အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း (၃၇၉) အလှပန်း မိဖုရားကြီး... နန်းတော်တွင်းသို့ ဝင်ရောက်ကာ ဧကရာဇ်မင်းနှင့် တွေ့ဆုံခြင်း
မြို့တော်ကြီးမှာ အလွန် ကြီးမား ကျယ်ပြန့်လှပြီး တစ်ချက် လှမ်းကြည့်လိုက်ရုံနှင့်ပင် အဆုံးအစကို မမြင်နိုင်လောက်အောင် ဖြစ်နေလေသည်။
အဝေးမှ လှမ်းကြည့်လိုက်ပါက နက်ရှိုင်းသော ချောက်ကမ်းပါး ကြီး တစ်ခုထဲမှ သားရဲကြီး တစ်ကောင် သွေးစွန်းနေသော ပါးစပ်ကြီးကို ဟထားသည့် အလား ပင်ဖြစ်သည်။
တာ့ကျိုး နိုင်ငံတော် ၏ မြို့တော် အနေဖြင့် မြို့တော်ကြီး တွင် လူဦးရေ တစ်သန်းကျော် နေထိုင် ကြပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် နှင့် အလယ်ပိုင်း ဟူ၍ အဓိက မြို့နယ်ကြီး ငါးခု အဖြစ် ခွဲခြား ထားလေသည်။ အလယ်ပိုင်း မြို့နယ် ကတော့ တော်ဝင်နန်းတော် တည်ရှိရာ နေရာ ပင်ဖြစ်သည်။
ကျန်းချဲ့ သည် မြို့တော်ကြီး အကြောင်းကို ယခင်ကတည်းက ကြားဖူး နားဝ ရှိခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျ မျက်မြင် ကိုယ်တွေ့ မြင်လိုက်ရသည့် အချိန်တွင်တော့ ရင်ထဲ၌ အကြီးအကျယ် တုန်လှုပ် သွားရဆဲ ပင်ဖြစ်သည်။
ဤနေရာတွင် မွေးရာပါ အဆင့် သိုင်းပညာရှင် များ၊ အမြုတေ အဆင့် သိုင်းပညာရှင် များ ဆိုသည်မှာ ဘာမှ အရေးမပါလှချေ။ အမှန်တကယ် အာဏာကို ချုပ်ကိုင်ထားသူများမှာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကြီးများ နှင့် အထက်စီး မှ နေရာယူထားသော သိုင်းသူတော်စင် ကြီးများသာ ဖြစ်ကြလေသည်။
ကျန်းချဲ့ ၏ အသိ အရ ဆိုလျှင် ဤ တော်ဝင်နန်းတော် ကြီး အတွင်း၌ အနည်းဆုံး သိုင်းသူတော်စင် ငါးပါး ခန့် ရှိနေကြောင်း သိရလေသည်။ ဗုဒ္ဓဘာသာ နှင့် တာအိုဘာသာ နိုင်ငံတော် ဆရာကြီး နှစ်ပါး၊ ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက်၊ စစ်တပ် မှ အထွေထွေ စစ်သူကြီး တစ်ပါး နှင့် နန်းတော် အတွင်း၌ လျှို့ဝှက်စွာ ပုန်းကွယ် နေသော အစွမ်းထက် သူကြီး တစ်ပါး တို့ ပင်ဖြစ်သည်။ ဤနေရာ သည် အလယ်ပိုင်း ဒေသ တစ်ခုလုံး တွင် အန္တရာယ် အများဆုံး နေရာ ဖြစ်သလို အလုံခြုံဆုံး နေရာ လည်း ဖြစ်သည် ဟု ဆိုနိုင်ပေသည်။
ထိုအရာများ အပြင် ဤနေရာရှိ ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင် များမှာလည်း အပြင်လောက ထက် အများကြီး ပိုမို သိပ်သည်း ထူထပ် လှပေသည်။
အကြောင်းရင်း မှာ မြို့တော်ကြီး ၏ အောက်ခြေ တွင် ဧရာမ ယွမ်ကျောက်တုံး သတ္တုတွင်း ကြီး တစ်ခု ရှိနေပြီး အစီအရင် ဖြင့် လမ်းကြောင်း ပေးထားသောကြောင့် လူ့လောက ၏ နံပါတ်တစ် မြို့တော်ကြီး ဆိုသည့် ဂုဏ်ပုဒ် ကို ရရှိထားခြင်း ပင်ဖြစ်သည်။
တာ့ကျိုး နိုင်ငံတော် စတင် တည်ထောင် ကတည်းက ဤနေရာကို မြို့တော် အဖြစ် သတ်မှတ် ခဲ့ပြီး နှစ်ပေါင်း ခြောက်ရာကျော် သက်တမ်း ရှိပြီ ဖြစ်ရာ ဤမြို့တော်ကြီး ၏ ထည်ဝါ ခမ်းနားမှု ကို ပို၍ပင် တိုးပွား လာစေခဲ့လေသည်။
"သွားကြတာပေါ့... မင်း အရင်ဆုံး ငါနဲ့အတူ အနက်ရောင်ရုံးတော် ကို လိုက်ခဲ့ပြီး နေရာချထားဖို့ စီစဉ်လိုက်ဦး... ပြီးတော့မှ နတ်မင်းကြီး ရဲ့ ဆင့်ခေါ်မှုကို စောင့်တာပေါ့..."
စကားပြောဆိုရင်း ချန်ချင်းဖန် သည် ကျန်းချဲ့ ကို မြို့တော် အတွင်းရှိ အနက်ရောင်ရုံးတော် ဌာနချုပ် သို့ ခေါ်ဆောင် သွားကာ နေရာချထား ပေးလိုက်လေသည်။
တကယ်တမ်း တွက်ကြည့်မည် ဆိုလျှင် ကျန်းချဲ့ သည် လက်ရှိ အချိန်တွင် စစ်တပ် ၏ လက်အောက်ခံ အဖြစ်သာ ရှိနေသေးသော်လည်း ရှန့်ဟိုင်မြို့ တိုက်ပွဲ ကြောင့် သူ့တွင် အနက်ရောင်ရုံးတော် ၏ ဒုတိယ တမန်တော် ဆိုသည့် အဆင့်အတန်း တစ်ခုလည်း ရှိနေသေးလေသည်။ ထို့ကြောင့် အတိအကျ ပြောရမည် ဆိုလျှင် သူသည် အနက်ရောင်ရုံးတော် မှ လူတစ်ဝက် ဖြစ်နေလေပြီ။
ချန်ချင်းဖန် ၏ စီစဉ်ပေးမှု အပေါ် သူ လုံးဝ ငြင်းဆန်မည် မဟုတ်ချေ။ လေဝိညာဉ်နတ်ပုတီးစေ့ ကို အဆင်ပြေပြေ ရရှိနိုင်သရွေ့ ဤခရီးစဉ်မှာ လုံးဝ အချည်းနှီး ဖြစ်မည် မဟုတ်ချေ။
မြို့တော်ကြီး မှာ ကျယ်ဝန်းလှရုံ သာမက သတင်း အချက်အလက် ကွန်ရက် ကြီးများ လည်း အလွန် ကြီးမား ကျယ်ပြန့် လှပေသည်။ ကျန်းချဲ့ နှင့် ချန်ချင်းဖန် တို့ မြို့တော် အတွင်းသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက် လာသည် နှင့် တစ်ပြိုင်နက် မြို့တော် အတွင်း၌ အကြီးအကျယ် လှိုင်းဂယက် ကြီးများ ထသွားခဲ့လေသည်။
ကျန်းချဲ့ မြို့တော် သို့ ရောက်ရှိ လာသည့် သတင်း သည် ဟာရီကိန်း မုန်တိုင်း ကြီး တစ်ခု အလား လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့လေသည်။
အမှန်တကယ်တော့ ကျန်းချဲ့ ၏ နာမည် ကျော်ကြားမှု မှာ မြို့တော် တွင် အမြဲတမ်း ကြီးမား နေခဲ့လေသည်။ အထူးသဖြင့် တောင်ပိုင်းယွဲ့ နယ်စပ် တိုက်ပွဲ နှင့် သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲ များကြောင့် ကျန်းချဲ့ သည် အလယ်ပိုင်း ဒေသ တစ်ခုလုံး တွင် နာမည် ကျော်ကြား သွားခဲ့ခြင်း ပင်ဖြစ်သည်။
တစ်ချိန်တည်း မှာပင် ကျန်းချဲ့ ဆိုသည့် နာမည် က မြို့တော် ကိုပါ အကြီးအကျယ် တုန်လှုပ် သွားစေခဲ့လေသည်။
ထို့အပြင် ကျန်းချဲ့ သည် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ၏ မျက်မှန်း အကျဆုံး လူတစ်ယောက် အဖြစ် အပြင်လောက တွင် သတင်းများ ထွက်ပေါ် နေသဖြင့် ပို၍ပင် အာရုံစိုက် မှုများကို ရရှိလာခဲ့လေသည်။ မည်သို့ပင်ဆိုစေ မြို့တော် အတွင်း၌ ဧကရာဇ်မင်း မှလွဲ၍ ဩဇာ အာဏာ အကြီးမားဆုံး သော လူမှာ ကျီချန်တောက် သာ ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ထို အကြောင်းကြောင့် ပင် ကျန်းချဲ့ မင်္ဂလာဆောင် သည့် အချိန်တွင် မြို့တော် အတွင်းရှိ အိမ်ရှေ့စံ နေရာကို ယှဉ်ပြိုင် လိုသော မင်းသား အများအပြား သည် လူကြုံ ဖြင့် လက်ဆောင်များ ပေးပို့ ခဲ့ကြခြင်း ပင်ဖြစ်သည်။
ယခုအခါ မြောက်ပိုင်း လူရိုင်း မင်းသားလေး ဇာကူမု သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ ဖြင့် အလယ်ပိုင်း ဒေသ ရှိ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အများအပြား ကို အနိုင်ယူ လာခဲ့ပြီး မြို့တော် အတွင်းသို့ မုန်တိုင်း လာတော့မည့် အလား ကြီးမားသော ဖိအားများကို သယ်ဆောင် လာခဲ့လေသည်။
ဤ အရာများ အားလုံး၏ အကြောင်းရင်း မှာ အလယ်ပိုင်း ဒေသ မှ သိုင်းပညာရှင် များသည် မိမိကိုယ်ကိုယ် လောက ကြီး၏ အလယ်ဗဟို အဖြစ် အမြဲတမ်း သတ်မှတ် ထားပြီး မြောက်ပိုင်း လူရိုင်း များကို လူရိုင်း များ အဖြစ် အထင်အမြင် သေးခဲ့ကြသောကြောင့် ပင်ဖြစ်သည်။ ယခုအခါ မြောက်ပိုင်း လူရိုင်း များ အင်အား ကြီးမား လာပြီး နှစ်စဉ် နယ်စပ် ကို ဝင်ရောက် တိုက်ခိုက် နေသော်လည်း ရင်ထဲမှ နေ၍ မြောက်ပိုင်း လူရိုင်း များကို အထင်အမြင် သေးနေဆဲ ပင်ဖြစ်သည်။
ယခုအခါ မြောက်ပိုင်း လူရိုင်း တစ်ယောက် က အလယ်ပိုင်း ဒေသ တွင် ပေါ်ပေါ်ထင်ထင် ခြေမိုး နေပြီး အလယ်ပိုင်း ဒေသ ၏ ဂုဏ်သိက္ခာ ကို စော်ကား နေသည်ကို ဘယ်သူကများ သည်းခံ နိုင်ပါမည်နည်း။
ထို့ကြောင့် ပင် တော်ဝင်နန်းတော် က ကျန်းချဲ့ ကို အလျင်အမြန် ဆင့်ခေါ် ကာ မြောက်ပိုင်း လူရိုင်း ကို နှိမ်နှင်း စေလိုခြင်း ပင်ဖြစ်သည်။
လုကျဲ့ယွင် ကတော့ တော်ဝင်နန်းတော် ၏ မလွှဲသာ မရှောင်သာ ရွေးချယ် ခဲ့ရသော ရွေးချယ်မှု တစ်ခု သာဖြစ်သည်။ ကျန်းချဲ့ မြို့တော် တွင် ရှိနေမှ သာ အားလုံး စိတ်အေး ရမည် ဖြစ်ကြောင်းကို လူတိုင်း သိရှိထား ကြလေသည်။ ဤသည်မှာ သိုင်းစာရင်း ၏ နံပါတ်တစ် ကွမ်ကျွင်းနယ်စား ဘွဲ့ ၏ အဖိုးတန် မှု ပင်ဖြစ်သည်။
ဤ ကိစ္စများ အားလုံး ထဲတွင် သတင်း အစောဆုံး ရရှိ ခဲ့သူမှာ နန်းတော် အတွင်း၌ ရှိနေသော ယွမ်ခန်း ဧကရာဇ် ကျီဝမ်ဟောက် ပင်ဖြစ်သည်။
ဧကရာဇ် တစ်ပါး အနေဖြင့် ရည်မှန်းချက် ကြီးမားသော ဧကရာဇ် တစ်ပါး အနေဖြင့် ယွမ်ခန်း ဧကရာဇ် သည် အရာအားလုံး ကို ကျီချန်တောက် က ချုပ်ကိုင် ထားသည်ကို လုံးဝ မလိုလားချေ။ အနက်ရောင်ရုံးတော် ဆိုသည်မှာ တော်ဝင်နန်းတော် ၏ ထက်မြက်သော ဓားတစ်လက် ပင်ဖြစ်သည်။ သို့သော် ထိုဓားကို ကိုင်ဆောင် နိုင်သူမှာ ကျီချန်တောက် တစ်ယောက်တည်း သာ ဖြစ်နေလေသည်။
ကျီဝမ်ဟောက် အနေဖြင့် လုံးဝ မကျေနပ်နိုင်ချေ။ ထို့ကြောင့် သူ နန်းတက် ပြီး သိပ်မကြာမီ မှာပင် မိန်းမစိုး များ ကိုသာ ခန့်အပ် ပြီး သူ့အပေါ် သာ သစ္စာရှိသော အဖွဲ့အစည်း တစ်ခုကို တည်ထောင် ခဲ့လေသည်။ အပြင်လူ များကတော့ ပန်းထိုး ဝတ်စုံ စောင့်တပ် ဟု ခေါ်ဝေါ် ကြလေသည်။
သေချာသည် ကတော့ အကြောင်းအမျိုးမျိုး ကြောင့် ကန့်သတ် ချက်များ ရှိနေသဖြင့် ပန်းထိုး ဝတ်စုံ စောင့်တပ် သည် ကြီးကြီးမားမား တိုးတက် လာခြင်း မရှိခဲ့ဘဲ အလယ်ပိုင်း ပြည်နယ် နှင့် မြို့တော် အတွင်း၌ သာ ဩဇာ လွှမ်းမိုး နိုင်ခဲ့လေသည်။ သို့သော် ဤမျှလောက် နှင့်ပင် လုံလောက် နေလေပြီ။
ထို့ကြောင့် ကျီဝမ်ဟောက် သည် ဤ သတင်းကို ပထမဆုံး ရရှိ ခဲ့သူများ ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်ခဲ့ခြင်း ပင်ဖြစ်သည်။
တော်ဝင် ဥယျာဉ် အတွင်း။
လူသုံးယောက် ၏ ပုံရိပ် များ က အထင်ရှားဆုံး ဖြစ်နေလေသည်။
ပထမ တစ်ယောက် ကတော့ ဧကရာဇ် ဝတ်ရုံ ကို ဆင်မြန်း ထားပြီး ဆံထုံး ကို သပ်ရပ်စွာ ထုံးထားသော ယွမ်ခန်း ဧကရာဇ် ကျီဝမ်ဟောက် ပင်ဖြစ်သည်။ ယခု အချိန်တွင် သူ၏ မျက်နှာ ပေါ်၌ အနည်းငယ် မကျေနပ်သော အမူအရာ များ ဖြတ်ပြေး သွားပြီး မျက်နှာထား လည်း အနည်းငယ် မည်းမှောင် နေလေသည်။
ဒုတိယ တစ်ယောက် ကတော့ တာအို သီလရှင် ဝတ်စုံ ကို ဆင်မြန်း ထားပြီး အလွန် လှပ ကျက်သရေ ရှိသော နိုင်ငံတော် ဆရာကြီး ယောင်ယွဲ့ ပင်ဖြစ်သည်။
တတိယ လူ ကတော့ အမျိုးသမီး တစ်ယောက် ဖြစ်လေသည်။ အလွန် ပြည့်ဖြိုး လှပသော ခန္ဓာကိုယ် ရှိပြီး ကြီးကျယ် ခမ်းနားသော အရှိန်အဝါ များကို ထုတ်လွှတ် နေသည့် အမျိုးသမီး တစ်ယောက် ပင်ဖြစ်သည်။
သူမ၏ အဆင့်အတန်း ကတော့ နန်းတွင်း ၏ အရှင်သခင်မ မိဖုရားကြီး ပင်ဖြစ်သည်။ သူမ ကြောင့် ပင် ယွမ်ခန်း ဧကရာဇ် ၏ စိတ်အခြေအနေ လုံးဝ မကောင်း ဖြစ်နေရခြင်း ပင်ဖြစ်သည်။
မိဖုရားကြီး က နိုင်ငံတော် ဆရာကြီး ယောင်ယွဲ့ ကို အေးစက်စက် အကြည့် တစ်ချက် ဖြင့် ကြည့်လိုက်လေသည်။ အကယ်၍ မြို့တော် တစ်ခုလုံး တွင် မိဖုရားကြီး အမုန်းဆုံး လူ ဘယ်သူလဲ ဟု မေးလာပါက နိုင်ငံတော် ဆရာကြီး ယောင်ယွဲ့ သာ ဖြစ်ပေလိမ့်မည်။
အကြောင်းရင်း က အခြား မရှိချေ။ ယွမ်ခန်း ဧကရာဇ် သည် ယောင်ယွဲ့ နှင့် အတူ တာအို တရား ကျင့်ကြံ နေခဲ့သည်မှာ အနှစ် နှစ်ဆယ် ခန့် ရှိပြီ ဖြစ်ပြီး နန်းဆောင် အတွင်းသို့ လုံးဝ ဝင်ရောက် ခဲ့ခြင်း မရှိသဖြင့် မိဖုရားကြီး ၏ နေရာကို ထိပ်ဆုံးသို့ မရောက်ရှိ နိုင်အောင် အမြဲတမ်း ဟန့်တား နေခဲ့သောကြောင့် ပင်ဖြစ်သည်။ ထို့အပြင် ရွှမ်ထျန်း ဝူကျိ နန်းတော် က ထောက်ခံ နေသော မင်းသား သည်လည်း သူမ ၏ သားတော် လုံးဝ မဟုတ်ချေ။
သူမ မိဖုရားကြီး အဖြစ် တင်မြှောက် ခံရပြီး ကတည်းက လွန်ခဲ့သော နှစ်များ တစ်လျှောက်လုံး အိမ်ရှေ့စံ နေရာကို ရွေးချယ် ပေးရန် ဧကရာဇ်မင်း ကို အမြဲတမ်း သွယ်ဝိုက်သော နည်းလမ်း ဖြင့် တိုက်တွန်း ခဲ့လေသည်။ သို့သော် အိမ်ရှေ့စံ ရွေးချယ်ရေး နှင့် ပတ်သက်၍ ဧကရာဇ်မင်း က လုံးဝ သဘောထား မှတ်ချက် မပေးခဲ့ချေ။
ယခု တစ်ကြိမ် ရောက်လာ ရခြင်း မှာလည်း အိမ်ရှေ့စံ ရွေးချယ် ရမည့် အချိန် ရောက်ပြီ ဖြစ်ကြောင်း ယွမ်ခန်း ဧကရာဇ် ကို သတိပေး လို၍ ပင်ဖြစ်သည်။
မိဖုရားကြီး ၏ အကြည့်များ အပေါ် နိုင်ငံတော် ဆရာကြီး ယောင်ယွဲ့ ကတော့ မျက်နှာထား လုံးဝ မပြောင်းလဲဘဲ ဤ လောကကြီး တွင် သူမ၏ စိတ်နှလုံး ကို လှုပ်ရှား သွားစေနိုင်သည့် အရာ ဘာမှ မရှိတော့သည့် အလား ပင်ဖြစ်သည်။
"အိမ်ရှေ့စံ နေရာ ဆိုတာ နိုင်ငံတော်ရဲ့ အခြေခံ အုတ်မြစ် ပဲ... ကိုယ်တော် ဒီလို ကိစ္စမျိုးကို ပေါ့ပေါ့ဆဆ နဲ့ မဆုံးဖြတ်ချင်ဘူး... ကိုယ်တော့်ရဲ့ သားတော် တွေထဲမှာလည်း ကိုယ်တော့်ကို အပြည့်အဝ ကျေနပ် စေနိုင်တဲ့ သူ မရှိသေးဘူး... အဲ့ဒါကြောင့် ဒီကိစ္စကို မိဖုရားကြီး နောက်ပိုင်း ဆက်မပြောပါနဲ့တော့..."
ယွမ်ခန်း ဧကရာဇ် က တည်ငြိမ်စွာ ပြောလိုက်လေသည်။ မိဖုရားကြီး မျက်မှောင်ကျုံ့ သွားလေသည်။
"ဒါ... ဒါပေမဲ့ အရှင်မင်းကြီး... ကျမက မိဖုရားကြီး လေ... ထီးနန်း ဆက်ခံမယ့် သူကို ရွေးချယ်မယ် ဆိုရင် မိဖုရားကြီး ရဲ့ သားတော် အကြီးဆုံး ကို ရွေးချယ် ရမယ် ဆိုတဲ့ စည်းမျဉ်း အရ ဆိုရင်... ရှန်းအာ ကို အိမ်ရှေ့စံ အဖြစ် ရွေးချယ် သင့်တာ မဟုတ်ဘူးလား..."
ယွမ်ခန်း ဧကရာဇ် မျက်လုံးများကို အနည်းငယ် မှေးကျဉ်း လိုက်ပြီး နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားလေသည်။
"မိဖုရားကြီး... တကယ်လို့သာ မိဖုရားကြီး ရဲ့ သားတော် အကြီးဆုံး ကို ရွေးချယ်ရမယ် ဆိုတဲ့ စည်းမျဉ်း အတိုင်းသာ ဆိုရင်... အဲ့ဒီလူက ရှန်းအာ မဟုတ်ဘဲ ချန်အာ ဖြစ်သင့်တာပေါ့..."
မိဖုရားကြီး ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲ သွားပြီး အလျင်အမြန် ပင် ခေါင်းငုံ့ လိုက်ကာ ဘာစကား မှ ဆက်မပြော ရဲတော့ချေ။ အကြောင်းမူကား သူမ သည် တစ်ဦးတည်းသော မိဖုရားကြီး လုံးဝ မဟုတ်သောကြောင့် ပင်ဖြစ်သည်။
ယခင် မိဖုရားကြီး ကွယ်လွန် သွားပြီးနောက် မှသာ သူမကို ယွမ်ခန်း ဧကရာဇ် က မိဖုရားကြီး အဖြစ် တင်မြှောက် ခဲ့ခြင်း ပင်ဖြစ်သည်။ မူလက သူမသည် သာမန် ကိုယ်လုပ်တော် တစ်ယောက် သာ ဖြစ်ပြီး ဧကရာဇ်မင်း က သူမ၏ နောက်ကွယ်မှ အင်အားစု ကို ဆွဲဆောင် လိုသဖြင့် ဤကဲ့သို့သော မျက်နှာသာ ပေးမှုကို ပြုလုပ် ခဲ့ခြင်း ပင်ဖြစ်သည်။
"ဟွန့်..."
ယွမ်ခန်း ဧကရာဇ် က ခပ်ဖွဖွ နှာခေါင်းရှုံ့ လိုက်လေသည်။
ထို အချိန်မှာပင် တော်ဝင် ဥယျာဉ် ၏ အပြင်ဘက် မှ အနီရောင် ဝတ်စုံ ကို ဆင်မြန်း ထားသော မိန်းမစိုး ငယ်လေး တစ်ယောက် က လျင်မြန်သော ခြေလှမ်း များဖြင့် ကျီဝမ်ဟောက် ၏ အနီးသို့ ရောက်ရှိ လာပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
"အရှင်မင်းကြီး... ကွမ်ကျွင်းနယ်စား ကျန်းချဲ့ မြို့တော် ကို ရောက်ရှိ လာပါပြီ..."
"ဪ... သူ ဘယ်မှာလဲ..."
"အခု လောလောဆယ် အနက်ရောင်ရုံးတော် ထဲမှာ ရှိနေပါတယ်... ခေါက်ရှန်းနတ်မင်းကြီး ကို ဝင်တွေ့ ဖို့ ပြင်ဆင်နေတဲ့ ပုံပါပဲ..."
"ခေါက်ရှန်းနတ်မင်းကြီး ဟုတ်လား... ဟွန့်... ကိုယ်တော် ကမှ ဧကရာဇ်မင်း အစစ်ပါကွ... သူက ကွမ်ကျွင်းနယ်စား အဖြစ်နဲ့ မြို့တော် ကို ရောက်လာတာတောင် ကိုယ်တော့်ကို အရင် ဝင်မတွေ့ဘဲ ဘုရင်ခံ တစ်ယောက် ကို အရင် သွားတွေ့တယ် ဆိုတာ ဘာသဘောလဲ... မြန်မြန် ကိုယ်တော့် အမိန့် ကို သွားပို့ လိုက်... သူ့ကို ချက်ချင်း တော်ဝင် ဥယျာဉ် ဆီကို လာခဲ့ဖို့ ပြောလိုက်စမ်း..."
ယွမ်ခန်း ဧကရာဇ် က တင်းမာသော လေသံ ဖြင့် ပြောလိုက်လေသည်။ ခေါက်ရှန်းနတ်မင်းကြီး အပေါ် မကျေနပ် မှုများ က ပို၍ပင် ကြီးမား လာခဲ့လေပြီ။
'တခြား သူတွေရဲ့ အမြင်မှာ ကျီချန်တောက် က ဧကရာဇ်မင်း ဖြစ်နေလို့လား... ငါ ဒီ ဧကရာဇ် က ရုပ်သေးရုပ် တစ်ရုပ် သက်သက်ပဲ ဖြစ်နေလို့လား... ဒီလို ကိစ္စမျိုးက တော်ဝင် အာဏာကို စော်ကား လိုက်တာ နဲ့ အတူတူပဲ မဟုတ်လား...'
"ဟုတ်ကဲ့... ကျွန်တော်မျိုး ကိုယ်တိုင် သွားပြီး အမိန့်တော် သွားပို့ လိုက်ပါ့မယ်..."
အနီရောင် ဝတ်စုံ နဲ့ မိန်းမစိုး လေး က ခါးညွှတ် ကာ နောက်ဆုတ် ထွက်ခွာ သွားလေသည်။ တော်ဝင် ဥယျာဉ် လည်း နောက်တစ်ကြိမ် တိတ်ဆိတ် ငြိမ်သက် မှု အတွင်းသို့ ကျရောက် သွားပြန်လေသည်။
တော်ဝင်နန်းတော် ၏ တံခါးဝ တွင်။
ကျန်းချဲ့ သည် အနီရောင် ဝတ်စုံ နဲ့ မိန်းမစိုး လေး ၏ နောက်မှ လိုက်ပါ လာရင်း တော်ဝင်နန်းတော် အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက် လာခဲ့လေသည်။ အရှေ့ဘက် တွင် အဆုံးအစ မရှိအောင် ခမ်းနား ထည်ဝါ လှသော နန်းတော် ဆောင် ကြီးများကို ကြည့်ရင်း ကျန်းချဲ့ ၏ မျက်ဝန်း များ ထဲတွင် တည်ကြည် လေးနက်သော အမူအရာ များ ဖြတ်ပြေး သွားလေသည်။
ဤနေရာ သည် တာ့ကျိုး နိုင်ငံတော် တစ်ခုလုံး ၏ အာဏာ ဗဟိုချက် ပင်ဖြစ်သည်။ ယခင်က တောင်ပိုင်းယွဲ့ နိုင်ငံ ၏ တော်ဝင်နန်းတော် သို့ သူ ရောက်ရှိ ခဲ့ဖူးသော်လည်း ယခု မျက်စိရှေ့ရှိ တာ့ကျိုး တော်ဝင်နန်းတော် ကြီးနှင့် နှိုင်းယှဉ် ပါက တောင်ပိုင်းယွဲ့ ၏ တော်ဝင်နန်းတော် မှာ အပျော်တမ်း ဆောက်လုပ် ထားသည့် အလား အလွန် သေးငယ် ကျဉ်းမြောင်း လွန်းလှပေသည်။ ဤနေရာ မှသာ တော်ဝင်နန်းတော် ဆိုသည့် နာမည် နှင့် ထိုက်တန် ပေသည်။
သူ ဤနေရာသို့ ရောက်ရှိ လာရခြင်း ၏ အကြောင်းရင်း မှာ ဧကရာဇ်မင်း ၏ အမိန့်တော် ရောက်ရှိ လာသောကြောင့် ပင်ဖြစ်သည်။ လက်အောက်ခံ အရာရှိ တစ်ယောက် အနေဖြင့် ကျန်းချဲ့ တွင် လက်ရှိ အချိန်၌ ဧကရာဇ်မင်း ၏ အမိန့်တော် ကို ငြင်းဆန် နိုင်စွမ်း နှင့် အရည်အချင်း လုံးဝ မရှိသေးချေ။
ထိုအရာများ အပြင် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် သည် တံခါးပိတ် ကျင့်ကြံ နေဆဲ ဖြစ်ပြီး သူ့ကို လုံးဝ တွေ့ဆုံ ခွင့် မပေးသေးချေ။
ထို့ကြောင့် အမိန့်တော် ရောက်ရှိ လာသည် နှင့် တစ်ပြိုင်နက် ကျန်းချဲ့ သည် တစ်ဖက်လူ နှင့်အတူ တော်ဝင်နန်းတော် သို့ ဝင်ရောက် လာခဲ့ရခြင်း ပင်ဖြစ်သည်။
"ကွမ်ကျွင်းနယ်စား ကြီး... အရှင်မင်းကြီး က နယ်စားကြီး ကို အရမ်း အလေးထား ပါတယ်... ဒီရက်ပိုင်း တွေမှာ နယ်စားကြီး ဘယ်တော့ ပြန်လာ မလဲ ဆိုတာကို အမြဲတမ်း မေးနေတတ်တယ်..."
အနီရောင် ဝတ်စုံ နဲ့ မိန်းမစိုး လေး က ကျန်းချဲ့ နှင့် ရယ်မော ကာ စကားပြော နေလေသည်။ မာန ထောင်လွှား သော အမူအရာ များ လုံးဝ မရှိချေ။
သူသည် ဧကရာဇ်မင်း ၏ ဘေးနားရှိ လူယုံ တစ်ယောက် ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့် လည်း မနိမ့်ကျ လှသော်လည်း ကျန်းချဲ့ ကဲ့သို့သော အလယ်ပိုင်း ဒေသ ၏ နံပါတ်တစ် ပါရမီရှင် နှင့် နှိုင်းယှဉ် ပါက အများကြီး အလှမ်းဝေး နေသေးလေသည်။ သူတို့ နှစ်ဦး ၏ အဆင့်အတန်း မှာ လုံးဝ ယှဉ်ပြိုင် ၍ မရနိုင်ချေ။
အထူးသဖြင့် မိန်းမစိုး တစ်ယောက် အနေဖြင့် သူသည် ကျန်းချဲ့ ကဲ့သို့သော အောင်မြင် ကြီးပွား နေသည့် သူများနှင့် မိတ်ဆွေ ဖွဲ့လိုစိတ် ပို၍ ပြင်းပြ လေသည်။ ထို့ကြောင့် ကျန်းချဲ့ ကို မြင်သည် နှင့် တစ်ပြိုင်နက် သူက အရင်ဆုံး သဘောကျ စေမည့် အပြုအမူ များကို ပြသ လိုက်ခြင်း ပင်ဖြစ်သည်။
"ကျုပ်လည်း ဧကရာဇ်မင်း ကို အမြန်ဆုံး လာတွေ့ချင် နေတာပါ... ဒါပေမဲ့ ဘေးနားက ကိစ္စလေးတွေ က အရမ်း များနေတော့ မအားလပ် နိုင်ခဲ့ဘူးလေ... အခုလေးတင် ကိစ္စတွေ အားလုံး ပြီးသွားလို့ မြို့တော် ဆီကို အမြန်ဆုံး ပြေးလာခဲ့တာ... လီကုန်းကုန်း က ဧကရာဇ်မင်း ရဲ့ မျက်မှန်း အကျဆုံး လူတစ်ယောက် ဆိုတော့... နောင်တစ်ချိန်ကျရင် ကျုပ် အတွက် ကောင်းသတင်း လေးတွေ နည်းနည်းလောက် ပြောပေးပါဦး..."
ကျန်းချဲ့ ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေသည်။ ဤ လီကုန်းကုန်း သည် သူ့အပေါ် အလွန် သဘောကောင်း နေလေသည်။ အတိအကျ ဘာကြောင့် မှန်း သူ မသိသော်လည်း ကျန်းချဲ့ အနေဖြင့် သေချာပေါက် ရန်သူ အဖြစ် ဖန်တီး မည် မဟုတ်ချေ။ ဤသည်မှာ သူ၏ အရာရှိ အဖြစ် နေထိုင်မှု ပုံစံ မဟုတ်သလို သူ၏ လူသား ပီသမှု လည်း မဟုတ်ချေ။
လီချန်ကျုံး ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားပြီး အကြည့်များ လှုပ်ရှား သွားကာ တိုးညှင်းသော လေသံ ဖြင့် ပြောလိုက်လေသည်။
"ကွမ်ကျွင်းနယ်စား ကြီး... ကျွန်တော်မျိုး သတိပေး စကားလေး တစ်ခွန်းလောက် ပြောပါရစေ..."
"ကုန်းကုန်း ပွင့်ပွင့်လင်းလင်း သာ ပြောပါ..."
"ကွမ်ကျွင်းနယ်စား ကြီး မြို့တော် ကို ရောက်ရောက်ချင်း အနက်ရောင်ရုံးတော် ကို အရင် သွားပြီး ခေါက်ရှန်းနတ်မင်းကြီး ကို သွားတွေ့တဲ့ ကိစ္စ အတွက်... အရှင်မင်းကြီး က နည်းနည်း မကျေမနပ် ဖြစ်နေတယ်... ခဏနေ တွေ့တဲ့ အခါကျရင် အခြေအနေ ကြည့်ပြီး ပြောပါ... အရှင်မင်းကြီး ဒေါသထွက် အောင် မလုပ်ပါနဲ့..."
ကျန်းချဲ့ ၏ မျက်ခုံးများ အနည်းငယ် ပင့်တက် သွားလေသည်။ ဤ ကိစ္စ အတွက် သူ လုံးဝ အံ့အားသင့် ခြင်း မရှိခဲ့ချေ။ အမှန်တကယ်တော့ သူ ကြိုတင် တွက်ဆ ထားပြီးသား ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ လုပ်ရပ် က အမှန်တကယ် ပင် အနည်းငယ် မသင့်တော် ကြောင်း သိရှိထားသော်လည်း သူ ဘာမှ မတတ်နိုင် ခဲ့ချေ။
အခြား သူများ၏ အမြင်တွင် သူသည် ကျီချန်တောက် ၏ မျက်မှန်း အကျဆုံး လူတစ်ယောက် ဖြစ်နေလေပြီ။ သူ့အတွက် နယ်စား ဘွဲ့ကို တောင်းဆို ပေးခဲ့သလို သူ့ကို သိုင်းစာရင်း ၏ နံပါတ်တစ် နေရာ တွင် သတ်မှတ် ပေးခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ မှတ်ချက် များပင် ရေးသား ပေးခဲ့လေသည်။ အကယ်၍ သူသာ အနက်ရောင်ရုံးတော် သို့ မသွားခဲ့ပါက တစ်ဖက်လူ ကို စော်ကား လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလော။
ယခင်က နယ်စား ဘွဲ့ကို ချီးမြှင့် ခံရချိန် တွင် ယောက္ခထီး ဖြစ်သူ ချီကျန်းနန် က သူ့ကို သတိပေး ခဲ့ဖူးလေသည်။ ဧကရာဇ်မင်း နှင့် ခေါက်ရှန်းနတ်မင်းကြီး တို့ ကြားရှိ ပဋိပက္ခ များကို သတိထား ရန် နှင့် နှစ်ဖက်စလုံး ကို အဆင်ပြေအောင် နေထိုင် ရန်... မည်သူ့ကိုမျှ မစော်ကား မိစေရန် သတိပေး ခဲ့လေသည်။
သို့သော် ဧကရာဇ်မင်း နှင့် ကျီချန်တောက် တို့က အရူး များမှ မဟုတ်ဘဲ။ ကျန်းချဲ့ တွင် ဘယ်လို လုပ်ပြီး နှစ်ဖက်စလုံး ကို အဆင်ပြေအောင် နေထိုင် နိုင်စွမ်း ရှိပါမည်နည်း။
အကယ်၍ အမှန်တကယ် ပင် ထိုသို့ လုပ်ဆောင် ခဲ့မည် ဆိုပါက နေရာ တစ်ခု တွင် အခြေချ နိုင်မည် မဟုတ်ရုံ သာမက နှစ်ဖက်စလုံး ကိုပါ စော်ကား မိသလို ဖြစ်သွားမည် ဖြစ်လေသည်။ ထို့ကြောင့် သူသည် တစ်ဖက် ကို မဖြစ်မနေ ရွေးချယ် ရမည် ဖြစ်လေသည်။
ကျန်းချဲ့ သေချာစွာ စဉ်းစား တွေးတော ပြီးနောက် တွင်တော့ ကျီချန်တောက် ၏ ဘက်တွင် ရပ်တည်ရန် ဆုံးဖြတ် ခဲ့လေသည်။ ဤ တော်ဝင် နန်းတွင်း မင်းသား ကြီးသည် တော်ဝင်နန်းတော် တွင် ဩဇာ အာဏာ အရမ်း ကြီးမား လွန်းလှပေသည်။ ဧကရာဇ်မင်း ကိုယ်တိုင် ပင်လျှင် သူ့ကို ကြောက်ရွံ့ ပြီး အလျော့ပေး နေရလေသည်။ အကယ်၍ သူ့ကို သာ စော်ကား မိမည် ဆိုပါက ကျန်းချဲ့ နောင်တစ်ချိန် ဘာပဲ လုပ်လုပ် အမြဲတမ်း ဟန့်တား နှောင့်ယှက် မှုများ ခံရမည် ဖြစ်လေသည်။
နှိုင်းယှဉ် ကြည့်မည် ဆိုလျှင် ဧကရာဇ်မင်း ၏ ဘက်တွင် မျက်နှာပျက်စရာ မဖြစ်အောင် နေနိုင်လျှင် လုံလောက် နေလေပြီ။
သေချာသည် ကတော့ ဤသည်မှာ ဧကရာဇ်မင်း နှင့် မျက်နှာချင်းဆိုင် ရန်သူ အဖြစ် သတ်မှတ် လိုက်မည် ဟု ဆိုလိုခြင်း မဟုတ်ချေ။ အရာရှိ တစ်ယောက် အနေဖြင့် သူသည် ဧကရာဇ်မင်း ၏ လက်အောက်ခံ ပင်ဖြစ်သည်။ သူ၏ လက်ရှိ အဆင့်အတန်း နှင့် စွမ်းအား များ အရ ဧကရာဇ်မင်း ကို ထိပ်တိုက် ရင်ဆိုင်ရန် လုံးဝ အရည်အချင်း မရှိသေးချေ။ သို့သော် သူ့တွင် လုံးဝ အခွင့်အရေး မရှိဘူး လို့တော့ မဆိုနိုင်ချေ။
သူ သိုင်းသူတော်စင် အဆင့် သို့ တက်လှမ်း ပြီးသွားသည့် အချိန်ကျလျှင် တော်ဝင်နန်းတော် တွင် ကိုယ်ပိုင် ခြေကုပ် နေရာ တစ်ခု ရရှိရန် လုံလောက် သွားပြီ ဖြစ်လေသည်။
"သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကုန်းကုန်း..."
"သွားကြတာပေါ့... အရှင်မင်းကြီး စောင့်နေရတာ ကြာနေပြီ..."
လီချန်ကျုံး ပြုံးလိုက်ပြီး ယခုလေးတင် ပြောခဲ့သော စကားများ က သူ့ပါးစပ် မှ ထွက်လာခြင်း မဟုတ်သည့် အလား ဟန်ဆောင် နေလေသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ကွမ်ကျွင်းနယ်စား ကျန်းချဲ့ တော်ဝင် ဥယျာဉ် ဆီကို ရောက်ရှိ လာပြီး အရှင်မင်းကြီး ကို ဝင်တွေ့ ခွင့် တောင်းခံ နေပါတယ်..."
တော်ဝင် ဥယျာဉ် ၏ အရှေ့တွင် စောင့်ကြပ် နေသော အစောင့် တစ်ယောက် က ယွမ်ခန်း ဧကရာဇ် ၏ အနီးသို့ လျှောက်သွား ကာ အရိုအသေ ပေးလျက် တိုးညှင်းစွာ လျှောက်တင် လိုက်လေသည်။
"သူ့ကို ဝင်လာခဲ့ဖို့ ပြောလိုက်..."
ယွမ်ခန်း ဧကရာဇ် က တည်ငြိမ်စွာ ပြန်ဖြေ လိုက်လေသည်။
"ဟုတ်ကဲ့..."
အစောင့် လှည့်ထွက် သွားပြီးနောက် ယွမ်ခန်း ဧကရာဇ် ၏ အကြည့်များ က မိဖုရားကြီး ၏ အပေါ်သို့ ကျရောက် သွားလေသည်။
"ကိုယ်တော် ပင်ပန်းနေပြီ... မိဖုရားကြီး အရင် ပြန်တော့..."
မိဖုရားကြီး နှုတ်ခမ်းကို ကိုက်လိုက်ပြီး မတ်တတ်ထရပ် ကာ အရိုအသေ ပေးလိုက်လေသည်။
"ကျွန်တော်မျိုးမ သွားခွင့်ပြုပါဦး..."
စကားဆုံး သည်နှင့် ချက်ချင်းပင် လှည့်ထွက် သွားလေတော့သည်။
တော်ဝင် ဥယျာဉ် ၏ အရှေ့တွင် သတင်းပို့ ပြီးနောက် ကျန်းချဲ့ သည် လီချန်ကျုံး နှင့်အတူ နွေဦး ရာသီ အလား သာယာ လှပပြီး ဝိညာဉ် ဆေးပင် များ အပြည့် ရှိနေသော တော်ဝင် ဥယျာဉ် အတွင်းသို့ ဝင်ရောက် လာခဲ့လေသည်။ ဝင်ဝင်ချင်း မှာပင် အလွန် လှပ ကျက်သရေ ရှိသော အမျိုးသမီး တစ်ယောက် အေးစက်စက် မျက်နှာထား ဖြင့် လျှောက်လာ သည်ကို မြင်တွေ့ လိုက်ရလေသည်။
တောက်ပသော အဝါရောင် နန်းတွင်း ဝတ်စုံ ကို ဆင်မြန်း ထားပြီး သူမ၏ တောင်ကုန်း တောင်တန်း များ ကို အသေးစိတ် ဖော်ပြ နေလေသည်။ ဝတ်စုံ ပေါ်တွင် ဖီးနစ်ငှက် ပုံစံ များကို ရေးထိုး ထားပြီး သူမ၏ ဆံကေသာ များကို တန်ဖိုးကြီး ကျောက်မျက် ရတနာ များဖြင့် တန်ဆာဆင် ထားသော ဆံထုံး များဖြင့် သပ်ရပ်စွာ ထုံးဖွဲ့ ထားလေသည်။ အသိသာဆုံးသော အချက် ကတော့ သူမ၏ ပြည့်ဖြိုး လှပသော ခန္ဓာကိုယ် ကြီး ပင်ဖြစ်သည်။ သူ တစ်သက်လုံး မြင်ဖူး သမျှ အမျိုးသမီး များ ထဲတွင် ပြိုင်ဘက်ကင်း အလှတရား တစ်ခု ပင်ဖြစ်သည်။
သူမ၏ ကိုယ်ပေါ်တွင် အေးစက်စက် နိုင်ပြီး မာန ထောင်လွှား သော အရှိန်အဝါ များ လွှမ်းခြုံ နေပြီး တစ်ခုတည်းသော အားနည်းချက် မှာ ရေခဲတုံး အလား အေးစက် နေသော မျက်နှာထား ပင်ဖြစ်သည်။
"ကျွန်တော်မျိုး မိဖုရားကြီး ကို အရိုအသေ ပေးပါတယ်..."
ကျန်းချဲ့ အကဲခတ် နေစဉ်မှာပင် ကျန်းချဲ့ ၏ ဘေးနားရှိ လီချန်ကျုံး သည် အလျင်အမြန်ပင် ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းချဲ့ လည်း ချက်ချင်း သတိ ပြန်ဝင်လာပြီး အနည်းငယ် ခါးညွှတ် ကာ အရိုအသေ ပေးလိုက်လေသည်။
"လက်အောက်ငယ်သား ကျန်းချဲ့... မိဖုရားကြီး ကို အရိုအသေ ပေးပါတယ်..."
ကျန်းချဲ့ ဆိုသည့် နာမည် ကို ကြားလိုက်ရသောအခါ မိဖုရားကြီး ၏ ခြေလှမ်း များ ဖြည်းညင်းစွာ ရပ်တန့် သွားပြီး သူမ၏ နက်ရှိုင်းသော မျက်ဝန်း များဖြင့် ကျန်းချဲ့ ကို အကြိမ်အနည်းငယ် မျှ အကဲခတ် ကြည့်လိုက်လေသည်။ ထို့နောက် ဖြူဖွေး နုဖတ် နေသော လည်ပင်း လေးကို မော့ကာ တည်ငြိမ်စွာ ပြန်ဖြေ လိုက်လေသည်။
"အင်း..."
စကား တစ်ခွန်း တည်း ပြန်ဖြေ ပြီးနောက် မိဖုရားကြီး သည် ကျန်းချဲ့ ၏ ဘေးမှ ဖြတ်လျှောက် သွားလေသည်။ မွှေးပျံ့သော ရနံ့လေး တစ်ခု သာ ကျန်းချဲ့ ၏ ပါးပြင် ထက်သို့ ဖြတ်သန်း တိုက်ခတ် သွားလေတော့သည်။
"ကွမ်ကျွင်းနယ်စား ကြီး..."
ကျန်းချဲ့ အနည်းငယ် ငေးမော နေသည်ကို မြင်သောအခါ လီချန်ကျုံး က အလျင်အမြန်ပင် သတိပေး လိုက်လေသည်။
ကျန်းချဲ့ ၏ အကြည့်များ လှုပ်ရှား သွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
"ကုန်းကုန်း သွားကြရအောင်..."
"နယ်စားကြီး ကို အရှင်မင်းကြီး က သီးသန့် ခေါ်တွေ့ တာဆိုတော့ နယ်စားကြီး အရင် သွားပါ..."
လီချန်ကျုံး သည် ဤကဲ့သို့သော အချိန်မျိုး တွင် လုံးဝ စည်းကျော် ရဲခြင်း မရှိချေ။
ကျန်းချဲ့ က သူ့ကို တစ်ချက် ကြည့်ကာ ပြုံးလိုက်ပြီးနောက် တော်ဝင် ဥယျာဉ် အတွင်းသို့ ပုံမှန် အတိုင်း ဝင်ရောက် သွားလေသည်။ ဥယျာဉ် အတွင်းသို့ ဝင်ရောက် သည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့ သည် အလွန် ပြင်းထန်သော မူလစွမ်းအင် များ မျက်နှာ သို့ ဖြတ်သန်း တိုက်ခတ် လာသည်ကို ခံစား လိုက်ရလေသည်။
တစ်ချက် လောက် အသက်ရှူ လိုက်ရုံ နှင့်ပင် လူကို လန်းဆန်း တက်ကြွ သွားစေနိုင်လေသည်။ ဥယျာဉ် တစ်ခုလုံး တွင် ပြည့်နှက် နေသော ဝိညာဉ် ပန်းမန် များနှင့် ပေါင်းစပ် လိုက်သောအခါ ပထမဆုံး အကြိမ် တွေ့မြင် ရသူ များ အတွက် နတ်ပြည် ဘုံ တစ်ခု အလား ထင်မှတ် ရစေနိုင်လေသည်။
သို့သော် ကျန်းချဲ့ တွင် ယခု အချိန်၌ ပန်းမန် များကို ကြည့်ရှု ခံစား နေရန် အချိန် မရှိချေ။ သူ၏ အကြည့်များ ကို အရှေ့ဘက် တွင် ရပ်နေသော ဧကရာဇ် ဝတ်ရုံ နှင့် လူတစ်ယောက် ၏ အပေါ်သို့သာ အပြည့်အဝ စူးစိုက် ထားလိုက်လေသည်။
ဤ အချိန်... ဤ နေရာ... ဤကဲ့သို့သော အခြေအနေ မျိုးတွင် တစ်ဖက်လူ ၏ အဆင့်အတန်း က ဘာလဲ ဆိုတာ အားလုံး ရှင်းလင်း နေလေပြီ။
ကျန်းချဲ့ ခြေလှမ်း အနည်းငယ် တိုးသွား လိုက်ပြီး ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"လက်အောက်ငယ်သား ကျန်းချဲ့... အရှင်မင်းကြီး ကို အရိုအသေ ပေးပါတယ်…”