← Chapters

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း (၃၇၇) ပိုက်ဆံထပ်တောင်းမယ့် ကျန်းချဲ့

ဤကဲ့သို့ တွက်ဆကြည့်မည်ဆိုပါက အရာအားလုံးက ကွင်းဆက်မိသွားပြီ ဖြစ်လေသည်။

ယင်ချုံဟိုင်က သူ့ကို စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း၏ နောက်ကွယ်တွင် ချင်းထျန်းဂိုဏ်း၏ အကြံအစည်များ သေချာပေါက် ရှိနေမည်ဖြစ်သည်။ သူတို့က သူ့ကို တိတ်တဆိတ် ထောင်ချောက်ဆင်ကာ လက်စားချေရန် ကြံစည်နေခြင်း ပင်တည်း။

သေချာသည်ကတော့ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိနေသေးလေသည်။ အဖြစ်နိုင်ဆုံးသော အရာလည်း ဖြစ်သည်။ ၎င်းမှာ ချင်းထျန်းဂိုဏ်းမှ လူများသည် စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေကို အမှန်တကယ် ဖွင့်လှစ်နိုင်ခြင်း မရှိခြင်းဖြစ်သည်။ ရွှမ်ထျန်းနဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို စစ်မှန်စွာ ကျင့်ကြံထားသော သူ့ကဲ့သို့သော သူမှသာလျှင် ထိုရှေးဟောင်းနယ်မြေကို ဖွင့်လှစ်နိုင်မည် ဖြစ်ပေလိမ့်မည်။

သူ့ကို အမှန်တကယ် တိုက်ခိုက်မည့် အချိန်မှာ စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေကို ဖွင့်လှစ်ပြီးနောက်တွင် ဖြစ်နိုင်သည်။ သို့မဟုတ် ရှေးဟောင်းနယ်မြေထဲမှ ပြန်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ သူ့ကို အပြတ်ရှင်းရန် ကြံစည်ထားခြင်းလည်း ဖြစ်နိုင်လေသည်။

ကျန်းချဲ့၏ အတွေးများက အဆက်မပြတ် လွင့်မျောနေပြီး ဖြစ်နိုင်ချေ မျိုးစုံကို စဉ်းစားတွေးတောနေလေသည်။ ထိုသို့မဟုတ်ပါက ယခင်က အရှေ့ပင်လယ်တွင် ရှိနေစဉ်ကတည်းက ချင်းထျန်းဂိုဏ်းက သူ့ကို တိုက်ခိုက်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

နောက်ဆုံး စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ ပြီးဆုံးသွားသည့် အချိန်တွင် သူ့ကို တိုက်ခိုက်ရန် အနည်းဆုံး အရှင်သခင်အဆင့်ရှိ အစွမ်းထက်သူ တစ်ယောက် သေချာပေါက် ပေါ်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူ၏ ယခုလက်ရှိ စွမ်းအားများကို အပြင်လူများအားလုံး ကောင်းစွာ သိရှိထားကြလေသည်။ သာမန် ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင် များက သူ့ကို အညံ့ခံအောင် လုပ်နိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ဤသို့ဆိုလျှင်တော့ ဤကိစ္စကို သူ သေချာပေါက် အလေးအနက်ထား စဉ်းစားရတော့မည် ဖြစ်လေသည်။ အန္တရာယ်ရှိမှန်း သိသိကြီးနှင့် သွားရောက်ရမည် ဖြစ်ရာ အဘက်ဘက်မှ ပြီးပြည့်စုံသော ကြိုတင်ပြင်ဆင်မှုများကို မဖြစ်မနေ လုပ်ဆောင်ထားရမည်သာ ဖြစ်သည်။

လက်ရှိအချိန်တွင် အတည်ပြုနိုင်သည့် အချက်မှာ စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ၏ ဖိတ်ခေါ်ချက်မှာ ရာခိုင်နှုန်း ကိုးဆယ်ခန့်က သူ့ကို သီးသန့် ပစ်မှတ်ထား ဆင်နွှဲထားသော ထောင်ချောက်တစ်ခု ဖြစ်နိုင်ကြောင်း ပင်ဖြစ်သည်။ သို့သော် သူသည် စစ်မှန်သောနဂါး မှော်ဆေးပင် အတွက် ထိုနေရာသို့ အသက်စွန့်၍ မဖြစ်မနေ သွားရောက်ရမည် ဖြစ်လေသည်။

သူ၏ လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် အရှင်သခင်အဆင့် အောက်တွင် မဟာသိုင်းသခင် အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို မခံရသရွေ့ လုံးဝ အန္တရာယ်ကင်းနိုင်လေသည်။ သို့သော် အရှင်သခင် တစ်ပါးပါးနှင့် ကြုံတွေ့ရပါက ချီရွှယ်မိစ္ဆာသခင် နှင့် ပေါင်းတိုက်လျှင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာ တတ်နိုင်မည် ဖြစ်လေသည်။ ဤအခွင့်အရေးကို အသုံးချကာ ဓမ္မရုပ်တုအဆင့်ကို ဖန်တီးပြီး ရှန်ရှန်း အလယ်အလတ်အဆင့်သို့ မတက်လှမ်းနိုင်ပါက အခြေအနေမှာ အလွန် ခက်ခဲပေလိမ့်မည်။

သေချာသည်ကတော့ သူ လုံးဝ ပြန်လည် မခုခံနိုင်သည်တော့ မဟုတ်ချေ။ ချင်းရှောင်ဓားအရှင်သခင်မ ကျောက်ရှန်းကျီ နှင့် သူ၏ ဆက်ဆံရေးမှာ အလွန် နက်ရှိုင်းလှရာ သူ့အတွက် အလုပ်လုပ်ပေးရန် တစ်ဖက်လူကို စေခိုင်းမည်ဆိုပါက ရာခိုင်နှုန်း အတော်များများ သေချာလှပေသည်။ ဤသည်မှာ သူ၏ လုံခြုံရေးအတွက် နောက်ထပ် အာမခံချက် တစ်ခု ပင်ဖြစ်သည်။

ထို့အပြင် ယောက္ခထီးဖြစ်သူ ချီကျန်းနန် ကို ကိုယ်တိုင် ပါဝင်ကူညီရန် တောင်းဆိုခြင်းမှာလည်း သူ၏ အားကိုးရမည့် ဖဲချပ်တစ်ခု ဖြစ်လေသည်။ မြောက်ပိုင်း ချီမိသားစု သည် သူ့အပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများ အလွန်များပြားစွာ ပြုလုပ်ထားရာ သူ၏ ဖိတ်ခေါ်ချက်ကို လုံးဝ ဥပေက္ခာပြုလိမ့်မည် မဟုတ်ချေ။ တစ်ခုတည်းသော ရှင်းပြရန် လိုအပ်သည့်အရာမှာ ဤကိစ္စ၏ နောက်ကွယ်မှ အကြောင်းရင်း ပင်ဖြစ်သည်။

တော်ဝင်နန်းတော် ဘက်ကိုတော့ ကျန်းချဲ့ အနေဖြင့် လက်ရှိအချိန်တွင် အပြည့်အဝ ယုံကြည် စိတ်ချနိုင်ခြင်း မရှိသေးချေ။ သူသည် တော်ဝင်နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ဧကရာဇ်မင်း ကိုယ်တိုင် ကွမ်ကျွင်းနယ်စား ဘွဲ့ကို ချီးမြှင့်ထားသူ ဖြစ်သော်လည်း စစ်မှန်သောနဂါး မှော်ဆေးပင် ဆိုသည်မှာ ရှားပါးလှသော လောကရတနာ တစ်ပါး ပင်ဖြစ်သည်။ အကယ်၍ ဤကိစ္စကို တော်ဝင်နန်းတော်က သိရှိသွားပါက ဤရတနာမှာ သူ၏ လက်ထဲသို့ အမှန်တကယ် ရောက်ရှိလာနိုင်မည်ဟု အာမမခံနိုင်ချေ။

ထို့ကြောင့် ချိန်ဆကြည့်ပြီးနောက်တွင် အလုံခြုံဆုံးသော နည်းလမ်းမှာ မြောက်ပိုင်း ချီမိသားစုမှ လူများကိုသာ အကူအညီ တောင်းခံရန် ဖြစ်ကြောင်း ကျန်းချဲ့ သုံးသပ်မိလေသည်။ သူတို့သည် မိသားစုဝင်များ ဖြစ်ကြရာ တော်ဝင်နန်းတော်ထက် အများကြီး ပိုမို ယုံကြည်ရလေသည်။ ထိုအရာများအပြင် ချင်းရှောင်ဓားအရှင်သခင်မ ကျောက်ရှန်းကျီ ကိုပါ ပေါင်းထည့်လိုက်ပါက သူ၏ ဘက်တွင် ရှန်ရှန်း နောက်ပိုင်းအဆင့်ရှိ ထိပ်တန်း အရှင်သခင် နှစ်ပါး တိုးလာမည်နှင့် အတူတူပင်ဖြစ်သည်။ သူ၏ လုံခြုံရေး အတွက် လုံးဝ အန္တရာယ်ကင်းသွားပြီဟု ဆိုနိုင်ပေသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျန်းချဲ့ သည် ဤကိစ္စ၏ အစီအစဉ်များကို တွက်ချက်ကာ အရာအားလုံးကို သေချာစွာ စီစဉ်ပြီးသည်နှင့် ချီကျန်းနန် ရှိရာသို့ တိုက်ရိုက် ထွက်ခွာသွားလေတော့သည်။

မက်မွန်ခြံ အတွင်းသို့ သတင်းပို့ပြီးနောက် ဝင်ရောက်လာသော ကျန်းချဲ့ သည် ချီကျန်းနန် ကို တိုက်ရိုက်ပင် အရိုအသေ ပေးလိုက်လေသည်။

"ယောက္ခထီးကို ဂါရဝပြုပါတယ်..."

သို့သော် သူ၏ ဤစကားကြောင့် ချီကျန်းနန် ၏ မျက်ခုံးများ ပင့်တက်သွားရလေသည်။ အကြောင်းမူကား မင်္ဂလာဆောင် ပြီးကတည်းက ကျန်းချဲ့ သည် ယခင်က အခေါ်အဝေါ် အတိုင်းသာ သူ့ကို ဦးလေး ဟု ခေါ်ဝေါ်နေခဲ့သောကြောင့် ပင်ဖြစ်သည်။

သေချာသည်ကတော့ ဤကိစ္စအပေါ် သူ ဘာမှ မကျေမနပ် ဖြစ်မနေခဲ့ချေ။ သိုင်းလောက တွင် ဤကဲ့သို့သော အခေါ်အဝေါ်များမှာ အလွန် ပေါများလှပေသည်။ သို့သော် ကျန်းချဲ့ ဘက်မှ ရုတ်တရက်ကြီး ဤမျှ ရင်းနှီးလာခြင်းက တစ်စုံတစ်ခု ထူးခြားနေကြောင်း သူ့ကို ရိပ်မိသွားစေခဲ့လေသည်။ ကျန်းချဲ့ တွင် အကူအညီ တောင်းစရာ ကိစ္စတစ်ခု သေချာပေါက် ရှိနေမည်ကို သိရှိလိုက်ပြီး တစ်ဖက်လူကို အချိန်အနည်းငယ်မျှ အကဲခတ်လိုက်ကာ တိုက်ရိုက်ပင် မေးလိုက်လေသည်။

"မင်းမှာ ပြောစရာ ကိစ္စများ ရှိနေလို့လား..."

"ယောက္ခထီးလို့ကို ခေါ်ရမယ် မျက်စိတစ်ချက် ကစားလိုက်ရုံနဲ့ ကျွန်တော့်ရဲ့ စိတ်ကူးတွေကို ချက်ချင်း သိနေတာပဲ..."

ကျန်းချဲ့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချီကျန်းနန် ၏ မျက်နှာချင်းဆိုင်တွင် အားနာခြင်းမရှိဘဲ ဝင်ထိုင်လိုက်ကာ မိမိအတွက် လက်ဖက်ရည် တစ်ခွက်ကို ကိုယ်တိုင် ငှဲ့လိုက်လေသည်။

"ပြောပါဦး ဘာကိစ္စများလဲ..."

"ကျွန်တော် ဒီကို လာတာက ချီမိသားစု ဆီကနေ ဘာရတနာ မှ လာတောင်းတာ မဟုတ်ပါဘူး... ယောက္ခထီး အနေနဲ့ အချိန်နည်းနည်းလောက် ပေးပြီး အရှေ့ပင်လယ် ဘက်ကို တစ်ခေါက်လောက် လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်လို့ပါ..."

"အရှေ့ပင်လယ်..."

ချီကျန်းနန် အနည်းငယ် ကြက်သေသေသွားလေသည်။ ကျန်းချဲ့ ထံမှ ဤကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ တစ်ဖက်လူ ဘာတွေ ကြံစည်နေသနည်း ဆိုသည်ကို သူ အပြည့်အဝ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။

"ဟုတ်ပါတယ် အရှေ့ပင်လယ် သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲ ပြီးသွားတော့ အကြီးအကဲချုပ် နဲ့အတူ ယွင်ပြည်နယ် ကို ပြန်လာတဲ့ လမ်းမှာ အရှေ့စွန်းနန်းတော် ရဲ့ နန်းတော်သခင် ယင်ချုံဟိုင် နဲ့ ဆုံခဲ့တယ်... သူက ကျွန်တော် နဂါးပြောင်းလဲခြင်း နတ်စွမ်းရည် ကို ကျင့်ကြံ အောင်မြင်ထားတာကို သိသွားတော့ ရှေးဟောင်းနယ်မြေ တစ်ခုဆီကို သွားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်..."

ကျန်းချဲ့ သည် ထိုနေ့က ယင်ချုံဟိုင် နှင့် တွေ့ဆုံခဲ့ရသော အသေးစိတ် အချက်အလက် များကို ချန်လှပ်ထားခြင်း မရှိဘဲ အစအဆုံး ပြန်လည် ပြောပြလိုက်လေသည်။

"ယင်ချုံဟိုင် က ရုတ်တရက်ကြီး ဖိတ်ခေါ်လာတော့ မင်းက ပြဿနာ တစ်ခုခု ရှိနေမယ်လို့ ထင်ပြီး ငါ့ကို အကူအညီ တောင်းချင်တာပေါ့လေ..."

ချီကျန်းနန် သည် စကား၏ အဓိက အချက်ကို လျင်မြန်စွာ ဖမ်းဆုပ်မိသွားလေသည်။

"မှန်ပါတယ်..."

"ပြဿနာ ရှိမှန်း သိသိကြီးနဲ့ မင်းက သွားချင်နေသေးတယ် ဆိုတော့ သူပြောတဲ့ စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ ထဲမှာ မင်းအတွက် အရမ်း အရေးကြီးတဲ့ အရာတစ်ခုခု ရှိနေလို့များလား..."

ချီကျန်းနန် က ကျန်းချဲ့ ကို ဆက်လက် မေးမြန်းလိုက်လေသည်။ ကျန်းချဲ့ သည် ပုံမှန်အားဖြင့် အလွန် သတိထား တတ်သူ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။ ယခုကဲ့သို့ ပြဿနာ ရှိမှန်း သိသိကြီးနှင့် သွားရောက်လိုနေခြင်းမှာ မဖြစ်မနေ သွားရောက်ရမည့် အကြောင်းပြချက် တစ်ခု သေချာပေါက် ရှိနေမည် ဖြစ်ကြောင်းကို သူ ကောင်းစွာ ရိပ်မိလေသည်။

"ကျွန်တော် အခု နောက်ပိုင်း ကျင့်ကြံခြင်း တွေအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတာပါ... နဂါးသွေးမျိုးဆက် ပါဝင်တဲ့ မှော်ဆေးပင် အချို့ကို အရေးတကြီး လိုအပ်နေလို့ပါ... ကျွန်တော် စုံစမ်းကြည့်ပြီးပါပြီ အဲ့ဒီ စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ က တကယ် အစစ်အမှန် ပါပဲ... အထဲမှာ ကျွန်တော် လိုအပ်တဲ့ အရာတွေ သေချာပေါက် ရှိနေနိုင်တယ်... ယောက္ခထီးကို လိုက်ခဲ့ဖို့ အကူအညီ တောင်းရတာကလည်း ကျွန်တော့်အတွက် ပိုပြီး ယုံကြည်ချက် ရှိသွားအောင်လို့ပါ..."

ကျန်းချဲ့ က အမှန်တစ်ဝက် အမှားတစ်ဝက် ရောနှောကာ ပြောလိုက်လေသည်။

ချီကျန်းနန် ၏ လက်ချောင်းများက လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ခပ်ဖွဖွ ခေါက်နေပြီး အချိန်အနည်းငယ်မျှ စဉ်းစားလိုက်လေသည်။ ဤကိစ္စ၏ အကျိုးအပြစ်များကို အချိန်အတော်ကြာ ချိန်ဆကြည့်ပြီးနောက် ပြောလိုက်လေသည်။

"ဒါဆို ယင်ချုံဟိုင် ရဲ့ နောက်ကွယ်က အင်အားစုက ဘယ်သူလဲ ဆိုတာကို မင်း သိလား... သူ့တစ်ယောက်တည်း အင်အားနဲ့ ဆိုရင်တော့ မင်းကို ထိပါးရဲမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."

"ကျွန်တော် အကြီးအကဲချုပ် နဲ့ ချန်ချင်းဖန် တို့ကို အကူအညီ တောင်းပြီး အဲ့ဒီလူ အကြောင်းကို စုံစမ်းထားပါတယ်... ကျွန်တော် သံသယ ရှိတာက ယင်ချုံဟိုင် ရဲ့ နောက်ကွယ်မှာ ချင်းထျန်းဂိုဏ်း က ရပ်တည်နေဖို့ ငါးဆယ် ရာခိုင်နှုန်းလောက် သေချာတယ်... ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားဘူး ဆိုရင် စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ ကို ဖွင့်လှစ်ပြီးတဲ့ အချိန် ဒါမှမဟုတ် ပြီးဆုံးသွားတဲ့ အချိန်ကျရင် ကျွန်တော့်ကို ချုံခို တိုက်ခိုက်မယ့်သူ သေချာပေါက် ရှိလာလိမ့်မယ်..."

"ချင်းထျန်းဂိုဏ်း..."

ချီကျန်းနန် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး မျက်နှာပေါ်တွင် တည်ကြည် လေးနက်သော အမူအရာများ ပေါ်လွင်လာလေသည်။ နှစ်ထောင်ချီ သက်တမ်းရှိသော မိသားစုကြီး၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သော်လည်း ချင်းထျန်းဂိုဏ်း အပေါ်တွင် သူ နည်းနည်းလေးမျှ ပေါ့ဆရဲခြင်း မရှိချေ။ တစ်ဖက်လူ၏ စွမ်းအားမှာ မြောက်ပိုင်း ချီမိသားစု ထက် အများကြီး ပိုမို သာလွန်လှပေသည်။ ယခင်က ထိပ်တန်း အင်အားစု အချို့သည် ချင်းထျန်းဂိုဏ်း အပေါ် တိုက်ခိုက်ရန် ကြိုးစားခဲ့ဖူးလေသည်။ သို့သော် ရလဒ်အနေဖြင့် တစ်ဂိုဏ်းလုံး လူမကျန် အသတ်ခံရပြီး မျိုးဆက် ပြတ်သွားခဲ့ရလေသည်။

"တကယ်လို့ ယင်ချုံဟိုင် ရဲ့ နောက်ကွယ်မှာ ချင်းထျန်းဂိုဏ်း သာ ရပ်တည်နေတယ် ဆိုရင် ဒီကိစ္စက အရမ်းကို အန္တရာယ် များသွားပြီ... သာမန် သိုင်းပညာရှင် တွေကတော့ သိပ်ပြီး ကိစ္စ မရှိလှပေမဲ့ အဲ့ဒီ ဓမ္မမင်းကြီး တွေကတော့ ဖုန်းယွင် စာရင်း ရဲ့ ထိပ်တန်း အဆင့်တွေချည်းပဲ... ချင်းထျန်းဂိုဏ်း သတ်မှတ်ထားတဲ့ နယ်မြေတွေ အရဆိုရင် အရှေ့ပင်လယ် ဘက်က ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ရဲ့ နယ်မြေ ဖြစ်ဖို့ များတယ်... ဒီတစ်ကြိမ် မင်းကို အကြံအစည် လုပ်နေတာလည်း ဒီလူ ဖြစ်ဖို့ ရာခိုင်နှုန်း အတော်များတယ်..."

ချီကျန်းနန် ၏ အတွေးများက ကျန်းချဲ့ ထက် အများကြီး ပိုမို နက်ရှိုင်းလှပေသည်။ ရန်သူကိုသာ ထည့်သွင်း စဉ်းစားရုံသာမက နောက်ဆက်တွဲ သက်ရောက်မှု များကိုပါ ထည့်သွင်း စဉ်းစားရလေသည်။

ကျန်းချဲ့ လည်း အလွန် သဘောတူမိလေသည်။ အမှန်တကယ်တော့ သူကိုယ်တိုင်လည်း ထိုသို့ပင် တွေးတောထားခဲ့ခြင်း ဖြစ်လေသည်။

ခရမ်းရောင်နဂါး ဓမ္မမင်းကြီး... တုန်းဖန်းမင်ယွဲ့။

ဖုန်းယွင် စာရင်း၏ အဆင့် ဆယ့်ခြောက်တွင် ရပ်တည်နေသူ ပင်ဖြစ်သည်။ သူ၏ အဆင့်မှာ ချီကျန်းနန် ထက်ပင် အနည်းငယ် ပို၍ မြင့်မားနေပြီး ချင်းထျန်းဂိုဏ်း အတွင်း၌လည်း အလွန် အရေးပါသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

"စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ ကို မသွားလို့ မရဘူးလား..."

ချီကျန်းနန် က ဆက်လက် မေးမြန်းလိုက်လေသည်။

"ကျွန်တော့်အတွက် အရမ်း အရေးကြီးလို့ပါ..."

ချီကျန်းနန် အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ... ဒီလိုဆိုမှတော့ အဲ့ဒီအချိန်ကျရင် ဒီခရမ်းရောင်နဂါး ဓမ္မမင်းကြီး ရဲ့ စွမ်းရည်တွေကို ငါ ကိုယ်တိုင် စမ်းသပ်ကြည့်ရတာပေါ့..."

"ယောက္ခထီးကို ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့ ချက်ချင်းပင် အရိုအသေပေးကာ ကျေးဇူးတင်လိုက်လေသည်။

ချီကျန်းနန် က အရှေ့ပင်လယ် သို့ လိုက်ပါရန် သဘောတူပြီးနောက် ကျန်းချဲ့ သည် ကျောက်ရှန်းကျီ ထံသို့ ချက်ချင်း လူလွှတ်ကာ ဆက်သွယ်လိုက်လေသည်။ ဤလူနှစ်ယောက်သာ သူနှင့်အတူ လိုက်ပါနိုင်မည် ဆိုပါက သူ၏ လုံခြုံရေး အတွက် အခြေခံအားဖြင့် မည်သည့် ပြဿနာမျှ ရှိတော့မည် မဟုတ်ချေ။

သို့သော် ကျန်းချဲ့ ထင်မှတ်မထားသော အရာမှာ ကျောက်ရှန်းကျီ သည် လာမည့် လဝက်ခန့် အချိန်အတွင်း လုံးဝ အားလပ်မည် မဟုတ်ကြောင်း ပင်ဖြစ်သည်။ သူမသည် နတ်လက်နက် ဓားတစ်လက်ကို သန့်စင်နေပြီး ဓားသိုင်း နတ်စွမ်းရည် တစ်မျိုးကို ကျင့်ကြံနေသဖြင့် အချိန် လဝက်ခန့် ရွှေ့ဆိုင်းပေးရန် မျှော်လင့်ကြောင်း အကြောင်းပြန်လာလေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့ အနေဖြင့် ဘာမှ ဆက်လက် ပြောဆို၍ မကောင်းတော့ချေ။ မည်သို့ပင်ဆိုစေ ကျောက်ရှန်းကျီ အစွမ်းထက်လာလေလေ သူ၏ ယုံကြည်မှုများ ပိုမို ကြီးမားလာလေလေ ပင်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ဤအချိန်ကာလ အတွင်း ကျန်းချဲ့ သည် ချင်းထျန်းဂိုဏ်း ၏ သူတော်စင်သားတော် ချူးဟယ် ကို အကွက်ဆင်ရန် အချိန်ရသွားလေသည်။ ကျန်းချဲ့ အချိန်အတော်ကြာ စဉ်းစားပြီးနောက် တစ်ဖက်လူ ဒေါသထွက်လာစေရန် ရန်စသည့် နည်းလမ်းကို အသုံးပြု၍ မျှားခေါ်ရန် ဆုံးဖြတ်လိုက်လေသည်။

ပြီးခဲ့သည့် အကြိမ် တွေ့ဆုံမှုကို ပြန်လည် သုံးသပ်ကြည့်မည် ဆိုလျှင် ချူးဟယ် ၏ မာနထောင်လွှားမှု နှင့် စိတ်လိုက်မာန်ပါ လုပ်တတ်မှုများက သူ၏ ရင်ထဲတွင် ကြီးမားသော အမှတ်အသားများ ချန်ရစ်ထားခဲ့လေသည်။ ရန်စသည့် နည်းလမ်းကို အသုံးပြုမည် ဆိုပါက ချူးဟယ် ကို ထွက်လာအောင် မျှားခေါ်ပြီး သူနှင့် စိန်ခေါ် တိုက်ခိုက်လာစေရန် ရာခိုင်နှုန်း အတော်များများ သေချာလှပေသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်က အလွန် သင့်တော်သော အခွင့်အရေး တစ်ခု ပင်ဖြစ်သည်။

မင်္ဂလာဆောင် မတိုင်မီ အချိန်က ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာ နှစ်ခု နှင့်အတူ သူ ယွမ်ယင်း အဖြစ် ပြောင်းလဲသွားသည့် သတင်းများ ပျံ့နှံ့သွားပြီးနောက် သိုင်းလောက ရှိ ပါရမီရှင် အများအပြား သည်လည်း တစ်ယောက်ပြီး တစ်ယောက် ရှန်ရှန်းအဆင့် သို့ တက်လှမ်းသွားကြသည့် သတင်းများ ထွက်ပေါ်လာခဲ့လေသည်။

ထိုအထဲတွင် ချူးဟယ် ကတော့ အထင်ရှားဆုံး ပင်ဖြစ်သည်။ ဘယ်နေရာကနေ ထွက်ပေါ်လာမှန်း မသိသော သတင်းများ အရ ချူးဟယ် သည် ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာ သုံးခု နှင့်အတူ ယွမ်ယင်း အဖြစ် ပြောင်းလဲသွားပြီး စစ်မှန်သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်ကာ သူ၏ အရည်အချင်းထက်ပင် အများကြီး ပိုမို ကြောက်စရာ ကောင်းကြောင်း ဆိုကြလေသည်။

ထိုအကြောင်းကြောင့် သိုင်းလောက တွင် ငြင်းခုံမှု အချို့ ဖြစ်ပေါ်လာခဲ့လေသည်။

လူအချို့က ချူးဟယ် ၏ နိမိတ်လက္ခဏာ သုံးခု နှင့်အတူ ယွမ်ယင်း ပြောင်းလဲသွားခြင်းကို ချီးကျူး လိုက်တိုင်း အခြားလူ အချို့က တစ်ဖက်လူ၏ အားနည်းချက်ကို အလျင်အမြန် ထောက်ပြတတ်ကြလေသည်။ ချူးဟယ် က အဲ့ဒီလောက် အစွမ်းထက်နေတာတောင် ကျန်းချဲ့ ကို ရှုံးနိမ့်ခဲ့ရတယ် မဟုတ်လား ဟု ဆိုကြလေသည်။

ထိုကဲ့သို့သော စကားများက ချူးဟယ် ကို ထောက်ခံသူများကို အလွန် အမြင်ကတ်စေခဲ့ပြီး အဲဒါက သေးငယ်တဲ့ အရှုံး တစ်ခု သက်သက်ပါ အစစ်အမှန် တိုက်ပွဲ က သူတို့ နှစ်ယောက်စလုံး ရှန်ရှန်းအဆင့် ကို ရောက်သွားတဲ့ အချိန်မှသာ ဆုံးဖြတ်လို့ ရမှာပါ ဟု ပြန်လည် ချေပကြလေသည်။

သို့သော် ချူးဟယ် အတွက် မည်သို့ပင် ပြန်လည် ချေပပါစေ ချူးဟယ် သည် ကျန်းချဲ့ ၏ အနိုင်ယူခြင်းကို ခံခဲ့ရဖူးသည် ဆိုသည့် စကားကိုတော့ လုံးဝ ရှောင်လွှဲ၍ မရနိုင်ချေ။

ဤ အချက် တစ်ချက်တည်း နှင့်တင် အရာအားလုံးကို သက်သေပြရန် လုံလောက် နေလေပြီ။

ဤကဲ့သို့သော စကားများက သိုင်းလောက တွင် ပြောစရာ ခေါင်းစဉ် အများအပြား ဖြစ်ပေါ်လာစေခဲ့ပြီး ပွဲကြည့် ပရိသတ် အဖြစ် နေလိုသူ အချို့ ကလည်း ကျန်းချဲ့ နှင့် ချူးဟယ် တို့ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ကြပြီး အနိုင်အရှုံး ခွဲခြားကြရန် မျှော်လင့်ကြောင်း ပြောဆိုလာကြလေသည်။

သို့သော် ထိုအချိန်က ကျန်းချဲ့ သည် မင်္ဂလာဆောင် ကိစ္စများဖြင့် အလုပ်များနေသဖြင့် ဤကဲ့သို့သော ကိစ္စများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ အပြည့်အဝ ဥပေက္ခာ ပြုထားခဲ့လေသည်။

သို့သော် ယခုအခါတွင်တော့ လုံးဝ မတူညီတော့ချေ။

သူက တစ်ဖက်လူကို အကွက်ဆင်ရန် ရည်ရွယ်ထားသဖြင့် ဤကိစ္စအပေါ်တွင် ကောင်းစွာ အသုံးချ၍ ရနိုင်လေသည်။

လူအချို့ကို တိတ်တဆိတ် စေခိုင်းကာ သူတို့ နှစ်ဦး ဆန့်ကျင်ဘက် ဖြစ်နေသည့် သတင်းများကို အဆက်မပြတ် ဖြန့်ဝေစေပြီး ချူးဟယ် ဒေါသထွက်လာအောင် ဆွပေးလေသည်။ ထို့အပြင် ချူးဟယ် သည် ကျန်းချဲ့ ၏ တိုက်ခိုက်မှုကြောင့် သိုင်းလျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်ပြေးခဲ့ရသည့် ကိစ္စကိုလည်း အဆက်မပြတ် ထည့်သွင်း ပြောဆိုစေလေသည်။

ဤသို့ လုပ်ဆောင်ခြင်းက အောင်မြင်မည်လား မအောင်မြင်ဘူးလား ဆိုသည်ကို ကျန်းချဲ့ ကိုယ်တိုင်လည်း သေချာ မသိသော်လည်း အနည်းဆုံးတော့ ဖြစ်နိုင်ချေ အချို့ ရှိနေသေးလေသည်။ မဟုတ်ပါက သူ ထိုက်ယန်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသော အခြား မဟာသိုင်းသခင် တစ်ယောက်ကို ရှာဖွေရမည်မှာ အလွန် ခက်ခဲလွန်းလှပေသည်။ အနည်းဆုံးတော့ ယခု သူရရှိထားသော သတင်းများအရ မည်သည့် တိကျသေချာသော သတင်းအစအန မျှ မရှိသေးချေ။

အစီအစဉ်များကို သေချာစွာ ချမှတ်ပြီးနောက် ကျန်းချဲ့ ချက်ချင်းပင် စတင် လှုပ်ရှားလေတော့သည်။

တစ်ဖက်တွင် ယွဲ့ပြည်နယ်၌ အင်အား ဖြန့်ကျက်ထားသော ထျန်းယာ မဟာမိတ်အဖွဲ့ နှင့် ယွဲ့ပြည်နယ် တွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့သော နင်ဝမ် အိမ်တော် တို့ကို အမိန့်ပေး စေခိုင်းလိုက်ပြီး အခြား တစ်ဖက်တွင်တော့ မြောက်ပိုင်း ချီမိသားစု နှင့် အနက်ရောင်ရုံးတော် တို့၏ သတင်းလမ်းကြောင်း အချို့ကို အသုံးပြုလိုက်လေသည်။

အဆက်မပြတ် သတင်းများ လွှင့်ထုတ်ကာ ချူးဟယ် ကို အဆက်မပြတ် ဒေါသထွက်အောင် ဆွပေးလေသည်။

ကျန်းချဲ့ ၏ တောင်းဆိုမှု နှင့် အမိန့်ပေးမှုများ အပေါ် နင်ဝမ် အိမ်တော် နှင့် ထျန်းယာ မဟာမိတ်အဖွဲ့ တို့က သေချာပေါက် စည်းကမ်းချက် မရှိဘဲ လိုက်နာ လုပ်ဆောင်ကြလေသည်။ မြောက်ပိုင်း ချီမိသားစု မှ လူများ နှင့် အနက်ရောင်ရုံးတော် မှ လူများ ကတော့ သူ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာပြီးနောက် မှသာ သဘောတူ လက်ခံသွားကြလေသည်။

ဤသို့ဖြင့် ရက်အနည်းငယ် အတွင်းမှာပင် တိတ်ဆိတ် ပျောက်ကွယ်သွားခဲ့သော ဆန့်ကျင်ဘက် အခြေအနေများမှာ ကျန်းချဲ့ ၏ လုပ်ဆောင်မှုကြောင့် နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ယခင်ကထက် ပို၍ပင် ပြင်းထန်လာခဲ့လေသည်။

ကျန်းချဲ့ သည် အချိန်ကိုက်ပင် မီးလောင်ရာ လေပင့်လိုက်ပြီး လူအချို့ကို စေခိုင်းကာ သူ၏ လေသံဖြင့် အပြင်သို့ သတင်းစကား တစ်ခု ပါးလိုက်လေသည်။

'ရှုံးနိမ့်သွားတဲ့သူ တစ်ယောက်က ငါ့ကို ယှဉ်ပြိုင်ဖို့ လုံးဝ အရည်အချင်း မမီဘူး...'

အခြား တစ်ဖက်တွင်လည်း ကျန်းချဲ့ သည် စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ ကိစ္စအတွက် အရှေ့စွန်းနန်းတော် မှ ယင်ချုံဟိုင် ကို ဆက်သွယ်နေပြီး သူ သွားရောက်လိုသည့် ဆန္ဒရှိကြောင်းကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖော်ပြနေလေသည်။ သို့သော် အနည်းငယ် စိတ်မချ ဖြစ်နေသည့် အမူအရာ များကိုလည်း တမင်သက်သက် ထုတ်ဖော် ပြသထားလေသည်။

သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ သေချာပေါက် ယင်ချုံဟိုင် အတွက် မဟုတ်ချေ။

တစ်ဖက်လူ ၏ နောက်ကွယ်ရှိ ချင်းထျန်းဂိုဏ်း က သူ့အပေါ် သံသယ မဝင်စေရန် အတွက်သာ ဖြစ်လေသည်။

အရာအားလုံးကို ပုံမှန် အတိုင်းသာ ဖြစ်နေကြောင်း ပြသရမည်သာ ဖြစ်လေသည်။

"ချန်တမန်တော်ကြီး က ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ..."

ကျန်းချဲ့ ဤကိစ္စ နှစ်ခုကို တိတ်တဆိတ် ကြံစည် နေချိန်မှာပင် တောင်ပိုင်း နတ်ဘုရား အစောင့်အရှောက် ချန်ချင်းဖန် သည် ကျန်းချဲ့ ထံသို့ ရောက်ရှိလာခဲ့လေသည်။ ဤအရာက သူ့ကို အနည်းငယ် အံ့အားသင့် သွားစေခဲ့သလို တစ်ဖက်လူ ဤနေရာသို့ လာရောက်ရခြင်းမှာ အကြောင်းပြချက် တစ်ခုခု သေချာပေါက် ရှိနေမည်ကိုလည်း သူ ကောင်းစွာ ခန့်မှန်းမိလေသည်။

"မင်္ဂလာဆောင် ပြီးသွားတဲ့ ခံစားချက်လေးက ဘယ်လိုနေလဲ..."

ချန်ချင်းဖန် သည် ကျန်းချဲ့ ကို တိုက်ရိုက် မဖြေကြားဘဲ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်လည် မေးမြန်းလိုက်လေသည်။

ယနေ့အချိန်အခါ တွင် ကျန်းချဲ့ သည် သူ့ကို တန်းတူညီတူ ဆက်ဆံနိုင်ရန် အပြည့်အဝ လုံလောက် နေခဲ့ပြီ ဖြစ်လေသည်။ သူ၏ လက်ရှိ စွမ်းအားများက ကျန်းချဲ့ ထက် အနည်းငယ် ပိုမို အစွမ်းထက် နေသေးသည် ဆိုသော်လည်း ကျန်းချဲ့ ၏ အလားအလာ က ပိုမို၍ ကြောက်စရာ ကောင်းကြောင်းကို အားလုံး ကောင်းစွာ သိရှိထားကြလေသည်။

"အဆင်ပြေပါတယ်..."

"လွန်ခဲ့တဲ့ ရက်အနည်းငယ် တုန်းက ချူးဟယ် နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ပေးဖို့ မင်း ငါ့ကို အကူအညီ တောင်းခဲ့တယ် ဆိုတော့ အဲ့ဒါကို အခွင့်ကောင်းယူပြီး သူ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာများလား..."

ချန်ချင်းဖန် ၏ မျက်နှာပေါ်တွင် သံသယ ဝင်နေသော အမူအရာများ ပေါ်လွင်နေလေသည်။

ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။

"ချင်းထျန်းဂိုဏ်း က သူပုန်တွေဆိုတာ လူတိုင်း ဝိုင်းသတ်သင့်တဲ့ သူတွေချည်းပဲလေ... ချူးဟယ် ရဲ့ အရည်အချင်း တွေက အရမ်းကို အစွမ်းထက် လွန်းနေတယ်... နိမိတ်လက္ခဏာ သုံးခု နဲ့အတူ ယွမ်ယင်း ပြောင်းလဲသွားတဲ့ သူဆိုတော့ သူ့ကို ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့် ပေးထားဖို့ ကျုပ် စိတ်မချဘူး... တော်ဝင်နန်းတော် အတွက် ဒီလို ဘေးဒုက္ခ ကြီး တစ်ခုကို ဖယ်ရှားပေးချင်လို့ပါ..."

ကျန်းချဲ့ ၏ စကားကို ချန်ချင်းဖန် အနေဖြင့် လုံးဝ ယုံကြည်မည် မဟုတ်ချေ။ သို့သော် ကျန်းချဲ့ သည် အစစ်အမှန် အကြောင်းရင်းကို ထုတ်ဖော် ပြောဆိုလိုခြင်း မရှိကြောင်းကိုလည်း သူ ကောင်းစွာ ရိပ်မိလိုက်သဖြင့် ဆက်လက် မေးမြန်းခြင်း မပြုတော့ချေ။

"မင်း အခု လောလောဆယ်တော့ ဒီ အခွင့်အရေး ရနိုင်မှာ မဟုတ်ဘူး ထင်တယ်..."

"ဘာလို့လဲ..."

ကျန်းချဲ့ မျက်မှောင်ကျုံ့ ကာ မေးလိုက်လေသည်။

ချန်ချင်းဖန် သည် ချက်ချင်းပင် စာရွက်စာတမ်း တစ်ခုကို ထုတ်ယူကာ ကျန်းချဲ့ ထံသို့ ကမ်းပေးလိုက်လေသည်။

"ပြီးခဲ့တဲ့ အကြိမ် အမိန့်တော် ဖတ်ကြားတုန်းက ငါ ပြောခဲ့တယ်လေ... မင်္ဂလာဆောင် ပြီးတာနဲ့ မင်းဘေးနားက ကိစ္စတွေကို အမြန်ဆုံး ရှင်းလင်းပြီး ဧကရာဇ်မင်း ဆီကို ကျေးဇူးတင် စကား သွားပြောဖို့လေ... အခုတော့ လဝက်လောက်တောင် ကြာသွားခဲ့ပြီ မင်း သွားမယ့် အရိပ်အယောင်တောင် မတွေ့ရသေးဘူး... အခု နန်းတော် ထဲမှာ တချို့လူတွေက မင်းက တော်ဝင်နန်းတော် ရဲ့ ဂုဏ်သိက္ခာကို အလေးမထားဘူး ဆိုပြီး တိုင်တန်း နေကြပြီ..."

"ဒီလောက်တောင် အလောတကြီး ဖြစ်စရာ လိုလို့လား..."

ကျန်းချဲ့ ဤကိစ္စ အပေါ် အလွန် ထူးဆန်းနေသည် ဟု ခံစားလိုက်ရလေသည်။ သူ မြို့တော် သို့ လာသည် မလာသည် ကို တော်ဝင်နန်းတော် က ဘာဖြစ်လို့ ဒီလောက်တောင် အလေးထား စောင့်ကြည့် နေရသနည်း။

"ပုံမှန် အချိန်တွေ ဆိုရင်တော့ ဒီလောက်ကြီး ဖြစ်စရာ အကြောင်း မရှိပါဘူး... ဒါပေမဲ့ ပြဿနာ က မြောက်ပိုင်း လူရိုင်း မင်းသား ဇာကူမု က အလယ်ပိုင်း ဒေသ ကို ရောက်နေပြီ... အလယ်ပိုင်း ပြည်နယ် ဆီကို သွားတဲ့ လမ်းတစ်လျှောက်လုံး မှာ အလယ်ပိုင်း ဒေသ က အစွမ်းထက် သူတွေ အများကြီး ကို အနိုင်ယူ သွားခဲ့တယ်... အရမ်းကို မာန ထောင်လွှားနေတော့ တော်ဝင်နန်းတော် က အရာရှိ တချို့က မျက်နှာပျက် နေကြတယ်လေ... အဲ့ဒီ လူရိုင်း မင်းသားလေး အလယ်ပိုင်း ဒေသ တစ်ခုလုံး ကို ဖိနှိပ် မသွားနိုင်အောင် မင်းကို သွားပြီး နှိမ်နှင်း စေချင်နေကြတာ..."

ချန်ချင်းဖန် က ရှင်းပြလိုက်လေသည်။

"ကျုပ် မြို့တော် ကို ရောက်သွားရင်တောင် မှ အင်အားကြီးသူ က အင်အားငယ်သူ ကို အနိုင်ကျင့် သလို ဖြစ်နေမှာ မဟုတ်ဘူးလား..."

ကျန်းချဲ့ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်လေသည်။ သူ ယခုအခါ ယခင်က ရွှေအမြုတေ အဆင့် လုံးဝ မဟုတ်တော့ချေ။ အကယ်၍ ကျင့်ကြံခြင်း အဆင့် ကို အသုံးပြု၍ ဖိနှိပ်မည် ဆိုပါက တော်ဝင်နန်းတော် အတွက် ပို၍ပင် မျက်နှာပျက်စရာ ဖြစ်လာမည် မဟုတ်ပါလော။

"အဲ့ဒါဆိုရင်တော့ မင်း တွေးတာ များသွားပြီ... အဲ့ဒီ လူရိုင်း မင်းသားလေး က ရွှေအမြုတေ အဆင့် မဟုတ်ဘူး... လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ရှန်ရှန်းအဆင့် ကို တက်လှမ်း သွားခဲ့တာ... အဲ့ဒါကြောင့်လည်း သူက အပြင်လူ တွေကို ပြောနေသေးတာလေ... ကျင့်ကြံခြင်း အဆင့်သာ မကျော်လွန် ခဲ့ဘူး ဆိုရင် သူ သေချာပေါက် ရှန့်ဟိုင်မြို့ မှာ အလယ်ပိုင်း ဒေသ က ပါရမီရှင် တွေ အားလုံးကို နှိမ်နှင်း ပြနိုင်တယ် တဲ့..."

"ကျန်းဖျင် ကရော..."

သိုင်းစာရင်း ၏ ထိပ်တန်း အဆင့် တွင် ရှိသော ဆန်းကျန့်ဘုန်းကြီး... လီရွှမ်ကျန်း... ချန်ဖျင် နှင့် လုကျဲ့ယွင် တို့သည် တော်ဝင်နန်းတော် ၏ လက်အောက်ခံ များ လုံးဝ မဟုတ်ကြချေ။ ပိုင်လု စာသင်ကျောင်း မှ ကျန်းဖျင် တစ်ယောက်တည်း သာ တော်ဝင်နန်းတော် ၏ လက်အောက်ခံ အဖြစ် သတ်မှတ်၍ ရလေသည်။ အကယ်၍ သူမ ကိုယ်တိုင် ထွက်ပြီး တိုက်ခိုက်မည် ဆိုလျှင်တောင် မှ လုံလောက်နေပြီ ဟု ကျန်းချဲ့ ခန့်မှန်းထားလေသည်။

"ကျန်းဖျင် က အခုချိန်ထိ တံခါးပိတ် ကျင့်ကြံနေတုန်းပဲ... သူမ အဆင့် တက်လှမ်း သွားပြီလို့ ကောလာဟလ တွေ ထွက်နေပေမဲ့ သူမ က အပြင်ကို ထွက်မလာတော့ တော်ဝင်နန်းတော် ကလည်း ဘာမှ မတတ်နိုင်ဘူးလေ... အခု လုကျဲ့ယွင် က တော်ဝင်နန်းတော် ဆီကို ဝင်ရောက် ခိုလှုံသွားပြီ... အခု မြို့တော် မှာ အဲ့ဒီ လူရိုင်း မင်းသားလေး ကို ခုခံဖို့ အတွက် သူ စောင့်နေတယ်... မင်းကတော့ တကယ်တမ်း တွက်ကြည့်မယ် ဆိုရင် အရန် အင်အား လောက်ပဲ ဖြစ်မှာပါ... မင်း ကိုယ်တိုင် ထွက်တိုက်ဖို့ မလိုအပ်လောက်ပါဘူး..."

ဤစကားကို ကြားလိုက်ရသည် နှင့် ကျန်းချဲ့ သဘောပေါက် သွားလေသည်။

သူ ကိုယ်တိုင် ဝင်မတိုက်လျှင် ရသော်လည်း မသွား၍တော့ လုံးဝ မဖြစ်ချေ။ မည်သို့ပင်ဆိုစေ လုကျဲ့ယွင် သာ ရှုံးနိမ့်သွားပြီး သူလည်း ထိုနေရာတွင် မရှိပါက တော်ဝင်နန်းတော် အတွက် အမှန်တကယ် ပင် အရှက်ရစရာ ဖြစ်သွားမည် မဟုတ်ပါလော။

ဤအချက်ကို တွေးမိသောအခါ ကျန်းချဲ့ ၏ ခန္ဓာကိုယ် အနည်းငယ် နောက်သို့ ဆုတ်သွားပြီး ပြုံးလျက် ပြောလိုက်လေသည်။

"ချန်တမန်တော်ကြီး လည်း သိတဲ့အတိုင်းပဲ... ကျုပ်က အခုမှ မင်္ဂလာဆောင် ထားတာ ဆိုတော့ ဇနီးမယား တွေနဲ့ သံယောဇဉ် တွေကို ဖြတ်ရခက် နေတယ်လေ... ပြီးတော့ ကျုပ်ကလည်း ရည်မှန်းချက် ကြီးကြီးမားမား မရှိတဲ့သူ ဆိုတော့ သူတို့နဲ့ အကြာကြီး ခွဲမနေချင်ဘူး... အဲ့ဒါကြောင့် ကျုပ်ကို သွားစေချင်တယ် ဆိုရင်တော့... တော်ဝင်နန်းတော် ဘက်က ဆုလာဘ်တွေ ထပ်ဆောင်းပေးမှ ရလိမ့်မယ်ကွာ…”

All Chapters