← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း။ ၃၆၂

ဂိုဏ်းအကြီးအကဲဖုန်းသည် စုန်ယန်၏မျက်နှာချင်းဆိုင်တွင် ရပ်နေသူဖြစ်သည်။

ဂိုဏ်းအကြီးအကဲကျောက်မှာမူ စုန်ယန်၏နောက်ကွယ်တွင် ရပ်နေသည်။

ဂိုဏ်းအကြီးအကဲကျောက်သည် စုန်ယန်ဘက်သို့ သတိကြီးစွာဖြင့် ကြည့်လိုက်သည်။

စုန်ယန်က တဲ့တိုးပင် ပြောလိုက်သည်။

"လမ်းဆုံးအထိ မရောက်နိုင်တဲ့သူတွေက သူများအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးနေသလိုမျိုးပဲ။ ဒီမီးတောက်က မင်းတို့ရဲ့ အသက်တွေကို လောင်ကျွမ်းနေပေမဲ့ တခြားသူတွေအတွက်ပဲ ဖြည့်ဆည်းပေးနေတာ"

ဂိုဏ်းအကြီးအကဲကျောက်သည် ခေတ္တမျှ ကြောင်အသွားပြီး သူ့မျက်ဝန်းထဲတွင် အတွေးနက်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

သူ တွေးလေလေ စုန်ယန်ပြောသည်မှာ အမှန်ပင် ဖြစ်နိုင်ခြေရှိလေလေဟု ထင်မြင်လာသည်။

မျက်နှာချင်းဆိုင်ရှိ ဂိုဏ်းအကြီးအကဲဖုန်းကမူ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

"သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ကြနဲ့။ ဒီမီးတောက်က ငါတို့ မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ။ နှင်းတိုင်းပြည်ရဲ့ အုတ်မြစ်ပဲ။ ဒီမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားတဲ့သူတိုင်းက ငါတို့ မိစ္ဆာဂိုဏ်းကို ဖျက်ဆီးချင်နေတာ။ ငါတို့ နှင်းတိုင်းပြည်ကို ဖျက်ဆီးချင်နေတာပဲ။

ဒီနေရာမှာ မွေးဖွားပြီး ဒီနေရာမှာ ကြီးပြင်းလာကြတဲ့သူတိုင်းက ငါတို့တိုင်းပြည်ကို ဖျက်ဆီးမယ့်သူတွေကို ပြန်လည်ခုခံရမယ်။ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုဖြစ်နေရင်တောင်မှ ချွင်းချက်မရှိဘူး"

စကားဆုံးသည်နှင့် ဂိုဏ်းအကြီးအကဲဖုန်းသည် စုန်ယန်ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားသည်။ သူ၏ အတွေးများမှာ စုစည်း၍ ပြင်းထန်သော စွမ်းအင်တိုက်ခိုက်မှုအဖြစ် ပုံဖော်လိုက်သည်။ သူသည် ခရမ်းရောင်အိမ်တော်အဆင့်အစောပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ အထင်အရှားပင်။

စုန်ယန်၏ မျက်နှာချင်းဆိုင်တွင် ရပ်တည်ရဲသည့် သတ္တိရှိသည်မှာ မထူးဆန်းတော့ပေ။ အနည်းဆုံး ခရမ်းရောင်အိမ်တော်အဆင့်တွင် ရှိနေမှသာ ဖြစ်နိုင်ပေမည်။

စုန်ယန်က သူ့ကို တစ်ချက်ပင် မကြည့်ဘဲ လက်ကို မြှောက်လိုက်သည်။

ဝိညာဉ်ပေါင်းတစ်ထောင်အလံမှ ဝိညာဉ်အစုအဝေးတစ်ခု ပျောက်ကွယ်သွားသည်။

နောက်တစ်ခဏတွင် ကံကြမ္မာတရားက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားပြီး မကောင်းဆိုးဝါးစွမ်းအင်က အပ်တစ်ချောင်းအဖြစ် စုစည်းသွားပြီးနောက် ထိုအပ်သည် နှလုံးသားကို ထိုးဖောက်လိုက်၏။

ဘုန်း

ဂိုဏ်းအကြီးအကဲဖုန်းသည် ပေါက်ကွဲကာ ပျက်စီးသွားတော့သည်။

စုန်ယန်သည် ဂိုဏ်းအကြီးအကဲဖုန်း၏ ဝိညာဉ်ကို ဝိညာဉ်ပေါင်းတစ်ထောင်အလံထဲသို့ ဆွဲသွင်းရန် လက်မြှောက်လိုက်သည်။

သို့သော် ချက်ချင်းပင် ပေါက်ကွဲသွားသည့် ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲမှနေ၍ အနီရောင်မီးတောက်များ ထွက်ပေါ်လာသည်။

ဂိုဏ်းသားများမှာ တိတ်ဆိတ်စွာပင် အားလုံးကို ကြည့်နေကြသည်။

ယခုတစ်ကြိမ်တွင်မူ အားလုံးသည် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ဖြစ်သည်။

ဂိုဏ်းအကြီးအကဲဖုန်း၏ ကိုယ်ပေါ်တွင် လောင်ကျွမ်းနေသည့် မီးတောက်က ထိုမီးတောက်ပင်။

စုန်ယန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ အလံထဲမှ ဝိညာဉ်များ ထွက်ပေါ်လာပြီး ဂိုဏ်းအကြီးအကဲဖုန်း၏ နောက်လိုက်များကို လိုက်လံတိုက်ခိုက်ကြသည်။

မကြာမီပင် လှပသော်လည်း ထိတ်လန့်ဖွယ်ကောင်းသော မီးရှူးမီးပန်းများ ကောင်းကင်၌ ထပေါက်သွားသည်။

ခဏအကြာတွင် စုန်ယန်သည် ထိတ်လန့်နေဆဲဖြစ်သော ဂိုဏ်းအကြီးအကဲကျောက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို ရှာဖွေဖို့ ငါ့ကို ခေါ်သွားပါ။ ငါ စွမ်းအင်အချက်အချာကို ရှာဖို့ လိုအပ်တယ်"

ဂိုဏ်းအကြီးအကဲကျောက်သည် ခေါင်းကို အမြန်ငြိမ့်ပြသည်။

ထို့နောက် စုန်ယန်သည် လိုက်ပါလာသည့် ခရမ်းရောင်အိမ်တော်အဆင့် ကျင့်ကြံသူကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

"ဝိညာဉ်ကျောက်စိမ်းလိပ်စာနဲ့ စစ်ဆေးမှုပြုလုပ်ဖို့ စီစဉ်ပါ။ ပြီးရင် ဒီဂိုဏ်းသားတွေကို အနောက်ဘက်ဆီ ပြောင်းရွှေ့ပေးလိုက်ပါ။ သင့်လျော်တဲ့ တခြားဂိုဏ်းတစ်ခုမှာ ပြန်လည်ဝင်ရောက်ဖို့ သူတို့ကို ရွေးချယ်ခွင့်ပေးလိုက်ပါ"

ခရမ်းရောင်အိမ်တော်အဆင့် ကျင့်ကြံသူက လေးစားစွာဖြင့် "ဟုတ်ကဲ့ပါ" ဟု ပြန်လည်ဖြေကြားသည်။

ရှေးဟောင်းမျိုးနွယ်စုမှ ဤမျိုးဆက်သစ်၏ ကြောက်မက်ဖွယ် စွမ်းရည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏သဘောထားမှာ လုံးဝ ပြောင်းလဲသွားသည်။

ဤဖြစ်ရပ်သည် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်များထံသို့လည်း ရောက်ရှိသွားပေလိမ့်မည်။

စုန်ယန်သည် အစအဆုံး ဝိညာဉ်ပေါက်ကွဲမှုနည်းလမ်းကိုသာ အသုံးပြုခဲ့ခြင်းမှာ အကြောင်းရှိသည်။

သူသည် သူ့ကိုယ်သူ ဖုန်းချိန်းကျိပြန်လည်ဝင်စားသူဖြစ်ကြောင်း၊ မှတ်ဉာဏ်များ ဆုံးရှုံးနေသော်လည်း အစစ်အမှန်ဖြစ်ကြောင်း ထပ်မံသက်သေပြလိုခြင်းပင်။

သို့သော် ဂိုဏ်းအကြီးအကဲဖုန်း၏ ထူးဆန်းသော အခြေအနေက မိစ္ဆာရဟန်းတို့သည် လွန်ခဲ့သော နှစ်ငါးဆယ်အတွင်း အရာများစွာ လုပ်ဆောင်ထားကြောင်းနှင့် မီးကိုးကွယ်သူမိစ္ဆာဂိုဏ်း၏ မိစ္ဆာရင်သွေးအား ပူဇော်ပသခြင်းမှာ သူတို့၏ အစီအစဉ်၏ အဓိကအပိုင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ယခု သူလုပ်သမျှအရာအားလုံးသည် မိစ္ဆာရဟန်းတို့ သိရှိပြီးသား ဖြစ်နိုင်ခြေ များသည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းမျိုးနွယ်စု၏ နယ်မြေတွင် ထူးကဲချီများပြားလှသဖြင့် သတင်းအချက်အလက် ပေးပို့မှုမှာ လွယ်ကူသောကြောင့်ပင်။

ဒီဘက်ခေတ်မှာ... ချန်ဝမ်ဟူရဲ့ အရှိန်အဝါကို ထိန်းချုပ်နိုင်တဲ့သူဆိုလို့ ငါနဲ့ အဲဒီမိစ္ဆာရဟန်းနှစ်ယောက်ပဲ ကျန်တော့တာ ထင်တယ်...

ဒါပေမဲ့ ငါ အသွင်ပြောင်းပြီးသွားရင်လည်း ရိုးရိုး အသွင်ပြောင်းလက်ပါးစေတွေကို ငါ့ကိုယ်ထဲကနေ အပြင်ထွက်ခွင့် ပေးလို့မဖြစ်ဘူး။

ဘာလို့ဆို အဲဒီမိစ္ဆာရဟန်းတွေက သူတို့ကို ကြားကနေ အကုန်အသုံးချသွားနိုင်လို့ပဲ...

စဉ်းစားကြည့်ရင် လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်းမှာတင် သူတို့တွေ အသွင်ပြောင်းလက်ပါးစေတွေ ဘယ်လောက်တောင် ဖန်တီးခဲ့ပြီးပြီလဲ။ လူဘယ်နှယောက်ကို သိမ်းပိုက်ပြီး ဘယ်လောက်အထိ အမြစ်တွယ် ခြေရှုပ်ထားပြီးပြီလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...

အကွက်တွေကတော့ တကယ့်ကို ယုတ်မာလွန်းတယ်။

အဆင့်မြင့်တဲ့ လူတွေကျရင် စိတ်ညှို့ပြီး ဖျက်ဆီးတယ်။

အဆင့်နိမ့်တဲ့ လူတွေကျတော့ အသွင်ပြောင်းပြီး ကြားထဲကနေ ထိုးဖောက် ဝင်ရောက်ကြတယ်...

တကယ်တော့ အဲဒီမိစ္ဆာရဟန်းဆိုတာက ဝိညာဉ်လည်း မရှိသလို လူလည်း မဟုတ်ဘူး။ ရူးသွပ်နေတဲ့ စွဲလမ်းမှုတွေနဲ့ ပြင်ပလောကက မကောင်းဆိုးဝါးတွေရဲ့ အတွေးစပေါင်းစပ်ပြီး ဖြစ်လာတဲ့ ထူးဆန်းတဲ့ အကြောင်းတရားတစ်ခုပဲ။

အဲဒီလိုကောင်မှာ ဘယ်လိုလုပ် လူသားဆန်မှု ရှိမှာလဲ။ သစ္စာတရားအကြောင်း ပြောနေလို့လဲ ရမှာမဟုတ်ဘူး...

အခု အင်းဆက်ဘုရင်ကို သိမ်းပိုက်ထားတယ်ဆိုတာကလည်း... ပိုင်ဆိုင်တာထက်ကို ပိုဆိုးတယ်။ အင်းဆက်ဘုရင်ရဲ့ ဝိညာဉ်တစ်ခုလုံးက အဲဒီကောင်ရဲ့ ထူးဆန်းတဲ့ စွမ်းအင်တွေကြောင့် ရုပ်ပျက်ဆင်းပျက်နဲ့ လုံးဝကို ပုံစံပျက်ပြီး ပျက်စီးသွားပြီ...

အင်းဆက်ဘုရင်သည် အင်းဆက်ဘုရင်ပင် ဖြစ်နေဆဲဖြစ်သော်လည်း မိစ္ဆာရဟန်း၏ အကြောင်းအကျိုးတရားအောက်တွင် ဖိနှိပ်ခံထားရခြင်းသာ။

ထိုသို့သော အခြေအနေမျိုးတွင် မိစ္ဆာရဟန်းသည် သဘာဝအလျောက်ပင် ၎င်း၏ အသွင်ပြောင်းလက်ပါးစေများကို ကမ္ဘာအနှံ့ ပျံ့နှံ့စေရန် အားထုတ်နေသည်။

ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်ကျောက်စိမ်းလိပ်စာဖြင့် စစ်ဆေးခြင်းက စုန်ယန်အား ပုန်းကွယ်နေသော အသွင်ပြောင်းလက်ပါးစေများ၏ အရှိန်အဝါကို သိရှိနိုင်စေသည်။

နောက်တစ်ရက်တွင် သူသည် မီးကိုးကွယ်သူမိစ္ဆာဂိုဏ်း၏ ဂိုဏ်းသားများထဲမှ အသွင်ပြောင်းလက်ပါးစေ (၂၆) ဦးအထိ ရှာဖွေတွေ့ရှိခဲ့သည်။

စုန်ယန်သည် သူတို့ကို ပေါ့ပေါ့ပါးပါးပင် ရှင်းလင်းလိုက်ပြီးနောက် ပူဇော်ပသခြင်း ကျင့်စဉ်ဖွဲ့စည်းမှု၏ အချက်အချာနေရာကို ဆက်လက်ရှာဖွေနေသည်။

...

...

"အဲဒီကောင်လေး... သူ ဘယ်သူလဲဆိုတာ ငါ အခု သိပြီးပြီ။

သူ အခု နှင်းတိုင်းပြည်မှာ ရှိနေတာ..."

"အဲဒီကောင်က ငါတို့အနွယ်ဝင်တွေလိုပဲ တော်တော်လေးကို လိမ္မာပါးနပ်ပြီး မြေခွေးလိုလည်တဲ့ကောင်ပဲ။

ဘာသတင်းအချက်အလက်မှလည်း မရှိသလို မင်းရှိနေတယ်ဆိုတာကိုလည်း လုံးဝမသိဘဲနဲ့ ငါတို့ရဲ့ မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ဇွတ်တရွတ်နဲ့ ရူးရူးမိုက်မိုက် လိုက်လုပ်နေတာ..."

"အခု ငါရထားတဲ့ သတင်းအရ... သူ မူလီယန်ကို သတ်ပစ်လိုက်ပြီတဲ့...

အခုဆိုရင် ပူဇော်ပသတဲ့ ကျင့်စဉ်ဖွဲ့စည်းမှုရဲ့ အချက်အချာနေရာကိုပါ ထပ်ပြီး လိုက်ရှာနေတယ်..."

"အဲဒီနေရာက ဂိုဏ်းချုပ်ကြီးရဲ့ ကျင့်စဉ်ဖွဲ့စည်းမှု ကိုးခုထဲက တစ်ခုပဲ ရှိသေးတယ်ဆိုပေမဲ့... အားလုံးထဲမှာ အရေးအကြီးဆုံး အသက်သွေးကြောနေရာ ဖြစ်နေတယ်။

ငါကလည်း လမ်းမှာပဲ ရှိသေးတော့... အချိန်မီ ပြန်မရောက်နိုင်ဘူး..."

"အခုအချိန်မှာ... မင်းဘက်ကသာ မင်းရဲ့တကယ့် စွမ်းရည်အစစ်ကို ထုတ်မပြဘူးဆိုရင်တော့... ငါတို့ အားလုံးရဲ့ အရာအားလုံး အကုန် ပျက်စီးသွားလိမ့်မယ်..."

မိစ္ဆာရဟန်းသည် ဆက်သွယ်ရေးကိရိယာတစ်ခုမှတစ်ဆင့် အရေးတကြီး ဆက်သွယ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် လေးလံသော အသံတစ်ခု ထွက်ပေါ်လာသည်။

" ရေခဲမှန်ဝိညာဉ်နယ်နိမိတ်ကို ခရမ်းရောင်အိမ်တော်အဆင့် ကျင့်ကြံသူတစ်ဦးကို လွှတ်လိုက်ပါ။

ငါ သူ့ခန္ဓာကိုယ်ကို ယာယီငှားသုံးပြီး အရင်ထွက်လာမယ်"

မိစ္ဆာရဟန်းက "ငါက အရာအားလုံးကို လုပ်နိုင်တဲ့သူလို့ တကယ်ပဲ ထင်နေတာလား။ ငါ ခရမ်းရောင်အိမ်တော်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မထိန်းချုပ်နိုင်ဘူး။ အခုတော့ နည်းလမ်းရှာရမယ့်အလှည့်က မင်းရဲ့ အလှည့်ပဲ" ဟု ပြန်ပြောလိုက်သည်။

လေးလံသော အသံပိုင်ရှင်က "သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။

မိစ္ဆာရဟန်းက "တန်ဟန်... ဒါပေမဲ့ သူ အပိုင်မစီးခင်က နာမည်က စုန်ယန် ဖြစ်ရမယ်။ သူက ကျန်းဟန်ဆိုတဲ့ နာမည်နဲ့လည်း အသွင်ယူထားသေးတယ်" ဟု ပြန်ဖြေသည်။

ချန်ဝမ် ဝိညာဉ်နယ်နိမိတ်မှ ထွက်ခွာလာပြီးနောက် မိစ္ဆာရဟန်းသည် အင်းဆက်ဘုရင်၏ အသွင်ဖြင့် စုံစမ်းထောက်လှမ်းခဲ့ရာ အချက်အလက်များစွာကို ရှင်းရှင်းလင်းလင်း သိရှိထားပြီး ဖြစ်သည်။

"တန်ဟန်လား၊ ကျန်းဟန်လား၊ စုန်ယန်လား။ သိပြီ။ ဒါဆိုရင် အလျင်စလို မလုပ်နဲ့ သူ့ကို ဆက်ပြီး ဖျက်ဆီးခွင့်တော့ မပေးနဲ့။ မင်း လူတွေကို ခေါ်ပြီး ရေခဲမှန်တောအုပ်ဆီ အားလုံးလာခဲ့ကြ..."

လေးလံသော အသံပိုင်ရှင်က ပြန်ပြောပြီးနောက် ငြိမ်သက်သွားတော့သည်။

...

...

အနက်ရောင် ရေခဲပုံဆောင်ခဲများသည် အရောင်စုံ ရောင်ပြန်ဟပ်လျက် ကွဲအက်နေသော ရုပ်ပုံပေါင်းများစွာကို ပုံဖော်နေသည်။

အမှောင်ထုဖုံးလွှမ်းနေသော နက်ရှိုင်းသည့် အဆုံးစွန်းတွင် တစ်စုံတစ်ခုက ပြင်းထန်စွာ တိုက်ခတ်နေပုံရသည်။

ဘုန်း

ဘုန်း

ဘုန်း

ထိတ်လန့်ဖွယ်ကောင်းပြီး မှော်ဆန်စွာ ဖုံးကွယ်ထားသော ထိုအသံများက စည်းချက်ညီညီ တုန်ခါနေသည်။

ထိုနေရာတွင်သာ သာမန်ကျင့်ကြံသူတစ်ဦး ရှိနေခဲ့မည်ဆိုပါက အသံတစ်ချက်တိုင်းမှာပင် နှလုံးသားကို ကွဲအက်သွားစေနိုင်ပြီး ကိုယ်ခန္ဓာရှိ အပေါက်အားလုံးမှ သွေးများထွက်ကျကာ သေဆုံးသွားစေလိမ့်မည်။

ထိုအရာမှာ ငှက်ဥတစ်လုံးနှင့် ဆင်တူသော ဧရာမဥတစ်လုံးဖြစ်သည်။

သို့သော် ဤဥမှာ အသက်ကို မွေးမြူရန် မဟုတ်ဘဲ တံဆိပ်ခတ်နှိပ် ချုပ်နှောင်ထားရန်အတွက် ဖြစ်သည်။

လုံးဝပိတ်ဆို့ထားသော ထိုအရာအတွင်း၌ ထူးဆန်းသော သတ္တဝါတစ်ကောင်ကို အကြွင်းမဲ့ ချုပ်နှောင်ထားခြင်းပင်။

All Chapters