အခန်း ၃၇၈
Vol. 38 Ch. 378
အခန်း (၃၇၈) တော်ဝင်နန်းတော် အလျှော့ပေးခြင်း... မိစ္ဆာနဂါး မြို့တော်သို့ ဝင်ရောက်ခြင်း
မူလကတည်းက ကျန်းချဲ့သည် တော်ဝင်နန်းတော်ထံမှ လေဝိညာဉ်နတ်ပုတီးစေ့ကို မည်သို့ စကားစ၍ တောင်းရမည်နည်း ဟု တွေးတောနေခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အခွင့်အရေး ကောင်းကြီး တစ်ရပ် ရောက်ရှိလာချိန်တွင်တော့ သူ လုံးဝ လက်လွှတ်ခံမည် မဟုတ်ချေ။
ဝင်ရောက် ကူညီတိုက်ခိုက်ပေးရန် ဖြစ်နိုင်သော်လည်း သူ၏ တန်ဖိုးနှင့် ထိုက်တန်သော အဖိုးအခကိုတော့ မဖြစ်မနေ ထုတ်ပေးရမည်သာ ဖြစ်လေသည်။
ချန်ချင်းဖန် ၏ မျက်မှောင်များ ချက်ချင်း ကျုံ့သွားလေသည်။
"ဒါက တော်ဝင်နန်းတော်ရဲ့ အလိုဆန္ဒပဲ... မင်း တကယ်ပဲ ဒီလိုလုပ်ချင်တာ သေချာပြီလား..."
ကျန်းချဲ့က လုံးဝ ဂရုမစိုက်သည့်အလား ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
"ကျုပ်က အခက်တွေ့နေတုန်း အမြတ်ထုတ်နေတာ မဟုတ်ပါဘူး... ကျုပ်လည်း ရှန်ရှန်းအဆင့်ကို တက်လှမ်းထားတာ မကြာသေးတော့ ကျင့်ကြံခြင်းအဆင့်က မတည်ငြိမ်သေးဘူးလေ... မြောက်ပိုင်းနယ်စား အိမ်တော်မှာ အချိန်အတိုင်းအတာ တစ်ခုလောက် အနားယူသင့်တယ် မဟုတ်လား..."
ကျန်းဖျင် ပင်လျှင် တိုက်ပွဲကို ရှောင်လွှဲနိုင်သေးသည် ဆိုလျှင် သူက ဘာကြောင့် မရနိုင်ရမည်နည်း။
တော်ဝင်နန်းတော်ရှိ အဆင့်မြင့် အရာရှိကြီးများ အားလုံးသည် ကျန်းဖျင် တမင်သက်သက် တိုက်ပွဲကို ရှောင်လွှဲနေကြောင်း ကောင်းစွာ သိရှိထားကြလေသည်။ ဤအရာက ဘာကို ဆိုလိုသနည်း။ ပိုင်လု စာသင်ကျောင်း နှင့် ကျန်းဖျင် ကိုယ်တိုင်ကပါ သူတို့သည် မြောက်ပိုင်း လူရိုင်း မင်းသားလေး၏ ပြိုင်ဘက် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည်ဟု ဆိုလိုခြင်း ပင်ဖြစ်သည်။
ဤသို့ တွက်ဆကြည့်မည်ဆိုပါက လုကျဲ့ယွင် အနေဖြင့် တစ်ဖက်လူကို အနိုင်ယူရန် ဆိုသည်မှာလည်း လုံးဝ လွယ်ကူသော ကိစ္စ တစ်ရပ် မဟုတ်ချေ။
တစ်နည်းအားဖြင့် ဆိုရလျှင် သိုင်းစာရင်း၏ နံပါတ်တစ် နေရာကို ရယူထားပြီး သိုင်းလျှို့ဝှက်နယ်မြေ အတွင်း၌ လောကတစ်ခွင်ရှိ ပါရမီရှင်များကို အပြည့်အဝ အနိုင်ယူ ဖိနှိပ်နိုင်ခဲ့သော ကျန်းချဲ့ တစ်ယောက်တည်းသာလျှင် တော်ဝင်နန်းတော်၏ နောက်ဆုံး အားကိုးရမည့် ဖဲချပ်ကြီး တစ်ခု ဖြစ်လာရန် အပြည့်အဝ အရည်အချင်း ပြည့်မီလေသည်။
ဤအခွင့်အရေးကို အသုံးချကာ လိုချင်သောအရာကို မတောင်းဆိုလျှင် ဘယ်အချိန်မှ တောင်းဆိုမည်နည်း။
"မင်းက တကယ်ကို အခွင့်ကောင်းယူတတ်တဲ့ ကောင်ပဲ..."
ချန်ချင်းဖန် အနည်းငယ် လက်မှိုင်ချသွားသော်လည်း ကျန်းချဲ့၏ အရေးပါမှုကို ကောင်းစွာ နားလည်ထားလေသည်။ မဟုတ်ပါက ခေါက်ရှန်းနတ်မင်းကြီး က သူ့ကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ကာ မြို့တော်သို့ လာရောက်ရန် အထူး ဖိတ်ခေါ်ခိုင်းမည် မဟုတ်ချေ။
"အရင်တုန်းက ချန်တမန်တော်ကြီး ပြောခဲ့သလိုပဲလေ... ကျုပ်က တော်ဝင်နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတော့ အခွင့်ထူးလေး နည်းနည်းတော့ ရှိသင့်တာပေါ့... မဟုတ်ရင် အရမ်း တန်ဖိုးမဲ့လွန်းရာ ကျမနေဘူးလား..."
ကျန်းချဲ့ ဟားတိုက် ရယ်မောလိုက်လေသည်။
"ပြောပါ... မင်း ဘာလိုချင်တာလဲ..."
ချန်ချင်းဖန် က ဆက်လက် မေးမြန်းလိုက်လေသည်။
"လေဝိညာဉ်နတ်ပုတီးစေ့..."
ကျန်းချဲ့ က အလွန် တည်ကြည် လေးနက်သော မျက်နှာထားဖြင့် စကားလုံး အတိအကျကို ရွတ်ဆိုလိုက်လေသည်။
"လေဝိညာဉ်နတ်ပုတီးစေ့..."
တောင်ပိုင်း ပြည်နယ်များကို အုပ်စိုးရသော အနက်ရောင်ရုံးတော် ၏ အကြီးအကဲ တစ်ယောက် အနေဖြင့် ချန်ချင်းဖန် သည် သာမန်လူများထက် အများကြီး ပိုမို သိရှိထားသူ ဖြစ်လေသည်။ သိုင်းလောက တွင် လေဝိညာဉ်နတ်ပုတီးစေ့ ကဲ့သို့သော ကပ်ဘေး ကျော်ဖြတ်ရာတွင် အသုံးပြုရသည့် ရတနာ မျိုးက မည်မျှလောက် အဖိုးတန် ရှားပါးကြောင်းကို ကောင်းစွာ သိရှိထားလေသည်။
သာမန် ထိပ်တန်း အင်အားစု ကြီးများ တွင်ပင် ဤမျှလောက် အဖိုးတန်သော ကပ်ဘေး ကျော်ဖြတ်သည့် ရတနာမျိုး မရှိနိုင်ချေ။
တော်ဝင်နန်းတော် အတွက် ဆိုလျှင်တောင်မှ ဤအရာမှာ အလွန် တန်ဖိုးကြီးမားလှပေသည်။
"တခြားတစ်ခု ပြောင်းလို့ မရဘူးလား... ဒီပစ္စည်းက ဘယ်လောက် အဖိုးတန်လဲဆိုတာ မင်းလည်း သိသင့်တယ်..."
ချန်ချင်းဖန် က ဖြောင်းဖျလိုက်လေသည်။
"တမန်တော်ကြီးလည်း သိသင့်တယ်... သိုင်းစာရင်းရဲ့ နံပါတ်တစ် နေရာက ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာကိုလေ... တာ့ကျိုး နိုင်ငံတော်ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ယှဉ်လိုက်ရင် လေဝိညာဉ်နတ်ပုတီးစေ့ တစ်လုံးလောက်က ဘာမှ မဟုတ်ဘူးလို့ ကျုပ်ကတော့ ထင်တာပဲ..."
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ယဉ်ကျေး သိမ့်မွေ့သော အမူအရာများ ပေါ်လွင် နေလေသည်။
ချန်ချင်းဖန် သည် ကျန်းချဲ့ ကို အချိန်အနည်းငယ်မျှ စူးစိုက်ကြည့်နေပြီးနောက် မျက်နှာပေါ်တွင် တည်ကြည် လေးနက်သော အမူအရာများ ဖြတ်ပြေးသွားကာ မတ်တတ်ထရပ်လိုက်လေသည်။
"မင်း ခဏစောင့်နေ..."
စကားဆုံးသည်နှင့် သူသည် စာကြည့်ဆောင် ဘက်သို့ လျှောက်သွားလေတော့သည်။
ကျန်းချဲ့ ကတော့ မျက်နှာထား လုံးဝ မပြောင်းလဲဘဲ မိမိအတွက် လတ်ဆတ်သော ဝိညာဉ်လက်ဖက်ရည် တစ်ခွက်ကို ဖြည်းညင်းစွာ ငှဲ့လိုက်လေသည်။
စာကြည့်ဆောင် အတွင်း။
ချန်ချင်းဖန် ၏ အင်္ကျီလက် တစ်ချက် ဝှေ့ယမ်းလိုက်မှု အောက်တွင် လက်ဝါးအရွယ်အစားခန့် ရှိသော မှန်ကြေးမုံ တစ်ချပ် လေဟာနယ် ထက်တွင် ပေါ်ထွက်လာပြီး အလင်းရောင် အချို့ ဖြာထွက်နေလေသည်။ ဘေးပတ်ဝန်းကျင် တစ်ခုလုံး အလွန် တိတ်ဆိတ် ငြိမ်သက်သွားပြီး အသက်ရှူ အကြိမ်ရေ ဆယ်ကြိမ်ခန့် အကြာတွင်။
မှန်ကြေးမုံ အတွင်းမှ အာဏာပါသော အမျိုးသား တစ်ယောက်၏ အသံ ထွက်ပေါ်လာလေသည်။
"ဘာကိစ္စလဲ..."
"နတ်မင်းကြီးကို တင်ပြစရာ ရှိပါတယ်... ကျန်းချဲ့က..."
ချန်ချင်းဖန် သည် ကျန်းချဲ့ ၏ တောင်းဆိုချက် များကို အသေးစိတ် တင်ပြလိုက်ပြီးနောက် မှန်ကြေးမုံ အတွင်းမှ လူ၏ အဖြေကို စိတ်ရှည် လက်ရှည် စောင့်ဆိုင်း နေလေသည်။
သုံးစက္ကန့်ခန့် အကြာတွင် မှန်ကြေးမုံ အတွင်းမှ ခေါက်ရှန်းနတ်မင်းကြီး ၏ အသံ ထွက်ပေါ်လာလေသည်။
"သူ့ကို ပေးလိုက်ပါ..."
"လက်အောက်ငယ်သား အမိန့်နာခံပါ့မယ်..."
ချန်ချင်းဖန် ခါးညွှတ် အရိုအသေ ပေးလိုက်ပြီး မှန်ကြေးမုံ ကို အင်္ကျီလက် အတွင်းသို့ ပြန်လည် သိမ်းဆည်း လိုက်လေသည်။
နေရာတွင် အချိန်အနည်းငယ်မျှ ရပ်တန့်နေပြီးနောက် ချန်ချင်းဖန် သည် စာကြည့်ဆောင် အတွင်းမှ ထွက်လာခဲ့ပြီး ကျန်းချဲ့ ၏ အနီးတွင် ဖြည်းညင်းစွာ ဝင်ထိုင်လိုက်ကာ တိုက်ရိုက်ပင် ပြောလိုက်လေသည်။
"မင်းရဲ့ တောင်းဆိုချက်ကို နတ်မင်းကြီးက သဘောတူလိုက်ပြီ... ဒါပေမဲ့ အလွဲအချော်တွေ မဖြစ်ရအောင် မင်း မြို့တော်ကို အမြန်ဆုံး သွားဖို့တော့ လိုအပ်မယ်..."
"သေချာတာပေါ့... ကျုပ်က အမြဲတမ်း ကတိတည်တဲ့သူပါ... ဒါပေမဲ့ ကျုပ်တို့ ကြိုပြီး သဘောတူထားရအောင်... အဲ့ဒီအချိန်ကျရင် ကျုပ် ကိုယ်တိုင်ကိုယ်ကျ ဝင်တိုက်ရသည်ဖြစ်စေ မတိုက်ရသည်ဖြစ်စေ ဒီ လေဝိညာဉ်နတ်ပုတီးစေ့ ကိုတော့ ကျုပ်ကို ပေးရမယ်နော်..."
ကျန်းချဲ့ က အလွန် တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်လေသည်။
လုကျဲ့ယွင် နှင့် ပတ်သက်၍ ဤသူသည် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အပြင်ပန်း မြင်ရသလောက် ရိုးရှင်းသော သူတစ်ယောက် မဟုတ်ကြောင်း ကျန်းချဲ့ အမြဲတမ်း ခံစားနေရလေသည်။ မြောက်ပိုင်း လူရိုင်း မင်းသားလေး ဇာကူမု ကို သူ အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ အာမမခံရဲချေ။
ထို့ကြောင့် နောက်ပိုင်းတွင် စကားများ အငြင်းပွားစရာ မဖြစ်လာစေရန် ကြိုတင်၍ သဘောတူညီချက် ယူထားရမည် ဖြစ်လေသည်။
"စိတ်ချပါ... နတ်မင်းကြီးက ဒီ လေဝိညာဉ်နတ်ပုတီးစေ့ တစ်လုံးလောက်ကို နှမြောနေမှာ မဟုတ်ပါဘူး..."
ချန်ချင်းဖန် က တိုက်ရိုက်ပင် အာမခံ ပြောကြားလိုက်လေသည်။
"တမန်တော်ကြီးလည်း အပြစ်မတင်ပါနဲ့... ကျုပ်လည်း မလွှဲသာလို့ လုပ်ရတာပါ..."
"မင်း ရှင်းပြနေစရာ မလိုပါဘူး... နတ်မင်းကြီးက လေဝိညာဉ်နတ်ပုတီးစေ့ကို ထုတ်ပေးဖို့ သဘောတူတယ် ဆိုကတည်းက မင်းက ဒီတန်ဖိုးနဲ့ ထိုက်တန်လို့ပဲ... ဒါပေမဲ့ ငါ တစ်ခွန်းလောက် မေးချင်တယ်... မင်း ဓမ္မရုပ်တုအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေပြီလား..."
ကျန်းချဲ့ ၏ အလကား သက်သက် လိမ်ညာ ပြောဆိုနေသော ကျင့်ကြံခြင်းအဆင့် မတည်ငြိမ်ဘူး ဆိုသည့် စကားကို သူ လုံးဝ မယုံကြည်ချေ။ အကြိမ်ကြိမ် တွေ့ဆုံဖူးသော အတွေ့အကြုံများ အရ ကျန်းချဲ့ ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အလွန် ကြီးမားလှသည့် ဖိအားများကို သူ ကောင်းစွာ ခံစားသိရှိနိုင်လေသည်။ ဤသည်မှာ ကျင့်ကြံခြင်းအဆင့် မတည်ငြိမ်သော သူတစ်ယောက် ထံမှ ထွက်ပေါ်လာနိုင်သည့် အရှိန်အဝါ မျိုး လုံးဝ မဟုတ်ချေ။
ထို့ကြောင့် ကျန်းချဲ့ သည် ဓမ္မရုပ်တုအဆင့် အတွက် ပြင်ဆင်နေပြီဟု သူ သံသယ ဝင်မိခြင်း ဖြစ်လေသည်။
ဤသည်မှာ သူ လျှောက်တွေးနေခြင်း မဟုတ်ဘဲ ယခင်က သမိုင်း အထောက်အထားများ ရှိခဲ့ဖူးသောကြောင့် ပင်ဖြစ်သည်။
သိုင်းပညာရှင် အချို့သည် ရွှေအမြုတေအဆင့် တွင် အလွန် နက်ရှိုင်းသော အခြေခံအုတ်မြစ် များကို စုဆောင်း ထားနိုင်ခဲ့ပြီး ရှန်ရှန်းအဆင့် သို့ တက်လှမ်းပြီးသည် နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်း အဆင့်များ အလွန် လျင်မြန်စွာ တိုးတက်လာကာ အချိန်တိုလေး အတွင်းမှာပင် ဓမ္မရုပ်တုအဆင့် သို့ တက်လှမ်းသွားကြသည့် သာဓကများ ရှိခဲ့လေသည်။ အကယ်၍ အခြားသူ တစ်ယောက်သာ ဆိုလျှင် သူ လုံးဝ ယုံကြည်မည် မဟုတ်သော်လည်း...
ကျန်းချဲ့သာ ဆိုပါက လုံးဝ ဖြစ်နိုင်ချေ ရှိသည်ဟု ခံစားမိလေသည်။
"ကြိုတင် ပြင်ဆင်မှုတွေ နည်းနည်း လုပ်ထားရုံပါပဲ... တမန်တော်ကြီးလည်း သိတဲ့အတိုင်း ရှန်ရှန်းအဆင့်ရဲ့ ကပ်ဘေးသုံးပါးက သိုင်းပညာရှင် ကိုယ်တိုင်ရဲ့ အပေါ်မှာပဲ မူတည်တယ်လေ... နောင်တစ်ချိန် ကြုံတွေ့ရမယ့် လေကပ်ဘေးက သေချာပေါက် သာမန် ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျုပ် ခံစားမိတယ်... အဲ့ဒါကြောင့် အဘက်ဘက်ကနေ ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေ လုပ်ထားမှ ဖြစ်မယ်လေ..."
"မင်းစကားနဲ့ဆိုရင်လည်း ဟုတ်တာပါပဲ..."
မြို့တော်သို့ သွားရောက်မည့် ကိစ္စကို သဘောတူ ညီချက် ရရှိသွားပြီးနောက် ကျန်းချဲ့ နှင့် ချန်ချင်းဖန် တို့ ကြားရှိ လေထုမှာ နောက်တစ်ကြိမ် ပြန်လည် နွေးထွေး လာခဲ့လေသည်။ ကျန်းချဲ့ ကလည်း အခွင့်အရေးကို အသုံးချကာ ကျင့်ကြံခြင်း နှင့် ပတ်သက်သော မေးခွန်း အချို့ကို အချိန်ကိုက် မေးမြန်း လိုက်လေသည်။
ထို မေးခွန်းများ အပေါ် ချန်ချင်းဖန် ကလည်း တစ်ခုချင်းစီ အသေးစိတ် ရှင်းပြပေးလေသည်။
ထိုအရာများ အပြင် ကျန်းချဲ့ သည် ချန်ချင်းဖန် ထံမှ သိုင်းလောက ၏ အစွမ်းထက် သူများ နှင့် ချင်းထျန်းဂိုဏ်း ၏ အင်အားစု အခြေအနေ များကိုပါ မေးမြန်း ခဲ့လေသည်။ သို့သော် ဤ ကိစ္စများ တွင်တော့ ချန်ချင်းဖန် ၏ အဖြေများမှာ အနည်းငယ် မရေမရာ ဖြစ်နေပြီး အလွန် အရေးကြီးသော လျှို့ဝှက်ချက် များကို ထုတ်ဖော် ပြောဆိုလိုခြင်း မရှိသည့် အလား ပင်ဖြစ်သည်။
ဤအခြေအနေကို မြင်သောအခါ ကျန်းချဲ့ လည်း အလိုက်တသိ ပင် စကားလမ်းကြောင်းကို မြောက်ပိုင်း လူရိုင်း မင်းသားလေး ဇာကူမု ၏ အပေါ်သို့ လွှဲပြောင်း လိုက်လေတော့သည်။
တော်ဝင်နန်းတော် က ကျန်းချဲ့ ၏ တောင်းဆိုချက် များကို သဘောတူ လိုက်ပြီ ဖြစ်ရာ သူလည်း အချိန် အများကြီး ထပ်ဆွဲ မနေတော့ချေ။ ချီမိသားစု ညီအစ်မ နှစ်ယောက် နှင့် ယောက္ခထီး ဖြစ်သူ ချီကျန်းနန် တို့ကို နှုတ်ဆက် ပြီးနောက် မြို့တော် ဆီသို့ သွားမည့် ခရီးစဉ် ကို ချန်ချင်းဖန် နှင့်အတူ စတင် လိုက်လေတော့သည်။
အခြား တစ်ဖက်တွင်။
ကျန်းချဲ့ ခရီး စတင် နေချိန်မှာပင်။
အရှေ့စွန်းနန်းတော် အတွင်း၌ ယင်ချုံဟိုင် သည်လည်း ကျန်းချဲ့ နှင့် ပတ်သက်သော ကိစ္စရပ်များကို တစ်စုံတစ်ယောက် ထံသို့ အစီရင်ခံ နေလေသည်။
"ဓမ္မမင်းကြီးကို တင်ပြစရာ ရှိပါတယ်... ကျန်းချဲ့ဘက်ကတော့..."
ယင်ချုံဟိုင် သည် ခေါင်းကို ငုံ့ထားကာ စာလွှာ အတွင်းရှိ အကြောင်းအရာ များကို တစ်လုံးမကျန် ပြန်လည် အစီရင်ခံ နေလေသည်။ သူ၏ အပြုအမူ များမှာ အလွန် ရိုသေ ကျိုးနွံနေပြီး နည်းနည်းလေး မျှပင် ကျော်လွန် ရဲခြင်း မရှိချေ။ ဤကဲ့သို့ ဖြစ်ရခြင်း ၏ အကြောင်းရင်း မှာ...
သူ၏ အရှေ့တွင် ရှိနေသော သူသည် သူ၏ အသက်ကို အပြည့်အဝ ချုပ်ကိုင် ထားနိုင်သူ ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ချင်းထျန်းဂိုဏ်း ၏ ခရမ်းရောင်နဂါး ဓမ္မမင်းကြီး... တုန်းဖန်းမင်ယွဲ့ ပင်ဖြစ်သည်။
အထက် နေရာတွင်။
ခန့်ညား ထည်ဝါပြီး ကြမ်းတမ်းသော မျက်နှာ အသွင်အပြင် ရှိသည့် လူတစ်ယောက် ဖြည်းညင်းစွာ ခေါင်းမော့ လာလေသည်။ သူ၏ မျက်ဝန်းများ မှ ခရမ်းရောင် အလင်းတန်း အချို့ ဖြာထွက် နေပြီး ကိုယ်ပေါ်တွင်တော့ ခရမ်းရောင် ဝတ်ရုံရှည် ကြီးကို ဆင်မြန်း ထားလေသည်။
ခေါင်းတွင် ကျောက်စိမ်း သရဖူ ကို ဆောင်းထားပြီး ခါးတွင် ကျောက်စိမ်း ခါးပတ် ကို ပတ်ထားကာ အလွန် ကြီးကျယ် ခမ်းနားသော အရှိန်အဝါ များကို ထုတ်လွှတ် နေလေသည်။
သူမ သည် မိန်းမသား တစ်ယောက် ဖြစ်ကြောင်းကို လုံးဝ ခွဲခြား သိမြင် နိုင်စွမ်း မရှိချေ။
တကယ်တမ်းတွင် ချင်းထျန်းဂိုဏ်း၏ ခရမ်းရောင်နဂါး ဓမ္မမင်းကြီးသည် အမျိုးသမီးတစ်ယောက်သာ ဖြစ်လေသည်။ သို့သော် သာမန် အမျိုးသမီး များ နှင့် မတူဘဲ တုန်းဖန်းမင်ယွဲ့ သည် နာမည် နှင့် မလိုက်ဖက် အောင် အမျိုးသား များ နှင့် တန်းတူ သန်မာ ထွားကျိုင်းသော ခန္ဓာကိုယ် ကြီးကို ပိုင်ဆိုင် ထားလေသည်။
ထိုအရာများ အပြင် ကြမ်းတမ်းသော မျက်နှာ အသွင်အပြင် ကြီး ကပါ ပေါင်းစပ် သွားသောအခါ တစ်ချက် ကြည့်လိုက်ရုံ နှင့်ပင် လူကို အကြီးအကျယ် တုန်လှုပ် သွားစေနိုင်လေသည်။
သူမ ဤကဲ့သို့ အမျိုးသား အသွင်အပြင် နှင့် အမျိုးသမီး ရုပ်ခန္ဓာ ဖြစ်နေရခြင်း ၏ အဓိက အကြောင်းရင်း မှာ သူမ ကျင့်ကြံ ခဲ့သော သိုင်းပညာရပ် နှင့် သူမ၏ ထူးခြားသော ရုပ်ခန္ဓာ ကြောင့် ပင်ဖြစ်သည်။
သူမ သည် အမျိုးသမီး တစ်ယောက် ဖြစ်သော်လည်း မွေးရာပါ နဂါးဟိန်းသံ ရုပ်ခန္ဓာ ကို ပိုင်ဆိုင် ထားလေသည်။
အခြားသူများ နှင့် နှိုင်းယှဉ် ပါက သူမ၏ သိုင်းတာအို ခရီးလမ်းမှာ အများကြီး ပိုမို ခက်ခဲ ကြမ်းတမ်း ခဲ့လေသည်။
"သူ့ကို အရင်ဆုံး ငြိမ်အောင် ထိန်းထားလိုက်... အလောတကြီး ဖြစ်နေတဲ့ ပုံစံမျိုး မပြနဲ့... ဒီလူက စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ ဖွင့်လှစ်မယ့် ကိစ္စနဲ့ သက်ဆိုင်နေတယ်... လုံးဝ အမှားအယွင်း ဖြစ်လို့ မရဘူး..."
တုန်းဖန်းမင်ယွဲ့ ၏ ပါးစပ်မှ အသံဩဩ ကြီး တစ်ခု ထွက်ပေါ် လာလေသည်။
သူမ က ကျန်းချဲ့ ကို ရွေးချယ် ခဲ့ရခြင်း ၏ အကြောင်းရင်း မှာ ကျန်းချဲ့ နဂါးတစ်ပိုင်း အသွင် ပြောင်းလဲ သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ခဲ့ရသောကြောင့် ပင်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ အတွင်းရှိ တာအိုကျမ်းစာ အမွေအနှစ် ကို ဆက်ခံရန် အသင့်တော်ဆုံး သူ ဖြစ်ကြောင်းကို ပြသနေခြင်း ပင်ဖြစ်သည်။
ယခင် အချိန်များ ကတည်းက ဤအရာ ကို သူမ အချိန်အတော်ကြာ လေ့လာ စူးစမ်း နေခဲ့သော်လည်း မိန်းမသား ခန္ဓာကိုယ် ဖြစ်နေသည့် အတွက် နဂါး အဖြစ်သို့ လုံးဝ ပြောင်းလဲ ၍ မရနိုင်ခဲ့ချေ။ သူမ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသော ယင်ချုံဟိုင် ကလည်း...
ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို အောင်မြင်စွာ ကျင့်ကြံ နိုင်ခဲ့သော်လည်း နဂါး အဖြစ်သို့တော့ လုံးဝ ပြောင်းလဲ ၍ မရနိုင်ခဲ့ချေ။
ထို အချိန် ကတည်းက ယင်ချုံဟိုင် ၏ သိုင်းပညာရပ် လမ်းကြောင်း မှားယွင်း နေကြောင်း သူမ သိရှိ ခဲ့လေသည်။ ယခင်က ကျန်းဟိုင်နန်းတော် မှ လူများ လည်း လမ်းမှား သို့ ရောက်ရှိ ခဲ့ကြပြီး နဂါးပြောင်းလဲခြင်း ကျင့်စဉ် ၏ အစစ်အမှန် အနှစ်သာရ ကို လုံးဝ နားလည် သဘောပေါက် ခဲ့ခြင်း မရှိကြချေ။
"ဟုတ်ကဲ့... လက်အောက်ငယ်သား အမိန့်နာခံပါ့မယ်..."
ယင်ချုံဟိုင် က တိုးညှင်းစွာ ပြန်ဖြေ လိုက်လေသည်။
"ကျန်းချဲ့ကို စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေဆီ ရောက်လာအောင် မျှားခေါ်နိုင်ပြီဆိုရင် မင်းရဲ့ ယွမ်ယင်းအပေါ်က တားမြစ်အစီအရင်တွေကို ဖယ်ရှားပေးရုံတင် မကဘူး... အရှင်သခင်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကိုပါ မင်းကို ပေးမယ်... ဒီဘုရင်ကို စိတ်ပျက်အောင် မလုပ်နဲ့..."
ဤစကားကို ကြားလိုက်ရသည် နှင့် ယင်ချုံဟိုင် အလွန်အမင်း စိတ်လှုပ်ရှား သွားရလေသည်။ တုန်းဖန်းမင်ယွဲ့ ၏ လက်အောက်တွင် နှစ်ပေါင်း ရာချီအောင် အလုပ်အကျွေး ပြုခဲ့ဖူးသူ ဖြစ်ရာ သူမ၏ အကျင့်စရိုက် ကို အကောင်းဆုံး သိရှိထားသူ ပင်ဖြစ်သည်။ ကတိတည် ပြီး စကား တစ်ခွန်း ကို လုံးဝ ပြင်ဆင် ပြောဆိုလေ့ မရှိသူ ဖြစ်လေသည်။
အမျိုးသား များ ထက်ပင် ပို၍ ရဲရင့် ပြတ်သား လှပေသည်။
"ဓမ္မမင်းကြီးကို ကျေးဇူးတင်ပါတယ်... လက်အောက်ငယ်သားက ကျန်းချဲ့ကို အမိဖမ်းနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားပြီး အလုပ်အကျွေး ပြုပါ့မယ်..."
ယင်ချုံဟိုင် က အလျင်အမြန်ပင် ပြောလိုက်လေသည်။
"သွားတော့..."
တုန်းဖန်းမင်ယွဲ့ လက်တစ်ချက် ဝှေ့ယမ်း လိုက်လေသည်။
ယင်ချုံဟိုင် ခါးညွှတ် ကာ နောက်ဆုတ် ထွက်ခွာ သွားလေသည်။
သူ ထွက်သွား ပြီးနောက် တုန်းဖန်းမင်ယွဲ့ အချိန်အတော်ကြာအောင် တိတ်ဆိတ် နေပြီး အင်္ကျီလက် အတွင်းမှ ဝိညာဉ်အဆောင် တစ်ခုကို ထုတ်ယူ လိုက်လေသည်။ လက်တစ်ချက် ဝှေ့ယမ်း လိုက်ရာ လေဟာနယ် အတွင်း၌ ဝိညာဉ် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်လေသည်။
"တာအိုနောင်တော် နန်ကုန်း... ကျန်းချဲ့ဆိုတဲ့ ကောင်လေးကတော့ ထောင်ချောက်ထဲ တိုးဝင်လာခဲ့ပြီ... အဲ့ဒီအချိန်ကျရင် ကျမကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ မျှော်လင့်ပါတယ်..."
လက်ရှိ အချိန်တွင် ကျန်းချဲ့ က စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ သို့ သွားရောက်ရန် အတိအကျ သဘောတူညီ ထားခြင်း မရှိသေးသော်လည်း မကြာမီ အချိန် အတွင်း သေချာပေါက် သဘောတူ လာမည် ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။ ကျန်းချဲ့ တွင် နဂါးဟိန်းသံ ရုပ်ခန္ဓာ ရှိနေကြောင်းကို သူမ သိရှိထား သလို ကျန်းချဲ့ ၏ နဂါး အသွင် ပြောင်းလဲနိုင်သည့် စွမ်းရည် ကိုလည်း ကောင်းစွာ သိရှိထားလေသည်။
ထို့ကြောင့် စစ်မှန်သောနဂါး ရှေးဟောင်းနယ်မြေ က ဤကဲ့သို့သော သိုင်းပညာရှင် များ အတွက် မည်မျှ အရေးကြီး ကြောင်းကို ကောင်းစွာ နားလည်ထားလေသည်။
စစ်မှန်သောနဂါး... စစ်မှန်သောနဂါး...
နဂါး ဆိုသည့် စကားလုံး တစ်လုံးတည်း ကပင် နဂါး သွေးမျိုးဆက် ကျင့်စဉ် များကို ကျင့်ကြံ နေသူများ အတွက် အလွန် ကြီးမားလှသော ဆွဲဆောင်မှု တစ်ခု ဖြစ်နေလေပြီ။ အတွင်းမှ ရတနာ တစ်ခုခု သာ ရရှိမည် ဆိုပါက ကြီးမားသော အကျိုးကျေးဇူး များကို ရရှိစေနိုင်လေသည်။ အကယ်၍ အတုအယောင် ဖြစ်နေမည် ဆိုလျှင်တောင် မှ လာရောက် လိုသူများ သေချာပေါက် ရှိနေမည် သာဖြစ်သည်။
သူမ ကိုယ်တိုင် ကဲ့သို့ ပင်တည်း...
ကျန်းချဲ့ က ယင်ချုံဟိုင် ထံသို့ ပေးအပ် ခဲ့သော ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို သူမ ကိုယ်တိုင် လေ့လာ ကြည့်ရှု ခဲ့သော်လည်း အတွင်းမှ အစစ်အမှန် အနှစ်သာရ ကိုတော့ လုံးဝ ရှာဖွေ မတွေ့ရှိ ခဲ့ချေ။
တုန်းဖန်းမင်ယွဲ့ သည် ကျန်းချဲ့ အပေါ် အလွန် အလေးအနက် ထားလေသည်။
ဤကဲ့သို့ ကံတရား ၏ မျက်နှာသာ ပေးမှုကို ခံရသူ များသည် အမြဲတမ်း ဘေးအန္တရာယ် များမှ လွတ်မြောက် နိုင်စွမ်း ရှိကြောင်းကို သူမ ကောင်းစွာ နားလည်ထားလေသည်။ ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်း အဆင့်က ကျန်းချဲ့ ထက် အများကြီး သာလွန် နေသည် ဆိုလျှင်တောင် မှ သူမ အနေဖြင့် ဒုတိယ အစီအစဉ် ကို ကြိုတင် ပြင်ဆင် ထားခဲ့လေသည်။ နန်ကုန်းကျိ က ကျန်းချဲ့ ကို သတ်ဖြတ်ရန် ပြင်ဆင်နေကြောင်း သတင်း ရရှိချိန် တွင် သူမ က တစ်ဖက်လူ ကို အချိန်အနည်းငယ် မျှ သည်းခံ စောင့်ဆိုင်း ရန် ဖျောင်းဖျ ခဲ့ပြီး အတူတကွ ချုံခို တိုက်ခိုက်ရန် ဖိတ်ခေါ် ခဲ့ခြင်း ပင်ဖြစ်သည်။
'အဲ့ဒီ အချိန်ကျရင် သိုင်းသူတော်စင် သာ ထွက်မလာဘူး ဆိုရင်... ကျန်းချဲ့ ဘယ်လောက်ပဲ ကောင်းကင်ကို ပျံတက်နိုင်တဲ့ စွမ်းရည် တွေ ရှိနေပါစေ... ကျမရဲ့ လက်ဝါး အောက်ကနေ လွတ်နိုင်မှာ မဟုတ်ဘူး...'
ချင်းထျန်းဂိုဏ်း... ကောင်းကင်လင်းယုန် ဌာနခွဲ။
ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ထံမှ သတင်း စကားကို ရရှိပြီးနောက် နန်ကုန်းကျိ သည် ချက်ချင်းပင် ချူးဟယ် ကို ဆင့်ခေါ် လိုက်လေသည်။
"ကျန်းချဲ့က ထောင်ချောက်ထဲ တိုးဝင်လာပြီ... မင်း အရှက်ရခဲ့တာတွေကို ပြန်ပြီး ဆေးကြောချင်တယ် ဆိုရင် ရက်အနည်းငယ်နေရင် ငါနဲ့အတူ အရှေ့ပင်လယ်ကို လိုက်ခဲ့..."
"ဓမ္မမင်းကြီး စိတ်ချပါ... ကျုပ် ကိုယ်တိုင်ကိုယ်ကျ အဲ့ဒီကောင်ကို သတ်ဖြတ်ပြီး ငါတို့ မြင့်မြတ်သောဂိုဏ်းတော် အတွက် အရှက်ပြန်ဆယ်ပါ့မယ်..."
ချူးဟယ် က အလွန် စိတ်လှုပ်ရှားစွာ ဖြင့် အသံကျယ်ကျယ် ပြန်ဖြေ လိုက်လေသည်။
ကျန်းချဲ့ သည် ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာ နှစ်ခုတည်း ဖြင့်သာ ယွမ်ယင်း အဖြစ် ပြောင်းလဲ သွားကြောင်းကို သိရှိပြီး ကတည်းက သူသည် ကျန်းချဲ့ အပေါ်တွင် နည်းနည်းလေး မျှပင် ကြောက်ရွံ့မှု မရှိတော့ဘဲ ယခင်က ကဲ့သို့ မာန ထောင်လွှားမှု များကို ပြန်လည် ရရှိလာခဲ့လေသည်။
ထို အကြောင်းကြောင့် ပင် သူသည် မိမိ ကိုယ်တိုင် ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာ သုံးခု နှင့်အတူ ယွမ်ယင်း အဖြစ် ပြောင်းလဲ သွားကြောင်း သတင်း များကို တမင်သက်သက် ဖြန့်ဝေ ခိုင်းခဲ့ခြင်း ပင်ဖြစ်သည်။ ဤသည်မှာ ကျန်းချဲ့ ၏ အထက်တွင် ရပ်တည် ကာ ကိုယ့်ကိုယ်ကိုယ် သက်သေပြရန် အတွက် သာ ဖြစ်သော်လည်း ရလဒ် ကတော့ သူ့ကို အကြီးအကျယ် စိတ်ပျက် သွားစေခဲ့လေသည်။
သူ စေခိုင်း ထားသော သူများက ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာ များ၏ ကွာဟချက် များကို မည်မျှပင် ရှင်းပြ နေပါစေ သိုင်းလောက ရှိ သိုင်းပညာရှင် အများစု ကတော့ သူ့ကို အသိအမှတ် မပြုကြချေ။ ထိုနေ့က သူ ကျန်းချဲ့ ကို ရှုံးနိမ့် ခဲ့ရသည့် တိုက်ပွဲ အကြောင်းကို သာ အချိန်ပြည့် ပြန်လည် ထောက်ပြ နေကြလေသည်။
ထို အချိန် ကတည်းက အခြား သူများ၏ ယုံကြည်မှု ကို ရရှိလိုပါက...
ကျန်းချဲ့ ကို မျက်နှာချင်းဆိုင် တိုက်ပွဲတွင် အနိုင်ယူ ပြရမည် ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက် ခဲ့လေသည်။
ထိုအရာများ အပြင် မကြာသေးမီ က သိုင်းလောက တွင် သူသည် ကျန်းချဲ့ ထက် အများကြီး အလှမ်းဝေး နေကြောင်း သတင်းများ ပြန်လည် ပျံ့နှံ့ လာခဲ့ပြီး ကျန်းချဲ့ ၏ စကား ဖြစ်သော "ရှုံးနိမ့်ဖူးသူ တစ်ယောက်က ငါ့ကို ယှဉ်ပြိုင်ဖို့ လုံးဝ အရည်အချင်း မမီဘူး..." ဆိုသည့် စကား က...
သူ့ကို အကြီးအကျယ် ဒေါသ ထွက်သွား စေခဲ့လေသည်။
ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ၏ အစီအစဉ် ကြီးကို သာ ထောက်ထား နေရခြင်း မရှိပါက သူသည် ယွင်ပြည်နယ် သို့ တိုက်ရိုက် သွားရောက် ကာ ကျန်းချဲ့ ကို စိန်ခေါ် တိုက်ခိုက် ပြီးနေပြီ ဖြစ်လေသည်။
ယခုအခါ ချင်းထျန်းဂိုဏ်း ၏ ဓမ္မမင်းကြီး နှစ်ပါး က သေမင်းတမန် ထောင်ချောက် ကြီး တစ်ခုကို ပြင်ဆင် ထားပြီ ဖြစ်ရာ ဤသည်မှာ သူ၏ နောက်ဆုံး အခွင့်အရေး ပင်ဖြစ်သည်။
အကယ်၍ ဤ အချိန် မတိုင်မီ ကျန်းချဲ့ ကို အနိုင်မယူ နိုင်ပါက သိုင်းလောက တွင် သူသည် ကျန်းချဲ့ ထက် နိမ့်ကျ နေသည် ဆိုသော စကားများ က ဆက်လက် ပျံ့နှံ့ နေဦးမည် ဖြစ်ပြီး သူ ကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ အတားအဆီး ကို ကျော်ဖြတ် နိုင်မည် မဟုတ်တော့ချေ။ ကိုယ့်ကိုယ်ကိုယ် သံသယ ဝင်လာမည် ဖြစ်လေသည်။
ကျန်းချဲ့ ကို အနိုင်ယူ နိုင်ရေး သည် ဂုဏ်သိက္ခာ နှင့် သက်ဆိုင် နေရုံ သာမက သူ၏ သိုင်းတာအို စိတ်နှလုံး နှင့်လည်း အများကြီး သက်ဆိုင် နေလေသည်။ ချူးဟယ် အနေဖြင့် ဤ အခွင့်အရေးကို လုံးဝ လက်လွှတ် ခံမည် မဟုတ်ချေ။
"မင်း သိထားဖို့က တကယ်လို့ ဒီတစ်ကြိမ်သာ ကျန်းချဲ့ကို ထပ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင် မင်းရဲ့ သိုင်းတာအို စိတ်နှလုံးမှာ ပြန်လည်ကုစားဖို့ ခက်ခဲတဲ့ ဒဏ်ရာအနာတရတွေ ကျန်ရစ်ခဲ့လိမ့်မယ်... နောင်တစ်ချိန် မင်း မီးကပ်ဘေးနဲ့ မိုးကြိုးကပ်ဘေးတွေကို ကျော်ဖြတ်တဲ့အခါ အရမ်းကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်..."
ချူးဟယ် ၏ လက်ရှိ အခြေအနေ က အနည်းငယ် ထူးဆန်း နေကြောင်း နန်ကုန်းကျိ ကောင်းစွာ မြင်တွေ့ လိုက်ရလေသည်။
မူလက ချူးဟယ် သည် ကျန်းချဲ့ ကို ရှုံးနိမ့် ခဲ့ရသဖြင့် သိုင်းတာအို စိတ်နှလုံး တွင် ဒဏ်ရာ အချို့ ရရှိခဲ့သော်လည်း နောက်ပိုင်း တွင် သူ၏ ကိုယ်ပိုင် ဇွဲလုံ့လ ဖြင့် စိတ်နှလုံး မိစ္ဆာ ကပ်ဘေး ကို အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့လေသည်။ သို့သော် အကယ်၍ နောက်တစ်ကြိမ် ထပ်မံ ရှုံးနိမ့် ဦးမည် ဆိုပါက သူသည် ကျန်းချဲ့ ထက် အမှန်တကယ် နိမ့်ကျ နေသည် ဟု ရင်ထဲမှနေ၍ အပြည့်အဝ ယုံကြည် သွားမည် ဖြစ်လေသည်။
ဤအချက်ကို သူ လုံးဝ လက်ခံနိုင်မည် မဟုတ်ချေ။
အကယ်၍ နောင်တစ်ချိန် တွင် စိတ်နှလုံး မိစ္ဆာ ကပ်ဘေး ကို ထပ်မံ ကြုံတွေ့ ရပြီး ကျန်းချဲ့ ၏ ပုံရိပ်များ ပေါ်ထွက် လာမည် ဆိုပါက သူ၏ စိတ်နှလုံး တွင် ကြီးမားသော ဟာကွက် ကြီး တစ်ခု သေချာပေါက် ပေါ်လာမည် ဖြစ်လေသည်။
ဤ အရာများ အားလုံး၏ အကြောင်းရင်း မှာ ချူးဟယ် သည် တစ်ခါမျှ မရှုံးနိမ့် ဖူးသောကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် တစ်ကြိမ် ရှုံးနိမ့် လိုက်ရသည် နှင့် အလွန် ကြီးမားသော သက်ရောက်မှု များကို ခံစား လိုက်ရခြင်း ဖြစ်လေသည်။ သာမန် သိုင်းပညာရှင် များသာ ဆိုလျှင် ရှုံးနိမ့် သွားခဲ့လျှင် တောင်မှ တကယ်တမ်း တွင် ဘာမှ အကြီးအကျယ် ဖြစ်လာမည် မဟုတ်ချေ။
"ကျန်းချဲ့ကို အနိုင်မယူနိုင်သရွေ့ ကျုပ်ရဲ့ သိုင်းတာအို စိတ်နှလုံးက ပြီးပြည့်စုံနိုင်မှာ မဟုတ်ဘူး... သူက ကျုပ်ရဲ့ ကပ်ဘေးပဲ... မဖြစ်မနေ ကျော်ဖြတ်ရမယ့် ကပ်ဘေး... ကျန်းချဲ့က သာမန်မဟုတ်ဘူး ဆိုတာကို ကျုပ် သိပါတယ်... ဒါပေမဲ့ ကျုပ် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်ချက် ရှိတယ်..."
ချူးဟယ် ၏ ယုံကြည်မှု များမှာ အမှန်တကယ် တော့ ကျန်းချဲ့ ၏ ကောင်းကင်နှင့် မြေကြီး နိမိတ်လက္ခဏာ နှစ်ခု ဖြင့် ယွမ်ယင်း ပြောင်းလဲ ခြင်းမှ မြစ်ဖျားခံ လာခြင်း ပင်ဖြစ်သည်။ သူကတော့ နိမိတ်လက္ခဏာ နှစ်ခုခွဲ နှင့် ယွမ်ယင်း ပြောင်းလဲ ခဲ့ခြင်း ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ အသာစီး ရမှုကို ရယူ ထားနိုင်ခဲ့လေသည်။
ဤ အချက်ကို အသုံးပြု ၍ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် နှစ်သိမ့် နေခြင်း ပင်ဖြစ်သည်။
"အဲ့ဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်..."
နန်ကုန်းကျိ ပြောပြီးသည် နှင့် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။
ချူးဟယ် နှင့် ကျန်းချဲ့ တို့၏ တိုက်ပွဲ အပေါ် သူ အများကြီး မျှော်လင့်ချက် မထားချေ။ မည်သို့ပင်ဆိုစေ ချူးဟယ် သည် အခြေခံအုတ်မြစ် နက်ရှိုင်း သည် မှန်သော်လည်း ကျန်းချဲ့ ကလည်း သာမန် ပါရမီရှင် မျိုး လုံးဝ မဟုတ်ချေ။
သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲ အတွင်း သူတို့ နှစ်ယောက် တိုက်ခိုက် ခဲ့ကြသည့် မြင်ကွင်း များကို အကြိမ်ကြိမ် ကြည့်ရှု ခဲ့ပြီးနောက် ကျန်းချဲ့ ၏ အခြေခံအုတ်မြစ် နှင့် အစွမ်းထက်မှု များကို သူ အလွန်အမင်း အံ့အားသင့် ခဲ့ရလေသည်။ မဟုတ်ပါက တော်ဝင်နန်းတော် ၏ အကြီးအကျယ် ဒေါသ ထွက်ခြင်း ကို ခံရမည် မှန်း သိသိကြီး နှင့်...
ကျန်းချဲ့ ကို သတ်ဖြတ်ရန် လုံးဝ ကြံစည် ခဲ့မည် မဟုတ်ချေ။ သူတို့၏ မြင့်မြတ်သောဂိုဏ်းတော် အနေဖြင့် နောင်တစ်ချိန် တွင် ပြိုင်ဘက်ကောင်း တစ်ယောက် ထပ်တိုး လာမည်ကို မလိုလား သောကြောင့် သာ ဤသို့ ကြံစည် ခဲ့ရခြင်း ဖြစ်လေသည်။
တစ်ချိန်တည်း မှာပင်။
တောင်ကုန်း တောင်တန်း များစွာကို ဖြတ်ကျော် ကာ လေကိုခွင်း ၍ လျင်မြန်စွာ ခရီးနှင် လာခဲ့သော ကျန်းချဲ့ နှင့် ချန်ချင်းဖန် တို့သည် နေ့ရက် အနည်းငယ် အကြာတွင် လောကကြီး ၏ အလယ်ဗဟို ဖြစ်သော အလယ်ပိုင်း ပြည်နယ် သို့ နောက်ဆုံးတွင် ရောက်ရှိ လာခဲ့လေပြီ။
ထို့အပြင် နိုင်ငံတော် ၏ အချက်အချာ ကျသော မြို့တော် ကြီး သို့ ပထမဆုံး အကြိမ် အဖြစ် ရောက်ရှိ လာခဲ့ခြင်း ပင်ဖြစ်သည်။
အလွန် ကြီးကျယ် ခမ်းနားပြီး ဩဇာတိက္ကမ ကြီးမားလှသော မြို့တော် ကြီးကို အဝေးမှ လှမ်းကြည့် လိုက်ရုံ နှင့်ပင် ကျန်းချဲ့ ၏ ရင်ထဲတွင် ရဲရင့်သော စိတ်ဓာတ်များ အလိုအလျောက် ပေါက်ဖွား လာလေသည်။
"ဘယ်လိုလဲ..."
ချန်ချင်းဖန် က အံ့အားသင့် ငေးမော နေသော ကျန်းချဲ့ ကို ကြည့်ရင်း ပြုံးလျက် မေးလိုက်လေသည်။
"လောကကြီးရဲ့ အလယ်ဗဟို နေရာလို့ ခေါ်ဆိုထိုက်ပါပေတယ်... တာ့ကျိုး နိုင်ငံတော်ရဲ့ မြို့တော်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အပြည့်အဝ ထိုက်တန်ပါတယ်..."
သိုင်းလောက ၏ နံပါတ်တစ် မြို့တော် ဖြစ်သော ရှန့်ဟိုင်မြို့ နှင့် နှိုင်းယှဉ် ပါက တာ့ကျိုး နိုင်ငံတော် ၏ မြို့တော်ကြီး မှာ အများကြီး ပိုမို ထူးခြား ခမ်းနား လှပေသည်။ ဤအချက် ကို မြို့တော် ကြီးကို မြင်ဖူးသူတိုင်း အပြည့်အဝ သဘောတူ ကြမည် မှာ အသေအချာ ပင်ဖြစ်သည်။