြားတော့ လူတိုင်း စကားဆိုလာကြ၏။

“ကျွန်တော် လိုက်မယ်”

“ကျွန်တော်လည်း လိုက်မယ်”

“…”

ဝမ်ပေါင်လဲ့ ၎င်းမြင်တော့ စိတ်လှုပ်ရှားမှု တစ်ဟုန်ထိုး မြင့်တက်လာပြီး နှာခေါင်း ရှုံ့သွားမိသည်။

ချောင်ရို့ချန် သူ့ကို ကြည့်ကာ ရယ်မောလိုက်၏။

“ပေါင်လဲ့ မင်း ဘာလို့ ကောင်မလေး တစ်ယောက်လိုလုပ်နေတာလဲ။ ငါတို့က မိသားစုတွေလေ။ ရတနာတွေကိုယူဖို့ မင်းကို ကူညီပေးတာက ပုံမှန်ပါပဲ။ မဟုတ်ဘူးလား”

ရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ် ပေါင်လဲ့။ မင်းကိုယ်မင်း အပြင်လူ တစ်ယောက်လို သဘောထားနေတာတော့ မဟုတ်ပါဘူးနော်”

ဝမ်ပေါင်လဲ့ ခေါင်းမာစွာ ပြောလိုက်၏။ “ကျွန်တော် ပျော်လို့ပါ”

“ကောင်းပြီ”

ချူဖုန်း နွေးထွေးသော မြင်ကွင်းကို ဖြတ်တောက်ကာ ပြောလိုက်သည်။

“ပေါင်လဲ့နဲ့ဘယ်သူသွားမလဲဆိုတာ မင်းတို့အချင်းချင်း ဆွေးနွေးကြ။ ငါ အရင်ပြန်နှင့်မယ်”

ဤကဲ့သို့အသေးအမွှားကိစ္စများကို သူ ဝင်စွက်ဖက်နေစရာ မလိုပေ။ သူ့တပည့်များကို ဆွေးနွေးရန် ချန်ထားခြင်းက အဆင်ပြေပါ၏။

ဂိုဏ်းတူမောင်နှမများ ဝမ်ပေါင်လဲ့ကို ကြည့်ကြသည်။

ရှောင်ချန်း ပြောလိုက်၏။

“ဂျူနီယာညီလေးဝမ် ငါမင်းနဲ့ လိုက်မယ်”

ယခုအခါ သူတို့တွင် ကိစ္စရပ်များကို လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပြီဖြစ်သဖြင့် ဝမ်ပေါင်လဲ့နှင့်အတူ လူတိုင်း ပိုင်ယုတောင်သို့လိုက်သွားရန် မလိုအပ်တော့ပေ။

ချောင်ရို့ချန် ပြောလိုက်၏။

“ဂျူနီယာညီလေးဝမ် ငါ မင်းနဲ့ လိုက်သွားမယ်။ မင်း နာမည်ကြီးလာစေရမယ်လို့ အာမခံတယ်”

စီနီယာအစ်ကိုနှစ်ဦးစလုံး ပြောနေသည်ကို မြင်တော့ ဝမ်ပေါင်လဲ့ မည်သို့ရွေးချယ်ရမည်ကို မသေချာ ဖြစ်သွား၏။

ထိုအချိန်မှာပင် စကားနည်းသော နျဲ့ရှို့ယွမ် ပြောလာ၏။ “စီနီယာအစ်ကိုတို့ ကျွန်တော့်အမြင်အရ ဒီအခွင့်အရေးကို ကျွန်တော့်အတွက် ချန်ထားပေးသင့်တယ်။ ကျွန်တော် မလှုပ်ရှားရတာ အတော်ကြာပြီ။ ပြီးတော့ လောကကြီးကလည်း ကျွန်တော့်အကြောင်းကို မေ့နေလောက်ပြီ”

၎င်းကိုကြားတော့ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ကာ ပြောသည်။

“စီနီယာအစ်ကိုနျဲ့ လှုပ်ရှားချင်နေမှတော့ ကျွန်တော်တို့နှစ်ယောက် ပေါင်လဲ့ကို ကာကွယ်ပေးမဲ့တာဝန်ကို စီနီယာဆီ အပ်လိုက်ပါမယ်”

[သူတို့အချင်းချင်း ပတ်ရှုပ်တာပါ။ နျဲ့ရှို့ယွမ် ချူဖုန်းဆီမလာခင် သူတို့ထက်ဝါမြင့်ပါတယ်။ ချူဖုန်းတပည့်ဖြစ်တော့ ဝါကနိမ့်သွားရော။ အဲ့တော့ အချင်းချင်းစီနီယာအစ်ကိုခေါ်နေကြတာပါ]

နျဲ့ရှို့ယွမ် ပြုံးကာ ပြန်ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ကျွန်တော် စီနီယာအစ်ကိုတို့ နှစ်ယောက်လောက်မတော်ပေမဲ့ လူတိုင်း အသုံးချလို့ရတဲ့ လူမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ကို ကျောထောက်နောက်ခံပေးထားတဲ့ ဆရာရှိနေတာကို ထည့်ပြောနေဖို့တောင် မလိုတော့ပါဘူး”

ဝမ်ပေါင်လဲ့ ခေါင်းညိတ်လိုက်ပြီး နျဲ့ရှို့ယွမ်ကို လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ဒါဆို စီနီယာအစ်ကိုနျဲ့ကို ဒုက္ခပေးရတော့မယ်”

နျဲ့ရှို့ယွမ် : “ပြဿနာ မရှိဘူး။ မင်း ချက်ကျွေးတဲ့စားစရာတွေကို ငါလည်း စားချင်နေတာ”

ဝမ်ပေါင်လဲ့ ၎င်းကိုကြားတော့ သူ့ရင်ဘတ်ကို ပုတ်လိုက်၏။

“စီနီယာအစ်ကို စိတ်မပူနဲ့။ ကျွန်တော့်မှာ ကျန်တာ မရှိပေမဲ့ အရသာရှိတဲ့ အစားအစာတွေတော့ အများကြီး ရှိတယ်”

သဘောတူညီချက် ရပြီးနောက် သူတို့ ချူဖုန်းကို ဂါရဝပြုရန်နှင့် ကိစ္စရပ်များကို ရှင်းပြရန် ပင်မခြံဝင်းသို့ သွားကြသည်။

ချူဖုန်း ခေါင်းအသာညိတ်လိုက်ပြီးနောက် သူ့အကြည့်က နျဲ့ရှို့ယွမ်ပေါ်သို့ ကျရောက်သွား၏။

“နျဲ့ရှို့ယွမ် ဒီတစ်ကြိမ် မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ မျှော်လင့်နေမယ်”

နျဲ့ရှို့ယွမ် ပြောလိုက်သည်။

“ဆရာ ကျွန်တော် ဆရာ့ကို အရှက်မကွဲစေရပါဘူး”

သုံးရက် အကြာတွင်

နျဲ့ရှို့ယွမ်၊ ဝမ်ပေါင်လဲ့နှင့် အခြားသူများ မြောင်တောင်မှ အတူတကွ ထွက်ခွာလာကြပြီး ပိုင်ယုတောင်သို့ ဦးတည်သွားကြသည်။

ပိုင်ယုတောင်သည် ရှေးဟောင်းအင်မော်တယ်တောင်တစ်လုံး ဖြစ်၏။

ထိုနေရာကို တစ်ချိန်က နတ်ဆိုးဧကရာဇ်တစ်ပါး ကြီးစိုးခဲ့ပြီး ဆန်းကြယ်ကောင်းကင်ဒေသ မြောက်ပိုင်းချောက်နက်ကို တာဝန်ယူရသော နတ်ဆိုးမျိုးနွယ်စုအတွက် အဓိကခံတပ်တစ်ခု ဖြစ်သည်။

သို့သော် နတ်ဆိုးမျိုးနွယ်စု၏ ကျဆင်းလာမှုနှင့်အတူ နတ်ဆိုးသူတော်စင်ထောက်ထျဲ့ ထိုနေရာတွင်သေဆုံးသွား၏။

ပိုင်ယုတောင်သည် မြောက်ပိုင်းချောက်နက်တွင် လွင့်မျောနေသော တောင်ကြီးတစ်တောင်ဖြစ်သော်လည်း လောကကြီးရှေ့တွင် ပေါ်လာတိုင်း ၎င်းက မရေမတွက်နိုင်သော ပဋိပက္ခများကို ဆွဲဆောင်နိုင်သည်။

ဤတစ်ကြိမ်တွင် ပိုင်ယုတောင်သည် မြောက်ပိုင်းချောက်နက်နှင့် မဟာမိုးကြိုးကျောင်းတော်တို့ကြား နယ်စပ်တွင် ထွက်ပေါ်လာ၏။

ပိုင်ယုတောင်ထွက်ပေါ်လာချိန်တွင် အင်မော်တယ် အလင်းတန်းများ မိုင်တစ်သောင်းအထိ ဖြာထွက်ပြီး လီတစ်သောင်းပတ်လည်အတွင်း မြင်တွေ့နိုင်သည်။

၎င်းအလင်းတန်းများသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဆွဲဆောင်နေပြီး မြင့်မြတ်နယ်မြေနှစ်ခုဖြစ်သည့် မြောက်ပိုင်းချောက်နက်မြင့်မြတ်ဆက်နှင့်မဟာမိုးကြိုးကျောင်းတော်တို့ကိုလည်း သတိပြုမိသွားစေ၏။

ဝမ်တောက်ကျောင်းတော်မှ တပည့်များသည်လည်း သတင်းရရှိခဲ့ကြပြီး တပည့်အချို့သည် ပိုင်ယုတောင်သို့ ဦးတည်သွားနေကြသည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ပိုင်ယုတောင်ပတ်လည်တွင် စုရုံးနေကြပြီး လူတိုင်း၏ မျက်လုံးများထဲ၌ စိတ်အားထက်သန်သော အလင်းတန်းများ တောက်ပနေကာ လေထဲတွင် လွင့်မျောနေသော အင်မော်တယ်တောင်ကြီးကို စိုက်ကြည့်နေ၏။

အကယ်၍ ပိုင်ယုတောင် ပွင့်လာပါက ထိုကျင့်ကြံသူများ အထဲသို့ချက်ချင်း ဝင်ရောက်သွားလောက်၏။

ကျင့်ကြံသူများ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် ဧရာမ အရိပ်ကြီးတစ်ခု မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် လွင့်မျောလာသည်။

အရိပ်မဆင်းသက်မီ လူများ နီဗားနားရှင်သန်ခြင်း အဆင့်ဖိအားတစ်ခုကို ခံစားလိုက်ရ၏။

ကျင့်ကြံသူများ ထိုအရိပ်ကို ကြည့်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း အရိပ်သည် လူအုပ်ကြီးပေါ်သို့ ရောက်ရှိလာ၏။

“ဒါ..ဘယ်လို ဧရာမသားရဲကြီးလဲ”

“အင်မော်တယ်တောင်ကြီး ပွင့်လာတာ ရှေးဟောင်း နတ်ဆိုးသားရဲတွေကို ဆွဲဆောင်မိသွားတာများလား”

“…”

လူတိုင်း ဆွေးနွေးနေကြစဉ် ဧရာမသတ္တဝါကြီး ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။

“နတ်ဆိုးသားရဲ လာနေပြီ။ တိုက်ခိုက်ဖို့ မြန်မြန် ပြင်ဆင်ကြ”

နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး အော်ဟစ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး သူတို့လက်နက်များကို ထုတ်ယူလိုက်ကြသည်။

သို့သော် မည်သူကမျှ အရင်ဆုံး မလှုပ်ရှားရဲကြပေ။

ရှေးဟောင်းနတ်ဆိုးသားရဲတိုင်းက ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည့်အပြင် ဆန်းကြယ်ကောင်းကင်ဒေသအတွင်းသို့ ရဲတင်းစွာ ဝင်ရောက်လာခြင်းက ၎င်းတွင် ကြောက်မက်ဖွယ်ရာ ကျောထောက်နောက်ခံရှိကြောင်း သိသာစေ၏။

ဧရာမသားရဲကြီး နီးကပ်လာသည်နှင့် အချို့သော ကျင့်ကြံသူများ မနေနိုင်ဘဲ တိုက်ခိုက်လိုက်ကြ၏။

သို့သော် သူတို့ ဧရာမသားရဲကြီးကို မထိနိုင်ခင် ၎င်းခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး အလင်းတန်းများထံမှ တားဆီးခံလိုက်ရသည်။

“မင်းတို့ကများ အတင့်ရဲလှချည်လား”

အမျိုးသမီးအသံတစ်သံ ဧရာမသားရဲကြီး၏ ကျောဘက်မှ ထွက်ပေါ်လာပြီး လူအများကို အလန့်တကြား ဖြစ်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူတို့ သက်ပြင်းချလိုက်နိုင်၏။

“ငါတို့ကို ဘယ်သူတိုက်ခိုက်ရဲတာလဲ”

ထိုအသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။

တိုက်ခိုက်လိုက်သော ကျင့်ကြံသူများ မြေပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်ကာ သနားညှာတာပေးရန် တောင်းပန်လိုက်ကြ၏။

“အင်မော်တယ် ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ။ အင်မော်တယ် ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ”

“ကျွန်တော်တို့ အရှင်မရဲ့ စီးတော်ယာဉ်ကြောင့် လန့်သွားပြီး အမှားလုပ်မိသွားတာပါ”

“…”

“ဟမ့်”

အေးစက်စက် နှာမှုတ်သံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ဖိအားတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်လိုက်သူအားလုံး မြေပြင်ပေါ်တွင် သတိလစ်သွားကြသည်။

တစ်နေရာလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ဧရာမသားရဲကြီး ဆင်းသက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

All Chapters